no

Font
Theme

မောင်မောင့် ချစ်ဇနီး တော်တော်ထက်

အခန်း (၁၃) မင်းရဲ့ အချစ်တွေ

" ဒါပေမဲ့ ဒီနေ့ မင်းရဲ့ ပုံစံကို ဒီလိုတွေ့လိုက်ရတော့ ငါ့ရဲ့ စိတ်ကို ပြောင်းလိုက်ပါပြီ။ " မစ္စတာ ဂျေဂျေသည် စကားသာမက လက်ဟန်ခြေပါ ပါလာကာ သူမအား အံ့သြနေရသည့် အကြောင်းကို ပြောနေလေသည်။ " မင်းကို တွေ့တော့ ငါအရမ်း အံ့သြသွားမိတယ်။ မင်းပုံစံက တစ်ခြားလူ တစ်ယောက်လို လုံးဝပြောင်းလဲသွားတယ်။ "

" ကျွန်မက လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကားမတော်တဆမှု ဖြစ်ခဲ့တာကို မစ္စတာ ဂျေဂျေလည်း ကြားမိမှာပေါ့။ " အိုင်းရစ်သည် တည်ငြိမ် အေးဆေးသော လေသံနှင့် ထိုသို့ ပြောလိုက်လေသည်။

သူက ဦးခေါင်းကို ညိမ့်လိုက်သည်။

" မတော်တဆမှုက တော်တော်ပြင်းထန်လို့ ကျွန်မ သေသွားခဲ့ပါတယ် မစ္စတာ ဂျေဂျေ။ " သူမသည်

သက်ပြင်း ရှည်ကြီးတစ်ချက် ချပြီး ပြတင်းပေါက်ကို လွှမ်းလွှမ်းဆွေးဆွေးနှင့် ငေးကြည့် နေမိလေသည်။ ပြတင်းပေါက် အပြင်ဖက် ကောင်းကင် ပြာကြီးထဲတွင် ဦးတည်ချက်မဲ့စွာ လွှင်မျောနေသည့် တိမ်လွှာ ပြင်ကြီးတို့၏ ပုံစံတို့သည် နေကာမျက်မှန်ပေါ်တွင် ရောင်ပြန်ဟပ်နေသည်။ " ကျွန်မက ကိုမာရောဂါကို ခံစားရပြီး တစ်နှစ်ကျော်လောက် သေသွားခဲ့တယ်။ သေခြင်းရဲ့ ခံစားချက်ကို မစ္စဂျေဂျေ သိလောက်မယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒါက လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။ "

" ငါသိပါပြီ။ " အိုင်းရစ်၏ ပုံစံ ပြောင်းလဲသွားသည်ကို သူက နားလည်လာပေပြီ။ သူတို့နှစ်ဦးလုံး တိတ်ဆိတ်နေကြသည်။ ထို့နောက် သူသည် သက်ပြင်း တစ်ချက်ချလိုက်ကာ စင်မြင့်လေးပေါ်ရှိ စန္ဒယားကို လက်ညှိုးထိုးလိုက်သည်။ " အဲ့ဒါကို မင်းတွေ့လား။ "

အိုးရစ်သည် စင်ငယ်လေးပေါ်ရှိ စန္ဒယားကို ကြည့်ရင်း ခေါင်းညိမ့်လိုက်လေသည်။

" အဲဒီ စန္ဒယားကို သွားတီးပြီး မင်းရဲ့ သီချင်းတစ်ပုဒ်ကို ဆိုပြပေးပါ။ မင်းက ဒီသီချင်းနဲ့ အသင့်တော်ဆုံး အဆိုရှင် ဖြစ်တယ်ဆိုတာ ငါ့ကို သက်သေပြပါ။ ဒါကို မင်းလုပ်နိုင်လား။ "

" ဟုတ်ကဲ့။ "

သူမသည် မတ်တပ်ရပ်ပြီး စန္ဒယားရှိသည့် နေရာသို့ လမ်းလျှောက်သွားလေသည်။ သူမ၏ ခြေလှမ်းများကား ရွှင်ရွှင်လန်းလန်း ဖြစ်နေသဖြင့် ကြမ်းပြင်ပေါ်တွင် လွှင့်မျောနေသည့် ပုံစံပေါက်နေသည်။

လျှောက်သွားနေသော အမျိုးသမီးသည် သူတို့သိနေသောသူ ဖြစ်နေသည်ကို လူတစ်ချို့က သတိထားမိကြသည်။ စင်မြင့်လေးပေါ်ရှိ စန္ဒယားရှေ့ထိုင်ခုံဆီသို့ သူမ ရောက်သွားသည်အထိ သူတို့ ကြည့်နေကြသည်။

အိုး သူမက စန္ဒယားကို တီးမလို့လား။

သူမက စန္ဒယား ခလုတ်ပေါ်သို့ လက်နှစ်ဖက် ဆန့်

ထုတ်လိုက်သည်ကို သူတို့တွေ့လိုက်သည်။ သူမသည် သက်ပြင်း တစ်ချက် ချလိုက်ပြီး စန္ဒယားကို စတင်တီးခတ် လေတော့သည်။

ခိုင်ခံ့ နက်နဲ သွက်လက်သော နုတ်စ် သံစဥ်တို့က စားသောက်ဆိုင် အတွင်းရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။ ယခုတွင် လူတိုင်းသည် စန္ဒယားတီးခတ်နေသည့် အမျိုးသမီးဆီသို့ ကြည့်နေကြလေသည်။

စစ်မြေပြင်ရှိ သွေးစွန်းသည့် ပုံရိပ် နှင့် ကြေကွဲဖွယ် ခံစားချက်တို့သည် သူတို့၏ နှလုံးသားထဲသို့ အတားအဆီးမရှိ တိုးဝှေ့နေလေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် အင်ထရို သံစဥ် ပြီးဆုံးကာ နှေးကွေးသော သံစဥ်တစ်ခုက အစားထိုးဝင်ရောက်လာသည်။ ထို့နောက် သူမ၏ ပါးစပ်ထဲမှ သီချင်း စာသားများက လေထဲသို့ ပျံ့လွှင့်လာလေ သည်။

" မင်းအတွက် ကြက်သွေးရောင် သမုဒ္ဒရာထဲမှာ အေးခဲပြီး အမှောင်ထုရဲ့ ရေပြင်ကျယ်ထဲမှာ ငါဟာ အနှစ်

တစ်ထောင်လောက် လွှင့်မျောနေခဲ့တယ်။ "

အပြစ်ဆိုစရာ မရှိအောင် လှပ ညက်ညောသော သူမ၏ တေးသွားနှင့် အသံတို့ကြောင့် လူတိုင်းကို မှင်တက် သွားစေသည်။ မစ္စတာ ဂျေဂျေသည် စိတ်လှုပ်ရှားသဖြင့် သူ၏ မျက်လုံးများ တောက်ပလာလေသည်။ သူ့အာရုံ တစ်ခုလုံးသည် သူမ ဆီသို့သာ စုပုံရောက်ရှိသွားသည်။

" ကြေကွဲနေတဲ့ ငါ့ဝိညာဥ်က မင်းကို ရှာဖွေရင်း ပျောက်ဆုံးခြင်း ၊ ကြောက်ရွံ့ခြင်း နယ်ပယ်ထဲမှာ နှစ်ပေါင်း တစ်ထောင်လောက် တဝဲလည်လည် ဖြစ်နေခဲ့ပါတယ်။ သေမင်းဆီသို့သာ ငါ့ဘဝကို အပ်နှံချင်ပြီကွယ်။ "

အနီးအနားရှိ စားပွဲတစ်ခုတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကွယ်လွန်ခဲ့သော ချစ်ခင်ပွန်း၏ အမှတ်တရများကို လွှမ်းဆွတ်သဖြင့် မျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ တုန်တုန်ယင်ယင် ဖြစ်နေသည်။

သံစဥ်သည် ပို၍ ကြေကွဲစရာ ကောင်းလာကာ အမျိုးသမီးငယ်သည် ခံစားချက် အပြည့်နှင့် သီဆိုရင်း နုတ်စ်အမြင့်ပိုင်းသို့ ရောက်ရှိလာသည်။

" ငါ့မျက်လုံးကို မှိတ်လိုက်တိုင်းမှာ ငါက မင်းရဲ့အချစ်တွေနဲ့ ကခုန်နေမိတယ်။ သုခဘုံထဲမှာ ပျံသန်းရင်း မင်း ထွက်မသွားခင် အထိ ငါ ကခုန်နေအုံးမှာပါ။ မင်းရဲ့အချစ်တွေနဲ့ပဲ အနှစ်တစ်ထောင်လောက် နေချင်သေးတယ် အချစ်ရယ်။ ဒီတစ်ညတော့ မနိုးထချင် သေးဘူးကွယ်။ "

မုဆိုးမသည် မျက်နှာကို လက်နှင့် အုပ်ထားကာ အတားအဆီးမရှိ ငိုကြွေးနေလေသည်။ သူမ၏ သူငယ်ချင်းများက သူမကို နှစ်သိမ့်ရင်း သူတို့၏ မျက်လုံးထဲမှလည်း မျက်ရည်များ ဆို့နေသည်။ သူငယ်ချင်း တစ်ဦးက သူမကို သန့်စင်ခန်းသို့ ခေါ်သွားမည် ပြုသော်လည်း သူမက ဦးခေါင်းကိုသာ ခါယမ်းနေသည်။ သူမသည် သီချင်း တစ်ပုဒ်လုံးကို ဆက်နားထောင်ချင် သဖြင့် သန့်စင်ခန်းသွားရန် သူမ ငြင်းလိုက်ခြင်း ဖြစ်သည်။

မုဆိုးမသည် မျက်ရည်ဝဲနေသည့် မျက်လုံးနှင့် စန္ဒယား တီးခတ်နေသည့် အမျိုးသမီးငယ်ကို ကြည့်နေလေသည်။ နေကာမျက်မှန်ကား သူမ၏ မျက်နှာကို ဝှက်ထားပေးသော်လည်း သူမ၏ အထီးကျန်မှုနှင့် နာကျင်မှုတို့ကို မဖုံးဖိနိုင်ပေ။

" နိုးနေရင်း သေသွားတယ်။ အိပ်နေရင်း အသက်ရှင်နေတယ်။ မင်းကို အိပ်မက်ထဲမှာ တွေ့ခဲ့တဲ့ညက လွဲလို့ မင်းမရှိတဲ့ နေရက်တွေမှာ ငါဘယ်လို အသက်ရှင်ရမလဲ အချစ်ရယ်။ "

ဂျေဂျေသည် မျက်လုံးကို မှိတ်ထားနေလေသည်။ သူ၏ စိတ်ခံစားချက်တို့ကား အမှောင်ထုထဲတွင် လွှင့်မျောနေရင်း သူ၏ နှလုံးခုန်သံ နှင့် အသက်ရှူသံတို့ ပိုမြန်လာသည်။

ထိုအခိုက်အတံ့တွင် ခိုင်မာသည့် ဆုံးဖြတ်ချက် တစ်ခုကို သူချလိုက်လေသည်။ ဤဆုံးဖြတ်ချက်သည် လာမည့်အနာဂတ်တွင် ဂီတနယ်ပယ် တစ်ခုလုံးကို လှုပ်ခတ်သွားစေမည့် ဆုံးဖြတ်ချက် ဖြစ်သည်ကို သူနည်းနည်းလေးမျှ မသိခဲ့ပါချေ။

" အိုး အချစ်ရေ ကိုယ်က နှစ်ပေါင်း တစ်ထောင်လုံးကို မင်းရဲ့...အချစ်တွေ နဲ့သာ ကုန်ဆုံးခဲ့ပါတယ်ကွယ်။ "

သီချင်းလေးရဲ့ နောက်ဆုံးအပိုဒ် ပြီးသွားချိန်တွင် ကြောက်ခမန်းလိလိ သြဘာသံသည် ခန်းမ တစ်ခုလုံးတွင် ဟိန်းထွက်နေပါသည်။ စားသောက်သူများသာမက စားသောက်ဆိုင် ဝန်ထမ်းများပါ မတ်တပ်ရပ်ပြီး လက်ခုပ်တီးကြလေသည်။ ဟိုတယ် အတွင်းရှိ စပ်စုသူ တစ်ချို့က ထိုနေရာသို့ပင် လာရောက်ကာစပ်စုကြလေသည်။

သူမ မျက်နှာမှ သိသာသည့် အပြုံးလေးနှင့်အတူ အိုင်းရစ်လုံ မတ်တပ်ရပ်လိုက်သည်။ မတ်တပ်ရပ်ပြီး သူမကိုအားပေးနေသည့် ပရိသတ်များအား နေကာမျက်မှန်၏ နောက်ကွယ်တွင် သူမ ကြည့်နေမိသည်။

သူမသည် မတ်တပ်ရပ်ပြီးနောက် ပရိသတ်များကို ဂါရဝ တရားနှင့် ဦးညွတ်လိုက်လေသည်။

လက်ခေါက်မှုတ်သံနှင့် လက်ခုပ်တီးသံတို့ကား ပို၍ ကျယ်လောင်လာလေသည်။

သူမသည် စင်ပေါ်မှ ဆင်းမည်အပြုတွင် အသက်ငယ်ငယ်နှင့် စားသောက်ဆိုင် ဝန်ထမ်းတစ်ဦးသည် စင်မြင့်လေးပေါ်သို့ အပြေးအလွှား ပြေးတက်သွားကာ သူမကို ကူတွဲရန် လက်ကို ကမ်းလိုက်သည်။ လူငယ်လေး၏ ကြိုဆိုခယသော အပြုံးတို့ကြောင့် သူမကလည်း ကျေးဇူးတင်သည့် အမူအယာ နှင့် ခေါင့်ညိမ့်ပြလိုက်သည်။

သူမသည် ရင်ဘတ်ကို ဖိပြီး ဦးခေါင်းကို ငုံ့ကာ လက်ခုပ်သံများကြားတွင် ဂျေဂျေထိုင်နေသည့် စားပွဲခုံဆီသို့ ပြန်လျှောက်သွားလေသည်။

အခန်း (၁၃) ပြီး။

ဘာသာပြန် ထူးထူး

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment