မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း ( ၇) လုံထန်ဖေး
လုံ စက်မှုလုပ်ငန်း
ဥက္ကဌ-စီအီးအို ရုံးခန်းသည် အဆောက်အဦး ၏ အပေါ်ဆုံး အထပ်တွင် ရှိနေသည်။ ရုံးခန်း အတွင်းပိုင်းကို တရုတ် ရိုးရာ အလှတရားများနှင့် စီခြယ်ထားလေသည်။ ပရိဘောဂ များကို သစ်သားများနှင့် ပြုလုပ်ထားသည်။ ၎င်းတို့ကို ထွင်းထုထားပုံမှာ အနုစိပ်လွန်းလှပြီး သုံးထားသော အရောင်မှာ အနီရောင် ၊ ကြက်သွေးရောင် နှင့် မြေကြီးအရောင် တို့ ဖြစ်ပေသည်။ နံရံပေါ်တွင် ရိုးရာ ပန်းချီများနှင့် လက်ရေးလှ ပုံများကို ချိတ်ဆွဲထားသည်။
" သူမက ဒီတစ်ခါ ဘာကို တောင်းဆို သေးလဲ။ "
လုံထန်ဖေး က စာရွက်စတန်း တစ်ပုံတခေါင်းကြီးကို လက်မှတ် ရေးထိုးရင်း သူ၏ သစ္စာခံ လက်ထောက်ကို မေးလိုက်လေသည်။
ချိုက်ကွမ်း သည် လက်မှတ်ထိုးပြီးသည့် စာရွက်
စာတန်း များကို ယူလိုက်ပြီး လက်မှတ်ထိုးစရာ ကျန်သည့် စာအုပ်ကို သူဌေးအား လှမ်းပေးလိုက်သည်။
" သခင်မလေးက ကျွန်တော့်ကို လက်ထောက် အသစ် တစ်ယောက် ရှာခိုင်းပါတယ်။ သူမကို နာမည်စာရင်းတွေ ပို့ပေးလိုက်ပါတယ်။ အဲဒီအထဲက တစ်ယောက်ကို သူမ ရွေးလိုက်ပါတယ်။ သူမ အလုပ်ထုတ်ခဲ့တဲ့ သုံးယောက် နေရာမှ ပြန်အစားထိုးမယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ လက်ထောက် တစ်ယောက်က လုံလောက်တယ်လို့ သူမက ပြောပါတယ်။ ဖိလစ်ပိုင်မှာ နေတဲ့ ကျွန်တော့်တူကို သူမက အလုပ် ခန့်လိုက်ပါတယ်။ သူက အတွေ့အကြုံ နည်းတာက လွဲလို့ ပညာတတ်ဖြစ်ပါတယ်။ နောက်ပြီးတော့ တရုတ်ပြည်မှာ ပျော်တဲ့သူ အလုပ်လုပ်ဖို့လည်း စိတ်အားထက်သန် တဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က သူက သူမဆီမှာ အလုပ် စဆင်းခဲ့ပါတယ်။ သူ့ကို သူမရဲ့ ကွန်ဒိုမှာတောင် ခေါ်ထားပါတယ်။ အဲဒီမှာ သွားနေရသလား ဆိုပြီး သူ့ကိုတောင် ကျွန်တော် ကြိမ်းမောင်းပါသေးတယ်။ ဒါက သူမရဲ့ သဘောထားကြောင့်လို့ သူက ပြောပါတယ်။ "
" အခု လောလောဆယ်မှာ အနည်းဆုံးတော့ သူမ လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ပါ။ " လုံထန်ဖေး သက်ပြင်းချလေသည်။ " သူမက တစ်နှစ်ကြာပြီးမှ သတိပြန်ရလာတာ ဆိုတော့။ တခြား ဘာရှိသေးလဲ။ "
" လောလောဆယ်မှာတော့ သခင်မလေးက ကွန်ဒိုတိုက်ခန်း တစ်ခုလုံးကို သူမစိတ်ကြိုက် ပြုပြင်မွမ်းမံ ပြင်ဆင်နေပါတယ်။ အရင်က ကျွန်တော် ပြောခဲ့သလိုပဲ သူမရဲ့ ကျန်းမာရေး လိုအပ်ချက်တွေအတွက် ကာယကုထုံးနဲ့ ပြန်လည်ထူထောင်ရေး
လေ့ကျင့်ခန်းတွေကို တစ်ချိန်မှ မပျက်ဘဲ ကြိုးစားလုပ်နေပါတယ်။ ဆေးအဖွဲ့ကတော့ သူမရဲ့ ကျန်း
မာရေး တိုးတက်မှုအတွက် ကျေနပ်အားရပါတယ်။ "
" ကောင်းတယ်။ ဒါပဲလား။ သူမအတွက် တစ်ခုခု ဝယ်ပေးဖို့ တောင်းဆိုသေးလား။ "
" မတောင်းဆိုပါဘူး ဥက္ကဌကြီး။ "
လုံထန်ဖေး က ခေတ္တငြိမ်နေပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ " ထူးဆန်းတယ်။ တန်ဖိုးကြီးတာ တစ်ခုခုကို သူမက ဝယ်ခိုင်းမယ်လို့ ထင်နေတာ။ အိမ် ဒါမှမဟုတ် တစ်ခုခုကိုပေါ့။ "
ချိုက်ကွမ်း က လည်ချောင်းကို ရှင်းလင်းလိုက်ပြီး " မဒမ် ဝေ့ ကတော့ သခင်မလေးအတွက် ကိုယ်ပိုင် လေယာဥ် ဒါမှမဟုတ် ဇိမ်ခံရွက်လှေကို ဝယ်ပေးဖို့ အကြိမ်ကြိမ် ဖုန်းဆက်ပြီး ပြောပါတယ်။ ဒါက သူမရဲ့ အသက်ပြန်ရှင်ခြင်းရဲ့ ဆုလာဘ် လို့ သူမက ပြောပါသေးတယ်။ "
" အသက် ပြန်ရှင်ခြင်းရဲ့ ဆုလာဘ်လား။ ငါတိုရဲ့ သမီးက မတော်တဆမှုနဲ့ ပတ်သက်နေတာကို ဒီအဖွားကြီးက ဘယ်လိုထင်နေတာလဲ။ အိုလံပစ်ကြောင့် ပြန်ရှင်လာတယ်လို့ ထင်နေတာလား။ " လုံထန်ဖေး က မျက်လုံးကို မှိတ်လိုက်ပြီး ဒေါသပြေသွားအောင် ငြိမ်ငြိမ်သက်သက် နှင့် နေလိုက်လေသည်။
ဤသားအမိ နှစ်ဦးသည် သူ့ကို အမြဲတမ်း ခေါင်းကိုက်အောင် လုပ်နေခဲ့လေသည်။
" သခင်မလေးက လေယာဥ်ပျံ သို့မဟုတ် ရွက်လှေကို လိုချင်တယ်လို့ မပြောပါဘူး။ မဒမ် ဝေ့ ကပဲ သခင်မလေးအစား တောင်းပေးတာပါ။ " ချိုက်ကွမ်း က မဝံ့မရဲ ဖြစ်နေသည်။ " ပွင့်ပွင့်လင်းလင်း ပြောရရင်..."
" ဆက်ပြောပါ။ "
" ... သခင်မလေး သတိပြန်ရလာထဲက သူမ ရဲ့ ကိုယ်ရေး ကိုယ်တာ ဖုန်းကို ဆက်ပြီး အကြိမ်ကြိမ် စကား ပြောဖူးပါတယ်။ သခင်မလေးက...ပြောင်းလဲ သွားပြီလို့ ထင်ပါတယ်။ "
" ဒါက ပုံမှန်ပါပဲ။ လူအများစုက ရှင်ခြင်း နဲ့ သေခြင်းကြားက အခြေအနေတစ်ခုကို ကြုံတွေ့ရင် ဒါမှမဟုတ် အခြားနည်းလမ်း တစ်နည်းနည်း နဲ့ ပြောင်းလဲ တတ်ကြပါတယ်။ "
ချိုက်ကွမ်း ကား ခေါင်းညိမ့် လိုက်သော်လည်း ကြောက်ရွံ့မှု အရှိန်က ကျန်နေသေးသည်။ " သူမ ရဲ့ အပြောအဆိုတွေက လုံးဝ တစ်ခြားလူတစ်ယောက်
လိုပဲ။ သူမ နိုးလာကတည်းက ဥက္ကဌနဲ့ မဆုံဖြစ်သေးလို့ ဥက္ကဌ က သိမှာ မဟုတ်ပါဘူး။ သူမက အခု
တည်ငြိမ် ရင့်ကျက်ပြီး လေးနက်မှုလည်း ရှိလာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြောက်စရာ ကောင်းလောက်အောင်ကို သူမ ပြောင်းလဲသွားပါတယ်။ "
လုံထန်ဖေး သည် ကုလားထိုင် နောက်ကျောကို မှီလိုက်ရင်း ယဲ့ယဲ့လေး ပြုံးလိုက်မိလေသည်။ " ဘာကို ကြောက်ရမှာလဲ။ သူမရဲ့ အပြုအမူဟောင်းကို ပစ်ပြီး ပြောင်းလဲလာတာက ကောင်းတယ်မဟုတ်လား။ သေခြင်းနဲ့ ကြုံတွေ့ ခဲ့ရပြီးတော့ သူမ အသိတရား ရလာတာ ဖြစ်နိုင်ပါတယ်။ သူမက ဉာဏ်ကောင်းပြီး ရင့်ကျက်လာတယ်လို့ ငါခံစားရတယ်။ ဒီအပြုအမူက ခဏတဖြုတ်သာဖြစ်ပြီး သူမရဲ့ မိခင်လို ပြန်ပြောင်းသွားမှာကိုပဲ ငါစိုးရိမ်နေတယ်။ "
" ငါ့သမီးကို အများကြီး အများကြီး မမျှော်လင့် ထားပါဘူး။ လူကြီးတွေကတော့ သူမကို ပစ်ထားစေချင်တယ်။ ဒါပေမဲ့ ငါဘယ်လိုလုပ်ရမလဲ။ သူမက
စိတ်ပျက်စရာ ကောင်းပေမဲ့ ငါ့သမီးပဲလေ။ သူမရဲ့ သွေးကြောထဲမှာ လုံ မျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတယ်။ ငါ့သမီးကို ဂရုစိုက်ရမယ် ဆိုပေမဲ့ သူမ အတွက် လုပ်ပေးရမဲ့ အရာတွေ အများကြီး ရှိတယ်။ " သူက သက်ပြင်းချလိုက်သည်။ " သူမ တစ်ယောက်ထဲကို ပဲ ဂရုစိုက်ရတာ မဟုတ်ဘူး။ မျိုးနွယ် တစ်ခုလုံးရဲ့ အကျိုးစီးပွားကလည်း ငါ့ပုခုံးပေါ်မှာ ရှိတယ်။ လုံမျိုးနွယ်ရဲ့ ခေါင်းဆောင်အနေနဲ့ ဒါက ငါ့ရဲ့တာဝန်ပဲ။ "
" နားလည်ပါပြီ။ " ချိုက်ကွမ်း သည် သတ္တိတွေကို မစုစည်းခင် ချီတုံချတုံ ဖြစ်နေသည်။ " ဥက္ကဌက သခင်မလေးကို တွေ့ဖို့ အစီအစဥ်ရှိပါသလား။ "
လုံထန်ဖေးက ခဏမျှစဥ်းစားပြီးနောက် " မရှိဘူး။ သူမက အဖေကိုတွေ့ချင်ရင် အချိန်မရွေး လာတွေ့လို့ရတယ်။ ဒါပဲလား။ "
ချိုက်ကွမ်း သည် ခေါင်းညိမ့်ပြီး ဦးညွတ်လိုက်သည်။
ထို့နောက် လုံထန်ဖေး သည် လက်မှတ်ထိိုးစရာ
ရှိသည်များကို ဆက်၍ လုပ်ဆောင်နေသည်။
သူတို့နှစ်ဦးသည် အလုပ်ထဲ၌ စိတ်နစ်ထားရင်း တိတ်ဆိတ်ငြိမ်သက် နေကြလေသည်။
အခန်း (၇) ပြီး။
ဘာသာပြန် ထူးထူး