အပိုင်း ၁၁
လင်းကျုးရွှေ ဆေးရုံခန်းအတွင်း ဝင်လာပြီး ကျိုးကျားယွီနှင့် ရှန်းရိချွင်းတို့ အိပ်ယာထဲ ကိုယ်စီလှဲနေသည်ကို တွေ့လိုက်ရသည်။
နှစ်ယောက်စလုံး၏ လက်၌ ဆေးပိုက်များရှိနေတုန်းပင်။ လင်းကျူးရွှေဝင်လာသည်ကို မြင်သောအခါ ချွေးသိပ်သည့်အမူအရာများပြကြသည်။ ကံမကောင်းစွာဖြင့် သူတို့မျက်နှာများကို လင်းကျူးရွှေ မမြင်နိုင်ကြောင်းလုံးဝမေ့နေကြသည်။
“ငါတို့ကအရသာရှိတဲ့ မှိုတွေလား။”
လင်းကျူးရွှေ၏နှုတ်ခမ်းပါးများ အနည်းငယ်ပွင့်ဟသွားသည်။ သူ့လေသံက လွန်စွာမအေးစက်သော်ငြား အိပ်ယာပေါ်ရှိ လူနှစ်ယောက်ကို လိပ်ပြာမလုံသကဲ့သို့ ခံစားရစေသည်။
“အရသာမရှိပါဘူး…”
သူတို့နှစ်ယောက် မသာမယာမျက်နှာထားနှင့် လှဲနေကြသည်။
“ထပ်စားချင်သေးလား။”
လင်းကျူးရွှေ ထပ်မေးလိုက်သည်။
“မစားချင်…”
မြင်ကွင်းတစ်ခုလုံးက မူလတန်းကျောင်းသားများ အဆူခံရသည်နှင့် ဆင်တူသည်။ ကျိုးကျားယွီနှင့်ရှန်းရိချွင်း အိပ်ယာထဲ လဲမနေပါက ဤအခိုက်အတန့်တွင် ခေါင်းငုံ့လျက် သူတို့ခြေထောက်ကို သူတို့ပြန်ကြည့်နေကြလိမ့်မည်။
“မင်းတို့စားဖို့ ဘာလို့ကူမမှာပေးမိတာပါလိမ့်။”
လင်းကျူးရွှေ၏လေသံမှာ အလွန်နူးညံ့၏။ ဘာမှမသိသည့်လူတစ်ယောက် နားထောင်ကြည့်လျှင် အိပ်ယာထဲရှိ သနားစရာလူနာနှစ်ယောက်ကို အမှန်တကယ် ဂရုစိုက်သည်ဟု ထင်သွားနိုင်သည်။
“မစားတော့ပါဘူး ဆရာ။ ကျွန်တော် မှားသွားပါတယ်။”
ရှန်းရိချွင်း လိပ်ပြာမလုံစိတ်နှင့်အတူ ခါးသက်စွာငိုကြွေးသည်။
“ဘာမှလျှောက်မစားရဲတော့ပါဘူး။”
လင်းကျူးရွှေအသံက ရေခဲတမျှအေးစက်နေ၏။
“မင်း တကယ်ဝမ်းသာသင့်တာ။ ပြိုင်ပွဲစတော့မယ်လေ။”
ကျိုးကျားယွီ အဆူခံရသဖြင့် တစ်လျှောက်လုံး ကြက်ပေါက်လေးလို အသံတိတ်နေခဲ့သည်။ နောက်ဆုံးတွင်မူ လင်းကျူးရွှေ၏တင်ပါးကိုပင် သူ ထိခဲ့သေးသည်။ သူ့လက်ကို လင်းကျူးရွှေ ခုတ်မဖြတ်လိုက်လျှင် သူ ကျေးဇူးတင်ပြီးသား ဖြစ်နေလိမ့်မည်။
လင်းကျူးရွှေ စကားပြောပြီးသည့်နောက် ထိုနှစ်ယောက်အား ထပ်မဆူတော့ပေ။ သူတို့နှစ်ယောက် ဆေးရုံဆင်းပြီးသည့်နောက် တန်းပြန်လာရန်မှာပြီး လှည့်ပြန်သွားလေသည်။ သူ တကယ် ဒေါသအနည်းငယ် ထွက်သွားပုံရသည်။
ရှန်းရိချွင်း အိပ်ယာထဲလှဲလျက် စိတ်ပျက် လက်ပျက် ပြောသည်။
“ကျိုးကျားယွီ ဆရာ အဲ့လောက်ဒေါသထွက်သွားအောင် မင်း ဘာသွားလုပ်လိုက်တာလဲ။”
ကျိုးကျားယွီ သူ့ဘာသာသူတွေးသည်။
‘ငါ ဘာလုပ်လို့လဲ၊ ငါလည်း စိတ်ပျက်တာပဲ။’
သူ ညှိုးနွမ်းစွာ ပြန်ပြော၏။
“ဘာမှမဟုတ်ပါဘူး။ ဆရာ့ဖင်ကို ရိုက်လိုက်ရုံပဲ။”
ရှန်းရိချွင်း : “…”
ကျိုးကျားယွီ ပြောသည်။
“မင်း ဘာလို့ စကားမပြောတော့တာလဲ။”
ရှန်းရိချွင်း သူ့နှာခေါင်းကို ထိပြီးပြောသည်။
“မင်း အသက်ရှင်သေးလား။ တကယ်သေပြီလား။ အခု မင်းဝိဉာဉ်ကို မြင်နေရတာလား။"
ကျိုးကျားယွီ : “…”
ဆရာ့ကို စော်ကားပြီး အသက်ရှင်နေသေးသည်။ ပြိုင်ပွဲကြောင့် ကျိုးကျားယွီ တကယ်ကံကောင်းသွားသည့်နှယ် ခံစားရသည်။ သူ အိပ်ယာထဲလှဲရင်း မသဲမကွဲလေသံနှင့် ပြော၏။
“မင်းသိလား၊ ငါပြိုင်ပွဲမှာ ရှုံးသွားရင်…”
ရှန်းရိချွင်းက သူ့ကို သနားသွားသကဲ့သို့ကြည့်ပြီး ပြောသည်။
“အရင်တုန်းက မင်း ရှုံးရင်တော့ ဆရာ မင်းကိုပြန်ပို့ဖို့ ပိုက်ဆံနည်းနည်းသုံးလိမ့်မယ်။ ဒါပေမဲ့ အခု မင်းရှုံးရင်တော့…ဖြစ်နိုင်တာက…”
ကျိုးကျားယွီ : “ဖြစ်နိုင်တာက…”
ရှန်းရိချွင်း ပြောသည်။
“မင်းကို ယွင်နန်မှာ မြှုပ်ပြီထင်တယ်။”
ကျိုးကျားယွီ : “…”
ရှန်းရိချွင်း ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့အတူတူ အဆိပ်မိတာဆိုတော့ မင်းပြာတွေကို ကြွေထည်အိုးထဲထည့်ပြီး တိတ်တိတ်လေးပြန်ပို့ဖို့ ငါ ကြိုးစားကြည့်မယ်။”
ကျိုးကျားယွီ ပြန်ပြောသည်။
“ဒါဆို ငါ မင်းကို တကယ် ကျေးဇူးတင်မိမှာပါ။”
ရှန်းရိချွင်း ပြောလိုက်၏။
“ရပါတယ်။”
ကျိုးကျားယွီခမျာ မဖော်ပြနိုင်သည့်ဝမ်းနည်းမှုကို ခံစားနေရသည်။
ဆေးရုံ၌ နှစ်ရက်ခန့်လှဲနေပြီးနောက် သူတို့သုံးယောက်လုံး နုံးချည့်နေသည့်မျက်နှာနှင့် ဆေးရုံ ဆင်းလာကြသည်။
သေချာပေါက်ပင်။ ဆင်းသည့်ရက်တွင် လင်းကျူးရွှေ ပေါ်မလာပေ။ ယန်ကျီချွမ်က သူတို့ကို ကားမောင်းပြီး ဟိုတယ်ပြန်ပို့ပေးသည်။
ကားပေါ်၌ ယန်ကျီချွမ်ပြော၏။
“မနက်ဖြန် ပြိုင်ပွဲစမှာ။ မင်းတို့ အဆင်သင့်ဖြစ်ပြီလား။”
ယန်မြန်က ပြောလိုက်သည်။
“အဆင်သင့်ပဲ။”
ကျိုးကျားယွီလည်း ထပ်တူပြောသည်။
“ကျွန်တော်လည်း အဆင်သင့်ပဲ“
သူ အကြိုက်ဆုံးအရိုးပြာအိုးကို ရွေးပြီးသား ဖြစ်ပြီး ရှန်းရိချွင်းထံသို့ အဆင်သင့်ပို့လိုက်ရုံသာ။
သူ ဘာတွေးနေကြောင်း ရှန်းရိချွင်း သိထားပြီးလောက်သည်။ သူ့ပုခုံးကို ပုတ်လျက် လေးလံစွာ သက်ပြင်းချလေသည်။
ပြိုင်ပွဲစတော့မည်ဖြစ်သော်ငြား ဖုန်းရွှေအကြောင်းကို ကျိုးကျားယွီ အကန့်အသတ်ဖြင့်သာ နားလည်နေဆဲ။ ရှန်းရိချွင်း၏အဆိုအရ သူ လက်ချိုး၍ရေတွက်လျှင်တောင် အခြေအနေက ပိုဆိုးနေလိမ့်မည်။
သူတို့ဟိုတယ်သို့ရောက်သောအခါ လင်းကျူးရွှေက အခြားသူစိမ်းတစ်ယောက်နှင့် စကားပြောနေသည်။ သူ စကားပြောနေသည့်လူက လူပေါင်းများစွာ စကားပြောချင်နေသည့်လူတစ်ယောက်ဖြစ်သောကြောင့် ဖုန်းရွှေလောက၌ အမှန်တကယ်ကျော်ကြားသူဖြစ်ကြောင်း မြင်နိုင်ပေသည်။ သူတို့အားလုံး၏မျက်လုံးများတွင် ကြယ်ရောင်များတောက်ပလျက် လင်းကျူးရွှေကို ကြည့်နေကြသည်။
သူတို့ idol နောက်သို့ ယောက်ျားလေးနှင့် မိန်းကလေးပရိတ်သတ်ပေါင်းများစွာ လိုက်ကြသည့်မြင်ကွင်းကို ကြည့်နေရသကဲ့သို့ ကျိုးကျားယွီ မြင်မိသည်။
“ဆရာ ကျွန်တော်တို့ ပြန်ရောက်ပြီ။”
ရှန်းရိချွင်း ကြောက်နေသော်လည်း နာခံပါးနပ်စွာ လင်းကျူးရွှေကို သွားနှုတ်ဆက်လိုက်သည်။
“အင်း အထဲဝင်ပြီး နားတော့”
လင်းကျူးရွှေ ပြောလိုက်၏။
“မနက်ဖြန် ပြိုင်ပွဲ ရှိတယ်။ ဒီည ဘယ်မှမသွားနဲ့။”
ရှန်းရိချွင်းနှင့်ကျိုးကျားယွီတို့ မလိုက်နာဘဲမနေရဲပေ။ နှစ်ယောက်လုံးစိတ်ပျက်အားလျော့ကာ အခန်းပြန်ရန် ပြင်ဆင်ကြသည်။
အခန်းထဲမဝင်ခင် ကျိုးကျားယွီက ရှန်းရိချွင်းကို ယခင်ပြိုင်ပွဲအကြောင်းအရာ မေးလေသည်။ ရှန်းရိချွင်း ခေါင်းကုတ်လျက်ပြောသည်။
“အကြိုပဏာမပွဲက ရိုးရှင်းလွန်းတယ်။ ငါ မေ့သွားပြီ။ နောက်ဆုံးပိုင်းက နဂါးသွေးကြောဆိုတာတော့ မှတ်မိတယ်။”
ကျိုးကျားယွီ : “သေစမ်း..နဂါးသွေးကြောလား”
ရှန်းရိချွင်းက ကျိုးကျားယွီကို သနားသည့်နှယ်ကြည့်ပြီးပြောလာသည်။
“နဂါးသွေးကြောက ဘာမှန်းတောင် မင်းမသိဘူး လေ။ သိလို့လား”
ကျိုးကျားယွီ : “သိတယ်။”
ရှန်းရိချွင်း လေးလံစွာ သက်ပြင်းချလိုက်၏။
“စိတ်အေးအေးထားပြီးသွား။”
ကျိုးကျားယွီ ငိုချမိလုနီးနီးပင်။
ထို့နောက် သူတို့နှစ်ယောက် သက်ဆိုင်ရာအခန်းကိုယ်စီပြန်၍ သူတို့အမေများ လိုက်ရှာကြသည်။ ကျိုးကျားယွီ သူ့အိပ်ယာပေါ်လှဲကာ တိုးဝှေ့နေပြီး မဖော်ပြနိုင်သည့်အအေးဓာတ်ကို ခံစားရသည်။
သူ ပြော၏။
“ကျီပါ့ ဘာလို့တအားအေးနေတာလဲ။ သေတော့မဲ့လက္ခဏာများလား။”
ကျီပါ့ ပြောသည်။
“အဲကွန်း လျှော့လိုက်။”
ကျိုးကျားယွီ : “…”
သူ ရီမုတ်ကို တိတ်တဆိတ်ယူလိုက်ပြီး အဲကွန်းက ၂၃ ဒီဂရီဆဲလ်စီးယက်စ် ဖြစ်နေကြောင်းတွေးလိုက်ရသည်။ ၎င်းက အနည်းငယ်အေးသဖြင့် သူ နည်းနည်းလျှော့လိုက်သည်။
မနက်ဖြန်၌ အသက်ကိုခြိမ်းခြောက်နိုင်သည့် ပြိုင်ပွဲ ရှိသဖြင့် သူ အလွန်စိတ်ပူကာ အိပ်ရမည်ကို ကြောက်နေလိမ့်မည်ဟု ကျိုးကျားယွီထင်ခဲ့သည်။ သို့သော် တကယ်တမ်းတွင် အိပ်ယာဝင်ပြီး ဆယ်မိနစ်အတွင်း ပျော်ရွှင်စွာအိပ်ပျော်သွားကာ အိပ်မပျော်သည့်ဖြစ်ရပ်မျိုးမရှိပေ။
နောက်နေ့မနက်၊ သူ မျက်နှာသစ်ရန် ထလာချိန် ကျီပါ့က စိတ်မပါလက်မပါပြောသည်။
“မနေ့ည ဆယ်နာရီခွဲတုန်းက လင်းကျူးရွှေ တံခါးလာခေါက်တယ်။”
ကျိုးကျားယွီ ပါးစပ်၌ အမြှုပ်ပြည့်နေလျက်။
“အာ?”
ကျီပါ့ : “သူက နင်အိပ်မပျော်လောက်ဘူးထင်လို့လာနှစ်သိမ့်ပေးတာ။”
ကျိုးကျားယွီ : “…”
ကျီပါ့ : “ဒါပေမဲ့ သူ တံခါးတစ်ခါပဲခေါက်ပြီး နင် ဟောက်နေတာကို ကြားသွားပုံရတယ်။”
ကျိုးကျားယွီ အနည်းငယ်ခေါင်းခါလိုက်သည်။
“ငါက ဟောက်တောင်ဟောက်လိုက်သေးတယ်ပေါ့။”
ကျီပါ့ : “အင်း။”
ကျိုးကျားယွီ : “…”
ကျီပါ့က သုန်မှုန်နေသည့်လေသံနှင့် ပြောသည်။
“အဲ့တော့ သူ လှည့်ပြန်သွားရော။”
ကျိုးကျားယွီ ဘာမှမပြောချင်တော့ပေ။ လုပ်လက်စများပြီးအောင် တိတ်တဆိတ်သန့်ရှင်းကာ အဝတ်အစားလဲပြီး မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့၏။
ပြိုင်ရမည့်သူက အိပ်ပျော်ပြီး မပြိုင်မည့်လူ ရှန်းရိချွင်းက မျက်လုံးအောက်တွင် အနက်ရောင်အကွင်းများရှိနေသည်။ သူ ကျိုးကျားယွီကို မြင်သောအခါ မေးလေ၏။
“မင်း စိတ်မလှုပ်ရှားဘူးလား။ အိပ်မပျော်တဲ့ရောဂါရှိတယ်မလား။ အဲ့နှစ်ပြိုင်ပွဲတုန်းက ငါ့ရဲ့အရမ်းတော်တဲ့စီနီယာဆို တစ်ညလုံးအိပ်မရဖြစ်ခဲ့တာ။”
ကျိုးကျားယွီ ခေါင်းငုံ့ကာ သူ့ဘေးနားထိုင်နေသည့်လင်းကျူးရွှေကို ထပ်မကြည့်ရဲတော့ပေ။ သူ အရှက်မဲ့စွာ လိမ်လိုက်သည်။
“အမ်…ငါ သိပ်မအိပ်…”
လင်းကျူးရွှေက သူ့ဘေးနား၌ အေးစက်စွာ ရယ်မောလိုက်သည်။
ကျိုးကျားယွီ : “…”
အစ်ကို ကျွန်တော်မှားပါတယ်။
ရှန်းရိချွင်းက ဘာတွေဖြစ်နေမှန်း မသိသဖြင့် တိုးတိုးလေးပြောသည်။
“ဆရာ့ကို ဘာသွားလုပ်ထားပြန်တာလဲ။”
ကျိုးကျားယွီ မျက်နှာခါးသက်သွားပြီး ပြန်မဖြေပေ။
လင်းကျူးရွှေလည်း ဘာမှမပြောပေ။ ပုံမှန်အတိုင်းသာ အေးစက်စက်စကားဆိုသည်။
“စားပြီးရင် ပြိုင်ပွဲဆီ စောစောသွားဖို့အသင့်ပြင်ထား”
သူ့စကားများက နက်နဲသိမ်မွေ့သည်ဟု ကျိုးကျားယွီထင်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် စောစောသေလိုက်တာက စောစောပြန်ဝင်စားနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယန်ကျီချွမ်ကားထဲသို့ လူပေါင်းများစွာ အတူဝင်သွားကြသည်။ ယန်မြန်လည်း မအိပ်ထားပုံရပြီး မျက်လုံးအောက်ရှိ အနက်ရောင်အကွင်းများမှာ သိသာထင်ရှားလှသည်။ ကားထဲ၌ ကျိုးကျားယွီ နှင့်လင်းကျူးရွှေတို့သာ ပုံမှန်စိတ်အခြေအနေတိုင်းရှိနေကြသည်။ တကယ်တမ်းတွင် လင်းကျူးရွှေက ဘာမှမဖြစ်သည့်တိုင် ကျိုးကျားယွီကမူ အတော်လေး စိတ်ပူနေသည်။ သို့သော် သူ့ပူပန်မှုက အိပ်နိုင်စွမ်းရည်ကို မထိခိုက်ပေ။
ပြိုင်ပွဲက အလွန်လူများပြီး ဖုန်းရွှေနယ်ပယ်က ဤပြိုင်ပွဲကို အမှန်တကယ်တန်ဖိုးထားကြောင်း သွယ်ဝိုက်၍သက်သေပြနေသည်။
မမျှော်လင့်ထားစွာဖြင့် ရုံအပြင်ဘက်တွင် နိုင်ငံခြားသားများစွာကို ကျိုးကျားယွီ တွေ့လိုက်ရသည်။ သူ တုန်လှုပ်သွား၏။
“နိုင်ငံတကာပြိုင်ပွဲကြီးတောင်…”
ရှန်းရိချွင်းပြောသည်။
“ဟုတ်တယ်လေ၊ ဂုဏ်ပြုပါတယ်။ မင်း ဆရာ့မျက်နှာကို နိုင်ငံထဲက လွှင့်ပစ်တော့မှာ။”
ကျိုးကျားယွီ : “…”
လင်းကျူးရွှေ၏မျက်နှာထားမှာ သိပ်မပြောင်းပေ။ သို့သော် ကျိုးကျားယွီ စိတ်ခံစားချက် ပြောင်းသွားခြင်းကြောင့် ဖြစ်နိုင်သည်။ လင်းကျူးရွှေ ကြောက်စရာကောင်းလောက်အောင် အေးစက်နေသည်ဟု သူ ခံစားရသည်။ ကြောက်စရာကောင်းလွန်းသဖြင့် အိတ်ကပ်ထဲမှ ခေါက်ဓားဆွဲထုတ်ပြီးတောင် ထိုးသတ်လောက်သည်။
ကျီပါ့က ထိုကဲ့သို့ နိမ့်ကျသည့်ကိစ္စများကို လင်းကျူးရွှေ ဘယ်တော့မှ လုပ်မည်မဟုတ်ကြောင်း ပြော၍ ကျိုးကျားယွီကို နှစ်သိမ့်ပေးသည်။ သူ့အား ပြိုင်ပွဲကို အာရုံစိုက်ရန် ပြောသည်။ ထို့သို့မဟုတ်ဘဲ သူ တကယ်ရှုံးသွားခဲ့လျှင်…
ကျိုးကျားယွီ သနားစရာကောင်းစွာပြောသည်။
“ဘာဖြစ်မှာလဲဟင်။”
ကျီပါ့ : “ဒါဆို ငါ နောက်ထပ်လက်ခံကောင်တစ်ခု ရှာရတော့မှာပေါ့။”
တစ်ကမ္ဘာလုံး သစ္စာဖောက်သွားသည့်နှယ် ကျိုးကျားယွီ ခံစားလိုက်ရသည်။
အပြင်ဘက်၌ စိတ်လှုပ်ရှားစွာကြည့်နေသူ အများအပြားရှိသော်လည်း ပြိုင်ပွဲဝင်များသာ ဝင်နိုင်ပြီး အတွင်းဘက်၌ မသမာသောနည်းလမ်းကိုကာကွယ်ရန် ဆက်သွယ်ရေးအကုန် ပိတ်ဆို့ထားလေသည်။ မသမာသည်ဟု ရှာဖွေတွေ့ရှိပါက ကျူးလွန်သူပြိုင်ပွဲဝင်က သုံးကြိမ်တိုင် ပါဝင်ခွင့်ဖယ်ရှားခံရမှာဖြစ်ပြီး ပြိုင်ပွဲ၌ ဆယ့်နှစ်နှစ်ခန့် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိဟု ဆိုလိုခြင်းဖြစ်သည်။
လင်းကျူးရွှေက ၁၅၆ ဟု လှပစွာရေးထိုးထားသည့် ကျောက်စိမ်းနံပါတ်ပြားအဝိုင်းလေးကို ကျိုးကျားယွီထံသို့ပေးလိုက်သည်။
ကျိုးကျားယွီက ထိုအပြားလေးကိုကိုင်ထားရင်း သူ့တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားရသည်။
သူ ပြော၏။
“ကျွန်တော် အခုသွားတော့မယ် ဆရာ"
လင်းကျူးရွှေ ပေါ့ပေါ့ပါးပါးပြောသည်။
“အမ်း”
သူ့အနောက်၌ ရှန်းရိချွင်းက မျက်ရည်သုတ်ဟန်ဆောင်နေသည်။
ကျိုးကျားယွီ ခေတ္တမျှတုံ့ဆိုင်းသွားပြီး အရှက်မရှိပြောလေသည်။
“ဆရာ ကျွန်တော့်ကို ပြောစရာရှိလား။”
“အပေါင်းအသင်းက ဒုတိယ၊ ပြိုင်ပွဲက ပထမ။”
လင်းကျူးရွှေ နွေးထွေးစွာပြောလိုက်သည်။
ကျိုးကျားယွီ : “…”
သူ အပေါင်းအသင်းအတွက် ဘယ်တုန်းကလာလို့လဲ။
လင်းကျူးရွှေ ထပ်ပြော၏။
“အကောင်းဆုံးကြိုးစား၊ ကံမကောင်းဘဲ ရှုံးသွားရင်တော့…”
ကျိုးကျားယွီက နူးညံ့ပြီးလှုပ်ရှားတော့မည့် လင်းကျူးရွှေ၏အသံကို နားထောင်နေသည်။ သို့သော် လင်းကျူးရွှေ၏အသံက အေးစက်သွားပြီး ပြောလေသည်။
“မင်းစားဖို့ မှို သုံးကတ်တီ ဝယ်ပေးမယ်။”
ကျိုးကျားယွီ : “…”
လင်းကျူးရွှေအား သူ့ကို ဘာပြောချင်လဲဟု မေးမိသည်ကို နောင်တစရလာသည်။ သူတို့နှစ်ယောက်က တစ်ယောက်ဖင်တစ်ယောက်ထိမိသည့်ဆက်ဆံရေး ရှိသည်။ ဘာကြောင့် အလွန် နှလုံးသားမရှိရသနည်း။ သေချာပေါက်ပင်၊ ထိုကိစ္စကို သူ့ဘာသာသူသာ တွေးရဲ၏။ တကယ်ထုတ်ပြောလိုက်ပါက ပြိုင်ပွဲမှာ ထပ်ပြိုင်ခွင့်ရှိတော့မည် မဟုတ်ပေ။
လေတရှဲရှဲတိုက်ပြီး ရေများအေးစက်နေသည့် ခံစားချက်နှင့်အတူ ပြိုင်ပွဲကျင်းပရာနေရာသို့ ကျိုးကျားယွီ ဖြည်းညှင်းစွာဝင်သွားလေသည်။
သူ့နံပါတ်ပြားကို စစ်ပေးသည့်ကောင်မလေးကလည်း လင်းကျူးရွှေ၏ပရိတ်သတ်ဖြစ်၍ သူ ပြောလေသည်။
“ရှင်က မစ္စတာလင်းတပည့်လား။ ပြိုင်ပွဲမှာ ကံကောင်းပါစေ”
ကျိုးကျားယွီ အားတင်းပြီးပြုံးလျက် ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြိုးစားပါ့မယ်”
ထိုကောင်မလေးက ထပ်ပြောသည်။
“ဒီနှစ်ပြိုင်ပွဲမှာလည်း မစ္စတာလင်း ထပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ထိုစကားများနားထောင်ပြီး ကျိုးကျားယွီ သရဲတစ်ကောင်ကဲ့သို့ တဖြည်းဖြည်းမျောလွင့်ပျောက်ကွယ်သွားချင်လေသည်။ ဤပြိုင်ပွဲ၌ လင်းကျူးရွှေတပည့်များ၏ယခင်လုပ်ဆောင်မှုများအကြောင်း အမေးမခံရသည်ကိုပင် အလွန် ကျေးဇူးတင်မိသည်။
စာရေးသူမှတ်စု...
လင်းကျူးရွှေ : “ကောင်းကောင်းပြိုင်။ နိုင်လာရင် စားကောင်းတာတစ်ခုပေးမယ်”
ကျိုးကျားယွီ : “ဘာကြီးလဲ။”
လင်းကျူးရွှေ : “ခန့်မှန်းကြည့်လေ”
ကျိုးကျားယွီ : ……………