မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း ( ၅ ) ကျင့်လိဝေ
ကျင်း ကော်ပိုရေးရှင်း
လူတိုင်း နဖူးမှ ချွေးများကို သုတ်ကာ ရေကို အားရပါးရ သောက်ကြသည်။ အစည်းအဝေး ခန်းမ၌ အလုပ်ကိစ္စ တင်ပြခဲ့သူများ၏ ပုံစံသည် ငရဲကြီး ဆယ့်ရှစ်ထပ်တွင် လွှတ်မြောက်လာသည့်နှယ် ကြောက်ရွံ့မှုအရိပ်များ နှင့် ပြည့်နှက်နေသည်။ ငရဲဘုရင် ရာမမင်း အလား ကြောက်စရာကောင်းသော သူဌေးကို သူတို့ကြည့်ကြသည်။ ကျင်း ကော်ပိုရေးရှင်း အဖွဲ့သည် နိုင်ငံ့ နံပါတ် ၁
ကုမ္ပဏီ တစ်ခုဖြစ်သည်။ ကုမ္ပဏီ စီအီးအို ဥက္ကဌမှာ ကျင်းလိဝေ ဖြစ်သည်။
ကျင်းလိဝေ သည် ရေခဲတုံးလို အေးစက်စက်ပုံစံ နှင့် ကြောက်စရာ ကောင်းသည်။ သူသည် အရပ်ရှည်ရှည် ချောမော လှပသူ ဖြစ်သလို ချမ်းသာ ကြွယ်ဝသူလည်း ဖြစ်ပေသည်။
တည်တည်တံ့တံ့ အမူအရာနှင့် မနေပါသော် ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီး တစ်သိုက်၏ ဆွဲစားခြင်းကို ခံရနိုင်ဖွယ်ရှိသည်။
ထို့အပြင် ကုမ္ပဏီ ငွေ အလွဲသုံးစား လုပ်ခဲ့သည့် ဝန်ထမ်းများ၏ သမိုင်းလည်း ရှိခဲ့သည်။ ထိုသို့သော ဝန်ထမ်းများကို ကုမ္ပဏီမှ ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသော အကျင့်ပျက်ဝန်ထမ်း တစ်ချို့သည် စိတ်ဓာတ်ကျကာ ကိုယ်ကိုကိုယ် သတ်သေခဲ့ကြသည်။ တစ်ချို့မှာ လူမှုအသိုင်းအဝိုင်းမှ ပျောက်ကွယ် သွားကြသည်။
ထိုအချက်သည် ကောလဟာလလော။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဥက္က ကျင်းလိဝေ ကို မလှိိမ့်တစ်ပတ် လုပ်ဖို့ မည်သူမျှ စိတ်ကူးမယဥ်ရဲပေ။ သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေသည့် အခြေအနေကိုပင် မလုပ်ရဲကြပေ။
" ပယ်လိုက်။ " အစည်းအဝေး ခန်းမမှ မထွက်ခွာမီ ကျင်းလိဝေက အမိန့်တစ်ခုကို ချလိုက်သည်။
သူ၏ လက်ထောက် လူယုံတော် ရှီးထျန်း သည် သူထွက်ခွာရန် တံခါးကို ဖွင့်ပေးသည်။ ထို့နောက် သူ့နောက်ကို လိုက်သွားခဲ့သည်။ အဆောက်အဦး အပေါ်ဆုံးထပ် ဥက္ကဌ ရုံးခန်းသို့ ကျင်းလိဝေ ထွက်သွားခဲ့သည်။
ခန်းမထဲမှ ဝန်ထမ်းများအားလုံး မတ်တပ်ရပ်ကာ သူဌေးခြေသံ ပျောက်ကွယ်သွားသည် အထိ ဦးညွတ်နေခဲ့ရသည်။ သူဌေးခြေသံ ပျောက်သွားချိန် ရောက်မှ ဝန်ထမ်းများ၏ စိုးရိမ်စိတ် ဝန်ထုပ်ကြီး ကျသွားနိုင်မည် ဖြစ်သည်။ နောက်ဆုံးတွင် အစည်းအဝေး ပြီးဆုံးသွားသဖြင့် သူတို့ သက်ပြင်းချကြသည်။
စီအီးအို - ဥက္ကဌ ရုံးခန်း ၌
စားပွဲခုံ အနောက်ဘက်ရှိ သားရည် ထိုင်ခုံ
ပေါ်တွင် နောက်ကျော ကို မှီရင်း ကျင်းလိဝေ သက်သောင့်သက်သာ နေလိုက်သည်။ ရင်ဘတ်ပေါ်တွင် လက်တင်ပြီး ရှီးထျန်း ၏ အစီရင်ခံချက်များကို တည်တည်ငြိမ်ငြိမ် နားထောင်နေသည်။
ရုံးခန်း အတွင်းပိုင်းတွင် ခန့်ညားထည်ဝါမှု ရှိ
လှပေ သည်။ ရိုးရာယဥ်ကျေးမှု နှင့် ခေတ်မီ ဆန်းသစ်သော အလှဆင်ယင်မှုတို့ ပေါင်းစပ်ကာ သပ်သပ်ယပ်ယပ် ရှိလေသည်။ ရုံးခန်း တစ်ခုလုံးသည် အာဏာ နှင့် ကြွယ်ဝချမ်းသာမှု အရှိန်အဝါကို မာန်ပါပါနှင့် ကြွေးကြော်နေသည်။
" ဥက္ကဌ။ မိန်းကလေး လုံ က နောက်ဆုံး သတိပြန်ရလာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆေးရုံက အကြောင်းကြားစာ ရောက်လာပါတယ်။ " လက်ထဲမှ ကိုင်ထားသော အကြောင်းကြားစာကို ရှီးထျန်းက ဖတ်ပြသည်။ " စစ်ဆေးချက် ရလဒ်အရ တစ်နှစ်ကျော် အိပ်ယာထဲ လဲလျောင်း နေခြင်းကြောင့် ကြွက်သားများ ပွန်းပဲ့ရုံမှ လွဲ၍ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ မရှိပေ။ သာမှန် ဇီဝကုထုံးနှင့် ကုသပါက ပြန်လည် ကျန်းမာလာနိုင်သည်။ မှတ်ဉာဏ် ပျောက်ဆုံးခြင်း လက္ခဏာ မတွေ့ရပေ။ ခြောက်လအတွင်း နလန်ထူနိုင်မည် ဟု ဆရာဝန်များက ယုံကြည်နေကြသည်။ မတော်တဆမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ကုထုံးများပြုလုပ်ရန် ဆရာဝန်များ အကြံပေးသော်လည်း မိန်းကလေး
လုံက ငြင်းဆိုခဲ့သည်။ "
" သတိရလာပြီး နောက်ပိုင်း သူမကို ဘယ်သူက အရင်ဆုံး သွားတွေ့ခဲ့တာလဲ။ "
" သူမရဲ့ မိခင် ဒေါ် ဝေ့လန် ပါ။ သူမ သတိရလာပြီး ဒုတိယနေ့မှာပဲ သူမ မိခင်က သွားတွေ့ခဲ့ပါတယ်။ သူမရဲ့ မန်နေဂျာ နဲ့ လက်ထောက်တွေက လာတွေ့ခဲ့ပေမယ့် အားလုံးက တွေ့ခွင့် မရကြဘူးလို့ ထင်ပါတယ်။ "
ကျင်းလိဝေက မျက်ခုံး တစ်ချက်ပင့်လိုက်သည်။ " လုံထန်ဖေး ကော သူ့သမီးကို သွားတွေ့သေးလား။ "
" ခုထိတော့ စီအီးအို လုံ က မိန်းကလေး လုံ
ဆီကို ကိုယ်တိုင်သွား မတွေ့သေးပါဘူး။ သူ့ရဲ့ လက်ထောက်ကိုပဲ လွှတ်လိုက်ပါတယ်။ "
အေးစက်စက် ရယ်မောသံသည် ကျင်းလိဝေ ပါးစပ်မှ ထွက်ပေါ်လာသည်။
" စီအီးအို လုံ က မိန်းကလေး လုံ မေ့မြောပြီး သတိပြန်ရလာတဲ့ သတင်းကို ပိတ်ထားပါတယ်။ သူမရဲ့ မန်နေဂျာနဲ့ လက်ထောက်ကိုလည်း အလုပ်ထုတ်လိုက်ပါတယ်။ သတင်း မပေါက်ကြားအောင်လည်း ပိုက်ဆံတွေပေးပြီး နှုတ်ပိတ်ထားပါတယ်။ ဒါတွေအားလုံးကို ဥက္ကဌ လံုက စီစဥ်တာပါ။ "
" သူ့သမီးရဲ့ မတော်တဆမှုကို ပြန်စုံစမ်းနေတာလား။ "
" လောလောဆယ်မှာတော့ အဲဒီလို အရိပ်အယောင် မတွေ့သေးပါဘူး။ သူလုပ်ခဲ့ရင်လည်း ဥက္ကဌရဲ့ အမိန့်အရ သက်သေတွေကို ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ ဖျောက်လိုက်ပါပြီး။ ရဲတွေ ရှာတွေ့ထားတဲ့ သက်သေတွေကိုပဲ သူတို့သိရမှာပါ။ "
" ကောင်းတယ်။ သူမကို ဆက်ပြီး စောင့်ကြည့်ထားပါ။ "
" ဟုတ်ကဲ့။ "
ကျင်းလိဝေက ခဏမျှ စဥ်းစားပြီး ထပ်မေးပြန်သည်။ " ငါ့ညီလည်း ဒီကိစ္စကို သိလား။ "
" ကျွန်တော် ထင်တာတော့ သူက မသိလောက်သေးဘူး။ ဥက္ကဌ လုံ က သူ့သမီး ကိစ္စနဲ့ ပတ်သက်သမျှ သတင်းတွေကို မပေါက်ကြားဖို့ ပိတ်ပင်ထားသည်။ မိန်းကလေး လုံ ကိုယ်တိုင်က ဒုတိယ သခင်လေးဆီ ဖုန်းဆက်အကြောင်းကြားမှ သူသိလိမ့်မယ် ထင်တယ်။ "
ကျင်းလိဝေ စိတ်သက်သာရာ သွားသည့် ပုံစံနှင့် ခေါင်းညိမ့်လိုက်သည်။ " သူမကို ချုံးလင် ၊ ဖန်းလျှို တို့နဲ့ ကင်းကင်းရှင်းရှင်း နေစေချင်တယ်။ ငါ့ညီက စေ့စပ်ထားတဲ့ ကောင်မလေးနဲ့ မကြာခင် လက်ထပ်တော့မယ်။ လောလောဆယ်တော့ ငါတို့မိသားစုထဲကို အရှုပ်ထုပ်တွေ ဝင်မလာစေချင်ဘူး။ "
" နားလည် ပါပြီ။ တခြား ဘာခိုင်းစရာ ရှိသေးလဲ ဥက္ကဌ။ "
" မရှိတော့ဘူး။ မင်းသွားလို့ ရပြီ။ "
ရှီးထျန်းက လေးလေးစားစား ဦးညွှတ်ပြီး အခန်း တံခါး အပြင်ဘက် သူ့ စာပွဲဆီသို့ ထွက်သွား
လေတော့သည်။
တရုတ် ဒဏ္ဍာရီ ငရဲမင်း
အခန်း ( ၅) ပြီး။
ဘာသာပြန် ထူးထူး