no

Font
Theme

လက်ထောက်ကော်မရှင်နာလျို၏ မျက်နှာက မည်းမှောင်သွားသည်—သူလည်း ဤအရာကို စိုးရိမ်နေသည်။ သို့သော် ဤစိုးရိမ်မှုသည် ရှေးဟောင်းပစ္စည်း မှောင်ခိုကူးသူများအဖွဲ့ကိုဖမ်းမိပါက သူရရှိမည့် အသိအမှတ်ပြုမှုနှင့် နှိုင်းယှဉ်လျှင် အရေးမပါတော့ပေ။

ယခုအချိန်တွင် သူက ရာထူးတိုးမြှင့်ခံရရန် အခွင့်အရေးကောင်းတစ်ခုရရှိနေသည်။ ဒါက သူ၏ဘဝအတွက် အလှည့်အပြောင်းဖြစ်နိုင်သည် — သူ၏အသက်မွေးဝမ်းကျောင်းအလုပ်တွင် တိုးတက်မှုတစ်ခုဖြစ်လာပြီး သူ၏အနာဂတ်သည်လည်း တောက်ပလာလိမ့်မည်။ သို့သော် သူသာ ဤအခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့လျှင်...

သူ ခန့်မှန်းရန်ပင် မလိုပေ—အနီးအနားမြို့များတွင် လက်ထောက်ကော်မရှင်နာရာထူး ရှိနေပြီး ပင်စက်ယူသည့် နောက်ဆုံးနေ့အထိ ရာထူးတိုးမြှင့်ခြင်းမခံရသောသူများစွာရှိသည်။ ထိုအရာသည်လည်း သူ၏အနာဂတ်ဖြစ်နိုင်ဖွယ်ရှိသည်။

ထိုအတွေးကို တွေးမိလိုက်သည်နှင့် သူ၏တွန့်ဆုတ်မှုက ချက်ချင်းပျောက်ကွယ်သွားသည်။ သူက နာရီကိုတစ်ချက်ကြည့်လိုက်ပြီး နောက်မှအသင့်စောင့်နေသော အဖွဲ့ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက ထိုနေ့၏ အရေးကြီးဆုံးအမိန့်ကို ထုတ်ပြန်လိုက်၏။

“ဖမ်းဆီးလိုက်!”

တိန့်မိုက်၏အဖေက အံ့အားသင့်စွာနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မလုပ်နဲ့! လက်ထောက်ကော်မရှင်နာလျို။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောမတူဘူး၊ ခင်ဗျားက အရမ်းစွန့်စားလွန်းတယ်!”

“စွန့်စားတယ်? ခင်ဗျားလို ကြောက်တတ်တဲ့ အဘွားကြီးတစ်ယောက်လို ပြုမူနေမှ ခင်ဗျားက ပိုသဘောကျမှာလား။ ကျွန်တော်တို့ မလှုပ်ရှားရဲဘူးဆိုရင်ရင် ရာဇဝတ်ကောင်တွေက ပိုပိုပြီး မောက်မာလာလိမ့်မယ်! အဲဒီအခါကျရင် ကျောင်းသားတွေ လုံခြုံမယ်လို့ ခင်ဗျားထင်လား။”

လက်ထောက်ကော်မရှင်နာလျိုက ပြန်ပြောလိုက်သည်။ သူက အသံကိုနှိမ့်ကာမဲ့ပြုံးပြုံး၍ ပြောလိုက်ပြန်၏။

“လက်ထောက်ကော်မရှင်နာတိန့်၊ ဒါက ကျွန်တော့်အမှုဖြစ်ပြီး ကျွန်တော့် လက်အောက်ခံတွေနဲ့လုပ်တဲ့ကိစ္စ။ ခင်ဗျား ဒီမှာရှိနေစရာ မလိုဘူး။ ခင်ဗျား ထွက်သွားသင့်ပြီ!”

ထို့နောက် သူက ခြံတံခါးကို ကန်ဖွင့်လိုက်သည်။

စိုးရိမ်တကြီးဖြင့် တိန့်မိုက်၏အဖေက သူခေါ်လာသော လူအချို့ကိုခေါ်ကာ သူ့ကိုတားဆီးရန် အလျင်အမြန်သွားသော်လည်း လူအင်အားများသော လက်ထောက်ကော်မရှင်နာလျို၏လူများက သူ၏အဖွဲ့ကို လျင်မြန်စွာ ဝိုင်းရံတားဆီးလိုက်နိုင်ခဲ့သည်။ ခဏအကြာတွင်ပဲ နောက်ထပ် အသံကျယ်တစ်ခု ထွက်ပေါ်လာသည်—ယခုတစ်ကြိမ်တွင်တော့ တံခါးမကြီးကို ကန်ဖွင့်လိုက်ခြင်းဖြစ်သည်။

အိမ်ထဲတွင် ကျောင်းသားများ၏ အော်ဟစ်သံများ ဆူညံသွားသော်လည်း သေနတ်သံများကိုတော့ မကြားရပေ။ အဘိုးဖန်က သူ၏ကိုယ်ရံတော်များကို အော်ဟစ်ကာ ခုခံခြင်းမပြုရန် အမိန့်ပေးလိုက်သည်။

“ရပ်လိုက်တော့၊ သူတို့ကို ဖမ်းခွင့်ပေးလိုက်!”

ထို့နောက် သူတို့အားလုံးကို လက်ထောက်ကော်မရှင်နာလျို၏လူများက ကြမ်းပြင်ပေါ်တွင် မှောက်လျက်ထားကာ ချုပ်နှောင်လိုက်၏။

လက်ထောက်ကော်မရှင်နာလျိုက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ သူက ကိုယ်ရံတော်တစ်ဦး၏ ကျောပေါ်တွင် ခြေထောက်တင်ကာ အဘိုးဖန်၏ နဖူးကို သေနတ်ဖြင့် ချိန်ရွယ်ပြီး အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်သည်။

“မကြာသေးခင်ကတောင် ခင်ဗျားက အရမ်းမောက်မာခဲ့တာပဲ—အခုရော ထပ်ပြီး စကားများရဲသေးလား၊ ဟမ်။”

အဘိုးကြီးက သူ့ကို နက်မှောင်သော အကြည့်ဖြင့်သာကြည့်ကာ မဲ့ပြုံးပြုံးလိုက်၏။

ဒုတိယရဲမှူးလျိုက သူ၏အောင်ပွဲအတွင် ပျော်ရွှင်နေလေသည်။ သူက မတ်တတ်ရပ်ကာ အမိန့်ပေးလိုက်၏။ “သူတို့ကို ခေါ်သွားတော့!”

တောက်ပသော လက်ထိပ်များသည် အိုမင်းပြီး အားနည်းသော လက်ကောက်ဝတ်များပေါ်သို့ ကျရောက်သွားခါနီးတွင် အပြင်ဘက်၌ ရုတ်တရက် ဆူညံသံများ ပေါ်လာခဲ့၏။

ကားဘရိတ်အုပ်သံများ တစ်ခုပြီးတစ်ခု ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ မကြာမီမှာပဲ ရဲတစ်ဦးက အထဲသို့ ပြေးဝင်လာကာ လက်ထောက်ကော်မရှင်နာလျိုကို တစ်စုံတစ်ခုတီးတိုးပြောလိုက်၏။

လက်ထောက်ကော်မရှင်နာလျို၏ မျက်နှာက တောက်ပသွားခဲ့သည်။ သူက လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြကာ အလျင်အမြန်ပြောလိုက်၏။

"မြန်မြန်လုပ်စမ်းပါ!”

လူတစ်စုသည် ခြေလှမ်းကျဲကြီးများဖြင့် ဧည့်ခန်းထဲသို့ ဝင်လာသောအခါ သူက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ရန် အလျင်အမြန်သွားလိုက်ပြီး ပြောလိုက်၏။

“အိုး၊ မြို့တော်ဝန်နဲ့ ခေါင်းဆောင်တွေပါလား! ဒီအရှုပ်အထွေးကိစ္စတွေအတွက် ကျွန်တော် တကယ်စိတ်မကောင်းပါဘူး။ ကံကောင်းစွာနဲ့ အခြေအနေတွေကို ထိန်းချုပ်ပြီးသွားပါပြီ။"

သူက သူ၏အောင်မြင်မှုများကို ကြွားဝါလိုသော်လည်း ဝမ်းနည်းစွာဖြင့် သူ၏အကြံကတော့ မအောင်မြင်ခဲ့ပေ။

ရှေ့ဆုံးမှ လျှောက်လာသော တူကန်က သူ့အနားကပ်လာကာ မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်၏။

“မင်း ဒီလောက် သတ္တိရှိမှန်း ငါ တစ်ခါမှ မသိခဲ့ဘူး လက်ထောက်ကော်မရှင်နာလျို။”

သူသည် တံတွေးထွေးလိုက်၏။ ထို့နောက် သူ၏မျက်နှာအမူအရာသည် တောင်းပန်သည့်အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက အဘိုးဖန်ထံ ချဉ်းကပ်သွားပြီး ဦးညွတ်လိုက်ကာ ရိုသေမှုအပြည့်ရှိသည့်ပုံစံဖြင့်ပြောလိုက်သည်။

“ဆရာဖန်၊ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ ကျွန်တော် ဒီအကြောင်းကို ဘာမှမသိခဲ့ဘူးဆိုတာ အာမခံပါတယ်။"

လက်ထောက်ကော်မရှင်နာလျိုသည် အမှတ်မထင် ပါးရိုက်ခံလိုက်ရမှုကြောင့် ရပ်တန့်သွားခဲ့ပြီး သူ၏မျက်လုံးများသည်လည်း တူကန်၏နောက်သို့ အလိုလိုကြည့်မိသွားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏စိတ်သည် အံ့သြထိတ်လန့်မှုဖြင့် လေးလံထိုင်းမှိုင်းသွားလေတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment