Five Elements
Chapter - 5 : ကလေး
အိမ်မက်ဆိုးတွေက ရွမ်ယွင်ကျဲရဲ့ ကြောက်လန့်မှု သက်သက်သာဆိုလျှင် ၀မ်းဗိုက်အရေပြားတွေ ကွာကျသည့်ကိစ္စများကို ရှင်းပြ၍ မရနိုင်ပေ။
ရွမ်ယွင်ကျဲက စကားပြောပြီးနောက် သူမ အိတ်ထဲက မိန်းကလေးသောက် စီးကရက်ကို ထုတ်ပြီး ပုခုံးနောက်တွန့်၍ မီးညှိကာ ပြောလိုက်သည်။
“မစ္စတာလင်း တကယ်ပဲ ကျွန်မဆီမှာ ဘာ ဘာတွေ ဖြစ်နေတာလဲ? ကျွန်မကို ကယ်လို့ရနိုင်သေးလား......ကျွန်မက ခုမှ အသက်၂၀ ကျော်ပဲရှိသေးတာ မသေချင်သေးဘူး”
လင်းကျူးရွှေက အသံတိတ်နေသည်။
လင်းကျူးရွှေက ဒီကိစ္စကို ကူညီပေးဖို့ တကယ် ရည်ရွယ်ချက်ရှိမနေတာကို မြင်လိုက်ရတဲ့အခါ ရွေ့ကော နည်းနည်းစိုးရိမ်ပူပန်လာကာ ပြောလိုက်သည်။
“မစ္စတာလင်း ကျေးဇူးပြုပြီး ကူညီပေးပါ ကျွန်တော့် အဖေရဲ့ မျက်နှာကြောင့်ပဲဖြစ်ဖြစ်.....”
ရွေ့ကော၏ အဖေဖြစ်သူအကြောင်းကို မည်သူမျှ မသိကြသော်လည်း လင်းကျူးရွှေက ထိုသို့ ကြားပြီးတဲ့နောက် သက်ပြင်းချပြီး ပြောလိုက်သည်။
“ကောင်းပြီ”
ရွေ့ကောနဲ့ ရွမ်ယွင်ကျဲရဲ့ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီးနောက် ရွေ့ကောက ပြောလိုက်သည်။
“ဒါဆို ဒါဆို ဆရာဘယ်တော့များ အချိန်အားနိုင်မလဲ?”
လင်းကျူးရွှေ : “ဒီကိစ္စက အကြာကြီးရွေ့ထားလို့မဖြစ်ဘူး ဒီညပဲ လေယာဉ်လက်မှတ် ဖြတ်လိုက် ငါတို့ မနက်ဖြန်ရောက်အောင် လုပ်ရမယ်”
ရွေ့ကောက ဖုန်းကို အမြန်ထုတ်၍ လေယာဉ်လက်မှတ် ဖြတ်လိုက်သည်။
အစတုန်းကတော့ သူက ဒီကိစ္စနဲ့ ဘာမှ မပတ်သတ်ဘူးလို့ ကျိုးကျားယွီက ထင်ခဲ့ပေမယ့် လင်းကျူးရွှေက ရှန်းရိချွင်းနဲ့ ကျိုးကျားယွီဘက်ကို ရုတ်တရက် လှည့်လာပြီး ပြောလာသည်။
“မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ရမယ်”
ရှန်းရိချွင်းက စိတ်လှုပ်ရှားကာ ကျိုးကျားယွီရဲ့ပေါင်ကို ပုတ်လိုက်သည်။
အပုတ်ခံရသော ကျိုးကျားယွီ၏ ပေါင်သည် တစ်၀က်လောက် ထုံကျင်နေ၍ သူက အံကြိတ်ကာ ပြောလိုက်သည်။
“ဒါပေမယ့် မစ္စတာလင်း ကျွန်တော် ဘာမှမသိဘူးလေ....”
လင်းကျူးရွှေက ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
“ဘာမှမသိဘူးဆိုရင် လိုက်ပြီး လေ့လာသင်ယူပေါ့”
ကျိုးကျားယွီ : “.....ဟုတ်ကဲ့”
ရှန်းရိချွင်းက ကျိုးကျားယွီရဲ့မလိုက်ချင်သလိုဖြစ်နေသော အပြုအမူကို နားမလည်နိုင်ဖြစ်နေသည်။ သူကတော့ လင်းကျူးရွှေရဲ့ ဘေးမှာ နေ့တိုင်းနီးပါး ရှိနေနိုင်ဖို့ စိတ်အားထက်သန်နေတဲ့အပြင် ချဲ့ကားပြောရရင် လင်းကျူးရွှေကသာ သူ့ကို သဘောကျမယ်ဆိုရင် ခေါင်းအုံးယူကာ အတုနေဖို့ လိုက်သွားမည့်လူမျိုး ဖြစ်သည်။ အဲ့လိုသာဆို သူ မစ္စတာလင်းအနားတွင် နေ့တိုင်းတွယ်ကပ်နေနိုင်မည် ဖြစ်သည်။
ကျီပါ့ကလည်း ဒီလိုကိစ္စမျိုးက ကြုံတွေ့နေကျမဟုတ်၍ ပိုပြီးလေ့လာထားခြင်းက အမြဲတမ်းအတွက် အကျိုးရှိလိမ့်မည်ဟု ပြောကာ၊ ကျိုးကျားယွီကို လိုက်သွားဖို့ တိုက်တွန်းသည်။
ကျိုးကျားယွီက လက်ခံယုံကြည်သွားသောကြောင့် အထုပ်အပိုးပြင်ဖို့အတွက် အပေါ်ထပ်သို့ နာနာခံခံဖြင့် တက်သွားခဲ့သည်။ တကယ်တော့ သူ့မှာ အများကြီး ထုပ်ပိုးစရာမရှိဘဲ အ၀တ်အစားအနည်းငယ်နဲ့ တစ်ကိုယ်ရေပစ္စည်းတချို့သာ ရှိနေသည့်အတွက် ရှန်းရိချွင်းရဲ့ ကျောပိုးအိတ်ထဲတွင်သာ ထည့်လိုက်လို့လည်းရသည်။ ရွေ့ကောက လေယာဉ်လက်မှတ်ကို အမြန်ဖြတ်ပြီူနောက် လေယာဉ်က ညနေ ၆ နာရီ၀န်းကျင်လောက်လို့ ပြောလာသည်။
ရွမ်ယွင်ကျဲရဲ့ နာမည်ကြီး အရှိန်အဝါများ လုံး၀ပျောက်ကွယ်သွားခဲ့သည်။ သူမက လိမ္မာတဲ့ယုန်လေးလိုမျိုး ရွေ့ကောဘေးတွင် ပူးကပ်ထိုင်ကာ တစ်မျိုးတစ်ဖုံ သိမ်မွေ့ကာ သနားစရာကောင်းနေသည်။
“မစ္စတာလင်း ဒါက ဘာဖြစ်တာလဲဆိုတာကို ကျွန်မကို အရင် ပြောပြပေးလို့ရမလားရှင့်?”
ဧည့်ခန်းက တိတ်ဆိတ်နေပေမယ့် ရွမ်ယွင်ကျဲက သည်းမခံနိုင်တော့ဘဲ အားလျော့တဲ့လေသံနဲ့ ထုတ်မေးလိုက်သည်။ လင်းကျူးရွှေက အေးစက်စက်ပြန်ပြောလိုက်သည်။
“ဒါက ဘာလဲဆိုတာကို မင်းက အသိဆုံးဖြစ်နေသင့်တာမလား?”
လင်းကျူးရွှေရဲ့အသံထဲမှာ မကြည်ဖြူတဲ့ အရိပ်အယောင် အနည်းငယ်ပါနေတာကို သတိထားမိသော်လည်း သူ့စကားတွေကို ပြန်မငြင်းရဲသော ရွမ်ယွင်ကျဲက အသံတိတ်သွားသည်။ ရွေ့ကောကလည်း တစ်ခုခုကို ခန့်မှန်းမိသွားသောကြောင့် မျက်နှာ ဖြူဖျော့လာသော်လည်း လင်းကျူးရွှေ ရှိနေတဲ့အတွက်ကြောင့် သူ့ဒေါသကို ဆေးလိပ်များ ဖိသောက်၍သာ ဖော်ပြနိုင်သည်။
နောက်ဆုံး ၆ နာရီထိုးသွားချိန်မှာတော့ ဒရိုက်ဘာက ၎င်းတို့ငါးယောက်ကို လေဆိပ်သို့ ပို့ပေးခဲ့သည်။ ကျိုးကျားယွီက လေယာဉ်ပေါ်တွင် ထိုင်ရင်း ကျီပါ့နဲ့ စကားပြောလိုက်သည်။
“ကျီပါ့ မင်း လေယာဉ်စီးဖူးလား?”
ကျီပါ့ : “ငါ မမှတ်မိတော့ဘူး”
ကျိုးကျားယွီ : “ဒါဆို မင်းမှတ်မိတာ ဘာရှိလဲ?”
ကျီပါ့ : “မင်းငါ့ကို စကားနှိုက်ဖို့ ကြိုးစားနေတာလား”
ကျိုးကျားယွီ : “.....မင်းက အရမ်းစွာတာပဲ ရှောင်ကျီပါ့ရယ်"
သူ အဲ့လိုပြောလိုက်ပြီး ရှေ့လျှောက် ကျီပါ့ကို ရှောင်ပါ့ လို့ခေါ်မည်ဟု တွေးနေခဲ့သည်။ ကျီပါ့မှာ ဘာမှလုပ်စရာမရှိသောကြောင့် သူ့အမွှေးအတောင်တွေကို ထပ်ပြီးဖြီးသပ်နေသည်။ ကျိုးကျားယွီက သတင်းစာတစ်ခုကို ကောက်ယူကာ စလှန်ပြီး ဖတ်နေလိုက်သည်။ ည၉ နာရီလောက်မှာ သူတို့သွားရမည့်နေရာသို့ ရောက်ရှိသွားသည်။
ရွေ့ကောနဲ့ ရွမ်ယွင်ကျဲတို့ နှစ်ယောက်လုံးက ပင်ပန်းနေတဲ့ ပုံပေါ်နေပြီး၊ အထူးသဖြင့် ရွမ်ယွင်ကျဲက ပိုဆိုးနေသည်။ သူမသည် လေယာဉ်ပေါ်က မဆင်းမီ အောက်ခံမိက်ကပ်နဲ့ ပါးနီ မလိမ်းချယ်ထားသည့်အတွက် လူတိုင်းက သူမကို ဆေးရုံကနေ ဆင်းလာသည်လို့ပင် တွေးထင်ကြလိမ့်သည်။
သူတို့ကို လာကြိုတဲ့သူက ရွမ်ယွင်ကျဲရဲ့ မန်နေဂျာဖြစ်ပြီး အသက် ၃၀ အရွယ် အလွန်လှပသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ရွမ်ယွင်ကျဲနဲ့ ယှဉ်ကြည့်လျှင် သူမ၏အလှတရားက ပိုပြီး တသီးတသန့်ဆန်ကာ တင့်တယ်နေသောကြောင့် ပထမဆုံးတစ်ချက်ကြည့်ရုံဖြင့် သူမက အလွန် ယုံကြည်အားကိုးရမည့်လူမျိုးဖြစ်ကြောင်း ပေါ်လွင်နေသည်။
“အိမ်တန်းပြန်မှာလား?”
မန်နေဂျာက မေးလိုက်သည်။
“ယွင်ကျဲရေ"
“အိမ်တန်းပြန်မှာ”
ရွမ်ယွင်ကျဲက ပြောလိုက်သည်။
“ဒုက္ခများစေမိပြီ ကျိုးကျဲ”
ကျိုးကျဲ၏ နာမည်အပြည့်အစုံမှာ ကျိုးရှန်လင်ဖြစ်ကာ ရွမ်ယွင်ကျဲတစ်ယောက် ပွဲဦးစထွက်သည့် အချိန်ကတည်းက ရှိနေခဲ့သည့် မန်နေဂျာဖြစ်သည်။ သူတို့ရဲ့ဆက်ဆံရေးက တော်တော်လေး ကောင်းမွန်သည့်ပုံရသည်၊ ထို့နောက် ကျိုးရှန်လင်က မျက်မှောင်ကြုတ်လိုက်သည်။
“ယွင်ကျဲ ဘာတွေဖြစ်နေတာလဲ? နင် ခု လ၀က်လည်း အနားယူပြီးပြီလေ ငါ့ကိုဘာမှမပြောပြဘူးဆိုရင် အထက်ကစီစဉ်သူတွေနဲ့ ငါ ဘယ်လိုကူပြီး ညှိနှိုင်းပေးလို့ ရနိုင်မှာလဲ? ဒီလူတွေက…..?”
ရွမ်ယွင်ကျဲက အလွန်ပင်ပန်းနေပုံပေါ်ကာ ပြောလာသည်။
“ငါ့ကို အချိန်နည်းနည်းလောက်ပဲ ထပ်ပေးပါ၊ ဒီလူတွေက ငါ့သူငယ်ချင်းတွေ ငါ့ကိုလာကူညီပေးကြတာ”
ကျိုးရှန်လင်၏ လှည့်ပတ်ကြည့်ရှုနေမှုများက လင်းကျူးရွှေဆီကို ရောက်တဲ့အချိန်မှာ ချက်ချင်းပင် ရပ်တန့်သွားသည်။ သူမရဲ့ များပြားတဲ့အတွေ့အကြုံအရ အရှေ့မှာရှိနေတဲ့ ထိုလူက သာမာန်ထက် ထူးကဲနေတယ်ဆိုတာကို ချက်ချင်းပင် သတိထားမိလိုက်သည်။ သူမက လင်းကျူးရွှေရဲ့ လက်ကောက်၀တ်ပေါ်ရှိ ကျောက်စိမ်းပုတီးကြိုးကို သတိထားမိသွားသောကြောင့် သူမ၏မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ပေါ်လွင်နေသည်။
ဒါပေမယ့် ရွမ်ယွင်ကျဲရော တခြားဘယ်သူကမှ ရှင်းပြဖို့ ရည်ရွယ်ချက်ရှိမနေပေ။ ကျိုးကျားယွီမှလွဲ၍ လင်းကျူးရွှေနဲ့ ရှန်းရိချွင်းတို့၏ မျက်နှာထားများက တည်တံ့နေတာကြောင့် သူမက မာနကြီးတယ်လို့လည်း ထည့်တွေးလိုက်မိသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျိုးကျားယွီက သူတို့သုံးယောက်ထဲမှာ အနူးညံ့ဆုံး အသွင်အပြင်ပေါ်နေသည်၊ တကယ်တော့လည်း သူက ခုထိ မာစတာတစ်ယောက် မဖြစ်သေးသည့်အပြင် နှလုံးသားက ဒီတိုင်းသာမာန်မြို့ရှိ ပြည်သူတစ်ယောက် ဖြစ်နေဆဲသာ ဖြစ်သည်။
ဒရိုက်ဘာက ရွမ်ယွင်ကျဲအိမ်ကို မောင်းပို့ပေးပြီး အကုန်လုံးက လမ်းတစ်လျှောက်လုံး ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့ကြသည်။ နောက်ဆုံး ရွမ်ယွင်ကျဲကားပေါ်က ဆင်းသည့်အချိန်တွင် ကျိုးရှန်လင်က မေးလိုက်သည်။
“ယွင်ကျဲ နင် တကယ်ပဲ ငါ့ကို တစ်ခုခုပြောပြဖို့ အစီအစဉ် မရှိဘူးလား?”
ရွမ်ယွင်ကျဲက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
“ငါ တောင်းပန်ပါတယ် ကျိုးကျဲ”
ရွမ်ယွင်ကျဲ : “ဟုတ်ပြီ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”
သူမက လှည့်ထွက်ကာ ပြန်သွားပြီး အနည်းငယ် စိတ်ဆိုးသွားပုံပေါ်သည်။ ရွမ်ယွင်ကျဲ သူမကို ချော့နိုင်စွမ်း မရှိသေးပေ။ သူမရဲ့၀မ်းဗိုက်ဒဏ်ရာမှ နာကျင်မှုက အာရုံကြောတွေကို ညှဉ်းဆဲနေဆဲဆိုသော်လည်း လူသားတစ်ယောက်နှင့် မတူအောင် အေးစက်နေတဲ့ သူမရှေ့က လူကြီးလူကောင်းဆန်သည့် ဖုန်းရွှေပညာရှင်က ကြောက်စဖွယ် အကောင်းဆုံးဖြစ်နေသေးသည်။
ရွမ်ယွင်ကျဲ နေထိုင်သော ဗီလာ၏ လုံခြုံရေးကအလွန်ကောင်းမွန်သည်။ ဒါပေမယ့် အထဲမ၀င်ခင်မှာဘဲ အိမ်က အနည်းငယ်ထူးဆန်းနေသည့် ခံစားချက်မျိုး ရလိုက်သောကြောင့် ကျိုးကျားယွီက သူ၏ ခြေလှမ်းများကို ခဏရပ်လိုက်မိသည်။
“ဘာဖြစ်လို့လဲ?”
ဘေးမှာ ယှဉ်လျှောက်နေတဲ့ ရှန်းရိချွင်းက သူ့အမူအရာကို သတိထားမိသွားသည်။
ကျိုးကျားယွီ : “ဒီအိမ်ကနေ ကသိကအောက်နိုင်တဲ့ ခံစားချက်ကြီးရနေတယ်…..”
ရှန်းရိချွင်း : “နည်းနည်းပါ”
ရှန်းရိချွင်းလည်း တစ်ခုခုကို ခံစားမိနေပေမယ့် သူ့ရဲ့ခံစားချက်က ကျိုးကျားယွီလောက်တော့ သံသယ၀င်စရာ ကောင်းမနေပေ။ ရွမ်ယွင်ကျဲက ဗီလာတံခါးဆီကို လျှောက်သွားပြီး လက်ဗွေဖြင့် တံခါးဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်တာနဲ့ လတ်ဆတ်တဲ့လေတစ်ချို့ထွက်လာ၍ ကျိုးကျားယွီက လေထဲကနေ ငါးညှီနံ့မျိုး ရလိုက်သည်။ ငါးညှီနံ့က အရမ်းမပြင်းဘဲ ချက်ချင်းပြန်ပျောက်သွားသည့်အတွက် ဘာအနံ့လည်းဆိုတာကို သေချာခွဲခြားဖို့ ခက်ခဲလှသည်။
ရွမ်ယွင်ကျဲက ဘာအနံ့မှမရသလိုမျိုး ဗီလာထဲကို ၀င်သွားပြီး မျက်နှာအမူအရာ ပြောင်းလဲခြင်းမျိုး မရှိဘဲနဲ့ မီးကိုဖွင့်လိုက်သည်။
ဧည့်ခန်းထဲမှာ မီးအလင်းရောင် အနည်းငယ်လင်းလာပေမယ့် အသက်၀င်တဲ့ ခံစားချက်မျိုးကို မပေးစွမ်းနိုင်ပေ။ အလင်းရောင် ဖျော့ဖျော့က ဆိုဖာအနက်ရောင်ပေါ်သို့ ဖြာကျနေပြီး ကြောက်လန့်ဖွယ်ရာ ခံစားချက်ကို ပိုပြီးပြင်းထန်လာစေသည်။ ကျိုးကျားယွီသည် လက်မောင်းက ကြက်သီးမွေးညှင်းတွေကို ပွတ်ရင်း ပြောလိုက်သည်။
“ဘာလို့ အရမ်းအေးနေတာလဲ….?”
ရှန်းရိချွင်းက အအေးဓာတ်ကို မခံစားရပေ။ သူသည် အိမ်တစ်ပတ် လှည့်ပတ်ကြည့်ရင်း တွေးဆဆဖြင့် ပြောလိုက်သည်။
“ဒီအိမ်ရဲ့ဖုန်းရွှေက မဆိုးပါဘူး”
ပရိဘောဂ အထားအသိုနဲ့ အခန်းအလှဆင်မျက်နှာကြက်တွေမှာ ကျွမ်းကျင်ပညာရှင်၏ လက်ရာများကို မြင်နေရသည်။
“မဆိုးဘူး?”
ကျိုးကျားယွီက အဲ့အရာတွေကို အရမ်းမနားလည်သေး၍ သူ့သတ္တိကိုသာ အားကိုးပြီး တိုးတိုးလေးပြောလိုက်သည်။
“ဒါပေမယ့် ဒီလိုအိမ်မျိုးက လူတွေကို ကောင်းတဲ့ ခံစားချက်မျိုး မဖြစ်စေဘူး"
ဆိုဖာကနေ ကြမ်းပြင်ထိ တစ်ခန်းလုံးသည် အနက်ရောင်များ ဖြစ်နေသည်။ ကျိုးကျားယွီ ပထမ၀င်လာတုန်းက ဒါက သွေးခဲပြီးနောက် အနက်ရောင်ရင့် ဖြစ်နေခြင်းဟုပင် ထင်ထားခဲ့သည်။ ရွမ်ယွင်ကျဲက အခန်းမီးဖွင့်လိုက်ချိန်မှာတော့ သူ့ထင်မြင်ချက်များ ပျောက်သွားခဲ့သည်။
“မစ္စတာလင်း ကျေးဇူးပြုပြီး အရင်ထိုင်ပါအုံး”
ရွမ်ယွင်ကျဲက ပြောလိုက်သည်။
“ကျွန်မ ရေနွေးကြမ်းပြင်ပေးပါမယ်”
လင်းကျူးရွှေက ခေါင်းခါ၍ ရွမ်ယွင်ကျဲရဲ့ ဧည့်ခံမှုကို ငြင်းဆိုကာ လှည့်ပတ်ကြည့်ပြီးနောက် ဒုတိယထပ်သို့ တည့်တည့် ဦးတည်သွားလိုက်သည်။ ရွမ်ယွင်ကျဲက ကြောက်ကြောက်ဖြင့် အနောက်က လိုက်သွားခဲ့သည်။
လင်းကျူးရွှေက အပေါ်ထပ်ရောက်ပြီးနောက် အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။ ရွမ်ယွင်ကျဲက သူ့ကို မတားရဲပေမယ့် သူမရဲ့မျက်နှာအမူအရာက စိုးရိမ်ပူပန်နေသည်။
ဒုတိယထပ်ရဲ့ အခန်းတွင်း ပြင်ဆင်ထားမှုကလည်း ပထမအထပ်နဲ့ တော်တော် ဆင်တူနေပြီး လွှမ်းမိုးနေတဲ့လေထုက အလွန်နေရ ထိုင်ရခက်စေသည်။ မီးဖွင့်ထားတာတောင် အခန်းက မှုန်ဝါးနေသည်။ ရွမ်ယွင်ကျဲက အိမ်ကို ဘာလို့ ဒီလိုပုံစံမျိုး အလှဆင်ထားလဲဆိုတာကို နားမလည်နိုင်ပေ။ လင်းကျူးရွှေက အဲ့လိုဘအသေးအဖွဲ ကိစ္စတွေအထိ စပ်စပ်စုစု စိတ်မ၀င်စားတတ်၍ ရွမ်ယွင်ကျဲရဲ့ အိပ်ခန်းသို့သာ တည့်တည့်သွားလိုက်သည်။
ရွမ်ယွင်ကျဲက အခန်းထဲတွင် အိပ်ရာကြီးတစ်ခု၊ နီညိုရောင် အခင်းများနှင့် လိုက်ကာများရှိနေသည်။ မီးဖွင့်လိုက်ချိန်တွင် အနီရောင်တွေက အလွန် တောက်ပနေသည်။ ကျိုးကျားယွီက တံခါး၀မှာ တောင့်တောင့်ကြီး ရပ်နေ၍ ရှန်းရိချွင်းက ‘ဘာဖြစ်လို့လဲ’ ဟု မေးလိုက်သည်။
ကျိုးကျားယွီ : “မင်း မမြင်ရဘူးလား?”
ရှန်းရိချွင်း : “ဘာကိုလဲ?”
ကျိုးကျားယွီ : “အခန်းထဲမှာ အနက်ရောင်မြူတွေ အပြည့်ဖြစ်နေတယ်.....”
ရှန်းရိချွင်းက သေချာကြည့်လိုက်သော်လည်း ဘာကိုမှ မတွေ့ရပေ။ ဒါက ဖုန်းရွှေရဲ့ ဒေါသထွက်စရာ လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ဆယ်နှစ်လုံး ကြိုးစားခဲ့တာတောင် မွေးရာပါအရည်အချင်းရှိတဲ့ စတင်လေ့လာသူကို သူ မယှဉ်နိုင်ခဲ့ပေ။ သူ့အရည်အချင်းက ဖုန်းရွှေနယ်ပယ်မှာ သာလွန်ထူးချွန်သည်ဟု သတ်မှတ်ခံထားရပြီဖြစ်သော်လည်း မထင်မှတ်ဘဲနဲ့ ကျိုးကျားယွီလို ရှားပါးတဲ့ ပါရမီရှင်မျိုးနဲ့ တွေ့ဆုံခဲ့ရသည်။
လင်းကျူးရွှေက သူ့အနောက်ကတံခါးမှာ တီးတိုး စကားပြောနေကြတဲ့ နှစ်ယောက်ကို အာရုံမစိုက်ဘဲနဲ့ အခန်းထဲသို့ ၀င်သွားနှင့်ပြီဖြစ်သည်။ သူသည် အခန်းပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် အိပ်ရာကို လက်ညှိုးထိုးရင်း ရွမ်ယွင်ကျဲကို ဖွင့်ရန် ပြောလိုက်သည်။
ရွမ်ယွင်ကျဲက အနည်းကယ် တွန့်ဆုတ်နေခဲ့သော်လည်း မငြင်းဆန်ရဲပေ။ သူမသည် အိပ်ရာဘေးကို ဖြေးဖြေးချင်း လျှောက်သွားလိုက်ပြီး ကုတင်ခေါင်းရင်းက ခလုတ်ကို ဖိနှိပ်လိုက်သည်။
တစ်ချက်နှိပ်လိုက်ရုံဖြင့် ကုတင်ခေါင်းရင်းက ပွင့်ကျလာခဲ့သည်။ ရှန်းရိချွင်းနဲ့ ကျိုးကျားယွီက ကုတင်ခေါင်းရင်းရှိ အရာကိုမြင်သောအခါ အံ့ဩသည့်အကြည့်များ ထွက်ပေါ်လာခဲ့သည်။
သူတို့ထဲမှာမှ ရွေ့ကောရဲ့ တုံ့ပြန်မှုက အကြီးမားဆုံးဖြစ်သည်။ သူက ချက်ချင်းပင် ဆူပူကြိမ်းမောင်းကာ ပြောလိုက်သည်။
“ရွမ်ယွင်ကျဲ၊ မင်းရူးနေပြီလား? မင်းက ကုတင်ခေါင်းရင်းမှာ အဲ့လိုအရာမျိုးကို ထားတယ်ပေါ့လေ"
ရွမ်ယွင်ကျဲက အသံတိတ်နေကာ လက်ပိုက်ထားရင်း တုန်ရီနေခဲ့သည်။
ရွေ့ကော : “ရွမ်ယွင်ကျဲ၊ မင်းက အဲ့လိုပုံမှန်မဟုတ်တဲ့ ကိစ္စမျိုးကို လုပ်လိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး"
ကုတင်ခေါင်းရင်းတွင် ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပါ၀င်တဲ့ ဖန်ဘူးတစ်ခုရှိနေသည်။ ကလေးက အနည်းဆုံး သုံးလအရွယ်လောက်ရှိမည့်ပုံပေါ်ကာ သူ့ရဲ့ကနဦး လူသားပုံစံပေါ်နေပြီဖြစ်ပြီး ချက်ကြိုးသည်လည်း ကလေးကို ရစ်ပတ်နေသည်။ အဲ့ဖန်ဘူးဘေးတွင် အမွှေးတိုင်စားပွဲတစ်ခုရှိနေပြီး ထွန်းပြီးသွားသည့် အမွှေးတိုင် အဟောင်းများစွာလည်း ရှိနေသည်။
ကျိုးကျားယွီက မှိုန်ပျနေတဲ့ အလင်းရောင်ကြောင့် ထင်ပေါ်ခြင်း မရှိတဲ့ ကုတင်ခေါင်းရင်းထောင့်စွန်းက သံအရုပ်သေးသေးလေးကိုလည်း သတိထားမိလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သတိထားမိသွားရခြင်းသည် အရုပ်ဘေးမှာ ပတ်နေတဲ့ အနက်ရောင်မြူခိုးတွေက တမျိုးတဖုံထူးခြားနေကာ ကလေးပုံစံမျိုး မထင်မရှားပေါ်နေသောကြောင့် ဖြစ်သည်။
“ဘယ်သူ့ကလေးလဲ? မင်း ဖျက်ချလိုက်တယ်လို့ပြောတဲ့ ကလေးလား?”
ရွေ့ကောက ဒေါသကြောင့် တုန်ရီနေရင်း ရွမ်ယွင်ကျဲရဲ့ မျက်နှာကို လက်ညှိုးထိုးရင်း ဆဲဆိုနေသည်။
“နာမည်ကြီးလာတော့ မင်းလည်း တကယ် ရူးသွားပြီပေါ့လေ။ မင်း ဒီလိုကိစ္စမျိုးကိုတောင် လုပ်ရဲရတယ်လို့"
သူမ၏ကလေးကို ဘူးထဲထည့်ပြီးနောက် ၀တ်ပြုဆုတောင်းခြင်းကို ကြည့်ခြင်းအားဖြင့် ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဘယ်သူမဆို အနည်းငယ် ခန့်မှန်းကြည့်နိုင်သည်။
ရွမ်ယွင်ကျဲက ငိုရင်း ပြောလိုက်သည်။
“ကျွန်မလည်း ဒီလိုမျိုး ဆက်မသွားချင်ပါဘူး ရှင်လည်း ကျွန်မကို နာမည်ကြီးစေချင်တယ် မဟုတ်ဘူးလားဟင် ၀မ့်ရှင်းရွေ့"
ရွေ့ကောက အံကြိတ်ရင်း ပြောလိုက်သည်။
“ဒါပေမယ့် မင်း ဒီလိုမျိုးထိ မလုပ်သင့်ဘူးလေ! မင်းရှေ့မှာ သာဓကတွေ ရှိနေတဲ့ဟာကို မင်း မမြင်ဘူးလား?”
အနုပညာနယ်ပယ်က အဲ့လိုအရာတွေကို ယုံကြည်မှုအများဆုံး နယ်ပယ်ဖြစ်သည်။ ရူတင်နေ့တိုင်းကို နိမိတ်ကောင်းသည့် နေ့တွင်သာ ပြုလုပ်ကြပြီး တချို့လူတွေဆိုလျှင် ကန်တော့ပွဲပင် ပေးလေ့ရှိကြသည်။ ဒီနယ်ပယ်က လူအများစုက အယူသီးကြသည့်အပြင် ပုံမှန်အားဖြင့် ဗုဒ္ခဘုရား ဒါမှမဟုတ် ဘုရားသခင်ကို ကိုးကွယ်ကြသည်။
ဒါပေမယ် ရွမ်ယွင်ကျဲလိုမျိုး ကိုယ့်ကလေးရဲ့ အရိုးစုကို အိပ်ရာခေါင်းရင်းတွင် ချိပ်ပိတ်ထားသူက ရွေ့ကောအတွက် ပထမဆုံးပင်ဖြစ်သည်။
“ကျွန်မလည်း မတတ်နိုင်ခဲ့ဘူး၊ ကျံန်မလည်း မတတ်နိုင်ခဲ့ဘူး”
ရွမ်ယွင်ကျဲက ရှိုက်ငိုနေသည်။
“ကျွန်မ သူ့ကို သဘောကျတယ် သူက အရမ်းငယ်သေးတော့ ကျွန်မ သူ့ကို…..”
ရွေ့ကော၏ မျက်လုံးထဲတွင် လွမ်းဆွတ်မှုများစွာဖြင့် စတင်ပြည့်နှက်လာခဲ့သည်။ သူသည် လင်းကျူးရွှေဘက်ကို လှည့်ပြီး ပြောလိုက်သည်။
“မစ္စတာလင်း ဖန်ဘူးထဲကအရာက ကျွန်တော်နဲ့ ရှောင်ကျဲရဲ့ ပထမဆုံးကလေး ဖြစ်နိုင်တယ် အဲ့အချိန်တုန်းက ရှောင်ကျဲက အရမ်းနာမည်မကြီးသေးတော့၊ ကိုယ်၀န်ရှိပြီးတဲ့နောက်မှ သူမက အနုပညာနယ်ပယ်ထဲကနေ ထွက်ဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် သုံးလကြာပြီးတဲ့နောက် စစ်ဆေးမှုလုပ်တဲ့ အချိန်ကျမှ ကလေးရဲ့နှလုံးက ရပ်သွားမှန်း သိခဲ့ရတာ”
ကျိုးကျားယွီနဲ့ ရှန်းရိချွင်းတို့ရဲ့ ရှုပ်ထွေးနေတဲ့မျက်နှာအမူအရာတွေနဲ့ ကြည့်နေသော်လည်း လင်းကျူးရွှေက တည်ငြိမ်တဲ့ မျက်နှာနဲ့နားထောင်နေခဲ့ရာ၊ ဇာတ်လမ်းကြောင့် လုံး၀ မတုန်လှုပ်ပုံပေါ်သည့်အပြင် သူ့မျက်နှာကလည်း ရေခဲတမျှပင် အေးစက်နေသည်။
“အဲ့တော့ မင်းက ကလေးကို ဒီနည်းနဲ့ ဆက်သိမ်းထားတယ်ပေါ့?” ရှန်းရိချွင်းက တစ်ကျော့ပြန်ပြောလိုက်သည်။
“မင်းက ကလေးကို နှစ်ပေါင်းအများကြီးကြာတဲ့အထိ သိမ်းထားခဲ့တယ်ပေါ့လေ"
ရွမ်ယွင်ကျဲ နာမည်ကြီးလာခဲ့သည်မှာ ၇နှစ်/၈နှစ် ကြာမြင့်ခဲ့ပြီဖြစ်၍ သူမရဲ့အသက်အရ သာဆို ဒီကိစ္စ ဖြစ်ခဲ့တာက အနည်းဆုံး ငါးနှစ်လောက်ကြာခဲ့ပြီ ဖြစ်သည်။
“ဒါက ရှောင်ကျဲဘက်က အမှားလုပ်ခဲ့မိတဲ့ အရာတစ်ခုပါ” ရွေ့ကောက အကျပ်တွေ့နေရင်း ပြောလိုက်သည်။
“မစ္စတာလင်း…..ကျေးဇူးပြုပြီး….ကျွန်တော်တို့ကို ကူညီပါအုံး….”
လင်းကျူးရွှေက ရွမ်ယွင်ကျဲကို ပြောလိုက်သည်။
“မင်းတကယ်ပဲ အသက်ရှင်ချင်လား?”
ဘယ်သူက အသက်မရှင်ချင်မှာလဲ? ရွမ်ယွင်ကျဲက ကြက်သွန်ဖြူထောင်းနေသလိုမျိုးပင် ခေါင်းငြိမ့်ပြကာ ဒူးထောက်ပြီး အသနားခံလုနီးပါးပင် ဖြစ်နေသည်။
လင်းကျူးရွှေက ထပ်ပြောလိုက်သည်။
“မင်းဘ၀ရဲ့ဒုတိယတစ်၀က်က အလွန်အမင်းဆိုးရွားပြီး မင်းမှာရှိနေတဲ့ အရာအားလုံးကို ဆုံးရှုံးရမယ်ဆိုရင်တောင်မှ အသက်ရှင်ချင်သေးတာလား?”
ရွမ်ယွင်ကျဲက နှုတ်ခမ်းကိုကိုက်ကာ ခဏတွန့်ဆုတ်သွားသည်။
“ကျွန်မ နောက်နှစ်ကျ ဒီနယ်ပယ်ကထွက်ဖို့ စီစဉ်ထားပါတယ်…”
လင်းကျူးရွှေက အေးစက်စက် ရယ်မောလိုက်သည်။
ရွေ့ကောက ရွမ်ယွင်ကျဲထက် ပိုတည်ငြိမ်နေပြီး အမြန်၀င်ပြောလိုက်သည်။
“မစ္စတာလင်း သူမက ခု ခေါင်းမရှင်းနေလို့ပါ ကျွန်တော် သူ့အစား ဆုံးဖြတ်ချက်ချပေးပါမယ် ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲဗျ?”
လင်းကျူးရွှေ : “အုတ်ဂူတစ်ခုရှာ ၊ ပြီးရင် ကလေးကို မြေမြုပ်ဖို့ ရက်တစ်ရက်ရွေး”
ရွေ့ကောက လေးလေးပင်ပင် ခေါင်းငြိမ့်ပြလိုက်သည်။
အဲ့နောက် လင်းကျူးရွှေက အရှေ့သို့ အနည်းငယ်တိုးလျှောက်ပြီး ထောင့်နားက သံအရုပ်ကို လက်လှမ်း၍ ကောက်ယူလိုက်သည်။
လင်းကျူးရွှေ ကောက်ယူလိုက်တဲ့ အရုပ်ရဲ့ ခန္ဓာကိုယ်ကနေ အနက်ရောင်မီးခိုးတွေ ထွက်ပေါ်လာကာ လင်းကျူးရွှေလက်ကို ရစ်ပတ်တက်လာခြင်းကို ကျိုးကျားယွီက ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ဒါပေမယ့် မီးခိုးက တံတောင်ဆစ်ကို မရောက်သေးခင်မှာပင် တစ်ခုခုနဲ့ ၀င်တိုက်မိသွားကာ အားပြင်းတဲ့ စွမ်းအင်က ချက်ချင်း ယုတ်လျော့သွားပြီး အရုပ်ခန္ဓာကိုယ်အတွင်းသို့ အထိတ်တလန့် ပြန်ဆုတ်ခွာသွားသည်။
ထိုအဖြစ်အပျက်အားလုံးက အမြန်ဖြစ်ပျက်သွားကာ ကျိုးကျားယွီကလွဲ၍ တခြားဘယ်သူကမှ မြင်ရသည့်ပုံမပေါ်ပေ။ အရုပ်ကို ကိုင်ထားသော လင်းကျူးရွှေ၏ မျက်နှာတွင် မနှစ်မြို့သည့် အမူအရာများ ပေါ်နေသည်။ သူသည် ခရမ်းရောင်အိတ်ကို ထုတ်လိုက်၍ အရုပ်ကို အိတ်ထဲထည့်လိုက်သည်။
ရွမ်ယွင်ကျဲက လင်းကျူးရွှေရဲ့အပြုအမူတွေကို လိုက်ကြည့်ပြီးနောက် သူမ၏ အကြည့်များက သူ့လက်ထဲက အိတ်အပေါ်တွင် စတည်းချနေခဲ့သည်။ လင်းကျူးရွှေက အရုပ်ကို အိတ်ထဲထည့်လိုက်သည်ကို သူမမြင်လိုက်၍ တစ်ခုခုပြောချင်သလို နှုတ်ခမ်းလှုပ်သွားပေမယ့် နောက်ဆုံးမှာတော့ အောက်နှုတ်ခမ်းကို သွားဖြင့်ဖိကိုက်ရင်းသာ အသံတိတ်နေခဲ့သည်။
“အခန်းတွေအကုန်လုံးရဲ့ အတွင်းဘက်အရောင်းတွေကို ပြောင်းလိုက်”
လင်းကျူးရွှေက ပြောလိုက်သည်။
“အရောင်တောက်ဝောာက်တွေနဲ့ ပြောင်းလိုက် မီးတွေကိုရောပဲ”
ရွေ့ကော : “ဟုတ်ကဲ့၊ ဟုတ်ကဲ့ မစ္စတာလင်း တခြားရော ကျွန်တော်တို့ ဘာလုပ်ဖို့လိုသေးလဲဗျ”
လင်းကျူးရွှေက ခေါင်းခါပြရင်း ပြောလိုက်သည်။
“အရင်ဆုံး အုတ်ဂူရှာပြီး ကလေးကိုမြုပ်လိုက်၊ အဲ့နောက်မှ ကျန်တာကို ဆက်ပြောကြမယ်”
ရွေ့ကောက ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့စကားပြောနေချိန်တွင် ရွမ်ယွင်ကျဲက တိုးတိုးလေးပြောလာသည်။
“မစ္စတာလင်း၊ သူ ကျွန်မကို တကယ်ပဲမုန်းသွားတာလား?”
လင်းကျူးရွှေ၏အသံက ရေခဲတမျှ အေးစက်နေသည်။
“ငါက သူ မဟုတ်တော့ ဘယ်လိုလုပ်ပြီး သိမှာလဲ?”
ရွမ်ယွင်ကျဲက ခါးသက်သက်ပြုံးရင်း ပြောလိုက်သည်။
“အင်း ဟုတ်သားပဲ….”
အိမ်ကို ပြန်ပြင်ဆင်ဖို့ နေရာအများကြီးရှိနေသေးတဲ့အတွက် အပြီးသတ်ဖို့က တစ်ရက်ထက်ပိုပြီး ကြာမြင့်မည်ဖြစ်သည်။ အိပ်ရာခေါင်းရင်းက ပစ္စည်းတွေကို ထုတ်ပိုးပြီးတဲ့နောက်မှာတော့ ရွေ့ကောက လင်းကျူးရွှေအတွက် စီစဉ်ပေးထားတဲ့ အနီးအနားရှိ ဟော်တယ်ကို ပို့ပေးခဲ့သည်။
ဟော်တယ်ကို သွားတဲ့လမ်းမှာ ရှန်းရိချွင်းက လင်းကျူးရွှေကို မေးခွန်းတစ်ခု မေးလိုက်သည်။
“အကြီးအကဲ၊ အဲ့အရုပ်က တကယ်ပဲ ဘာကြီးလဲ?”
လင်းကျူးရွှေက မေးခွန်းကို ပြန်မဖြေဘဲ ပြောလိုက်သည်။
“ကျိုးကျားယွီ၊ မင်း မြင်လိုက်လား?”
ကျိုးကျားယွီက ခဏခေါင်းရှုပ်သွားပေမယ့် လင်းကျူးရွှေက ဘာကိုမေးတာလဲဆိုတာ အမြန် နားလည်သွားခဲ့သည်။
“မစ္စတာလင်း ပြောတာက အဲ့အရုပ်ပေါ်က အနက်ရောင်မြူခိုးတွေကိုလား?”
လင်းကျူးရွှေ : “မှန်တယ်”
ကျိုးကျားယွီ : “အဲ့အနက်ရောင်မြူခိုးက ဘာလို့ရှိနေတာလဲ?”
လင်းကျူးရွှေ : “မုန်းတီးမှုပဲ ကလေးရဲ့သူမအပေါ်ထားတဲ့ မုန်းတီးမှု”
သူက ဖြေးဖြေးချင်း ပြောလိုက်သည်။
“ဒီကိစ္စက မပြီးသေးဘူး”
ရှန်းရိချွင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
ကျိုးကျားယွီ နားမလည်သေးတဲ့ အရာတစ်ချို့ရှိနေသေးသောကြောင့် သူက အတွေးများကို အကြမ်းပြန်စုစည်းလိုက်သည်။
ရွမ်ယွင်ကျဲက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ်၀န်ရှိခဲ့ပြီး သူမ ကလေးက နေမကောင်းဖြစ်ပြီး ကိုယ်၀န်ပျက်ကျသွားတယ်။ သူမက ကလေးကို မြေမမြုပ်ပစ်ရက်လို့ အရိုးတွေကို ဖန်ဘူးထဲ ထည့်သိမ်းထားတယ်။ အဲ့နောက်တော့ ထိုင်းကိုသွားပြီး အောက်လမ်းနည်းတစ်ချို့ကို သုံးကာ ကလေးဝိညာဉ်ကို ချည်နှောင်ခဲ့တဲ့ပုံပဲ အဲ့နည်းနဲ့ သူမရဲ့ကံကောင်းမှုက မြင့်တက်လာပြီးတော့ နာမည်ကျော်မင်းသမီးလည်း ဖြစ်လာတယ်။
ကျိုးကျားယွီ တွေးကြည့်တဲ့အတိုင်းသာဆိုရင် ဇာတ်လမ်းရဲ့ရှုထောင့်က တစ်ခုခုလွဲနေသလိုမျိုး ခံစားမိနေသည်။ ခဏလောက် တွေးကြည့်ပြီးတဲ့နောက်မှာ ရွမ်ယွင်ကျဲရဲ့ စကားအသွားအလာထဲရှိ အပြစ်အနာအဆာတစ်ခုကို ရှာတွေ့သွားခဲ့သည်။ — အကယ်၍ ရွမ်ယွင်ကျဲသာ ကလေးကို တကယ်ချစ်တယ်ဆိုရင် ကလေးကိုလူပြန်၀င်စားမယ့်အဖြစ်ကနေ တားဆီးခြင်းဖြင့် သံအရုပ်ကလေးထဲမှာ ထည့်ပိတ်ထားပြီး ကလေးဝိညာဉ်ကို နောက်ကွယ်ကနေ ချည်နှောင်ထားဖို့ဘစိတ်ကူးရှိမှာတဲ့လား။ ပြီးတော့ အမှန်တရားနဲ့ ရင်ဆိုင်တဲ့အချိန်တုန်းက ရွမ်ယွင်ကျဲ မျက်နှာကို ကြည့်ရသလောက်ဆိုရင် သူမ၏ ဒီကိစ္စအပေါ် အရမ်းဂရုစိုက်နေသော အပြုအမူအရ အလိမ်ခံထားရတာ မဟုတ်ကြောင်း သိသာလွန်းသည်။ ပြီးတော့ သူမ ဗိုက်ကနေ အရေပြားတွေ ကွာကျလာတာ……
ကျိုးကျားယွီက ကျီပါ့ကို မေးလိုက်သည်။
“ရွမ်ယွင်ကျဲက လိမ်နေတာလား?”
ကျီပါ့ : “သူမက လိမ်နေတယ်လို့ ထင်လား?”
လင်းကျူးရွှေ : “အင်း သူမရဲ့သဘောထားက နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရတယ်”
ကျီပါ့ : “လူတွေကလိမ်ပေမယ့် အရာ၀တ္ထုတွေက မလိမ်တတ်ဘူး။ သူမရဲ့စကားကို နားထောင်တာထက် ဘေးပတ်၀န်းကျင်ကို ဂရုတစိုက်ကြည့်ရှုတာက ပိုကောင်းလိမ့်မယ်”
“အမှန်ပဲ”
လင်းကျူးရွှေက ခေါင်းငြိမ့်လိုက်သည်။
သူတို့သုံးယောက်က ဟော်တယ်ကို ရောက်တဲ့အချိန်မှာ အနားယူဖို့အတွက် အခန်းထဲသို့ အမြန်၀င်သွားကြသည်။
ကျိုးကျားယွီသည်လည်း အလွန် ပင်ပန်းနေသည်။ သူ အိပ်ရာပေါ် ငိုက်မျဉ်းစွာ လှဲရင်း အိပ်ပျော်လုနီးပါးဖြစ်တော့မည့် အချိန်တွင် နားထဲ၌ ကလေးငိုသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ပထမတော့ ထင်ယောင်ထင်မှားဖြစ်တာလို့ ထင်လိုက်ပေမယ့် အသံက ပိုပိုကျယ်လာပြီး နောက်ဆုံးမှာတော့ အသံက သူ့ခေါင်းကိုပါ ထိုးကိုက်လာစေသည်။ သူသညါ အိပ်ရာကနေ ကုန်းထလိုက်ရင်း ကြောက်လန့်တကြား ပြောလိုက်သည်။
“ကျီပါ့ မင်းကြားလိုက်လား”
ကျီပါ့ : “ငိုနေတဲ့အသံလား?”
ကျိုးကျားယွီ : “ဟုတ်တယ်!”
ကျီပါ့ : “အသံက ဘယ်ကလာတာလဲ…..?”
ကျိုးကျားယွီက ဂရုတစိုက်နားထောင်ကြည့်ပြီးတဲ့နောက် သူ၏ မျက်နှာအမူအရာ အေးစက်သွားသည်။
“ညာဘက်အခန်းက ဖြစ်မယ့်ပုံပဲ….”
ကျီပါ့ : “....”
ညာဘက်အခန်း၏အခန်းပိုင်ရှင်သည် လင်းကျူးရွှေဖြစ်သည်။
ကျိုးကျားယွီ : “အံ့ဩစရာ! နာမည်ကြ