အဘိုးဖန်က ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ကိုယ်ရံတော်များက ချက်ချင်းပဲ ရဲအရာရှိကို တားဆီးရန် တန်းစီလိုက်ကြပြီး လင်ကျင်းကျယ်၏ သူငယ်ချင်းများနှင့် အတန်းဖော်များသည်လည်း သူ့ကို အဆုံးအထိ ကာကွယ်ရန်အော်ဟစ်လိုက်ကြသည်။ ရဲချုပ်က ဒေါသကြောင့် မျက်နှာပျက်ကာပြောလိုက်၏။
“မင်းတို့က ရဲတွေရဲ့တာဝန်ကို ပေါ်ပေါ်တင်တင်နဲ့ အတင်းအဓမ္မတားဆီးနေတာပဲ! မင်းတို့က ဥပဒေကို ချိုးဖောက်နေတာ!”
ရုတ်တရက် အိမ်ရှေ့တံခါးပွင့်နေသည့် နောက်မှ အသံတစ်သံထွက်ပေါ်လာသည်။
“လက်ထောက်ကော်မရှင်နာလျိုရဲ့ အသံကို အဝေးကတည်းက ကြားနေရတယ်။ ဘာကြောင့်များ ဒီလောက်တောင် ဒေါသထွက်နေတာလဲ။"
ထိုလူက အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ဒေါသတကြီးဖြစ်နေသော မျက်နှာသည် ပို၍ပင် ရုပ်ဆိုးသွားခဲ့ရတသည်။ သူ၏မျက်လုံးများလည်း မှောင်မည်းသွား၏။
“လက်ထောက်ကော်မရှင်နာတိန့်၊ ခင်ဗျား ဒီကို ဘာလို့ ရောက်နေတာလဲ။”
“ဘာတွေဖြစ်နေလဲဆိုတာ စိုးရိမ်နေတဲ့ လမ်းသွားလမ်းလာတစ်ယောက်ဆီက သတင်းရလို့ ကျွန်တော် လာကြည့်တာပါ။”
ခန္ဓာကိုယ်ပြည့်ပြည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အိမ်ထဲသို့ ဝင်လာသည်။ သူ၏မျက်နှာမှာ ကြင်နာပုံပေါက်နေပြီး တိန့်မိုက်နှင့် ရုပ်ရည်တူသည်။ သူ၏အသားအရောင်မှာလည်း ခပ်ညိုညိုပင်။ သူက တိန့်မိုက် အကူအညီတောင်းသဖြင့် ရောက်လာသော်လည်း ဘာဖြစ်နေသည်ကို မသိဟန်ဆောင်နေခဲ့၏။ သူက ဧည့်ခန်းထဲသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေကာ လက်ထိပ်ကိုကြည့်၍ အကြည့်ရပ်သွား၏။ သို့သော်လည်း သူက ပြုံးရွှင်စွာဖြင့်သာ မေးလိုက်၏။
“လက်ထောက်ကော်မရှင်နာလျို၊ ခင်ဗျား အဲ့ဒီလူငယ်ကို ဖမ်းဆီးဖို့ရည်ရွယ်ထားတာလား။ ဘာအမှုနဲ့လဲ။”
လက်ထောက်ကော်မရှင်နာလျိုက မတ်မတ်ရပ်လိုက်ပြီး အရာအားလုံးက လုံးဝပုံမှန်အတိုင်းဖြစ်နေသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ကျွန်တော်က ပြည်နယ်အဆင့် ယဉ်ကျေးမှူအမွေအနှစ်အဖွဲ့အစည်းက လုပ်ဖော်ကိုင်ဖက်တွေကိုကူညီပြီး ရှေးဟောင်းပစ္စည်းတွေကို တရားမဝင် ဝှက်ထားတဲ့အမှုကို စုံစမ်းနေတာပါ။ သံသယရှိသူက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ပြီး ဝန်ခံဖို့လည်း ဆန္ဒမရှိဘူး။ ဒီအမှုက တော်တော်လေး ပြင်းထန်တာကြောင့် သူ့ကို ကျွန်တော်တို့ရုံးကို ခေါ်သွားပြီး ဆက်လက်စုံစမ်းသွားမှာပါ။”
“ဪ၊ ဒီလိုကိုး။ ခင်ဗျားက တော်တော် ကြိုးစားတဲ့သူပဲ။”
တိန့်မိုက်၏အဖေက ခေါင်းညိတ်လိုက်ပြီးမှ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
“ဟင်? ဒါပေမဲ့ ဒီအကြောင်းကို ဘာလို့ ကျွန်တော် မကြားမိတာလဲ။ ပြည်နယ်က လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်တိုင်ဖမ်းဆီးရာမှာ ပါဝင်ခဲ့တာဆိုတော့ သူတို့က ဒီစုံစမ်းစစ်ဆေးမှုကို အတည်ပြုခဲ့တာလား။ မြို့တော်ဝန်ရုံးကိုရော အကြောင်းကြားပြီးပြီလား။”
လက်ထောက်ကော်မရှင်နာလျိုက ဟန်ဆောင်အပြုံးဖြင့်ပြောလိုက်သည်။
“ဒီအမှုရဲ့ အခြေအနေတွေက ထူးခြားတယ်။”
“အခြေအနေတွေက ထူးခြားတယ်?”
အခြားတစ်ယောက်က ကုလားထိုင်တစ်လုံးကိုရှာပြီး ထိုင်လိုက်သည်။ သူက ထိုစကားကို ထပ်ခါတလဲလဲ ပြောပြီး ခေါင်းညိတ်လိုက်၏။ ရုတ်တရက် သူ၏မျက်နှာပေါ်မှ အပြုံးသည် ဘယ်တုန်းကမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားကာ စားပွဲကို လက်သီးဖြင့် ထုရိုက်ပြီးအော်ပြောလိုက်၏။
“လက်ထောက်ကော်မရှင်နာလျို! ခင်ဗျားက လုပ်ထုံးလုပ်နည်းတွေကို လုံးဝ လျစ်လျူရှုထားတယ်! ခင်ဗျားမှာ စာရွက်စာတမ်းလည်းမရှိဘူး၊ သက်သေအထောက်အထားလည်းမရှိဘူး၊ ဘာမှမရှိဘူး! ခင်ဗျားက အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက်ရဲ့ အိမ်ကို အတင်းဝင်ပြီး သူ့ကို ဖမ်းဆီးဖို့အမိန့်ပေးခဲ့တယ်! ဒါက ခင်ဗျား အမှုတွေကို ကိုင်တွယ်တဲ့ပုံစံလား။”
လက်ထောက်ကော်မရှင်နာလျိုက တင်းနေအောင်အံကြိတ်ထားသဖြင့် နဖူးရှိ သွေးကြောများပင် ထောင်လာသည်။
“လက်ထောက်ကော်မရှင်နာတိန့်၊ ခင်ဗျား ဘာပြောချင်တာလဲ။ ပြည်နယ်က ထုတ်ပြန်တဲ့အမိန့်တွေကို ခင်ဗျားက မေးခွန်းထုတ်နေတာလား။ ဒါ့အပြင် ကျွန်တော်တို့က အပြစ်မဲ့တဲ့ပြည်သူတစ်ယောက်ရဲ့ အိမ်ကို အတင်းဝင်ခဲ့တာမဟုတ်ဘူး၊ ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းတွေကို ဝှက်ထားနိုင်ခြေရှိတဲ့ ရာဇဝတ်မှုသံသယရှိသူတစ်ယောက်ရဲ့ အိမ်ကိုဝင်ခဲ့တာ။ အချက်အလက်တွေကို လိမ်ညာပြီး ကျွန်တော့်ကို မစွပ်စွဲပါနဲ့။”
“ရာဇဝတ်မှုသံသယရှိသူ? သူ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဘာသက်သေအထောက်အထားများ ခင်ဗျားမှာ ရှိလို့လဲ။"
“ကျွန်တော်တို့က အမည်မသိ သတင်းပေးတစ်ယောက်ဆီက သတင်းရထားတာ…”
“အမည်မသိ သတင်းပေး!”
တိန့်မိုက်အဖေ၏ ဒေါသတကြီး အော်ဟစ်သံသည် လက်ထောက်အရာရှိလျို၏ စကားကို ဖြတ်တောက်လိုက်၏။
“အဲ့ဒီသတင်းပေး ဘယ်မှာလဲဆိုတာ ကျွန်တော်လည်း ကြည့်ချင်တယ်။”
လက်ထောက်ကော်မရှင်နာလျိုက ဘာမှမပြောဘဲ သူ၏မျက်နှာကလည်း လူသတ်သမားတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူက အခြားသူကို ခဏတာ စိုက်ကြည့်ပြီးမှ အံကြိတ်ကာ လက်ကို ဝှေ့ယမ်းလိုက်ပြီးပြောလိုက်၏။
“လင်ကျင်းကျယ်ကို ခေါ်သွား!”
တိန့်မိုက်၏အဖေသည် သူက ထိုကဲ့သို့ ပေါ်ပေါ်တင်တင် စည်းကမ်းချိုးဖောက်ရဲလိမ့်မည်ဟု မထင်ထားသောကြောင့် ရုတ်တရက် စိုးရိမ်သွားတော့၏။
“ငါ ခွင့်မပြုဘူး!”
“မင်းရဲ့ခွင့်ပြုချက်ကို ငါ မလိုဘူး!”
အခြေအနေက ဤအဆင့်ထိရောက်လာပြီဖြစ်သောကြောင့် လက်ထောက်ကော်မရှင်နာလျိုက လုပ်ဖော်ကိုင်ဖက်များကြားရှိ အပေါ်ယံ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားရန် မလိုအပ်တော့ပေ။
“လက်ထောက်ကော်မရှင်နာတိန့်၊ ဒါက ကျွန်တော့်အမှုပါ။ ပြည်နယ်အဆင့် ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကို တာဝန်ပေးထားတာ။ ခင်ဗျားမှာ ပြောစရာရှိရင် သူ့ဆီသွားပြောလိုက်။”
သူသာ ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့လျှင် အဆုံးမရှိသော အကျိုးကျေးဇူးများကို ခံစားရမည်ဟု သူသိထားသည်။ ယခုအချိန်တွင် လီယွမ်မြို့နယ်ရှိ PSB အရာရှိနေရာ လစ်လပ်နေပြီး သူ၏လုပ်ဖော်ကိုင်ဖက်များအားလုံးက ထိုရာထူးအတွက် ယှဉ်ပြိုင်နေကြသည်။ သူ့အတွက် ကိုယ်ပိုင်အခွင့်အရေး နည်းပါးသော်လည်း ပြည်နယ်အုပ်ချုပ်ရေးပိုင်းမှ စကားတစ်ခွန်းဖြင့် အရာအားလုံး ပြောင်းလဲသွားနိုင်သည်။
သူသာ အရာရှိဖြစ်သွားလျှင် အရာရှိတိန့်၏ အထက်လူကြီးဖြစ်လာလိမ့်မည်။ ထိုအခါ သူတို့နှစ်ယောက်ကြားမှ ရန်လိုမုန်းတီးမှုအတွက် သူ စိုးရိမ်နေစရာမလိုတော့ပေ။
ထို့ကြောင့် သူက မကြောက်မရွံ့ဖြစ်နေ၏။ သူခေါ်လာသည့် ရဲအားလုံးကလည်း သူယုံကြည်ရသည့် လက်အောက်ငယ်သားများ၊ စကားနားထောင်ပြီး အားကိုးရသူများသာ။ သူ့အမိန့်နှင့် သူတို့က အဘိုးဖန်ကို လျင်မြန်စွာ ကျော်ဖြတ်ပြီး လူအုပ်ထဲကို တိုးဝင်သွားကြတော့သည်။ သူတို့ထဲမှ အတော်များများက လင်ကျင်းကျယ်ကို ဆွဲပြီးဖိထားလိုက်ကြသည်။
ဒီလို အင်အားမမျှတမှုနှင့် ရုန်းကန်နေရခြင်းက လုံးဝအဓိပ္ပာယ်မရှိခဲ့။ လင်ကျင်းကျယ်က လက်ထိပ်ခတ်ခံရသည့်တိုင် ငြိမ်ခံနေခဲ့သည်။ သူ့ကျောကိုတွန်းနေသည့် လက်များကိုခါထုတ်လိုက်ပြီး သူတို့၏ပိုင်ရှင်ကို သတိပေးသည့်အကြည့်ဖြင့်ကြည့်ကာ အိမ်ထဲမှ တည်ငြိမ်စွာ လမ်းလျှောက်ထွက်သွားလိုက်သည်။
"မင်းတို့ သတ္တိရှိလိုက်တာ!!!"
အဘိုးဖန်က လင်ကျင်းကျယ်ထွက်သွားသည်ကိုကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်နှာတစ်ခုလုံးလည်း နီရဲနေခဲ့သည်။ သူက ကိုယ်ရံတော်များကြားမှ တိုးဝှေ့ကာ ခြံထဲကို အလျင်အမြန် လိုက်သွားခဲ့သည်။
"မင်းတို့ သူ့ကို မခေါ်သွားရဘူး!"
"ဖယ်စမ်းကွာ!"
လင်ကျင်းကျယ်ကို ရဲကားထဲတွန်းထည့်လိုက်ပြီးနောက် ကားက အမြန်မောင်းထွက်သွားတော့သည်။ ကိစ္စထက်ဝက်ပြီးသွားပြီဖြစ်၍ လက်ထောက်ကော်မရှင်နာလျို၏လူယုံများက ပိုရဲတင်းလာတော့သည်။ သူတို့ထဲက တစ်ယောက်က လက်ကိုဆန့်ပြီး အဘိုးကြီးကို တွန်းထုတ်ရန်လုပ်လိုက်၏။
သို့သော်လည်း သူ့လက်က အဘိုးဖန်အနားသို့မရောက်ခင်မှာပဲ သံမဏိလက်ဝါးတစ်စုံက သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာမှာတော့ သူ့လက်ကို ဆုပ်ကိုင်ထားသည့်အားက ပိုတင်းကျပ်သွားခဲ့သည်။
"အား!!!"
ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် လူတိုင်းက မမျှော်လင့်ထားသည့် အော်သံကြောင့် တုန်လှုပ်သွားကြသည်။ ဒေါသထွက်နေသည့် လက်ထောက်ကော်မရှင်နာလျိုက ခါးမှာချိတ်ထားသည့်သေနတ်ကို ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်၏။
"မင်းတို့ ရဲအရာရှိတစ်ယောက်ကို တကယ်ပဲ ရန်ပြုရဲတယ်ပေါ့။"
တောက်၊တောက်၊တောက်၊တောက်—
ကျည်ဆန်လေးခု သေနတ်ထဲသ်ို့ လျှောဝင်သွားသည့် အသံကသာ သူ့စကားကို တုံ့ပြန်လိုက်သောအသံဖြစ်သည်။ သူ၏သေနတ်ကို မောင်းမဖြုတ်ရသေးသော လက်ထောက်အရာရှိလျိုက လှုပ်ရှားနေတုန်းမှာပဲ ရပ်တန့်သွားခဲ့သည်။
သူ့ကို ချိန်ရွယ်ထားသည့် သေနတ်လေးလက်မှာ ငရဲပြည်ကိုတိုက်ရိုက်ပို့ဆောင်ပေးမည့် နက်မှောင်သောတွင်းနက်ကြီးများနှယ်။
သူ၏နဖူးမှ ချွေးများလည်း ရေတံခွန်ကဲ့သ်ို့ စီးကျလာတော့သည်။ ဒီသေနတ်တွေက တကယ်ရော အစစ်ဟုတ်ရဲ့လား။
တိန့်မိုက်၏အဖေလည်း အလားတူ တုန်လှုပ်သွား၏။ သူလည်း ထရပ်လိုက်သည့်တိုင် ဘာမှမဆင်မခြင် မပြုမူရဲပေ။
အဘိုးဖန်က ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ခြံဝင်းတံခါးကိုမှီကာ လက်ကို ရင်ဘတ်ပေါ်တင်ထားလိုက်သည်။ ခဏကြာတော့ သူက တိုးတိုးလေးပြောလိုက်သည်။
"မင်းတို့ သေနတ်တွေကို သိမ်းလိုက်တော့။"
ဒီအချိန်တွင် အင်အားသုံးခြင်းက သူတို့လုပ်သင့်သည့် နောက်ဆုံးအရာပင်။ ဒီနေရာ ရှုပ်ထွေးသွားသည်နှင့် ဘာမဆို ဖြစ်သွားနိုင်သည်—နောက်ကွယ်မှ ကြိုးကိုင်သူအတွက် အမှန်တရားကို လှည့်စားရန် ပို၍လွယ်ကူသွားလိမ့်မည်။ ထိုအခါ သူတို့ဘာပြောပြော အသုံးဝင်တော့မည်မဟုတ်ပေ။
လူလေးယောက်က လေ့ကျင့်ထားပြီးသားသူများဖြစ်သည်။ သူတို့က ချက်ချင်းပဲ သေနတ်တွေကို သိမ်းလိုက်ပြီး အဘိုးဖန်ဘေးကိုရွှေ့ကာ သူ့ကို ဝိုင်းရံထားလိုက်ကြ၏။ ဘယ်သူ့တွင်မှ သူ့ကို ထိခိုက်အောင်လုပ်ရန် အခွင့်အရေးမရှိအောင် လုပ်ထားကြသည်။
သူတို့၏ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များက လက်ထောက်ကော်မရှင်နာလျိုကို ကြောက်လန့်စေ၏။ ခြံရှေ့တွင် မနေရဲတော့ဘဲ သူက သတိကြီးစွာဖြင့် လမ်းမပေါ်ကို ဆုတ်ခွာသွားပြီး သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ပြီးနောက် သူ၏လက်အောက်ငယ်သားများထံမှ အကာအကွယ်ယူကာ ကားပေါ် အမြန်တက်လိုက်သည်။
"ချက်ချင်းပဲ PSB မြို့ဌာနချုပ်ကို ပြန်ပြီး အင်အားဖြည့်တင်းဖို့တောင်းဆိုလိုက်!"
နောက်ဆုံးတော့ လုံခြုံသွားပြီဟု ခံစားလိုက်ရပြီး သူက သက်ပြင်းရှည်ကြီး ချလိုက်ကာ စိုးရိမ်ကြောင့်ကြမှုကြောင့် စီးကျလားည့် ချွေးများကို သုတ်လိုက်၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။
"မြန်မြန်မောင်း! ဒီရာဇဝတ်သားတွေကို လွတ်မြောက်ခွင့် မပေးနိုင်ဘူး! ဒါက ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဆက်နွယ်နေတဲ့ အရေးကြီးတဲ့အမှုကြီးပဲ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို ငါတို့ ရှာဖွေရမယ်။"
သူ့စိတ်ထဲတွင် ဒီကိစ္စက တကယ်ကိုကြီးမားသည့် ရာဇဝတ်မှုကြီးတစ်ခုဖြစ်သည်ဟု ခံစားနေရသည်။ သူသာ ဒီအမှုကို ဖော်ထုတ်နိုင်လျှင် သူ၏နာမည်နှင့် ကြီးမားသည့်အောင်မြင်မှုတစ်ခု ရလာမည်ဆိုသည်မှာ သေချာ၏။ ထို့အပြင် သူက ပြည်နယ်ခေါင်းဆောင် သူ့အား အပ်နှင်းထားသည့် လုပ်ငန်းတာဝန်ကို တစ်ချိန်တည်းမှာ ပြီးမြောက်နိုင်မှာဖြစ်ပြီး ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်သတ်နိုင်သလိုဖြစိလိမ့်မည်။
သူက ရာဇဝတ်ဂိုဏ်းနှင့် ရင်ဆိုင်ခဲ့ရသည်ကို ပြန်တွေးမိပြီး သူ၏ ဉာဏ်ထက်မြက်မှုနှင့် ပြတ်သားသည့် ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူနေမိသည်။
ဒေါသတကြီးနှင့် အော်ဟစ်နေသည့် အဘိုးကြီးက သူတို့၏ ခေါင်းဆောင်ဖြစ်ရမည်။ သူက ပြတိုက်က ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း အစစ်အမှန်နှင့်တူသည့် အထောက်အထားများပင် ထုတ်ပြသေးသည်—သူက အတွေ့အကြုံရင့်ကျက်သည့် လူလိမ်တစ်ယောက်ဆိုသည်မှာ ထင်ရှား၏။
ဒါပေမဲ့ ဒီအဘိုးကြီးက သူအကာအကွယ်အဖြစ်အသုံးပြုခဲ့တဲ့ အမျိုးသားပြတိုက်က ကိုယ်စားလှယ်အဖွဲ့က ဒီနေ့ပဲ လီယွမ်မြို့ကို ရောက်လာလိမ့်မယ်ဆိုတာကိုတော့ ဘယ်တုန်းကမှ ထင်ခဲ့ပုံမရဘူး။
ပါတီအတွင်းရေးမှူးနှင့် အခြားအရေးကြီးသည့် ခေါင်းဆောင်များကိုယ်တိုင် အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံခဲ့ကြပြီး အခုတော့ သူတို့က ဇိမ်ခံကလပ်တစ်ခုတွင် ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲတစ်ခုကျင်းပနေကြသည်။
သူက ကားပြတင်းပေါက်မှ လျှပ်တစ်ပြက်မြင်နေရသည့် လမ်းဘေးသစ်ပင်များကို ကြည့်ရင်း သီချင်းညည်းနေမိသည်။ သူ တွေးလိုက်၏။ မင်းတို့က သေသပ်တဲ့ အစီအစဉ်ကိုဆွဲနိုင်ပေမဲ့ နောက်ဆုံးမှာတော့ လူစီမံတဲ့အတိုင်း ကံဖန်လာတာပါပဲ။
တိန့်မိုက်၏အဖေနှင့် နောက်လိုက်များက မေ့၍ကျန်ခဲ့သည်လား မတော်တဆနေခဲ့မိသည်လား မသိသော်လည်း လင်ကျင်းကျယ်အိမ်တွင်ကျန်ခဲ့ကြ၏။ သူတို့က အဘိုးဖန်နှင့် ကိုယ်ရံတော်များ၏ ခုခံကာကွယ်မှုမှရခဲ့သည့် ထိတ်လန့်မှုများမှ မရုန်းထွက်နိုင်သေးပေ။
အဘိုးဖန်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင်လုပ်လိုက်ပြီး မရင်းနှီးသည့်သူများကို လျစ်လျူရှုကာပြောလိုက်သည်။
"ဧည့်ခန်းသွားပြီး ချွင်းကျစ်ကို ဖုန်းဆက်လ်ိုက်။"
ကိုယ်ရံတော်များထဲမှတစ်ယောက်က သူ့အမိန့်အတိုင်း အမြန်သွားလိုက်၏။ အဘိုးဖန်က သူတို့နောက်မှ ခြေလှမ်းနှေးနှေးများဖြင့် လိုက်သွားကာ ဧည့်ခန်းထဲရောက်ချိန်တွင် ဖုန်းဆက်ထားပြီးပြီဖြစ်သည်။
တည်ငြိမ်သော်လည်း အနည်းငယ်စိုးရိမ်နေသည့်အသံဖြင့် သူ့တပည့်က ဖုန်းကိုင်ခဲ့သည်။
{ဆရာ၊ လိယွမ်မြို့ကို ဘေးကင်းကင်းနဲ့ရောက်သွားရဲ့လား။ ပြဿနာတစ်ခုခု ဖြစ်သေးလား။}
အဘိုးဖန်က တိန့်မိုက်၏အဖေနှင့် သူ၏လူများကိုကြည့်လိုက်သည်။ သူတို့က အထဲမဝင်ရဲဘဲ အရှေ့တံခါးအနီးတွင် တဝဲလည်လည်လုပ်နေကြ၏။ သူ တစ်ဖက်လှည့်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ချွင်းကျစ်၊ ငါတို့ရောက်လာတာ ပေါက်ကြားသွားပုံပဲ။ ငါ့မှာ သက်သေပြစရာတော့မရှိဘူး၊ တိုက်ဆိုင်တာလည်း ဖြစ်နိုင်တယ် ဒါပေမဲ့– ရှေးဟောင်းပစ္စည်းတွေကို လှူချင်တဲ့သူကို အခုပဲ လိယွမ်မြို့ PSB ကလူတွေ ခေါ်သွားတယ်။ သူ အန္တရာယ်ကြုံနေပုံပဲ။
{ဘယ်လို?}
အမျိုးသားပြတိုက်မှ ဧည့်သည်များကို ဧည့်ခံရင်းအလုပ်ရှုပ်နေသည့် မြို့တော်ဝန်က ပြည်နယ်အစိုးရဘက်မှ နောက်ထပ်ဖုန်းဝင်လာသဖြင့် ဖုန်းအမြန်ကိုင်လိုက်၏။ သူက ဖုန်းကိုင်ပြီး လေးစားမှုအပြည့်ဖြင့် တင်ပြလိုက်သည်။
"ခေါင်းဆောင်၊ ခေါင်းဆောင်ရဲ့အမိန့်အတိုင်း အဆင်ပြေပြေဆောင်ရွက်ပြီးကြောင်း ဝမ်းသာစွာပဲ တင်ပြလိုက်ပါတယ်ဗျာ။ ပြတိုက်ကိုယ်စားလှယ်အဖွဲ့က အခုဧည့်ခံပွဲမှာကောင်းကောင်းရှိနေပါတယ်။ ကျွန်တော်တို့ဘက်က နွေးနွေးထွေးထွေး ကြိုဆိုထားပါတယ်ဗျာ။"
တစ်ဖက်လူ၏ သက်ပြင်းချသံက ပို၍ပြင်းလာခဲ့သည်။ ခဏအကြာမှာတော့ ဒေါသတကြီးအော်ဟစ်သံက ဖုန်းထဲမှထွက်လာသဖြင့် မြို့တော်ဝန်၏ရင်ထဲပင် တုန်လှုပ်သွား၏။
{ နွေးနွေးထွေးထွေးကြိုဆိုတယ်တဲ့လား။ လျှောက်ပြောမနေနဲ့!}
***
Aurora Novel Translation Team