စစ်ကြောရေးအခန်းတံခါးပိတ်သွားသည်နှင့် စားပွဲပေါ်မှ မီးအိမ်သည် လင်ကျင်းကျယ်ဘက်သို့ ရုတ်တရက်လှည့်ကာ မျက်စိကို ကျိန်းစပ်သွားစေခဲ့သည်။
တစ်စုံတစ်ယောက်က သူ့ရှေ့တွင် ရေနွေးတစ်ခွက်ကို ယဉ်ကျေးစွာ ချပေးလိုက်သည်။ လင်ကျင်းကျယ်က ပြုံး၍ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ရေမဆာပါဘူး။"
စားပွဲ၏ တစ်ဖက်မှ လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းတို့၏မျက်နှာအမူအရာမှာလည်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ သူက အလွန်ငယ်ရွယ်သေးသည်ကို မြင်သောအခါ သူတို့ထဲမှတစ်ဦးက ရင်းရင်းနှီးနှီး ပြောလိုက်သည်။
“ကိုကာကိုလာ၊ စပရိုက်နဲ့ ကျန်းလီပေါင်လည်း ရှိတယ်။ တစ်ဗူး ယူပေးရမလား။”
လင်ကျင်းကျယ်သည် ပြုံးချင်နေသည့်စိတ်ကို ထိန်းထားရသည်။ သူ၏ယခင်ဘဝတွင် စစ်ဆေးသူများ၏ ပထမဆုံးလုပ်ရပ်မှာ ရေများများသောက်ခိုင်းခြင်းဖြစ်သည်ဟု ကောရှန်က ပြောပြခဲ့သည်။ ထို့နောက်တွင် တစ်ယောက်ယောက်က ပူးပေါင်းဆောင်ရွက်ရန် ခေါင်းမာစွာဖြင့် ငြင်းဆန်ပါက သန့်စင်ခန်းသွားခွင့်မပေးဘဲ အချိန်ကြာရှည်စွာဆွဲထားလေ့ရှိသည်။ ဤနည်းလမ်းသည် အချိန်အတော်ကြာအသုံးပြုခဲ့သည့်နည်းလမ်းဖြစ်ပြီး ဆယ်စုနှစ်နှစ်ခုကြာသည့်တိုင် မပြောင်းလဲခဲ့ပေ။
သူက ခေါင်းခါယမ်းကာ ထပ်မံငြင်းဆိုလိုက်သဖြင့် ထိုလူက လက်လျှော့လိုက်ရတော့သည်။ သူက ထိုလူငယ်ရှေ့တွင် စာရွက်စာတမ်းအပုံတစ်ပုံကို ချထားလိုက်ပြီး အမိန့်ပေးလိုက်သည်။
“လက်မှတ်ထိုးလိုက်။”
လင်ကျင်းကျယ်သည် ကုလားထိုင်တွင် လက်ထိပ်ခတ်ခံထားရသော်လည်း နေရထိုင်ရမသက်မသာဖြစ်သည့် အနေအထားမဟုတ်ပေ။ သူက စာရွက်စာတမ်းများကို ကောက်ယူကာ အလျင်အမြန်ဖတ်ရှုလိုက်သည်။
၎င်းသည် ဝန်ခံချက်တစ်ခုဖြစ်ပြီး လင်ကျင်းကျယ်က ကွယ်လွန်သွားသော သူ့အဘိုးသည် မှောင်ခိုကုန်သည်များနှင့်ပူးပေါင်းကာ တရားမဝင် ရှေးဟောင်းပစ္စည်းများကို ရယူခဲ့ကြောင်း၊ သူကိုယ်တိုင်လည်း ထိုအကြောင်းကို သိရှိကြောင်း ဝန်ခံထားသောစာဖြစ်သည်။ ထို့ပြင် သူက ရှေးဟောင်းပစ္စည်းများကို အကြောင်းကြားခြင်းမရှိဘဲ ဖုံးကွယ်ထားသည့်အတွက် နောင်တရကြောင်း၊ ၎င်းတို့ကို နိုင်ငံတော် ယဉ်ကျေးမှုအမွေအနှစ်ဗျူရိုသို့ မိမိသဘောအလျောက် ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
အလွန်ကောင်းမွန်စွာ ရေးသားထားပြီး သူကိုယ်တိုင်ရေးထားသည်ထက်ပင် ပိုကောင်းနေသည်။
သူဖတ်ပြီးသောအခါတွင် စာရွက်စာတမ်းများကို ချထားလိုက်ပြီး ကုလားထိုင်ကိုမှီလိုက်ကာ စူးရှသော အလင်းရောင်ကြောင့် နာကျင်နေသော မျက်လုံးများကို မှိတ်လိုက်သည်။
“ကျွန်တော် လက်မှတ်မထိုးဘူး။ ကျွန်တော် အဲဒီလို ဘယ်တုန်းကမှ မပြောခဲ့ဘူး။”
စစ်ဆေးသူများလည်း သူ့ကို ဒီလောက်ထိ ခက်ခဲစွာ ကိုင်တွယ်ရလိမ့်မည်ဟု မထင်ထားကြပေ။ သူတို့က ခဏတာလောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် တစ်ဦးက ခြိမ်းခြောက်လိုက်၏။
“အကုန်လုံး အဲဒီမှာ ရှိတယ်လေ၊ အခုမှ ဘာကို ဟန်ဆောင်နေတာလဲ။ မင်းက ခက်ခက်ခဲခဲ လုပ်ချင်နေပုံရတယ်!”
ဒုတိယလူက လူကောင်းဟန်ဆောင်ကာပြောလိုက်သည်။
“ကလေး၊ မင်းကို မငြင်းဖို့အတွက် ငါ အကြံပေးတယ်။ အခုဖြစ်ဖြစ် နောက်မှဖြစ်ဖြစ် မင်း လက်မှတ်ထိုးရမှာပဲ။ အဆုံးသတ်ကတော့ အတူတူပဲလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘာလို့ ပိုပြီးခက်ခဲအောင် လုပ်နေတာလဲ။"
စစ်ကြောရေးကို မှတ်တမ်းတင်နေသည်ကို လင်ကျင်းကျယ် သိသောကြောင့် သူက လုံးဝငြင်းဆန်နေသည်။
“ဒီဝန်ခံချက်ထဲမှာ ခင်ဗျားတို့ထည့်ထားတဲ့ ဘယ်စကားတစ်ခွန်းမှ ကျွန်တော် မပြောခဲ့ဘူး။ ဒါ့အပြင် ဒီတရားဝင် ရှေးဟောင်းပစ္စည်းတွေကိုလည်း တရားဝင် လှူဒါန်းပြီးသား—အမျိုးသားပြတိုက်က ကျွမ်းကျင်သူက လက်ခံရယူပြီးပြီ။ ဒါကြောင့် ကျွန်တော့်ကို လက်မှတ်ထိုးခိုင်းတာ ဘာအကျိုးရှိမှာလဲ။"
“‘အမျိုးသားပြတိုက်က ကျွမ်းကျင်သူ?' မင်းအိမ်က အဲဒီအဘိုးကြီးကို ပြောတာလား။”
စကားပြောသူက လှောင်ပြုံးပြုံးလိုက်သည်။
“ကလေးရယ်၊ မင်း တွေ့ရာလူတွေ ပြောတာကို အလွယ်တကူ မယုံသင့်ဘူး! PSB က သူ့ကိုဖမ်းဖို့ လူတွေ လွှတ်လိုက်ပြီ။ ဆက်ပြီးခေါင်းမာနေလိုက်—မကြာခင် မင်း ငိုရလိမ့်မယ်။”
လီယွမ်မြို့ရှိ အဆင့်မြင့်ကလပ်တစ်ခုတွင် မြို့တော်ဝန်တူကန်သည် ဖုန်းဖြင့် ပြင်းပြင်းထန်ထန် ဆူပူခံနေရသည်။
ကိုယ်စားလှယ်အဖွဲ့ကပဲ တစ်ခုခု တိုင်ကြားခဲ့တာလား။ ငါ ဘာအမှားလုပ်ခဲ့မိတာလဲ။
သူက ထိုနေ့၏ လုပ်ငန်းစဉ်များကို ထပ်ခါထပ်ခါ စဉ်းစားသော်လည်း ဘာမှားသွားသည်ကို အမှန်တကယ်ရှာမတွေ့နိုင်ပေ။ သူစီစဉ်ခဲ့သော ဧည့်ခံပွဲသည် လ်ိယွမ်မြို့တွင် အမြင့်မားဆုံးအဆင့်ရှိသည့်ဧည့်ခံပွဲဖြစ်သည်- ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ပါတီခေါင်းဆောင်များ၏ ဧည့်ရိပ်သာ၏ အကောင်းဆုံးအခန်းများတွင် တည်းခိုကြပြီး ညစာစားပွဲကိုလည်း မြို့၏ အကောင်းဆုံးဟိုတယ်ဖြစ်သော လွတ်မြောက်ရေးဟိုတယ်တွင် ကျင်းပခဲ့သည်။ သူပြင်ဆင်ခဲ့သော အရက်ပင်လျှင် အမြဲတမ်း နှမြောတသ သိမ်းဆည်းထားသော အရည်အသွေးကောင်းမွန်သည့် မော်ထိုင်းဖြစ်သည်။
ညစာစားပြီးနောက် သူက ထိုသူများကို ကလပ်တစ်ခုသို့ခေါ်သွားကာ အလှဆုံးမိန်းကလေးများကို ဖိတ်ခေါ်၍ အတူတူ သောက်စားရန်လုပ်ပေးခဲ့သေးသည်။ မရွှေ့ဆိုင်းနိုင်သော အရေးကြီးကိစ္စများ ရှိသည်ဟု အော်ဟစ်နေသော်လည်း ဧည့်သည်များထဲမှ ဘယ်သူကမှ မကျေမနပ်ဖြစ်ဟန် သို့မဟုတ် ဒေါသထွက်ဟန် မပေါ်ခဲ့ပေ။ အနည်းဆုံးတော့ သူမြင်သလောက်က ထိုသို့ပင်ဖြစ်၏။
သူက အတွင်းရေးမှူးပေးသော လက်ကိုင်ပုဝါကိုယူကာ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ အလိုလို ကျောကိုကိုင်းထားကာ အမြန်မေးလိုက်၏။
“ဧည့်ခံပွဲမှာ ပြဿနာဖြစ်သွားလို့လား။ ကိုယ်စားလှယ်အဖွဲ့ဝင်တွေက စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခု တွေ့ခဲ့ကြတာလားခင်ဗျ။ ဘာမှားနေလဲ ပြောပြပေးပါ၊ ကျွန်တော် အဲဒါကို သေချာပေါက် ပြင်ဆင်ပေးပါ့မယ်!”
{မင်းမှာ မေးရဲတဲ့သတ္တိတောင် ရှိသေးတယ်! ကိုယ်စားလှယ်အဖွဲ့ မရောက်ခင်ကတည်းက မင်းကို သူတို့ရဲ့လုံခြုံရေးကို အပြည့်အဝ တာဝန်ယူဖို့ အထပ်ထပ် မှာထားခဲ့တာလေ!}
ဖုန်းတစ်ဖက်မှ ခေါင်းဆောင်၏ အသံက သူ၏နောင်တရသည့်စကားသံကြောင့် ပျော့မသွားခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏အသံက အသက်ရှူမဝဖြစ်သည်အထိ ကျယ်လာခဲ့သည်။
{မင်း၊ မင်း ငါ့ကို မထီမဲ့မြင်လုပ်နေတာလား၊ ငါ့စကားကို ဖြတ်တိုက်သွားတဲ့ လေလိုမျိုး သဘောထားနေတာလား!}
ဟိန်းဟောက်သံကြောင့် တူကန်၏ အူများပင် တုန်ခါသွားသော်လည်း သူက ညည်းညူကာ ပြန်ပြောလိုက်၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော် အမြဲတမ်း ခင်ဗျားရဲ့ ညွှန်ကြားချက်တွေကို စိတ်ထဲမှာ မှတ်ထားပါတယ်။ အမျိုးသားပြတိုက်က ရဲဘော်တွေ လိယွမ်မြို့ကို ရောက်တာနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့်အနေနဲ့ သတိပေးထားပါတယ်။ ကျွန်တော်အပါအဝင် မြို့နယ်ကခေါင်းဆောင်အားလုံး သူတို့နဲ့ အတူ လိုက်ပါပြီးသွားနေတာပါ။ မြို့မှာရှိတဲ့ ဆေးရုံတွေက အကောင်းဆုံး ဆရာဝန်တွေနဲ့ သူနာပြုတွေကိုလည်း ခေါ်ထားပြီးသားပါ။ သူတို့က ဘာဖြစ်ဖြစ် အနားမှာ အမြဲတမ်းရှိနေမှာပါ။ ကျွန်တော် ကျိန်ရဲပါတယ်ဗျာ ဒီတစ်ခါတော့ ခင်ဗျား ကျွန်တော့်ကိုမှားယွင်း စွပ်စွဲနေတာပဲ မစ္စတာကျန်း။”
ကျန်းချွမ်းကျစ်မှာ သွေးအန်တော့မတတ် ဖြစ်သွားခဲ့သည်။
{ငါက မင်းကို မတရားစွပ်စွဲတာပေါ့ဟုတ်လား။ ကောင်းပြီလေ၊ ရဲဘော်တူကန် မင်း ဘယ်လောက်ထိိ မှားယွင်းစွပ်စွဲခံနေရလဲဆိုတာ ငါ ရှင်းရှင်းလင်းလင်း ပြောပြမယ်။ ခုနကပဲ အမျိုးသားပြတိုက် ကိုယ်စားလှယ်အဖွဲ့ရဲ့ အကြီးဆုံး ကျွမ်းကျင်သူက ငါ့ကို အကူအညီတောင်းဖို့ ဖုန်းဆက်လာတယ်။ သူက မင်းရဲ့ PSB က လူတွေ ဝိုင်းထားတာခံနေရပြီး အမျိုးသားပြတိုက်ကို ရှေးဟောင်းပစ္စည်းတွေ ရက်ရောစွာ လှူဒါန်းတဲ့ လူငယ်လေးကိုလည်း သူတို့ ဖမ်းသွားတယ်လို့ပြောတယ်။ သူတို့က အဲ့ဒီလူငယ်လေးကို ဒုက္ခပေးလိမ့်မယ်လို့ သူထင်နေတယ်။ အခု မင်း ဒါက ဘာမှမဟုတ်ဘူးလို့ ပြောရဲသေးလား၊ငါ မင်းကို မတရားစွပ်စွဲတယ်လို့ ပြောရဲသေးလား!}
ထိုသူက စားပွဲကို လက်သီးဖြင့်ဆောင့်ထိုးလိုက်သည်။
{မင်း ပြောရဲရင် ပြောကြည့်စမ်း!!!}
တူကန်၏ ဒူးများ လျော့ရဲသွားပြီး အသက်ရှူမဝသလိုပင် ခံစားလိုက်ရသည်။ ကိုယ်စားလှယ်အဖွဲ့ထဲက အကြီးတန်းကျွမ်းကျင်သူတစ်ယောက်က သီးခြားခွဲထွက်ပြီး သူ့ဘာသာ လုပ်ဆောင်နေတာလား။ ဒီအကြောင်းကို သူဘာလို့ တစ်ခါမှမကြားဖူးရတာလဲ။
“မစ္စတာ… မစ္စတာ… မစ္စတာ ကျန်း။”
တူကန်က စကားလုံးများပင် အပြည့်အစုံ မပြောနိုင်တော့ဘဲ တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။ ချွေးတဒီးဒီးကျနေရင်း သူ့ကိုယ်သူကာကွယ်ဖို့ ကြိုးစားလိုက်လေသည်။
“ကျွန်တော် ဒီအကြောင်း ဘာမှ မသိခဲ့ပါဘူး၊ ခင်ဗျား ကျွန်တော့်ကို ယုံကြည်မှဖြစ်မယ်။ ကျွန်တော် တကယ်ကို မသိပါဘူး…”
{မင်း မသိဘူးဟုတ်လား။ ဒါက လီယွင်မြို့၊ မင်းရဲ့ အာဏာပိုင်နယ်မြေထဲမှာ ဖြစ်ခဲ့တာလေ။ ပြီးတော့ မင်းက ငါ့ကို မင်း မသိဘူးလို့ ပြောနေတာလား။} ကျန်းချွမ်းကျစ် လှောင်ပြောင်ပြောဆိုလိုက်သည်။
{တူကန်၊ မင်း အဲဒီ အကြီးတန်း ကျွမ်းကျင်သူက ဘယ်သူလဲ သိလား။}
မြို့တော်ဝန်က တံတွေးမျိုချလိုက်သည်။
{မင်း မသိဘူးမလား။ မင်း ဘာများ သိတာရှိလဲ။ မင်း အဘိုးဖန်ကိုတော့ သိမယ်ထင်တယ်။}
တူကန်၏ရင်ထဲ မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူ၏ ခန္ဓာကိုယ်တွင်းတွင် သွေးနှင့်အသားများ ရောထွေးသွားသလိုပင်။ မကြာခင်က သူ၏ခြေနှင့်လက်များ အားနည်းနေသလို ခံစားခဲ့ရပြီး အခုတော့ မတ်မတ်ရပ်နိုင်သည့် စွမ်းရည်ပင် မရှိတော့ပေ။
သူက စားပွဲကို ဆုပ်ကိုင်လိုက်ပြီး မယ်ိုင်လဲသွားအောင် အားတင်းထားသော်လည်း အသံကတော့ သိသိသာသာ တုန်လာတော့၏။
“ဖန်… ဖန်…”
{ကျန်တဲ့ ပြည်နယ်ခေါင်းဆောင်တွေနဲ့ ငါတို့ အနည်းဆုံးသုံးနာရီအတွင်း လိယွမ်မြို့ကို ရောက်မယ်၊}
ကျန်းချွမ်းကျစ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
{ပြီးတော့ မင်း—မင်းကတော့ ဆုတောင်းနေလိုက်တော့!}
သူက ဖုန်းမချခင် ထပ်ပြောလိုက်ခြင်းပင်။
ဖုန်းပြောသံက သူ၏နားထဲမှ ဦးနှောက်ထဲသို့ မမျှော်လင့်ဘဲ ပစ်လိုက်တဲ့ လေးမြားတစ်စင်းကဲ့သို့ စိုက်ဝင်သွား၏။
တယ်လီဖုန်းက တူကန်၏ ရုတ်တရက် အားပျော့သွားသည့် လက်ထဲမှ လွတ်ကျသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် သတင်းကြောင့် သူ့စိတ်ထဲတွင်လည်း ဘာမှမတွေးနိုင်တော့ပေ။
အတွင်းရေးမှူးကလည်း သူ့ကို ဒီလိုမျိုး မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ တစ်ခုခု မှားသွားပြီဆိုသည်ကို ချက်ချင်း သိလိုက်ပြီးမေးလိုက်၏။
“ဘာဖြစ်သွားတာလဲ ဆရာ။"
တူကန်၏ မှိုင်းညို့နေသည့်မျက်လုံးများက သူ့ကို လှမ်းကြည့်လိုက်သည့်အခိုက်အတန့်တွင် မျှော်လင့်ချက် အလင်းရောင် ပြန်လည် တောက်ပလာခဲ့သည်။
အတွင်းရေးမှူးက သူ့ဆရာ၏ မျက်နှာအမူအရာသည် အသက်မဲ့နေသည့်ပုံစံမှ ထိတ်လန့်တုန်လှုပ်သည့်ပုံစံ၊ ပြီးတော့ ထိတ်လန့်တုန်လှုပ်သည့်ပုံစံမှ စိတ်ပျက်အားငယ်တဲ့ပုံစံအထိ အရောင်အသွေးစုံလင်သည့် မှန်ပြောင်းထဲရှိ အရောင်များကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ နောက်ဆုံးမှာတော့ မခံမရပ်နိုင်သည့်ဒေါသထွက်နေပုံနှင့် တည်ငြိမ်သွားခဲ့ပြီး သူ့နားထဲမှ မီးခိုးများပင် ထွက်နေသလိုပင်။
နောက်တစ်စက္ကန့်လောက်တွင် စားပွဲကိုအားပြုပြီးထလိုက်သည့် အားနည်းနေသော တူကန်သည် ရုတ်တရက်ဆိုသလို သူ၏ စွမ်းအင်အားလုံးကို ပြန်လည်ရရှိသွားပြီး သစ်သားစားပွဲပေါ်ကို အကျယ်ကြီး ဆောင့်ရိုက်ချလိုက်၏။
“မြို့နယ် PSB ရုံးချုပ်ကို ဖုန်းဆက်လိုက်! သူတို့ ဘယ်မှာလဲ မေးလိုက်!”
ပုံမှန်အားဖြင့် တူကန်က ပျော်ပျော်နေတတ်သည့် လူတစ်ယောက်ဖြစ်သည်။ ဒါက ပထမဆုံးအကြိမ်အဖြစ် အံကြိတ်ကာ တစ်ယောက်ယောက်၏ လည်ပင်းကို ဖြတ်ပစ်ချင်နေပုံနှင့် မုန်းတီးမှုကို ထိန်းချုပ်ရန်ကြိုးစားနေသည့် သူ၏ပုံစံကို အတွင်းရေးမှုး မြင်ဖူးခြင်းဖြစ်သည်။ သူက စားပွဲကို နောက်တစ်ကြိမ် ဆောင့်ရိုက်ပြီးအော်လိုက်ပြန်သည်။
“မြန်မြန်!!! မြန်မြန်လုပ်!!!”
လိယွမ်မြို့၏ “ချမ်းသာသည့်ဒေသ” တွင်ရှိသော လင်ကျင်းကျယ်၏ အိမ်ကို လူအများ ဝိုင်းရံထားကြသည်။ ရှာဖွေရေးမီးလုံးများက သေးငယ်သည့် သာမန်အဆောက်အအုံလေးကို ဦးတည်ထားသည့်အတွက် ညအချိန်ကလည်း နေ့ကဲ့သို့ တောက်ပနေခဲ့သည်။
တံခါးဆီသို့ သေနတ်အလက်ပေါင်းများစွာ ချိန်ရွယ်ထားပြီး လော်စပီကာမှ တည်ကြည်သော သတိပေးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
“အတွင်းကလူတွေ နားထောင်…”
အတန်း ၅ မှကျောင်းသားများသည် ယခုကဲ့သို့ အဖြစ်အပျက်မျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ကျိုးဟိုင်ထန်က တံခါးကြားမှ ချောင်းကြည့်လိုက်ရာ သူ၏မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့သည်။ သူက ကောရှန်ကို လှည့်ကြည့်ကာပြောလိုက်၏။
“ငါတို့ ဘာလုပ်သင့်လဲ။”
ကောရှန်က တည်ငြိမ်အောင် အတင်းကြိုးစားရင်း နှစ်သိမ့်လိုက်သည်။
“ဒီထဲမှာ လူအများကြီးရှိတယ်၊ အများစုက ကျောင်းသားတွေပဲ—သူတို့ သေနတ်မပစ်ရဲပါဘူး။ ငါကတော့ ကျင်းကျယ်ကို ပိုပြီးစိတ်ပူနေတာ။ သူတို့ ဖမ်းသွားပြီး အခု သူဘာဖြစ်နေမလဲ မသိဘူး။”
သူက စကားပြောနေရင်း သာမန်ဧည့်ခန်းတစ်ခုနှင့် လုံးဝမအပ်စပ်သော လူငါးဦးကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။
အဘိုးဖန်သည် ဖုန်းခေါ်ဆိုမှုအပြီးတွင် အလွန်စိတ်လှုပ်ရှားနေသဖြင့် ဆေးပင်သောက်လိုက်ရ၏။ ယခု သူက မျက်လုံးမှိတ်ကာ ဆိုဖာပေါ်တွင် အနားယူနေသော်လည်း သူ၏အဖော်လေးဦးနှင့်အတူ တစ်စုံတစ်ခုကို ဆွေးနွေးနေဆဲဖြစ်သည်။
သို့သော်လည်း ဧည့်ခန်းထဲတွင် လူများလွန်းသဖြင့် ဆူညံသံများက အဘိုးကြီး၏ တိုးတိတ်သော အသံကို ဖုံးလွှမ်းနေခဲ့သည်။ ကောရှန်က ခဏတာ စဉ်းစားလိုက်၏။ သူက မီးဖိုချောင်သို့သွားကာ ရေနွေးတစ်ခွက်ငှဲ့ပြီး ဆိုဖာအနီးသို့ ချဉ်းကပ်သွားလိုက်သည်။ ပို၍နီးကပ်လာသောအခါ သူကြားလိုက်ရ၏။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက လုံးဝလက်ခံနိုင်စရာမရှိဘူး…”
ထို့နောက် သူ့ကို ကိုယ်ရံတော်များက တားဆီးလိုက်ကြသည်။ အဘိုးကြီးက မျက်လုံးဖွင့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဖျပ်ခနဲ ပေါ်လာသည့် အကြည့်ကြောင့် ကောရှန် အလိုလို နောက်ဆုတ်သွားခဲ့သည်။
အဘိုးဖန်က ရေနွေးခွက်ကို မြင်သောအခါ မျက်နှာအမူအရာ အနည်းငယ် ပျော့သွားခဲ့တော့၏။ သူက ကိုယ်ရံတော်များကို လက်ကာပြကာ စိုးရိမ်နေရန် မလိုကြောင်း အချက်ပြလိုက်ပြီး ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။
“ကျေးဇူးတင်ပါတယ် လူငယ်လေး။”
“အဘိုး”
ကောရှန်က ခဏတာတွန့်ဆုတ်သွားသော်လည်း သူ့အတွက်သူ စိုးရိမ်နေခြင်းတော့မဟုတ်ပေ။
“ကျင်းကျယ်… အန္တရာယ်မရှိလောက်ပါဘူးနော်။”
အဘိုးဖန်၏ မျက်လုံးများသည် နတ်ဘုရားတစ်ပါး အမျက်ဒေါသထွက်နေသကဲ့သို့ ဒေါသမီးများ ပြင်းထန်စွာတောက်လောင်နေခဲ့သည်။
“သူတို့ ဘယ်လိုလုပ်ရဲမှာလဲ!”
အိမ်အပြင်ဘက်တွင်။
တိန့်မိုက်၏အဖေက လက်ထောက်ကော်မရှင်နာလျို၏အရှေ့တွင် ရပ်ကာ သူ့ကိုတားဆီးပြီး ငြင်းခုံလ်ိုက်၏။
“ဒီထဲမှာ အပြစ်မဲ့တဲ့ ကျောင်းသားတွေ အများကြီးရှိတယ်၊ ခင်ဗျား ဘာလုပ်နေတာလဲ!”
လက်ထောက်ကော်မရှင်နာလျိုက သူ့ကို တွန်းဖယ်လိုက်ပြီးပြောလိုက်၏။
“ဒါဆိုရင် ကျွန်တော် ဘာလုပ်သင့်တယ်လို့ ခင်ဗျားပြောမလဲ။ ဒီလို ယုတ်မာတဲ့ ရာဇဝတ်ကောင်တွေကို ပျော်ပျော်ရွှင်ရွှင် ထွက်ပြေးခွင့်ပေးရမှာလား။ အဲဒါအတွက် ဘယ်သူက တာဝန်ယူမလဲ—ခင်ဗျားလား၊ လက်ထောက်ကော်မရှင်နာတိန့်။”
တစ်ဖက်လူက အံ့အားသင့်စွာဖြင့် စကားမပြောနိုင် ဖြစ်သွားခဲ့ရသည်။
“ဒါဆိုရင် ခင်ဗျားလူတွေက ကျောင်းသားတွေကို ပစ်ခတ်ပြီး ဒဏ်ရာရသွားရင်ရော ဘယ်သူက တာဝန်ယူမှာလဲ။ အဲဒီအခါ ဘာဖြစ်သွားမှာလဲ။"
***
Aurora Novel Translation Team