no

Font
Theme

အမျိုးသားပြတိုက်မှ တန်ဖိုးကြီးပစ္စည်းများကို အရေးပေါ်လက်ခံရယူရန် လူလွှတ်လိုက်သည့်အချိန်တွင်၊ မိုင်ပေါင်းတစ်ထောင်အကွာရှိ ချွင်းနန်ပြည်နယ်မှ မောင်နှမတစ်စုကတော့ ရက်ပေါင်းများစွာ ဒေါသဖြင့် အိပ်မပျော်ဖြစ်နေခဲ့ကြသည်။

ကျန်းရှောင်ယွမ်က သူတို့၏အကြံအစည်များ အောင်မြင်စေရန် မည်သို့လုပ်ဆောင်ရမည်ကို မတွေးတတ်တော့ပေ။ ဤသို့ဆက်သွားနေလျှင် စီစဉ်ထားသမျှ ပျက်သွားလိမ့်မည်။

ရှေးဟောင်းပစ္စည်းများကို မလုယူမီ လုံခြုံရေး အရင်စိတ်ချရရန်လိုသည်။ ပထမဆုံး လင်ကျင်းကျယ်နှင့် သူ၏အမေတို့ အရင်ရင်းနှီးသွားရမည်။ သို့သော် ပထမအကြိမ် မအောင်မြင်ပြီးနောက်၊ လင်ကျင်းကျယ်၏ အားနည်းချက်ကို သူတို့ရှာမတွေ့နိုင်တော့ပေ။ ထိုဆယ်ကျော်သက်လူငယ်က လုံးဝမလျှော့ပေးဘဲ အလွန်သတိထားနေခြင်းပင်။ အသုဘအခမ်းအနားများပြီးချိန်တွင် သော့များကိုလည်းအသစ်လဲပစ်ကာ၊ အပြင်ထွက်တိုင်း ကောရှန်ဆိုသည့် ကောင်လေးနှင့်သာအတူရှိနေခဲ့သဖြင့် သူတို့က သူ့ကို တစ်ယောက်တည်းဖမ်းရန် အခွင့်အရေးပင်မရခဲ့ပေ။

ဌာနမှူးဝမ်ကလည်း ပို၍ စိတ်မရှည်ဖြစ်လာကာ နေ့တိုင်းလိုလိုဖုန်းဆက်နေ၏။ ပြည်နယ်မြို့တော်တွင် မြေခွဲဝေမှုများ မကြာမီပြုလုပ်တော့မည်ဖြစ်ပြီး အပေးအယူ အဆင်ပြေလျှင် သူက ကျန်းမိသားစုအတွက်စီစဉ်ပေးမည်ဖြစ်သည်။

ယခုအချိန်တွင် ရှေးဟောင်းပစ္စည်းပြဿနာကို အရေးပေါ်ဖြေရှင်းရမည်ဖြစ်သည့်အတွက် ကျန်းရှောင်ယွမ်နှင့် ကျန်းကျီတို့သာမက ကျန်းချောင်ချောင်ပါ စိတ်ပူ၍စိုးရိမ်နေခဲ့လေပြီ။ ရုတ်တရက် သူ(မ)က သားဖြစ်သူကို အလွန်လွမ်းဆွတ်လာပြီး ကျောင်းသို့ပင်ဖုန်းဆက်ခဲ့သေးသည်။

သို့သော် ဖုန်းခေါ်ဆိုသူအမည်ကို သိရှိပြီးနောက်၊ လင်ကျင်းကျယ်က ဖုန်းကိုင်ရန်ငြင်းဆိုခဲ့၏။

ကျန်းရှောင်ယွမ်က ဤရက်များတွင် စိတ်ဆိုးလွယ်နေပြီး သေးငယ်သောအရာများကပင် သူ(မ)ကို ဒေါသထွက်စေနိုင်၏။ သူ(မ)က တွေ့သမျှလူတိုင်းနှင့် စကားများကာ၊ မောင်ဖြစ်သူနှင့် အခြေအနေဆွေးနွေးနေစဉ် ဖုန်းကိုချပစ်ကာ ခင်ပွန်းဖြစ်သူကို ဆူပူကြိမ်းမောင်းတတ်သည်။ ဤသို့လုပ်နေသဖြင့် စိတ်ဖိစီးမှုအနည်းငယ်လျော့သွားသော်လည်း၊ ထိုမှလွဲ၍ ဒေါသတကြီးဖြင့် လက်ပိုက်၍ထိုင်နေရုံသာ သူ(မ)တတ်နိုင်သည်။

ကျန်းရန်က ဖုန်းပြောနေသည်ကို ကြားနေရသည်။

"အမေ၊ လင်ကျင်းကျယ်အကြောင်း ထပ်ပြောနေတာလား။"

"အဲ့ဒီ မကောင်းတဲ့ကောင်လေး!"

ကျန်းရှောင်ယွမ်၏ အသံတွင် မုန်းတီးမှုများတြည့်နေခဲ့သည်။

"အသုံးမကျတဲ့ ရှေးဟောင်းပစ္စည်းတွေ ရသွားတာနဲ့ မိသားစုကိုမေ့ပစ်ပြီး သူ့အမေကိုတောင် မထီမဲ့မြင်လုပ်နေပြီ။ ဘယ်လိုတောင် ကျေးဇူးကန်းတဲ့သူမျိုးလဲ!"

ကျန်းရန်က မည်းမှောင်နေသည့်မျက်နှာထားဖြင့် သူ(မ)ဘေးတွင်ထိုင်နေသည်။ တနင်္လာနေ့ အလံလွှင့်ထူပွဲအပြီးတွင် ဒါရိုက်တာက လူအများရှေ့တွင် သူ့ကို လင်ကျင်းကျယ်အား တောင်းပန်ခိုင်းခဲ့သည်။ လှောင်ပြောင်သရော်သည့်အကြည့်များကြောင့် သူ ပျောက်ကွယ်သွားချင်စိတ်ပင် ပေါ်ခဲ့သည်။ သူလုပ်ခဲ့သည့် ကိစ္စသေးသေးလေးက သူတင်မက ကျန်းမိသားစုကိုပါ မျက်နှာပျက်စေခဲ့သည်။

လင်ကျင်းကျယ်က ဂြိုလ်ဆိုးဖြစ်၏။ သူဝင်ပါလာသည့်ကိစ္စတိုင်း သူတို့အတွက် မကောင်းသည့်အရာတစ်ခုခုဖြစ်တတ်၏။

အပြစ်ပေးခံရခြင်းသာမရှိခဲ့လျှင် သူ့ကိုကောင်းကောင်းရိုက်နှက်ပစ်ရန် ကျန်းရန် အချိန်ဆွဲနေမိမည်မဟုတ်။

သို့သော် သူ၏အမေဖြစ်သူနှင့် ဦးလေးတို့ပြောစကားအရဆိုလျှင် သူတို့က လင်ကျင်းကျယ်၏ ရှေးဟောင်းပစ္စည်းများကိုရလျှင် ပြည်နယ်မြို့တော်မှ အာဏာရှိလူများ၏ ကျောထောက်နောက်ခံကို ရလိမ့်မည်။

ဒီလိုသာ တကယ်ဖြစ်လာခဲ့လျှင် ဘာမဟုတ်သည့် အပြစ်ပေးခံရခြင်းလေးတစ်ခုကို သူကြောက်နေစရာ မလိုတော့ပေ။ သူတက်ချင်လျှင် ချွင်းနန်တက္ကသိုလ်ကိုလည်း တက်နိုင်တော့မည်ဖြစ်သည်။

ကျန်းရန် အတော်ကြာတွေးပြီးမှ အမေဖြစ်သူကို ပြောလ်ိုက်၏။

"သူက ဒီလိုလုပ်နေပြီဆိုမှတော့ ကောင်းကောင်းဆက်ဆံမနေနဲ့တော့လေ အမေ။ အမေနဲ့ ဦးလေး မလုပ်နိုင်ဘူးဆိုရင် ဒီကိစ္စကို ကျွန်တော်လုပ်လိုက်မယ်။"

~~~

ဟူယွိက ရက်အတော်ကြာကြာ စာအုပ်များကို ပြန်လေ့လာနေခဲ့သည်။ ပို၍လေ့လာလေလေ လင်ကျင်းကျယ်က တစ်ခုခုသိထားသလို ပို၍ခံစားလာရလေလေဖြစ်သည်။ အစကတော့ သူ(မ)က ခြောက်ဆယ်ရာခိုင်နှုန်းလောက်သာ စိတ်ဝင်စားခဲ့သော်လည်း အခုတော့ လုံးဝက်ိုစိတ်ဝင်စားနေပြီဖြစ်သည်။

သူ(မ)၏ကျောင်းသားများ ကောလိပ်ဝင်ခွင့််ရသည်ဟု အိပ်မက်ပင်မက်ခဲ့သဖြင့် ဒီလိုရှာဖွေ့တွေ့ရှိထားမှုတစ်ခုက သူ(မ)အတွက်တော့ ငြိမ်မနေနိုင်စေသည့်အရာတစ်ခုပင်။ သူ(မ)က စာပြန်ကြည့်မည့် သင်ရိုးညွှန်းတမ်းတစ်ခုရေးခဲ့ပြီး ကျောင်းအုပ်ကြီးကိုပြခဲ့သည်။

သို့သော်လည်း သူတို့က သူ(မ)စကားကို အလေးအနက်မထားခဲ့ကြပေ။

ထို့နောက် ဟူယွိက အခြားအတန်းများမှ ဆရာ ဆရာမများကိုဆက်သွယ်ခဲ့သော်လည်း ဘယ်သူကမှ သူ(မ)ကိုအားမပေးခဲ့။

အတန်း (၂)၊ (၃) နှင့် (၄) မှ ဆရာမများက သဘောကောင်းသော်လည်း ကျောင်းသုံးစာအုပ်များကို မြင်သည့်အခါ ဝေဖန်မှုများစတင်လာကြသည်။ သူတို့အချင်းချင်း အပြန်အလှန် စကားများလျက် အပြစ်ပြောစရာရှာနေကြ၏။

"Line integrals? Multiple integrals? ဒါတွေက သိပ်ခက်လွန််း မနေဘူးလား။"

"မှန်တယ်! အကွေးမျဉ်းအလျားကို ကိန်းပြည့်နဲ့ရှာတာ။ ကျွန်မတောင် အချိန်အများကြီးယူရသေးတယ်။ အထက်တန်းကျောင်းသားတွေအတွက် မဖြစ်နိုင်ဘူး!"

"ဆရာမက နည်းနည်းစိတ်ပူလွန်းနေတာပါ။ တက္ကသိုလ်ဝင်စာမေးပွဲက နီးလာပြီ။ အခုက စာပြန်ကြည့်ရမဲ့ အချိန်။ ကျောင်းသားတွေက အခုတောင် အလုပ်များနေတာ၊ ဒီစာအုပ်တွေထုတ်လိုက်ရင် သူတို့ပိုပြီးစိတ်ဖိစီးသွားမှာပေါ့။"

"မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ပါဘူး။"

ဟူယွိ၏နဖူးက စိုးရိမ်ပူပန်မှုဖြင့် တွန့်လာခဲ့သည်။

"ဒီလို အလျင်စလို မပယ်လိုက်ပါနဲ့။ နောက်တစ်ခါ သေချာကြည့်လိုက်ပါ၊ ဆရာမတို့ စိတ်ပြောင်းသွားကြမှာပါ။"

ခန့်မှန်းထားသည့်အတိုင်းပင်။ အခြားဆရာများက ထုတ်မပြသော်လည်း ရိုးသားပြီးအေးအေးနေတတ်သည့် ဟူယွိကို အထင်သေးနေခဲ့ကြသည်။ သူတို့အတွက်တော့ သူ(မ)၏အဆိုပြုချက်က ကောလိပ်ဝင်ခွင့်ရရန်လုပ်နေသည့် ကျောင်းသားတစ်ဦးအား မူလတန်းကျောင်းသားက ဘွဲ့လွန်စာတမ်းရေးနည်းသင်ပေးနေသလို ဖြစ်နေသည်။ ဘယ်သူက အလေးထားနေမှာလဲ။

လီယွိရုန်က ချက်ချင်းဆိုသလို သူ(မ)ကို လှောင်ပြောင်လိုက်သည်။

"ဘာကို သေချာကြည့်ရမှာလဲ။ အတန်း (၅) ရဲ့အမှတ်တွေမတက်လာတာ အံ့သြစရာမရှိဘူး။ သူတို့ရဲ့အတန်းပိုင်ဆရာမက သင်ကြားရေးထက် အသုံးမကျတဲ့အရာတွေလုပ်နေတာကိုး။ တစ်ကျောင်းလုံးကလူကြီးတွေ ခြောက်လကျော်ကြာအောင် ပင်ပန်းခံပြီး ပြန်စုစည်းထားတဲ့သင်ရိုးတွေကို ဆရာမဟူယွိက ရှင်းဟွာစာအုပ်ဆိုင်က ဝယ်လာတဲ့စာအုပ်တွေထက် ညံ့နေတယ်လို့ထင်တာလား။ ဆရာမကသာ အရည်အချင်းရှိရင် အတန်း (၅) က အမှတ်အနည်းဆုံးဖြစ်နေတာက ဘာကြောင့်များလဲ။"

လီယွိရုန်က ကျောင်းသို့ လွန်ခဲ့သောနှစ်အနည်းငယ်ကမှ ရောက်လာသည့် အသက်ငယ်ငယ်ဆရာမဖြစ်သည်။ သူ(မ)တွင် အလုပ်အတွေ့အကြုံမရှိသလို ရာထူးလည်းမရှိသော်လည်း နောက်ကွယ်တွင် အားကောင်းသောအထောက်အပံ့ရှိသည်။ သူ(မ)၏ လုပ်ခလစာနှင့် အခွင့်အရေးများကလည်း အခြားသူများထံမှ လုယူထားခြင်းသာဖြစ်သည်။

ဆရာများ၏အရည်အချင်းစာရင်း၊ ပြည်နယ်မြို့တော်ရှိ သင်တန်းများ၊ စွမ်းဆောင်မှုဆုငွေများ... လီယွိရုန်မလာမီက ဟူယွိသည် အတန်း (၁) ၏အတန်းပိုင်ဆရာမဖြစ်ခဲ့သည်။ သူ(မ)တို့နှစ်ဦးကြား ပဋိပက္ခများကို ကျောင်းတစ်ခုလုံးလည်း သိသည်။ လီယွိရုန်က အတန်း (၅) တွင် စာသင်ကြားရေးကို ပေါ့ပေါ့တန်တန်လုပ်သည်။ သို့သော် သူ(မ)၏နှုတ်ထွက်စကားများက ထက်လှသဖြင့် နူးညံ့သော သက်လတ်ပိုင်းအမျိုးသမီးဖြစ်သည့် ဟူယွိမှာ သူ(မ)၏စကားများကို ပြန်လည်မခုခံန်ိုင်ခဲ့ပေ။ မကြာခဏ ယခုလိုဖြစ်ခဲ့ပြီး သူ(မ)၏စကားများကြောင့် ဟူယွိက ဒေါသထွက်သော်လည်း မျက်ရည်သာဝဲနေခဲ့ရသည်။

အခြားဆရာများသည် လီယွ်ိရုန်၏ ကြမ်းတမ်းသောစကားများကို မနှစ်သက်သော်လည်း ဘာမှမပြောခဲ့ကြ။ စာသင်ကြားခြင်းသည် အမြင့်မြတ်ဆုံးသောအလုပ်ဖြစ်သော်လည်း သာမန်အလုပ်တစ်ခုပင်။ ကျောင်းမှ လစာနည်းနည်းသာရသော အသက်ကြီးကြီးဆရာမနှင့်ယှဉ်လျှင် ကျောင်းအုပ်ကြီး၏အခန်းထဲသို့ မည်သည့်အချိန်မဆို ဝင်ထွက်နိုင်သော အသက်ငယ်ပြီးလှပသည့်ဆရာမတစ်ဦးကို ဘယ်သူက ပုန်ကန်ဝေဖန်ရဲမှာလဲ။

ဟူယွိ၏ ပိန်လှီသောကျောပြင်လည်း ကုန်းလာခဲ့သည်။ လီယွိရုန်က ဆက်၍လှောင်ရန် ပါးစပ်ဖွင့်လိုက်သည့်အချိန်တွင် ရုတ်တရက် တံခါးဖွင့်သံအကျယ်ကြီးကြားလိုက်ရ၏။

အားလုံးလည်း အံ့အားသင့်သွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ လင်ကျင်းကျယ်က ဆရာများရုံးခန်းတံခါးအနီးတွင် လက်ကို ယူနီဖောင်းအိတ်ကပ်ထဲထည့်ထားကာ မျက်နှာတွင် ဘာအမူအရာမှမရှိဘဲ သူတို့ကိုကြည့်နေခဲ့သည်။ လီယွိရုန်၏ ထိတ်လန့်သွားသောမျက်နှာကို ကြည့်လိုက်ပြီးနောက် တံခါးကို ကန်ဖွင့်ခဲ့သူမှာ သူမဟုတ်သည့်အတိုင်း သာမန်လေသံဖြင့် ပြောလိုက်သည်။

"ဆရာမဟူ စာသင်ချိန်ရောက်နေပြီ။"

ကျောင်းယူနီဖောင်းသည် သူ၏ပိန်သောကိုယ်ထည်ပေါ်တွင်တော့ ခပ်ပွပွဖြစ်နေခဲ့၏။ သာမန်ယူနီဖောင်းဖြစ်သော်လည်း လင်ကျင်းကျယ်၏ ထူးခြားနေသည့်ပုံစံကြောင့် လူတိုင်း အကြည့်မလွှဲနိုင်အောင်ဖြစ်နေခဲ့သည်။

ဟူယွိက မျက်ရည်များကိုသုတ်လိုက်ပြီး ခေါင်းညိတ်ကာ စာအုပ်များကိုကောက်ယူလိုက်၏။

လင်ကျင်းကျယ်က လီယွိရုန်ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြီးနောက် ထွက်သွားခဲ့တော့သည်။

လင်ကျင်းကျယ်၏ မျက်နှာကိုမမြင်ရတော့မှသာ လီယွိရုန် အသက်ပြန်ရှူနိုင်ခဲ့သည်။ ခဏအကြာတွင်တော့ သူ(မ)၏ဒေါသများ ထွက်လာတော့၏။

"ကြည့်စမ်းပါဦး! ဒီလိုရိုင်းစိုင်းတဲ့သူ..."

သို့သော် သူ(မ)၏ဘက်တွင် ဘယ်သူမှမရှိဘဲ အခြားဆရာများက အနည်းငယ်ပင် ဝမ်းသာသွားကြသေးသည်။ ဘယ်သူမှ သူ(မ)၏ ညည်းညူသံများကို မကြားချင်ကြသဖြင့် အချိန်နောက်ကျနေသည်ကို အကြောင်းပြကာ အလျင်အမြန်သာ ထွက်သွားခဲ့ကြတော့သည်။

ဤအချ်ိန််က လီယွိရုန် အတန်း (၅) ကို အင်္ဂလိပ်စာ သင်ရမည့်အချိန်ဖြစ်သော်လည်း လင်ကျင်းကျယ် ထိုအတန်းတွင်ရှိသည်ကို သတိရမိသောအခါ သူ(မ)၏စိတ်ထဲတွင် ပို၍ပင် အခဲမကျေဖြစ်လာခဲ့သည်။ ထိုအမှိုက်လိုကောင်လေးများကို သူတို့ဘာသာ စာပြန်လုပ်ခိုင်းရန် ဆုံးဖြတ်ကာ အနီးရှိစာအုပ်များထဲမှ ကြိုက်ရာမေးခွန်းများကို ကျပန်းရွေးချယ်လိုက်သည်။ သို့သော်လည်း ကိုယ်တိုင်လေ့လာရန် မပြောမီတွင် လင်ကျင်းကျယ်အား ပါးစပ်ဖြင့် ဆူပူဆုံးမလိုက်ဦးမည်ဟု သူ(မ)တွေးမိသည်။ ဘယ်သူက သူ(မ)က်ို မထီလေးစားလုပ်ရဲမှာလဲ။

သို့သော် စာသင်ခန်းအတွင်းသို့ဝင်မည့် ခြေလှမ်းမစတင်မီပင် သူ(မ)၏နားထဲသို့ ကြွေးကြော်သံများ ဝင်ရောက်လာခဲ့သည် -

"လီယွိရုန်ထွက်သွား! လီယွိရုန်ထွက်သွား! လီယွိရုန်ထွက်သွား!"

ကျောင်းသားငါးဆယ်ကျော်လောက်က စာအုပ်များဖြင့် စားပွဲခုံများကို စည်းချက်ညီညီ ရိုက်ကာ သံပြိုင်အော်ဟစ်နေကြခြင်းပင်။ လီယွိရုန်လည်း လန့်ဖျပ်သွားကာ အတော်ကြာသည်အထိ မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

သူ(မ) မျက်လုံးများပြူးပြီး အာခေါင်ခြောက်သွားသည်အထိ ရပ်နေမိပြီးမှသာ ဖြစ်ပျက်နေသမျှကို နားလည်လာခဲ့၏။ ထိုအခါ ဒေါသဖြင့် တုန်လှုပ်သွားခဲ့ရတော့သည်။

လင်ကျင်းကျယ်က ပြတင်းပေါက်ဘေးရှိ နောက်ဆုံးခုံတွင်ထိုင်ကာ လက်တစ်ဖက်ဖြင့်မေးထောက်ထားပြီး နောက်တစ်ဖက်တွင် ဘောပင်ကိုင်ထားကာ သူ(မ)ကိုကြည့်နေခဲ့၏။ သူနှင့် တစ်ခုံတည်းထိုင်သူ တိန့်မိုက်၏ စိတ်အားထက်သန်စွာ ညွှန်ကြားမှုအောက်တွင် ဤအရှုပ်တော်ပုံကို သူက အေးအေးဆေးဆေးကြည့်နေခဲ့လေသည်။ အခြားဆရာများလည်း သတိထားမိလာပြီး ကျောင်းအုပ်ကြီးအား ခေါ်ဆောင်လာသည်အထိ ဖြစ်သွားခဲ့ရ၏။

လိယွမ်အမှတ် (၁) အထက်တန်းကျောင်းတွင် ပထမဆုံးအကြိမ် အတန်းလိုက်သပိတ်မှောက်မှုဖြစ်သည်။ ဆရာတစ်ဦးအတွက် ဤထက်ပို၍ ရှက်ဖွယ်ကောင်းသော အဖြစ်ဆိုး မရှိနိုင်ပေ။ ထိုသပိတ်မှောက်မှုသည် သူ(မ)တစ်ခါမှ စနစ်တကျ သင်ကြားမှုမပြုခဲ့သော ကျောင်းသားများထံမှ ဆိုသော်လည်း လီယွိရုန်အတွက်တော့ စိတ်ထိန်းထားရန်ခက်လှသည်။ သူ(မ)က နံရံကိုလက်ဖြင့်မှီကာ အသက်ရှူမဝဖြစ်သည်အထိ ငိုကြွေးနေစဉ် ထိပ်ပြောင်ပြောင် ဗိုက်ပူပူကျောင်းအုပ်ကြီးရောက်လာပြီး သူ(မ)ကို စိတ်ဓာတ်မကျသွားစေရန် နှစ်သိမ့်ပေးနေခဲ့၏။

ဒုကျောင်းအုပ်ကြီးက မကောင်းသောသတင်းနှင့်အတူ ပြန်လာခဲ့သည် - ကျောင်းသားများက လက်မခံကြပေ။ သင်တန်းကာလတစ်လျှောက်လုံး လီယွိရုန်က သူတို့ကို စနစ်တကျသင်ကြားမှုမလုပ်ခဲ့ဘဲ ကိုယ်တိုင်သာ လေ့လာခိုင်းခဲ့သည်ဟု သူက ရိုးသားစွာအစီရင်ခံလိုက်သည်။ အတန်း (၅) မှကျောင်းသားများ၏ဒေါသကို သူနားလည်နိုင်သည်။ လီယွိရုန်ကဲ့သို့သော ဆရာမျိုးရှိနေခြင်းထက် ဆရာ မရှိခြင်းက ပို၍ကောင်းသည်ဟု သူတို့ခံစားမိကြခြင်းဖြစ်သည်။

သူလည်း ဤအကြောင်းကို မကြာခင်ကမှသာ သိရှိခဲ့ခြင်းဖြစ်ပြီး ချက်ချင်းဆိုသလိုမျက်နှာပျက်သွားခဲ့သည်။ ကျောင်းသားများက ပြဿနာရှာနေသည်ဟုသာ သူထင်ထားခဲ့သော်လည်း အမှန်တရားက ဒီလောက်ထိပြင်းထန်မည်ကိုတော့ သူမမျှော်လင့်ထားခဲ့ပေ။

သူက မျက်နှာပျက်သွားပြီး အပြစ်တင်လိုက်၏။

"ဆရာမလီက ဒီလောက်ထိ တာဝန်မဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

လီယွိရုန်လည်း သူ(မ)အကြောင်းပေါ်သွားတော့ ပို၍ပင်ငိုကြွေးတော့သည်။ကျောင်းအုပ်ကြီးကလည်း သည်းမခံနိုင်တော့ပေ။

"အခုက အပြစ်တင်နေရမဲ့အချိန်မဟုတ်ဘူး။ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဘဲ အရင်တွေးရမယ်။ ဘယ်သူ့ကို အပြစ်ပေးရမယ်ဆိုတာကို နောက်မှဆုံးဖြတ်မယ်။"

သို့သော်လည်း "ဥပဒေအရ ဆန့်ကျင်သူအများကိုတော့ အပြစ်မပေးနိုင်ပေ။" တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခါနီးမှ ကျောင်းသားငါးဆယ်လောက်ကို ကျောင်းနားပစ်ရန်ကလည်း မဖြစ်နိုင်။ အကောင်းဆုံးဖြေရှင်းနည်းကတော့ လီယွိရုန်က ဘာမှမဖြစ်ခဲ့သည့်ပုံစံဖြင့် ဆက်၍စာသွားသင်နေရန်ဖြစ်သည်။

သို့သော် လီယွိရုန်က ဘယ်လိုသဘောတူနိုင်မှာလဲ။ သူ(မ)က နားကွဲလောက်သည်အထိ အော်ဟစ်လိုက်၏။

"ကျွန်မ မသွားဘူး။ လုံးဝ မသွားနိုင်ဘူး။ သတ်ပစ်မယ်ဆိုရင်တောင် အဲဲ့ဒီအမှိုက်လိုကောင်တွေကို စာမသင်နိုင်ဘူး။"

ကျောင်းအုပ်ကြီးက ခဏလောက်တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူက ဒုကျောင်းအုပ်ကိုပြောလိုက်၏။

"သူတို့က အင်္ဂလိပ်စာအချိန် မတက်ချင်မှတော့ မတက်ခိုင်းနဲ့ပေါ့။"

"ကျောင်းအုပ်ကြီး ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ကောလိပ်ဝင်ခွင့်စာမေးပွဲက စတော့မှာကို..."

တစ်ဖက်လူ၏အမူအရာက လုံးဝကိုအလိုမကျသည့်ဟန်ပင်။

လီယွိရုန်၏ပခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးနေရင်း ကျောင်းအုပ်ကြီးက စိတ်မရှည်စွာ စကားဖြတ်ပြောလိုက်၏။

"ရေရှိတဲ့နေရာကို မြင်းကိုပို့ပေးလို့ရပေမဲ့ အတင်းရေသောက်ခိုင်းလို့မရဘူးလေ။ ပြီးတော့ အတန်း ၅ က ကျောင်းသားတွေက စည်းကမ်းလုံးဝမရှိဘူး။ အဆင့်တွေကလည်း ဆိုးလွန်းတယ်။ ဝင်ခွင့်စာမေးပွဲ ကောင်းကောင်းဖြေနိုင်ဖို့မျှော်လင့်ချက်တောင်ရှိလို့လား။"

သူက မမျှတသည့်ဆုံးဖြတ်ချက်ချလိုက်သော်လည်း ဒုကျောင်းအုပ်ကတော့ ငြင်းနိုင်သည့်အနေအထားတွင်မရှိပေ။ သူက ကျောင်းအုပ်ကြီး လီယွိရုန်ကို ချော့၍ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ရပြီး ဘာပြောရမည်ကိုမသိဘဲ အခြားဆရာများကိုကြည့်လိုက်၏။

အတန်း ၅ က စွန့်ပစ်ခံထားရသည်ကို အားလုံးသိလိုက်ကြသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment