အဘိုးဖန်၏ အဖော်များက မျက်နှာထားတင်းမာကာ အေးတိအေးစက် အမူအရာများဖြင့် သူ့ရှေ့တွင် ကာကွယ်ပေးသကဲ့သို့ ရပ်နေကြသည်။
လင်ကျင်းကျယ်၏ လက်ကိုအားပြုထားသော အဘိုးကြီးကလည်း သူတို့၏ ရုတ်တရက် တင်းမာလာသော အမူအရာကြောင့် အံ့အားသင့်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ အပြင်ကို လှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် ဧည့်ခန်းသို့ ဦးတည်လာသော စင်္ကြံမှ ခြေသံများ တရဟောထွက်လာပြီး ထိုလူလေးယောက်က ခါးတွင် ချိတ်ထားသော လက်နက်များဆီသို့ ချက်ချင်း လက်ရောက်သွားကြသည်။
ကံကောင်းစွာဖြင့် ထိုခြေသံများသည် ကောရှန်၏ခြေသံများ ဖြစ်နေ၏။
“ကျင်းကျယ်!”
သူသည် လေသံကိုနှိမ့်ကာ လင်ကျင်းကျယ်အား အခြေအနေကို အသိပေးလိုက်သည်။
“အပြင်မှာ လူတစ်စု ရောက်နေတယ်၊ သူတို့က ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့အစည်းကလို့ ပြောနေတယ်။ ကျိုးဟိုင်ထန်နဲ့ ငါတို့အတန်းဖော်တွေက သူတို့ကို တားထားတယ်—မြန်မြန်ပြေးတော့!”
လင်ကျင်းကျယ် မျက်မှောင်ကြုတ်လိုက်သည်။
“ငါက ဘာလို့ ပြေးရမှာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ အသက်ကိုဝအောင်ရှူပြီး ဖြည်းဖြည်းချင်း ပြောစမ်းပါဦး။”
“မဟုတ်ဘူး၊ ငါတို့မှာ အချိန်မရှိဘူး၊ သူတို့က ရဲတွေပါ ခေါ်လာတယ်! မင်းက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ သူတို့က ပြောနေတယ်… ဘာလို့ ပြောနေလဲဆိုတာတော့ မမှတ်မိဘူး၊ ဘာပဲဖြစ်ဖြစ် မင်း ကတစ်ခုခုကို ဖွက်ထားတယ်တဲ့!”
လင်ကျင်းကျယ်၏မျက်နှာက မည်းမှောင်သွားသည်—ဒါက ကျန်းမိသားစုရဲ့ အကြံအစည်ပေါ့။
အခြေအနေများကို ပြောင်းလဲရန် မဖြစ်နိုင်သောကြောင့် သူတို့က ဒီကိစ္စကိုကျော်ပြီး ရှေးဟောင်းပစ္စည်းများ၏မူလအစကို ပြဿနာတစ်ရပ်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ရေး ဥပဒေတွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ မြေပေါ်မြေအောက် သို့မဟုတ် ပြည်တွင်းပင်လယ်ပြင်နှင့် ရေပြင်အတွင်း ကျန်ရှိသော ယဉ်ကျေးမှု အမွေအနှစ်အားလုံးသည် နိုင်ငံတော်ပိုင် ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသည်။
တစ်စုံတစ်ဦးက ယဉ်ကျေးမှု အမွေအနှစ်ကို ရှာဖွေတွေ့ရှိသော်လည်း ဖုံးကွယ်ထားခြင်း သို့မဟုတ် လွှဲပြောင်းပေးရန် ငြင်းဆန်ပါက သင့်လျော်သောအစိုးရဌာနသည် ထိုအရာများကို ကိုယ်တိုင် စုဆောင်းပိုင်ခွင့်ရှိသည်။
ဤအစီအစဉ်က အတော်လေး လိမ္မာပါးနပ်သည်။ ဥပဒေက ယဉ်ကျေးမှု အမွေအနှစ်များကို တရားဝင် အမွေဆက်ခံနိုင်သည်ဟု ကြေညာထားသော်လည်း ထိုအရာများ၏ပိုင်ရှင်တွင် ထိုအရာများသည် မျိုးဆက်အလိုက် အမှန်တကယ် လွှဲပြောင်းခဲ့သောပစ္စည်းများဖြစ်ကြောင်း စကားဖြင့်သာအတည်ပြုနိုင်သည်။
လင်ကျင်းကျယ်၏ ရှေးဟောင်းပစ္စည်းများ စုဆောင်းမှုသည် သူ၏ အဖိုးထံမှ အမွေဆက်ခံခဲ့ထားခြင်းဖြစ်ပြီး လုံးဝ တရားဝင်သည်။ သို့သော် ကျန်းကျိပင်းသည် ထိုအရာများကို မည်သို့ရရှိခဲ့သည်ကိုတော့ မည်သူမျှသက်သေမပြနိုင်ပေ။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ ကြေးထည်ပစ္စည်းများ ဖြစ်သဖြင့် ထိုထက် သက်တမ်းရင့်သော ရှေးဟောင်းပစ္စည်းများဟူ၍ များများစားစား မရှိပေ။ နိုင်ငံတော်မှလည်း ထိုအရာများကို ရောင်းဝယ်ခြင်းအား တရားဝင် တားမြစ်ထားသည်။ ထို့ကြောင့် ထိုအရာများ၏ မူလအစနှင့်ပတ်သက်၍ သံသယများ ပေါ်ပေါက်လာရန် ဆိုသည်မှာ ခက်ခဲသည့်ကိစ္စတော့မဟုတ်။
လင်ကျင်းကျယ်၏ ယခင်ဘဝတွင် ဤကိစ္စမျိုး မဖြစ်ခဲ့ဖူးပေ။ ကျန်းမိသားစုက အတားအဆီးများစွာ ရင်ဆိုင်ခဲ့ရသဖြင့် ထိုကဲ့သို့သော အန္တရာယ်များသည့် လုပ်ရပ်ကို လုပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပုံပေါ်သည်။ နောက်ကွယ်မှ အကျိုးခံစားခွင့်ရှိသူက ငါးဖမ်းရပိုမိုလွယ်ကူစေရန်အတွက် ကိုယ်တိုင် ရေနောက်အောင်လုပ်ခဲ့ခြင်းဖြစ်ရမည်။
ပြေးရမှာလား? ငါ မပြေးဘူး။
လင်ကျင်းကျယ်က စိတ်ထဲ၌ ပြုံးလိုက်သည်— ယခု သူထွက်ပြေးခြင်းက ဤလူများ လိုချင်နေသောအရာဖြစ်လိမ့်မည်။
“တောင်းပန်ပါတယ်၊ ဒါက မိသားစုတွင်း သဘောထားကွဲလွဲမှုလေးတွေပါ။”
လင်ကျင်းကျယ်က အဘိုးဖန်၏ မေးခွန်းထုတ်သော အကြည့်ကို ပြန်ဖြေလိုက်ပေးလိုက်၏။ သူက မူရင်းသေတမ်းစာနှင့် ပိုင်ဆိုင်မှုလက်မှတ်ကို ထုတ်ယူကာ အဘိုးဖန်အား ပေးလိုက်ပြီး အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားသော ထိုသူ၏မျက်နှာကိုကြည့်၍ အမြန်ပြုံးပြလိုက်၏။
“ဘာပဲဖြစ်ဖြစ် စိတ်ချပါ—ကျွန်တော် ခင်ဗျားကို မလှည့်စားပါဘူး။"
သူက အရပ်ရှည်ရှည်နှင့်လူများကြားမှ ယဉ်ကျေးစွာတိုးဝင်ကာ ကောရှန်အား လမ်းဖယ်ပေးရန် မျက်စပစ်ပြလိုက်၏။
ကောရှန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ကျင်းကျယ်—”
လင်ကျင်းကျယ်က သူ့ကို ကျော်သွားစဉ်တွင် သူ့ပခုံးကိုပုတ်ခဲ့လိုက်ပြီး လျစ်လျူရှု၍ ဆက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက အဘိုးဖန်၏ အဖော်လေးယောက်ကို ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သည်။ သူတို့က တကယ်ပဲ လုံခြုံရေးကိုယ်ရံတော်များ ဖြစ်ပုံရသည်။
သူ ရှင်းရှင်းလင်းလင်း မြင်လိုက်သည်—လွန်ခဲ့သည့်ခဏတာအချိန်တွင် သူတို့က အလိုလို သေနတ်ကိုင်လိုက်ခဲ့ကြ၏။
အမျိုးသားပြတိုက်မှ ကျွမ်းကျင်ဝန်ထမ်းများက ဤခေတ်တွင် ဒီလောက်ထိ အကာအကွယ်မြင့်မြင့်နေကြရသည်လား။ သို့သော် သူတို့ရှိနေသဖြင့် ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့ဟုဆိုသူများက ရှေးဟောင်းပစ္စည်းများကို အတင်းအကျပ်အားသုံး၍ ဖယ်ရှားနိုင်မည်တော့ မဟုတ်ပေ။
ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့အစည်းမှ လူခုနစ်ယောက်၊ ရှစ်ယောက်သည်လည်း ကျိုးဟိုင်ထန်နှင့်အခြား အတန်း ၅ မှအဖွဲ့ဝင်အချို့နှင့် စကားများနေကြသည်။ လင်ကျင်းကျယ် ဧည့်ခန်းထဲရောက်သွားချိန်တွင် လူတစ်ယောက်၏ ကျယ်လောင်စွာ ခြိမ်းခြောက်သံကို ကြားလိုက်ရ၏။
“မင်းတို့ ကလေးတွေ၊ ငါတို့က တရားဝင်အမှုတစ်ခုကို စုံစမ်းစစ်ဆေးဖို့ ရောက်နေတယ်ဆိုတာ မင်းတို့ နားမလည်ဘူးလား! ငါတို့ရဲ့ တာဝန်ကို ထပ်ပြီး ဟန့်တားနေမယ်ဆိုရင် မင်းတို့အားလုံးကိုဖမ်းပြီး ယဉ်ကျေးမှု အမွေအနှစ်ကိုဖုံးကွယ်မှုနဲ့ တရားစွဲပစ်မယ်!”
"ခင်ဗျားတို့ တော်တော် ဆူညံနေတာပဲဗျ။"
လင်ကျင်းကျယ်က ပြုံးပြီးပြောလိုက်သည်။ သူ့အသံက မကျယ်သော်လည်း ရေခဲရေတစ်ပုံးလောင်းချလိုက်သကဲ့သို့ အားလုံး တိတ်ဆိတ်သွားပြီး သူ့ကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။
သူက မဖိတ်ဘဲရောက်လာသည့် ဧည့်သည်များထံ ဖြည်းဖြည်းချင်း တည်ငြိမ်သောခြေလှမ်းများနှင့် လျှောက်သွားလိုက်လေသည်။ သူ၏ ခံစားချက်မဲ့သော အကြည့်များဖြင့် သူတို့ခေါင်းဆောင်၏ မျက်လုံးများကို စိုက်ကြည့်နေသောကြောင့် တောင့်တောင့်တင်းတင်း သက်လတ်ပိုင်းအရွယ်အမျိုးသားက ခံနိုင်ရည်မရှိတော့ဘဲ အကြည့်လွှဲသွားခဲ့၏။
လင်ကျင်းကျယ်၏ နှုတ်ခမ်းထောင့်များ တွန့်သွားခဲ့သည်။ သူက ပြောလိုက်သည်။
"ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့အစည်းကလို့ ပြောတယ်နော်။ ခင်ဗျားတို့ ဘယ်သူတွေလဲဆိုတာ မေးကြည့်လို့ရမလား။"
တခြားလူတစ်ယောက်က ပြန်ဖြေလိုက်၏။
"နည်းနည်း ယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ။ ဒါက ငါတိို့ရဲ့ ဒုဥက္ကဋ္ဌကျိုးပဲ။"
"ဒုဥက္ကဋ္ဌကျိုး။"
လင်ကျင်းကျယ်က ထိုသို့ပြောကာ ခေါင်းညိတ်လိုက်သော်လည်း မျက်နှာအမူအရာကတော့ ဘာမှမထူးခြားသွားပေ။
"ခင်ဗျားတို့က ဒီလောက် ရဲရဲတင်းတင်း ကျွန်တော့်အိမ်ထဲကို ဝင်လာတာဆိုတော့ ရှာဖွေဝရမ်း ပါလာမယ်လို့ ထင်ပါတယ်။"
ဘာကြောင့်မှန်းမသိဘဲ ဒုဥက္ကဋ္ဌကျိုး၏ နှလုံးခုန်နှုန်း မြန်လာပြီး လူငယ်၏ ကြောက်စရာကောင်းသော အရှိန်အဝါကြောင့် အလိုလိုခြေတစ်လှမ်း ဆုတ်မိသွားသည်။ သူက သူခေါ်လာသည့် ရဲများကို အကူအညီတောင်းဟန်ဖြင့် လှည့်ကြည့်လိုက်၏။
ရဲများ၏ခေါင်းဆောင်က ချောင်းဟန့်ပြီး ရှေ့ကိုတိုးလာခဲ့သည်။
"မင်းက လင်ကျင်းကျယ်လား။"
"ဟုတ်ပါတယ်။"
လင်ကျင််းကျယ်က ခေါင်းညိတ်လိုက်၏။
"ခင်ဗျားတို့မှာ ရှာဖွေဝရမ်း မရှိဘူးဆိုရင် ကျေးဇူးပြုပြီး ပြန်သွားပေးပါ။"
ရဲချုပ်လည်း သာမန် အထက်တန်းကျောင်းသားတစ်ယောက်က ဒီလိုပြောလိမ့်မည်ဟု မထင်ထားသဖြင့် သိသိသာသာ ဒေါသထွက်သွားသည်။ သူ့မျက်ခုံးများ ကျုံ့သွား၏။
"လင်ကျင်းကျယ် မသိချင်ယောင်မဆောင်နဲ့။ မင်းက ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ အထောက်အထားတွေကို ဖုံးကွယ်ထားတယ်လို့ သံသယရှိခံထားရပြီး ငါတို့သာ အလျင်အမြန်မလုပ်ရင် မင်းက သက်သေဖျောက်ပစ်နိုင်တယ်။ ဒါကြောင့် အရေးပေါ် ရှာဖွေမှုအနေနဲ့ ဝရမ်း မလိုဘူး! ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ မင်း ပူးပေါင်းပါဝင်ပြီး တရားမဝင်တဲ့ မူရင်းလာရာနေရာမသိရတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို လွှဲပြောင်းပေးမယ်လို့ မျှော်လင့်ပါတယ်။ ငါတို့ကိုယ်တိုင် ရှာဖွေရမယ်ဆိုရင်တော့ မင်းကို ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရလိမ့်မယ်။ ရာဇဝတ်မှုငယ်လေးလည်း မဟုတ်ဘူးနော်။"
လင်ကျင်းကျယ်က မကြောက်မရွံ့ တုံ့ပြန်လိုက်၏။
"ဒီယဉ်ကျေးမှု အမွေအနှစ်တွေကို ကျွန်တော့်ရဲ့ ကွယ်လွန်သွားတဲ့ အဖိုးက လက်ဆင့်ကမ်းပေးခဲ့တာပါ။ လုပ်ထုံးလုပ်နည်းတွေတွေလည်း အကုန်မှန်ကန်ပါတယ်။ ခင်ဗျားတို့ ပြောနေတဲ့ တရားမဝင်တဲ့ ပစ္စည်းတွေလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို စွပ်စွဲချင်တယ်ဆိုရင် အရင်ဆုံး သက်သေ အထောက်အထားတွေ ပြပါ။"
"ဟုတ်တယ်!"
ရုတ်တရက် အိုမင်းသည့် အသံနက်နက်တစ်ခုက လူငယ်၏ စကားကို ထောက်ခံလိုက်သည်။ လင်ကျင်းကျယ် လှည့်ကြည့်လိုက်တော့ ဂိုဒေါင်ကိုဦးတည်သည့်စင်္ကြံဘက်မှ အဘိုးဖန်တစ်ယောက် သူ၏ ကိုယ်ရံတော်လေးယောက်နှင့်အတူ ဒေါသတကြီးလာနေသည်ကို တွေ့လိုက်ရ၏။
သူက အရှေ့ကို လျှောက်လာပြီး လင်ကျင်းကျယ်၏ လက်မောင်းကိုဆွဲကာ လူငယ်ကို သူ့နောက်တွင်ကာကွယ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ဆုံးမလိုက်၏။
"ဒါက ချွင်းနန်မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို မင်းတို့စီမံနေတဲ့ပုံပေါ့။ ဒါက လိယွမ်မြို့က ရဲတွေ အမှုတစ်ခုကို ကိုင်တွယ်နေတဲ့ပုံလား။ နေ့ခင်းကြောင်တောင် ပြည်သူတစ်ယောက်ရဲ့ အိမ်ထဲကို ချိုးဖောက်ဝင်ရောက်ပြီး သူ့ကို မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်နေတာ! မင်းတို့က ဥပဒေကိုချိုးဖောက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုနေတာပဲ! အာဏာကို အလွဲသုံးစားလုပ်နေကြတယ်။"
သူက လင်ကျင်းကျယ်ထက် ပို၍သြဇာရှိပြီး ဒေါသကြောင့် မျက်နှာလည်းနီရဲနေ၏။ ခဏလောက်ကြာသည်အထိ ဘယ်သူမှ သူ့ကို ရင်မဆိုင်ရဲခဲ့ကြပေ။
ရဲများနှင့် ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့ဝင်များက ဆိုးသွမ်းသည့်ကလေးဆိုးလေးများနှယ် ဆူပူခံလိုက်ရခြင်းပင်။ သူတို့ သတိပြန်ဝင်လာသည့်အချိန်တွင်တော့ ဒေါသတကြီး ဖြစ်သွားကြ၏။
"ခင်ဗျား စကားကို သတိထားပြောပါ။ ကျွန်တော်တို့က လင်ကျင်းကျယ်ကို ရှာနေတာ—အမှုနဲ့ မသက်ဆိုင်တဲ့သူတွေက ချက်ချင်း ထွက်သွားပေးပါ။"
"ငါက အမှုနဲ့ မသက်ဆိုင်ဘူးတဲ့လား။ ငါက တိုက်ရိုက်သက်ဆိုင်တာပေါ့။"
အဘိုးဖန်၏ အိုမင်းနေသည့်မျက်နှာက ဒေါသကြောင့် နီရဲနေ၏။ သူက သူ့တွင်ပါလာသော အထောက်အထားများကို ဆွဲထုတ်ပြီး လက်ဖက်ရည်စားပွဲပေါ် ပစ်ချလိုက်၏။
"ငါက ယန်မြို့ အမျိုးသားပြတိုက်က ကျွမ်းကျင်သူတစ်ယောက်။ မစ္စတာလင်ကျင်းကျယ်က သူ့နာမည်နဲ့ရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ငါတို့ပြတိုက်ကို လှူဒါန်းပြီးပြီ။ မင်းတို့ စုံစမ်းချင်ရင် အမျိုးသားပြတိုက်ကိုပဲ ဆက်သွယ်လိုက်!"
သူက လက်နှစ်ဖက်ကိုပိုက်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်နေကာ ဒီအရှက်မရှိသည့် စုံစမ်းစစ်ဆေးသူများက သူသည် ဘယ်သူဘယ်ဝါဆိုသည်ကို နားလည်ပြီး အမြီးကုပ်ကာ ပြန်ဆုတ်သွားရန်စောင့်နေခဲ့၏။
သို့သော် သူထင်ထားသည့်အတိုင်း ဖြစ်မလာခဲ့။ ရဲချုပ်က "အမျိုးသားပြတိုက်" ဆိုသည့် စကားလုံးကို ကြားသည်နှင့် ချက်ချင်း ပြောင်လှောင်သည့် အပြုံးတစ်ခုပြုံးလိုက်ပြီး စာရွက်စာတမ်းကိုပင် လှည့်မကြည့်ခဲ့ပေ။
"ခင်ဗျားကြည့်ရတာ သိပ်ပြီး သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ မသိသေးပုံပဲ။"
ထိုနားမလည်နိုင်သောစကားကို ပြောလိုက်ပြီးနောက် သူက အနောက်ကို လှည့်ကြည့်ပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။
"ဒီလောက်ဆို တော်လောက်ပြီ။ သူ့ကို ခေါ်သွားတော့!"
ရဲတစ်ယောက်က တောက်ပနေသည့် ငွေရောင်လက်ထိပ်တစ်စုံကို ထုတ်ယူပြီး လင်ကျင်းကျယ်ကို ဖမ်းရန်ရှေ့တိုးလာခဲ့၏။
***
Aurora Novel Translation Team