no

Font
Theme

တစ်ဖက်တွင်မူ...

လူသုံးဆယ်ကျော်က တစ်ယောက်တည်းကို ဝိုင်းရိုက်နေကြသည်— နဂါးပြာ ‘ကျန်း’သည် အလုပ်ကိုတစ်ဝက်တစ်ပျက်လုပ်လေ့မရှိပေ။

ကျန်းရန် ဆေးရုံသို့ရောက်သွားခြင်းမှာ သဘာဝကျလှသည်။ ကျန်းရှောင်ယွမ်နှင့် လျိုတဲ့တို့ သတင်းကြားသောအခါ သူတို့၏နှလုံးများ ရပ်မတတ်ဖြစ်သွားကြသည်။ သူတို့သည် အရာအားလုံးကိုပစ်ချကာ သူတို့၏သားရှိရာသို့ အပြေးအလွှားရောက်လာခဲ့ကြသည်။

သပ်ရပ်စွာဝတ်စားထားပြီး ချမ်းသာကြွယ်ဝမှန်းသိသာလှသော စုံတွဲကိုမြင်သောအခါ ဆရာဝန်နှင့်ရဲများမှာ မျက်မှောင်ကြုတ်မိကြသည်။ သူတို့ဖမ်းဆီးထားသောလူများ၏ ဝန်ခံထွက်ဆိုချက်ကို ပြန်လည်အမှတ်ရမိသောအခါ အသွင်အပြင်သည် လှည့်စားတတ်သည်ဟု သူတို့တွေးမိကြသည်—ထိုနှစ်ယောက်မှာ သူတို့၏သားကို မည်သို့ဆုံးမပဲ့ပြင်ရမည်အား ရှင်းရှင်းလင်းလင်းမသိကြပေ။

တံခါးဖွင့်လိုက်ပြီး ကျန်းရန်ကိုမြင်လိုက်ရသောအချိန်တွင် ကျန်းရှောင်ယွမ်၏ စိတ်ပိုင်းဆိုင်ရာခုခံကာကွယ်မှုများမှာ ပြိုလဲကျသွားခဲ့သည်။ သူ(မ)အလိုလိုက်အကြိုက်ဆောင်ခဲ့သော၊ သူ(မ)၏ရင်သွေးငယ်၊ သူ(မ)၏ရတနာလေးသည် ဆေးရုံခုတင်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များနှင့်ဖုံးလွှမ်းကာ အားနည်းစွာလဲလျောင်းနေခဲ့သည်။ ပတ်တီးများက သူ၏တစ်ကိုယ်လုံးနီးပါးကို ပတ်စည်းထားပြီး မြင်နိုင်သောအရေပြားမှာမူ ညိုမည်းစွဲနေသော ဒဏ်ရာများနှင့်ပြည့်နှက်နေသည်။

ကျန်းရှောင်ယွမ်သည် ငိုကြီးချက်မဖြစ်သွားသည်။ သူ(မ)သည် မျက်ရည်များကြားမှ အော်ဟစ်လိုက်သည်၏။

"ဘယ်သူလဲ။ ဘယ်သောက်ကောင်က ဒီလိုလုပ်တာလဲ!"

သူ(မ)သည် ခုတင်ဘေးရှိကြမ်းပြင်ပေါ်သို့ ပစ်လှဲချလိုက်ပြီး ရူးသွပ်သွားတော့မည့်အလား ဖြစ်နေသည်။ ဆရာဝန်မှာ သူ(မ)၏နှလုံးသားမခံနိုင်မည်ကိုစိုးရိမ်သဖြင့် ဆေးစစ်ချက်ကိုပြကာ နှစ်သိမ့်လိုက်သည်။

"အဆင်ပြေပါတယ်။ ဒီဒဏ်ရာတွေက ကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့ အမှန်တော့ ဒါတွေက သာမန်ဒဏ်ရာတွေဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေရှိမှာမဟုတ်ပါဘူး။ သူ့ဘယ်ဘက်လက်ကတော့ နည်းနည်းလေး ပြင်းထန်ပါတယ်၊ ပြီးတော့ ဖြစ်နိုင်တာက ထပ်ခါထပ်ခါနင်းခြေခံရလို့ အဆစ်လွဲသွားတာတွေလည်း ရှိခဲ့ပါတယ် — ဟုတ်ကဲ့၊ ဒါတွေကိုလည်း ကုသပေးပြီးသားပါ။ ဒါပေမဲ့ ဒီဒဏ်ရာတွေက အရေပြားဒဏ်ရာတွေပဲဖြစ်ပေမဲ့ တော်တော်လေးတော့နာကျင်ပါတယ်။ လူနာက အခုလေးတင်အိပ်ပျော်သွားပါပြီ၊ သူနိုးလာတဲ့အခါ ဘယ်လိုခံစားရမလဲကြည့်ရမှာပေါ့။ လိုအပ်ရင် အကိုက်အခဲပျောက်ဆေး ပေးနိုင်ပါတယ်။"

ကျန်းရန်ကိုရိုက်နှက်ခဲ့သော လူမိုက်များမှာ အမှန်တကယ်တွင် တော်တော်ပါးနပ်ကြသည်—သူတို့မည်မျှအထိလုပ်နိုင်သည်ကို အတိအကျသိကြသည်။ ရိုက်နှက်မှုကြောင့် ပြင်းထန်သောဒဏ်ရာများမဖြစ်စေခဲ့သဖြင့် သူတို့ခံရမည့်အကျိုးဆက်များမှာ အနည်းဆုံးဖြစ်သော်လည်း သူတို့၏သားကောင်မှာမူ သေလောက်အောင်နာကျင်ခံစားခဲ့ရသည်။

ကျန်းရှောင်ယွမ်သည် "သာမန်ဒဏ်ရာ" ဆိုသောစကားကိုကြားလိုက်သည်နှင့် ပေါက်ကွဲထွက်သွားတော့သည်။ ငိုယိုရင်း သူ(မ)ထရပ်လိုက်ကာ ဆရာဝန်ထံချဉ်းကပ်ပြီး သူ့ကိုတွန်းထုတ်လိုက်သည်။

"မဟုတ်တာ! ရှင်မျက်စိကန်းနေလား။ ကျွန်မသားက ဒီလိုဖြစ်နေတာကို ရှင်က နည်းနည်းလေးပဲထိခိုက်တယ်လို့ပြောရဲတယ်ပေါ့။"

ဆရာဝန်က တုန်လှုပ်စွာဖြင့် သူ(မ)ကို ပါးစပ်အဟောင်းသားကြည့်နေစဉ်မှာပင် သူ(မ)သည် အခန်းထဲရှိ ရဲနှစ်ယောက်ကိုသတိပြုမိသွားသည်။ သူ(မ)သည် ချက်ချင်းပင်ပစ်မှတ်ပြောင်းကာ သူ(မ)ဘေးမှတစ်ယောက်ကို ဖမ်းဆွဲလိုက်၏။

"ဆရာတို့! ဆရာတို့! ကျွန်မတို့အတွက် တရားမျှတမှုကိုရယူပေးရမယ်။ ကျွန်မသားက လိယွမ်အမှတ် ၁ အထက်တန်းကျောင်းမှာတက်နေတာ၊ သူက စံပြကျောင်းသားတစ်ယောက်! အခု သူဒီလိုမျိုးအရိုက်ခံရတယ်! သူ့ကိုတိုက်ခိုက်တဲ့သူတွေရော၊ ဖမ်းမိပြီလား။ ဒီတိရစ္ဆာန်တွေကို ပစ်သတ်ပစ်ရမယ်!"

သူ(မ)ဖမ်းဆွဲလိုက်သော ရဲအရာရှိမှာ ဆရာဝန်အပေါ် သူ(မ)၏အပြုအမူကြောင့် မျက်မှောင်ကြုတ်နေသော်လည်း သူ(မ)ကို စိတ်ရှည်ရှည်ဖြင့်ဆက်ဆံရန်မှတစ်ပါး အခြားနည်းလမ်းမရှိခဲ့ပေ—သူ၏ကိုယ်ပိုင်ထင်မြင်ယူဆချက်များက သူ၏တာဝန်ဝတ္တရားများကို နှောင့်ယှက်ခွင့်မပြုနိုင်ပေ။

"ကျေးဇူးပြုပြီး စိတ်ထိန်းပါခင်ဗျာ၊ ဒီကိစ္စကို စုံစမ်းစစ်ဆေးဆဲပါ။ ကျွန်တော်တို့ အချက်အလက်တွေကို အရင်ဆုံးအတည်ပြုဖို့လိုပါတယ်။"

"အချက်အလက်တွေကို အတည်ပြုရမယ် ဟုတ်လား။"

ကျန်းရှောင်ယွမ်သည် မျက်လုံးပြူးကြီးဖြင့် သူ့ကိုစိုက်ကြည့်လိုက်သည်။

"ကျွန်မသားက အဲ့ဒီမှာ ဒဏ်ရာတွေနဲ့လဲနေတာလေ။ ဘာအချက်အလက်တွေလဲ။ ဒါမှမဟုတ် ရှင်တို့ တစ်ခုခုများရထားလို့လား..."

"ခင်ဗျား စကားကိုထိန်းပါ!"

ရဲသားက မျက်မှောင်ကြုတ်ရင်း သူ(မ)စကားကိုဖြတ်ပြောလိုက်သည်။ သူသည် သူ(မ)၏သွယ်ဝိုက်ပြောဆိုမှုများကို နားထောင်နေရန်မလိုအပ်ပေ။

"တိုက်ခိုက်သူတွေက အလုပ်လက်မဲ့လူမိုက်တစ်စုပါ။ အစကတော့ သူတို့ကိုဖမ်းဆီးထားပါတယ်၊ ဒါပေမဲ့ အခြေအနေက နည်းနည်းရှုပ်ထွေးတယ်—သူတို့က သားကောင်နဲ့ပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ အခိုင်အမာပြောနေပြီး ခိုးရာပါပစ္စည်းတွေကနေရတဲ့အမြတ်ငွေကို ဘယ်လိုခွဲဝေမလဲဆိုတာ သဘောတူညီမှုမရလို့ အငြင်းပွားမှုဖြစ်ခဲ့တာလို့ဆိုပါတယ်။ သူတို့ရဲ့ဝန်ခံချက်က မှန်သလားမမှန်သလား ကျွန်တော်တို့မသိပေမဲ့ ခင်ဗျားသားကိုလည်း ကျွန်တော်တို့စစ်ဆေးမေးမြန်းဖို့လိုအပ်ပါတယ်၊ ဒါကလုပ်ထုံးလုပ်နည်းပါပဲ။ ခင်ဗျားနားလည်မယ်လို့မျှော်လင့်ပါတယ်။"

ကျန်းရှောင်ယွမ်သည် ရုတ်တရက်ရပ်တန့်သွားသည်။ ခဏလေး၊ လူမိုက်တွေ? အဲ့ဒါက လင်ကျင်းကျယ်ကို အနိုင်ကျင့်ဖို့ငှားထားတဲ့အုပ်စုများလား။

နောင်တတရားသည် ဆူနာမီကဲ့သို့ သူ(မ)ကိုဝါးမျိုသွားပြီး ခဏတာမျှ သူမအသက်ရှူ၍မရဖြစ်သွားသည်။ သို့သော် သူ(မ)တို့နှစ်ဘက်ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို ဘယ်တော့မှဝန်မခံရဘူးဟု သူ(မ)သိနေသည်။ အကယ်၍ ကျန်းရန်သာ ရာဇဝတ်မှုမှတ်တမ်းရှိသွားခဲ့ပါက သူ၏အနာဂတ်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်!

ရဲယူနီဖောင်းကိုဆုပ်ကိုင်ထားသော သူ(မ)၏လက်သည် လျော့ရိလျော့ရဲဖြစ်သွားပြီး သူ(မ) ယိုင်နဲ့နဲ့နောက်ဆုတ်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

"မဟုတ်ဘူး! သူတို့က ကျွန်မသားကို အသရေဖျက်နေတာ! ရဲအရာရှိတို့၊ ရှင်တို့ ဒီလိုလူ့အညစ်အကြေးတွေပြောတာကို ဘယ်လိုလုပ်ယုံနေတာလဲ။"

ဘယ်သူက တကယ့်လူ့အညစ်အကြေးလဲဆိုတာ မရှင်းလင်းဘူး။

ရဲသားက စိတ်ထဲမှခေါင်းခါရင်းတွေးလိုက်သည်။

ဒါပေမဲ့ သူအံ့ဩမိတယ်—သူတို့မြို့က အကောင်းဆုံးကျောင်းက ကျောင်းသားတစ်ယောက်က ဒီလောက်တောင်ပျက်စီးနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဒါက သူ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ပုံစံကြောင့်ပဲဖြစ်ရမယ်—ဒီလိုအခြေအနေမှာတောင် သူ့အမေက သူက စံပြကျောင်းသားတစ်ယောက်လို့ မျက်နှာပြောင်တိုက်ပြီး အခိုင်အမာပြောရဲသေးတယ်။

ကျန်းရန်နှင့် ဂိုဏ်းအဖွဲ့ဝင်များက ကြံရာပါများဖြစ်ကြောင်း သူသေချာနေရသည့်အကြောင်းရင်းမှာ သူတို့ထံတွင် ထိုအချက်ကိုအတည်ပြုနိုင်သော သက်သေအထောက်အထားများရှိနေသောကြောင့်ဖြစ်သည်။

သူ၏လုပ်ဖော်ကိုင်ဖက်သည် သူ့ထံလာကာ တိုးတိုးတိတ်တိတ်တစ်ခုခုဆွေးနွေးလိုက်ပြီးနောက် စာရင်းစာအုပ်တစ်အုပ်ကိုထုတ်ယူကာ မေးလိုက်သည်။

"မစ္စစ်ကျန်း၊ ဒီစာရင်းစာအုပ်ပေါ်က အကောင့်နံပါတ်ကို ရင်းနှီးမှုရှိပါသလား။"

ပထမတွင် ကျန်းရှောင်ယွမ်သည် နားမလည်သလိုဖြစ်သွားသော်လည်း ခဏအကြာတွင်မူ ရဲကိုင်ထားသောအရာမှာ အဘယ်အရာဖြစ်သည်ကို သူ(မ)သိရှိသွားသည်။ သူ(မ) ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိဖြစ်သွားသည်။

"ဒီအကောင့်ပိုင်ရှင်က ခင်ဗျားပါ။ လွန်ခဲ့တဲ့သုံးရက်က တစ်ယောက်ယောက်က ဒီအကောင့်ကိုသုံးပြီး ၆၅၄***** နံပါတ်နဲ့အကောင့်ဆီကို ယွမ် ၂၀၀၀ လွှဲခဲ့ပါတယ်။ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ကိုပြောပြနိုင်မလား။"

ကျန်းရှောင်ယွမ်၏မျက်စိထဲတွင် အရာအားလုံးအမှောင်ကျသွားပြီး မူးလဲမတတ်ဖြစ်သွားသည်။ ၆၅၄***** မှာ နဂါးပြာ ‘ကျန်း’၏အကောင့်ဖြစ်သည်—ပြီးလျှင် သူ(မ)ကိုယ်တိုင် ဘဏ်သို့သွား၍ ငွေလွှဲခဲ့ခြင်းဖြစ်သည်။ ယွမ် ၂၀၀၀ မှာ ငွေပမာဏအများအပြားဖြစ်သည်။ ထိုအချိန်က သူ(မ) အမှန်တကယ်တွင် စိတ်မပါသော်လည်း ရှေးဟောင်းပစ္စည်းများမှာ သူ(မ)၏အစီအစဉ်များကို ရှေ့ဆက်နိုင်ရန်မရှိမဖြစ်လိုအပ်သည်ဟု မိမိကိုယ်ကိုပြောခဲ့သည်၊ သူ(မ)အောင်မြင်သွားသောအခါ ယွမ် ၂၀၀၀ ဆိုသောငွေပမာဏအနည်းငယ်ကို ဂရုမစိုက်လောက်အောင် ချမ်းသာနေလိမ့်မည်။ ထိုအခါမှသာ သူ(မ)အနေနှင့် လက်မှတ်ထိုးရန် အတင်းအကျပ်ပြုလုပ်နိုင်ခဲ့သည်။

ရဲများက သူ(မ)မဖြေသည်ကို အံ့ဩမနေကြပေ။ သူတို့သည် အဓိပ္ပာယ်ပါသောအကြည့်များဖလှယ်လိုက်ကြပြီး ဆက်လက်ပြောဆိုသည်။

"ထားလိုက်ပါ၊ ဘဏ်ကိုဆက်သွယ်လိုက်တာနဲ့ ကျွန်တော်တို့သိရမှာပါ။ အခု အဲ့ဒီငွေလွှဲရဲ့ရည်ရွယ်ချက်ကိုရှာဖွေဖို့ ခင်ဗျားရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်..."

ဤအချိန်တွင် ကျန်းရှောင်ယွမ်သည် နားမထောင်တော့ပေ—ငြင်းဆန်ခြင်းမှာအချည်းနှီးသာဖြစ်မည်ကို သူ(မ)သိနေသည်။ ဤမျှများပြားသောငွေပမာဏ၏ ပေးပို့သူနှင့်လက်ခံသူနှစ်ဦးစလုံးကို ဘဏ်မှအလွယ်တကူရှာဖွေတွေ့ရှိနိုင်သည်။ ထိုအချိန်က သူ(မ)တွင်ရွေးချယ်စရာမရှိခဲ့ပေ- နဂါးပြာ ‘ကျန်း’သည် ငွေကြိုမရဘဲ ဘာမှလုပ်မည်မဟုတ်ပေ။ ကံမကောင်းစွာပင် ယခု သူတို့၏အရောင်းအဝယ်မှာ ပေါ်ပေါက်သွားပြီဖြစ်သောကြောင့် ကျန်းရန်သည် ဂိုဏ်းနှင့်ဘာမှမပတ်သက်ဟု သူ(မ) မျက်နှာညိုမည်းသည်အထိ ငြင်းခုန်နေလျှင်ပင် မည်သူမျှသူ(မ)ကိုယုံမည်မဟုတ်ပေ။

ရဲသားသည် သူ(မ) ကြောင်တောင်တောင်ရပ်နေသည်ကိုမြင်ပြီး သူ၏မေးခွန်းများကို အကြိမ်အနည်းငယ်ထပ်မေးခဲ့သော်လည်း သူ(မ)မှာ ရှင်းရှင်းလင်းလင်းအဖြေများမပေးနိုင်သည်မှာ သိသာထင်ရှားနေသည်။ သို့ဖြစ်၍ သူသည် သူ၏လုပ်ဖော်ကိုင်ဖက်ကိုခေါ်ကာ ထွက်ခွာသွားလိုက်သည်၊ သူ(မ)ကို ဦးစွာစိတ်ငြိမ်အောင်ထားရန်ပင်။

ထို့နောက် ဆေးရုံခန်းထဲတွင်ကျန်ခဲ့သောသူများမှာ တိတ်ဆိတ်စွာအိပ်စက်နေသော ကျန်းရန်၊ သူ၏ခုတင်ဘေးရှိကြမ်းပြင်ပေါ်တွင် ဝိညာဉ်ထွက်သွားသကဲ့သို့ထိုင်နေသော ကျန်းရှောင်ယွမ်နှင့် တံခါးနားရှိခွေးခြေတွင်ထိုင်ကာ သူ၏စီးကရက်ကိုအာရုံစိုက်နေသော လျိုတဲ့တို့သာ။

လေထုသည် ရေအိုင်ငယ်လေးကဲ့သို့ လေးလံပြီးငြိမ်သက်နေသည်။

ဂျိမ်း—

နောက်ဆုံးတွင် လျိုတဲ့သည် သည်းမခံနိုင်တော့ပေ။ သူထရပ်လိုက်ပြီး ရေနွေးဘူးကိုကောက်ယူကာ သူ၏ခွန်အားရှိသမျှဖြင့် ပြတင်းပေါက်ဘောင်နှင့်ရိုက်ခွဲလိုက်သည်။

ရေနွေးဘူးက ကွဲကြေသွားသည်။ ရေနွေးပူများသည် ဖန်ကွဲစများနှင့်ရောကာ ကြမ်းပြင်တစ်ခုလုံးသို့ ပက်ဖြန်းကုန်သည်။ သူသည် ရေအိုင်ငယ်လေးများထဲတွင်ရောင်ပြန်ဟပ်နေသော နေရောင်ခြည်ကိုကြည့်ရင်း မူးဝေနေမိသည်။ သူ၏သက်တမ်းတစ်လျှောက်လုံးတွင် သူ ဤကဲ့သို့ဒေါသမထွက်ခဲ့ဖူးပေ။

"မင်း တော်တော်ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာပဲ!"

ဤသည်မှာ သူ၏ အာဏာရှင်ဆန်သောဇနီးအား စကားပြောရန်သတ္တိမွေးပြီး ပထမဆုံးအကြိမ်ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် မျက်ရည်များက သူ၏မျက်နှာပေါ်သို့စီးကျလာရင်း ဆေးရုံခန်းထဲမှ အပြေးအလွှားထွက်သွားကာ တံခါးကိုအသံအကျယ်ကြီးမြည်အောင် ဆောင့်ပိတ်လိုက်သည်။

ကျန်းရှောင်ယွမ်၏ငိုရှိုက်သံများမှာ သူ(မ) အသက်ရှူမဝလောက်အောင် ပို၍ပြင်းထန်လာခဲ့တော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment