no

Font
Theme

လီယွမ်မြို့ အမှတ် (၁) အထက်တန်းကျောင်းသည် ကျေးလက်ဒေသရှိ သာမန်ကျောင်းတစ်ခုသာဖြစ်သည်။ အတန်းနံပါတ် ၅ ရှိ ကျောင်းသားများ၏စွမ်းဆောင်ရည်မှာ တစ်ကျောင်းလုံး၏အနိမ့်ဆုံးဖြစ်သည်ဟု မှန်းကြည့်၍ရသည်။

၉၀ ခုနှစ်အစောပိုင်းတွင် လီယွမ်မြို့၏ စီးပွားရေးအခြေအနေက ပြန်လည်ထူထောင်ရန် ရုန်းကန်နေရဆဲကာလဖြစ်၏။ ယဉ်ကျေးမှုနှင့် ကျင့်ဝတ်တန်ဖိုးများလည်း မရှိသေးသဖြင့် မြို့တော်အစိုးရ၏စီမံခန့်ခွဲမှုမှာလည်း အားနည်းနေခဲ့သည်။ မှောင်ခိုလုပ်ငန်းများ ထွန်းကားနေပြီး လူ့ဘောင်အဖွဲ့အစည်းတွင် အကျင့်ပျက်ခြစားမှုများလည်း ပေါများခဲ့ချိန်ဖြစ်သည်။ လုံခြုံရေးစနစ်များ ဘယ်လောက်ထိဆိုးသလဲဆိုလျှင် နေ့ခင်းကြောင်တောင်မှာပင် ကျန်းမိသားစုက လင်ကျင်းကျယ်၏အိမ်တွင်းဝင်ရောက်ကာ ပိုင်ဆိုင်မှုများ လုယူသွားနိုင်ခဲ့သည်။

ဥပဒေဆိုသည်မှာ အမည်ခံသာရှိနေခဲ့သော ထိုကာလတွင် "အစ်ကိုကြီးများ"ဟုခေါ်ကြသော လူမိုက်များနှင့်နောက်လိုက်များက မြို့တစ်ဝှမ်း လှည့်လည်ပျော်ပါးကာ အရက်သေစာသောက်စားပြီး မိန်းမပျိုများနှင့်ပျော်ပါးခြင်းဖြင့် မိုက်မဲစွာအချိန်ကုန်လေ့ရှိသည်။ လင်ကျင်းကျယ်သည် နောက်ပိုင်းတွင် ဤဖောက်လွဲဖောက်ပြန်စနစ်ကြီး ပြိုလဲသွားပုံကို မျက်ဝါးထင်ထင်မြင်ခဲ့ဖူးသော်လည်း သူ မငြင်းနိုင်သည်ကတော့ ထိုစနစ်ကြီး၏ အထင်ကြီးစရာကောင်းလောက်သော လုပ်နိုင်စွမ်းကိုပင်။

အတန်းနံပါတ် ၅ ရှိ ကျောင်းသားအများစုက တက္ကသိုလ်ဝင်စာမေးပွဲကို အရှုံးပေးထားသူများဖြစ်၏။ အခြားစာသင်ခန်းများရှိ ကျောင်းသားများ စာကျက်နေစဉ်တွင် အတန်းနံပါတ် ၅ မှ ကျောင်းသားများကတော့ သန့်စင်ခန်းနားရှိ စင်္ကြံအဆုံးတွင် စုဝေးနေကြပြီး စိတ်လှုပ်ရှားစရာကိစ္စလေးများကို မျှော်လင့်နေကြ၏။ ကောရှန်နှင့် ဟူယွိတို့နောက်မှ လင်ကျင်းကျယ်ပေါ်လာသည်နှင့် သူတို့က သူ့ကို သူရဲကောင်းတစ်ဦးသဖွယ် အားပေးသံများဖြင့်ကြိုဆိုကြ၏။

ထိုပုန်ကန်တတ်သော လူငယ်များက လင်ကျင်းကျယ်၏ ပခုံးနှင့်ကျောကိုပုတ်ပြီး စိတ်အားထက်သန်စွာချီးကြူးလိုက်ကြသည်။

"သူငယ်ချင်း၊ မင်းကတော့ တကယ့်ကို အရမ်းမိုက်တဲ့ကောင်ပဲ။"

"ဒီအဖိုးကလည်း ယွိရုန်ဆိုတဲ့ဆရာမကို လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာလောက်ကတည်းက ဆဲချင်နေတာ!"

"ဟုတ်တယ်၊ ဘာအင်္ဂလိပ်လဲ။ သူ(မ)ရဲ့အင်္ဂလိပ်စကားသံကလည်း စုတ်ပြတ်နေတာကို လန်ဒန်အသံထွက်ဆိုပဲ...."

အတန်းနံပါတ် ၁ ရှိ ကျောင်းသားများက သူတို့ကိုယ်သူတို့ သူများထက်သာလွန်သည်ဟုခံယူကာ အခြားစာသင်ခန်းများရှိ ကျောင်းသားများနှင့် ရံဖန်ရံခါသာ ဆက်ဆံလေ့ရှိသည်။ ဟူယွိလည်း လင်ကျင်းကျယ်ကဲ့သို့ ထူးချွန်ကျောင်းသားတစ်ဦးအနေဖြင့် စည်းကမ်းမဲ့သော သူ(မ)၏ကျောင်းသားများနှင့် ဆက်ဆံမိလျှင် စိတ်မသက်မသာဖြစ်ရမည်ကိုစိုးသဖြင့် ထိုကျောင်းသားများကို နှင်လွှတ်ရန်လုပ်လိုက်၏။

သို့သော်လည်း သူကတော့ ထိုစာညံသည့်ကျောင်းသားများကို မဆက်ဆံချင်သလို သဘောမကျသလို အမူအရာများမလုပ်ခဲ့။ ထိုအစား သူက သူ့ကိုဆက်ဆံသည့်အတိုင်း ပြန်ဆက်ဆံခဲ့၏။ သူက မထီမဲ့မြင်အပြုံးမျိုးပင်ပြုံးကာ အဖွဲ့ခေါင်းဆောင်ဟုယူဆရသောသူ၏ ပခုံးကိုဖက်ပြီး ပြောလိုက်၏။

"ငါတို့က မကြာခင်ပဲဘွဲ့ရတော့မှာကို ငါက အဲ့ဒီအပေါက်ဆိုးတဲ့မိန်းမကို ကြောက်နေမယ်ထင်လို့လား။"

အခြားတစ်ဖက်ရှိကောင်လေးက ခဏတာ ကြောင်အမ်းသွားပြီးနောက် မျက်နှာပေါ်မှအပြုံးက ပို၍စစ်မှန်လာခဲ့သည်။ သူက လမ်းကိုပိတ်ထားသော နောက်လိုက်အချို့ကို တွန်းဖယ်ကာ လင်ကျင်းကျယ်၏ ပခုံးကို လက်ဖြင့် ချိတ်လိုက်၏။ သူက သဘောကျသည့်လေသံဖြင့် ပြောလိုက်သည်။

“ငါ့ကောင်တို့ လင်ကျင်းကျယ်က အဆင်ပြေတယ်။ ငါ့နာမည်က တိန့်မိုက်၊ ဒီနေ့ကစပြီး ငါတို့က သူငယ်ချင်းတွေပဲ။”

သူက အရပ်ရှည်ရှည် အသားညိုညိုဖြစ်သော်လည်း မျက်နှာသွင်ပြင်ကတော့ ချောမောတည်ကြည်သည့်အတွက် အကျင့်ကောင်းသူမဟုတ်သည့်တိုင် ကြည့်ကောင်းနေ၏။ လင်ကျင်းကျယ်က သူ့ကို ဘယ်လိုလုပ် မမှတ်မိဘဲနေနိုင်မှာလဲ။ အနာဂတ်တွင် တိန့်မိုက်က အတန်းနံပါတ် ၅ ရှိကျောင်းသားများအနက် အကောင်းဆုံးသောအခြေအနေသို့ ရောက်ရှိခဲ့သူဖြစ်လိမ့်မည်။ သူကလည်း ကောရှန်ကဲ့သို့ စာဆက်လက်မသင်ကြားတော့ဘဲ ဘွဲ့ရပြီးသည်နှင့်အလုပ်စလုပ်ခဲ့သည်။ သို့သော် ကောရှန်ကဲ့သို့ သူက “အစ်ကိုကြီး” ဆိုသူများ၏နောက်လိုက်မလုပ်ဘဲ အရက်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ခြင်းပင်။

နောက်ပိုင်းတွင်တော့ လီယွမ်မြို့နှင့် အနီးအနားမြို့များရှိ အရက်ဆိုင်အားလုံးနီးပါးက သူ၏အမည်အောက်တွင်ရှိလာတော့၏။ လင်ကျင်းကျယ်က သူ့အပေါ် ကောင်းမွန်သောအမြင်ရှိရသည့်အကြောင်းအရင်းမှာ သူက ခင်မင်ရင်းနှီးမှုကို အလွန်အရေးထားပြီး ဟူယွိထံ မကြာခဏသွားရောက်လည်ပတ်ခဲ့သောကြောင့်ဖြစ်သည်။ ကောရှန်အား သေဒဏ်ချမှတ်ခဲ့ပြီးနောက် တိန့်မိုက်သည်လည်း လင်းကျင်းကျယ်ကဲ့သို့ပင် ကောရှန် ပို၍ဝမ်းမနည်းရစေရန် ဟူယွိကွယ်လွန်သွားသည့်သတင်းကို ဖုံးကွယ်ထားပေးခဲ့၏။

လင်ကျင်းကျယ်က ထိုအရာအတွက် အမြဲတမ်း ကျေးဇူးတင်နေခဲ့သည်။

တစ်ခါတစ်ရံ သူက ငယ်ဘဝကို ပြန်လည်သတိရမိသောအခါ သူ့ကိုယ်သူ မိုက်မဲပြီးကျေးဇူးမသိတတ်သော လူမိုက်တစ်ဦးဟု ထင်မှတ်ခဲ့ပြီး အတိတ်မှအပြုအမူများကို နောင်တရနေခဲ့၏။ ထိုအချိန်က သူသည် အတန်း ၅ သို့ ပြောင်းရွှေ့လာရခြင်းကို လက်မခံနိုင်ဘဲ လူတိုင်းကိုရန်စခဲ့သည်။ “မှန်ကန်သော လမ်းကြောင်းပေါ်တွင်မရှိ” ဟု သူယုံကြည်ထားသော ကျောင်းသားများနှင့် ပေါင်းသင်းဆက်ဆံရန် ငြင်းဆန်ခဲ့ပြီး ထိုအပြုအမူက ဟူယွိကို ဘယ်လောက်ထိ ဝမ်းနည်းစေခဲ့မိမည်ကိုလည်း တစ်ခါမှ မတွေးကြည့်ခဲ့ဖူးပေ။

လူတိုင်းက ရှိနေခဲ့သည့်အရာ၏တန်ဖိုးကို ဆုံးရှုံးပြီးမှသာ သိတတ်ကြ၏။

ယခုနှစ်ဤအချိန်သည် တတိယနှစ် သင်ရိုးညွှန်းတမ်းအားလုံးနီးပါးပြီးပြီဖြစ်သည့်အတွက် စာပြန်လေ့လာနေကြသောအချိန်ဖြစ်သည်။ လင်ကျင်းကျယ်က စားပွဲမှမီးအိမ်ကိုဖွင့်ကာ သူ၏ သင်္ချာဖတ်စာအုပ်ကိုဖွင့်၍ လျင်မြန်စွာ စတင်ကြည့်လိုက်တော့၏။

သူ၏ တံတောင်ဆစ်အနီးတွင်လည်း ဘာသာရပ်အားလုံး၏ ဖတ်စာအုပ်အထူကြီးများ အပုံလိုက်ရှိနေလေသည်။

ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဘယ်လိုမေးခွန်းမျိုးမေးမှာလဲ။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က သူဖြေဆိုခဲ့သော ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ဘယ်လိုမေးခွန်းများ ပါဝင်ခဲ့သည်ကို သူလုံးဝမေ့လျော့သွားခဲ့ပြီဖြစ်သည်။ သို့သော် အထက်တန်းကျောင်းသားတစ်ယောက်အတွက် အလွန်ခက်ခဲခဲ့သော မေးခွန်းအချို့ကိုတော့ သူ အနည်းငယ် မှတ်မိနေသေး၏။

ကျောင်းတွင် တစ်နေကုန်နေခဲ့ပြီးနောက် လင်ကျင်းကျယ်တစ်ယောက် ပြန်လည်လေ့လာခဲ့သောစာများတွင် ဘယ်တစ်ခုကိုမှ ရင်းနှီးသည်ဟု မခံစားရပေ။ ဆရာများက မှန်ကန်သောအဖြေများ ပေးလာမည်ဆိုသည်ကလည်း မဖြစ်နိုင်သည့်အရာပင်။ အဆုံးမှာတော့ သူကိုယ်တိုင်ပဲ ကြိုးစားရန် ဆုံးဖြတ်ခဲ့လိုက်သည်။

သူက အိမ်ပြန်ရောက်လာပြီးနောက် အဖိုး၏ ရုပ်အလောင်းဘေးတွင် အချိန်အတော်ကြာနေခဲ့ပြီးနောက် ရှင်းဟွာစာအုပ်ဆိုင်သို့ သွားခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရန် စာအုပ်များကဏ္ဍကို သွားကြည့်ခဲ့ပြီး အခက်ခဲဆုံးဟုသူထင်သောစာအုပ်များကို ဝယ်ယူလိုက်၏။

ထို့နောက် ကောရှန်၏ အိမ်သို့ လမ်းလျှောက်သွားလိုက်၏။ နေရာတကျထိုင်ပြီးနောက် သူက စတင်၍ စာလုပ်တော့သည်။

နှစ်ပေါင်းများစွာ စာမလုပ်ဘဲနေခဲ့သူဘယ်သူမဆို သူတို့၏ တစ်ချိန်က ကျယ်ပြန့်ခဲ့သောအသိပညာများ တဖြည်းဖြည်းလျော့ပါးလာသည်ကို သိရှိရလိမ့်မည်။ မကြာခဏ အသုံးပြုခဲ့သော အင်္ဂလိပ်စာမှလွဲ၍ လင်းကျင်းကျယ်သည် အခြားဘာသာရပ်များကို ပြန်လည်ရင်းနှီးလာစေရန် အတော်ကိုအားစိုက်ထုတ်ခဲ့ရသည်။

သူ့ဘေးတွင် ထိုင်နေသော ကောရှန်ကတော့ အိမ်စာများမပြီးသေးသည့်တိုင် လက်လျှော့၍ပြောလိုက်၏။

"ခဏလောက် နားကြမယ်လေကွာ။ ငါက မင်းကို ညစာစားဖို့အတွက် အိမ်ကို ခေါ်ထားတာ!"

လင်ကျင်းကျယ်လည်း စာရေးနေသည်ကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်၏။ သူက ဘောပင်ကို စားပွဲပေါ်ခေါက်လိုက်ပြီး ပြောလိုက်သည်။

"ဒီကိုလာ၊ ဒီပုစ္ဆာကို ရှင်းပြမယ်။"

ကောရှန်က လင်ကျင်းကျယ်၏ လက်ဖဝါးအောက်ရှိ စာအုပ်ကိုကြည့်လိုက်သည်။ သူမြင်နေရသော ဖော်မြူလာများက သူသိသောအရာများနှင့် အလွန်ကွာခြားနေသောကြောင့် ဂြိုလ်သားဘာသာစကားနှင့်ပင် တူနေသလိုလို။ သူက ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှုများ ရောထွေးနေသည်ကို ခံစားလိုက်ရသော်လည်း ငြင်းဆန်ရန် သတ္တိမရှိသောကြောင့် နာခံကာ အနားပိုကပ်သွားလိုက်၏။

"ဒီပိရမစ်ပုံစံကို ကြည့်လိုက်။ DE က SC ကို တူညီတဲ့နှစ်ပိုင်း ပိုင်းဖြတ်ထားတယ်..."

လင်ကျင်းကျယ်က ဖြည်းဖြည်းချင်း ပြောနေခြင်းပင်။ သူက တစ်ချိန်တည်းမှာပဲ စာသင်ပေးနေပြီး သူကိုယ်တိုင်လည်း ပြန်လည်လေ့လာနေခြင်းဖြစ်၏။ သူ၏အသံလည်း ပြောင်းလဲသွားခဲ့ပြီး ယခုအခါတွင် ပို၍ရှင်းလင်းပြီး အရင်ကထက် ပို၍ပဲ့တင်ထပ်နေခဲ့သည်။ ထိုအရာက ဟူယွိကိုတော့ အနည်းငယ် အံ့အားသင့်စေခဲ့မိ၏။

ကောရှန်က သင်္ချာပြဿနာကို ရုန်းကန်ဖြေရှင်းနေစဉ်မှာပဲ လင်ကျင်းကျယ်ထံသို့ အာရုံရောက်သွားတော့သည်။ စားပွဲတင်မီးအိမ်သည် ထိုလူငယ်၏ ပါးပါးလျလျ အရိုးများပေါ်လွင်နေသော မျက်နှာနှင့် ရှည်လျားထူထဲသော မျက်တောင်များကို ပေါ်လွင်နေစေခဲ့သည်။ သူ၏ မျက်ခုံးများမှာ အနည်းငယ်ရှုံ့နေပြီး အမူအရာကလည်း အေးစက်နေသည့်တိုင် ရုပ်ရည်ကတော့ ကြည့်ကောင်းနေလေ၏။

ကောရှန် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ယခုအချိန်တွင် လင်ကျင်းကျယ်၏ စိတ်နေစိတ်ထားနှင့်အပြုအမူက အတိတ်ကနှင့်မတူဘဲ အနည်းငယ်စိမ်းသက်နေခြင်းပင်။

ဒါက သူတို့၏ လိယွမ်မြို့ငယ်လေးတွင် မရှိနေခဲ့သော စိတ်နေစိတ်ထားမျိုးဖြစ်၏။ ကောရှန်က ယနေ့နံနက်မှစ၍ လင်ကျင်းကျယ်သည် သူနှင့် သူ၏အမေမှလွဲ၍ အခြားသူအားလုံးကို အမျိုးမျိုးသောလျစ်လျူရှုမှုများ ပြသခဲ့သည်ဟု ခံစားမိနေသည်။

လင်ကျင်းကျယ်က အမြဲတမ်း လူများနှင့်ခပ်ခွာခွာ နေတတ်သော်လည်း ဒီလိုတော့မဟုတ်ပေ။ ကောရှန်က သူ၏သူငယ်ချင်းအကြောင်းကို ကောင်းကောင်းသိ၏။ ထိုခက်ထန်သော မျက်နှာဖုံးနောက်ကွယ်တွင် လင်ကျင်းကျယ်သည် သိမ်ငယ်စိတ်ရှိပြီး ရှက်တတ်သည့် ဆယ်ကျော်သက်တစ်ဦးသာဖြစ်သည်။ သူက ထိုအရာကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း တစ်ခါတစ်ရံ လွတ်ထွက်သွားတတ်သည်။ ယနေ့တွင်မူ သူ၏ထိုဘက်အခြမ်းသည် လုံးဝပျောက်ကွယ်သွားသကဲ့သို့ပင်။

"ခဏလောက် နားလိုက်ပါဦး။"

ဟူယွိက တံခါးဝတွင် ခဏလောက် စောင့်ကြည့်နေခဲ့သော်လည်း လင်ကျင်းကျယ်ကတော့ ယနေ့ဖြစ်ရပ်များကြောင့် စိတ်ဓာတ်ကျသွားပုံမပေါ်ခဲ့ပေ။ သူ(မ)လည်း စိတ်သက်သာရာရသွားပြီးနောက် ဟင်းရည်နှစ်ပန်းကန်ကို ယူလာခဲ့ပြီး စားပွဲပေါ်တွင်ချထားပေးကာ စာအုပ်ကိုလှမ်းကြည့်လိုက်သည်။ သူ(မ)က အံ့သြသွားပြီးမေးလိုက်၏။

"ဒါက ကျောင်းက လိုအပ်တယ်ပြောထားတဲ့ သင်ရိုးညွှန်းတမ်းထဲမှာ မပါဘူးမလား။ စာပြန်လေ့လာဖို့ဆို ဒါတွေက အရမ်းခက်ခဲမနေဘူးလား။"

လင်ကျင်းကျယ်က ရှေ့တွင်ချထားသော ပန်းကန်ကိုကြည့်လိုက်သည်။ ရေဆေးဇလုံငယ်တစ်ခု၏ အရွယ်ခန့်ရှိပြီး အစားအစာများ ပြည့်လျှံနေခဲ့၏။ ဝက်ပေါင်ခြောက်ကြီးတစ်ခုဆိုလျှင် အပြင်သို့ပင် ထိုးထွက်နေသည်။

ကောရှန်၏ပန်းကန်ထဲတွင်မူ အရိုးများသာရှိနေပြီး ဝက်ခြေထောက် သေးသေးလေးတစ်ခုသာ ရှိ၏။

မကြာမီနှစ်များအတွင်း၌ သာမန်ပြည်သူများ၏ လူနေမှုအဆင့်အတန်းက မမြင့်မားခဲ့ပေ။ ဟူယွိတွင် တရားဝင် သင်ကြားရေးလက်မှတ် မရှိသောကြောင့် ဆရာများ၏ အဆောင်တွင် အခန်းမရရှိခဲ့သလို သူ(မ)၏ လုပ်ငန်းအကျိုးခံစားခွင့်များမှာလည်း နည်းပါးခဲ့၏။ ကောရှန်၏ဖခင်သည် ရွှေ့ပြောင်းလုပ်သားဖြစ်ပြီး အိမ်တွင်မရှိနေပေ။ သူတို့သားအမိက ကျောင်းအနီးရှိ အခန်းငယ်လေးတစ်ခန်းကိုသာ ငှားရမ်းနေထိုင်ခဲ့ကြသည်။ ဟူယွိ၏ လစာနည်းနည်းလေးဖြင့်ဆိုလျှင် အသားက ဇိမ်ခံစားစရာတစ်ခုဖြစ်နေလေသည်။

လင်ကျင်းကျယ် ရင်ထဲမကောင်းဖြစ်သွားခဲ့၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment