no

Font
Theme

ဝိုင်းကြည့်နေခဲ့ကြသော လူအုပ်ကြီးကလည်း ဘာမှမဖြစ်ခဲ့သည့်အတိုင်း ပျောက်ကွယ်သွားလေပြီ။ ကျောင်းသားကော်မတီဝင်တစ်ဦးက အဖြေလွှာစာရွက်များ ယူလာပြီး တစ်ဦးချင်းလိုက်ဝေခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေးရုံးမှ ဒါရိုက်တာကလည်း မျက်နှာထားတင်းတင်းဖြင့် ရပ်နေခဲ့ပြီး အတော်ကြာသည်အထိ လင်ကျင်းကျယ်ကို ကြည့်နေခဲ့သည်။

သူကတော့ ခေါင်းမမော့ခဲ့။ အဖြေလွှာစာရွက်ကိုလှမ်းယူ၍ ကြည့်လိုက်ရာ မရင့်ကျက်သေးသည့် လက်ရေးများကိုမြင်လိုက်ရ၏။ ဘာသာရပ်စာပေနှင့် သင်္ချာတို့တွင် အမှတ်ပြည့်က ၁၂၀ ဖြစ်ပြီး သူက ၈၆ နှင့် ၉၀ ရခဲ့သည်။ အခြားဘာသာရပ်အားလုံး၏ အမှတ်ပြည့်က ၁၀၀ ဖြစ်ပြီး သူကတော့ အောင်မှတ်နှင့်သာကပ်အောင်ခဲ့သည်။ အင်္ဂလိပ်ကတော့ အဆိုးဆုံးဖြစ်ပြီး ၄၇ မှတ်ဖြင့် ကျရှုံးခဲ့သည်။

လင်ကျင်းကျယ်က အဖိုးဖြစ်သူသေဆုံးပြီးနောက်ပိုင်း ခဏလောက် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်ကို မှတ်မိသော်လည်း ဘာလို့ အခုထိ စိတ်မတည်ငြိမ်ဖြစ်နေရတာလဲ ဆိုသည်ကိုတော့ နားမလည်နိုင်သေးပေ။

ကျန်းရန်၏ ရမှတ်များက တော်တော်ကောင်း၏။ အနားရှိ ကျောင်းသားများက သူ့ကိုအတန်းထဲရှိထိပ်ဆုံးငါးယောက်စာရင်းဝင်မည်ဟု တီးတိုးပြောနေကြသည်။ သို့သော်လည်း လင်ကျင်းကျယ်ရဲ့ မှတ်ဉာဏ်ကမှားမနေဘူးဆိုလျှင် သူ၏ဝမ်းကွဲအစ်ကိုက ကျောင်းမှတရားဝင်ထောက်ခံချက်စာ ရခဲ့၍သာ ကွမ်းနန်တက္ကသိုလ်သို့တက် ရောက်ခဲ့ရခြင်းဖြစ်သည်။

ဒါဟာ အံ့သြစရာတော့ မဟုတ်ပေ။ လီယွမ် အမှတ် (၁) အထက်တန်းကျောင်းကို လီယွမ်မြို့၏ အကောင်းဆုံး အထက်တန်းကျောင်းလို့ ခေါ်ကြသော်လည်း မြို့ကပင် ကွမ်းနန်ပြည်နယ်၏မြေပုံပေါ်၌ သတိမထားမိလောက်သည့် အစက်ကလေးတစ်ခုသာဖြစ်ပြီး ပညာရေးလည်း သိပ်မကောင်းပေ။ ဒါ့အပြင် လင်ကျင်းကျယ်မှတ်မိသလောက်ဆ်ိုလျှင် ဒီနှစ်တွင် တစ်နိုင်ငံလုံးအနှံ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပမည်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ သမိုင်းတစ်လျှောက် အခက်ခဲဆုံးစာမေးပွဲဟု သတ်မှတ်ခံခဲ့ရသည်။ ခေတ်နောက်ကျသည့် သင်ရိုးညွှန်းတမ်းကြောင့် လီယွမ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများက မြို့ကြီးများရှိ ထူးချွန်သော ပြိုင်ဘက်များနှင့် ယှဉ်နိုင်စွမ်းမရှိခဲ့ကြပေ။

လူတော်တော်များများက ဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျရှုံးခဲ့ကြပြီး နောက်နှစ်မှ ပြန်ဖြေခဲ့ကြရသည်။ ဒါက လင်ကျင်းကျယ် စိတ်ထဲစွဲနေအောင် မှတ်မိသည့်အရာတစ်ခုပင်။

သူ အင်္ဂလိပ်စာမေးခွန်းကို ကောက်ယူပြီး ဖတ်ကြည့်လိုက်သည်။ သူ၏အရင်ဘဝက အလုပ်သင်လေ့ကျင့်ရေးအတွက် နိုင်ငံခြားခရီးတွေ မကြာခဏသွားခဲ့ဖူးတာကြောင့် သူက အင်္ဂလိပ်စာ ကျွမ်းကျင်သည်။ ဝမ်းနည်းစရာကောင်းသည်ကတော့ ဒီမှာမေးထားသည့်မေးခွန်းတချို့ကတောင် မှားနေခြင်းပင်။

သိပ္ပံဘာသာရပ်တွေကတော့ လင်ကျင်းကျယ်လည်း အထက်တန်းကျောင်းနှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ အမှန်အတိုင်းပြောရလျှင် သင်ခဲ့သည့်အရာအတော်များများကို မေ့သွားခဲ့ပြီ။ သို့သော် သူ့တွင် အခြေခံကောင်းများရှိပြီး စာသင်ကြားမှုကိုလည်း ပြီးဆုံးသည့်တ်ိုင်သင်ခဲ့ရသူဖြစ်သဖြင့် စာမေးပွဲရလဒ်ပိုကောင်းလာရန်ကတော့ ခက်ခဲသည့်ကိစ္စမဟုတ်။

ဤအစမ်းစာမေးပွဲမေးခွန်းကြောင့် လီယွမ် အမှတ် (၁) အထက်တန်းကျောင်းရှိ ဘယ်သူကမှ ဒီနှစ်၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဘယ်လောက်ထိကြောက်မက်ဖွယ်ကောင်းမည်ဆိုသည်ကို မတွေးမိနိုင်ခဲ့ပေ။

လင်ကျင်းကျယ်သည် အတန်းနံပါတ် ၁ ၏ အတန်းပိုင်ဆရာမ လီယွိရုန်က သူ(မ)နာမည်နှင့် သင်ကြားမှုရလဒ်မှအောင်မြင်မှုများ ပိုရအောင် လှည့်ကွက်သုံးထားသည်ကို သ်ိနေပြီး ထိုသို့မလုပ်ရန်လည်း တကယ်ကိုပြောပစ်ချင်ခဲ့သည်။

သူက ခေါင်းငုံ့ပြီး စာမေးပွဲမေးခွန်းများကို အာရုံစိုက်ဖတ်ကာ လက်ရှိအသိပညာဖြင့် အဖြေအသစ်များကို စာရွက်ပေါ်တွင် ရေးနေခဲ့သည်။ ဒါက သူ့ကို စိတ်အားထက်သန်ပြီး လေ့လာသင်ယူလိုစိတ်ပြင်းပြသူတစ်ယောက်၏ ပုံစံပေါ်နေစေသည်။ ဒါရိုက်တာက သူ့ကို အရင်ဆုံးခေါ်ရန် ပါးစပ်ဟလိုက်သော်လည်း သူဒီလောက်ထိအလေးအနက်ထား၍ ပြန်ကြည့်နေသည်ကိုမြင်တော့ မခေါ်ရက်တော့ပေ။ ကောင်လေး၏ တစ်ဦးတည်းသော မိသားစုဝင်က မကြာသေးခင်က ဆုံးပါးသွားခဲ့ပြီး သူကလည်း အရမ်းပိန်သွားသလိုပင်။ ဒါရိုက်တာကလည်း ဒီလောက်ထိ အသည်းမာသူမဟုတ်။

ထို့ကြောင့် ဒါရိုက်တာ စကားပြောလိုက်သည်နှင့် သူခေါ်သောနာမည်က ပြောင်းသွားတော့သည်။

“ကောရှန် ငါနဲ့ လိုက်ခဲ့။ ကျိုးဟိုင်ထန် ဘယ်မှာလဲ။ သူ မလာဘူးလား။”

အိုး၊ ဟုတ်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေခင်ကာလအတွင်း ကျိုးဟိုင်ထန်က လီယွမ်မြို့၏ “လူဆိုးဂိုဏ်း" ဟုခေါ်သောနေရာမှ လူများနှင့် ဆက်သွယ်မိခဲ့သည်ကို ရုတ်တရက်ဆိုသလို လင်ကျင်းကျယ် သတိရသွား၏။ ပြီးတော့ သူက အတန်းများကို ပိုပိုပြီးပျက်လာခဲ့တော့သည်။

သူမှတ်မိပြီး အာရုံစိုက်ရန် လိုအပ်သည့်အရာများက အများကြီးပင်။ သူ ဘောပင်ကိုချပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ခုံအနောက်ကို မှီ၍ထိုင်လိုက်သည်။ ဘာခံစားချက်မှ မရှိသည့်မျက်နှာဖြင့် ဘာဖြစ်လာမည်မှန်းမသ်ိနိုင်သော ကောရှန်တစ်ယောက် ဒါရိုက်တာနောက်လိုက်သွားသည်က်ို ကြည့်နေခဲ့၏။

အနောက်တွင်တော့ မိန်းကလေးအချို့က စာပြန်ကြည့်ပြီး၍ တီးတိုးစကားပြောနေကြသည်။ ပထမတော့ စားပွဲပေါ်မှာငိုနေသည့် ကျန်းရန်ကို လှောင်ပြောင်နေခဲ့ကြ၏။ ပြီးတော့မှ သူတို့၏ အကြည့်များက အခြားကျောင်းသားများနှင့် မတူသော အငွေ့အသက်ရနေသည့် လင်ကျင်းကျယ်ထံရောက်သွားကြတော့သည်။

လင်ကျင်းကျယ်က အစကတည်းက ခပ်အေးအေးနေတတ်သူတစ်ယောက်ဖြစ်ပြီး ကျန်းရန်က သူ၏မိဘများက သူ့ကိုစွန့်ပစ်သွားသည်ဆိုသော ကောလာဟလကို ဖြန့်လိုက်သည့်အတွက် သူ့ကို ပိုပြီးအထီးကျန်ဆန်သွားစေခဲ့သည်။ သို့ရာတွင် သူက စာလည်းတော်သလို ရုပ်ရည်ကလည်း ချောမောနေသေး၏။ ဖြူစွတ်နေသောအသားအရေနှင့် ချောမောသောအသွင်အပြင်ကြောင့် မိန်းကလေးများ၏ အာရုံစိုက်မှုကိုရနေသေးသည်။

"ဟေး။"

မိန်းကလေးများက တစ်ယောက်နှင့်တစ်ယောက် တံတောင်ဖြင့်တို့ရင်း တီးတိုးပြောနေခြင်းဖြစ်၏။

" ဒီနေ့ လင်ကျင်းကျယ်က အရင်နေ့တွေထက် ပိုပြီးကြည့်ကောင်းနေတယ်လို့ မထင်ဘူးလား။"

သူတို့၏ ရယ်သံများကြားမှ ကောရှန်က အတန်းပြောင်းရွှေ့စာရွက်ကို ကိုင်ပြီး အတန်းထဲပြန်ဝင်လာတော့သည်။ သူက ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး တွေဝေငေးငိုင်နေခဲ့၏။

ဒါရိုက်တာနှင့် လီယွိရုန်တို့က တံခါးဝတွင်ရပ်ပြီး တိုးတိုးတိတ်တိတ်ငြင်းခုံနေကြသည်။ လီယွိရုန်က အတန်းထဲကို ကြည့်နေပြီး တစ်ခါတစ်ရံ သူ(မ)၏အကြည့်က လင်ကျင်းကျယ်ထံ ရောက်သွားကာ ဓားနှင့်ထိုးနေသကဲ့သို့ စူးရှနေ၏။

လင်ကျင်းကျယ်က သူ(မ)ကို ပြန်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ပြုံးပြလိုက်သည်။

လီယွိရုန်က ခဏတာကြောင်အမ်းအမ်းဖြစ်သွားပြီးနောက်မှ အပ်နှင့်ထိုးခံလိုက်ရသည့် ဘောလုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားတော့၏။

"လင်ကျင်းကျယ်! မင်း အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း။"

သူ(မ) ရုတ်တရက် အော်ဟစ်လိုက်သည့်အသံကြောင့် အတန်းထဲတွင်တိတ်ဆိတ်သွားတော့၏။ အာရုံစိုက်ခံလိုက်ရသည့် လင်ကျင်းကျယ်ကတော့ စာရွက်များကို ဘေးဖယ်လိုက်ပြီး ဖြည်းဖြည်းချင်းပဲ အပြင်သို့လျှောက်သွားလိုက်သည်။

သူ(မ)ကို ဂရုမစိုက်သည့် သူ၏ပုံစံကြောင့် လီယွိရုန်တစ်ယောက် ဒေါသတကြီးနှင့် တုန်ရီနေတော့သည်။

"မင်း... မင်း ငါ့ကို ဘယ်လိုမျက်နှာပေးနဲ့ ကြည့်နေတာလဲ!"

လင်ကျင်းကျယ်၏ ရန်စသည့်အပြုံးကို မမြင်လိုက်ရသော ဒါရိုက်တာကတော့ လီယွိရုန်က အကြောင်းမဲ့ ဒေါသထွက်နေသည်ဟုသာ ထင်သွားခဲ့၏။

"ဆရာမလီ၊ ခင်ဗျား ဘာတွေလုပ်နေတာလဲ။"

လင်ကျင်းကျယ်ကတော့ ရိုးသားပြီး ယဉ်ကျေးသော ကျောင်းသားတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်ပြီး မေးလိုက်သေး၏။

"ဆရာမလီ၊ ဘာများဖြစ်လို့လဲ။"

လီယွိရုန်က ဒါရိုက်တာသည် မသိိမသာ လင်ကျင်းကျယ်ဘက်မှပါနေသည်ဟု ခံစားမိပြီး တကယ်ပြောချင်သည့်စကားများကို ထိန်းထားရသည့်အတွက် သူ(မ)၏အဖြေက တင်းမာနေခဲ့လေသည်။

"ဘာဖြစ်လို့လဲလို့ မင်း ငါ့ကို မေးနေသေးတာလား။ မင်းရဲ့အဆင့်တွေ ဘယ်လောက်ထိ ကျသွားလဲဆိုတာကိုပဲကြည့်လိုက်! မင်းကို ဒီအတန်းမှာ ဆက်ထားလို့ မဖြစ်တော့ဘူး။ ပစ္စည်းတွေကို သိမ်းပြီး ကောရှန်နဲ့အတူ အတန်းနံပါတ် ၅ ကို သွားလိုက်တော့။"

အတန်းပြောင်းရွှေ့ရမယ်?! စင်္ကြံတွင် တာဝန်ကျနေသည့် ကျောင်းသားများက ထိုစကားကိုကြားလိုက်သည်နှင့်တံမြက်စည်းများ ပစ်ချကာ အံ့အားသင့်စရာ သတင်းကို ကြေညာဖို့ အတန်းထဲပြေးဝင်သွားကြလေပြီ။ ကောရှန်က သူကိုယ်တိုင် ပြောင်းရွှေ့စာရွက်ကိုရထားပြီးနောက်မှာ အားလျှော့နေပုံပေါ်နေသော်လည်း သူငယ်ချင်းဖြစ်သူကပါ သူ့လိုဖြစ်သွားမည်ကိုသိရတော့ ချက်ချင်း ခုန်ထပြီး အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလိုက်၏။

"ဆရာမလီ၊ ကျွန်တော်ကတော့ ထားပါတော့၊ ဘာလို့ ကျင်းကျယ်ပါ အတန်းပြောင်းရမှာလဲ။"

လီယွိရုန်က သူ၏မေးခွန်းကို လျစ်လျူရှုလိုက်ပြီး အေးတိအေးစက်မျက်နှာထားလုပ်နေခဲ့သည်။ ကောရှန်က စိတ်ရှုပ်စွာဖြင့် ဒါရိုက်တာ၏အင်္ကျီလက်ကို ဆွဲလိုက်၏။

"ဆရာ၊ ကျင်းကျယ်ရဲ့အဆင့်တွေက အရမ်းကောင်းပါတယ်၊ သူက အရင်က အတန်းရဲ့ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါခဲ့တာပါ။ ဒီနေ့ သူ့ရလဒ်တွေက... မကြာသေးခင်ကဖြစ်ခဲ့တဲ့ မိသားစုကိစ္စတစ်ခုကြောင့်ပါ။"

"ဆရာမလီ!"

အမျိုးသမီးတစ်ဦး၏ ဒေါသတကြီးအော်ဟစ်သံက စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွား၏။

"ရှင် အရမ်းလွန်လာပြီလို့ မထင်ဘူးလား!"

ထိုအသံကို ကြားလိုက်သည်နှင့် လင်ကျင်းကျယ်က အံ့အားသင့်စွာ လှည့်ကြည့်လိုက်၏။ ကျောင်းစင်္ကြံ၏ အခြားတစ်ဖက်မှ ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအရွယ်၊ ဟောင်းနွမ်းနေသည့် မီးခိုးရောင်အင်္ကျီပွကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက သူတို့ထံ အလျင်အမြန် ပြေးလာနေခြင်းပင်။

သူ(မ)က ရှိရင်းစွဲအသက်ထက် ပိုပြီး ရင့်ရော်သည့်ပုံ ပေါ်နေခဲ့သည်။ ရိုးရိုးရှင်းရှင်း ဝတ်စားထားပြီး မိတ်ကပ်လည်း မလိမ်းထားသလို မိန်းကလေးကျောင်းသူများနှင့်တူညီသည့် ဆံပင်ပုံစံကိုလည်း ညှပ်ထား၏။ သူ(မ)၏လက်မောင်းတွင် ဝတ်ထားသည့်အင်္ကျီကလည်း အဝတ်အစားအဟောင်းများကို ပြန်ချုပ်ထားသည်ဆိုသည်မှာသိသာ၏။ လင်ကျင်းကျယ်၏မှတ်ဉာဏ်ထဲတွင် အမြဲတမ်း နူးညံ့သိမ်မွေ့နေခဲ့သည့် သူ(မ)၏မျက်နှာက ဒေါသများပြည့်နှက်နေလေပြီ။ သူ(မ)က အလျင်အမြန်လျှောက်လာပြီး လီယွိရုန်၏ရှေ့တွင် ချက်ချင်းရပ်လိုက်သည့်အတွက် သူ(မ)ကို တိုက်မိတော့မလိုပင်။

"ကျောင်းသားတွေအကြောင်း ရှင် တစ်ခါတလေများ စဉ်းစားမိရဲ့လား။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကလည်း နီးကပ်နေပြီ။ ဒီအချိန်မှာ အတန်းပြောင်းရွှေ့လိုက်ရင် သူတို့ ဘယ်လောက် စိတ်ဖိစီးမှုများသွားမလဲဆိုတာကို ရှင် ထည့်မတွက်ဘူးလား။ ရှင်က အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်။"

လီယွိရုန်က အမြဲလိုလို ထိုအမျိုးသမီးကို အထင်သေးနေခဲ့သူဖြစ်သည်။ အခုတော့ သူ(မ)က မျက်မှောင်ကြုတ်ပြီး တွန်းထုတ်လိုက်ကာ မထီမဲ့မြင်အကြည့်နှင့်ကြည့်လိုက်၏။

"ဆရာမဟူ၊ ရှင်စကားပြောတာ ကြည့်ပြောနော်။ ကျွန်မ ဘယ်မှာ တစ်ကိုယ်ကောင်းဆန်လို့လဲ။ ကျွန်မက တခြားကျောင်းသားတွေအတွက် စဉ်းစားပေးနေတာပါ။ အတန်းနံပါတ် ၁ က လူတိုင်းက ထူးချွန်တဲ့ကျောင်းသားတွေချည်းပဲ၊ အသုံးမကျတဲ့သူတွေကိုဖယ်ရှားလိုက်မှ သူတို့ရဲ့လေ့လာသင်ယူမှု အခြေအနေတွေနဲ့ တိုးတက်မှုတွေ ကောင်းလာမှာပေါ့။ ကျွန်မရဲ့လုပ်ရပ်တွေက အတန်းနံပါတ် ၁ က ကျန်တဲ့သူတွေရဲ့ကောင်းကျိုးအတွက်ပါ။"

သူ(မ)၏ ရက်စက်သောစကားများကြောင့် ဟူယွိက စိုးရိမ်တကြီးဖြင့် လင်ကျင်းကျယ်ကို လှမ်းကြည့်လိုက်မိသည်။ သူ(မ)က ဒေါသကိုထိန်းပြီး အသံတိုးတိုးဖြင့်ပြောလိုက်၏။

"ကောရှန်၊ ကျင်းကျယ်ကိုခေါ်ပြီး ငါတို့ စကားပြောပြီးတဲ့အထိ အတန်းထဲမှာ စောင့်နေလိုက်။"

"ဒုက္ခ မပေးစမ်းပါနဲ့။"

လီယွိရုန်က စိတ်မရှည်စွာ ပြောလိုက်၏။ အတန်းတစ်ခုနဲ့တစ်ခုကြား ကျောင်းသားအနည်းငယ် ရွှေ့ပြောင်းရုံလေးကို ဒီလောက်အချိန်ကုန်ခံနေရမှာလား။

"မင်းတို့နှစ်ယောက် မြန်မြန်ထုပ်ပိုးကြ။ အတန်းစတာ ကြာလှပြီ၊ မင်းတို့ရဲ့ မလိုအပ်တဲ့ပြဿနာတွေကြောင့် အချိန်တော်တော် နောက်ကျနေပြီ။"

ဟူယွီက အံကြိတ်လိုက်၏။ သူ(မ)က ဒါရိုက်တာဘက်သို့ လှည့်ပြောလိုက်သည်။

"ဒါရိုက်တာဝမ်၊ ကောရှန်က ကျွန်မသားမို့လို့ သူ့ရဲ့ရမှတ်တွေကို ကျွန်မသိပါတယ်။ ဒါပေမဲ့ လင်ကျင်းကျယ်ကို ပြောင်းရွှေ့ဖို့ကိုတော့ ပြန်စဉ်းစားပေးရပါမယ်။ သူက တော်တဲ့ကလေးပါ၊ ဒီလိုလုပ်ရပ်က သူ့ရဲ့အနာဂတ်တိုးတက်မှုကို အဟန့်အတားဖြစ်သွားမှာပါ။ စည်းကမ်းထိန်းသိမ်းရေးရုံးရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဒီကိစ္စမှာ ဝင်မပြောသင့်ဘူးလား။"

ဒါရိုက်တာကိုယ်တိုင်က ဒေါသထွက်နေသော်လည်း ဟူယွိ၏တောင်းဆိုမှုကို ဘယ်လိုတုံ့ပြန်ရမည်ကိုတော့ မသိပေ။ လီယွိရုန် ဘယ်လိုလုပ်ဆောင်သည်ကို သူနားမလည်သော်လည်း ကျောင်းအုပ်ကြီးကိုယ်တိုင်က အတန်းပြောင်းရွှေ့ခွင့်အမိန့်စာကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ သူက လက်ထောက်ကျောင်းအုပ်အနေဖြင့် ကျောင်းသားများအကြား တူညီသောအခွင့်အရေး ပေးချင်သော်လည်း ဆုံးဖြတ်ချက်ချပိုင်ခွင့်တော့ သိပ်မရှိခဲ့။

ဟူယွီလည်း ဒါရိုက်တာ သည်းခံနေသည်ကို မြင်ရတော့ ရင်ထဲအားလျော့သွား၏။ လီယွိရုန်က ပြောလိုက်သည်။

"ဆရာမဟူ။ ရှင်တို့ရဲ့တော်တယ်ဆိုတဲ့ ကလေးက ဘယ်လောက်ရမှတ်ပဲရလဲဆိုတာ ကျွန်မပြရမလား။ မသိဘူးလို့မပြောနဲ့နော်။ ရှင်က သူ့အနာဂတ်အကြောင်းပြောနေတာ၊ ဒါပေမဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နှစ်လတောင် မလိုတော့ဘူး။ အခုလိုအဆင့်နဲ့ သူက ဘယ်လိုလုပ်အနာဂတ်ရှိနိုင်မှာလဲ။ ဟန်ဆောင်မနေဘဲ ရှင့်ရဲ့ သင်ကြားမှုအရည်အချင်းကိုပဲ မြှင့်တင်သင့်တယ်။ အတန်းနံပါတ် ၅ က အမှိုက်တွေကိုပဲ ကြည့်လိုက်ပါဦး..."

"ဆရာမလီ!"

အခုချိန်ထိ တိတ်ဆိတ်နေခဲ့သော လင်ကျင်းကျယ်က သူ(မ)ကို ကြားဖြတ်ပြောလိုက်ပြီး သူ၏လေသံက ကြမ်းတမ်းလွန်းသောကြောင့် လီယွိရုန်တောင် ခေတ္တရပ်သွားခဲ့မိသည်ယ

သူ(မ) ပါးစပ်ပိတ်လိုက်သည့်ခဏတာအတွင်း ကြောက်လန့်သွားသည့်ခံစားချက်ရသွားသဖြင့် သူ(မ)ကိုယ်တိုင် အံ့သြသွားခဲ့ရသည်။ သူ(မ)က လင်ကျင်းကျယ်ကို သတိရှိရှိဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ ခံစားချက်မဲ့သော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါ ဘာကြောင့်မှန်းမသိ သူ(မ) အနည်းငယ် ကြောက်ရွံ့သွားသည်။

ယခင်ဘဝက ဤအဖြစ်အပျက်တစ်ခုလုံးကို ကြုံတွေ့ခဲ့ပြီးဖြစ်သောကြောင့် လင်ကျင်းကျယ်က လီယွိရုန်၏ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အရေးပါသည်ဟုထင်နေသော အပြုအမူကို စိတ်ကုန်နေပြီဖြစ်သည်။ သူက သူ(မ)နှင့် နောက်ထပ်ရန်မဖြစ်လိုတော့သောကြောင့် တိုက်ရိုက် ပြောလိုက်၏။

"ကျွန်တော် အတန်းပြောင်းဖို့ကို သဘောတူပါတယ်၊ ဒါကြောင့် ဒီလိုရိုင်းစိုင်းတဲ့စကားတွေ ပြောနေစရာမလိုပါဘူး။ ကျွန်တော့်ရဲ့ မကြာသေးခင်က စာမေးပွဲရလဒ်တွေက တကယ်ကို ညံ့ဖျင်းခဲ့တာပါ၊ ဆရာမရဲ့ စိတ်အခြေအနေကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ပြောရရင် ဆရာမ ခုနကပြောခဲ့တာတွေက လုံးဝမဟုတ်ပါဘူး။ ဘာသာရပ်တစ်ခုချင်းစီရဲ့ ပျမ်းမျှရမှတ်ကို တွက်ကြည့်နိုင်ပါတယ်—အမြင့်ဆုံးက သင်္ချာဖြစ်ပြီး ဆရာမဟူယွိ သင်ပေးတဲ့ဘာသာရပ်ပါ။ ပြီးတော့ အမှန်ပြောရရင် ဆရာမရဲ့ အင်္ဂလိပ်စာသင်ကြားမှုအရည်အချင်းက ချီးမွမ်းစရာမရှိပါဘူး။ ဝါကျဖြည့်မေးခွန်းရဲ့ ဒုတိယဝါကျနဲ့ စာပိုဒ်ဖတ်ပြီးဖြေရတာရဲ့ ငါးခုမြောက်မေးခွန်းက မှားနေပါတယ်။ ဒါကြောင့်ဆရာမက ဆရာမဟူယွီရဲ့ သင်ကြားမှုအရည်အချင်းကို ဝေဖန်ဖို့ အရည်အချင်းမရှိဘူးလို့တော့ ကျွန်တော်ထင်ပါတယ်။"

လီယွိရုန်က အလွန်အံ့အားသင့်သွားသောကြောင့် ခဏတာလောက်အထိ စကားပင်မပြောနိုင်ခဲ့ပေ။ သူ(မ)၏ သင်ကြားရေးသက်တမ်းတစ်လျှောက် ယခုကဲ့သို့ တိုက်ရိုက်ဝေဖန်မှုကို မကြားဖူးခဲ့ပေ။ သူ(မ) ပို၍ပင် မယုံနိုင်သောအရာမှာ ထိုစကားကိုပြောသူက အမြဲတမ်းလိုလို တိတ်ဆိတ်ပြီး ကြောက်တတ်သော ဆယ်ကျော်သက်တစ်ဦးဟု သူ(မ)ထင်ထားခဲ့သူထံမှ ဆိုသည့်အချက်ပင်။

လင်ကျင်းကျယ်၏ အသံက မတိုးခဲ့ပေ။ အတန်းနံပါတ် ၁ ရှိလူတိုင်း၊ စင်္ကြံတွင်ရှိသူများနှင့် အနီးအနားရှိအတန်းများမှ လူများပင် သူ၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ လူအနည်းငယ်ကတော့ ခိုးရယ်မိကြသည်။ ဤအရာက လီယွိရုန်ကို အသိဝင်စေပြီး သူ(မ)၏မျက်နှာကလည်း မှောင်မဲသွားတော့သည်။ သူ(မ)က ဒေါသကြောင့် သတိလစ်လုနီးပါးဖြစ်သွားကာ သူ(မ)၏လက်များလည်း အလွန်တုန်လှုပ်နေသောကြောင့် မြှောက်၍ပင်မရတော့ပေ။

လင်ကျင်းကျယ်က အတန်းပြောင်းဖို့ သဘောတူလိုက်သောအခါ ဟူယွ်ိက သူ့လက်ကိုဆွဲပြီး စိုးရိမ်တကြီးနှင့်ပြောလိုက်၏။

"ကျင်းကျယ်၊ မဆင်မခြင် မလုပ်ပါနဲ့..."

လင်ကျင်းကျယ်က သူ(မ)၏ ခြောက်သွေ့ကြမ်းတမ်းသော လက်ကို ယူပြီး နှစ်သိမ့်သည့်အနေဖြင့်ပွတ်သပ်လိုက်သည်။

"ဆရာမဟူ၊ ဒါရိုက်တာဝမ်၊ ကျွန်တော် ပစ္စည်းတွေ သွားယူလိုက်ပါဦးမယ်။"

ထိုဆယ်ကျော်သက်လေးက ဤသို့စိတ်မသက်သာစရာ အခြေအနေကို အလွန်တည်ငြိမ်စွာတုံ့ပြန်ခဲ့သည့်အတွက် ဒါရိုက်တာ၏ရင်ထဲတွင် သူ့အပေါ်သနားစိတ်များ ပြည့်နှက်သွားတော့သည်။ သူ၏ ယဉ်ကျေးစွာ ပြောကြား၍ ပြန်လည်တိုက်ခိုက်ခဲ့မှုကို စိတ်ထဲမထားဘဲ ဒါရိုက်တာဝမ်က သူ၏ပခုံးကို ပုတ်ကာ "သွားတော့" ဟု ပြောလိုက်သည်။

လင်ကျင်းကျယ်နှင့် ဒေါသကြောင့် မျက်လုံးများနီရဲနေသော ကောရှန်တို့ အတန်းထဲ ပြန်ရောက်လာသောအခါ တိတ်ဆိတ်မှုက သူတို့ကို ကြိုဆိုနေ၏။

လင်ကျင်းကျယ်သည် သူတို့၏ အဆင့်ရမှတ်များမှလွဲ၍ အခြားဘယ်အရာကိုမှ ဂရုမစိုက်တတ်သော သူ၏အတန်းဖော်များနှင့် အပြန်အလှန် ဆက်ဆံလေ့မရှိခဲ့ပေ။ အများစု၏အမည် နှင့် မျက်နှာများကိုပင် သူ မမှတ်မိချေ။ ဒါကြောင့် သူ၏ စာအုပ်များနှင့် စာရေးကိရိယာများကို အလျင်အမြန် သိမ်းဆည်းနေစဉ်အတွင်း ရင်ထဲတွင်လည်း ဘယ်လိုခံစားချက်မှရှိမနေခဲ့ပေ။

ကောရှန်က သူ့ထက်ပို၍ အရပ်ရှည်ပြီး သန်မာသောကြောင့် ပစ္စည်းများကို ထုပ်ပိုးပြီးသောအခါ သူ့ထံလာ၍ သူ၏ပစ္စည်းများကို ကူသယ်ပေးခဲ့သည်။ မျက်ရည်များဝဲနေသော ဟူယွိကလည်း သူ၏လက်ထဲမှစာအုပ်အချို့ကို ယူလိုက်၏။

လင်ကျင်းကျယ်က လက်ထဲတွင်လည်း ဘာမှမပါဘဲ၊ တစ်လောကလုံးကို ဂရုမစိုက်သည့်ပုံစံနှင့် အတန်းထဲမှ ဖြတ်လျှောက်သွားလိုက်၏။ သူက တံခါးဝတွင် ရပ်လိုက်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။

အမှောင်ထုကြီးတစ်ခုကဲ့သို့ အကြည့်ပေါင်းများစွာ၏ ဖိအားများက သူ့အပေါ်ကျရောက်လာခဲ့သည်။

သူက ဘာကိုမှဂရုမစိုက်သည့်ပုံစံဖြင့် ပြုံးလိုက်ပြီး၊ နှုတ်ဆက်သည့်အနေဖြင့် လက်မြှောက်ပြကာ "နှုတ်ဆက်ပါတယ်။" ဟုပြောလိုက်၏။

ကျောင်းသားတချို့က ထိုအပြုံး၏ အရှိန်အဝါမှ ရုန်းမထွက်နိုင်သေးဘဲ တံခါးကိုစိုက်ကြည့်နေသေးသည်။ လီယွိရုန်လည်း နောက်ဆုံးမှာတော့ သတိပြန်ဝင်လာပြီး စာသင်စင်ပေါ်တက်သွားတော့၏။ သူ(မ)က အလွန်ဒေါသထွက်နေသဖြင့် ခြေထောက်များပင် တုန်နေခဲ့သည်။ အာရုံမကပ်နေသော မျက်နှာများကို မြင်လိုက်ရတော့ သူ(မ)ကိုယ်သူ(မ) မထိန်းနိုင်တော့ဘဲ စားပွဲကို လက်ဖြင့်ရိုက်ချလိုက်၏။

"အတန်းစနေပြီ။ ဘယ်ကို ကြည့်နေကြတာလဲ!"

သူ(မ) အော်လိုက်၏။ ပြီးနောက် စိတ်အေးသည့်ပုံစံ ဟန်ဆောင်ကာ ပြောလိုက်ပြန်သည်။

"ကဲ၊ အခု မလိုက်နိုင်တဲ့သူတွေကို ဖယ်ရှားလိုက်ပြီဆိုတော့ ငါတို့ရဲ့သင်ကြားမှုအချိန်ဇယားကို တင်းကျပ်ဖို့ လိုတယ်။ မင်းတို့ ပေါ့ပေါ့နေလို့မရဘူးနော်။ ငါက မင်းတို့ကောင်းဖို့အတွက် လုပ်နေတာ။"

ကျောင်းသားများက အတန်းအပြင်တံခါးဝတွင် မာနကြီးစွာဖြင့် အာဏာပြနေခဲ့ပြီး ယခုစင်ပေါ်တွင် ရပ်နေသည့် အရပ်ရှည်ရှည်အမျိုးသမီးကို ကြည့်နေကြ၏။ သူတို့က လင်ကျင်းကျယ်၏ ပေါ့ပေါ့ပါးပါးထွက်သွားသည့်ပုံနှင့် နားလည်ရန် ခက်ခဲခဲ့သည့် အင်္ဂလိပ်စာစာမေးပွဲအကြောင်း ပြန်တွေးနေခဲ့ကြသည်။ သူတို့အားလုံးက အပေါင်းအဖော်များသာမက ပြိုင်ဘက်များလည်းဖြစ်ကြ၏။ အခုတော့ သူတို့ထဲကတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည့်အတွက် အများစုက ဝမ်းနည်းနေခဲ့ကြသည်။

ဘယ်သူကမှ လင်ကျင်းကျယ်ဘက်မှ မရပ်တည်ရဲသော်လည်း သူတို့၏ရင်ထဲတွင်တော့ လီယွိရုန်အပေါ် လေးစားမှုမရှိခဲ့ကြပေ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment