no

Font
Theme

လင်ကျင်းကျယ်၏ ဒေါသအချို့ကို နဂါးပြာ ‘ကျန်း’အပေါ်ပုံချလိုက်သော်လည်း ကျိုးဟိုင်ထန်အတွက် ဒေါသမီးများ အများအပြားကျန်နေသေးသည်။ သူတို့ပြန်ရောက်ရောက်ချင်းမှာပင် ထိုဒေါသတို့ကို ထုတ်ဖော်တော့သည်။

"မင်းကများ ရမ်းကားရဲတယ်ပေါ့! ဟိုအပေအတေ လူမိုက်ဂိုဏ်းတွေနဲ့! အစမ်းစာမေးပွဲမှာ မင်းရတဲ့အမှတ် ဘယ်လောက်လဲ သိရဲ့လား။ ခွင့်မတိုင်ဘဲ ကျောင်းပျက်တာ ဘယ်နှရက်ရှိပြီလဲ။ ဟိုပြက္ခဒိန်ကို ကြည့်စမ်း!"

ပြန်လာရာလမ်းတစ်လျှောက် ရန်ပွဲအကြောင်း စိတ်လှုပ်ရှားစွာ အာဘောင်အာရင်းသန်သန် ပြောလာခဲ့သော ကျိုးဟိုင်ထန်သည် လေလျော့သွားသော ပူဖောင်းတစ်လုံးနှယ် ဖြစ်သွားလေသည်။ လင်ကျင်းကျယ်၏ ရိုက်နှက်ခြင်းကို ရှောင်တိမ်းရန်မဝံ့ဘဲ ငြိမ်သက်စွာနေရင်း သူ့ကုပ်ပိုးကို အထုခံလိုက်သည်။

"လူမိုက်တွေက ဒီလိုပုံစံဖြစ်လိမ့်မယ်လို့ ငါက ဘယ်လိုလုပ်သိမှာလဲ..."

သူ၏စာဂရုမစိုက်မှုကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ရန် မျှော်လင့်ချက်များများစားစား မထားခဲ့ပေ။ သို့သော်၊ အောင်မြင်ခဲ့လျှင်ပင် သူ့မှာ ဘယ်လိုအနာဂတ်မျိုးရှိနေမည်တဲ့လဲ။

တက္ကသိုလ်တက်ဖို့လား။ ကျောင်းလခက မတန်တဆ ဈေးကြီးလှသည်။ သူ၏မိဘနှစ်ပါးလုံးသည် လိယွမ်ရေနွေးဘူးစက်ရုံတွင် အလုပ်လုပ်ခဲ့ကြဖူးသည်။ အစောပိုင်းက သူတို့အခြေအနေ အတော်အတန်ကောင်းမွန်စဉ်ကပင် ကျောင်းလခကို လျှော့မတွက်ခဲ့ကြပေ။ မနှစ်က အလုပ်သမားလျှော့ချမှုအပြီးတွင်တော့ ထိုငွေပမာဏကို စုဆောင်းနိုင်ခြေမှာ လုံးဝနီးပါး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

အကယ်၍ သူ တက္ကသိုလ်မတက်ဖြစ်ခဲ့ပါလျှင် အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုသင်ယူခြင်း သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဖြစ်လာခြင်းသာ ရှိတော့သည်။ ကျိုးဟိုင်ထန်သည် ထိုနှစ်မျိုးလုံးကို မလုပ်လိုခဲ့ပေ။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် လိယွမ်မြို့နယ်မှ ထွက်ခွာသွားရမည်ကို ဆိုလိုသောကြောင့်ဖြစ်သည်။ ထိုအခါ စက်ရုံမှူး၏ အမြဲတစေအနိုင်ကျင့်ဗိုလ်ကျခြင်းကို ခံနေရရှာသော သူ့မိဘများကို ကြည့်ရှုစောင့်ရှောက်မည့်သူ ရှိတော့မည်မဟုတ်ပေ။

သူသည် လင်ကျင်းကျယ်ထက် အသက်အနည်းငယ်ကြီးသော်လည်း အသက်နှစ်ဆယ်ပင်မပြည့်သေးဘဲ အတွေ့အကြုံနုနယ်လှသေးသည်။ သူ့မိဘများ အနိုင်ကျင့်ခံနေရသည်ကို မြင်တွေ့နေရသောအခါ သူနေ့စဉ်တွေးတောနေမိသည်မှာ မည်သို့ကြီးပွားတိုးတက်အောင်လုပ်ရမည်နည်ဟူ၍သာ။ မြို့ပေါ်မှလူငယ်များအမြင်တွင် အခြွေအရံများဖြင့် မြို့ထဲ၌ ဟန်ရေးပြကာ ငွေကိုဘယ်ညာပစ်ပေါက်သုံးဖြုန်းနေသော "ဂိုဏ်းခေါင်းဆောင်များ" ထက်ပို၍ မည်သည့်အရာက အထင်ကြီးစရာကောင်းနိုင်ပါမည်နည်း။

သူ့စိတ်ထဲတွင် အမြဲတမ်းအစီအစဉ်ချနေခဲ့သည်မှာ- သူသည် ရွှီလျှံ၏ညာလက်ရုံး လျင်မြန်စွာဖြစ်လာအောင်လုပ်မည်၊ ထို့နောက်သူ၏မိဘနှစ်ပါးနှင့် ကောရှန်၏မိခင် ဟူယွိတို့ကို အလုပ်မှထွက်ခိုင်းမည်၊ သို့မှသာ သူတို့သည် သူတို့၏ဆိုးဝါးလှသော အထက်လူကြီးများ၏ဒဏ်ကို ဆက်လက်ခံစားရတော့မည်မဟုတ်။ သူသည် ကောရှန်၏ဖခင်အတွက် လိယွမ်မြို့တွင် ဝင်ငွေကောင်းသောအလုပ်တစ်ခုရှာပေးမည်၊ သို့မှသာ ထိုလူသည် ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် လှည့်လည်သွားလာမနေရဘဲ မိမိမိသားစုနှင့်အတူ အိမ်တွင်နေထိုင်နိုင်ပေမည်။ ပြီးလျှင် လင်ကျင်းကျယ်ကို သူ၏အဆိပ်ပြင်းလှသော ဆွေမျိုးများအား ရှင်းလင်းရာတွင် ကူညီပေးမည်။ ထိုအခက်အခဲအားလုံးကို ဖြေရှင်းပြီးသောအခါ သူတို့အားလုံး ပျော်ရွှင်စွာအတူတကွနေထိုင်သွားကြတော့မည်။

သို့သော် ယခုမူ...

ကျိုးဟိုင်ထန်သည် သူအစွမ်းကုန်ထက်မြက်လှသည်ဟု ထင်မှတ်ခဲ့သော ရွှီလျှံက နဂါးပြာ ‘ကျန်း’ ၏ရှေ့တွင် ဝပ်တွားခဲ့ပုံ၊ ထို့နောက် လင်ကျင်းကျယ်က အစ်ကိုကျန်းကိုအနိုင်ယူပြီးနောက် လင်ကျင်းကျယ်ရှေ့တွင် ဝပ်တွားခဲ့ပုံတို့ကို ပြန်လည်အမှတ်ရမိသည်။ နောက်ဆုံးတွင်တော့ သူ၏မျက်လုံးများ ပွင့်လင်းသွားခဲ့လေပြီ။ မည်သည့်အစွမ်းကုန်ထက်မြတ်ခြင်းလော။ မည်သည့်အံ့မခန်းကျော်ကြားမှုလော။ သူလေးစားကြည်ညိုခဲ့သော ဂိုဏ်းများဆိုသည်မှာ ကြွားဝါနေသော လူမိုက်တစ်သိုက်မျှသာ။ သူသည် မိမိကိုယ်ကို လှည့်စားခံခဲ့ရသည်၊ အသိတရားကင်းမဲ့ပြီး ရိုးအလွန်းသော ငတုံးတစ်ယောက်ပါတကား။

လင်ကျင်းကျယ်ကဲ့သို့ အနာဂတ်မည်သို့ဖြစ်ပေါ်လာမည်ကို သူကြိုမသိခဲ့သော်လည်း ထိုအချိန်တွင် သူနောင်တရနေမိသည်။ ထိုနောင်တသည် ရှက်စိတ်မှပေါက်ဖွားလာခြင်းဖြစ်သည်—သူလိုက်ခဲ့သော ဤ "အစ်ကိုကြီး" အကြောင်းကို ကြွားဝါချင်ခဲ့သော်လည်း ရလဒ်အနေဖြင့် သူသည် သူ၏သူငယ်ချင်းများအား သူမည်မျှ တုံးအ ကြောင်းကိုသာ ပြသလိုက်သကဲ့သို့ဖြစ်သွားသည်။ ယခုသာ သူ့ရှေ့တွင် တစ်စုံတစ်ယောက်ကရပ်ကာ သူသည် ချွင်းနန်ပြည်နယ်တစ်ခုလုံး၏ မြေအောက်လောကခေါင်းဆောင်ဖြစ်ပြီး သူ့ကို သူ၏ညီငယ်အဖြစ် လက်ခံရန်ဆန္ဒရှိသည်ဟုပြောလာပါက ကျိုးဟိုင်ထန်သည် ထိုသူ၏မျက်နှာကို တံတွေးဖြင့်ထွေးပစ်လိုက်မည်ဖြစ်သည်။

သူသည် ခေါင်းမာသောသူတစ်ယောက်ဖြစ်သည်—တစ်ခုခုကို ဆုံးဖြတ်ပြီးသွားပါက သူ၏စိတ်ကိုပြောင်းလဲအောင်လုပ်ရန်မှာ လုံးဝနီးပါးမဖြစ်နိုင်ပေ။ သူ၏အသစ်တွေ့ရှိလာသော ယုံကြည်ချက်ကြောင့် သူ၏ဘဝလမ်းကြောင်းတစ်ခုလုံး ပြောင်းလဲသွားလိမ့်မည်ကို သူလုံးဝမသိခဲ့ပေ။ ထို့အပြင် ထိုအချိန်တွင် သူ့အတွက်အကြီးမားဆုံးတုန်လှုပ်ခြောက်ခြားစရာမှာ လင်ကျင်းကျယ်က နဂါးပြာ ‘ကျန်း’ ကို ရိုက်နှက်ခဲ့သောမြင်ကွင်းဖြစ်ပြီး ဂိုဏ်းများအပေါ် စိတ်ပျက်သွားခြင်းမှာမူ ဒုတိယနေရာတွင်သာရှိသည်။

လင်ကျင်းကျယ်သည် သူ့ထက်အမြဲတမ်း ပို၍ဉာဏ်ကောင်းပြီး ရုပ်ရည်လည်းပိုမိုချောမောသူဖြစ်သည်။ သူ၏စရိုက်မှာ အေးစက်သော်လည်း မိန်းကလေးအများအပြားက သူ့ကို တိတ်တခိုးသဘောကျကြသည်။ ကျိုးဟိုင်ထန်၏ သူ့အပေါ်တစ်ခုတည်းသောအားသာချက်မှာ အရပ်အမောင်းနှင့် ခွန်အားသာဖြစ်သည်—သို့မဟုတ် သူယုံကြည်ခဲ့ဖူးသည်မှာ ထိုမျှသာ။ လင်ကျင်းကျယ်တစ်ယောက်တည်း သူစိမ်းမြို့တစ်မြို့တွင် စာသွားသင်သည့်အခါ အနိုင်ကျင့်ခံရမည်ကို သူစိုးရိမ်ခဲ့ဖူးသော်လည်း သူ၏စိုးရိမ်မှုများမှာ အခြေအမြစ်မရှိဟုထင်ရသည်။

အရိုက်ခံရသူမှာ ပုန်းရှောင်ခြင်းမပြုသည့်အပြင် တောင်းပန်စကားသာ တတွတ်တွတ်ဆိုနေသောကြောင့် လင်ကျင်းကျယ်သည် မကြာမီပင် ငြီးငွေ့လာသည်။ ဤသင်ခန်းစာသည် ကျိုးဟိုင်ထန်အား မကောင်းသောနေရာများနှင့် ဝေးဝေးနေရန် လုံလောက်သင့်ပြီဟုတွေးကာ သူ့ကိုလွှတ်ပေးလိုက်ပြီး နောက်ဆုံးအနေဖြင့် ခြိမ်းခြောက်စကားတစ်ခွန်းကို ထပ်ဆင့်ပြောရန်လည်း မမေ့ခဲ့ပေ။

"နောက်ဆို ဒီလူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်၊ မင်းခြေထောက်တွေကို ငါရိုက်ချိုးပစ်မယ်!"

နာကျင်မှုကို ချက်ချင်းမေ့ပျောက်သွားကာ ကျိုးဟိုင်ထန်သည် ထထိုင်ပြီး လင်ကျင်းကျယ်၏ခြေထောက်များကို တွယ်ကပ်လိုက်ရင်း မျက်လုံးလေးများတောက်ပစွာဖြင့် သူ့ကိုမော့ကြည့်ကာ "မင်း ခုနက အရမ်းမိုက်တာပဲ၊ ကျင်းကျယ်!" ဟုဆိုလိုက်သည်။

လင်ကျင်းကျယ်သည် မျက်မှောင်ကြုတ်ကာ ရွံရှာသောအမူအရာဖြင့် ခေါင်းလွှဲလိုက်သော်လည်း အမှန်တကယ်တွင်မူ ဤမျှရိုးသားစွာချီးကျူးခံရခြင်းကို သူ အနည်းငယ်ရှက်နေမိသည်။

ဘေးမှကြည့်နေသော ကောရှန်၏ရင်ထဲတွင်မူ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။

ကျိုးဟိုင်ထန်သည် အနည်းငယ်တုံးအပြီး ကိစ္စရပ်များကို သိပ်ပြီးနက်နက်နဲနဲမစဉ်းစားတတ်သူဖြစ်သော်လည်း ကောရှန်မှာမူ ပို၍အသိတရားရှိသူဖြစ်သည်။ လင်ကျင်းကျယ်ပြုလုပ်ခဲ့သည်များအပေါ် သူ၏တုံ့ပြန်မှုမှာ အံ့ဩလေးစားခြင်းမဟုတ်ဘဲ စိုးရိမ်ပူပန်မှုသာ။

ငါ ကျင်းကျယ်ကို ပိုင်မာလမ်းပေါ်က ညဈေးကို ခေါ်မသွားခဲ့သင့်ဘူး။ ဒါဆို သူ အဲ့ဒီလူမိုက်တွေနဲ့ တွေ့မှာမဟုတ်ဘူး၊ ကောရှန်က သူ့ကိုယ်သူအပြစ်တင်ရင်း နောင်တရစွာတွေးလိုက်သည်။

သူ့အဘိုးကွယ်လွန်သွားပြီးကတည်းက လင်ကျင်းကျယ်၏စိတ်နေသဘောထားမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်၊ ဖြစ်နိုင်သည်မှာ သူအလွန်အမင်းဝမ်းနည်းပူဆွေးခဲ့သောကြောင့်ဖြစ်မည်။ သူသည် ပို၍အေးစက်လာပြီး ဒေါသပိုထွက်လွယ်လာကာ မည်သည့်အရာကမျှ သူ့ကိုကြောက်ရွံ့ပြီး လက်မြှောက်အရှုံးပေးအောင် လုပ်နိုင်မည်မဟုတ်ဟုထင်ရသည်။ ပိုမိုသတ္တိရှိလာခြင်းသည် များသောအားဖြင့် ကောင်းသောအရာတစ်ခုဖြစ်သော်လည်း ယနေ့၊ ခုနလေးတင်ကပင် လင်ကျင်းကျယ်သည် တစ်စုံတစ်ယောက်ကို လည်ပင်းညှစ်သတ်လုနီးပါးဖြစ်ခဲ့သည်!

ကောရှန်၏လက်များမှာ ကြောက်ရွံ့မှုအကြွင်းအကျန်များဖြင့် တုန်ရီနေဆဲ။ သူ့ကိုကြောက်လန့်စေခဲ့သည်မှာ လင်ကျင်းကျယ်က တစ်စုံတစ်ယောက်ကို သွေးအေးအေးဖြင့်သတ်ဖြတ်လိုက်ခြင်းမဟုတ်ဘဲ ထိုအတွက်သူပေးဆပ်ရမည့် အဖိုးအခပင်။

သို့ဖြစ်ရာ ကောရှန်၏ ဂိုဏ်းထဲဝင်ရန် မရေမရာစိတ်ကူးလေးမှာ အောင်မြင်စွာပင် အစပျိုးကတည်းက ပျက်စီးသွားခဲ့ရသည်—သူသည် လင်ကျင်းကျယ်လမ်းမှားမရောက်အောင် မည်သို့တားဆီးရမည်ကိုသာ စိုးရိမ်နေခဲ့တော့သည်။

မဟုတ်ဘူး၊ ငါခွင့်မပြုနိုင်ဘူး။ ကျင်းကျယ်က ကလေးကောင်းတစ်ယောက်။ သူက ဉာဏ်ကောင်းပြီး အရည်အချင်းရှိတယ်။ သူ့ဘဝကို ဒီလိုမျိုးအလဟဿဖြစ်သွားအောင် ငါဘယ်လိုနည်းနဲ့မှ ခွင့်ပြုမှာမဟုတ်ဘူး!

သူ၏စိတ်ပိုင်းဖြတ်မှုကို ရှာဖွေတွေ့ရှိသွားသောအခါ ကောရှန်၏စိတ်သည် ယခင်ကထက်ပိုမိုကြည်လင်သွားသည်။ လင်ကျင်းကျယ်ကို လူဆိုးများနှင့် နောက်တစ်ကြိမ်ဘယ်တော့မှ အဆက်အသွယ်မလုပ်စေရန် တားဆီးမည်ဟု သူ့ကိုယ်သူသစ္စာဆိုလိုက်သည်။ ယခုအချိန်တွင် လင်ကျင်းကျယ်၏အာရုံကို ရန်ဖြစ်ခြင်းနှင့် သတ်ဖြတ်ခြင်းများမှ လွှဲပြောင်းပေးရန်မှာ သူ၏အဓိကဦးစားပေးလုပ်ငန်းဖြစ်လာသည်။

ကောရှန်သည် အံကြိတ်လိုက်ပြီး သူ၏ကျောင်းလွယ်အိတ်ကိုဖွင့်ကာ သူမြင်တိုင်းငိုချင်စိတ်ပေါက်လောက်အောင် ထူထဲပြီး အလွန်ခက်ခဲလှသော ကျောင်းစာအုပ်တစ်ပုံကို ထုတ်လိုက်သည်။ ပြုံးရွှင်စွာဖြင့် သူသည် ကျိုးဟိုင်ထန်၏ မြှောက်ပင့်ပြောဆိုမှုများရောယှက်နေသော စကားများကို ဖြတ်ပြောလိုက်သည်၊ လင်ကျင်းကျယ်မှာမူ ထိုစကားများကို ခပ်ရေးရေးပြုံးရင်း နားထောင်နေခဲ့သည်။

သူက လေးလေးနက်နက်အကြံပြုလိုက်သည်မှာ

"ကျင်းကျယ်၊ ငါတို့စာပြန်ကျက်ဖို့ အမြန်လုပ်ရမယ်။ ကျိုးဟိုင်ထန်က ဒီလောက်ကြာကြာ ပျက်ကွက်နေတာတင်မကဘူး၊ သူက အမှတ်စုစုပေါင်း ၂၀၀ ပဲရတယ်၊ ဒါက ငါ့ထက်တောင်ဆိုးသေးတယ်။ အခုလောလောဆယ် မင်းသူ့ကိုပဲ အာရုံစိုက်သင့်တယ်၊ မဟုတ်ရင် သူ လိုက်မှီတော့မှာမဟုတ်ဘူး။"

ကျိုးဟိုင်ထန်သည် အံ့ဩတကြီးဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ၏မျက်လုံးအကြည့်က "ဘာ... ဘာတွေပြောနေတာလဲ၊ မင်းရူးနေလား။ ငါမင်းကို ဘာလုပ်မိလို့လဲ။ မင်းကငါ့ကိုသတ်ဖို့ ကြိုးစားနေတာပဲ!" ဟု အော်ဟစ်နေသကဲ့သို့ပင်။

လင်ကျင်းကျယ်မှာမူ ကောရှန်၏အကြံပြုချက်သည် အဓိပ္ပာယ်ရှိသည်ဟုခံစားရပြီး ချက်ချင်းပင်လက်ခံလိုက်သည်။ သူသည် ကျိုးဟိုင်ထန်၏မေးစေ့ကို သူ၏ဒူးတစ်ဖက်ဖြင့် ပင့်တင်လိုက်ပြီး ခုခံမှုမှာ အချည်းနှီးသာဖြစ်သည်ဟုဆိုနေသည့်အမူအရာဖြင့် သူ့ကိုငုံ့ကြည့်ရင်း "ထပြီး ဒီသင်္ချာပုစ္ဆာတွေကိုလုပ်၊ မဟုတ်ရင် မင်းခြေထောက်ကို ငါရိုက်ချိုးပစ်မယ်။" ဟုဆိုလိုက်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment