no

Font
Theme

အသုဘသံစဉ်များက သင်္ချိုင်းတစ်ခွင်လုံး ပဲ့တင်ထပ်နေခဲ့၏။

လိယွမ်မြို့ငယ်လေးကို ဆောင်းရာသီပြန်ရောက်စေသည့် မြောက်ဘက်လေအေးများနှင့်အတူ တိမ်တိုက်များ ဖုံးလွှမ်းနေခဲ့သည့်နေ့တစ်နေ့ဖြစ်သည်။ လင်ကျင်းကျယ်သည် ပါးလွှာသည့်အင်္ကျီလေးဖြင့် ရင်းနှီးနေသည့် အုတ်ဂူကျောက်တိုင်အရှေ့၌ ရပ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ချမ်းစိမ့်နေခဲ့သည်။ ယခင်ဘဝတုန်းကလည်း ဤအုတ်ဂူရှိရာသို့ နှစ်တိုင်းလာလေ့ရှိသည်။

အချိန်၊ နေရာ၊ ရှိနေသူများ—အရာအားလုံးသည် မပြောင်းလဲခဲ့။ ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာကတော့ သူကိုယ်တိုင်ပင်။ ယခုအချိန်တွင် သူက ဘယ်လမ်းကိုသွားရမည်မသိသော ကြောက်ရွံ့တုန်လှုပ်နေခဲ့သည့် ကလေးတစ်ယောက်မဟုတ်တော့ပေ။ အတိတ်မှ မျှော်လင့်ချက်များကလည်း ယခု သူ၏အမြင်အာရုံကို မှုန်ဝါးစေနိုင်ခြင်းမရှိတော့။

ယခုအချိန်၌ သူက သူ၏အဒေါ်ဖြစ်သူ ကျန်းရှောင်ယွမ်နှင့် ဦးလေး ကျန်းကျီတို့၏ အော်ဟစ်ငိုယိုမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သူတို့၏မျက်နှာများပေါ်တွင် ဝမ်းနည်းပူဆွေးနေဟန်ဆောင်ထားသော်လည်း မျက်ရည်တစ်စက်မျှမကျခဲ့။ အတိတ်ဘဝက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ယခုအခါ ပြန်ကြည့်ရသည့်အချိန်၌ ယခင်နှင့်မတူတော့သည့်ပုံစံကို မြင်ရ၏။

သူ၏မျက်လုံးများဖြင့် လူအုပ်ကို စစ်ဆေးလိုက်သည်။ ယခင်ဘဝကကဲ့သို့ပင် သူ၏မိခင်ဖြစ်သူ ကျန်းချောင်ချောင်က လုံးဝမလာခဲ့။

သူ၏စိတ်ထဲတွင် ယခင်ဘဝတုန်းက သူသည် စိတ်မနှံ့ခဲ့သလားဟု တွေးမိလာ၏။ ထိုသို့သာမဟုတ်ခဲ့လျှင် ငယ်စဉ်ကတည်းက သူ(မ)ကိုချစ်ခင်ပြုစုစောင့်ရှောက်ခဲ့သည့် ဖခင်အရင်း၏ အသုဘအခမ်းအနားကိုပင် မတက်ရောက်နိုင်သော အမျိုးသမီးတစ်ဦးကို မိခင်ကောင်းတစ်ယောက်ဖြစ်လာမည်ဟု ဘာကြောင့်ယုံခဲ့မိမှာလဲ။

လင်ကျင်းကျယ်က ကျန်းချောင်ချောင်၏အခြေအနေကို အနည်းငယ်သာသိထားခဲ့သည်။ သူ(မ)က လင်ကျင်းကျယ်၏ဖခင်ဖြစ်သူ လင်ရန်ရှန့် နှင့် ကွာရှင်းပြတ်စဲပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဒုတိယခင်ပွန်းဖြစ်သူ ချီချင်နှင့် လက်ထပ်ခဲ့ပြီး ယခု ချွင်းနင်မြို့တွင် နေထိုင်နေသည်။ ချီချင်နှင့်အတူ "ချီချင်အိမ်ခြံမြေကုမ္ပဏီ" အမည်ရှိ အိမ်ခြံမြေလုပ်ငန်းကို စတင်ခဲ့သော်လည်း လုပ်ငန်းအရွယ်အစားသေးပြီး အမြတ်အစွန်းများစွာ မရရှိသေးပေ။

သို့သော် ဤအခြေအနေသည် မကြာမီပြောင်းလဲသွားမည်ကို လင်ကျင်းကျယ်သိထား၏။

ခြောက်နှစ်အကြာတွင် ချီချင်အိမ်ခြံမြေကုမ္ပဏီသည် လိယွမ်မြို့၌ ဖွင့်လှစ်ထားသည်မှာကြာပြီဖြစ်သော ကျီရှောင်အိမ်ခြံမြေကုမ္ပဏီနှင့် ပေါင်းစည်းကာ "ချီကျန်းအဖွဲ့အစည်း" အဖြစ် အမည်ပြောင်းလိုက်သည်။ နောက်ပိုင်းတွင် ချီကျန်းအဖွဲ့အစည်းက ချွင်းနန်ပြည်နယ်၏ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းကြီးအဖြစ် ခိုင်မာစွာရပ်တည်နိုင်ခဲ့သည်။

ကျီရှောင်အိမ်ခြေမြေကုမ္ပဏီက လင်ကျင်းကျယ်၏ အဒေါ်နှင့်ဦးလေးတို့ စပ်တူဖွင့်ထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သူတို့က ချီကျန်းအုပ်စု၏ အဓိကရှယ်ယာရှင်များဖြစ်လာခဲ့သည်။ လိယွမ်မြို့အဖွဲ့အစည်း၏ အတွင်းရေးမှူးပင်လျှင် သူတို့ကိုအားကိုးနေခဲ့ရ၏။

မကောင်းသောသူများသည် အပြစ်ဒဏ်ခံရသလား။ မဟုတ်ခဲ့ပေ။ လက်တွေ့ဘဝတွင်တော့ သူတို့က ပို၍ပင် ကောင်းစားကြသေး၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤအရာများ ဖြစ်မလာသေးပေ။ ယခု ဉာဏ်နီဉာဏ်နက်များပြီး အကောက်ကြံတတ်သော လူယုတ်မာများက ချမ်းသာမည့်လမ်းစမရရှိသေးပေ။

ကျန်းရှောင်ယွမ်နှင့် ကျန်းကျီတို့က မိသားစုရှေးဟောင်းပစ္စည်းများကို လုယူရန် အစီအစဉ်ဆွဲနေဆဲဖြစ်သည်။ ချီကျန်းအဖွဲ့အစည်း၏ အနာဂတ်ဒုဥက္ကဋ္ဌဖြစ်လာပြီးနောက် လင်ကျင်းကျယ်ကို တစ်ချက်ကလေးမှလှည့်မကြည့်ခဲ့သည့် ကျန်းချောင်ချောင်သည်လည်း ယခုအချိန်တွင် မိမိ၏အတိတ်မှလက်ထပ်ခဲ့မှုကို ဖျောက်ဖျက်ရန် ကြိုးစားနေသော သာမန်အိမ်ရှင်မတစ်ဦးသာ ဖြစ်နေသေးသည်။

ချီချင်က ပညာတတ်ဟန်ဆောင်ထားသော်လည်း လက်တွေ့တွင်မူ ရှေးရိုးစွဲအတွေးအခေါ်များဖြင့် ပြည့်နှက်နေသူဖြစ်သည်။ သူ၏မိသားစုက ချွင်နန်မြို့တွင် နေထိုင်ပြီး သာမန်လူတန်းစားများထက်သာလွန်သည်ဟု သူတို့ကိုယ်သူတို့ယူဆထားကြသည်။ ကျန်းချောင်ချောင်က ယခင်လက်ထပ်ဖူးသူဖြစ်သည့်အတွက် အစကတော့ သူတို့က သူ(မ)ကိုသဘောမကျခဲ့ကြပေ။

ထို့ကြောင့် သူ(မ)က ခင်ပွန်း၏မိသားစုအတွင်း နေရာရရှိရန်အတွက် ကိုယ်ပိုင်မိသားစုအရင်းများနှင့်ပါ အဆက်အသွယ်ဖြတ်ပစ်ခဲ့သည်။

ယခင်ဘဝတွင် လင်ကျင်းကျယ်က ချွင်နန်မြို့သို့ပြောင်းလာနေရန် သိမ်းသွင်းခံခဲ့ရပြီး နှစ်ဝက်လောက်အထိ ထိုနေရာတွင် သူခိုးတစ်ယောက်နှယ် ပုန်းလျှိုးကွယ်လျှိုးနေခဲ့ရသည်။ ထို့နောက် အဖေဖြစ်သူ၏ ပြင်းပြင်းထန်ထန်တောင်းဆိုမှုကြောင့် ကျန်းချောင်ချောင်က သူ့ကိုကောလိပ်မှထုတ်ကာ ယန်မြို့သို့ပို့ခဲ့၏။

ထိုအချ်ိန်က လင်ကျင်းကျယ်လည်း အမေဖြစ်သူကိုသာ ယုံကြည်ခဲ့သည့်အတွက် ယန်မြို့သို့ရောက်ပြီးနောက်တွင် မမှတ်မိခဲ့သည့် အဖေဖြစ်သူကို ရိုင်းစိုင်းစွာဆက်ဆံခဲ့မိသည်။ တစ်နှစ်လောက်အကြာမှာပဲ "မင်းကသာ အမေမွေးဖူးတဲ့ တစ်ဦးတည်းသော ကလေးပါ" ဟုပြောခဲ့သည့် အမေဖြစ်သူက သူ(မ)တကယ်လိုချင်နေခဲ့သည့် ကလေးတစ်ယောက်ကို ပျော်ရွှင်စွာ မွေးဖွားနိုင်ခဲ့သည်ကိုတော့ သူမသ်ိခဲ့ပေ။

လင်ကျင်းကျယ်လည်း အတိတ်မှတ်ဉာဏ်များထဲမှ နိုးထလာခဲ့၏။ သူက ရှေ့နေထံမှ တရားဝင်စာရွက်စာတမ်းများဖြင့်အညီ ရှေးဟောင်းပစ္စည်းဂိုထောင်သော့ကို လက်ခံယူခဲ့သည်။ သူတို့ထွက်မသွားခင်တွင် သူ အထဲသို့ တစ်ချက်ကြည့်လိုက်သေး၏။

နံရံသုံးဖက်တွင် ဘီရိုတစ်လုံးစီရှိသော အခန်းငယ်လေးတစ်ခန်းဖြစ်သည်။ ထိုနေရာတွင် အဖိုးဖြစ်သူ၏ ရတနာစုဆောင်းမှုများကို အစဉ်လိုက်အမျိုးအမည်များဖြင့် စီထား၏။ ကံမကောင်းစွာဖြင့် လင်ကျင်းကျယ်ကတော့ ရှေးဟောင်းပစ္စည်းများအကြောင်း ဘာမှမသိသလို စိတ်ဝင်စားမှုလည်း မရှိခဲ့။ ထိုဂိုထောင်ရှိ အရာအားလုံးက အလွန်တန်ဖိုးကြီးပြီး သူရွံရှာမိသူများ၏ ကံကြမ္မာနှင့်ဆက်စပ်နေသည်ကိုသာ သူသိ၏။

လင်ကျင်းကျယ်လည်း လှပသောမျက်လုံးလေးများကို မှိတ်လိုက်သည်။ ထို့နောက် ရိုးရာဝတ်စုံကိုဝှေ့ယမ်း၍ တစ်ဖက်လှည့်ကာပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်။ သွားလို့ရပါပြီ။"

ယနေ့မှစ၍ လင်ကျင်းကျယ်သာလျှင် အ်ိမ်နှင့်ဂိုထောင်၏ တစ်ဦးတည်းသောပိုင်ရှင်ဖြစ်သွားခဲ့လေပြီ။ ငှားထားသည့် အလုပ်သမားများက အသုဘအခမ်းအနားလုပ်ခဲ့သည့်ခန်းမကို ရှင်းလင်းနေကြ၏။ အသုဘအခမ်းအနားရက်က ပြီးသွားပြီဖြစ်သည့်တိုင် စပ်စုနေကြသည့် ကျန်းရှောင်ယွမ်နှင့် ကျန်းကျီတို့ကတော့ ယခုထိမပြန်နိုင်သေးပေ။

သူတို့က ဧည့်ခန်းထဲမှ တယ်လီဖုန်းဘေးတွင်ထိုင်နေကာ ရှေးဟောင်းပစ္စည်းများရှိသည့် ဂိုထောင်ကို စိတ်ဝင်တစားလှမ်းကြည့်နေကြ၏။

လင်ကျင်းကျယ်ပေါ်လာသည်ကိုမြင်တော့ သူတို့၏မျက်လုံးများ အရောင်လက်သွားခဲ့၏။ ကျန်းရှောင်ယွမ်က လက်တစ်ဖက်ဖြင့် ဖုန်းကိုင်ထားရင်း အခြားတစ်ဖက်ဖြင့် သူ့ကိုလက်ဝှေ့ယမ်းပြနေ၏။

"ဒီကိုလာပါဦး ကျင်းကျယ်။ ဘယ်သူဖုန်းဆက်လဲ မှန်းကြည့်လိုက်။"

လင်ကျင်းကျယ်က လုံးဝမလှုပ်ခဲ့ပေ။ ခေါင်းမော့၍သာ ဘာအမူအရာမှမပြဘဲ သူ(မ)ကိုကြည့်လိုက်၏။

သူ၏အကြည့်ကြောင့် ကျန်းရှောင်ယွမ်၏ ခေါင်းများကိုက်လာပြီး ဒီကောင်လေးက တကယ်ကိုအရိုက်ခံရသင့်သည်ဟု တွေးမိလာခဲ့သည်။ သူ(မ)က အံ့သြ၍ ပျော်ရွှင်နေသည့်အမူအရာဖြစ်ရန် အတင်းလုပ်ယူ၍ပြောလိုက်၏။

"မင်းအမေ ဖုန်းဆက်တာ!"

လင်ကျင်းကျယ်က သူ(မ)ထံ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်၏။

ကျန်းရှောင်ယွမ်က သူ့ကိုစိတ်ထဲတွင် ကြိမ်ဆဲမိနေသော်လည်း တစ်ချိန်တည်းမှာပဲ သူ(မ)အနိုင်ရတော့မလို ခံစားနေရသည်။ ထိုကောင်လေး အရွယ်ရောက်လာသည်ကို သူ(မ)မြင်ခဲ့ရသည့်အတွက် သူ့ကို ဘယ်အရာနှင့်ဖြားယောင်းနိုင်မည်ကို သူ(မ)သိသည်။ သူက အပြင်ပန်းမှာတော့ ဘာကိုမှဂရုမစိုက်သည့်ပုံစံ ဖြစ်နေသော်လည်း မိဘမဲ့ကလေးများကတော့ အမြဲလိုလို မိခင်ကိုတမ်းတမိတတ်ကြသည်။

ကျန်းချောင်ချောင်အတွက်တော့ မောင်နှမများဖြင့် ပြန်လည်အဆက်အသွယ်ရခြင်းက ဘုရားပေးသည့်ဆုတစ်ခုလိုပင်။ ပြည်နယ် မြေနှင့်သယံဇာတရုံးမှ အရာရှိတစ်ယောက်နှင့် အဆက်အသွယ်ရမည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်သလ်ို သူတို့လက်ကြားလေးထဲမှ ထွက်လာသော ဘာမဟုတ်သည့်မြေလေးတစ်နေရာက အိမ်ခြံမြေကုမ္ပဏီများအတွက်တော့ တစ်နှစ်စာလောက်ခိုင်လုံသော ရွှေများလိုပင်။ ချီချင် အိမ်ခြံမြေကုမ္ပဏီက ဖွင့်ထားသည်မှာ သိပ်မကြာသေးသည့်အတွက် အကူအညီများလိုအပ်နေသေးသည်။ ဒီလိုအခြေအနေတွင် သူ(မ)ကသာ အကူအညီတစ်ခု ပေးနိုင်ခဲ့လျှင် သေချာပေါက်.....

အရေးအကြီးဆုံးအချက်ကတော့ သူ(မ)တွင်သာ ဒီလိုအဆက်အသွယ်မျိုးရှိထားလျှင် မိသားစုထဲတွင်ရော လုပ်ငန်းထဲတွင်ပါ နေရာတစ်ခုရလာလိမ့်မည်။

ဒီပူးပေါင်းမှူမျိုးက နှစ်ဖက်လုံးအတွက် ကောင်းကျိုးရောဆိုးကျိုးပါရှိသည့်တိုင် သိပ်တော့မလွယ်ပေ။ သို့သော် ချွင်းနန်မြို့တွင် နောက်တစ်ကြိမ်မြေနေရာခွဲဝေပေးခြင်း စတင်တော့မည်ဖြစ်သည့်အတွက် လင်ကျင်းကျယ်ထံမှ ရှေးဟောင်းပစ္စည်းများကို လက်လွှဲယူနိုင်ရန် အချိန်သိပ်မရှိတော့။ ကျန်းချောင်ချောင်နှင့် ကျန်းရှောင်ယွမ်က လင်ကျင်းကျယ် ပြဿနာမရှာနိုင်ရန် ထိန်းချုပ်ထားမည်ဖြစ်ပြီး ကျန်းကျီကတော့ ပစ္စည်းများကိုသွားယူရန် မောင်နှမသုံးယောက်ဆုံးဖြတ်လိုက်ကြ၏။

လင်ကျင်းကျယ်က ဒီကိစ္စကို ဘာမှဝင်မနှောင့်လျှင် အန္တရာယ်လုံးဝမရှိပေ။ သူတို့က ပြိုင်ဖက်ကို လျှော့တွက်ခြင်းမဟုတ်သော်လည်း နယ်တွင်သာကြီးပြင်းလာသည့် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဘာလုပ်နိုင်စွမ်း ရှိမှာလဲ။ ဒီရှေးဟောင်းပစ္စည်းများက ဘယ်လောက်ထိတန်ဖိုးရှိသည်ကိုပင် သူသ်ိမည်မဟုတ်။ သူတို့ကိစ္စအဆင်ပြေလျှင် သူကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အမြတ်အချို့ပေးလိုက်လျှင် စိတ်ငြိမ်သွားလိမ့်မည်။

ကျန်းရှောင်ယွမ်က သူတို့၏ အောင်မြင်နေမည့်အနာဂတ်ကိုတွေးကြည့်နေရင်း လင်ကျင်းကျယ်ကိုကြည့်လိုက်၏။

ထိုဆယ်ကျော်သက်ကောင်လေးက သူ(မ)ရှေ့တွင်ရပ်နေပြီး ဖုန်းကိုလက်ဖြင့်လှမ်းယူလိုက်၏။

အဒေါ်ဖြစ်သူကလည်း အလျင်အမြန်ပေးလိုက်သည်။

လင်ကျင်းကျယ်က သူ(မ)ကိုတစ်ချက်ကြည့်ပြီး ဖုန်းကိုကိုင်ကာ ဖြည်းဖြည်းချင်းမြှောက်လိုက်ပြီး သူ(မ)၏ စိတ်မရှည်သည့် အကြည့်အောက်တွင် သူက_

ဖုန်းကို ချလိုက်တော့၏။

သူက ဖုန်းကိုမဖြေဘဲ ချလိုက်ခြင်းဖြစ်သည်။

"အားးး_"

အပ်နှင့် ထိုးခံလိုက်ရသကဲ့သို့ ကျန်းရှောင်ယွမ်ရော ကျန်းကျီပါ တစ်ပြိုင်တည်းအော်လိုက်ကြ၏။

ကျန်းရှောင်ယွမ်က ထိတ်လန့်သွားပြီး အော်ဟစ်လိုက်၏။

"ငါပြောတာ မကြားဘူးလား။ မင်းအမေလို့။ မင်းအမေက မင်းကိုဖုန်းဆက်တာ!!"

သူ(မ)၏ အော်သံနှင့်အတူ နောက်တစ်ကြိမ်ဖုန်းမြည်လာပြန်၏။

အဒေါ်ဖြစ်သူက အလျင်အမြန်ဖုန်းကိုင်ရန် ပြေးသွားသော်လည်း လင်ကျင်းကျယ်က သူ(မ)ထက်မြန်မြန်ပြေးပြီး ဖုန်းကြိုးဖြုတ်ပစ်လိုက်၏။

တိတ်ဆိတ်မှု ပြန်ပေါ်လာပြန်သည်။ မောင်နှမနှစ်ယောက်လည်း ဖုန်းကိုကြည့်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ရှူံးသွားသည့်အကြည့်ဖြင့်ကြည့်နေလိုက်၏။ လင်ကျင်းကျယ်က ဖုန်းကိုစားပွဲဘေးတွင်ထားလိုက်ပြီး သူတို့ကိုကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ဘာအမူအရာမှမရှိ။

“ဦးလေး၊ အဒေါ်၊ နောက်ကျနေပြီ။ ပြန်ကြတော့လေ။"

ကျန်းရှောင်ယွမ်က လင်ကျင်းကျယ်အား နေ့ချင်းညချင်း ရင့်ကျက်သွားသူအဖြစ် အံ့အားသင့်စွာကြည့်လိုက်မိ၏။

သူတို့ထွက်သွားပြီးနောက်တွင်ပင် လင်ကျင်းကျယ်၏တုံ့ပြန်မှုက သူတို့မျှော်လင့်ထားသည့်အတိုင်း မဟုတ်သည်ကို နားမလည်နိုင်ကြသေးပေ။

ညနေခင်းတွင် လင်ကျင်းကျယ်က ငှားရမ်းထားသောလုပ်သားများကို ပြန်လွှတ်ကာ အခန်းကိုပြန်သန့်ရှင်းလိုက်သည်။ အဖိုးဖြစ်သူအတွက် ပူဇော်စင်ကို ဂရုတစိုက်ပြင်ဆင်ပြီး အမွှေးတိုင်သုံးတိုင် ရိုသေစွာတင်လိုက်သည်။ ဖုန်းလိုင်းကိုပြန်ဆက်ကာ ဆယ်မိနစ်ခန့်စောင့်လိုက်သော်လည်း ကျန်းချောင်ချောင်ကတော့ ပြန်မခေါ်ခဲ့။

သူရယ်လိုက်၏—သူမျှော်လင့်ထားသည့်အတိုင်းပင်။ အရင်ဘဝက မှတ်ဉာဏ်တစ်ခုအတိုင်း နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

ယခင်ဘဝတုန်းက လင်ကျင်းကျယ်သည် ယန်မြို့တွင်အလုပ်လုပ်ခဲ့ပြီး ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ အများစုသည် ဆယ်စုနှစ်များစွာတိုင် တည်နေရာမပြောင်းသည့်အတွက် ဖုန်းနံပါတ်များလည်း မပြောင်းလဲနိုင်ဟုသူယုံကြည်သည်။ ဖုန်း လေးခါမြည်ပြီးနောက်တွင်တော့ တစ်စုံတစ်ဦးက ဖုန်းလာကိုင်သည်။

အလုပ်ချိန်ကျော်နေပြီဖြစ်၍ တာဝန်ကျသူ၏အသံသည် ပျင်းရိနေသလိုပင်-

{ဟယ်လို၊ အမျိုးသားပြတိုက်ကပါ။ ဘာကူညီပေးရမလဲ။}

“ဟယ်လို၊ ကျွန်တော်က ချွင်းနန်ပြည်နယ် လိယွမ်မြို့ကပါ။ ပြတိုက်ကို ယဉ်ကျေးမှုအမွေအနှစ်တွေ လှူဒါန်းချင်ပါတယ်။”

ဖုန်းကိုင်သူဘက်မှ တိတ်ဆိတ်သွားသည်—ဤဖြစ်ရပ်မျိုးကို မကြုံစဖူးဟုထင်နေပုံရသည်။ အသံတွင်လည်း စိတ်ဝင်စားမှုတိုးလာခဲ့၏။- {ကျေးဇူးတင်ပါတယ်။ လှူဒါန်းမဲ့ပစ္စည်းများအကြောင်း ပြောပေးနိုင်မလား။}

လင်ကျင်းကျယ်က ပြောလိုက်တော့၏။

“ကြေးဝါပစ္စည်းတွေပါ၊ အနောက်ကျိုးခေတ်လား ဒါမှမဟုတ် ရှန်ခေတ်ကလားတော့ မသေချာဘူး။"

{ဘာ?!}

ဖုန်းကိုင်ထားသည့်ဘက်မှသူသည် လင်ကျင်းကျယ်၏ပြောစကားကြောင့် လန့်သွားခဲ့သည်။ နောက်ဘက်မှ အသံများကျယ်လာပြီး သူက မိုက်ခရိုဖုန်းကိုအုပ်ကာ တစ်ခုခုအော်ဟစ်လိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင်တော့ ဖုန်းကို အခြားတစ်ယောက်က လာဖြေသည်-

{ဟယ်လို။ ခင်ဗျားလှူဒါန်းမဲ့ပစ္စည်းတွေကို ဥပဒေနဲ့အညီရရှိထားတာလား။}

“ကျွန်တော့်အဖိုးရဲ့စုဆောင်းမှုတွေပါ။ သူ မဆုံးခင်က ကျွန်တော့်အတွက် ချန်ထားခဲ့တာ၊ သက်သေခံလက်မှတ်ရှိပါတယ်။”

လင်ကျင်းကျယ်သည် သူတို့၏စိုးရိမ်စိတ်များကိုနားလည်သဖြင့် အချိန်ကိုကြည့်လိုက်ပြီးပြောလိုက်၏။

“ပြတိုက်က လက်ခံနိုင်တယ်ဆိုရင် ဖက်စ်နံပါတ်ပေးပါလား။ ဓာတ်ပုံတွေပို့လိုက်ပါ့မယ်။"

သူက နံပါတ်ကိုရေးမှတ်ပြီး ဖုန်းချလိုက်ကာ ပင်ပန်းစွာသက်ပြင်းချလိုက်ပြီး မျက်လုံးများကိုပိတ်လိုက်သည်။

ဒါပဲ။ ဒီလောက်ပါပဲ။

ဤရှေးဟောင်းပစ္စည်းများသည် အဖိုး၏တန်ဖိုးကြီးပစ္စည်းများ၊ သူ၏တစ်သက်တာကြိုးပမ်းမှုများဖြစ်သည်။ ရွှေအပုံလိုက်ရသည်အထိတန်ဖိုးကြီးသည့်တိုင်၊ သူဆင်းရဲမွတ်သိပ်နေစဉ်တွင်ပင် ဘယ်တော့မှရောင်းချပစ်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် ပို၍လုံခြုံပြီးကောင်းမွန်သည့်နေရာတွင် ထားလိုက်လျှင်ပိုမကောင်းဘူးလား။ နိုင်ငံအတွင်းအကြီးဆုံးပြတိုက်တွင်ထားကာ လူအများကိုကြည့်ရှုခွင့်ပေးလိုက်မည်။ အဖိုးသာသိလျှင်လည်း ဝမ်းသာလိမ့်မည်။

ဖုန်းကတော့ စားပွဲဘေးတွင်တိတ်ဆိတ်လျက်။ ကျန်းချောင်ချောင်ကတော့ ထပ်မခေါ်ခဲ့။

ရုတ်တရက် လင်ကျင်းကျယ်၏လည်ချောင်းတွင် တစ်ခုခုစို့နင့်သွားသလိုပင်။ မီးမဖွင့်ဘဲ ဆိုဖာပေါ်တွင်အိပ်နေကာ မျက်လုံးပေါ်လက်တင်ထားလိုက်၏။

ယန်မြို့ အမျိုးသားပြတိုက်ရုံးခန်းတွင်။

လူတစ်စုက စားပွဲပေါ်ရှိ ဖက်စ်စက်ကို စိုးရိမ်စွာကြည့်ရှုနေကြသော်လည်း အချက်ပြမီးကတော့ မှိတ်တုတ်မှိတ်တုတ် လှုပ်မလာခဲ့ပေ။ ဖုန်းခေါ်ဆိုမှုက ကျီစယ်မှုတစ်ခုသာဖြစ်မည်ဟု စတင်တွေးမိလာသည့်အချိန်တွင် တစ်စုံတစ်ဦးကအော်လိုက်၏။

"ရောက်လာပြီ! ဖက်စ်ရောက်လာပြီ!"

တိတ်ဆိတ်နေသော ရုံးခန်းက ရုတ်တရက် ရှုပ်ထွေးသွားခဲ့သည်။ ဖက်စ်စက်မှ လျှပ်စစ်သံကြောင့် အသံတစ်ခုထွက်လာပြီး စာရွက်များကို ထုတ်လိုက်သည့်အခါ လူများက ထိုစာရွက်များကိုလုယူကြပြီး ဓာတ်ပုံများကို စိတ်ဝင်တစားကြည့်ကြတော့သည်။

"အမှန်ပဲ... ဒါကတကယ်ပဲ... ဒီရိုးရာ ဝိုင်အိုးပုံစံ၊ ပြီးတော့ ဒီတာအိုပုံစံ! ဒါက ရှန်မင်းဆက် နှောင်းပိုင်းလက်ရာဆိုတာသေချာတယ် !"

"ဒီတစ်ခုကျတော့ အဖုံးပါပါသေးတယ်! ကြည့်ရတာ အရမ်းကိုသပ်ရပ်တာပဲ!"

"ဒါတွေက တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေပဲ။"

မျက်မှန်တပ်ထားသော သက်ကြီးရွယ်အိုတစ်ဦးက စားပွဲပေါ်သို့ ကိုင်းညွတ်ကာ ဓာတ်ပုံတိုင်းကို သေချာကြည့်ရှုလိုက်သည်။ သူက မယုံနိုင်စွာဖြင့် ခေါင်းကိုခါပြီးပြောလိုက်သည်။

"အလှူရှင်က လှူဒါန်းမယ်လို့ တကယ်ပြောခဲ့တာလား။ ပြတိုက်ကို အခမဲ့ပေးမယ်ဆိုတာက မယုံနိုင်စရာပဲ။"

ပြတိုက်ဒါရိုက်တာကလည်း ယုံကြည်ရခက်နေခဲ့သည်။

"ဟုတ်ပါတယ်။ သူက လိပ်စာချန်ခဲ့ပြီး ဓာတ်ပုံတွေစစ်ဆေးပြီးတာနဲ့ ချွင်းနန် ပြည်နယ်၊ လိယွမ်မြို့ကို တိုက်ရိုက်အဖွဲ့လွှတ်ပြီး ပစ္စည်းတွေလက်ခံယူလို့ရတယ်လို့ ပြောသွားပါတယ်။"

"ချွင်းနန်ပြည်နယ်လား။"

အဖိုးကြီးက ခဏရပ်တန့်ပြီး ပြုံးလိုက်သည်။

"နေရာကောင်းတစ်ခုပါပဲ။ ကောင်းပြီလေ။"

သူက မျက်မှန်ကို ဖြေးညင်းစွာချွတ်ကာ စားပွဲပေါ်တင်လိုက်၏။

"ငါလည်း အချိန်နည်းနည်း အားနေတယ်။ ဒါကြောင့် မင်းတို့နဲ့အတူ ဒီခရီးကိုလိုက်ခဲ့မယ်။"

ပြတိုက်ဒါရိုက်တာမှာ အံ့အားသင့်သွား၏။

"အဖိုးဖန် မနောက်ပါနဲ့။ ချွင်းနန်က အဝေးကြီးပဲ။ ကိုယ်တိုင်သွားစရာမလိုပါဘူး။ အဖိုးရဲ့ ကျန်းမာရေးက..."

အဖိုးဖန်က စိတ်မရှည်သလို လက်ကာပြပြီး စကားကိုဖြတ်လိုက်သည်။

" ပွစ်ိ ပွစိ မပြောနဲ့တော့။ ဒီလိုမျိုးကြေးထည်ပစ္စည်းတွေကို သေချာစစ်ဆေးဖို့လိုတယ်။ အစစ်အမှန်သာဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံ့သမိုင်းဝင်ပစ္စည်းဈေးကွက်ကို ထိန်းချုပ်တဲ့နေရာမှာ အဓိကအထောက်အကူဖြစ်လာမှာ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment