မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း (၂) တခြား ခန္ဓာနှင့်အတူ
မောပန်း နွမ်းနယ်လွန်းလှသည်။
မှောင်မိုက်ဆိတ်ညံသော ဥမင်လိုဏ်ခေါင်း ထဲ၌ တစ်သက်လုံး လမ်းလျှောက်နေသည်ဟု သူမခံစား နေ ရသည်။ သူမ ဆက်မလျှောက်ချင်အောင် ပင်ပန်းလွန်းနေပြီ။ သို့သော် မှိန်ပြပြ မီးရောင်ဆီသို့ အရောက်သွားမည်ဟု အားစိုက်ရင်း ဆက်လျှောက်နေခြင်းသာ ဖြစ်ပေသည်။
ရေငတ်ခြင်းကြောင့် သူမ၏ လည်ချောင်း ကြမ်းရှပူလောင်လွန်းလှသည်။
ရေ
ရေကို ဆန္ဒ ပြင်းပြင်းနှင့် တောင့်တနေသည်။ ဥမင်လိုဏ်ခေါင်း အဆုံးသို့ ရောက်လျှင် ရေသောက်နိုင်သည့် အခွင့်အရေး ရှိမည်ဟု သူမ မျှော်လင့်မိသည်။
ရေ။ ရေသောက်ရလျှင် လည်ချောင်းခြောက်သွေ့ခြင်းကို သက်သာစေနိုင်မည့် အတွေးသည် သူမ ဆက်လျှောက်နိုင်သည့် ခွန်းအားကို လှုံ့ဆော်ပေးနေ သည်။
ဘယ်နှစ်ရက် ဘယ်နှစ်ပတ် ဘယ်နှစ်လမျှအထိ
လျှောက် နေသည်ကို သူမမသိတော့ပေ.... ဆယ်စုနှစ် ၊ ရာစုနှစ်အထိ ကြာညောင်းခဲ့သည်ဟု သူမ ခံစားရသည်။
တခြားဘာမျှမသိ။ ရေသောက်ရမည့် အသိတစ်ခုသာ သူမ မှာရှိနေ သည်။
နောက်ဆုံးမှာ မီးရောင်က ပို၍ပို၍ လင်းထိန်လာသည်။
ထိုနေရာသို့ ရောက်လုနီးနီး။
ထို့နောက် ဖြူဖြူဖွေးဖွေး အလင်းရောင်သည် သူမကို လွှမ်းခြုံထားသည်။
###
ပုဂ္ဂလိက ဆေး ရုံကြီး တစ်ရုံ၌
မျက်လုံးဖွင့်လိုက်သည်နှင့် မှိန်ပျပျ အလင်းရောင်ကြောင့် မျက်စိစူးရှ သွားသည်။ မျက်လုံး ကျင့်သားရသည်အထိ မျက်စိမှတ်ထားလိုက်လေသည်။
" ငါဘယ်နေရာကို ရောက်နေတာလဲ။ "
အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်နေသည်။ ဟိုတယ်အခန်းနှင့် တူသယောင်ရှိနေသည်။ သို့သော် ထိုနေရာကို သူမ မသိ။ သူမအနားတွင် နှေးကွေးသော စကားသံ အဆက်မပြတ် ထွက်လာသည်။ အသံကြားရာဆီသို့ သူမ ဦးခေါင်း လှည့်လိုက်သည်။ သို့သော် ဦးခေါင်း လေးလံနေသည်ကို သူမ အံ့သြမိသည်။ ခန္ဓာကိုယ် တစ်ခုလုံး လေးလံနေခြင်းကြောင့် သူမ မလှုပ်ရှားနိုင်ပေ။
" ဘာကြောင့် မလှုပ်ရှားနိုင်တာလဲ။ "
လှုပ်ရှားချင်သော စိတ်ဓာတ် ပြင်းပြင်းကြောင့် နောက်ဆုံးတွင် သူမ ဦးခေါင်းကို အနည်းငယ် လှည့်နိုင်ခဲ့သည်။ ထိုအချိန်တွင် စက်မြည်သံ ထွက်ပေါ်လာသည်။ စက်မြည်သံကြောင့် သူမနှင့် ချိတ်ဆက်ထားသော ဆေးဘက်ဆိုင်ရာ ကိရိယာများကို သူမ တွေ့ လိုက်ရသည်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသည်ဟု သူမ သိလိုက်ရသည်။
" ရေ - ရေ ပေးပါ...." အက်ကွဲခြောက်သွေ့သော နှုတ်ခမ်းကြောင့် သူမ စကားသံသဲ့သဲ့သာ ထွက်လာသည်။
အနားမှာ မည်သူမျှမရှိ။ သူမ နွမ်းလျနေပြီ။ မျက်လုံးများ မှေးစ ပြုလာပြီ။ သို့သော် မေ့မျှောခြင်း ဝင်္က
ပါထဲမှ နိုးထနိုင်အောင် သူမ ကြီးကြီးကျယ်ကျယ် အားထုတ်မိသည်။
အချိန်မည်မျှကြာကြာ စောင့်ခဲ့ရသည်ကို သူမ မသိ
တော့ချေ။ နောက်ဆုံးတွင် တံခါးပွင့်လာပြီး သူနာပြုတစ်ဦး အခန်းထဲသို့ ဝင်လာသည်။
" အိုး နိုးလာပြီလား။ " မျက်လုံးပွင့်နေသော သူမကို ကြည့်ရင်း သူနာပြု အံ့သြနေသည်။ ထို့နောက် သူမသည် ဆရာဝန်ခေါ်သည့် ခလုတ်ကို ချက်ချင်းနှိပ်လိုက်လေသည်။
" ဟယ်။ တရုတ်လူမျိုးလား။ "
" သက်သာလား။ အခြေအနေ ဘယ်လိုလဲ။ " သူနာပြုက မေးလိုက်ရင်း သူမ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
" ရေ - ရေ ပေးပါ..." တရုတ်စကားသံ နှင့်အတူ သူမ၏ ယဲ့ယဲ့လေး ရေရွတ်သံ ထွက်လာသည်။
သူမ၏ စကားသံ ကို သူနာပြု နားလည်သဖြင့် တော်သေးသည်။ " ရေသောက်ချင်တာလား။ ခဏလောက် စောင့်ပါနော်။ ရေသောက်လို့ ရမရ ဆရာဝန်ကို မေးကြည့်မယ်နော်။ "
တံခါးပွင့်လာသည်နှင့် အဖြူရောင် ဓာတ်ခွဲခန်း ကုတ်အင်္ကျီ ဝတ်ထားသော လူသုံးဦးနှင့်အတူ လူလတ်ပိုင်းအရွယ် ဆရာဝန် ဝင်လာသည်။
သူတို့သည် ဆရာဝန်နှင့် တူနေသော်လည်း အသက်အရွယ် ငယ်လွန်းလှသည်။
" မင်္လါပါ။ ကျွန်တော် ပြောတာကို ကြားရလား။ ကျွန်တော် ဒေါက်တာ ချင်း ပါ။ နေကောင်းလား။ " ခေါင်းဆောင် ဆရာဝန်သည် မေးခွန်းမေးနေစဥ် သူမ၏ ရင်ဘတ်ပေါ်ကို နားကြပ်နှင့် စမ်းသပ်နေသည်။
" သူမ ရေသောက်ချင်ပါတယ် ဆရာ။ " သူနာပြုက သူ့ကို ပြောလိုက်သည်။
" သိပ်ကောင်းတာပေါ့။ သူသောက်နိုင်ရင် ပိုက်ကလေးနဲ့ သောက်ခိုင်းပါ။ မသောက်နိုင်ရင်တော့ နှုတ်ခမ်းကို ရေဆွတ်ပေးပါ။"
သူနာပြု ရေသွားယူစဥ် ဆရာဝန်အဖွဲ့မှ သူမကို စစ်ဆေးနေသည်။
နောက်ဆုံးမှာ စက္ကူခွက် နှင့် အရည်စုပ် ပိုက်လေး တစ်ချောင်းကို သယ်ကာ သူနာပြု ပြန်ရောက်လာသည်။
ပထမမှာ သူမသည် ရေပိုက်လေးကို မစုပ်နိုင်ပေ။ သူမ၏ နှုတ်ခမ်းကြွက်သား အားနည်း နေခြင်း ကြောင့်ဖြစ်သည်။ ရေပိုက်လေး စုပ်ပြီး ရေအနည်းငယ် ဝင်လာပြီးနောက် သူမ မောပန်းလာသည်။
သို့သော် ခြောက်သွေ့သော လည်ချောင်းကို ရေစိုသွားသောအခါ ကောင်းကင်ဘုံအလား ခံစားရသလို မျက်ရည်စများပင် ထွက်ကျလာသည်။ မယုံနိုင်စရာ။ ရေကို ထိတွေ့ရသော စိတ်လှုပ်ရှားမှုကို သူမခံစားရသည်။
" နာမည် ဘယ်လိုခေါ်ပါသလဲ။ " သူမကို ဒေါက်တာ
ချင်း က မေးလိုက်သည်။
" ကျွန်မ နာမည်...." နာမည် ပြောမည့်ဆဲဆဲ အမှတ်ရစရာများ သူမခေါင်းထဲ ရုတ်တရက် ဝင်ရောက်လာသည်။
ထိုအမှတ်ရ စရာများကြောင့် သူမ စိတ်ရှုပ်ထွေးသွားသည်။ ဘာဖြစ်နေသနည်း။ ဘေးနား ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေသော ဆံပင်အနက်ရောင်ကို သူမ တွေ့လိုက်ရသည်။
အဘယ်ကြောင့် ဆံပင်အနက်ရောင် ဖြစ်နေသနည်း။ သူမ၏ ရွှေရောင်ဆံပင် ဘယ်ပျောက်သွားသနည်း။ မေ့မျှောနေစဥ် သူမဆံပင်ကို တစ်ယောက်ယောက် ဆေးဆိုး ပေးခဲ့သည်လော။
အံ့သြစရာ မြင်ကွင်းကြောင့် သူမ ရင်တဒိတ်ဒိတ် ခုန်နေမိသည်။
သူမ နှလုံးခုန်သံ မြန်လာခြင်းကြောင့် ဆရာဝန်များ အံ့သြနေသည်။ စက်ပေါ်တွင် နှလုံးခုန်သံ ကျယ်ကျယ်လောင်လောင် ထွက်လာသည်။
" မှန် - မှန်ပေးပါလား..."
ဆရာဝန်များ နှင့် သူနာ ပြုတို့သည် နားမလည်သည့် အမူအယာနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြမိသည်။
ဒေါက်တာ ချင်း က သူမကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။" စိတ်အေးအေး ထားပါ။ ပင်ပန်းသွားလို့လား။ တစ်နေရာရာမှာ နာကျင် နေတာလား။ "
" ကျေး - ကျေးဇူးပြု၍ မှန် - မှန်ကိုသာ ပေးပါရှင်။ "
ဒေါက်တာ ချင်း တုံ့ဆိုင်းနေသည်။ သူနာပြုကို ခေါင်းငြိမ့် မပြခင် သူ၏ လူနာကို စက္ကန်းပိုင်းမျှ စိုက်ကြည့်နေသည်။ သူနာပြု ထွက်သွားသည်။ ခဏ အကြာမှာ မှန်တစ်ချပ်နှင့်အတူ ပြန်လာသည်။ ထို့နောက် ကုတင်ပေါ် လဲလျောင်းနေသော လူနာရှေ့တွင် မှန်ကို
ထောင်ပြလိုက်သည်။
မှန်ထဲ၌ ပေါ်နေသော မျက်နှာကို သူမ မသိပေ။ သူမ၏ ရွှေရောင်ဆံပင် ဘယ်မှာလဲ။ မြရောင် မျက်လုံးစိမ်း ဘယ်ကို ရောက်သွားသလဲ။ မှန်ထဲပေါ်နေသော မျက်နှာသည် သူမ၏ မျက်နှာမဟုတ်သည်မှာ သေချာနေလေပြီ။
အာရှသားဆန်ဆန် ဖြောင့်စင်း နက်မှောင်သော ဆံပင် နှင့် အညိုရောင် ဖီးနစ် မျက်လုံးများကို သူမ တွေ့ရလေသည်။
နှလုံးခုန်သံပြ စက်မှ အသံကျယ်လောင်လာ သဖြင့် ဆရာဝန်များကို စိတ်ပူစေမိသည်။
အားအင် ချိနဲ့ ဖျော့တော့ နေသည့် လူမမာ မိန်းကလေးသည် မယုံနိုင်စရာ မြင်ကွင်းကို ချေဖျက်ရန် မျက်စိမှိတ်ထားစဥ်တွင် သူနာပြုက မှန်ကို ဖယ်လိုက်သည်။
ကြေးမုံထဲ ပေါ်နေသော မျက်နှာစိမ်းသည် မကြာမီမှ ပေါ်လာခဲ့သော သူမ၏ အမှတ်ရစရာ အတွေ့အကြုံနှင့် လိုက်လျောညီထွေမှု ရှိနေလေသည်။
" မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ငါအိပ်မက် မက်နေတာလား။ "
မယုံနိုင်စရာပင်။ သို့သော် ဤအဖြစ်အပျက်ကို သူမ မည်သို့ ရှင်းပြရမည်နည်း။
တခြား ခန္ဓာကိုယ်နှင့် အတူ သူမ နိုးထလာခဲ့လေပြီ။
သူမ အလွန် ထိတ်လန့်သွားသည်။ ထို့ကြောင့် သူမ အားနည်းသလို ခံစားမိသည်။
မျက်လုံးကို စုံမှိတ်လိုက်ပြီး သူမနှင့် ရင်းနှီးနေသော အမှောင်ထုကြီးကို အရှုံးပေးလိုက်လေတော့သည်။
အခန်း ( ၂) ပြီး။
ဘာသာပြန် ထူးထူး