လင်ကျင်းကျယ်က သူ့နေရာမှာ ရပ်နေရင်း ရွှီလျှံကို အထက်စီးကနေ ကြည့်နေသည်။ သူ၏ လှပသည့်မျက်နှာနှင့် သွယ်လျသောခန္ဓာကိုယ်က ခုနကအတိုင်း ခံ့ညားထည်ဝါနေပြီး ကျောင်းဝတ်စုံကလည်း သန့်ပြန့်သပ်ရပ်နေတာကြောင့် တည်ငြိမ်အေးချမ်းပြီး နုနယ်သော အထက်တန်းကျောင်းသားတစ်ယောက်၏ ပုံပန်းသွင်ပြင်အတိုင်းပင်။
သို့ပေမဲ့ ရွှီလျှံက သူ့မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရသည့်အခါ ချွေးတွေ တသီကြီးကျလာတော့သည်။ သူဟာ မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာ နောက်က ကုလားထိုင်နှင့် တိုက်မိပြီး သူ၏ ဝဖြိုးသောခန္ဓာကိုယ်က ထူပိန်းပိန်းအသံကြီးနှင့်အတူ ကြမ်းပြင်ပေါ် လဲကျသွားသည်။
လင်ကျင်းကျယ်၏ ကျဉ်းမြောင်းသော ခါးပတ်အနက်၏ မျက်နှာပြင်ဟာ သွေးများဖြင့် တဖြည်းဖြည်း စိုရဲလာသည်။ အသက်ရှူမဝတော့သော နဂါးပြာ ‘ကျန်း’က မြစ်ကမ်းဘေးမှာ သေလုဆဲဆဲ ငါးတစ်ကောင်လို ရုန်းကန်မှု တဖြည်းဖြည်း နည်းပါးလာ၏။
ဒီမြင်ကွင်းက ရှိနေသူတိုင်းအတွက် အလွန်တုန်လှုပ်စရာကောင်းပြီး သူတို့၏စိတ်ကူးနိုင်စွမ်းကို လုံးဝကျော်လွန်နေလောက်အောင် ရက်စက်ကြမ်းကြုတ်သည်။ ၉၀ ခုနှစ်ကျော်ကာလ အစောပိုင်း ပြည်နယ်မြို့လေးတစ်မြို့ရှိ ဂိုဏ်းသားများတွင် သူတို့လုပ်ငန်းနှင့်ဆိုင်သော အရည်အချင်းအများစု ချို့တဲ့နေကြသည်။ သူတို့ဟာ မြို့ထဲမှာ "မာဖီးယား" လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ပြီး မောက်မာစွာ လျှောက်သွားနေကြပေမဲ့ သူတို့လုပ်တာက ခိုးမှုလေးများ၊ ဥပဒေလိုက်နာသူများကို ခြိမ်းခြောက်တာနှင့် အကာအကွယ်ကြေး ကောက်ခံတာမျိုးများသာ။
အခုတော့ သူတို့မျက်စိရှေ့တင် အသက်တစ်ချောင်းကို ရိတ်သိမ်းနေတာ မြင်နေရသည်။ အစ်ကိုကျန်းက ကြောက်မက်ဖွယ်ကောင်းအောင် မျက်နှာရှုံ့မဲ့လျက်၊ မျက်လုံးပြူးကျယ်လျက်၊ ခြေထောက်တွေ ကန်လျက်၊ ပါးစပ်အကျယ်ကြီးဟကာ လေချွန်သံပြင်းပြင်း ထွက်ပေါ်လျက် အသည်းအသန် ရုန်းကန်နေရှာသည်။
သို့သော်လည်း သူတို့ကို ထိတ်လန့်ကြောက်ရွံ့စေတာက အသက်ရှူကြပ်နေသော အစ်ကိုကျန်းမဟုတ်ဘဲ သူ့နောက်က ခါးပတ်ကို ကိုင်ထားသူ - လင်ကျင်းကျယ်ပင် ။ သူက ဘာမှဆိုးဝါးသည့်အရာ မလုပ်နေသည့်အတိုင်း လုံးဝတည်ငြိမ်အေးဆေးစွာ ကြည့်နေခဲ့သည်။
သူတို့ဟာ "မျက်တောင်မခတ်ဘဲ သတ်သည်" ဆိုသော စကားကို မကြာခဏ သုံးတတ်ကြ၏။ အခုတော့ ပထမဆုံးအကြိမ်အဖြစ် ဒါက တကယ်တမ်း ဘာကိုဆိုလိုသလဲဆိုတာ နားလည်လိုက်ကြသည်။
နှစ်ဖက်စလုံးက လူတွေဟာ ကျောက်ရုပ်လို ကြောက်လန့်တောင့်တင်းနေကြသည်။ နဂါးပြာ ‘ကျန်း’၏လူတွေက မီတာအနည်းငယ် အကွာမှာ ရပ်ကြည့်နေကြပေမဲ့ ဘယ်သူမှ ရှေ့တိုးပြီး ဖြစ်ပျက်နေတာကို တားဆီးဖို့ မရဲကြပေ။ အနီးဆုံးလူကတောင် လင်ကျင်းကျယ်က အစ်ကိုကျန်းကို လက်စသတ်ပြီးသည့်အခါ သူတို့အလှည့်ဖြစ်မှာစိုးလို့ ပိုပြီးဝေးသောနေရာကို ရွှေ့သွားကြသည်။
အစ်ကိုကျန်းက ခါးပတ်ကို အသည်းအသန် ကုတ်ခြစ်နေသည်။ သူ့လက်သည်းများက သူ့လည်ပင်းကို သွေးထွက်သံယိုဖြစ်အောင် ခြစ်မိနေပေမဲ့ နာကျင်မှုကို မခံစားရပေ။ သူ့နှလုံးသားထဲမှာ သူ မယုံချင်သော အသံတစ်ခုက သူသေတော့မည်လို့ ပြောနေသည်။
မထင်မှတ်ထားဘဲ သတိပြန်ဝင်လာသော ပထမဆုံးသူတွေကတော့ ကျိုးဟိုင်ထန်နှင့် ကောရှန်တို့ ဖြစ်ကြသည်။ ရွှီလျှံက အစ်ကိုကျန်းကို ကြောက်လို့ နောက်ဆုတ်သွားသောအခါ သူတို့က လင်ကျင်းကျယ်၏အနီးမှာပဲ နေပြီး သူ့ကို အသေခံကာကွယ်ဖို့ အသင့်ပြင်ထားကြသည်။ သို့ပေမဲ့ နောက်ဖြစ်လာတာက သူတို့မျှော်လင့်ထားတာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် ခဏတာ ငေးကြည့်နေမိကြသည်။ ကျိုးဟိုင်ထန်က အရင်ဆုံး လှုပ်ရှားလာသည်။ သူက ကျားတစ်ကောင်လို ရှေ့ကို ပြေးဝင်ပြီး... ကျန်း၏ ကန်နေသော ခြေထောက်များကို ဆွဲချုပ်လိုက်သည်။
လင်ကျင်းကျယ်က သူ့ကို ဘာအမူအရာမှမရှိစွာ ကြည့်လိုက်၏ - "......"
တကယ်ပဲ ကျိုးဟိုင်ထန်က ဒီဘဝမှာလည်း အရင်ဘဝကလို အဲ့ဒီလောက် မိုက်မဲတာပဲ။ သူက နောက်ဆက်တွဲအကျိုးဆက်တွေကို စဉ်းစားမနေဘဲ သူ့သူငယ်ချင်းကို ကူညီဖို့ မဆိုင်းမတွ ပြေးဝင်လာသည်။
" အရူး၊ ကိစ္စကို ပိုဆိုးအောင် မလုပ်စမ်းနဲ့! ထတော့!"
ကံကောင်းစွာဖြင့် ကောရှန်က ပိုပြီး ဉာဏ်ကောင်းသည်။ သူက အစ်ကိုကျန်း၏ခြေထောက်များကို ဖိထားဖို့ အစွမ်းကုန်ကြိုးစားနေသော ကျိုးဟိုင်ထန်ကို တွန်းဖယ်လိုက်ပြီးနောက် လင်ကျင်းကျယ်၏ လက်ကောက်ဝတ်များကို ဖမ်းဆုပ်ကာ ခါးပတ်ကို ချုပ်ကိုင်ထားသည်အား ဖြေလျှော့ဖို့ ကြိုးစားလိုက်သည်။ သူက ပိုနီးကပ်လာပြီး နူးညံ့သောအသံနှင့် တိုးတိုးလေးပြောခဲ့သည်။
"ကျင်းကျယ်၊ ကျင်းကျယ်၊ ဟုတ်ပြီ၊ ရပ်လိုက်တော့။ အိမ်ပြန်ကြစို့၊ သူတို့ကို ဂရုမစိုက်နဲ့တော့။"
လင်ကျင်းကျယ်က ဘယ်သူ့ကိုမှ တကယ်သတ်ဖို့ စိတ်ကူးမရှိချေ - ဒါက နည်းနည်းပါးပါး ကစားရုံသက်သက်သာ။ လိယွမ်မြို့လေး၏ လူထုလုံခြုံရေးက ဆိုးရွားသော်ငြား လူသတ်မှုကျူးလွန်ပြီး လွတ်မြောက်နိုင်သည်အထိတော့ မဟုတ်ပေ။ အဓိပ္ပါယ်မရှိသော လူမိုက်တစ်ယောက်အတွက် သူ၏ တန်ဖိုးရှိသည့် ဒုတိယဘဝအခွင့်အရေးကို စတေးစရာအကြောင်း မရှိချေ။
အစ်ကိုကျန်းက ရုန်းကန်မှု ရပ်လုနီးပါး ဖြစ်နေကာ လွှတ်ပေးဖို့ အချိန်တန်လေပြီ။ သူက ချုပ်ကိုင်ထားတာကို ဖြေလျှော့လိုက်ပြီး ခြေထောက်ကို မြှောက်ကာ ခုနကအထိ အရမ်းမောက်မာနေသော နဂါးပြာ ‘ကျန်း’ကို ခွေးသေတစ်ကောင်လို ဘေးကို ကန်ထုတ်လိုက်သည်။
မထင်မှတ်ဘဲ သေမင်းခံတွင်းကနေ ဆွဲထုတ်ခံလိုက်ရသော အစ်ကိုကျန်းက ခဏတာ တုံ့ပြန်မှုမရှိဘဲ ကြမ်းပြင်ပေါ်မှာ မှင်တက်လျက် လဲလျောင်းနေခဲ့သည်။ ထို့နောက် အသက်ရှူမဝဘဲ လင်ကျင်းကျယ်နှင့် ပိုပြီးဝေးရာကို တွားသွားဖို့ အသည်းအသန် ရုန်းကန်လိုက်၏။
အဲ့ဒီလိုလုပ်နေရင်း တစ်ကိုယ်လုံး တုန်ရီနေပြီး လင်ကျင်းကျယ်၏ တုံ့ပြန်မှုကို ကြည့်ဖို့ နောက်လှည့်ကြည့်လိုက်သည်။ ဆယ်ကျော်သက်လေးက သူ့ကို ဘာအမူအရာမှမရှိဘဲ စိုက်ကြည့်နေပြီး ခါးပတ်နှင့် ဆော့ကစားနေ၏။ သူ့မျက်နှာအမူအရာက ခုနက သူ့ကို အသေညှစ်သတ်ဖို့ ကြိုးစားနေသောအချိန်က ပုံစံအတိုင်းပင်။
သူ၏ နက်မှောင်သောမျက်လုံးများက နက်ရှိုင်းသည့်ချောက်ကြီးနှင့် တူနေသည်။
ထိုအရာတို့ကို မြင်လိုက်ရသော ဒုတိယအကြိမ်မှာ အစ်ကိုကျန်း၏နှလုံးသားထဲက ကြောက်ရွံ့မှုက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။
သူ့လူများက နောက်ဆုံးတော့ သတ္တိပြန်ရလာကြသည်။ သူတို့က ရှေ့တိုးလာပြီး သူ့ကို ဝန်းရံကာ ထူပေးပြီးနောက် သတိထားစွာ နောက်ဆုတ်သွားကြ၏။ ယုတ္တိရှိစွာ သူတို့ဘက်က အင်အားပိုများသင့်ပေမဲ့ သူတို့ထဲက ဘယ်သူမှ လင်ကျင်းကျယ်ကို မနှောင့်ယှက်ချင်ကြပေ။
ဒီလိုနှင့် မောက်မာစွာ ဝင်လာပြီး ဆူပူသောင်းကျန်းခဲ့သော လူအုပ်ကြီးက တိတ်ဆိတ်စွာ ထွက်သွားဖို့ စီစဉ်ကြသည်။ သူတို့ မထွက်သွားခင်မှာ လင်ကျင်းကျယ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည် - "ခဏလေး။"
သူ့လေသံက ပေါ့ပေါ့ပါးပါးဖြစ်ပေမဲ့ လူတိုင်း၏နှလုံးသားကတော့ လည်ချောင်းဝရောက်လာသလို ခံစားလိုက်ရသည်။
အစ်ကိုကျန်း၏လူတွေက မလှုပ်ရဲကြပေ။ ပက်လက်လှန်နေသော အစ်ကိုကျန်းက တောင့်တင်းသွားပြီး အေးခဲသွား၏။ ကြောက်လန့်တကြား ကြည့်နေကြသော အကြည့်များအောက်တွင် လင်ကျင်းကျယ်က ကောရှန်၏လက်ကို ခါချလိုက်ပြီး အစ်ကိုကျန်း၏အနီးကို ကပ်သွားကာ သွေးအလိမ်းလိမ်းဖြစ်နေသော အစ်ကိုကျန်း၏မျက်နှာကို သေချာကြည့်လိုက်သည်။
ထို့နောက် အနည်းငယ်ပြုံးလိုက်ပြီး သူ့အသက်ကို သေလုနီးပါးဖြစ်သွားစေသည့် ခါးပတ်ကို ကျန်း၏ပုခုံးပေါ် တင်ပေးလိုက်၏။ "စိတ်မကောင်းပါဘူး၊ အစ်ကိုကျန်း၊ မင်း ဒီကို အလကားလာခဲ့ရသလို ဖြစ်သွားပြီ။ ရော့၊ ဒီခါးပတ်ကို ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှု အထိမ်းအမှတ်လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။"
အစ်ကိုကျန်းကို ကျောပိုးထားသောလူသည် ဒါကို ကြားလိုက်ရသောအခါ ဒူးများခွေကျသွားပြီး တုံ့ဆိုင်းသွားကာ မြေပေါ်လဲကျလုနီးပါး ဖြစ်သွားသည်။
ဤအချိန်တွင် လူတိုင်း၏အမြင်မှာ သွေးစွန်းနေသောခါးပတ်က အဆိပ်တံတွေးထွေးသော မြွေဆိုးတစ်ကောင်ကဲ့သို့ ထင်ရသော်လည်း မည်သူမှ ကန့်ကွက်ရဲခြင်း မရှိပေ။
အစ်ကိုကျန်းက ဒါကို နာခံတာကို မြင်ပြီး လင်ကျင်းကျယ်သည် ကျေနပ်စွာ ခေါင်းညိတ်ကာ နောက်ဆုတ်လိုက်သည်။
"မင်းတို့ကို လိုက်မပို့တော့ဘူး။"
ငါးစက္ကန့်ကြာပြီးနောက် သူ့ရှေ့တွင် မည်သူမှ မရှိတော့ပေ။
လင်ကျင်းကျယ်က သူတို့ သူ့ကို တိုင်ကြားမည် မဟုတ်ကြောင်း သေချာသိသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းတွင် အနည်းဆုံး ပြစ်မှုသေးသေးလေးတော့ မှတ်တမ်းရှိမှာပင်။ သူတို့က ရဲစခန်းသွားပြီး အထက်တန်းကျောင်းသားတစ်ယောက်က ရိုက်နှက်တာ ခံရတယ်လို့ အော်ဟစ်တိုင်ကြားမည်လား။
ပြီးနောက် သူတို့ကို သွားခွင့်ပြုလိုက်ပြီး နောက်လှည့်လိုက်သည်။ သူ့အာရုံသည် ရုတ်တရက် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ကျန်းရန်ဆီသို့ ရောက်သွား၏။
သိပ်မကြာခင်က ကျန်းရန်သည် မိုးနဂါးပြာ ‘ကျန်း’နောက်ကို မာနတကြီး လိုက်လာပြီး လင်ကျင်းကျယ်ကို သင်ခန်းစာပေးချင်နေခဲ့သည်။ အခု လင်ကျင်းကျယ်က သူ့ကို အဓိပ္ပါယ်ပြည့်ဝစွာ ကြည့်နေသောကြောင့် သူ အိမ်ကနေ ဘယ်တော့မှ မထွက်လာခဲ့ရရင် ကောင်းမယ်ဟု ဆုတောင်းနေမိ၏။
"ဝမ်း... ဝမ်းကွဲ..." အစ်ကိုကျန်းကဲ့သို့ ဆက်ဆံခံရမည်ကို ကြောက်သောကြောင့် သူက ကိုယ့်ကိုယ်ကိုယ် မတ်မတ်ရပ်နေဖို့ စားပွဲကို ဆွဲကိုင်လိုက်ပြီး ခြေလှမ်းများက တုန်ရီစွာ နောက်ဆုတ်သွားသည်။
လင်ကျင်းကျယ်သည် သူ့ဘက်ကို မေးငေါ့လိုက်၏။ ရွှီလျှံကို နာခံရမည့် ကျန်းရန်နောက်က ဂိုဏ်းသားတွေသည် အခြေအနေကို အကဲခတ်နိုင်စွမ်း ကောင်းမွန်စွာဖြင့် သူ့ပုခုံးများကို ဆုပ်ကိုင်ကာ မြေပေါ် ဖိချလိုက်သည်။
"ကျန်းရန်။"
လင်ကျင်းကျယ်က တခြားဆယ်ကျော်သက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်းဖို့ အချက်ပြလိုက်သည်။ သူက ကျန်းရန်၏မေးစေ့ကို လက်နှစ်ချောင်းနှင့် ညှပ်လိုက်ပြီး ထိုသူ၏ ထိတ်လန့်မှုအပြည့်နှင့် မျက်နှာကို ငုံ့ကြည့်လိုက်၏။
ထိုသူ့နားကပ်ကာ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်သည်။ သူ့အသံက နူးညံ့သော်လည်း သူ့စကားများကတော့ ကျန်းရန်၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။
"ပြန်သွားပြီး မင်းမိဘတွေကို ပြောလိုက်၊ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် မင်းတို့ရဲ့အခေါင်းကို အသင့်ပြင်ထားလို့။"
သူက မတ်မတ်ပြန်ရပ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ ဂိုဏ်းသားများက နာခံစွာဖြင့် သူ့ကို လွှတ်ပေးလိုက်ကြသည်။ ကျန်းရန်က ကုလားထိုင်ပေါ်မှ ဖုန်းခနဲ ပြုတ်ကျသွားပြီး သေးထွက်ကျချင်လောက်အောင် ကြောက်လန့်သွားသည်။ ဒီနေ့ ဖြစ်ရပ်၏ တကယ့်တရားခံကို လင်ကျင်းကျယ်က ခန့်မှန်းမိလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ငယ်စဉ်ကတည်းက သူ၏ဝမ်းကွဲသည် ရှက်တတ်သော၊ အေးစက်သော၊ အားနည်းသူတစ်ယောက်သာ ဖြစ်သည်ဟု သူ ယုံကြည်ထားခဲ့သည်။ အခုတော့ ဒီအထင်အမြင်သည် လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့၏။
သူ ဘာမှ ထပ်မပြောရဲတော့ဘဲ ထရပ်ပြီး ပြေးသွားလိုက်သည်။ သူ့ခြေထောက်များက ပျော့ခွေနေပြီး ခြေလှမ်းအနည်းငယ်အကြာတွင် လဲကျသွားသော်လည်း တစ်ခဏလေးတောင် မရပ်နားရဲပေ။ သူ အသည်းအသန် ထရပ်ပြီး ငရဲပြည်က နတ်ဆိုးများ အားလုံး လိုက်နေသကဲ့သို့ ထွက်ပြေးသွားခဲ့သည်။
အားလုံးနီးပါး ရှင်းလင်းပြီးစီးသွားရာ ကျန်ရစ်ခဲ့သူမှာ ရွှီလျှံနှင့် သူခေါ်လာသော လက်အောက်ငယ်သားများသာ။
ရွှီလျှံ၏ တောက်ပနေသော နဖူးပြင်တွင် ချွေးလုံးကြီးများဖြင့် ပြည့်နှက်နေသည်။ လင်ကျင်းကျယ်၏ အကြည့်က သူ့ဆီရောက်လာသောအခါ သူသည် တံတွေးမျိုချလိုက်ပြီးနောက် အပြုံးအတုအယောင်တစ်ခုကို ကြိုးစားပမ်းစား ဖန်တီးလိုက်သည်။
"အစ်... အစ်ကိုကြီးလင်..."
ထိုသို့ ခေါ်လိုက်သောအခါ လင်ကျင်းကျယ် မျက်မှောင်ကြုတ်လိုက်သော်လည်း မကြာမီ မျက်မှောင်က ချောမွေ့သွားခဲ့သည်။ သူက ရွှီလျှံကို ငုံ့ကြည့်ပြီး လက်လှမ်းပေးလိုက်၏။
"ဘာလို့ မြေကြီးပေါ် ထိုင်နေတာလဲ၊ အစ်ကိုရွှီ။ ကျွန်တော် ထူပေးပါရစေ။"
"ရပါတယ်ဗျာ! ဘာမှမဖြစ်ပါဘူး!"
ရွှီလျှံတွင် နဂါးပြာ ‘ကျန်း’ ၏ သွေးများ ပေနေဆဲလက်ကို ဆုပ်ကိုင်ရဲသောသတ္တိ ဘယ်မှာရှိမည်နည်း။ သူ လှည့်လိုက်ပြီး ခက်ခက်ခဲခဲ ထရပ်လိုက်ရာ ဝသော ခန္ဓာကိုယ်ကြီးက တုန်ခါသွားသည်။ သူက မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး အဝတ်အစားများကို အမြန် ပြင်ဆင်လိုက်ကာ ပလတ်စတစ်ကုလားထိုင်တစ်လုံးကို စမ်းလိုက်သည်။ ထိမိသည်နှင့် ၎င်းကို ဆွဲယူကာ လင်ကျင်းကျယ်ဘက်သို့ စိတ်အားထက်သန်စွာ တွန်းပေးလိုက်သည်။
"ရော့၊ ထိုင်ပါခင်ဗျာ။"
"မလိုပါဘူး။ ကျွန်တော့်အိမ်စာတွေ မပြီးသေးဘူး။"
လင်ကျင်းကျယ်က စားပွဲပေါ်က စက္ကူလက်သုတ်ပဝါတစ်ရွက်ကို ကောက်ယူကာ တည်ငြိမ်အေးဆေးစွာ ဖြန့်လိုက်ပြီးနောက် ရွှီလျှံ၏ မျက်လုံးများကို စိုက်ကြည့်ကာ လက်ပေါ်က သွေးများကို သုတ်လိုက်သည်။ သူသည် နွေးထွေးသော အပြုံးဖြင့် ပြောလိုက်၏ - "တော်တော် ရှုပ်ပွသွားတာပဲ။ အစ်ကိုရွှီတော့ ကျွန်တော့်ကို လှောင်ရယ်နေမှာပဲ။"
ရွှီလျှံ၏တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။ သူ့ခမျာ တံတွေးကို တစ်ခဲနက် မျိုချလိုက်ပြီး ခေါင်းကို အသည်းအသန် ခါယမ်းလိုက်၏။
"မ... မဟုတ်ပါဘူးဗျာ၊ ဘာလို့ လှောင်ရယ်ရမှာလဲ။"
"ဘာလို့ မလှောင်ရယ်ရမှာလဲ။" လင်ကျင်းကျယ်က သူ့ကို ပြုံးလျက် ကြည့်လိုက်သည်။ "ခုနက အစ်ကိုကျန်းက ရယ်စရာ မကောင်းဘူးလား။"
ရွှီလျှံမှာ သူ့ကို ပြူးကြည့်နေမိသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ့လက်များ စတင် တုန်ယင်လာပြီး သူ့ပါးစပ်ကလည်း ရှုံ့မဲ့ခြင်းထက် ပို၍ ရုပ်ဆိုးသော အပြုံးတစ်ခုအဖြစ် ကွဲအက်သွားသည်။
"ဟား! ဟား! ဟား! ဟုတ်တယ်! ရယ်စရာကောင်းတယ်! တော်တော် ရယ်စရာကောင်းတာ!"
လင်ကျင်းကျယ် ခေါင်းညိတ်လိုက်ပြီး သွေးပေနေသော လက်သုတ်ပဝါကို စားပွဲပေါ် ပစ်တင်လိုက်ကာ ရွှီလျှံ၏ပုခုံးကို ပုတ်လိုက်သည်။ ဝသောသူ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး ထို ပေါ့ပါးသော ထိတွေ့မှုအောက်တွင် မြေပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
"ကျွန်တော်တို့ ပျော်ပျော်ပါးပါး ကစားပြီးပြီဆိုတော့၊ ပြန်ဖို့ အချိန်ရောက်ပြီ မဟုတ်လား။"
ရွှီလျှံ ခေါင်းညိတ်လိုက်ရာ သူ့ခေါင်းက ပြုတ်ကျတော့မတတ် ဖြစ်သွားသည်။
"ဟုတ်တယ်! ပြန်ကြပါ! ပြန်ကြပါ!"
လင်ကျင်းကျယ်က ကျေနပ်သွားပုံရသည်။ သူက စားပွဲပေါ်ရှိ မဖွင့်ရသေးသော ဘီယာပုလင်းတစ်လုံးဆီ လက်လှမ်းလိုက်၏။
"ဒီနေ့ အစ်ကိုရွှီလို အရေးကြီးတဲ့သူနဲ့ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး - နောက်ဆို ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး။ မသွားခင်မှာ ကျွန်တော် အရိုအသေပြုတဲ့အနေနဲ့ တစ်ခွက်သောက်သွားပါရစေ။"
ရွှီလျှံမှာ ပုလင်းကို ဆွဲယူကာ အလျင်အမြန် ဖွင့်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ ကြီးမားစွာ ပြုံးလိုက်သည်။
"ဘယ်လိုလုပ် ဒီလိုလုပ်ရမှာလဲ။ မလိုပါဘူးဗျာ! ကျွန်တော်ပဲ သောက်ပါ့မယ်!"
သူ့စိတ်ထဲတွင်မူ ဒီမိစ္ဆာနှင့် မတွေ့ခင် အချိန်ကို ပြန်လှည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပါးရိုက်ချင်စိတ် ပေါက်နေမိသည်။ ထိုအချိန်က သူ့လုပ်ရပ်တွေကြောင့် ဆယ်ကျော်သက်လေးက အထင်သေးခံရသည်လို့ ခံစားရပြီး လက်စားချေချင်နေလျှင် မည်သို့လုပ်မည်နည်း။
သူ အော်ပြောနေသော်လည်း လင်ကျင်းကျယ်က မရပ်တန့်ပေ။ ထိုသူသည် ပုလင်းတစ်လုံး ထပ်ယူကာ အမြှုပ်တောင် မကျန်အောင် သွန်ချလိုက်ပြီးနောက် ယဉ်ကျေးစွာ ပြုံးလိုက်သည်။
"မဟုတ်တာ။ ကျွန်တော် သောက်ရမှာလေ။ မဟုတ်ရင် အရမ်း ရိုင်းရာကျသွားမှာပေါ့။"
"ကျွန်တော်က ဘယ်လိုလုပ် ပေးသောက်ရမှာလဲဗျာ။"
ရွှီလျှံ၏ချွေးများမှာ ပိုထွက်လာတော့သည်။ လင်ကျင်းကျယ် စကားပြောနေသရွေ့ သူသည် စားပွဲပေါ်ရှိ ပုလင်းတိုင်းကို သောက်ရလိမ့်မည်။
လင်ကျင်းကျယ်လည်း သူ့ကို ဆက်မလုပ်တော့ဘဲ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"
ရွှီလျှံက စိတ်အားထက်သန်သော ခွေးတစ်ကောင်လို သူ့နောက်မှ လိုက်ကာ ဆိုင်တံခါးဝအထိ လိုက်ပို့ခဲ့သည်။
"လိုက်ပို့ပါ့မယ်၊ လိုက်ပို့ပါ့မယ်။"
လင်ကျင်းကျယ်၏ မျက်လုံးများက စားသောက်ဆိုင်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ သူက ကျောင်းအိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူကာ ငွေနှစ်ရာကျပ်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်ကာ ကြောက်လန့်တကြားဖြင့် ငွေရှင်းကောင်တာအောက်တွင် ပုန်းနေသော ပိုင်ရှင်အား နူးညံ့စွာ ပြောလိုက်သည်။
"ဒုက္ခပေးမိတာ စိတ်မကောင်းပါဘူး။ ဒီည ဆုံးရှုံးသွားတဲ့ လုပ်ငန်းအတွက် နစ်နာကြေးအဖြစ် ဒါကို ယူလိုက်ပါ။"
"ဘယ်လိုလုပ် ပေးခိုင်းရဲပါ့မလဲ!"
ရွှီလျှံ၏အသံက ကျယ်လောင်လာသည်။ သူသည် ငွေကို ဆွဲယူကာ လင်းကျင်းကျယ်၏လက်ထဲ ပြန်ထိုးထည့်လိုက်ပြီး သူ့အိတ်ကပ်ထဲရှိ ငွေစက္ကူအားလုံးကို ထုတ်ကာ စားပွဲပေါ် ပုံလိုက်သည်။
"ကျွန်တော် ပေးပါ့မယ်၊ ကျွန်တော် ပေးပါ့မယ်၊ ခင်ဗျားတို့ကို ကျွန်တော် ဖိတ်တာဆိုတော့ ကျွန်တော့်တာဝန်ပေါ့။"
လင်ကျင်းကျယ်၏ပါးစပ်င တွန့်ကွေးသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ကောရှန်နှင့် ကျိုးဟိုင်ထန်တို့အပေါ် အကြည့်ရောက်သွားပြီး စက္ကန့်အနည်းငယ်ကြာ ရပ်တန့်နေခဲ့၏။ ရုတ်တရက် သူ့မျက်နှာက မှိုင်ကျသွားသည်။
"ဘာလို့ အဲ့ဒီမှာ အရုပ်ကြီးတွေလို ရပ်နေကြတာလဲ။"
ထို့နောက် ရွှီလျှံကို ဆက်၍ ဂရုမစိုက်တော့ဘဲ ကျောင်းအိတ်ကို ပခုံးပေါ် လွယ်လိုက်ပြီး ထွက်သွားခဲ့သည်။
ကောရှန်နှင့် ကျိုးဟိုင်ထန်တို့လည်း လူအုပ်ကြား တိုးဝှေ့ကာ သူ့နောက်သို့ ပြေးလိုက်သွား၏။
ထိုသုံးဦး၏ကျောပြင်များ အဝေးတွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ရွှီလျှံသည် တောင်ကြီးတစ်လုံးကဲ့သို့ ဖိစီးနေသော ဖိအားများမှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ သူက ကောင်တာပေါ် မှီလိုက်ပြီး နှုတ်ခမ်းကလည်း ဖြူဖတ်နေ၏။ လင်ကျင်းကျယ်၏ နူးညံ့သောအပြုံးကို သူ နောက်ထပ် ဘယ်တော့မှ မမြင်ချင်တော့ပေ။
ကျန်းရန်ကတော့ အကြောက်လွန်ပြီး ခြေတုန်လက်တုန်ဖြင့် ထွက်ပြေးသွားသည်။ သို့သော် သူ ဒုတိယထောင့်ကို ကွေ့ကာ ကျဉ်းမြောင်းသော နောက်ဖေးလမ်းကြားထဲ ပြေးဝင်သွားသောအခါ ထိုနေရာတွင် သူ့ကို စောင့်နေသော လူအုပ်စုတစ်စုဖြင့် ပိတ်ဆို့ခံလိုက်ရသည်။
နဂါးပြာ 'ကျန်း'က အသက်မသေဘဲ လွတ်မြောက်ခဲ့သော်လည်း လမ်းမလျှောက်နိုင်သေးဘဲ လူတစ်ယောက်၏ ကျောပေါ်တွင် တွဲခိုနေရသည်။ လင်ကျင်းကျယ်က သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့သော်လည်း သူ့ကို မမုန်းရဲပေ။ ထို့ကြောင့် သူ၏ မကျေနပ်မှုသည် ဒီနေ့ပြဿနာ၏ အဓိကတရားခံ - ကျန်းရန်အပေါ် ကျရောက်သွားသည်။
ကျန်းရန် ထိတ်လန့်တကြား စိုက်ကြည့်နေစဉ် ဂိုဏ်းသားများက သူ့ကို ဝန်းရံလိုက်ကြပြီး သူ့ခြေလှမ်းများကမူ တုန်ယင်စွာဖြင့် နောက်ဆုတ်သွားရာ သူ့ကျောက နံရံကို ထိမိသွားသည်။
ထိုအခိုက် လမ်းကြားအဝင်ဝနားတွင် ဆူညံသံကြားရသူတစ်ဦးက လှည့်ကြည့်လာ၏။
"ဘာလို့ အထဲမှာ ဒီလောက် ဆူညံနေတာလဲ။"
သို့သော် သူ့အဖော်က သူ့ကို အလျင်အမြန် ရှေ့သို့ တွန်းလိုက်သည်။
"လာပါ၊ သွားရအောင်။ ဂိုဏ်းအချင်းချင်း ချကြတာပဲ ဖြစ်မှာ၊ အရမ်း စပ်စုမနေနဲ့၊ မင်းပါ ပါသွားလိမ့်မယ်။ ငါတို့မြို့လေးရဲ့ စည်းကမ်းတွေက နောက်ပိုင်း ပိုဆိုးလာပြီ။"
***
Aurora Novel Translation Team