သူ နာမကျန်း စဖြစ်သည်နှင့် သားသမီးများက သူ၏ရတနာများ၏ကံကြမ္မာကို ဆုံးဖြတ်နေပြီးဖြစ်မည်ဟု ကျန်းကျိပင်း ကိုယ်တိုင်ပင် မတွေးမိခဲ့။ လိယွမ်မြို့တွင် ထိုပစ္စည်းများကို ဂရုစိုက်သည့်သူမရှိသော်လည်း ပြင်ပလောကကြီးတွင်တော့ နားလည်သူမရှားပေ။
ခရိုင်မြို့တွင် ရှေးဟောင်းပစ္စည်းများ စုရသည်ကို သဘောကျသော အစိုးရအရာရှိတစ်ဦးရှိသည်။ မကြာသေးမီကပဲ လင်ကျင်းကျယ်၏အဒေါ်က သူနှင့်စကားပြောညှိနှ်ိုင်းကာ သူ(မ)အဖေ၏ စုဆောင်းမှုများကိုပေးမည်ဟု ကမ်းလှမ်းခဲ့သေးသည်။
ယခုတော့ ထိုသူ၏အကူအညီကြောင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေနေခဲ့လေပြီ။ သူ(မ)တို့ အပေးအယူပြီးမြောက်ရန် လိုနေသေးသည့် တစ်ခုတည်းသောအရာကတော့ အဖိုးကြီးသေမည့်အချိန်ကိုစောင့်နေရန်ပင်။
သူတို့အဖေက ဒီအရာတွေကို မျိုးရိုးမတူသည့်ကလေး လင်ကျင်းကျယ်ထံ ထားခဲ့မည်ဟု ဘယ်သူကထင်ထားမှာလဲ။ ဒီလောက် သမာသမတ်ရှိဖို့မလိုပေ။ ဒါက အရာအားလုံးကို ရှုပ်ထွေးသွားစေခဲ့သည်။
အဒေါ်ကျန်းက အလွန်စိတ်တိုကာ လင်ကျင်းကျယ်ကို အိမ်တွင်နေ့တိုင်းလိုလို ကျိန်ဆဲနေခဲ့ပြီး ရုတ်တရုတ် ပြင်းထန်စွာခံစားရကာ သေဆုံးသွားရန်ဆုတောင်းနေခဲ့၏။
သူ၏ ဝမ်းကွဲညီကြောင့် မိသားစုကံကြမ္မာကောင်းကို ဆုံးရှုံးရတော့မည်ကို မကြာမီမှာပဲ ကျန်းရန်သိသွားခဲ့ပြီး သူ၏ဝမ်းကွဲညီအပေါ် သဘောမကျမှုက မုန်းတီးမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ စာမေးပွဲရလဒ် ထွက်လာသောအခါ လင်ကျင်းကျယ်သည် ကျရှုံးရုံသာမက သူ၏ရမှတ်များထက် အမှတ်တစ်ရာကျော် နိမ့်နေသဖြင့် ကျန်းရန်ပျော်ရွှင်နေခဲ့ရသည်။ ထို့ကြောင့် သူ ကျောင်းစောစောလာပြီး လင်ကျင်းကျယ်ကို လှောင်ပြောင်ရန်အတွက် စာသင်ခန်းရှေ့တွင် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
လင်ကျင်းကျယ်က တုံ့ပြန်ခြင်းမရှိသော်လည်း ထိုစကားကြောင့် ကောရှန်ကတော့ ဒေါသထွက်လာခဲ့သည်။ သူက အရှေ့ကို ခုန်ထွက်ပြီးပြောလိုက်၏။
"ဘာပြောလိုက်တယ်? ပြန်ပြောလိုက်စမ်း!"
"ဒါက မင်းနဲ့ဆိုင်လို့လား။ အိုး၊ ငါမေ့သွားတယ်၊ မင်းက နောက်ဆုံးမှာအမြဲတမ်းရှိနေတဲ့ အရှုံးသမားပဲလေ။ လင်ကျင်းကျယ်ရဲ့ နောက်လိုက်ခွေးလေး။ ဘာလဲ။ ငါ့ကို ရိုက်ချင်လို့လား။"
ကျန်းရန်က လင်ကျင်းကျယ်၏ သွယ်လျသောလက်မောင်းများကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်၏။ အနီးနားတွင် စောင့်ဆိုင်းနေသော သူငယ်ချင်းများလည်းရှိသည်။ လင်ကျင်းကျယ်က သူ့ကို လက်ညိုးထိုးလိုက်လျှင်တောင် သူတို့က ထွက်လာပြီး သူ့ကိုဒေါသပြေရန် ကူညီကြလိမ့်မည်။ ကျောင်းက နောက်ပိုင်း ရန်ပွဲအကြောင်း စစ်မေးလျှင်တောင် သူတို့က သူတို့အရင်စခြင်းမဟုတ်ဟု ရိုးရှင်းစွာပြောနိုင်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် သူတို့၏ကလေးဆန်သောနည်းလမ်းကို လင်ကျင်းကျယ် သ်ိနိုင်၏။ သူက ဒေါသကြောင့် မျက်နှာနီရဲနေသော ကောရှန်ကိုထိန်းလိုက်ပြီး ပန်ကိတ်ကိုကုန်အောင်စားလိုက်သည်။ ဒီအရာက သူ့ကို စိတ်အနှောင့်ယှက် မဖြစ်စေသော်လည်း ရင်ထဲတွင် ခံရမခက်သည်တော့မဟုတ်ခဲ့။
ကျန်းရန်နှင့် ကျန်းမိသားစုတစ်ခုလုံး၏ အရိပ်မည်းကြီးက သူ့ဘဝကို အလွန်မှောင်မိုက်သွားအောင် လွှမ်းခြုံထားခဲ့သောကြောင့်ပင်။
လင်ကျင်းကျယ်က အချိန်အတော်ကြာသည်အထိ ကျန်းမိသားစုအတွက် ဤရှေးဟောင်းပစ္စည်းများက ဘယ်လို အဓိပ္ပါယ်ရှိနေသည်ကို နားမလည်နိုင်ခဲ့ပါ။ သူ၏ယခင်ဘဝက ဒီအသက်အရွယ်တွင် သူက လောကကြီးအကြောင်း အနည်းငယ်မျှသာသိပြီး မသိနားမလည်သော၊ အတွေ့အကြုံမရှိသော လူငယ်တစ်ဦးမျှသာဖြစ်ခဲ့သည်။ ကြေးထည်ပစ္စည်းများက တန်ဖိုးကြီးသောပစ္စည်းများဖြစ်ပြီး အဖိုးဖြစ်သူက သူ့ကိုပေးအပ်ခဲ့သည့်အရာလည်းဖြစ်သည်။ သူက လက်လျှော့ရန် ဆန္ဒမရှိခဲ့သော်လည်း ကျန်းမိသားစုကတော့ ထိုအရာများကို ရမှဖြစ်မည်။
ကိုးဆယ်ခုနှစ်အစောပိုင်းတွင် လိယွမ်မြို့ကဲ့သို့ မြို့ငယ်လေး၌ တရားဥပဒေဆိုသည့်အရာက အမည်ခံသာဖြစ်ခဲ့၏။ ကျန်းမိသားစုဝင်များက အတင့်ရဲလွန်းသည်။ ညှိနှိုင်းမှုအဆင်မပြေသောအခါ နေ့ခင်းကြောင်တောင်ကြီး အိမ်ဟောင်းထဲသို့ဝင်ကာ ရှေးဟောင်းပစ္စည်းများကို ဖယ်ရှားပစ်လိုက်ကြ၏။
ဒါက လင်ကျင်းကျယ်ကို ဒေါသထွက်စေခဲ့သည်။ သူက ဒီကိစ္စကို အမှူဖွင့်ချင်သော်လည်း ငယ်ငယ်ကတည်းက အဝေးကမြို့ကြီးတစ်ခုတွင် နေထိုင်ခဲ့ကာ တစ်ခါမှအဆက်အသွယ်မလုပ်ဖူးသည့် အမေဖြစ်သူက သူ့ကို ထူးဆန်းစွာ ဖုန်းခေါ်ခဲ့သည်။
လင်ကျင်းကျယ်က ဘဝ၏အထိခိုက်ဆုံးအချိန်တွင် ရှိနေခဲ့သည်ပင်။ ငွေကြေးအရင်းအနှီးလည်းမရှိ၊ ဝင်ငွေလည်းမရှိသလို နေ့စဉ်ဘဝတွင်လည်းအခက်အခဲများနှင့် ပြည့်နှက်နေခဲ့သည်။ အမေဖြစ်သူ၏ ကြင်နာမှုအရိပ်အယောင်ကို သူခံနိုင်ရည်မရှိခဲ့ပေ။ အမေဖြစ်သူ၏ နူးညံ့ညင်သာသောအသံကြောင့် သူက “သူ၏မိသားစု” ဆိုသည့်အရာကို သည်းခံနိုင်ခဲ့သည်။ သူ(မ)က ယန်မြို့တွင် အစိုးရကောလိပ် မတက်ဘဲ သူ(မ)နေသောမြို့ကြီးရှိ ပုဂ္ဂလိကကောလိပ် တက်ရန်လည်း ပြောခဲ့သေးသည်။
ဤအရာအားလုံးမှာ လိမ်လည်မှုတစ်ခုသာဖြစ်ကြောင်း အတော်ကြာမှ သူသဘောပေါက်ခဲ့လေသည်။ အရာအားလုံး နောက်ကျသွားခဲ့လေပြီ။ ထိုအချိန်တွင် ရှေးဟောင်းပစ္စည်းများကျေးဇူးကြောင့် ကျန်းမိသားစုက လိယွမ်မြို့တွင် အချမ်းသာဆုံး၊ ဩဇာအရှိဆုံးမိသားစုဖြစ်လာခဲ့သည်။
ထိုအခိုက် သူ၏မျက်လုံးထောင့်လေးမှ ထ်ိုနေရာသို့ အပြေးအလွှားလာနေသည့် လူနှစ်ယောက်ကို လင်ကျင်းကျယ်မြင်လိုက်ရ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာတော့သည်။ သူက ကောရှန်ကိုဖယ်ကာ ကျန်းရန်အနားကပ်၍ နူးညံ့စွာပြောလိုက်၏။
"ငါ့ရဲ့ စာမေးပွဲရလဒ်တွေကို ဘာလို့စိတ်ဝင်စားနေတာလဲ။ ဘာအကျိုးရှိလို့လဲ။ ငါ့ကိုစိတ်ဝင်စားမဲ့အစား မင်းအမေအကြောင်းသာ အာရုံစိုက်စမ်းပါ။ အခုနောက်ပိုင်း သူ(မ) အရမ်းဒေါသကြီးလာတယ်မလား။ ဒါက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ မင်းလည်းသိပါတယ်။ သွေးတိုးသွားမယ်ဆိုရင်...မကြာခင်–"
ဒါက ချက်ကောင်းကိုထိသွားသလိုပင်။ ကျန်းရန်က ခန္ဓာကိုယ်ကိုကျုံ့၍ရပ်နေသည်မှ ဟန်ဆောင်မှုရပ်ပြီး ခန္ဓာကိုယ်ကိုဆန့်လိုက်၏။ သူက လင်ကျင်းကျယ်ကို ကော်လံမှဆွဲကိုင်ကာ လက်သီးဖြင့်ရွယ်ပြီး ဒေါသတကြီးအော်လ်ိုက်သည်။
“မင်းကို သတ်ပစ်မယ်—”
"ရပ်လိုက်စမ်း!"
ဝမ်းကွဲညီဖြစ်သူကို ရိုက်တော့မည်အလုပ် အနောက်ဘက်မှ ကျယ်လောင်သည့်အော်သံကြားလိုက်ရသဖြင့် ဘောင်းဘီထဲသေးထွက်ကျတော့မတတ် ကြောက်လန့်သွား၏။
သူက လင်ကျင်းကျယ်၏ပခုံးမှ ကျော်ကြည့်လိုက်ရာ ခြေထောက်များပင် ခွေကျသွားတော့သည် - စည်းကမ်းထိန်းသိမ်းရေးရုံးမှ ဒါရိုက်တာက သူတို့အတန်းပိုင်ဆရာမနှင့်အတူ မလှမ်းမကမ်းတွင် ရပ်နေပြီး အမူအရာကလည်း ကြည့်ရဆိုးလောက်အောင် ပျက်နေခဲ့သည်။
ကျန်းရန်က အရပ်ရှည်ပြီး ခန္ဓာကိုယ်ပြည့်သူဖြစ်၏။ အထူးသဖြင့် သူတို့ တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာရပ်နေသောအခါတွင် ဖြူဖျော့၍ ပိန်သွယ်သော လင်ကျင်းကျယ်နှင့်သူ၏ကြား သိသိသာသာ ခြားနားချက်ပေါ်နေ၏။
ဒါရိုက်တာက ဆူလိုက်တော့သည်။
"မင်းဘာလုပ်နေတာလဲ?! မင်းရဲ့အတန်းဖော်ကို ရိုက်ရဲတာလား? ဒါတောင်မှ ကိုယ့်ကိုကိုယ် ကျောင်းသားလို့သတ်မှတ်သေးတယ်ပေါ့။"
အတန်းနံပါတ် ၁ ၏အတန်းပိုင်ဆရာမ လီယွိရုန်က ဤမြင်ကွင်းကိုမြင်သောအခါ တုံ့ဆိုင်းနေခဲ့သော်လည်း ကျန်းရန်၏ စာမေးပွဲရလဒ်များက ကောင်းမွန်သောကြောင့် သူ(မ)က သူ့အပေါ် ဘက်လိုက်ခဲ့မိသည်။
သူ အပြစ်လွတ်စေရန် သူ(မ)က ပြောလိုက်၏။
"မင်းရောပဲ လင်ကျင်းကျယ်။ တစ်နေ့လုံးလည်း အဆင့်ကောင်းအောင်လုပ်မဲ့အစား ဘာမှမလုပ်ဘဲလှည့်ပတ်နေတယ်။ ရန်ဖြစ်တာက လူနှစ်ယောက်လုံးပါဝင်လို့ပဲ။ မင်းကြောင့်ဖြစ်တဲ့ ပြဿနာက ပိုပိုဆိုးလာတယ်!"
လင်ကျင်းကျယ်က စကားမပြောဘဲ ရိုးနေပြီဖြစ်သည့် နာခံသောအမူအရာဖြင့် မျက်လွှာချထားခဲ့သည်။
"အရမ်းကောင်းတယ်!"
စည်းကမ်းထိန်းသိမ်းရေးရုံး၏ ဒါရိုက်တာက လီယွိရုန်ကို ကျောင်းအုပ်ကြီးနှင့် မပြတ်မသား ဆက်ဆံရေးရှိနေသည့်ကိစ္စနှင့် ပတ်သက်၍ အမြင်စောင်းနေခဲ့ပြီးဖြစ်သလ်ို သူ(မ)ကြေညာထားသည့် အတန်းများကြား ကျောင်းသားများကို မတရားသဖြင့်အပြောင်းအရွှေ့ပြုလုပ်ခြင်းကလည်း ကျောင်းကိစ္စကို အထောက်အကူမပြုပေ။ အခုလည်း သူ(မ)က ပေါ်တင်ပဲ အပြစ်လွှဲချရန် ကြိုးစားသည်ကို ကြားလိုက်ရတော့ သူ အလွန်ဒေါသထွက်သွားတော့သည်။
"လက်နဲ့ရွယ်တဲ့တစ်ယောက်၊ မင်းနာမည်ဘယ်လိုခေါ်လဲ။"
သူက စကားလမ်းလွဲမခံဘဲ ဖြတ်ပြောလိုက်သည်။
ကျန်းရန်ကို သဘောမကျသည့် အနီးနားရှိ ကျောင်းသားတစ်ယောက်က ချက်ချင်းအော်ပြောလိုက်၏။
“ဆရာ၊ သူ့နာမည်က ကျန်းရန်ပါ။"
"ကျန်းရန်လား?"
ဒါရိုက်တာက လီယွိရုန်ကို အလိုမကျသည့်အတွက် ကျန်းရန်က ကံဆိုးပြီး မြေစာပင်ဖြစ်ခဲ့ရသည်။
“အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ စတင်တော့မှာကို မင်းက အတန်းဖော်တွေကို အနိုင်ကျင့်ဖို့စိတ်ရှိသေးတယ်။ မင်း အမှားတစ်ခု လုပ်ထားပြီမို့လို့ တနင်္လာနေ့မတိုင်ခင် ပြန်လည်သုံးသပ်ချက်တစ်ခုရေးပြီး အလံတင်အခမ်းအနားမှာ လူသိရှင်ကြား တောင်းပန်ရမယ်။"
"ဒါရိုက်တာ- "
လီယွိရုန် အံ့ဩသွားခဲ့သည်။ လူသိရှင်ကြားတောင်းပန်မှုက မာန်မာနကလွဲလျှင် ဘာမှမထိခိုက်သည့်အတွက် ကောင်းမွန်နေသေးသော်လည်း ကျန်းရန်၏ မှတ်တမ်းတင် အပြစ်တစ်ခုရှိနေတော့မည်ကတော့ ကြီးမားသည့် ကိစ္စပင်။ ထိုအရာက ကျန်းရန်၏ ကွန်မြူနစ်လူငယ်အဖွဲ့ နှင့် တရုတ်ကွန်မြူနစ်ပါတီဝင်ရန် အခွင့်အလမ်းများကို ထိခိုက်စေကာ သူ၏ အထက်တန်းကျောင်းဆင်းပွဲကိုပင် ထိခိုက်စေလိမ့်မည်။
သူ(မ)တို့ နောက်ဆုံးတွေ့ခဲ့ချိန်တွင် ကျန်းရန်၏အမေက ကွမ်းနန်တက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်း၏အကြံပြုချက်တစ်ခုရရန် သူ(မ)ကို လာဘ်ထိုးခဲ့သည်။ ဝင်ခွင့်ရရန် ကျောင်းသားများက ထူးချွန်သော ပညာရေးစွမ်းဆောင်ရည်နှင့် စံနမူနာပြုလောက်သည့် အကျင့်များရှိရန် လိုအပ်ပြီး သူတို့၏ မှတ်တမ်းက အစွန်းအထင်း ကင်းစင်နေရမည်ဖြစ်သည်။ အခုတော့ သူ့မှာ အခွင့်မရှိတော့ပေ။
ဒါရိုက်တာက သူ(မ)ကို လျစ်လျူရှုပြီး စာသင်ခန်းထဲဝင်သွားလိုက်၏။
ဤကဲ့သို့ ပယ်ချခံရသည့်အတွက် လီယွိရုန်လည်း မပျော်တော့ပေ။ နောက်တော့ သူ(မ)ကို ကတိပေးထားသည့် ယွမ်ငါးသောင်းက အခိုးအငွေ့အဖြစ်ပြောင်းသွားသည့်အတွက် သူ(မ) ပို၍ စိတ်ဆိုးလာခဲ့သည်။ သူ(မ)က ကျန်းရန်ကို ဒေါသတကြီးကြည့်လိုက်ပြီး ဒါရိုက်တာနောက်မှ စာသင်ခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။
ကျန်းရန်က ထိတ်လန့်သွားပြီး သူတို့၏ နောက်ကျောကို တုန်လှုပ်စွာ ကြည့်နေလိုက်၏။ ခဏအကြာတွင် အကြံပြုချက်နှင့်ပတ်သက်၍ သူ့အမေပြောခဲ့သည့်စကားကို သတိရသွားကာ ဘာဖြစ်ခဲ့သည်က်ို သဘောပေါက်သွားပြီး သူ၏မျက်နှာက သွေးရောင်မရှိတော့လောက်အောင် ဖြူဖျော့သွားခဲ့၏။
လင်ကျင်းကျယ်လည်း ပြိုင်ဘက်ဖြစ်သူ၏ အားပျော့နေသော ဆုတ်ကိုင်မှုမှ အင်္ကျီကော်လံကို ရုတ်တရက်ဆွဲထုတ်လိုက်ပြီး ကျောင်းဝတ်စုံကို သေချာပြင်ဆင်လိုက်ကာ ဝမ်းကွဲအစ်ကို၏ ပခုံးကို လက်ဖြင့်ပုတ်လိုက်၏။ ပုတ်လိုက်သည်မှာ အားမပြင်းသော်လည်း ကျန်းရန်ကတော့ အားပျော့ကာ မြေပေါ်လဲကျတော့မလ်ိုပင်။
လင်ကျင်းကျယ်က တစ်ဖက်လူ၏ အသက်မပါတော့သလို အမူအရာကိုကြည့်ပြီး ပြုံးနေလိုက်၏။
"ကိုယ့်ကိုယ်ကိုယ် သေချာထိန်းမှပေါ့ ဝမ်းကွဲအစ်ကိုရာ။"
***
Aurora Novel Translation Team