Five Elements
Description
အံ့ဩစရာပဲ! ရိုးသားတဲ့ ပြည်သူတစ်ယောက်က လူလိမ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာခဲ့ပြီး တစ်စုံတစ်ယောက်ရဲ့အတင်းအကြပ် ဖိအားပေးခံရမှုကြောင့် အဲ့လိုပေါက်ကရတွေကို ပြုလုပ်နေရတယ်.....
ဖုန်းရွှေ အဖွဲ့အစည်းမှာ လင်းကျူးရွှေက အကုန်လုံးကို အကွက်ကြိုမြင်နိုင်တဲ့သူလို့ သိထားကြပေမဲ့ အခုကြည့်ရတာတော့ သူ့ရဲ့တစ်ခုတည်းသော မှားယွင်းတွက်ချက်မှုက ကျိုးကျားယွီကို လက်ထပ်ထိမ်းမြားရခြင်း ဖြစ်ပုံရသည်။
ကျိုးကျားယွီတွင် နွေးထွေးတဲ့ စိတ်နေစိတ်ထား၊ ပိန်ပါး၍ နူးညံ့သောအသားအရေနှင့် နူးညံ့ကာ ထိခိုက်လွယ်သည့် အရိုးအဆစ်တွေရှိသည်။ ကျိုးကျားယွီ တစ်ယောက် ပြန်လည်မွေးဖွားလာပြီးတဲ့နောက်တွင် တစ်စုံတစ်ယောက်သော သူကို အမျက်ဒေါသမထွက်အောင် ပြုမူနေထိုင်ခြင်းက အပူပင်ရဆုံး ကိစ္စဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဖူးပေ။
ကျိုးကျားယွီ : အခုလို လူလိမ် တစ်ယောက်ဖြစ်လာပြီး ကံကြမ္မာဟောပြောသူ ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်ကြီးနဲ့ မတွေ့ခင်အထိ၊ ပြန်လည် မမွေးဖွားလာခင်တုန်းက ကိုယ့်ကိုယ်ကို အပေါင်းအသင်း၀င်ဆံ့တဲ့ ဆက်ခံသူဖြစ်လိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ထားခဲ့တာ။
လင်းကျူးရွှေ : ကိုယ်နဲ့ အတူရှိနေရလို့ မပျော်ဘူးလား?
ကျိုးကျားယွီ : ပျော်ပါတယ် ခုချက်ချင်းသေနိုင်လောက်တဲ့အထိကို အရမ်းပျော်တာ ဘော့သာ ကျွန်တော့်ကို နေ့တိုင်းနီးပါး စားဖို့ မတွေးဘူးဆိုရင် ပိုလို့တောင် ပျော်မိမှာ....
လင်းကျူးရွှေ : မဖြစ်နိုင်ဘူး
ကျိုးကျားယွီ : .......
ဖုန်းရွှေပညာမှာ အလွန်ကျွမ်းကျင်တဲ့ မျက်မမြင် gong နဲ့ အပေါင်းအသင်း၀င်ဆံ့တဲ့ လူလိမ် ဆက်ခံသူ shou တို့ရဲ့ ဖုန်းရွှေ၀တ္ထု : အချစ်ဦးထက်ပင် ချိုပြီးရင်း ပိုချိုမြိန်ဖို့ရှိပါတယ်။
Chapter 1 : ပြည်လည်မွေးဖွားခြင်းအစ
ကျိုးကျားယွီ အမှောင်ထဲမှာ နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ အရာအားလုံးက ထူထဲတဲ့ အမှောင်ထုသာဖြစ်နေသည်။ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ကြည့်လိုက်ရာ သူ့လက် ခြေထောက်များက အချည်ခံထားရပြီး လုံး၀လှုပ်လို့မရသလို သူ့ရဲ့ပါးပြင်သည်လည်း ကြမ်းပြင်နဲ့ အတင်းအကျပ် အဖိခံထားရကာ သွေးနံ့ဖျော့ဖျော့က သူ့နှာခေါင်းထဲတွင် စွဲကျန်နေသည်။ ငါ သေသွားတာမဟုတ်ဘူးလား.....ဒါက ဘယ်နေရာလဲ သေပြီးငရဲရောက်သွားတာများလား? ကျိုးကျားယွီ စိတ်အနည်းငယ် ရှုပ်သွားပေမဲ့ သူ့မေးခွန်းတွေအတွက် အဖြေရှာလို့ မရသေးခင်လေးမှာပဲ သူ့အရှေ့ကအမှောင်ထုသည် တောက်ပတဲ့ အလင်းရောင်တစ်ခုကြောင့် လွင့်ပျောက်သွားခဲ့သည်။
“သူ မလား?” လူတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာသည်။
“သူ ဟုတ်တယ်” နောက်ထပ်တစ်ယောက်က ပြန်ဖြေလိုက်သည်။
အဲ့အသံတွေကိုကြားသော ကျိုးကျားယွီက မေးခွန်းများ မေးရန်ဟန်ပြင်ခဲ့သော်လည်း ထိုလူနှစ်ယောက်က သူ့ဆီကို လျှောက်လာကာ လက်မောင်းကနေ ကြမ်ကြမ်းတမ်းတမ်းဆွဲခေါ်သွားပြီး ဘိလပ်မြေအိတ် တစ်အိတ်ကဲ့သို့ အခန်းထဲကနေ ဆွဲထုတ်လိုက်သည်။
ဖြစ်နိုင်တာက သူ အမှောင်ထဲမှာ အကြာကြီးနေခဲ့တဲ့အတွက် ဆွဲခေါ်ခံရပြီးတဲ့အချိန်မှာ အပြင်ဘက်က စူးရှတဲ့အလင်းရောင်ကို မခံနိုင်ပေ။ ကျိုးကျားယွီက မျက်လုံးတွေမှိတ်ထားရင်း လမ်းတစ်လျှောက် ဆွဲခေါ်ခံသွားရပြီးနောက် ကျယ်၀န်းတဲ့ အခန်းအလယ်မှာ ပစ်ချခံလိုက်ရသည်။
“ဆရာ”
စောနက ထွက်လာခဲ့တဲ့အသံက ထပ်ထွက်လာကာ တခြားတစ်ယောက်ကို စကားပြောနေပုံပေါ်သည်။
“သူ့ကို ခေါ်လာခဲ့ပါပြီ”
ထိုအချိန်မှာပဲ ကျိုးကျားယွီရဲ့မျက်လုံးတွေက ဘေးပတ်လည်က အလင်းရောင်နဲ့ ကျင့်သားရသွားခဲ့သည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ သူ့အရှေ့တွင် ထိုင်နေသာ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူတွင် ပါးလွှာသောနှုတ်ခမ်း၊ ဖြောင့်ဆင်းတဲ့နှာတံနဲ့ အလွန်ချောမောသည့် မျက်နှာမျိုး ရှိနေသည်။ အဲ့လူက တရေးအိပ်နေသလိုမျိုး သူ့ရဲ့စူးရှတဲ့မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းထားသည်။ သူ၏အသားရေက အလွန်အမင်း ဖြူလျော့နေကာ ကြည်လင်တဲ့ကျောက်စိမ်းနဲ့ပင် ဆင်တူနေပြီး သတိလစ်နေပေမဲ့ အနည်းငယ် သဘာ၀ဆန်နေဆဲဖြစ်သည်။
“ကျိုးကျားယွီ?”
ထိုလူြ အသံသည် သေလူတစ်ယောက်ကို ခေါ်နေသလိုမျိုး အေးစက်၍ ခံစားချက်မဲ့နေသည်။
“အဟွတ် အဟွတ် မင်းက ဘယ်သူလဲ?”
ကျိုးကျားယွီသည် လည်ချောင်း အနည်းငယ် ခြောက်ကပ်နေသောကြောင့် အနည်းငယ် ချောင်းဟန့်ပြီးမှသာ ကွဲအက်အက် အသံဖြင့် မေးလိုက်နိုင်သည်။
ထိုလူက လုံး၀ပြန်မဖြေခဲ့ပေမဲ့ အခန်းရဲ့ထောင့်ကို လက်ညှိုးထိုးပြရင်း အေးစက်စက် ပြောလာသည်။
“အဲ့ဒါက ဘာလဲ?”
ကျိုးကျားယွီ ခေါင်းလှည့်ကာ ကြည့်လိုက်ရာ အနည်းငယ် အံ့ဩသွားခဲ့သည်။
အခန်းသည် တကယ့်ကို တော်တော်ထူးဆန်းသည်။ ဧည်းခန်းဖြစ်ဖို့အတွက်ကျ အရမ်းကြီးနေပြီး အခန်းထဲတွင် အလွန်ထူထပ်၍ ပေါများစွာ တန်ဆာဆင်ထားသော သစ်သားတိုင် ခုနှစ်ကို ပုံစံမျိုးစုံဖြင့် ပုံဖော်ထားသည်။ ကျိုးကျားယွီ သေချာစိုက် ကြည့်လိုက်ရာ တချို့သစ်သားတိုင်တွေရဲ့အပေါ်မှာ ငှက် ၊ တိရစ္ဆာန်မျိုးစုံတို့ ရှိနေသည်။ ထိုလူက တိုင်ထိပ်ကို ညွှန်ပြနေ၍ သူက ပုံကို အတည်ပြုခိုင်းနေတာ ဖြစ်လောက်တယ်လို့ ကျိုးကျားယွီ တွေးထင်လိုက်သော်လည်း ထိုပုံကို သေချာ ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ သူ့နောက်ကျောက အမွှေးအမျှင်များပင် ထောင်မတ်သွားခဲ့သည်။
တိုင်ရဲ့ထိပ်ကနေ တွဲလောင်းကျနေတဲ့အဖြူရောင် အမျှင်အတန်းပေါင်းများစွာကို မသဲမကွဲမြင်လိုက်ရပြီး အဲ့အမျှင်တွေရဲ့အောက်မှာ တစ်ခုခုက တွဲလောင်းကျနေသည်ကို မြင်လိုက်ရသည်။ ကျိုးကျားယွီ ထိတ်လန့်သွားကာ နောက်တွန့်သွားခဲ့သည်။
“အဲ့ဒါက ဘာ ဘာလဲ? ပင့်ကူအိမ်လား?”
“တခြားဘာဖြစ်နိုင်သေးလဲ”
ထိုလူက ဆက်မေးလာသည်။
ကျိုးကျားယွီ ထပ်ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
“ငါ ငါသေချာမမြင်ရပေမဲ့ အဲ့ပင်ကူအိမ်ထဲမှာ တောက်ပတဲ့ အရာတစ်ခုခုက အောက်ကိုတွဲကျနေတဲ့ပုံပဲ...”
ခဏတိတ်ဆိတ်သွားပြီးတဲ့နောက်မှာ ထိုလူက ထိုင်ခုံရဲ့လက်တန်းကို သူ့လက်ချောင်းနဲ့ ထိရင်း ပြောလာသည်။
“သူ့ကို ခေါ်သွားတော့”
ကျိုးကျားယွီဘက်မှ မတုံ့ပြန်နိုင်ခင်တွင် ထပ်ပြီး ဆွဲခေါ်သွားခံရပြန်သည်။
ဒါပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ သူ့ကိုဆွဲခေါ်တဲ့သူတွေက အနည်းငယ် ညှင်သာသွားသည်၊ အနည်းဆုံးတော့ သူကိုယ်တိုင် ယိုင်တိုင်တိုင်ဖြင့် လမ်းလျှောက်ခွင့်ပြုသည်။
ကျိုးကျားယွီ သူတို့နောက်ကလိုက်ကာ စိမ်းလန်းတဲ့ ဥယျာဥ်ရဲ့ အမိုးမိုးထားတဲ့လျှောက်လမ်းမှာ ဆယ်မိနစ်ကျော်လောက် ဖြတ်လျှောက်ပြီးတဲ့နောက်မှာ အခန်းသေးသေးလေးတစ်ခုထဲ၌ အပိတ်ခံလိုက်ရသည်။
“အထဲမှာ တိတ်တိတ်နေ”
သူတို့ထဲက တစ်ယောက်က စိတ်မရှည်သလိုပြောလာခဲ့သည်။
“မင်း ထွက်ပြေးပြီး အသတ်ခံရရင် ဘယ်သူကမှ မင်းရဲ့ အလောင်းကို လာကောက်ပေးမှာ မဟုတ်ဘူး”
ကျိုးကျားယွီ သူတို့တံခါးကို ဆောင့်ပိတ်ကာ ထွက်သွားသည်ကို ကြည့်နေရင်း သူ အိမ်မက်မက်နေသည်လို့သာ ခံစားနေမိသည်။ — ထရပ်ကားနဲ့ တည့်တည့် အတိုက်ခံလိုက်ရတဲ့ဟာကို ဒီနေရာမှာ ပေါ်လာဖို့က ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?
ထိုမေးခွန်းကတော့ ကျိုးကျားယွီက မှန်ကိုကြည့်လိုက်တဲ့ အချိန်မှာ အဖြေရသွားခဲ့သည်။ မှန်ထဲတွင် ပုံရိပ်ထင်နေသည်က အလွန် ကြည့်ကောင်းကာ လုံး၀ မရင်းနှီးသည့် မျက်နှာတစ်ခုဖြစ်သည်။ သူ ပြုံးလိုက်ချိန်တွင် နှုတ်ခမ်းထောင့်၌ ချစ်ဖို့ကောင်းသည့် ပါးချိုင့်လေးတစ်ခုရှိနေကာ သူ့ရဲ့မက်မွန်ပွင့်လို ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတစ်စုံက တစ်ချက်ကြည့်ရုံဖြင့် မိန်းကလေးတွေကြား အရမ်း ရေပန်းစားမည်ကို ဘယ်သူမဆို ပြောနိုင်လိမ့်မည်။
ကျိုးကျားယွီ : “သေစမ်း- ဒါ ဘယ်သူကြီးလဲ!”
သူ မှင်သက်ကာ လုံး၀အံ့အားသင့်သွား၍ မှန်ကိုလက်နဲ့ ကိုင်ကြည့်လိုက်သည်။
ကျိုးကျားယွီသည် သာမာန် ပြည်သူတစ်ယောက်ဖြစ်ပြီး ဘာသာမဲ့တစ်ယောက် ဖြစ်သည်။ သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် အရာများသည် သူ၏နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။
ဒါပေမဲ့ ဒါကအစပဲရှိသေးတယ်ဆိုတာကိုတော့ သူ သတိမထားမိသေးပေ။ သူက မှန်ကိုကိုင်ထားကာ သူ၏ ကမ္ဘာကြီးအပေါ်ထားရှိသည့် အမြင်သုံးမျိုးကို သုံးသပ်နေချိန်တွင် စိတ်ထဲကနေ နူးညံ့ကာ နှစ်လိုဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟယ်လို ဟယ်လို”
ကျိုးကျားယွီက ထိုအသံကို ကြားလိုက်ရတဲ့အချိန်မှာ တုန်ရီသွားကာ သူ့ကိုယ်သူ ရူးသွားတာလား ဒါမှမဟုတ် စိတ်နှစ်ခွဖြစ်သွားလားလို့ သံသယ၀င်မိသွားသည်။
နူးညံ့တဲ့အသံက ဆက်လက် ထွက်ပေါ်လာသည်။
“ဟယ်လို ကျိုးကျားယွီ မင်းငါ့ကို ကျီပါ့လို့ ခေါ်လို့ရပါတယ်”
ကျိုးကျားယွီ : “......နာမည်ကောင်းသားပဲ ”
ကျီ ပြီးတော့ ပါ့ သိမ်သိမ်မွေ့မွေ့နဲ့ ကိုယ့်ဟာကိုယ် Fuck လို့တောင်ရနိုင်တယ်
နူးညံ့တဲ့အသံ : “.....”
လေထုက ချက်ချင်းပဲ ကို့ယို့ကားယားနိုင်သွားခဲ့ပြီး ကျိုးကျားယွီက သူ့ရဲ့စိတ်အခွဲက အတွေးတွေကို မြင်နိုင်သည်လို့ ထင်မိသွားသည်။ အဲ့နောက် သူ့စိတ်အာရုံထဲမှာ ဝိုးတဝါး ပုံရိပ်တစ်ခုပေါ်လာကာ လိပ်အခွံပေါ်မှာ နားနေတဲ့ငှက်တစ်ကောင်ကို မြင်လိုက်ရသည်။ ငှက်သည် အနက်ရောင် အမွှေးအတောင်များနဲ့ ဖုံးလွှမ်းနေပြီး ခြေသုံးချောင်းရှိနေသည်။ ထိုအချိန်မှာပဲ ပဲပိစပ်လို လုံး၀န်းတဲ့ သူ့မျက်လုံးတွေက ကျိုးကျားယွီကို သေချာ စိုက်ကြည့်လာသည်။
နားမလည်နိုင်နေဆဲဖြစ်နေသော ကျိုးကျားယွီသည် အမှန်တကယ် သေသွားခဲ့ပြီဖြစ်၍ ဒါတွေက မသေခင် စိတ်ချောက်ချားနေတာတွေများ ဖြစ်နေမလားဟု စတင်တွေးလာမိသည်။
ကိုယ့်ကိုကိုယ် ကျီပါ့လို့ ခေါ်တဲ့ငှက်က ပါးစပ်စဖွင့်ကာ စကားပြောလာသည်။
“ဟယ်လို မင်းကို ငါ အကုန်ရှင်းပြပေးလို့ ရပါတယ်”
ကျိုးကျားယွီက တိတ်ဆိတ်သွားသည်။
ကျီပါ့က ကျိုးကျားယွီ၏ သံသယဖြစ်မှုကို သေချာပေါက် ရှင်းရှင်းလင်းလင်း ခံစားမိ၍ စကားတွေ အများကြီး ပြောမဲ့အစား သူ့အတောင်ပံတွေကို တက်တက်ကြွကြွ ခတ်လိုက်သည်။
ကျိုးကျားယွီရဲ့မြင်ကွင်းက မှောင်မဲသွားပြီး တခြားပုံရိပ်တွေ ပေါ်လာခဲ့သည်။ သူ့ခေါင်းထဲမှာ ပုံရိပ်တွေအများကြီးက ပရမ်းပတာပေါ်လာခဲ့သည်။ အဲ့ထဲကို သေချာ ရှာဖွေကြည့်လိုက်သည့်နောက်မှာတော့ ကျိုးကျားယွီက သူ့ထံတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ခက်ခက်ခဲခဲဖြင့် နားလည်သွားတော့သည်။
အရင်က ကျိုးကျားယွီက သေသွားပြီဖြစ်ကာ နာမည်တူ မျိုးရိုးတူတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ ကံမကောင်းစွာဘဲ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ သူက မနက် ၉ ကနေ ညနေ ၅ ထိ အလုပ်လုပ်ရတဲ့ ပြည်သူ့၀န်ထမ်းတစ်ယောက်း မဟုတ်တော့ဘဲ အရိုက်ခံ၍ သေရတော့မည့် လူလိမ်တစ်ယောက် ဖြစ်နေခဲ့သည်။
သူ့ကို ဖမ်းထားခဲ့တဲ့လူက ဖုန်းရွှေ အဖွဲ့အစည်းရဲ့ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ လင်းကျူးရွှေဖြစ်သည်။
လူလိမ်ရဲ့ သရဲတွေ၊ နတ်ဘုရားတွေကို အသုံးပြုကာ လိမ်လည်မှုက ကျရှုံးသွားခဲ့တဲ့အပြင် ဖုန်းရွှေအဖွဲ့အစည်းရဲ့ မပြုလုပ်ရန် တားမြစ်ထားသည့်အရာကိုလည်း ကျူးလွန်ခဲ့သည်။ ဒါပေမဲ့လည်း သူ အကြောင်းအရင်းမျိုးစုံကြောင့် ကွက်မျက်ခံရမလို ဖြစ်သည့်အချိန်တွင် လင်းကျူးရွှေက သူ့အသက်ကို ချမ်းသာပေးခဲ့သည်။
အဲ့ဒါတွေကို လေ့လာပြီးတဲ့နောက်မှာတော့ ကျိုးကျားယွီရဲ့ ကမ္ဘာကြီးအပေါ်ထားတဲ့ အမြင်သုံးမျိုးလုံး အထက်အောက် ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ဆွံ့အနေသော ကျိုးကျားယွီက အိပ်ရာပေါ်ကို ထိုင်ချလိုက်ပြီး ချိနဲ့စွာဖြင့် ပြောလိုက်သည်။
“မင်း ငါ့ကိုဘာလို့ကယ်ခဲ့တာလဲ?”
ကျီပါ့က ပြောလိုက်သည်။
“မင်းကို ကယ်ဖို့မဟုတ်ဘဲ လင်းကျူးရွှေကို ကယ်ဖို့အတွက်”
ငှက်က စကားပြောရင် သူ့ရဲ့ရှည်ထွက်နေတဲ့ နှုတ်သီးနဲ့ ၀မ်းဗိုက်အောက်ရှိ အဖြူရောင်အမွှေးများကို ဖွနေသည်။
ငှက်သေးသေးလေး၏ အပြုအမူကို သေချာမြင်နေရသော ကျိုးကျားယွီက မေးလိုက်သည်။
“အဲ့ဆို မင်းကရော? မင်းကရော ဘာလဲ?”
ကျီပါ့က လှဲနေရာမှ ပြန်ရပ်လိုက်ရာ သူ့ရဲ့ခြေထောက်သုံးချောင်းက ပေါ်လာပြီး လင်းကျူးရွှေကိုကြည့်ရန် လက်ဟန်ခြေဟန် ပြလိုက်သည်။
သူ၏အပြုအမူကို မြင်လိုက်ရပြီးတဲ့နောက်မှာ ကျိုးကျားယွီက လေအေးတစ်ရှိုက် ရှူသွင်းလိုက်သည်။
“အဲ့ဒါဆိုရင် KFC က ကြက်တွေက မျိုးရိုးဗီဇ ပြောင်းလဲထားတယ်ဆိုတဲ့ ကောလဟာလက တကယ်ပေါ့လေ”
ကျီပါ့ : “.... ”
မီးတောက် မှိန်ပျပျတွေက ကျီပါ့ရဲ့ ဘေးပတ်လည်မှာ စတင် တောက်လောင်လာသည်။
သေးငယ်သည့် ကျီပါ့လေးဒေါသထွက်လာသည်ကို မြင်သော ကျိုးကျားယွီအမှန်ကို ပြန်ပြင်ပြောလိုက်သည်။
“ငါက စတာပါ ခြေသုံးချောင်းနဲ့ ငှက်တွေက ထူးခြားမှန်း ငါသိတာပေါ့ သူတို့ကို ခြေသုံးချောင်း ကျီးကန်းလို့ခေါ်ကြတယ် ဟုတ်တယ်မလား?”
ရွှေကျီးကန်းလို့ သိကြတဲ့ ခြေသုံးချောင်းကျီးကန်းတွေက ဒဏ္ဍာရီလာပုံပြင်တွေထဲမှာသာ တည်ရှိတဲ့ ငှက်တွေဖြစ်သည်။ ဟို့ရီ ရိုက်ချလိုက်တဲ့ နေကိုးစင်းက ခြေသုံးချောင်းကျီးကန်းတွေအဖြစ် အသွင်ပြောင်းသွားကြတယ်လို့ ပြောကြသည်။
“ငါ လင်းကျူးရွှေကို ကယ်ချင်တယ် အဲ့တာကို မင်း ကူညီရမယ်”
ကျီပါ့ နှာမှုတ်ထုတ်လိုက်ပြီးတဲ့နောက် ပြောလိုက်သည်။
“ငါက ဘယ်လိုကူညီရမှာလဲ?” လင်းကျူးရွှေ မေးလိုက်သည်။
“ငါလည်း မသိသေးပေမဲ့ ဖြေးဖြေးချင်း ရှာကြည့်လို့လည်း ရပါတယ်။ ဒါပေမဲ့ ငါက မင်းရဲ့ပြန်လည်မွေးဖွားလာမှုအတွက် တာ၀န်ရှိပြီးတော့ မူလလူလိမ်ကတော့ တခြားဘ၀ကိုကူးပြောင်းသွားပြီ—” ကျီပါ့ ပြောလိုက်သည်။
ကျိုးကျားယွီ တွေးဆကာ ပြောလိုက်သည်။
“အဲ့လိုက တခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဒီလိုမျိုးယူလိုက်ဖို့ကျ ငါ့အတွက် ကောင်းရောကောင်းရဲ့လား”
“မင်းက သူလုပ်ခဲ့တဲ့အရာတွေကို မသိသေးလို့ပါ” ကျီပါ့ ပြောလိုက်သည်။
အဲ့နောက်မှာ ကျီပါ့က ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေကို လက်ဆင့်ကမ်းပေးလိုက်ရာ လင်းကျူးရွှေ သူ့ခန္ဓာကိုယ်က ဘယ်လောက်ထိ ထိတ်လန့်စရာ အပြုအမူတွေကို ပြုလုပ်ခဲ့လဲဆိုတာကို သိလိုက်ရသည်။ မှတ်ဉာဏ်တွေကို ဖတ်ကြည့်ပြီးသွားတဲ့နောက်မှာ ကျိုးကျားယွီ တွေးလိုက်မိတာက ဒီလူသာ ရဲစခန်းကို အပို့ခံရရင် သူ့ရဲ့ပြစ်မှုတွေက အလွန်ဆိုးရွားတဲ့အတွက် သေဒဏ်စောင့်ဆိုင်းခံရတာ ဒါမှမဟုတ် ပစ်သတ်ခံရနိုင်သည်။ လူလိမ်တွေ ပိုက်ဆံလိမ်တာက ပုံမှန်ဖြစ်စဉ်ဆိုပေမဲ့ ဒီလူက ဖုန်းရွှေနာမည်အောက်မှာ ကလေးပေါင်းများစွာကို သတ်လုနီးပါးထိလုပ်ခဲ့သည်။ ကံကောင်းစွာဖြင့် လင်းကျူးရွှေရဲ့လူတွေက အချိန်မှီရောက်လာခဲ့သည်၊ သို့သော်လည်း ဒီလူ အရင်ကလုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် လူတွေက သူ့ကို အလွန် မုန်းနေကြသည်။
ကျီပါ့ရဲ့စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ ကျိုးကျားယွီက သူရဲ့အတွေးတွေကို ပြန်လည်စုစည်းလိုက်သည်။ ကျီပါ့ဆီမှာ အကယ်ခံခဲ့ရသော ကျိုးကျားယွီက ပြန်ပေးဆပ်သည့်အနေဖြင့် ငှက်သေးသေးလေးကို ကူညီကာ လင်းကျူးရွှေကို ကယ်ရမည်။ — ဒါပေမဲ့ သူ့ကိုဘယ်လို ကယ်ရမလဲဆိုတဲ့ အချက်အတွက် ငှက်သေးသေးလေး၏ ဖော်ပြချက်က မရှင်းလင်းပေ။ ကျိုးကျားယွီ အခြေအနေကို အကြမ်းဖျင်း သိထားပြီးပြီ ဖြစ်ပေမဲ့လည်း သူ့မှာ သံသယတွေ ရှိနေဆဲဖြစ်၍ အပြင်ဘက်ကမ္ဘာနှင့် ချိတ်ဆက်ကြည့်ပြီး ငှက်သေးသေးလေးက စိတ်ချောက်ချားခြင်း ဟုတ် မဟုတ်ကို သက်သေပြုချင်သေးသည်။ ဒါပေမဲ့ ခုတော့ သူ့မှာ အခွင့်အရေးရှိမည့်ပုံ မပေါ်ပေ။
“ငါ နည်းနည်းတော့ နားလည်သွားပြီ” ကျိုးကျားယွီက ပြောလိုက်သည်။
သူ့ကို ဖမ်းဆီးထားသည့်အခန်းသည် အလွန် စုတ်ပြတ်ကာ ကုတင်တစ်လုံး၊ စားပွဲတစ်ခုနှင့် ထိုင်ခုံတစ်ခုသာရှိသည်။ တံခါးကို သော့ခတ်ထားပြီး ပြတင်းပေါက်တွင် သံတိုင်များဖြင့် ထူထပ်စွာ ပိတ်ထားသည်။ ဒါက ဧည့်သည်တွေအသုံးပြုရန် ဧည့်ခန်းဟုတ်မည့်ပုံ မပေါ်ပေ။
ရိုက်နှက်ခံထားရသော ကျိုးကျားယွီ၏ ခန္ဓာကိုယ်သည် အလွန် နာကျင်နေသည်။ စောနလေးကတင် အချက်အလက်ပေါင်းများစွာကို လက်ခံလိုက်ရရှိခဲ့ကြောင့် ခြေကုန်လက်ပန်းကျနေသည်။
သူ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေတဲ့ စိတ်နဲ့ မာကျောတဲ့ အိပ်ရာပေါ်ကို လှဲအိပ်လိုက်ကာ ရှုပ်ထွေးမှုတွေ ကြားထဲတွင် မျက်လုံးမှိတ်၍ အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့မှာတော့ တစ်ယောက်ယောက်က ကျိုးကျားယွီကို နှိုးလာသည်။
သူ့ကိုနှိုးနေသော လူသည် မနေ့က သူ့ကို အခန်းထဲ ဆွဲထည့်ခဲ့သူ ဖြစ်သည်။ သူက သွက်လက်နေပုံပေါ်၍ ကျိုးကျားယွီထက်ပင် ငယ်မည့်ပုံပေါ်သည်။
သူက စိတ်မရှည်စွာဖြင့် ကျိုးကျားယွီရဲ့ကုတင်ဘောင်ကို ကန်ပြီး ပြောလာသည်။
“ထတော့”
ကျိုးကျားယွီက ကြောင်တောင်တောင်နဲ့ ထထိုင်လိုက်ပြီး လက်ကိုမြှောက်ကာ မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။
“မောနင်း”
ထိုလူက ကျိုးကျားယွီကို လျစ်လျူရှုသည့်အပြင် သူ့အပြုအမူသည်လည်း အလွန်ဆိုးရွားသည်။ အကယ်၍ မနေ့ညကသာဆိုရင် ကျိုးကျားယွီက သူ့ကို အတင်းပြောမိမည်ဆိုပေမဲ့ ကျီပါ့က သူ့ကို ဒီခန္ဓာကိုယ်ပိုင်ရှင် ပြုလုပ်ခဲ့တဲ့အရာတွေကို အမြန် လက်ဆင့်ကမ်းပေးထားပြီးတဲ့နောက်မှာတော့ သူက ဒါနဲ့ထိုက်တန်တယ်လို့ ခံစားမိနေသည်။
“သွားကြမယ်”
ထိုလူက ပြောပြီး အပြင်ထွက်သွားသည်။
ကျိုးကျားယွီ သူ့နောက်ကနေ ဖြေးဖြေးချင်းလိုက်သွားရင်း သူ့ညာဘက်လက်ကောက်၀တ်က အနည်းငယ် ရောင်ရမ်း၍ နာကျင်နေသောကြောင့် အရိုက်ခံရတဲ့ အချိန်တုန်းက ဒဏ်ရာရသွားသည်လို့ ယူဆမိသည်။
ဥယျာဉ်သည် အလွန်ကြီးမားကာ စိမ်းလန်းတဲ့အသီးအရွက်တွေနဲ့ ပြည့်နှက်နေသလို အဝေးကလာတဲ့ ရေကျသံကိုလည်း ကြားနေရပြီး ပတ်၀န်းကျင်က အလွန်လှပသည်။ ဒါပေမဲ့ ရှူခင်းတွေအကုန်လုံးက အတူတူသာဖြစ်နေ၍ မရင်းနှီးသည့် လူတစ်ယောက်သာ လမ်းလျှောက်၀င်လာလျှင် မကြာခင်မှာ လမ်းပျောက်သွားလိမ့်မည်။
ထိုလူ၏ အနောက်ကို ဆယ်မိနစ်လောက် လိုက်သွားပြီးတဲ့နောက်မှာ ကျိုးကျားယွီက အလွန်လှပတဲ့ သုံးထပ်သစ်သား အဆောက်အအုံကို ရုတ်တရက် မြင်လိုက်ရသည်။
အဆောက်အအုံသည် ရိုးရှင်းသည့် ရှေးဟောင်းဒီဇိုင်းရှိပြီး ဘေးတွင် ခြံစည်းရိုးများဖြင့် ကာထားသည်။ အထဲမ၀င်ခင်မှာ ကျိုးကျားယွီက စန္ဒကူးနံ့သင်းသင်းကို ရလိုက်သည်။ အနံ့ကအရမ်း မပြင်းပေမဲ့လည်း အတော်လေး လန်းဆန်းစေသည်။ သူသည် ထိုလူ၏အနောက်မှ လိုက်ပါ၍ အဆောက်အအုံထဲကို ၀င်သွားပြီးနောက် ထမင်းစားခန်းထဲသို့ ရောက်ရှိလာခဲ့ရာ၊ လူငယ်နှစ်ယောက်က စားပွဲတွင် မနက်စာစားနေသည်ကို တွေ့လိုက်ရသည်။
“မင်း ရှေ့လျှောက် ငါတို့နဲ့ နေရမယ်”
ကျိုးကျားယွီကို ဦးဆောင်ခေါ်လာသော ထိုလူက မိတ်ဆက်ပေးနေသော်လည်း သူ၏အပြုအမူက ဆိုးရွားနေဆဲဖြစ်သည်။ ကျိုးကျားယွီကို ကြည့်သည့်အကြည့်တွင် မနှစ်မြို့မှုများဖြင့် ပြည့်နှက်နေပြီး အမိန့်ပေးခံရခြင်းကြောင့်သာ မဟုတ်လျှင် ကျိုးကျားယွီကို စကားပင် မပြောချင်ကြောင်း ပေါ်လွင်နေသည်။
“ဟုတ်ပြီ ကျေးဇူးပါ"
ကျိုးကျားယွီ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
စားပွဲထောင့်တွင် ပန်းကန်လုံးနဲ့ တူတစ်စုံရှိနေပြီး ၎င်ူသည် စားပွဲရဲ့ကျန်တဲ့အပိုင်းနဲ့ တော်တော်အဝေးတွင် ရှိနေခြင်းဖြစ်သည်။ ကျိုးကျားယွီ ထိုပန်းကန်ကို ကြည့်လိုက်ပြီး အဲ့ဒါက တကယ်ပဲ သူ့အတွက် သီးသန့်ဖယ်ထားပေးခြင်းဖြစ်သည်ကို အတည်ပြုလိုက်မိသည်။ သူက တိတ်တိတ်လေး ၀င်ထိုင်လိုက်ပြီး ပန်ကိတ်ကိုစားကာ စွပ်ပြုတ်ကို သောက်လိုက်သည်။
“တတိယအထပ်ရဲ့ ညာဘက်အစွန်ဆုံးမှာ ရှိနေတဲ့အခန်းက မင်း အခန်းပဲ”
မနက်စာ စားပြီးသွားတော့ ကျိုးကျားယွီကို ခေါ်လာတဲ့သူက သော့တစ်ချောင်း ပစ်ပေးလာသည်။
“ဘာမှ လုပ်စရာမရှိဘူးဆိုရင် လျှောက်သွား မနေနဲ့”
“ကျေးဇူးပါ" ကျိုးကျားယွီ ပြောလိုက်သည်။
မနက်စာပြီးသွားတဲ့နောက်မှာ အကုန်လုံးက လူစုခွဲသွားကြသည်။ ကျိုးကျားယွီက နောက်ဆုံး ကျန်ခဲ့သူ ဖြစ်သည်။ သူ စားပွဲပေါ်မှာရှိတဲ့ ပန်းကန်လုံးနဲ့ တူကို ကြည့်ရင်း ခဏလောက် တွန့်ဆုတ်နေခဲ့ပေမဲ့လည်း ၎င်းတို့ကို ယူပြီးနောက် မီးဖိုချောင်ထဲတွင် သွားဆေးကြောလိုက်သည်။
ထိုအချိန်မှာပဲ သစ်သားအဆောက်အအုံ သေးသေးလေးက တိတ်ဆိတ်သွားခဲ့သည်။ ကျိုးကျားယွီက တခြားသူတွေ အပေါ်ထပ်ကို တက်သွားတာကို မမြင်ခဲ့ကြောင့် ဒီအဆောက်အအုံတွင် သူတစ်ယောက်တည်းသာ ကျန်နေခဲ့ခြင်းဖြစ်နိုင်တယ်လို့ ခံစားမိလိုက်သည်။
ကျိုးကျားယွီက ပန်းကန်ခွက်ယောက်တွေကို ဆေးကြောပြီးတဲ့နောက် သူ့ကို ပေးထားတဲ့ သော့နဲ့ တတိယထပ်၏ နောက်ဆုံးအခန်းကို တက်သွားလိုက်သည်။
သူ့ကို ပေးထားတဲ့ အခန်းသည် အလွန် ရိုးရှင်းနေဆဲဖြစ်ပေမဲ့လည်း အရင် အခန်းထက်တော့ ပိုကောင်းသည်။ ပြတင်းပေါက်တစ်ခုရှိပြီး အဲ့ဘေးတွင် အစိမ်းရောင်အပင်လေး ရှိသည်။ အိပ်ရာက တစ်ယောက်အိပ် ကုတင်သာဖြစ်ကာ သူ့ဘေးတွင် စားပွဲနဲ့ ကုလားတိုင်ရှိနေ၍ ဆန့်ကျင်ဘက်တွင် အ၀တ်ဗီဒို ရှိနေသည်။ ကျိုးကျားယွီက အ၀တ်ဗီဒိုကို ဖွင့်ကာ အထဲကိုကြည့်လိုက်ချိန်တွင် သူ့အတွက် ဖြစ်ပုံပေါ်သည့် အ၀တ်အစားများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
အကျဉ်းသား တစ်ယောက်အတွက် ဒီလိုဆက်ဆံမှုက အရမ်းလည်းမဆိုးပါဘူး....ကျိုးကျားယွီ တွေးရင်း စိတ်သက်သာရာရသွားသည်။
အဲ့အတွေးက ညစာစားချိန် မတိုင်ခင်အထိတော့ တောက်လျှောက်ဆက်ရှိနေခဲ့သည်။
ကျိုးကျားယွီ အချိန်ကိုကြည့်လိုက်ပြီး ကူလုပ်ပေးရန်အတွက် အောက်ထပ်ကို ဆင်းလိုက်သည်။ ဒါပေမဲ့ သူ ပထမအထပ်ကို ရောက်တဲ့အချိန်မှာ အစောပိုင်းက အတူတူဆုံခဲ့တဲ့ လူသုံးယောက်က ကူကယ်ရာမဲ့နေတဲ့ မျက်နှာတွေနဲ့ ဆိုဖာပေါ်မှာ လှုပ်ရှားမှုမရှိဘဲ ထိုင်နေကြသည်။
ကျိုးကျားယွီကို ခေါ်လာပေးတဲ့သူက သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
“ဒီနေ့ ဘယ်သူချက်မှာလဲ?”
“ငါ မနေ့က ချက်ထားတာ” နောက်တစ်ယောက်က ပြောလိုက်သည်။
တတိယမြောက်လူက ဘာမှပြောပေမဲ့ နောက်ဆုံးတွင် စိုက်ကြည့်မှု၏ဒဏ်ကို သူ မခံနိုင်တော့ပေ။ သူသည် သူ၏ဖုန်းကိုချကာ ဒေါသထွက်နေတဲ့ အသံနဲ့ ပြောလိုက်သည်။
“ငါ ချက်မယ် ဒါပေမဲ့ မင်းတို့ကောင်တွေ ငါ ချက်တာကို စားရဲလား?”
သုံးယောက်လုံး တိတ်ဆိတ်သွားပြီး မည်သည့်စကားမှ ထပ်မပြောကြတော့ပေ။
အပြစ်ကြောင့် အသစ်ရောက်လာတဲ့ ကျိုးကျားယွီက ၀င်မပြောရဲသောကြောင့် ကျောက်တုံးအုတ်ဂူလိုမျိုး ဟန်ဆောင်ကာ ဆိုဖာတွင် တိတ်တိတ်လေးထိုင်နေခဲ့သည်။
နောက်ဆုံးမှာတော့ ကျိုးကျားယွီကို လမ်းပြခဲ့တဲ့သူက မတ်တပ်ထရပ်ကာ ဒေါသထွက်နေတဲ့မျက်နှာနဲ့ မီးဖိုချောက်ဘက်ကို ထွက်သွားသည်။ တခြားတစ်ယောက်က လှမ်းအော်လိုက်သည်။
“ရှန်းရိချွင်း ခေါက်ဆွဲမချက်နဲ့နော် ခေါက်ဆွဲမြင်ရင် ငါ နေမကောင်းတောင် ဖြစ်ချင်လာနေပြီ—”
ရှန်းရိချွင်း ဒေါသနဲ့ ပြန်ပြောလိုက်သည်။
“ရှန်းအာပိုင် ပေါက်ကရတွေလာ မပြောနဲ့ မင်း စားချင်တာကို မင်းဘာသာသွားချက်!”
ကျိုးကျားယွီ သူတို့နာမည်တွေကို ကြားလိုက်ရကာ ရယ်ချင်ပေမဲ့ ဒီအချိန်မှာ ရယ်တာက မသင့်တော်ဘူးလို့ ခံစားမိနေသည်။ နောက်ဆုံးမှာတော့ လင်းကျူးရွှေ ဘေးမှာရှိနေတဲ့ လူလေးယောက်က ရိချွင်း၊ အာပိုင်၊ ကျောက်စန်းနဲ့ မူစစ် တို့ဖြစ်ပြီး အကုန်လုံးရဲ့နာမည်တွေက ဆန့်ကျင်တဲ့ အဓိပ္ပာယ်မျိုးဖြစ်နေသည်ကို သူ သိလိုက်ရသည်။
၎င်းတို့က မိမိကို မမြင်ကြဘူးဟု ထင်သော ကျိုးကျားယွီက ကြက်ကလေးတစ်ကောင်လိုမျိုး တိတ်တိတ်လေးထိုင်နေခဲ့သည်။ ဒါပေမဲ့ ရှန်းရိချွင်းက ကျိုးကျားယွီဘက်ကို လှည့်ကြည့်ကာ ပြောလာသည်။
“ဟေး မင်းက ဘာကိုပြုံးနေတာလဲ?”
“ငါ မပြုံးပါဘူး” ကျိုးကျားယွီ အနည်းငယ် မတရားသလို ခံစားရသည်။
“မင်း ပြုံးလိုက်တာသေချာတယ်! မင်းမျက်လုံးတွေတောင် ကွေးနေတုန်းပဲလေ!” ရှန်းရိချွင်း ပြောလိုက်သည်။
“ငါက မွေးကတည်းက ဒီအတိုင်းပဲ” ကျိုးကျားယွီ စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်သည်။
ဒီခန္ဓာကိုယ်က မက်မွန်ပွင့်လိုမျက်လုံးတွေနဲ့မွေးလာလို့ဆိုပြီး အပြစ်လာတင်လို့မရဘူးလေ!
ရှန်းရိချွင်း : “ဘာပဲဖြစ်ဖြစ် မင်းပြုံးလိုက်တယ် မင်းက ပြုံးနေတယ်ဆိုတော့ ဟင်းလာချက်ချေ—”
ကျိုးကျားယွီ : “......”
နားထောင်နေသော ရှန်းအာပိုင်က သဘောမတူပေ။
“မင်းက သူ့ကိုချက်ခိုင်းမယ်? သူ ငါတို့ကို အဆိပ်ခတ်မှာကို မကြောက်ဘူးလား? အဆိပ်မခတ်ဘူးဆိုရင်တောင်မှ ငါတို့အစားအစာတွေထဲ တံတွေး ထွေးထည့်ထားရင် ဘယ်လိုလုပ်မလဲ?”
ကျိုးကျားယွီက သဘောတူသည့်ဘက်မှ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အတွက် အတွေးအသစ်တွေထွက်လာပေးတဲ့ ရှန်းအာပိုင်ကိုလည်း ကျေးဇူးတင်နေမိသည်။
“ကိစ္စမရှိဘူး။ ငါ သူ့ကို စောင့်ကြည့်ထားလိုက်မယ် မင်း ချက်နည်းသိတယ်မလား” ရှန်းရိချွင်း ပြောလိုက်သည်။
“နည်းနည်းသိတယ်” ကျိုးကျားယွီ သက်ပြင်းချပြီးနောက် နာခံစွာ မတ်တပ်ထရပ်၍ ပြောလိုက်သည်။ အလုပ်ဆင်းတဲ့ အချိန်တိုင်း သူက တစ်ယောက်ထဲနေကာ စားသောက်ရတာကို ကြိုက်တဲ့အတွက် ပုံမှန်အားဖြင့် သူ့အချက်အပြုတ်စွမ်းရည်က တော်တော်ကောင်းသည်။ သူ စိတ်ပူနေတာက သူချက်တဲ့အစားအစာက ဒီလူသုံးယောက်ရဲ့အရသာခံနိုင်စွမ်းနဲ့ မကိုက်ညီဘဲ အပြစ်ရှာခံရမှာကို ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ သူ့ကို ခုကြည့်နေပုံက ခင်မင်ရင်းနှီးတယ်လို့ ဘယ်လိုမှ ယူဆလို့မရနိုင်ပေ။
“ဒါဆို မင်းသွားချက်လိုက် ငါ မင်းကို ဘေးကနေ စောင့်ကြည့်နေမယ်”
ရှန်းရိချွင်းက မှုန်ကုပ်ကုပ် အသံဖြင့် ပြောလိုက်သည်။
“မင်း ခု ဘယ်အခြေအနေကို ရောက်နေတယ်ဆိုတာ မင်းကိုယ်မင်း သိတယ်မလား တစ်ခုခုထူးဆန်းတာ လုပ်တာကို တွေ့လို့ကတော့....”
ကျိုးကျားယွီ : “.....ဟုတ်ပြီ”
အဲ့တာကြောင့် ကျိုးကျားယွီ ဘေးကနေ ရှန်းရိချွင်းက မီးဖိုချောင်ထဲကို လိုက်ပါ၀င်သွားခဲ့သည်။ သူ ပထမဆုံး ရေခဲသေတ္တာထဲက ပါ၀င်ပစ္စည်းတွေကို ကြည့်လိုက်ပြီးနောက် ရှန်းရိချွင်းကို ဘာစားချင်လဲလို့ မေးလိုက်သည်။
ရှန်းရိချွင်း ဖြေလိုက်သည်။
“ခေါက်ဆွဲ မဟုတ်သရွေ့ ဘာပဲဖြစ်ဖြစ်ရတယ် အသားများလေ ပိုကောင်းလေပဲ”
ကျိုးကျားယွီ လတ်ဆတ်တဲ့ အသားနှစ်တုံးကို ထုတ်လိုက်ပြီး ထမင်းအိုးလည်း တည်လိုက်သည်။ ပါ၀င်ပစ္စည်းတွေက အရမ်းအများကြီးမရှိပေမဲ့ အိမ်လုပ် အရံဟင်း အနည်းငယ် လုပ်ဖို့က သူ့အတွက် မခက်ခဲပေ။ အသားကို နုပ်နုပ်စဉ်းလိုက်ကာ ထောပတ်သုတ်လိုက်ပြီး ငရုတ်သိမ်းစိမ်းနဲ့ ဆီပူထိုးလိုက်သည်။ အသီးအရွက်တစ်ပန်းကန် ကြော်လိုက်ပြီးတော့ ခရမ်းချဉ်သီးနဲ့ ကြက်ဥစွပ်ပြုတ် ချက်လိုက်သည်။
ကျိုးကျားယွီ ချက်ပြုန်နေတဲ့အချိန်မှာ ရှန်းရိချွင်းက ဘေးကနေ စိတ်အားထက်သန်စွာ လိုက်ကြည့်နေသည်။ သူ့အကြည့်သည့် လေ့လာသင်ယူနေတဲ့ မူလတန်း ကျောင်းသားတစ်ယောက်က စာအုပ် အသစ်တစ်အုပ်ကို ကြည့်နေသလိုမျိုးဖြစ်နေပြီး သူ့ရဲ့အာသီသဖြစ်နေမှုက ရက်ပေါင်းများစွာ မစားဘဲ နေခဲ့ရသလားလို့ပင် ကျိုးကျားယွီက တွေးနေမိသည်။
ကျိုးကျားယွီက လှီးထားတဲ့၀က်သားနဲ့ ငရုတ်သီးစိမ်းကို အိုးထဲက ထုတ်လိုက်ပြီး ကသိကအောက်နဲ့ မေးလိုက်သည်။
“မင်း အရင်မြည်းကြည့်ချင်လား?”
“မြည်း မြည်း မြည်းကြည့်မယ်!” ရှန်းရိချွင်း ပြောလိုက်သည်။
ပြောပြီးတဲ့နောက်မှာ သူသည် တူနဲ့အဖတ်အကြီးကြီးကို ညှပ်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ မျက်လုံးထဲက မျက်ရည်တွေ ထွက်ကျလာပြီး ထိန်းမထားနိုင်ဘဲနဲ့ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“မင်းက ဘယ်လိုလုပ်ပြီး တကယ် ချက်တတ်နေရတာလဲ?”
ကျိုးကျားယွီ နှုတ်ခမ်းစိကာ ညည်းလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါက ပုံမှန်ဆို အလုပ်ပြီးလို့ ဘာမှလုပ်စရာမရှိရင် အိမ်မှာ ချက်စားလေ့ရှိတယ်”
အဲ့လိုကြားသော ရှန်းရိချွင်းက မယုံသင်္ကာနဲ့ မေးလိုက်သည်။
“မင်းတို့ လူလိမ်တွေမှာလည်း အလုပ်အချိန်ဇယားရှိတာလား?”
ကျိုးကျားယွီ : “.....ငါတို့က အလုပ်နဲ့နားချိန်ကို မျှတအောင်လို့ သေချာခွဲထားတယ်လေ”
သူက အလုပ်မရှိတဲ့ လူလိမ်တစ်ယောက်ဆိုတာကို မေ့မလိုဖြစ်သွားသည်။
တစ်နာရီခွဲလောက် ကြာပြီးတဲ့နောက်မှာ အစားအစာတွေကို စားပွဲပေါ် ခင်းလိုက်သည်။ ကျိုးကျားယွီက ဟင်းသုံးမျိုးနဲ့ ဟင်းရည်တစ်ပန်းကန် ပြင်ထားသောကြောင့် လူလေးယောက်စာအတွက် လုံလောက်တာထက်ပိုနေသည်။
သူတို့သုံးယောက်က ယဉ်ကျေးစွာ ပြုမူနေခြင်း မရှိပေ။ သူတို့သည် တူတွေကို ဆွဲယူပြီး အချိန်အကြာကြီး ဆာလောင်နေခဲ့ရတဲ့ ဒုက္ခသည်တွေလိုမျိုး စတင်၍ စားသောက်ကြတော့သည်။ ကျိုးကျားယွီက မှင်သက်သွားသည်။
နောက်ဆုံးမှာတော့ တစ်ပန်းကန်အမောက်ရှိသော ဟင်းရည်ပင် ကုန်သွားခဲ့သည်။ ရှန်းရိချွင်းက နောက်ဆုံးကျန်တဲ့ အနှစ်တွေကိုယူပြီး ထမင်းနဲ့စားလိုက်သည်။
ကျိုးကျားယွီက နည်းနည်းလန့်နေ၍ ဟင်းများကို အများကြီး ယူ၍ မစားရဲပေ။ သူ့ပန်းကန် တစ်၀က်လောက်သာ စားနိုင်သည်။ သူ စားပွဲပေါ်ရှိ အစားအသောက်များကို အကုန်စားပြီး ခြေကုန်လက်ပန်းကျကုန်တဲ့ သုံးယောက်ကို ကြည့်ပြီး မတ်တပ်ရပ်ကာ ပန်းကန်တွေရှင်းဖို့ လုပ်လိုက်ချိန်တွင် ရှန်းရိချွင်းက တားလာသည်။
“ငါ့နာမည်က ရှန်းရိချွင်း သူက ရှန်းအာပိုင် ပြီးတော့ ဒါက ရှန်းကျောက်စန်း” ရှန်းရိချွင်း က ပြောလာသည်။
“ငါက ကျိုးကျားယွီပါ....” ကျိုးကျားယွီ ခေါင်းငြိမ့်ပြလိုက်သည်။
“မင်းနာမည်ကို ငါ သိပြီးသား ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် မင်းက ဒီမှာပဲ ဆက်နေရမှာဆိုတော့ ချက်ပြုတ်ဖို့တာ၀န်ကို မင်းကိုပဲ လွှဲပေးလိုက်ပြီ” ရှန်းရိချွင်း ပြောလိုက်သည်။
ကျိုးကျားယွီက တခြားဘာပြောနိုင်မှာတဲ့လဲ? သူက ခေါင်းငြိမ့်ပြကာ သဘောတူလိုက်သည်။
“တတိယထပ်ရဲ့ ဘယ်ဘက်ခြမ်းမှာ စာကြည့်ခန်းရှိတယ် မင်း အားတဲ့အချိန် ၀င်ပြီးလေ့လာလို့ရတယ် ဒါပေမဲ့ စာကြည့်ခန်းထဲက စာအုပ်ကို အပြင်သယ်လို့မရဘူး”
စားသောက်ပြီးတဲ့နောက်မှာ သူ့အသံက ပိုပျော့ပြောင်းလာပြီး ရှန်းရိချွင်းရဲ့ သူ့အပေါ်ထားတဲ့ သဘောထားက အရင်ကထက် ပိုကောင်းလာပုံပေါ်သည်။ ကျိုးကျားယွီကို စကားပြောပြဖို့ စိတ်အားထက်သန်လာတယ်လို့တော့ မပြောနိုင်သေးပေမဲ့ အနည်းဆုံးတော့ အချို့အရာတွေကို ပြောချင်စိတ်လေး ရှိလာသည်။
ကျိုးကျားယွီ ခေါင်းငြိမ့်ပြလိုက်သည်။
“မင်း အပေါ်တက်ပြီး နားလို့ရပြီ ငါ ပန်းကန်ဆေးလိုက်မယ်” ရှန်းရိချွင်း ဆက်ပြောလိုက်သည်။
ကျိုးကျားယွီ ခဏလောက် တွန့်ဆုတ်သွားပေမဲ့ သဘောတူလိုက်သည်။ ဒီနေရာမှာ နေထိုင်ခြင်းက ယာယီနေထိုင်မှုတစ်ခုဖြစ်မှန်း နားလည်ထား၍ တစ်ယောက်နဲ့တစ်ယောက် အလုပ်တာ၀န်ကို မျှဝေပြီး ပြုလုပ်ခြင်းကလည်း ကောင်းပေလိမ့်မည်။
နေ့လည်စာစားပြီးသောအခါ နားချိန်ဖြစ်သည်။ ကျိုးကျားယွီ တရေးလောက်အိပ်ပြီးနောက် ပြန်ထကာ ဘယ်ဘက်ထောင့်ဆုံးမှာရှိတဲ့ စာကြည့်ခန်းထဲကို သွားလိုက်သည်။
စာကြည့်ခန်းသည် အလွန်ကျယ်၀န်းပြီး အထဲတွင်ရှိနေသော စာအုပ်တွေကြောင့် သူ မှင်သက်သွားခဲ့သည်။ သူ အနည်းဆုံးတော့ « ထွေ့ ဂိုး ထူ » ၊ « ပြောင်းလဲမှုများစာအူပ် » နဲ့ တခြားခေါင်းစဉ်တွေကို ကြားဖူးပေမဲ့ ဒီလောက်စာအုပ်တွေ အများကြီးကို မမြင်ဖူးသလို ပါ၀င်တဲ့အကြောင်းအရာတွေကလည်း နက်နဲသည့်အတွက် ကျိုးကျားယွီ ကိုယ့်ဘ၀ကိုပင် မယုံနိုင်ဖြစ်လာသည်။
ဒါပေမဲ့ ဒီအချိန်မှာတော့ ခြေသုံးချောင်း ကျီးကန်းလေးကျီပါ့က အသုံး၀င်လာသည်။ သူက ကျိုးကျားယွီ၏ စိတ်ထဲမှာ ပြန်ပေါ်လာပြီး ယောင်ခြောက်ပါး ၊ ပါ့ကွာ ၊ ခြောက်မြှောင့်သံလိုက်အိမ်မြှောင် အစရှိတဲ့ အခြေခံဗဟုသုတနဲ့ ပတ်သတ်တဲ့အရာတွေကို သူ့ကို ရှင်းပြပေးခဲ့သည်။
ကျိုးကျားယွီ စိတ်ရှုပ်ထွေးစွာဖြင့် နားထောင်နေရသည်။
ကျီပါ့က မတတ်နိုင်တော့ဘဲ ရှင်းပြတဲ့ ပုံစံကိုပြောင်းလဲပြီး ဥပမာပေးလိုက်သည်။
“ဖုန်းရွှေမှာ အရာအားလုံးက လျို့ဝှက်ဆန်းကြယ်နေတာမျိုး မဟုတ်ဘူး။ ဥပမာပေးရရင် ဖုန်းရွှေက လမ်းဆုံလမ်းခွမှာ အိမ်ဆောက်လို့မရဘူးလို့ပြောကြတယ် အဲ့နေရာမှာရှိတဲ့ ပြင်းထန်တဲ့လေက လူတွေကို နေရထိုင်ရခက်စေပြီး အဲ့နေရာမှာ နေတဲ့လူတွေ ထိခိုက်သွားလိမ့်မယ် အဲ့ဒါကို ဖုန်းရွှေလို့ခေါ်တယ် ဒါပေမဲ့ တကယ်တော့လည်း လမ်းဆုံမှာ ကားတွေက ၀င်လိုက်ထွက်လိုက်ပဲလေ ပြီးတော့ အဲ့လောက်ဆူညံသံတွေနဲ့ ဓာတ်ငွေ့ယိုထွက်မှုတွေကြောင့် နေထိုင်တဲ့လူတွေ ထိခိုက်တာက သာမာန်ပါပဲ”
“အဲ့တော့….?” ကျိုးကျားယွီ ပြောလိုက်သည်။
“အဲ့တော့ ဖုန်းရွှေဆိုတိုင်း ကိစ္စတိုင်းက လျို့ဝှက်ဆန်းကြယ်နေတာမျိုး မဟုတ်ဘူး အဲ့ထဲကအများစုက သိပ္ပံပညာနဲ့ ရှင်းပြလို့ရပြီး တစ်ချို့အရာတွေကသာ ခုထိ သိပ္ပံပညာက လိုက်မမှီနိုင်တဲ့ အပိုင်းတွေ ဖြစ်နေရုံပါပဲ” ကျီပါ့က ဆက်ပြောသည်။
ကျိုးကျားယွီက ချက်ချင်းပင် ပိုစိတ်၀င်စားလာပြီး ပြောလိုက်သည်။
“ခု မင်းက ဒီလိုရှင်းပြလိုက်တာကိုတော့ ငါ နားလည်သွားပြီ ဒါပေမဲ့ သိပ္ပံပညာက ရှင်းမပြနိုင်သေးတဲ့ အရာတွေကရော ဘာတွေလဲ?”
သူ စောနက အခန်းထဲမှာတုန်းက တွဲလောင်းကျနေတဲ့ အမျှင်တွေကို ပြန်သတိရသွားပြီး မေးလိုက်သည်။
“ငါ မြင်ခဲ့တဲ့ အဲ့ပိုးခြည်အမျှင်တွေကရော ဘာတွေလဲ?”
“အဲ့တာက စုစည်းနေတဲ့ ကံကောင်းခြင်း ချီတွေဒါက တော်တော်လေးရှုပ်ထွေးတယ် မင်း ခုချိန်မှာ နားလည်နိုင်မှာ မဟုတ်သေးဘူး”
ကျီပါ့ ဖြေလိုက်သည်။
ကျိုးကျားယွီက အတွေးထဲနစ်၀င်ရင်း မေးလိုက်သည်။
“အဲ့ဆို ငါ့ရဲ့ပြန်လည်မွေးဖွားလာခြင်းက ဖုန်းရွှေနဲ့သက်ဆိုင်နေတာပေါ့?”
“အဲ့တာက သက်ဆိုင်တယ်လို့ ပြောလို့ရသလို မသက်ဆိုင်ဘူးလို့လဲ ပြောလို့ရတယ်။ ငါ ပြောပြမယ် မင်းနဲ့ လင်းကျူးရွှေရဲ့အသက်တွေက အတူတူ ချိတ်ဆက်နေတာ သူသေရင် မင်းလည်း အသက်မရှင်နိုင်လောက်ဘူး” ကျီပါ့ ပြန်ဖြေလိုက်သည်။
ကျိုးကျားယွီက သူ့ရဲ့ပြန်လည်မွေးဖွားလာမှုအပေါ် သံသယ၀င်နေသေးခြင်းကို မြင်လိုက်ရသော ကျီပါ့က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ကျိုးကျားယွီ : “ဒါဆို အတိအကျပြောရရင် ငါ လုပ်ဖို့ လိုအပ်တဲ့အရာက ဘာလဲ?”
“အသေးစိတ်က ခုထိမသေချာသေးဘူး။ မင်း အရင်ဆုံးနည်းနည်းထပ်ပြီး လေ့လာသင့်သေးတယ် လေ့လာတာက အမြဲအကျိုးရှိတယ်လေ”
ကျီပါ့က စကားပြောရင်း အမွှေးဖွာနေတဲ့အတောင်ပံတွေကို ခါနေသည်။
ကျီပါ့က ကျိုးကျားယွီကို စာကြည့်ခန်းထဲမှာ နေ့လည်တစ်ခင်းလုံး သင်ပေးနေခဲ့သည်။ သူ့ရဲ့လုပ်ဆောင်မှုက မလုံလောက်သေးပေမဲ့ အနည်းဆုံးတော့ အခြေခံတချို့ကို နားလည်သွားပြီဖြစ်သည်။
အဲ့နေ့က ညစာကိုလည်း ကျိုးကျားယွီက ချက်ခဲ့သည်။ ရေခဲသေတ္တာထဲမှာ ဟင်းချက်ပစ္စည်းတွေ အများကြီးမရှိသည့်အတွက် ခေါက်ဆွဲလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
မထင်မှတ်ထားသည်မှာ အခန်းထဲမှာရှိနေတဲ့ လူသုံးယောက်လုံးက ခေါက်ဆွဲကို အတိုက်အခံ ပြုလုပ်နေကြသည်။ ရှန်းရိချွင်းက သူ ခေါက်ဆွဲကို အလုံအလောက်ကို စားပြီးပြီဖြစ်၍ ခေါက်ဆွဲမြင်ရင်ကို အော့အန်ချင်သလို ဖြစ်လာသည်ဟု ပြောလာသည်။ ကျိုးကျားယွီက ကူကယ်ရာမဲ့စွာဖြင့်သာ ပြောနိုင်တော့သည်။
“ဒါပေမဲ့ ရေခဲသေတ္တာထဲမှာ ဘာမှ သိပ်မရှိတော့ဘူး ခေါက်ဆွဲကို ငါစာဖို့ပဲ ချက်လိုက်မယ် မင်းတို့အတွက် ထမင်းကြော်ပေးမယ်လေ”
ရှန်းရိချွင်းက သဘောတူလိုက်သည်။
ရလာဒ်အနေနဲ့ကတော့ ညစာ ချက်ပြီးသွားတဲ့အချိန်မှာ လူသုံးယောက်လုံးက ထမင်းကြော် ပန်းကန်တွေကို လက်ထဲမှာကိုင်ထားလျက် ကျိုးကျားယွီရဲ့ ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်နေကြသည်။ ခေါက်ဆွဲက တကယ်ကို အရသာရှိမည့်ပုံပေါ်သည်။ အသင့်အတင့် ကြည်လင်နေသော ခေါက်ဆွဲက စွပ်ပြုတ်ထဲတွင် စိမ့်၀င်နေပြီး အပေါ်ကနေ အစိမ်းရောင်ကြက်သွန်နဲ့ ဟင်းသီးဟင်းရွက်တွေ ဖုံးအုပ်ထားကာ ထိပ်ဆုံး၌ ရွှေရောင် ကြက်ဥအနှစ်ကလေးပင် ရှိနေသည်။
တစ်လုတ်စားပြီးတဲ့နောက်မှာ ကျိုးကျားယွီက ဆက်မစားနိုင်တော့ဘဲ ပြောလိုက်သည်။
“မင်းတို့ အရသာမြည်းကြည့်ချင်လား?”
ရှန်းရိချွင်းက ပြန်မဖြေဘဲ သူ့တူနဲ့လှမ်းကာ တစ်လုတ် စားကြည့်ပြီးနောက် သူ့ အရှေ့မှာရှိနေတဲ့ ထမင်းကြော်ပန်းကန်ကို ပြန်စိုက်ကြည့်လိုက်သည်။
“ငါလည်း မနက်ဖြန်ကျ ခေါက်ဆွဲစားချင်တယ်”
ကျိုးကျားယွီ : “....”
ကျန်တဲ့လူတွေကတော့ ရှန်းရိချွင်းလောက် အရှက်မမဲ့သောကြောင့် ငြင်းဆန်ပြီးနောက် သည်းခံနေကြသည်။
အဲ့လူသုံးယောက်က စောနလေးကတင် ခေါက်ဆွဲကို သေချာပေါက် အထင်သေးခဲ့ကြပေမဲ့လည်း ခုတော့ ကျိုးကျားယွီရဲ့ပန်းကန်ကို စိုက်ကြည့်ရုံကလွဲပြီး မတတ်နိုင်တော့ပေ။ ကျိုးကျားယွီက စိတ်ကသိကအောက်ဖြင့် ညစာစားနေရပြီး နောက်ဆုံး ကုန်သွားသည့်အချိန်မှသာ စိတ်သက်သာရာရသွားတော့သည်။
ကျိုးကျားယွီ ပထမဆုံးနေ့တွင်တော့ တော်တော်လေး အဆင်ချောခဲ့ပြီး အိမ်မှာရှိတဲ့လူတွေအကုန်လုံးရဲ့နာမည်ကိုလည်း သိခဲ့ရသည်။ သူက ညဘက်တွင် အခန်းထဲသို့ပြန်သွားကာ ရေပူဖြင့်ရေချိုးလိုက်သည်။
အဲ့မတိုင်ခင်မှာ ကျိုးကျားယွီ အများကြီး အာရုံမစိုက်ထားပေမဲ့ အ၀တ်တွေ ချွတ်ချလိုက်ပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်သည် အညိုမဲကွက်၊ ပြာနှမ်းမှုများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် အစကတည်းက ဖြူဖွေးပြီး ခုတော့ ပိုသနားစရာကောင်းသည့်ပုံပင် ပေါ်နေသည်။ ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်ပိုင်ရှင် အရင်ကလုပ်ခဲ့တဲ့ ကိစ္စတွေကို ပြန်တွေးတောကြည့်လျှင် ဒီလိုအရိုက်ခံရတာမျိုးက ပုံမှန်အားဖြင့် မလွန်ကြူးပေ။……ကျိုးကျားယွီက ခါးသီးစွာ ပြုံးရင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ဒီအချိန်သည် နွေဦးဖြစ်၍ ရာသီဥတုက အနည်းငယ် ပူနွေးစပြုလာပြီ ဖြစ်သည်။
ရေချိုးပြီးတဲ့နောက်မှာတော့ ကျိုးကျားယွီ အေးတဲ့ တီရှပ်တစ်ထည်ကို လဲ၀တ်လိုက်ပြီး လေအေးကို ရင်ဆိုင်ရင်း အိပ်ရာဘေးတွင်ထိုင်လိုက်သည်။
ပြတင်းပေါက် အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး စိမ်းစိုသည့် တောအုပ်သည် အမှောင်ထုထဲတွင် အော်ဟစ်နေသည်။ ကျယ်ပြောတဲ့ ဥယျာဉ်ထဲတွင် ရှည်လျား၍ စိမ်းစိုသည့် ထင်းရှူးပင်များ အများဆုံးရှိပြီး လမ်းတစ်လျှောက်တွင်တော့ မြစိမ်းရောင် ဝါးပင်တချို့ ရှိနေသည်။
ကျိုးကျားယွီက လေအေးခံနေတုန်း အဝေးကနေ အဆောက်အအုံ၏ အနားသို့ နီးကပ်လာနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ အာရုံစိုက်၍ ပြန်ကြည့်လိုက်ရာ ထိုလူသည် အစောပိုင်းတုန်းက အခန်းထဲမှာ တွေ့ခဲ့ရတဲ့ လင်းကျူးရွှေ ဖြစ်နေမှန်းကို သိလိုက်ရသည်။
လင်းကျူးရွှေက အရောင်တောက်ပသည့် လက်ရှည်၀တ်စုံနဲ့ အင်္ကျီကော်လာကို ထိပ်ဆုံးထိ ကြယ်သီးတပ်ထားပြီး သူ့ရဲ့ မျက်နှာအနေအထားက ရေခဲလိုမျိုး အေးစက်နေသည်။ သူ့မျက်လုံးတွေက မှိတ်ထားပေမဲ့ သွားလမ်းပေါ်မှာ လျှောက်နေတဲ့ ခြေထောက်က လုံး၀ နှေးကွေးခြင်း မရှိပေ။
ကျိုးကျားယွီက မျက်လုံးနှစ်လုံးနဲ့ ကိုယ်တိုင် မြင်တွေခဲ့ခြင်း မဟုတ်လျှင် လင်းကျူးရွှေက မျက်မမြင်တစ်ယောက် ဖြစ်သည်ကို သူ လုံး၀ယုံမိမှာ မဟုတ်ပေ။
လင်းကျူးရွှေက အဆောက်အအုံနား နီးကပ်လာတာနဲ့ ကျိုးကျားယွီက စိတ်ချောက်ခြားကာ မြင်နေရသည်အထင်နဲ့ သူ၏ မျက်လုံးများကို သေချာ ပွတ်ကြည့်လိုက်မိသည်။
မိုးမရွာခင် ကောင်းကင်မှာ စုနေတဲ့ တိမ်မဲတွေလိုမျိုး လင်းကျူးရွှေဘေးမှာ လှည့်ပတ်နေတဲ့ မြူအမှုန်တွေကို သူ အမှန်တကယ် မြင်နေရခြင်းဖြစ်သည်။
“အဲ့မြူအမဲတွေက ဘာတွေလဲ?”
ကျိုးကျားယွီ ကျီပါ့ကိုမေးလိုက်သည်။
“အဲ့တာက ကံကြမ္မာလေ” ကျီပါ့ ပြောလိုက်သည်။
ကျိုးကျားယွီ : “ကံကြမ္မာ?”
ကျီပါ့ : “ဟုတ်တယ် လင်းကျူးရွှေရဲ့ကံကြမ္မာ”
ကျိုးကျားယွီ ဆက်မေးချင်ပေမဲ့လည်း အစတုန်းက လျှောက်လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ လင်းကျူးရွှေက ရုတ်တရက် ခေါင်းလှည့်ကာ ကျိုးကျားယွီဘက်ကို ကြည့်လာသည်။
သူ၏နှလုံးသား အပြင်းအထန် ခုန်ပေါက်လာသော ကျိုးကျားယွီသည် လွတ်ထွက်သွား ငါတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်သို့ လှဲချ၍ အောက်တွင် တစ်စက္ကန့်မျှ ပြား၀ပ်နေပြီးမှ ပြန်သတိထားမိသွားသည်။ ကျိုးကျားယွီသည် သူ၏ အပြုအမူအတွက် ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားလေသည်
“သူက ငါ့ကိုတောင် မမြင်နိုင်တဲ့ဟာကို….ငါက ဘာကို အရမ်း ကြောက်လန့်နေတာလဲ?”
ဒါပေမဲ့လည်း သူ အဲ့အတိုင်း ခဏလောက် စောင့်နေပြီးမှ ပြတင်းပေါက်ဘေးတွင် ပြန်ထိုင်လိုက်သည်။
ထိုအချိန်မှာပဲ လင်းကျူးရွှေက ပျောက်သွားပြီး ဥယျာဉ်က ပြန်တိတ်ဆိတ်သွားသည်။
လင်းကျူးရွှေ လျှောက်လာတဲ့ နေရာကနေစလို့ သူက ဒီအဆောက်အအုံကို ဦးတည်လာပေမဲ့ ကျိုးကျားယွီ ဘာမှလည်းမကြားရသလို သူ ဘယ်ရောက်သွားလဲဆိုတာကိုလည်း မသိပေ။
ခေါင်းထဲတွင် အတွေးပေါင်းစုံရှိနေသော ကျိုးကျားယွီသည် နွေဦးရဲ့ ထင်းရှူးပင်တွေထဲက တကျိကျိ ပုစဉ်းရင်ကွဲသံများနဲ့အတူ အိပ်ပျော်သွားခဲ့သည်။
နောက်နေ့ မနက်မှာတော့ အဆောက်အအုံထဲတွင် လူနှစ်ယောက်သာ ရှိတော့သည်ကို ကြည့်၍ မနေ့က လင်းကျူးရွှေ ဒီကို တကယ် ရောက်လာခဲ့တယ်ဆိုတာကို သိလိုက်ရသည်။ ရှန်းရိချွင်းရဲ့စကားအရဆို လင်းကျူးရွှေက ရှန်းကျောက်စန်းကို တစ်ခုခုလုပ်ဖို့ စေလွှတ်ထားခြင်းဖြစ်မည်။
“ငါလည်း အပြင်သွားချင်တယ်”
နေ့လည်ရောက်တော့ ရှန်းရိချွင်းက ရှန်းအာပိုင်ကို ညည်းညူလိုက်သည်။
“နေ့တိုင်း ငါ အိမ်မှာပဲနေပြီး ခေါက်ဆွဲပဲ စားနေရတာ….”
ရှန်းအာပိုင်က ခေါင်းငုံ့၍ ဖုန်းကို ဆက်ကြည့်နေရင်း ရှန်းရိချွင်းကို လျစ်လျူရှုထားသည်။
ကျိုးကျားယွီက သူတို့နဲ့မရင်းနှီး၍ စကားမပြောရဲပေ။ သူသည် နာခံစွာနဲ့ပဲ နေ့လည်စာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်သည်။
ဒီနေ့ မနက်ကတည်းက တစ်ယောက်ယောက်က လတ်ဆတ်တဲ့ အသားတွေနဲ့ အသီးအရွက်တွေ ၀ယ်ထားပေးခဲ့သည်။ ကျိုးကျားယွီက တချက်ကြည့်ပြီး ၀က်နံရိုးကို ထုတ်၍ ၀က်နံရိုးနှပ်ကို ချက်လိုက်သည်။ မျှစ်နဲ့ပုဇွန်ကို ရောချက်လိုက်ပြီး ကြက်ဥနဲ့ခေါင်ရန်းပန်းကို အရည်သောက် ချက်လိုက်သည်။
ရှန်းရိချွင်းက ကျိုးကျားယွီကို အရမ်း မယုံကြည်သေးသောကြောင့် ခုံတစ်ခုံယူကာ မီးဖိုချောင်းထဲတွင် ဆက်စောင့်ကြည့်နေသည်။
ပထမတုန်းကတော့ ရှန်းရိချွင်းက အစားအစာထဲ တံတွေးထွေးထည့်မှာကို ဘာလို့ အရမ်းစိတ်ပူနေလဲဆိုတာကို ကျိုးကျားယွီက နားမလည်ခဲ့ပေ။ နောက်ပိုင်းတွင် ကျိုးကျားယွီက အိတ်ထဲတွင် ရှိနေသည့်အချိန်တုန်းက အကြမ်းတမ်းဆုံး ရိုက်ခဲ့တဲ့သူက ရှန်းရိချွင်းဖြစ်နေကြောင်း သိလိုက်ရမှ နားလည်သွားခဲ့သည်။ သူ့ရဲ့ရောင်ရမ်းနေတဲ့ လက်ကောက်၀တ်ကို ကန်ခဲ့တဲ့သူက ရှန်းရိချွင်းဖြစ်သည်။…… သူနဲ့အတူတူ နေလာပြီးတဲ့နောက်မှာ ရှန်းရိချွင်းက တောင်းပန်လာပြီး အံ့ဒီ့အချိန်က အရမ်းမကန်ခဲ့သင့်ကြောင်း ပြောလာခဲ့သည်။ ကျိုးကျားယွီက ဒီတိုင်းပြုံး၍ ပြောလိုက်သည်။
“ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း မင်းနောက်ကွယ်မှာ ဟင်းတွေထဲ တံတွေးထွေးထည့်ခဲ့တာပဲလေ”
ရှန်းရိချွင်း : “....”
ဒါပေမဲ့ ဒီအချိန်မှာတော့ သူတို့ဆက်ဆံရေးက အရမ်းမဆိုးတော့သလို စားရတာကြိုက်ပြီး မချက်တတ်တဲ့ ရှန်းရိချွင်းက ကျိုးကျားယွီ၏ ဘေးမှာသာ အမြဲမပြတ် စောင့်ကြည့်နေတတ်သည်။
ကျိုးကျားယွီက အေပရွန်ကိုချွတ်လိုက်ပြီး ထမင်းပန်းကန်သုံးလုံးကို ဖြည့်လိုက်သည်။ သူ ချက်ပြီး စားဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာ အစတုန်းက အစာငတ်ပြတ်နေတဲ့ သရဲတွေလိုမျိူး သူနဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ လူနှစ်ယောက်ရဲ့သက်သောင့်သက်သာရှိနေရာကနေ ခါးများကို မတ်လိုက်ကြရာ အရက်ကနဲ့ မတူကွဲပြားတဲ့ လူသစ်တွေလိုမျိုး ပြောင်းလဲသွားသည်။
ကျိုးကျားယွီ သူတို့နှစ်ယောက် နေမကောင်းဖြစ်နေတာလားလို့ တွေးလိုက်မိပေမဲ့ သူ့အနောက်မှ ရင်းနှီးတဲ့အသံတစ်ခု ထွက်လာတဲ့အချိန်ကျမှ သိလိုက်ရသည်။
“ထမင်းစားကြမလို့လား”
“ဟုတ်ကဲ့ ကျွန်တော်တို့ စားဖို့အဆင်သင့်ဖြစ်နေပါပြီ အကြီးအကဲရော စားပြီးပြီလားဗျ? ကျွန်တော်တို့နဲ့အတူ ၀င်စားချင်လားဗျ?”
ရှန်းရိချွင်းရဲ့ပုံစံက ချက်ချင်းပဲ ယဉ်ကျေးကာ ရိုကျိုးသွားသည်။
“ဒါက ဘယ်သူချက်ထားတာလဲ?”
လင်းကျူးရွှေ ထပ်မေးလိုက်သည်။
“ဒါ.. ဒါက ကျိုးကျားယွီ ချက်ထားတာပါ”
အနည်းငယ် ရှက်ကို့ရှက်ကန်း ဖြစ်နေပုံပေါ်သော ရှန်းရိချွင်းက ဆက်ပြောလိုက်သည်။
“သူလည်း ဘာမှလုပ်စရာမရှိနေတာနဲ့ပါ….
အဲ့ကြောင့် သူ့ကို ချက်ခွင့်ပြုလိုက်တာပါ”
အဲ့တာကို ကြားသော လင်းကျူးရွှေက သဘောခြင်းမတူသလို ဆန့်ကျင်ခြင်းလည်း မရှိပေ။ သူသည် တကယ်၀င်ထိုင်၍ ပြောလိုက်သည်။
“ဒါဆို ငါလည်း စားကြည့်တာပေါ့”
အရင်တုန်းက သူတို့ လင်းကျူးရွှေကို စားဖို့ဖိတ်ခဲ့ဖူးပေမဲ့ အမြဲငြင်းဆိုခဲ့သောကြောင့် ယခု ရှန်းရိချွင်းက အနည်းငယ် ထိတ်လန့်သွားသည်။ ဒါပေမဲ့ အဲ့ဒါကလည်း လင်းကျူးရွှေ မြည်းစမ်းကြည့်လောက်တဲ့အထိ သူတို့လက်ရာက ကောင်းမနေခဲ့ပေ….
ကျိုးကျားယွီက ရိုကျိုးစွာနဲ့ ခေါင်းငုံ့ကာ ကိုယ့်ထမင်းကိုယ်စားနေခဲ့သည်။
ဒီမှာက အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အထူးကောင်းမွန်တဲ့ပုံပေါ်ပြီး အရည်အသွေးကလည်း အပြင်က အစားအသောက်များထက်ပင် ပိုကောင်းသည်။ ပုဇွန်က လတ်ဆတ်ပြီးအရည်ရွှမ်းတဲ့ ကညွတ်နဲ့ ကြော်ထားသည့်အတွက် ချိုမြိန်ကာ အရသာရှိနေသည်။ နှပ်ထားတဲ့ နံရိုးကလည်း နူးညံ့၍ အရည်ရွှမ်းကာ အရသာရှိနေသည်။
လင်းကျူးရွှေ ရှိနေတဲ့အတွက်ကြောင့် ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တိုးနှစ်ယောက်လုံးရဲ့အစာစားပုံက သိသိသာသာ ထူးခြားနေသည်။ မနေ့က သူတို့စားပုံကို မြင်တွေ့ထားဖူးတဲ့ ကျိုးကျားယွီက ဒါတွေက မနေ့က တွေ့ခဲ့တဲ့ လူတွေနဲ့ အတူတူပဲဆိုတာကို မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။
လင်းကျူးရွှေ၏ အရှိန်အဝါသည် အလွန်ကြီးမားသည်။ ခေါင်းငုံ့ကာ ဒေါင်လိုက် ဆန့်ကျင်ဘက်မှာ ထိုင်၍ စားသောက်နေသော ကျိုးကျားယွီက တစ်ခါတစ်ရံ သူ့ထံသို့ အကြည့်ရောက်မိသွားသည်။
ကျိုးကျားယွီက လင်းကျူးရွှေကို အနီးကပ် ပထမဆုံးအကြိမ်အဖြစ် မော့ကြည့်၍ လေ့လာလိုက်သည်။
တချို့အလှတရားတွေက အဝေးကကြည့်ဖို့ သင့်တော်ပေမဲ့ လင်းကျူးရွှေကတော့ အကွာအဝေးကြောင့် အလှလျော့နည်းသွားသည့် လူတွေထဲတွင် မပါ၀င်ပေ။ တူကို ကိုင်ထားတဲ့ သူ့လက်တွေက ထင်ရှားတဲ့ အရိုးဆက်တွေနဲ့ သွယ်လျ၍ အလွန်လှပနေပြီး အစားအစာကိုနှိုက်ယူသည့် အချိန်မှာပင် ကြော့ရှင်းနေသည်။
အရင်က လင်းကျူးရွှေက အရမ်းဖြူဖွေးလွန်းသည်လို့ ထင်ခဲ့ဖူးပေမဲ့ အနီးကပ်လေ့လာကြည့်တဲ့အချိန်မှာ သူ့အသားအရေက အပြစ်အနာကင်းမဲ့နေတာကို တွေ့လိုက်ရသည်။ သူသည် ချောမွေ့တဲ့ ကျောက်စိမ်းလို ဖြစ်နေပြီး အသားအရေကရော ကျောက်စိမ်းလိုအေးလား သိချင်စိတ်ဖြင့် ထိကြည့်ချင်စိတ်များပင် ပေါ်လာစေသည်။ — ဒါပေမဲ့ ကျိုးကျားယွီက ဒါကို စိတ်ထဲ၌သာ တွေးရဲသည်မှာ သေချာသည်။
အစာစားခြင်းဟာ အလွန်အမင်း တိတ်ဆိတ်နေပြီး စားပွဲတွင် အစားအသောက် ဝါးမျိုသံပင် ထွက်မလာပေ။
လင်းကျူးရွှေရဲ့အစာစားတဲ့ပုံစံက လှပနေပေမဲ့ သူ့ရဲ့အစာအိမ်ကို ကျိုးကျားယွီက နည်းနည်းအံ့ဩမိသွားသည်။ ပထမတုန်းက ညစာအတွက် ချန်ထားရန် တွေးထားခဲ့ပေမဲ့လည်း သူတို့သုံးယောက်က ဟင်းတွေအကုန်လုံးကို တိတ်တိတ် စားသောက်လိုက်ကြပြီး ဟင်းရည် အနည်းငယ်သာ ချန်ထားခဲ့ကြသည်……
သူတို့ စားပြီးသွားတဲ့အချိန်မှာ ရှန်းရိချွင်းက ပန်းကန်ဆေးဖို့ ပြင်လိုက်ပေမဲ့လည်း လင်းကျူးရွှေက ပြောလိုက်သည်။
“ခဏနေအုံး ငါ မင်းတို့အကုန်လုံးကို ပြောစရာရှိတယ်”
“အကြီးအကဲ ဘာများလဲဗျ?” ရှန်းရိချွင်း မေးလိုက်သည်။
“နောက်လ ၁၄ ရက်နေ့က ဘာနေ့လဲဆိုတာကို သိကြတယ်မလား?” လင်းကျူးရွှေက ပြောလိုက်သည်။
“ကျွန်တော် သိပါတယ် အကြီးအကဲ ဒီတစ်ခါက ဘယ်သူသွားမှာလဲဗျ?” ရှန်းရိချွင်းက စိတ်အားထက်သန်စွာ ဖြေလိုက်သည်။
“ပထမတုန်းကတော့ ငါက မူစစ်ကိုသွားစေချင်ခဲ့တာ ဒါပေမဲ့ သူက သူ့ရဲ့တာ၀န်ကို ခုထိမပြီးသေးလို့ အချိန်မှီပြန်လာနိုင်မဲ့ပုံမပေါ်ဘူး”
လင်းကျူးရွှေက ဆက်ပြောလိုက်သည်။
“ဒါဆို ကျွန်တော်သွားလို့ရမလား?!” ရှန်းရိချွင်း ပြောလိုက်သည်။
သူ့ဘေးမှာထိုင်နေကာ စကားသိပ်မပြောတဲ့
ရှန်းအာပိုင်ကလည်း ရုတ်တရက် ပြောလာသည်။
“ကျွန်တော်လည်း သွားချင်တယ်”
ထိုအရာကိုကြား၍ ကျိုးကျားယွီ၏ မျက်လုံးထဲတွင် နားမလည်မှုများနှင့် ပြည့်နှက်နေသည်။ အစတုန်းက သူ့ဘာသာသူ တိတ်တိတ်လေးထွက်သွားဖို့ ရည်ရွယ်လိုက်ပေမဲ့လည်း ခုချိန်မှာ ရုတ်တရက် ထရပ်လိုက်ခြင်းက နည်းနည်းမသင့်တော်သလို ခံစားရသည်။ အဲ့တာကြောင့် ထောင့်တွင် ကပ်ရင်း လေလိုမျိုး ဟန်ဆောင်နေလိုက်သည်။
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်ရဲ့ ကိုယ့်ကိုကိုယ် ထောက်ခံနေမှုများကို ကြားလိုက်ရပြီးတဲ့နောက်မှာ လင်းကျူးရွှေက စကားဆက်မပြောပေ။ အဲ့အစား သူက အိပ်ကပ်ထဲကနေ အိပ်ဆောင်နာရီကိုထုတ်ကာ စားပွဲပေါ်တင်လိုက်၍ ပြောလိုက်သည်။
“ဖွင့်ပြီး တစ်ချက်ကြည့်ကြည့်”
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်လှမ်းယူကာ အိပ်ဆောင်နာရီအစွပ်ကို ဖွင့်ကြည့်လိုက်ရာ ၎င်းက ကွဲနေသည်ကို တွေ့လိုက်ရသည်။
မျက်လုံးတွေမှိတ်ထားသော လင်းကျူးရွှေက စားပွဲတစ်ဖက်မှာ ထိုင်ရင်း လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ဘယ်သူ အရင်စမလဲ?”
ရှန်းရိချွင်းက နာရီကို သေချာ စူးစိုက်ကြည့်ကာ ခွေးနှာခေါင်းကဲ့သို့ တရှုံ့ရှုံ့ ပြုလုပ်လိုက်သည်။
“အမျိုးသမီး သေသွားပြီ ကလေးရှိတယ်….”
“ဖျားနာပြီး သေသွားတာ ဖြစ်နိုင်ပြီးတော့ ခက်ခဲတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတယ်…” ရှန်းအာပိုင်က ဆက်ပြောသည်။
ထိုနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ပြီး ကျိုးကျားယွီကတော့ လုံး၀ရှုပ်ထွေးနေခဲ့သည်။ သူတို့က လင်းကျူးရွှေထံက နောက်ဆုံးအဖြေကို စောင့်နေသလိုမျိုး သူ့ကို တက်ကြွစွာ ကြည့်နေကြသည်။
ဒါပေမဲ့ လင်းကျူးရွှေထံတွင် ဘာမျက်နှာအမူအရာမှ ဖြစ်မလာဘဲ စားပွဲကို လက်ချောင်းနဲ့ထိရင်း တည်ငြိမ်သွာ ပြောလိုက်သည်။
“ထပ်ရှိသေးလား?”
“ထပ်မရှိတော့ပါဘူး”
ရှန်းရိချွင်းက ခေါင်းကိုကုတ်ရင်း အနည်းငယ်ရှက်ရွံ့နေသည်။
“အမျိုးသမီး ဖျားနာပြီးသေသွားပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ရှိခဲ့တယ် ဟုတ်လား” လင်းကျူးရွှေက ပြောလိုက်သည်။
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်နှစ်ယောက်လုံးက ခေါင်းငြိမ့်ရင်း ‘ဟုတ်ပါတယ်’လို့ ဖြေကြသည်။
အဲ့တာကို ကြားပြီးတဲ့နောက်မှာ လင်းကျူးရွှေက ခေါင်းလှည့်ကာ စိတ်ရှုပ်ထွေးနေတဲ့ ကျိုးကျားယွီကို ပြောလိုက်သည်။
“လာပြီး တစ်ချက်ကြည့်ကြည့်”
အဲ့စကားထွက်လာတာနဲ့ သုံးယောက်လုံး ကြောင်သွားကြသည်၊ ၎င်းတို့အနက် ကျိုးကျားယွီက အဆိုးဆုံးဖြစ်သည်။ သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
“ကျွန်တော် ကျွန်တော်လား?”
လင်းကျူးရွှေက ခေါင်းငြိမ့်လိုက်သည်။