မောင်မောင့် ချစ်ဇနီး တော်တော်ထက်
အခန်း (၉) အိုင်းရစ်လုံ၏ အရှုပ်တော်ပုံ
အိုင်းရစ်လုံ ကိုမာ ဖြစ်ပြီး သတိပြန်ရလာသည် နောက် ခြောက်လအကြာတွင် ငြီးငွေ့စရာကောင်းသည့် ဂယက်တစ်ချို့သည် အွန်လိုင်းပေါ် တွင် ပျံ့နှံ့နေသည်။
" ဟေး။ ငါလား ဒါမှမဟုတ် အိုင်းရစ်လုံရဲ့ စိုရှယ် မီဒီယာ အကောင့်တွေအားလုံး ဖယ်ရှားခံရတာလား။ "
" မဟုတ်ဘူး။ မင်းတစ်ယောက်ထဲ မဟုတ်ဘူး။ သူမရဲ့ ပို့စ်တွေ အားလုံး ဖျက်ပစ်ခံရတယ်။ "
" သူမက အဟက်ခံခဲ့ရတာလား။ "
" လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကားမတော်တဆ မှုကြောင့် သူမ အနားယူခဲ့တယ် မဟုတ်လား။ "
" သူမ အနားယူတယ်လို့ တရားဝင် ကြေငြာတာတော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီကတည်းက သူမရဲ့
သတင်းတွေကို ဘာမှ မကြားရတော့ဘူး။ သူမက ကမ္ဘာပေါ်မှာ ပျောက်သွားတဲ့ အတိုင်းပဲ။ သူမက ကိုမာ ဖြစ်ပြီး သတိမေ့နေတယ်လို့လည်း ကြားရတယ်။ သူမက သေသွားပြီလို့လည်း ကြားမိတယ်။ "
" သေသွားတာလည်း ကောင်းပါတယ်။ အရှက်မရှိတဲ့ ခွေးတစ်ကောင် သေသွားတာကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူမက အောင်မြင်မှုနောက်ကိုပဲ လိုက်တဲ့ မိန်းမပျက်ပဲ။ သူမရှိတော့မှ ဒီကမ္ဘာကြီးက ပိုသန့်သွားမယ်။ "
" ဟေး။ သူမရဲ့ သီချင်းတွေကို ငါကြိုက်တယ်။ "
" မင်းဆိုလိုတာက အမှိုက်သာသာ လောက်သာ ရှိတဲ့ သူမရဲ့ သီချင်းတွေကိုလား။ "
" သူမရဲ့ သီချင်းတွေက ဖမ်းစားတဲ့ သီချင်းတွေလို့ ငါထင်တယ်။ "
" တစ်ရက် ၊ နှစ်ရက်လောက် နားထောင်ရင်တော့ နားထောင်လို့ ကောင်းနေသလိုပဲ။ ဒါပေမဲ့ ရက်ကြာ
လာရင်တော့ သူမရဲ့ သီချင်းတွေက ဆူညံသံတွေ ဖြစ်လာတယ်။ သူမရဲ့ သီချင်းတွေကို နာမည်ကျော်အောင် ရေဒီယိုမှာလည်း ခဏခဏ လွှင့်နေတယ်။ ငါတော့ သူမရဲ့ အမှိုက် သီချင်းတွေကို နားထောင်တိုင်း ငါ့ရဲ့ ဦးနှောက်ဆဲလ်တွေ ညံ့ဖျင်းလာတယ်လို့ခံစားရတယ်။ "
" အမှန်ပဲ။ အိုင်းရစ် နဲ့ သူမရဲ့ ပရိသတ်တွေက ဉာဏ်ရည် နိမ့်နေလို့ပဲ ဖြစ်မယ်။ သူမရဲ့ အမှိုက်သီချင်းတွေက သူတို့ရဲ့ ဦးနှောက် ဆဲလ်ကို သတ်လိုက်တာပဲ။ ဒါက ရောဂါ တစ်ခုပဲ။ ဟားဟား။ "
အွန်လိုင်း သုံးစွဲသူများသည် အိုင်းရစ်လုံ ၏ အကြောင်းကို များများစားစား ပြောလာကြသည်။ ထိုအထဲ၌ သူမ၏ အမှန်အကန် ပရိသတ်တို့ အနည်းငယ် ပါဝင်လေသည်။ အမာခံ ပရိသတ်များကား သူမကို ဖျော်ဖြည်ရေးလောကထဲ ပြန်လာစေရန် မျှော်လင့် နေကြသည်။
အဆိုပါ အင်တာနက် သုံးသူများသည် ပျင်းရိ ငြီးငွေ့နေကြသဖြင့် အတင်းတုပ်ခြင်း အလုပ်ကို
လုပ်ဆောင်နေကြခြင်းသာ ဖြစ်လေသည်။ အတင်းအဖျင်း ပြောသူတို့၏ သဘောသဘာဝသည် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပါးစပ်အရသာကို ခံကာ အရသာရှိရှိ ပြောနေကြသည်။ ယခုတွင် အိုင်းရစ်လုံ အကြောင်းကား သူတို့၏ ပါးစပ်ဖျား၌ ရေပန်းစားနေကြသည်။
မုန်းတီးခြင်း မှတ်ချက်များစွာ တက်လာခြင်းကြောင့် ဝက်ဆိုဘ် အက်မင်များက မသင့်လျော်သော မှတ်ချက်များကို ဖျက်ပစ်ရသည်။
အိုင်းရစ်လုံသည် မည်သည့်နေရာသို့ ရောက်ရှိနေသည့် အကြောင်းသည် ကို ခန့်မှန်းသည့် မှတ်ချက်သည် ရေပန်းအစားဆုံး ဖြစ်လေတော့သည်။
" သူမက အနားယူသွားတာပဲ ဖြစ်ရမယ်။ သူမ အနားယူပြီးတော့ စိုရှယ်မီဒီယာ အကောင့်ကို ဖျက်ပစ်လိုက်တာပဲ ဖြစ်ရမယ်။ "
" ဒါဆို ပို့စ် တွေကို ဘာလို့ ဖျက်ပစ်လိုက်တာလဲ။ ဒါကို ဘာလို့ တစ်နှစ်ကျော်ကြာမှ ဖျက်ပစ်ရတာလဲ။
သူမက တကယ်နားရင်တော့ အကောင့်အားလုံးကို ဖျက်ပစ်သင့်တာပေါ့။ "
" ဟုတ်တယ်။ ဘာတွေဖြစ်နေတာလဲ လို့ တောင် ငါက တွေးမိတယ်။ သူမရဲ့ အကောင့်က အဟက်ခံရတာလား။ "
" အဟက်ခံရတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါတွေကို ငါမယုံဘူး။ လူတွေရဲ့ အာရုံစိုက်မှုရအောင် သူမရဲ့ ဆွဲဆောင်မှု တစ်ခုလို့ ငါထင်တယ်။ သူမက ပြန်လာချင်လို့ ဂယက်ကြီး တစ်ခုကို သူမဖန်တီးလိုက်တာပဲလို့ ငါလောင်းရဲတယ်ကွာ။ "
" ကားမတော်တဆ မှုက လှည့်ကွက်တစ်ခုလို့ ငါကြားတယ်။ တကယ်တော့ သူမက ကိုယ်ဝန်ရှိတာ
လို့ကြားမိတယ်။ ကလေးမွေးဖို့အတွက် စီးပွားရေးလုပ်ငန်း ကို ခဏနားတယ်လို့ ပြောသံကြားတယ်။ "
" ဘာလဲ။ ဒါက တကယ်လား။ ကလေးရဲ့ အဖေက ဘယ်သူလဲ။ "
" သူမက အိမ်ထောင်သည် စီးပွားရေးသမား အဖိုးကြီးနဲ့ တွဲနေတယ်လို့ ငါကြားတယ်။ "
" သူမက မိန်းမပျက်ပေါ့။ "
" ဘားတစ်ခုက စားပွဲထိုးနဲ့လည်း ဖြစ်နေတယ်လို့ ငါကြားတယ်။ "
" အရှက်မရှိတဲ့ မိန်းမ။ "
" သူမက ပါတီပွဲတစ်ခုမှာ အဝတ်ချွတ်ထားတဲ့ ကောင်လေး တစ်ယောက်နဲ့ လိင်ဆက်ဆံ ခဲ့တယ်တဲ့။ သတိုးသမီး နဲ့ ဧည့်သည်တွေက သူတို့ကို တွေ့သွားတယ် ဆိုပဲ။ "
" တစ်ယောက်ယောက်က ဗီဒီယို ရိုက်ထားသေးလား။ သူမရဲ့ လိင်ဆက်ဆံတဲ့ အရှုပ်ထုပ် ဗီဒီယိုကို ဘယ်မှာ ကြည့်ရမလဲ။ "
" ရွံ့စရာကြီး။ "
" အိုး ဒီကိစ္စကို ငါပြောတယ်လို့ ဘယ်သူမှ မပြောနဲ့။ ကလေးရဲ့ အဖေက ကျင်းချုံးလင် လို့ ငါကြားတယ်။ အရင်က အိုင်းရစ်လုံဟာ ကျင်းချုံးလင် နဲ့ ခဏခဏတွဲနေတာလို့ လူတော်တော်များများ သိကြတယ်။ တစ်ခါတလေမှာ အိုင်းရစ်နဲ့ သူက တစ်ညလုံး အတူတူ ရှိတဲ့ အချိန်လည်း ရှိခဲ့တာတဲ့။ သူမက ကိုယ်ဝန်ရသွားပေမဲ့ ကျင်းမိသားစုက သူမနဲ့ ကလေးကို အသိအမှတ် မပြုဘူးလို့ ကြားတယ်။ ဒီလို အရှုပ်တော်ပုံတွေကို ဖုံးထားချင်လို့ ကျင်းချုံးလင် ကို ဖန်း
မိသားစုရဲ့ အမွေဆက်ခံသူနဲ့ စေ့စပ်ပေးလိုက်လို့ ငါ ကြားတယ်။ "
ကျင်းချုံးလင် ရဲ့ ဖန်များကား ဒေါသထွက်ကြလေသည်။
" ဘာတွေလဲ။ "
" စုန်းမက သူ့ကို ပယောဂဆေးနဲ့ လုပ်ထားလို့ပဲ နေမှာပါ။ "
" ငါတို့ရဲ့ မင်းသားလေး လင်လင် သနားပါတယ်။
အဲဒီ ခွေးမက မိစ္ဆာမပဲ။ သူမက သူ့ကို အနိုင်ကျင့်တာပဲ နေမယ်။ "
" ဒီလိုမျိုးတွေ လျှောက်ပြောမနေနဲ့။ ငါတို့ရဲ့ မင်းသားလေး လင်လင် က ဘာမှ တန်ဖိုးမရှိတဲ့ အိုင်းရစ်လို မိန်းမမျိုးကို လက်နဲ့တောင် ထိမှာ မဟုတ်ဘူး။ "
" @JinChonglin နင်က @IrisLong နဲ့ ဘာမှ မဖြစ်ခဲ့ဘူးလို့ အားလုံးကို ပြောပြလိုက်ပါ။ "
" @JinChonglin နင့်ကို @IrisLong က အနိုင်ကျင့်ခဲ့တာလား။ "
" @JinChonglin ရေ တစ်ခုခုကို ပြောပါအုံး။ "
" မင်းသားလေး လင်လင် ရဲ့ ဘေးနားမှာ မင်းသမီး ဖန်းလျှို ရှိပြီးသားပဲလေ။ သူတို့နှစ်ယောက်က မကြာခင် လက်ထပ်တော့မယ်။ လင်လျှို နှစ်ယောက်က ထာဝရပဲ။ "
" လင်လျှိုကို ငါတို့ ချစ်တယ်။ "
" သေလိုက်တော့ @IrisLong ။ ငါတို့ရဲ့ မင်းသားနဲ့ ဝေးဝေးမှာ နေပေးပါ။ "
" အားလုံးက ဘာတွေ ပြောနေကြတာလဲ။ ကားမတော်တဆ မှုက လိမ်လည်မှုလား။ မဟုတ်ဘူးနော်။ ဒီကိစ္စမှာ ရဲတွေတောင် ပါလာတယ်နော်။ ရဲတွေတောင်မှ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ သူမက ကားမတော်တဆမှု ဖြစ်ပွားခဲ့တယ်။ ဒါက ကောလဟာလ မဟုတ်ဘူးနော်။ "
" တော်စမ်းပါ။ နင်က အိုင်းရစ်လုံ ရဲ့ ခွေးလား။ "
" အိုင်းရစ်လုံက လုံမိသားစုရဲ့ သမီးဆိုတာကို မမေ့ပါနဲ့။ လူချမ်းသာတွေက ရဲကို အချိန်မရွေး လာဘ်ထိုးနိုင်တယ်နော်။ "
" ဒါက မှန်လား မှားလား ဆိုတာကို ဘယ်သူမှ ဂရုမစိုက်ဘူး။ သူမက ရွံ့စရာကောင်းတဲ့ တိရစ္ဆာန် တစ်ကောင်ပဲ။ ရွံစရာကောင်းလိုက်တာ။ အော့။ "
" ဒါပေမဲ့ အိုင်းရစ်လုံက လှပပြီး ခေတ်မီ တာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ "
" ယောက်ျားတွေက သူမရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာ အချိုးအဆကြောင့် တခြားဘာမှ မမြင်နိုင်အောင် ကန်းသွားကြတယ်။ "
" ဟားဟား။ ကျင်းချုံးလင် က ယောက်ျားတစ်ယောက်ပဲ မဟုတ်လား။ ချောမော လှပတဲ့ မျက်နှာနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ရဲ့ အထိအတွေနဲ့ ကြုံလာတဲ့ ယောက်ျားလေးတွေက ဘယ်လိုမှ ရှောင်လွဲနိုင်မှာ မဟုတ်ဘူး။ ငါက ဘာကို ဆိုလိုချင်တာလဲ ဆိုတာကို သိကြမှာပါ။ "
" မဖြစ်နိုင်ဘူး။ ငါတို့ရဲ့ မင်းသား လင်လင် ကတော့ ဒီလို ယောက်ျားမျိုး မဟုတ်ဘူး။ အိုင်းရစ်လုံ လို မိန်းမမျိုးက ဘယ်လောက်ပဲ ဆွဲဆောင်နေပါစေ သူက ဘယ်တော့မှ ပါမသွားနိုင်ဘူး။ သူမနဲ့ ဖန်းလျှို က ဘာမှမဆိုင်ဘူး။ တခြားစီပဲ။ သူမတို့ နှစ်ယောက်ရဲ့ အဆင့်က မိုးနဲ့မြေလို ကွာခြားနေတယ်။ ဖန်းလိုကက လှပတယ် ၊ ပညာတတ်တယ် ၊ သူမကပဲ ငါ့တို့
မင်းသားလေး လင်လင် နဲ့ လိုက်ဖက်တယ်။ "
ဝင်ရောက် ဆွေးနွေးသူများကား တဖြည်းဖြည်းနှင့် ပိုများလာနေသည်။ သူတို့၏ လောင်စာများကြောင့် အိုင်းရစ်လုံသည် စေ့စပ်ထားသော ကျင်းချုံးလင် နှင့် ဖန်းလျှို တို့စုံတွဲကြားတွင် သိက္ခာမရှိသော သူတစ်ယောက်လုံးလုံး ဖြစ်သွားလေတော့သည်။
အခန်း (၉) ပြီး။
ဘာသာပြန် ထူးထူး