no

Font
Theme

ဟူယွိသည် သပိတ်မှောက်မှုအကြောင်းကို မကြာမီ သိရှိသွားခဲ့သည်။ ထို့နောက် အတန်း ၅ ၏ အင်္ဂလိပ်စာသင်ချိန်များကို ကျောင်းမှ ဖျက်သိမ်းလိုက်ကြောင်း ကြားသိလိုက်ရသည်။ ထိုသတင်းက သူ(မ)ကို အလွန်အမင်း ကြောက်လန့်သွားစေပြီး ကျောင်းအုပ်ကြီးရုံးခန်းသို့ အပြေးအလွှားသွားကာ တောင်းပန်ချင်စိတ် ပေါက်သွားခဲ့သော်လည်း သူ(မ)၏ ကျောင်းသားများက တားဆီးခဲ့ကြသည်။

"စလိုက်မှတော့ ဆုံးအောင်သွားရမှာပေါ့။"

ထို့အပြင် သူတို့ ဒီလိုလုပ်ရသည့် အကြောင်းရင်းတစ်ဝက်မှာ လီယွိရုန်က ဟူယွိကို အနိုင်ကျင့်ခဲ့သည့်အတွက် လက်စားချေလိုခြင်းကြောင့် ဖြစ်သည်။ ဒီအပြင်၊ လီယွိရုန်ကဲ့သို့ ဆရာမမျိုး ရှိခြင်းနှင့် မရှိခြင်းမှာ ဘာများ ကွာခြားမည်နည်း။

ဟူယွိ၏ သားဖြစ်သူ ကောရှန်ပင်လျှင် လက်စားချေလိုသော အောင်နိုင်သူ၏ ပီတိကိုသာ ခံစားနေမိသည်။ လီယွိရုန်သည် ဟူယွိကို အချိန်ကြာမြင့်စွာ နှိပ်စက်ခဲ့သော်လည်း မည်သည့်အကျိုးဆက်မှ မခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ(မ)အတွက် အရာရာ ချောမွေ့နေခဲ့သည်။

ဒီတစ်ကြိမ်တွင်မူ သူ(မ)သည် မကြုံစဖူး အောက်ဆုံးသို့ ကျဆင်းသွားခဲ့ရပြီး၊ သူ(မ)ကို နှစ်အနည်းငယ်ကြာသည်အထိ အရှက်ရစေရန် လုံလောက်ပေသည်။ ယခု သူ(မ) အမြီးကုပ်ပြီး ထွက်ပြေးသွားသောအခါမှသာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရမည်ကို သင်ယူတတ်မြောက်သွားပေလိမ့်မည်။

ဟူယွိကို စည်းရုံးဖျောင်းဖျရန်အတွက် ကောရှန်နှင့် အတန်း ၅ မှ ကျောင်းသားအချို့က လင်ကျင်းကျယ်၏ ရှင်းလင်းချက်ကို နားထောင်၍ မှတ်သားထားသော မှတ်စုများကို ပြသကြသည်။ ထိုမှတ်စုပါ အကြောင်းအရာများသည် ရှင်းလင်းပြတ်သားပြီး နားလည်ရလွယ်ကူကာ၊ လီယွိရုန် သင်ကြားခဲ့ဖူးသမျှထက် မည်မျှ ပိုကောင်းသည်ကို ပြောပြရန် မလိုပေ။

နောက်ဆုံးတွင် ဟူယွိသည် သူတို့၏ ချော့မော့ဖျောင်းဖျမှုကို လက်ခံလိုက်ပြီး အခြေအနေများကို ဖြစ်မြဲအတိုင်း ဆက်လက်ခွင့်ပြုရန် သဘောတူလိုက်တော့သည်။

ဟူယွိမှာ အားငယ်စိတ်ဝင်မိသည်။ ကျောင်းသားများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ပျက်ကွက်ခဲ့သည့် မိမိ၏ စကားမပြောတတ်၊ ဆိုမတတ်ဖြစ်မှုကို မုန်းတီးမိသည်။ ဆရာတစ်ယောက်ဖြစ်ရသည်ကို အလဟဿဖြစ်စေသော လီယွိရုန်ကိုလည်း မုန်းတီးမိပြီး၊ ကျောင်း၏ ခေါင်းဆောင်ပိုင်းကိုပင် မုန်းတီးမိတော့သည်။

တတိယနှစ်ကျောင်းသားများအတွက် အင်္ဂလိပ်စာသင်ချိန်ကို သူတို့ တကယ်ပဲ ဖျက်သိမ်းခဲ့တာလား! အဓိပ္ပါယ်မရှိလိုက်တာ!

အလုပ်အကျိုးခံစားခွင့်များ ငြင်းပယ်ခံရခြင်း၊ တရားဝင် ဆရာ၊ ဆရာမ ခွဲတမ်းတွင် မပါဝင်ခြင်းနှင့် အမျိုးမျိုးသော တရားမျှတမှုမရှိမှုများကို ခံစားခဲ့ရသော်လည်း ဟူယွိသည် စိတ်ရှည်စွာ သည်းခံခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ၊ သူ(မ) နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား သင်ကြားပို့ချပေးခဲ့သော ကျောင်းအပေါ် ပထမဆုံးအကြိမ်အဖြစ် စိတ်ပျက်မိလေသည်။

မည်သို့ပင်ဖြစ်စေ၊ သူ(မ) အနည်းငယ် စိတ်သက်သာရာရမိသည်မှာ ကလေးများသည် လင်ကျင်းကျယ်၏ စကားကို အတော်လေး နားထောင်ကြပြီး ယခုအခါ သူတို့၏ အိမ်စာများကို ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားစိုက်ကာ လုပ်ဆောင်နေကြခြင်းပင်။

သူ(မ) ရက်ပေါင်းများစွာ သုတေသနပြုခဲ့ပြီးနောက် ကျောင်း၏ ခေါင်းဆောင်ပိုင်းမှ မဆိုင်းမတွ ပယ်ချခဲ့သော သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုများနှင့် ပြဋ္ဌာန်းစာအုပ် တစ်ပုံတစ်ခေါင်းကို ပွေ့ပိုက်လိုက်သည်။ အမြဲတမ်း သံသယဝင်ခံရခြင်းနှင့် မေးခွန်းထုတ်ခံရခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော သူ(မ)၏ ကြောက်ရွံ့တတ်သည့် စိတ်နေသဘောထားသည် မကြုံစဖူး ခိုင်မာသော စိတ်ပိုင်းဖြတ်မှုဖြင့် အစားထိုးခံလိုက်ရသည်။

'စမ်းကြည့်လိုက်စမ်းပါ' သူ(မ)၏ စိတ်ထဲမှ အသံတစ်ခုက ဤသို့ပြောနေသည်။ 'စမ်းကြည့်လိုက်'

အတန်း ၅ တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ သူတို့၏ ရလဒ်များကလည်း ယခုထက် ပိုဆိုးသွားစရာ အကြောင်းမရှိတော့။

စမ်းကြည့်တော့လည်း ဘာများ နစ်နာစရာ ရှိဦးမှာလဲ။

ပိုင်မာလမ်းသည် ကျယ်ဖန့်လမ်းနှင့် နီးကပ်စွာ တည်ရှိသည်။ နေ့ဘက်တွင် စီးပွားရေးလမ်းတစ်ခုဖြစ်သော်လည်း ညဉ့်နက်လာသောအခါ ညဈေးတန်းများဖြင့် စည်ကားလေ့ရှိသည်။ ၎င်းသည် လိယွမ်မြို့၏ အစည်ကားဆုံးနေရာပင်

ကောရှန်သည် လိယွမ်မြို့၏ "လူမိုက်ဂိုဏ်းခေါင်းဆောင်" နှင့် မကြာမီ တွေ့ဆုံရတော့မည်ဟူသော အတွေးဖြင့် သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဖြစ်နေသည်။ သူသည် လင်ကျင်းကျယ်၏ အိတ်ကို သယ်ဆောင်ရင်း ဈေးဆိုင်တန်းများအတိုင်း လျှောက်လာခဲ့သည်။

အသားကင်ဆိုင်မှ လှိုင်ထွက်လာသော မွှေးကြိုင်သည့် အနံ့သည်ပင် သူ၏ ခြေလှမ်းများကို မနှေးကွေးစေနိုင်ခဲ့။ ရံဖန်ရံခါ သူသည် ရှေ့သို့ အလွန်အကျွံရောက်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် နှေးကွေးလှသော သူ့သူငယ်ချင်းဆီသို့ ပြန်လှည့်လာရသည်။

"ကျင်းကျယ်၊ ကျင်းကျယ်၊"

သူ အနာဂတ်အကြောင်း စိတ်ကူးယဉ်နေမိသည်။

"ကျိုးဟိုင်ထန်ရဲ့ အစ်ကိုကြီးက ငါ့အရည်အချင်းကို အသိအမှတ်ပြုရင် ငါ ဘယ်လိုလုပ်ရမလဲ။ သူက တန်ခိုးသြဇာကြီးရုံတင်မကဘူး--- ချမ်းသာတယ်လို့လည်း ငါကြားတယ်! ကျောင်းနောက်က လမ်းမှာရှိတဲ့ ဂိမ်းဆိုင်ကို သိတယ်မလား။ အဲ့ဒါ သူ့ပိုင်တာ။ ကျိုးဟိုင်ထန်က ဒီလူနဲ့ သိကျွမ်းခွင့်ရဖို့ သူ့ဘိုးဘေးတွေရဲ့ သင်္ချိုင်းရှေ့မှာ အမွှေးတိုင်တွေ အများကြီး ထွန်းခဲ့မှာ သေချာတယ်။"

လင်းကျင်းကျယ်သည် အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်ကာ မြေကြီးကို ငုံ့ကြည့်ရင်း တစ်လှမ်းချင်း လျှောက်နေခဲ့သည်။ သူ၏ ခေါင်းငုံ့ထားမှုကြောင့် လူများသည် သူ၏ မျက်နှာပေါ်မှ အမူအရာကို မမြင်နိုင်ကြပေ။

"အင်း" သူ သာမန်ကာလျှံကာမျှသာ ပြန်ဖြေလိုက်သည်။

သူသည် ကောရှန်၏စကားကို နားထောင်နေခြင်းမဟုတ်။ အမှန်မှာ သူ၏ ယခင်ဘဝမှ အမှတ်တရများကို ပြန်လည်စဉ်းစားနေခြင်းပင်။

လိယွမ်မြို့၏ လူထုလုံခြုံရေးအခြေအနေမှာ ဆိုးရွားခဲ့ပြီး နောင်နှစ်ပေါင်းများစွာလည်း ဆက်လက် ဆိုးရွားနေဦးမည်ဖြစ်သည်။ အစိုးရမှ ရာဇဝတ်မှုများကို ပြင်းထန်စွာ အရေးမယူမီကာလအထိ၊ အမျိုးမျိုးသော ဂိုဏ်းဂဏများနှင့် မြေအောက်လောကသားများသည် ထိုနေရာတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ခဲ့ကြသည်။

သို့သော်၊ သူ၏ အမှတ်ရမှုအရ ထိုဂိုဏ်းများသည် အကာအကွယ်ပေးကြေးများ ကောက်ခံခြင်း၊ ဒစ်စကို သို့မဟုတ် ဂိမ်းဆိုင်များ ပိုင်ဆိုင်ခြင်းဖြင့် ကျေနပ်နေကြသော ငါးမွှားလေးများသာ။ ၁၉၉၈ ခုနှစ်တွင် ပြင်ပအင်အားစုတစ်ခု ပေါ်ပေါက်လာသည့်အချိန်အထိ ထိုအခြေအနေအတိုင်း ဆက်ရှိနေခဲ့သည်---

ထိုအခါမှသာ လိယွမ်မြို့သည် တကယ့်မြေအောက်လောက အစစ်အမှန်ကို သိရှိခဲ့ရသည်။ သူတို့နှင့် နှိုင်းယှဉ်လျှင် ဒေသခံ "လူမိုက်ဂိုဏ်း" သည် မြက်စားသတ္တဝါများအုပ်စုကဲ့သို့ ဖြစ်နေပြီး တစ်ပတ်မပြည့်မီ အချိန်အတွင်း လုံးဝ မျိုချခံခဲ့ရသည်။ ကောရှန်နှင့် ကျိုးဟိုင်ထန်တို့၏ ဂိုဏ်းမှာ ထိုနည်း၎င်း ပျောက်ကွယ်သွားခဲ့သည်။

သူတို့ လမ်းလျှောက်နေစဉ် တစ်စုံတစ်ခုက ရုတ်တရက် သူ၏ အာရုံကို ဖမ်းစားလိုက်သဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိသည်။ သူတို့နောက်မှ အနည်းငယ်အကွာတွင် လျှောက်လာနေသော သားရေဂျာကင်ဝတ် ဆံပင်နီနှင့် လူသည် သူ့ဆီကနေ အမိခံလိုက်ရပြီး အချိန်မီ အကြည့်မလွှဲနိုင်ခဲ့ချေ။

ထိုလူသည် မထင်မရှားဖြစ်အောင် ကြိုးစားရင်း နံရံနားကပ်၍ လျှောက်နေခဲ့သည်။ သတိပြုမိခံလိုက်ရကြောင်း သိရှိသွားသောအခါ၊ သူသည် ဘာမှမဖြစ်သလို ဟန်ဆောင်ပြနေခဲ့သည်--- ပြီးနောက် လူအုပ်ထဲတွင် ပုန်းအောင်းသွားခဲ့သည်။

သူ့ပုံစံမှာ "ငါက လူကောင်းတစ်ယောက် မဟုတ်ဘူး" ဟု တစ်ကိုယ်လုံးတွင် စာရေးထားသကဲ့သို့ပင်--- သူသည် အဆင့်နိမ့် ဂိုဏ်းသားတစ်ဦး ဖြစ်ဟန်တူသည်။

တိန့်မိုက်၏ သတိပေးစကားက သူ၏ စိတ်ထဲတွင် လျှပ်တပြက် ပေါ်လာသည်-

"ကျန်းရန်က သူ့ 'အစ်ကိုကြီးတွေ' ကို ခေါ်ပြီး အစ်ကိုကြီးကို သင်ခန်းစာပေးခိုင်းမယ်လို့ ပြောတယ်။"

စိတ်ထဲတွင် အကြံအစည်တစ်ခု ဖြစ်ပေါ်လာကာ၊ လင်ကျင်းကျယ်သည် ခြေထောက်အောက်မှ ကျောက်ခဲတစ်လုံးကို တည်ငြိမ်စွာ ကန်ထုတ်လိုက်သည်။

ညဈေး၏ အရှေ့ဘက်အစွန်ဆုံးရှိ ဆိုင်မှာ အစားအသောက်ဆိုင်ကြီးဖြစ်ပြီး၊ ထိုဆိုင်မှ ခေါက်ဆွဲကြော်ရနံ့သည် လမ်းတစ်လျှောက်လုံးသို့ ပျံ့နှံ့နေသည်။ သူတို့ ထိုနေရာသို့ မရောက်သေးမီမှာပင် သူတို့ကို လှမ်းခေါ်နေသော ကျယ်လောင်ပြီး စိတ်လှုပ်ရှားနေသည့် အသံကို ကြားလိုက်ရသည်- "ကျင်းကျယ်! ကောရှန်! ဒီမှာ! ဒီဘက်ကို!"

လင်ကျင်းကျယ် မော့ကြည့်လိုက်ရာ သူ၏ သူငယ်ချင်းဟောင်းကို မြင်တွေ့သောအခါ မျက်လုံးထဲမှ အမူအရာက နက်ရှိုင်းသွားခဲ့သည်။ အစားအသောက်ဆိုင်နှင့် မလှမ်းမကမ်းရှိ လမ်းပေါ်တွင် လူများဖြင့် ပြည့်ကျပ်နေသော ပလတ်စတစ် စားပွဲဝိုင်းနှစ်လုံး ရှိနေသည်။ ကာလအတန်ကြာ မတွေ့ရသေးသည့်၊ ကလေးဆန်သော ရုပ်သွင်ရှိနေဆဲဖြစ်သော ကျိုးဟိုင်ထန်သည် ထိုလူများကြားတွင် ရပ်နေပြီး ခုန်ပေါက်ကာ လက်ဝှေ့ယမ်းပြနေသည်။

လင်ကျင်းကျယ်၏ လက်များသည် သူ၏ အိတ်ကပ်ထဲတွင် ချွေးစေးများဖြင့် စိုစွတ်ကာ တင်းတင်းဆုပ်ထားမိသည်။ သူ ယခင်ဘဝက ထောင်ထဲတွင် သွားတွေ့ခဲ့ရသော အရွယ်မတိုင်မီ အိုမင်းနေသည့် ကျိုးဟိုင်ထန်ကို အဆက်မပြတ် ပြန်လည်သတိရနေမိပြီး၊ ဤ နုပျိုလန်းဆန်းသော မျက်နှာကို ထိုးကြိတ်ပစ်ချင်စိတ် ပေါက်နေမိသည်။

သောက်တုံးကောင်၊ တခြား မိုက်မဲစရာတွေ ဒီလောက်ပေါများနေတာကို၊ မင်းက သောက်ရေးမပါတဲ့ မြေအောက်လောကထဲကိုမှ ဝင်ရတယ်လို့!

သူသည် ပြင်းထန်သော စေ့ဆော်မှုကို ထိန်းချုပ်ရန် အသက်ပြင်းပြင်း နှစ်ကြိမ် ရှူလိုက်သည်။

ကောရှန်မှာမူ ထိုနေရာသို့ ပြေးသွားခဲ့ပြီဖြစ်သည်။ သို့သော်၊ "သူဌေးကြီး" ကို ကြောက်ရွံ့ဟန်ဖြင့် အစားအသောက်ဆိုင်၏ တံခါးဝကို မဖြတ်မီ ရုတ်တရက် နှေးကွေးသွားပြီး သူ၏ ခြေလှမ်းများမှာ သတိထားလာတော့သည်။

ကျိုးဟိုင်ထန်က အခြေအနေကို ပြေလျော့စေရန် တာဝန်ယူလိုက်သည်-

"မိတ်ဆက်ပေးပါရစေ။ ဒါက အစ်ကိုကြီး ရွှီလျှံ၊ အရှေ့ပိုင်းမြေငလျင်ဂိုဏ်းရဲ့ နံပါတ်တစ် လူပဲ! အစ်ကိုရွှီ၊ ဒါက ကျွန်တော့် သူငယ်ချင်းကောင်းတွေ၊ ကောရှန်နဲ့ လင်ကျင်းကျယ်ပါ--- ကျွန်တော် အစ်ကို့ကို သူတို့အကြောင်း ပြောပြဖူးတယ်လေ၊ နောင်လည်း သူတို့ကို စောင့်ရှောက်ပေးပါဦး။"

ရွှီလျှံသည် အရပ်မြင့်ပြီး ဝတုတ်ကာ၊ ပေါင် ၂၂၀ ခန့် အလေးချိန်ရှိဟန်တူသည်။ ပလတ်စတစ်ကုလားထိုင်သည် သူ့အောက်တွင် ပြိုကျလုမတတ် ဖြစ်နေသည်။ သူ့တွင် မြင့်မားပြီး ပြောင်လက်နေသော နဖူးရှိပြီး၊ အဆီပြန်အရေပြားရောင်ရမ်းမှု ဝေဒနာ ခံစားနေရဟန်တူကာ၊ ရိုင်းစိုင်းသော မျက်နှာထားရှိသည်။

နွေဦးရာသီ၏ အေးမြသော ညနေခင်း ဖြစ်သော်လည်း၊ သူသည် ကုတ်အင်္ကျီကြီးအောက်တွင် လည်ဟိုက်အင်္ကျီတစ်ထည်သာ ဝတ်ဆင်ထားပြီး၊ သူ၏ ရင်ဘတ်အလယ်ရှိ ကျားခေါင်းပုံ တက်တူးကို ထင်ရှားစွာ မြင်နေရသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် လူကောင်းသူကောင်းတစ်ဦး မဟုတ်ကြောင်း သိသာသည်။

ယခင် "အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရေး" အကျဉ်းသားဟောင်း တစ်ဦးအနေဖြင့် သူသည် အမှန်တကယ် ဟန်ဆောင်ကောင်းသူပင်။

ကောရှန်သည် ကျားခေါင်းတက်တူးကို မြင်လိုက်သောအခါ ချက်ချင်းပင် ရိုသေစွာ နှုတ်ဆက်လိုက်သည်- "အစ်ကိုရွှီ။"

သူသည် စားပွဲဝိုင်းနှစ်ခုတွင် ထိုင်နေကြသော၊ အစ်ကိုရွှီ၏ လူများဖြစ်ကြောင်း ထင်ရှားသည့် လူများကို ကြည့်ရင်း ကြည်ညိုလေးစားစိတ်ဖြင့် ပြည့်နှက်သွားသည်။ ဆံပင်နီများ၊ ဆံပင်ဝါများနှင့် သားရေဂျာကင်၊ ဂျင်းဂျာကင်များ ဝတ်ဆင်ထားသော လူများ…

ဤလူများသည် သူနှင့် ကမ္ဘာတစ်ခုခြားနေသော လူများဖြစ်ကြောင်း ထင်ရှားသည်။ အရှေ့ပိုင်းမြေငလျင်ဂိုဏ်း--- ဤမျှ ခံ့ညားသော အမည်နာမဖြင့်၊ သူတို့သည် လီယွမ်မြို့တွင် လေကိုခေါ်၊ မိုးကိုညှို့နိုင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ရမည်။

အကယ်၍ သူသာ ထိုကဲ့သို့သော အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ပါက၊ ဟူယွိကို မည်သူကများ ထပ်မံ အနိုင်ကျင့်ရဲဦးမည်နည်း?!

ရွှီလျှံသည် ဟင်းခနဲ အသံနက်ကြီး ပြုလိုက်ပြီး သူ၏ မျက်ခွံများကို ပင့်တင်ကာ ကောရှန်ကို စွေကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် နောက်မှ လိုက်လာသော လင်ကျင်းကျယ်အပေါ်သို့ ရောက်ရှိသွားသည်။

လင်ကျင်းကျယ်သည် သူ့ကို မပြတ်မသားသော အမူအရာဖြင့် အပေါ်အောက် ကြည့်လိုက်သည်။ ထို့နောက် သူ၏ ပါးစပ်ထောင့်များ တွန့်သွားကာ "အစ်ကိုရွှီ၊" ဟု ခေါ်လိုက်သည်။

၉၀ ခုနှစ်များအစောပိုင်း၏ လိယွမ်မြို့တွင်၊ ရွှီလျှံသည် လူများ စိတ်ကူးနိုင်သမျှ အဆိုးဆုံး "လူယုတ်မာ" ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် လင်းကျင်းကျယ်မှာမူ စကားမပြောနိုင်အောင် ဖြစ်နေရသည်---

အရင်ဘဝက ကောရှန်နဲ့ ကျိုးဟိုင်ထန်တို့က ဘာလို့ ဒီလို အရည်အချင်းမရှိတဲ့ လူပေါကြီးနောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲ။ သောက်ကျိုးနည်း၊ သူ တကယ်ပဲ ကင်မရာတစ်လုံးယူပြီး ဓာတ်ပုံရိုက်ထားချင်စိတ် ပေါက်သွားသည်၊ သို့မှသာ နှစ်ပေါင်းနှစ်ဆယ်ကြာသောအခါ ထို ငတုံးနှစ်ယောက်ကို ပြန်ပြနိုင်ပြီး၊ သူတို့၏ ပုန်ကန်တတ်သော လူငယ်ဘဝဟု ခေါ်တွင်ခဲ့ကြသည်ကို သတိရစေနိုင်မည်ပင်။

ရွှီလျှံသည် သူ့ကို မြင်သည့်အခါ ဘောင်းဘီထဲတွင် တုန်မနေသော ဆယ်ကျော်သက်တစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်သည်။ သူ လင်ကျင်းကျယ်ကို ကြည့်လိုက်ပြီး၊ နားမလည်နိုင်စွာပင် သူ၏ ဂိုဏ်းခေါင်းဆောင်တစ်ဦးဟူသော ဂုဏ်သိက္ခာအား ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရသည်။

ထို့ကြောင့် သူသည် တူကို ပစ်ချလိုက်ပြီး--- ကျိုးဟိုင်ထန်ကို ပြောလိုက်သော်လည်း လင်ကျင်းကျယ်ကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေရင်း

"မင်းမှာ ဒီလိုထူးခြားတဲ့ ညီလေးတစ်ယောက် ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"

အနည်းငယ် စိုးရိမ်သွားသော ကျိုးဟိုင်ထန်သည် ဖျတ်ခနဲ ထရပ်လိုက်ပြီး လင်ကျင်းကျယ်၏ ဘေးသို့ ပြေးသွားသည်။

လင်ကျင်းကျယ် အံ့အားသင့်သွားပြီး ဘေးသို့ ရှောင်လိုက်သော်လည်း ကျိုးဟိုင်ထန်က ထိုအရာကို ဂရုမစိုက်ပေ။ သူသည် သူငယ်ချင်းကို ဆွဲကိုင်လိုက်ပြီး အသံတိုးတိုးဖြင့် တိုက်တွန်းလိုက်၏၊

"ဒီလိုမလုပ်ပါနဲ့ ကျင်းကျယ်ရာ။ အစ်ကိုရွှီက အဆက်အသွယ်ကောင်းတယ်၊ ငါတို့ လိယွမ်မြို့မှာလည်း သြဇာအရမ်းကြီးတယ်။ သူက မျက်တောင်မခတ်ဘဲ လူသတ်နိုင်တယ်လို့ ပြောကြတယ်၊ သူ့ကို သွားမဆွနဲ့!"

စကားမပြောနိုင်အောင် ဖြစ်သွားသော လင်ကျင်းကျယ်မှာ သူ၏ စစ်မှန်သော စိုးရိမ်မှုကို ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်၊

"အင်းပါ။"

ကျိုးဟိုင်ထန်က ရှက်ရယ်ရယ်လိုက်သည်။

"မင်းနဲ့ တစ်ပတ်လောက်ပဲ မတွေ့ရသေးတာ၊ ဘယ်လိုဖြစ်လို့ မင်းက ပိုပိုပြီး ကြည့်ကောင်းလာတယ်လို့ ငါထင်နေရတာလဲမသိဘူး။"

ကျိုးဟိုင်ထန်သည် သူ၏ လက်ဖဝါးအောက်မှ ထိုးထွက်နေသော ပခုံးရိုးများကို ခံစားမိလိုက်ပြီး သူ၏ အာရုံစိုက်မှုမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင်တစ်ခု လျှပ်ပြက်သွား၏။ ထို့နောက် သူ့အိတ်ကပ်များထဲသို့ နှိုက်လိုက်ပြီး ရော်ဘာကြိုးဖြင့် စည်းထားသော ငွေစက္ကူတစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။

"ဒီမှာ! ဒါက အစ်ကိုရွှီ ငါ့ကို ပေးတဲ့ လစာပဲ။ မင်းမွေးနေ့ကို ငါ လွတ်သွားတယ်၊ အဲ့ဒါကြောင့် ဒါကိုယူပြီး မွေးနေ့ကိတ်တစ်ခု ဝယ်လိုက်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment