Five Elements
Chapter 2 : ရေချိုး၍ အမွှေးနံ့သာ ပတ်ဖြန်းခြင်း
ကျိုးကျားယွီက တံတွေးမျိုချလိုက်ပြီး စားပွဲခုံဆီကို တရွေ့ရွေ့ သွားလိုက်သည်။
အိပ်ဆောင်နာရီက စားပွဲပေါ်တွင် ရှိနေကာ ထိုပစ္စည်း၏မျက်နှာပြင်တွင် ဖန်ကွဲစပေါင်းများစွာရှိနေသည်။ မတော်တဆပြုတ်ကျပြီး ကွဲထားသည့်ပုံပေါ်သည်။ ဒါပေမယ့် ချိန်းကြိုးကတော့ ၈၀%လောက် အသစ်နဲ့ဆင်တူနေတာဖြစ်လို့ ပြန်လဲထားသည့်ပုံပေါ်သည်။
ကျိုးကျားယွီ သေချာကြည့်လိုက်ပေမယ့်လည်း ဘာကိုမှ သေချာကောက်ချက်မချနိုင်ပေ။ သူ စိတ်ပျက်လက်ပျက်နဲ့ မတ်တပ်ရပ်နေရင်း ကျီပါ့က ရုတ်တရက်သူ့စိတ်ထဲမှာ ပေါ်လာပြီး လိပ်ခွံကို ခြေထောက်ဖြင့် အားစိုက်တတ်နင်းလိုက်သည်။ အစတုန်းက ကျိုးကျားယွီက အခွံသက်သက်လို့ပဲ ထင်ထားခဲ့တဲ့ လိပ်ခွံကနေ ခေါင်းလေး ဖြေးဖြေးချင်း ရှည်ထွက်လာပြီး…..ကျိုးကျားယွီရဲ့ မျက်လုံးရှေ့တွင် ပျံ့ကျဲနေတဲ့ပုံရိပ်များ ပေါ်လာတော့သည်။
ထိုပုံအပိုင်းအစများက တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ရဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး၏ ဘ၀ကို ပြတ်တိပြတ်တောင်း ပုံဖော်နေသည်။ ကျိုးကျားယွီ မျက်စိကို အလင်းအနည်းငယ်စူးသွားပြီး မြင်ကွင်းက အမှောင်ကို ပြောင်းသွားတဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်ကနေ ချွေးအေးများ စိမ့်ထွက်လာပြီး မျက်နှာက ဖြူဖျော့သွားသည်။
ရှန်းရိချွင်းက ကျိုးကျားယွီထိုနေရာ၌ တိတ်တဆိတ် ရပ်နေသည်ကို ကြည့်ကာ ကျိုးကျားယွီဘာမှမသိနိုင်လောက်ဘူးလို့ တွေးရင်း သူ့အကြီးအကဲက ဘာလို့လူလိမ် တစ်ယောက်ကိုအဲ့လောက်ထိ ဂရုစိုက်နေတာလဲဆိုတာကို စပ်စုနေမိသည်။ သေချာပေါက် သူ့စိတ်ထဲတွင်သာ တွေးနေခြင်းဖြစ်ကာ လင်းကျူးရွှေရှေ့မှာတော့ အဲ့လိုစကားမျိုးကို လုံး၀ထုတ်မပြောရဲပါ။
“မင်း ဘာမြင်လဲ?”
လင်းကျူးရွှေအသံက တိုးပေမယ့်လည်း ထိုအသံက ဝေးကွာသွားတဲ့ ကျိုးကျားယွီရဲ့အသိစိတ်ကို ပြန်ခေါ်လိုက်နိုင်သည်။
ကျိုးကျားယွီက ချွေးစေးများကို သုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“ကျွန်တော် ယောက်ျားတစ်ယောက်ကို မြင်တယ်”
သူ့ဘေးမှာရပ်နေတဲ့ ရှန်းရိချွင်းက အဲ့စကားကြောင့် မျက်မှောင်ကြုံ့ရင်း စိတ်ထဲတွင် တွေးလိုက်သည်။ ဘယ်လိုလုပ် ယောင်္ကျားလေး ဖြစ်နိုင်မှာလဲ? သူနဲ့ရှန်းအာပိုင်က အိပ်ဆောင်နာရီကနေ ယင်ဓာတ်ကို ခံစားမိနေတဲ့ဟာကြီးကို။
ဖုန်းရွှေကို လေ့လာသည့်နေရာတွင် ယင်ဓာတ်နဲ့ ယန်ဓာတ်ဆိုပြီး နှစ်မျိုးခွဲထားသည်။ လူသားပဲဖြစ်ဖြစ်က ကမ္ဘာမြေပဲဖြစ်ဖြစ် အရာအားလုံးကို ထိုအမျိုးအစားနှစ်မျိုးအဖြစ်ခွဲခြားထားသည်။ အမျိုးသမီးတွေက ယင်ဓာတ်ဖြစ်ပြီးတော့ အမျိုးသားတွေက ယန်ဓာတ်ဖြစ်ကာ မြောက်ဘက်က ယင်ဓာတ် ၊ တောင်ဘက်က ယန်ဓာတ်ဖြစ်သည်။ ကျန်းယင်နဲ့ လောယန် နာမည်နှစ်ခုလုံးက သူ့တို့ရဲ့တည်နေရာမြေပြင်အနေအထားပေါ်မူတည်ပြီး အမည်ပေးထားခြင်း ဖြစ်သည်။ သူတို့က ယင်နဲ့ယန်ဓာတ်ကိုတောင် မခွဲခြားနိုင်ဘူးဆိုရင် သူတို့လေ့လာထားခဲ့တဲ့ ဖုန်းရွှေက ဘာလဲ?
ရှန်းအာပိုင်ရဲ့ အတွေးကလည်း ရှန်းရိချွင်းနဲ့အတူတူပင်ဖြစ်ကာ ကျိုးကျားယွီ ပြောလိုက်တဲ့စကားကို လုံး၀သဘောမတူပေ။ လင်းကျူးရွှေသာ ရှိမနေဘူးဆိုရင် သူ ကျိုးကျားယွီနဲ့ ငြင်းခုံမိမှာ ကြာလှပြီ။
ထိုစကားကို ကြားလိုက်ရသည့်အပေါ် လင်းကျူးရွှေက မှန်သည်မှားသည် ပြောမလာပေ။ သူက ဘေးနားရှိ လူတွေရဲ့ခံစားချက်အတွေးတွေကို လုံး၀နားလည်နေပုံပေါ်ပြီး မေးလာသည်။
“ရိချွင်း မင်းကော အဲ့လိုမထင်ဘူးလား?”
ရှန်းရိချွင်း ခဏလောက် တွန့်ဆုတ်သွားပြီးနောက် ပြောလိုက်သည်။
“အကြီးအကဲ အိပ်ဆောင်နာရီမှာ ကပ်ညှိနေတဲ့အရာက သေချာပေါက် အမျိုးသမီးတွေရဲ့ ယင်ဓာတ်ပါ”
လင်းကျူးရွှေက အသံတိတ်နေသည်။
ရှန်းအာပိုင်ကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ် ယင်ဓာတ်က အလွန်အမင်းကို များပြားနေတာပါ အဲ့တာက နေမကောင်းတာနဲ့ သေဆုံးတာကြောင့် ဖြစ်နိုင်ပြီးတော့ မသေခင် သူမရဲ့ မကျေနပ်ချက်တွေက သေချာပေါက် နည်းမှာမဟုတ်ပါဘူး”
လင်းကျူးရွှေက မူလတုန်းက မျက်နှာမှာ ဘာအမူအရာမှမရှိပေမယ့် ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တို့ရဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ သူ့မျက်နှာကချက်ချင်းပဲ မျက်နှာကြောတင်းလာ၍ ပြောလိုက်သည်။
“ငါ မင်းတို့နှစ်ယောက်လုံးကို ငါးနှစ်တောင် ပညာသင်ပေးလာတာ မင်းတို့က ဒီလောက်လေးပဲ သင်ယူနိုင်ခဲ့တာလား?”
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်ရဲ့ မျက်နှာအမူအရာတွေက ချက်ချင်းပဲ အကျည်းတန်သွားသည်။
“ကျိုးကျားယွီ ပြောကြည့်”
လင်းကျူးရွှေအသံက ရေခဲတမျှအေးစက်နေသည်။ ကျိုးကျားယွီ လင်းကျူးရွှေရဲ့ တုံ့ပြန်ပုံကို နည်းနည်း ကြောက်လန့်သွားကာ သူ့ခန္ဓာကိုယ်ပင် အေးစက်လာသလို ခံစားရသည်။ ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်ရဲ့အကြည့်တွေက စိမ်းကားကာ သူ့ကို အရှင်လတ်လတ်စားဖြစ်ချင်နေသလိုမျိုး ထိုးဖောက်ကြည့်နေသည်။
ကျိုးကျားယွီ : “.....”
“အကြီးအကဲက မင်းကို ပြောခိုင်းနေတယ်လေ”
လှပတဲ့အစားအစာတွေကြောင့် အနည်းငယ် ပျော့ပျောင်းစပြုလာတဲ့ ဆက်ဆံရေးက အေးခဲသည့် အခြေအနေကို ပြန်ရောက်သွားကာ ရှန်းရိချွင်းက အံကြိတ်ထားသည့်အသံဖြင့် မေးလိုက်သည်။
လင်းကျူးရွှေနဲ့နှစ်ပေါင်းများစွာ လေ့လာပြီးတဲ့နောက်မှာ သူက စရိုက်မကောင်းတဲ့ လူလိမ်တစ်ယောက်ကြောင့် ဖိနှိပ်ခံလိုက်ရသည်။ ဘယ်သူမဆို သူတို့ထဲရင်ဘတ်ထဲတွင် ဒေါသထွက်နိုင်ပေသည်။
လင်းကျူးရွှေသာ ရှိမနေဘူးဆိုရင် ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်က သူ့ဆီကို တည့်တည့်ပြေးလာပြီး တစ်စစီ ဖျက်ဆီးပစ်လောက်မည်လို့ပင် ကျိုးကျားယွီက သံသယ၀င်လာမိသည်။
“ဒီတိုင်း ဒီအိတ်ဆောင်နာမည်က ယောင်္ကျားလေးနဲ့သက်ဆိုင်နေတယ်လို့ ခံစားရလို့…..”
ကျိုးကျားယွီ ရှင်းပြရုံသာလုပ်နိုင်သည်။
“သူက ပြဇာတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လောက်တယ်လို ကျွန်တော် ခံစားမိတာ ဒါအကုန်ပါပဲ…”
တကယ်တော့ သူ ကျီပါ့ဆီကနေ တခြားမြင်ကွင်းတစ်ချို့ကိုလည်း မြင်ခဲ့ရပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ လေထုအခြေအနေကြောင့် ခဏလောက်တွန့်ဆုတ်သွားပြီး ဘာမှထပ်ထုတ်မပြောတော့ပေ။
“ယင်ဓာတ်က အမျိုးသမီးတွေအတွက်ပဲ မဟုတ်ဘူး”
လင်းကျူးရွှေက အေးစက်စက်ပြောရင်း လက်ကို ဆန့်ထုတ်ကာ အိတ်ဆောင်နာရီကို ဆွဲယူလိုက်သည်။
“ဒီအတတ်ပညာက အဲ့လောက်ထိ ရိုးရှင်းလိမ့်မယ်လို့ မင်းတို့က ထင်နေကြတာလား?”
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်က တိတ်တဆိတ်နားထောင်ရင်း သူ သင်ပြသည်ကို နာခံနေသည်။
“ဒီအိတ်ဆောင်နာရီပိုင်ရှင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံခေတ်တုန်းက ကျော်ကြားတဲ့ ရမ်ကျီရှို့ဆိုတဲ့ လူတစ်ယောက်ပဲ”
လင်းကျူးရွှေ အိတ်ဆောင်နာရီရဲ့ မျက်နှာပြင်ကို သူ့လက်ချောင်းနဲ့ ခံစားရင်း ပြောလိုက်သည်။
“သူက ငယ်ငယ်ကတည်းက ချင်းယိပညာကို လေ့လာခဲ့တဲ့အပြင် နေ့စဉ်ဘ၀မှာ အမျိုးသမီးအ၀တ်တွေ ၀တ်ရတာကို သဘောကျခဲ့တာ”
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်နှစ်ယောက်လုံးက သူတို့ဒါကို မထင်ထားခဲ့သလိုမျိုး အနည်းငယ် အံ့ဩမှင်တက်သွားသည်။
“ဒီအိပ်ဆောင်နာရီမှာတော့ ယင်ဓာတ်ကသေချာပေါက် ရှိနေတာပဲ ဒါပေမယ့် အဲ့ယင်ဓာတ်က ဘယ်ကလာလဲဆိုတာကို မင်းတို့ ဘယ်သူမှ မသိကြမှာကို ငါ စိုးရိမ်မိတယ်”
လင်းကျူးရွှေက အေးစက်စက်နဲ့ထပ်ပြောလိုက်သည်။
“ဒါနဲ့များ မင်းတို့နောက်လကျရင် ဒီလိုကိစ္စမျိုးမှာ ဝင်ပါချင်သေးတယ် ငါ့ဆိုတဲ့ လင်းကျူးရွှေရဲ့ မျက်နှာပျက်မှာကို မင်းတို့ မစိုးရိမ်ကြဘူးလား”
သူ ပြောပြီးသွားတဲ့နောက်မှာ အိတ်ဆောင်နာရီကို ညင်ညင်သာသာယူရင်း လှည့်ထွက်သွားသည်။ ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တို့နှစ်ယောက်လုံး စိတ်ပျက်အားလျော့ကုန်ကြသည်။
အဲ့အခြေအနေကို မြင်သော ကျိုးကျားယွီက တိတ်တိတ်လေးလှည့်ကာ ကုတ်ကုတ်လေးထွက်သွားဖို့ လုပ်လိုက်သည်။ ဒါပေမယ့်လည်း သူ လှေကားကို မရောက်ခင်မှာပင် အနောက်ကနေ ရှန်းရိချွင်း၏ ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။
“သူငယ်ချင်း ဘယ်သွားမလို့လဲ?”
ရှန်းရိချွင်းက အံကြိတ်ရင်း ပြုံးပြလာသည်။
“ ငါတို့နဲ့စကားခဏလောက် ပြောကြရင် ဘယ်လိုလဲ?”
ကျိုးကျားယွီ : “....”
မင်းသွားတွေကို ကျေးဇူးပြုပြီး ပြန်သိမ်းထားပေးလို့ရမလား? အဲ့လောက်ထိ နီးကပ်နေတော့ မင်းက ငါ့ကိုကိုက်တော့မယ်လို့တောင် ထင်နေရတယ်
ထွက်ပြေးဖို့ ရည်ရွယ်လိုက်တဲ့ ကျိုးကျားယွီက ဧည့်ခန်းဆီသို့ ပြန်လည်အဖမ်းခံရပြီး ဆိုဖာပေါ်ကို ပစ်ချခံလိုက်ရသည်။ လင်းကျူးရွှေဆီမှာ အဆူခံလိုက်ရတဲ့ လူနှစ်ယောက်က ချက်ချင်းပဲ သူ့ဘေးနားတွင် ဝန်းရံကာ လူကိုကြားညှပ်ရင်း မေးလာသည်။
“ကျိုးကျားယွီ မင်းဘယ်လိုလုပ်ပြီး သိတာလဲ?”
ကျိုးကျားယွီ ဘောလုံးလေးလိုမျိုး ကွေးပြီးပြောလိုက်သည်။
“ဘာကိုလဲ?”
ရှန်းရိချွင်းက စားပွဲကို ကြမ်းကြမ်းတမ်းတမ်းထုရင်း : “သေချာပေါက် အိတ်ဆောင်နာရီပိုင်ရှင်က ယောင်္ကျားလေးမှန်း မင်းဘယ်လိုလုပ်ပြီး ပြောနိုင်လဲဆိုတာလဲလို့"
ကျိုးကျားယွီ : “.....ငါခန့်မှန်းလိုက်တာ”
ရှန်းရိချွင်းက အေးစက်စက်ရယ်လာသည်။
“အိုး? မင်းဘယ်လိုခန့်မှန်းလိုက်တာလဲ?”
ကျိုးကျားယွီက ပြောလိုက်သည်။
“အဲ့အိတ်ဆောင်နာရီက ယောင်္ကျားလေးနာရီကြီးမှန်း သိသာနေတာပဲလေ ဘယ်မိန်းကလေးက အဲ့လောက်ကြီးတဲ့ နာရီကို၀တ်မှာတဲ့လဲ?”
ရှန်းရိချွင်း : “......”
ရှန်းအာပိုင် : “.......”
ကျိုးကျားယွီ သူ့အလိမ်တွေကို ဆက်လက် ယှက်ဖွဲ့ကာ ပြောလိုက်သည်။
“ပြီးတော့ နာရီအစွပ်ကိုလှန်တဲ့ အချိန်တုန်းက နောက်ဘက်မှာ “ကျန်းယွီ” ဆိုပြီး တံဆိပ်ထွင်းထားတယ်မလား? ကျန်းယွီက ရမ်ကျီရှို့ရဲ့ အနုပညာနာမည်မှန်း မင်းတို့မသိဘူးလား? အဲ့သဲလွန်စတွေကို အခြေခံပြီး ငါ ခန့်မှန်းလိုက်တာ…..”
သူ့ဘေးမှာရှိနေတဲ့ လူနှစ်ယောက်က ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။
ကျိုးကျားယွီ တိုးတိုးလေးပြောလိုက်သည်။
“အဲ့ကြောင့် ငါ တကယ် ဒီတိုင်းခန့်မှန်းလိုက်တာလို့…”
တကယ်တော့ သူ နာရီပိုင်ရှင်ရဲ့အထောက်အထားကို လင်းကျူးရွှေက မျိုးရိုးနာမည် ရမ်ကို ထည့်ပြောသည့် အချိန်ကျမှသာ ရှာတွေ့သွားခဲ့တာဖြစ်သည်။ တိုက်ဆိုက်ချင်တော့ သူ့မှာ ပြဇာတ်ကြိုက်သူ သူငယ်ချင်းတစ်ယောက်ရှိနေကာ ပြဇာတ်အကြောင်း လက်လှမ်းမှီသလောက် အရာတစ်ချို့ကို ကြားခဲ့ဖူးနေသည်။ အိတ်ဆောင်နာရီပိုင်ရှင် ရမ်ကျီရှို့က အဲ့အချိန်တုန်းက ကျန်းယွီဇာတ်ကောင်နဲ့ ကျော်ကြားခဲ့ကာ ပေကျင်းပြဇာတ်ရုံနဲ့ ထိစပ်မှုရှိတဲ့သူတိုင်း သူ့အကြောင်းသိကြသည်။
ရှန်းအာပိုင်က အချိန်အကြာကြီးတိတ်သွားပြီးတဲ့နောက်မှာ အသံတိုးတိုးလေးထွက်လာသည်။
“မင်းက လူလိမ်ဖြစ်နေတာ မထူးဆန်းတော့ပါဘူး”
ကျိုးကျားယွီ : “....”
ရှန်းရိချွင်းက သက်ပြင်းတစ်ချက်ချကာ မတ်တပ်ရပ်ပြီး လှည့်ထွက်သွားသည်။ ရှန်းအာပိုင်ကလည်း သူ့အနောက်က လိုက်သွားပြီး သူတို့နှစ်ယောက်ရဲ့နောက်ကျောတွေက ကံကြမ္မာအလှည့်အပြောင်းကို သယ်ပိုးထားရတဲ့လူတွေလိုမျိုး ဖြစ်နေသည်။ ဆိုဖာပေါ်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ကျိုးကျားယွီက ရယ်ရမလို ငိုရမလိုဖြစ်နေမိသည်။
တကယ်တော့ ဒီခန္ဓာကိုယ်ထဲကို ရောက်ပြီးတဲ့နောက်မှာ ဒီကမ္ဘာက သူသေခဲ့တဲ့ ကမ္ဘာနဲ့အတူတူပဲလားဆိုတာကို မသိ၍ အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။ ဒီနေ့ လင်းကျူးရွှေဆီကနေ ရမ်ကျီရှို့ဆိုတဲ့ မိသားစုနာမည်ကို ကြားရသည့်အချိန်မှ သူက တကယ်ပြန်လည်မွေးဖွားလာတယ်ဆိုတာကို နားလည်သဘောပေါက် သွားခဲ့သည်။ ကျိုးကျားယွီက ဆိုဖာအမှီပေါ်တွင် ထိုင်နေခဲ့သည်။
သူ့ခေါင်းထဲတွင် ကျီပါ့က မေးလာသည်။
“မင်း ဘာတွေတွေးနေတာလဲ?”
ကျိုးကျားယွီ : “ငါ့မူလခန္ဓာကိုယ်က သေသွားပြီလား မသေသေးဘူးလားဆိုတာကို တွေးကြည့်နေတာ”
ကျီပါ့ : “သေချာပေါက် သေသွားအ
ပြီပေါ့ မဟုတ်ရင် ငါ မင်းဝိညာဉ်ကို ဘယ်လိုလုပ်ဆင့်ခေါ်လို့ရပါ့မလဲ?”
ကျိုးကျားယွီ ခါးသီးစွာ ပြုံးရင်း သက်ပြင်းချလိုက်သည်။
“ဟုတ်သားပဲ….”
ကျေးဇူးတင်စရာက သူက တစ်ကိုယ်ရေသမားဖြစ်သည်။ သူမိဘတွေက ငယ်ငယ်လေးကတည်းက ဆုံးသွားခဲ့ပြီး အဘွားနဲ့ကြီးပြင်းလာခဲ့ရသည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့အဘွား နာမကျန်းဖြစ်ကာ ဆုံးပါးသွားပြီးတဲ့နောက်မှာ လက်ရှိမှာတော့ သူ ဂရုစိုက်ရမည့်သူ ဘယ်သူမှမရှိသလို သူ့ကိုဂရုစိုက်မယ့်သူ ဘယ်သူမှလည်း မရှိဘူးလို့ ယူဆနိုင်သည်။ ပြီးတော့ ၀မ်းနည်းဖို့အကောင်းဆုံးအရာကတော့ ကားအက်စီးဒန့်နဲ့သေရတာဖြစ်လို့ နောက်ပိုင်း သူ ဘယ်သူကို ဒုက္ခပေးခဲ့မိလဲဆိုတာကို မသိရခြင်းဖြစ်သည်။
“အလုပ်ကြိုးစားကြတာပေါ့ လင်းကျူးရွှေရဲ့ကံကြမ္မာက အသက်ရှင်ဖို့ဖြစ်လာတဲ့အချိန်ကျရင် ဘယ်သူကမှ မင်းလုပ်ချင်တာလုပ်ဖို့ တားနိုင်မှာမဟုတ်တော့ဘူး” ကျီပါ့က ပြောလိုက်သည်။
ကြည့်ရတာ ဒီလိုလုပ်ဖို့ တစ်နည်းပဲရှိတော့တာထင်တယ် လို့ ကျိုးကျားယွီတွေးလိုက်မိသည်။
ဒီနေ့အတွင်း သူတို့ဆီကိုရောက်ရှိလာတဲ့ ကံတရား၏ ရိုက်ချက်တွေကြောင့် ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်နှစ်ယောက်လုံး အားလျော့ကုန်သည်။ သူ့ရဲ့ရွှေလက်ချောင်းက သူတို့ကို နာကျင်စေသွားသည့်အတွက် ကျိုးကျားယွီက အနည်းငယ် စိတ်မသန့်ဖြစ်ကာ ဒီနေ့ရရှိထားတဲ့ ပါ၀င်ပစ္စည်းတွေနဲ့ အသားဟင်းကောင်းကောင်း ချက်လိုက်သည်။ ခံစားချက်မကောင်းနေသော ရှန်းရိချွင်းက ကျိုးကျားယွီချက်ထားတဲ့ မွှေးကြိုင်တဲ့ သိုးသားတစ်တုံးကို စားကြည့်ရင်း ချီးကျူးလိုက်သည်။
“သူတို့ကို သိုးသားယူလာခိုင်း လိုက်တာက တကယ်မှန်သွားတာပဲ မင်း ဒါကို ကောင်းကောင်း ချက်နိုင်လိမ့်မယ်ဆိုတာ ငါ သိနေတယ်လေ”
သိုးသားတုံးတွေဟာ အပြင်ဘက်ကိုကင်ထား၍ အတွင်းဘက်တွင် နူးညံ့ကာ အပူချိန်က ကွက်တိဖြစ်သွားသည်။ တချက်ကိုက်လိုက်ရုံဖြင့် ပါးစပ်ထဲတွင် အသားတွေပြည့်သွားကာ အရသာက အရမ်းမပြင်းနေတော့ပေ။ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ပြီးတဲ့နောက်မှာတော့ သိုးသားရဲ့ မွှေးကြိုက်တဲ့အသားအနံ့သာ ထွက်တော့သည်။
ကျိုးကျားယွီက စပ်စပ်စုစုမေးလိုက်သည်။
“ငါ မရောက်ခင်တုန်းက မင်းတို့ နေ့တိုင်းခေါက်ဆွဲပဲ စားခဲ့တာလား?”
ရှန်းရိချွင်းမျက်နှာက ရှုံ့မဲ့သွားပြီး
“ဟုတ်တယ် ပြီးတော့ ထမင်းကြော်ရောပဲ”
ကျိုးကျားယွီ : “ဒီကို အပြင်ကနေ ပါဆယ်ထုတ်လာလို့ မရဘူးလား?”
ရှန်းရိချွင်း : “ဟင့်အင်း အကြီးအကဲက ငါတို့ကို အပြင်စာ လျှော့စားခိုင်းထားတယ်”
ကျိုးကျားယွီ ‘အော်’လို့သာ အသံပြုလိုက်ပြီး နောက်ဆုံးမှာတော့ သူတို့ ဘာလို့ချက်ပြုတ်ဖို့ကို အဲ့လောက် ခါးသီးနေလဲဆိုတာကို နားလည်သွားခဲ့သည်။
ရှန်းအာပိုင်ကတော့ ရှန်းရိချွင်းလောက် နှလုံးသားမကြီးပေ။ အဲ့နေ့ လင်းကျူးရွှေကိစ္စဖြစ်ပြီးသွားကတည်းက သူ့မျက်နှာက မည်းမှောင်နေဆဲဖြစ်သည်။ ကျိုးကျားယွီ လက်ရှိအခြေအနေအရ မေးခွန်းတွေမေးဖို့ မသင့်တော်မှန်း သိထားပေမယ့်လည်း သည်းမခံနိုင်ဘဲ တိုးတိုးလေးမေးလိုက်သည်။
“မစ္စတာလင်း ပြောတဲ့ နောက်လကျရင် လာမယ့်ကိစ္စဆိုတာက ဘာကိုဆိုလိုတာလဲဟင်?”
ရှန်းရိချွင်းက သိုးသားတစ်တုံးကို စားရင်း မပီမသ ပြောလိုက်သည်။
“ဖုန်းရွှေကမ္ဘာရဲ့ ပြိုင်ပွဲကြီးတစ်ခု”
ကျိုးကျားယွီ : “ပြိုင်ပွဲကြီး….?”
ရှန်းရိချွင်းကမျက်မှောင်ကြုံ့ကာ ကျိုးကျားယွီကို အသေးစိတ်ရှင်းပြဖို့ တွန့်ဆုတ်သွားပေမယ့် ရှန်းအာပိုင်က အေးစက်စွာ ရယ်ရင်း ၀င်ပြောလာသည်။
“ဖုန်ရွှေမျိုးနွယ်စုရဲ့ ပြိုင်ပွဲပဲ၊ မင်းဒါကိုမေးကြည့်နေတာက မိန်းကလေးတွေကို ထပ်ပြီးလိမ်လည်ဖို့ အစီအစဉ်ချမလို့လား?”
ကျိုးကျားယွီက ကူကယ်ရာမဲ့သွားပုံပေါ်သည်။ သူ့ရဲ့ လူလိမ်ဖြစ်နေတဲ့ အထောက်အထားကိုတော့ ပြင်ဖို့အချိန်ခဏ လိုအပ်မည့်ပုံပေါ်သည်။ ဒါပေမယ့် ဖုန်ရွှေအဖွဲ့အစည်းမှာလည်း ပြိုင်ပွဲတွေတကယ်ရှိတာလား? ကြားရတာတော့ အထင်ကြီးစရာပဲ……
ရှန်းရိချွင်း သိုးသားတုံးက အရိုးကို ထွေးထုတ်ပြီး လက်ချောင်းက အရည်တွေကိုစုပ်ကာ သက်ပြင်းချလိုက်သည်။
“အဲ့တာနဲ့ပတ်သတ်ပြီး မင်းလုပ်စရာဘာမှမရှိပါဘူး အများကြီးသိထားတိုင်းလည်း မကောင်းဘူး”
ကျိုးကျားယွီ ခေါင်းငြိမ့်ပြ၍သာ သဘောတူညီမှုပြုနိုင်သည်။
သူက ကမ္ဘာအတူတူမှာပဲ ပြန်လည်မွေးဖွားလာခဲ့ပေမယ့် ပြန်လည်မွေးဖွားလာတဲ့နေရာနဲ့ မူလက နေခဲ့တဲ့နေရာက မတူညီတဲ့ ရှုထောင့်နှစ်ခုဖြစ်နေတာကို ကျိုးကျားယွီက သိလိုက်ရသည်။ ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တို့ ပြောဆိုသည့်အကြောင်းအရာ၏ တစ်၀က်လောက်ကိုသာ သူ နားလည်နိုင်သည်။ ဖုန်းရွှေ၏ သဘောတရားသည် ခုမှစလေ့လာတဲ့ ကျိုးကျားယွီလိုလူမျိုးအတွက် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။
လင်းကျူးရွှေရဲ့ အဖြစ်အပျက်ကြောင့် ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်နှစ်ယောက်လုံးက နောက်ရက်အနည်းငယ်အထိ စိတ်အခြေအနေ မကောင်းသည့်ပုံပေါ်နေသည်။ ရှန်းရိချွင်းက တစ်ခါတစ်ရံလက်ထဲတွင် ဖုန်းရွှေသံလိုက်အိမ်မြှောင်ကိုင်ရင်း ဧည့်ခန်းထဲတွင် လှည့်ပတ်ကာ တစ်ယောက်တည်း ရွတ်နေတတ်သည်ကို ကျိုးကျားယွီက သတိထားမိလာသည်။ သူကိုယ်တိုင်သာ ပြန်လည်မွေးဖွားမလာခဲ့လျှင် ရှန်းရိချွင်းရဲ့ခေါင်းမှာ ပြဿနာရှိနေသည်လို့ သူ သေချာပေါက်တွေးမိလိမ့်မည်။
လေထုက လေးငါးရက်လောက် တင်းကျပ်နေပြီးတဲ့နောက် နေသာတဲ့နေ့လည်ခင်းတစ်ခုမှာ လင်းကျူးရွှေက ထပ်ပေါ်လာခဲ့သည်။ ရာသီဥတုက ပူနေပေမယ့်လည်း သူ အပြင်ကနေ၀င်လာချိန်တွင် ချွေးတစ်စက်မှကျမနေပေ။ သူက မျက်လုံးကိုမှိတ်ထားပြီး လေအေးလွှတ်ထုတ်နေတဲ့ ရေခဲတုံးတစ်ခုလိုမျိုး ဘာစကားမှမပြောပေ။
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်က မူလတန်းကျောင်းသားနှစ်ယောက် အတန်းပိုင်ဆရာမနဲ့ တွေ့သလိုမျိုး ရိုရိုကျိုးကျိုးနဲ့ ဆိုဖာပေါ်တွင် ဘေးချင်းယဉ်ထိုင်နေသည်။ ကျိုးကျားယွီက အောက်ထပ်ကို ဆင်းလာနေရင်း အဲ့မြင်ကွင်းကို မြင်တဲ့အခါ တိတ်တိတ်လေး ပြန်လှည့်သွားပြီး ၀င်ပါဖို့ ရည်ရွယ်ချက်မရှိပေ။
ဘယ်သူကသိမှာလဲ သူ ပြန်လှည့်ပြီး ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးတဲ့အချိန်မှာ သာမာန်အသံတစ်ခုက သူ့နားထဲသို့ ၀င်လာသည်။
“ဒီကိုလာခဲ့”
အေးခဲသွားသော ကျိုးကျားယွီက နောက်ပြန်လှည့်လာ၍ သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကျွန်တော်လား?”
လင်းကျူးရွှေက အသက်မပါတဲ့ မျက်နှာထားတဲ့ ခေါင်းငြိမ့်ပြလာသည်။
ကျိုးကျားယွီ ဘုတ်ပြားလိုမျိုး တောင့်သွားသည်။ သူ ပြန်လှည့်ဖို့ ရုန်းကန်ကြိုးစားပြီး အကြောသေနေသလိုမျိုး လှေကားက ဆင်းနေသည်။ လှေကားအောက်ဆုံးသို့ ရောက်ချိန်တွင် ယိုင်သွားကာ လဲကျမလိုပင်ဖြစ်သွားသည်။
ရှန်းရိချွင်းက ခေါင်းငုံ့ကာ ပါးစပ်ကိုလက်နဲ့ အုပ်ထားသည်။ လင်းကျူးရွှေသာ ဒီနေရာမှာရှိမနေဘူးဆိုရင် သူအကျယ်ကြီးအော်ရယ်မိမည်မှာ သံသယ၀င်စရာကိုမလိုပေ။ ကျိုးကျားယွီ စိတ်ပျက်လက်ပျက်နဲ့ လင်းကျူးရွှေရှေ့ကို ရောက်သွားပြီး တိုးတိုးပြောလိုက်သည်။
“မစ္စတာလင်း”
လင်းကျူးရွှေရဲ့မျက်နှာထားက ဘာမှသိပ်မပြောင်းလဲသွားပေ။ သူ့ရဲ့နှုတ်ခမ်းပါးတွေ အနည်းငယ် ဖွင့်ဟလာပြီးနောက်တွင် ထွက်လာတဲ့စကားလုံးတွေက လူတိုင်းကို ကြောင်အန်းသွားစေသည်။
“နောက်လကျရင် မင်းသွားလိုက်”
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်နှစ်ယောက်လုံးက မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး မျက်နှာတွင် အံ့ဩထိတ်လန့်သည့် အမူအရာများ ပေါ်လွင်နေသည်။ ကျိုးကျားယွီရဲ့မက်မွန်ပွင့်မျက်လုံးတွေက ပြူးကျယ်ကာ လုံး၀န်းသွားပြီး သူ့နားသူပင်မယုံရဲပေ။
“ကျွန်တော်လား?”
လင်းကျူးရွှေ ပြောလိုက်သည်။
“အင်း”
ကျိုးကျားယွီ ချက်ချင်းပဲ မျက်လုံးနှစ်စုံရဲ့ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။ အရင်က ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်က သူ့ကိုတစ်စစီဆုတ်ဖြဲကာ စားပြစ်ချင်ကခင်းက တင်စားပြောခြင်းဆိုလျှင် အခုတော့ အဲ့အကြံအစီကို လက်တွေ့အကောင်အထည်ဖော်ချင်နေကြမည်မှာ သေချာသည်။
ကျိုးကျားယွီ ငိုချင်လုနီးပါးပင်ဖြစ်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ဒါ ဒါပေမယ့် မစ္စတာလင်း ကျွန်တော်က ကျွန်တော်က ဘာမှမသိဘူး…”
လင်းကျူးရွှေက ပုံမှန်လိုပဲ ပြောလိုက်သည်။
“မင်း ဘာမှသိထားဖို့ မလိုပါဘူး”
ဖုန်းရွှေနယ်ပယ်တွင် ရာစုနှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အတွေ့အကြုံရှိ ပညာရှင်များတောင်မှ ပါရမီထူးရှိတဲ့ ပညာရှင်အသစ်ကို မယှဉ်နိုင်ပေ။ ကမ္ဘာပေါ်တွင် အရာအားလုံးက တရားမျှတမှုမရှိရာ၊ ဖုန်းရွှေနယ်ပယ်က ပို၍ပင် မမျှတလှပေ။
ကျိုးကျားယွီက ဆက်ငြင်းချင်သော်လည်း လင်းကျူးရွှေရဲ့မျက်နှာအမူအရာကိုကြည့်၍ ပါးစပ်ထဲကနေ ဘာစကားမှထပ်ထွက်မလာတော့ပေ။
လင်းကျူးရွှေက ပြောလိုက်သည်။
“ရိချွင်း မနက်ဖြန်ညကျ သူ့ကို ငါ့အိမ်ကိုခေါ်လာခဲ့ပေး”
ရှန်းရိချွင်းရဲ့မျက်လုံးတွေက မောဟိုက်နေတဲ့ကျွဲရဲ့မျက်လုံးလို ဒေါသကြောင့်နီရဲနေပေမယ် သူ လင်းကျူးရွှေရဲ့အမိန့်ကို ‘ဟုတ်ကဲ့’ လို့သာ ပြန်ဖြေနိုင်ပြီး မငြင်းဆန်ရဲပေ။
အဲ့လိုပြောပြီးတဲ့နောက်မှာ လင်းကျူးရွှေက ထွက်သွားလေသည်၊ အခန်းထဲတွင် ကျန်ရစ်ခဲ့သူများ လုံး၀ကို တိတ်ဆိတ်သွားသည်။
ကျိုးကျားယွီက ရှန်းရိချွင်းကို ငေးကြည့်လိုက်ပြီး ဘာမှမပြောရဲဘဲ လှည့်ပြေးလိုက်သည်။ သူ အခန်းထဲသို့ ရောက်ရောက်ချင်း ရှန်းရိချွင်းက အပြင်ဘက်တံခါးကို လာထုတဲ့အသံကို ကြားလိုက်ရသည်။ ရှန်းရိချွင်းက ဒေါသတကြီးပြောလာသည်။
“ကျိုးကျားယွီ၊ စက်ဆုပ်ဖို့ကောင်းတဲ့လူလိမ်ကောင် မင်း အကြီးအကဲကို ဘယ်လိုဆေးရည်မျိုး ကျွေးလိုက်တာလဲ—?”
ကျိုးကျားယွီ : “.....”
ရှန်းရိချွင်း : “မင်းမှာ အကြီးအကဲကိုတောင် မြူစွယ်ရဲတဲ့ သတ္တိရှိရင် တံခါးဖွင့်ရဲတဲ့ သတ္တိလည်းရှိရမှာပေါ့! ကျိုးကျားယွီ အဲ့မှာ တိတ်မနေနဲ့!”
ကျိုးကျားယွီက အဲ့စာသားကို ထူးထူးခြားခြား ရင်းနှီးနေသလိုမျိုး ခံစားလိုက်ရသည်။
ရှန်းရိချွင်းသည်လည်း အဲ့စာသားက တော်တော်လေးလွဲနေတယ်ဆိုတာကို သတိထားမိသွားပုံပေါ်သည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူ ဝါးတိုးဝါးတားအသံနဲ့ ပြောလိုက်သည်။
“ထွက်လာခဲ့ စကားကောင်းကောင်းပြောကြရအောင်”
ကျိုးကျားယွီ : “ငါ တကယ်ကို ဘာမှမလုပ်ရပါဘူး! ငါ ရိုးသားပါတယ်!”
ရှန်းရိချွင်းက အေးစက်စက် ပြန်ပြောလိုက်သည်။
“အော်”
ကျိုးကျားယွီ : “ငါ့ကိုယုံပေးပါ!”
ရှန်းရိချွင်း : “ငါက မင်းကိုယုံရမယ်— သေလိုက်လေ ငါသာမင်းကို ယုံကြည်နေရင် ငါ့ဦးနှောက်မှာ တစ်ခုခု မှားယွင်းနေလောက်ပြီ”
အဲ့ဒါကြောင့် နောက်ထပ်ဆူပူစကားများ ရန်ဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ကျိုးကျားယွီက ခွန်အားကုန်သွားကာ အိပ်ရာပေါ်သို့ ထိုင်ချလိုက်သည်။
“တကယ်ပဲ ငါဘာလုပ်လို့လဲ? ငါတို့ နေ့တိုင်း အဆောက်အအုံတစ်ခုတည်းမှာ အတူတူနေနေကြတာလေ မင်း သိတာပဲမဟုတ်လား?”
ရှန်းရိချွင်းက သိသော်လည်း ဒေါသထွက်နေဆဲဖြစ်သည်။ ပြိုင်ပွဲက လေးနှစ်ကြာမှ တစ်ကြိမ်သာ ကျင်းပလေ့ရှိပြီး ယမန်နှစ်တွင် ကျောက်စန်းက သွားဖြစ်ခဲ့သည်။ ဒီတစ်ချိန်မှာ မူစစ်က သွားဖို့ လျာထားခံရပေမယ့် အချိန်မီ ပြန်မလာနိုင်ခဲ့၍…..အကြီးအကဲက သူနဲ့ ရှန်းအာပိုင်နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်မာ်ဟု ထင်ထားခဲ့သော်လည်း ကျိုးကျားယွီက ရုတ်တရက် ပေါ်လာခဲ့သည်။
နောက်ဆုံးတော့ ရှန်းရိချွင်းက ဒေါသတကြီး ထွက်သွားသည်။ ကျိုးကျားယွီက ကျီပါ့ကို လင်းကျူးရွှေက ဘာကြောင့် သူ့ကို ရွေးချယ်ရသလဲဆိုပြီး မေးကြည့်ခဲ့သည်။
ကျီပါ့ : “သူက ငါ့ကိုကြွေသွားလို့ ဖြစ်မှာပေါ့”
ကျိုးကျားယွီ : “အော် အဲ့တော့ သူက ငါတို့ ကျီပါ့ကို ကြွေဆင်းသွားတာပေါ့”
အဲ့လိုပြောပြီးတဲ့နောက်မှာ ကျိုးကျားယွီက တစ်ခုခုလွဲနေသလို ခံစားမိ၍ ခဏလောက် စဉ်းစားပြီးတဲ့နောက်၊ ဒီစကားက နည်းနည်း ညစ်ပတ်သလိုပဲဟု သူ ခံစားမိသွားသောကြောင့် စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်သည်။
(T/N - ကျီပါ့က D!ck နဲ့ အသံထွက်ခြင်း ဆင်တူလို့ပါ)
“မင်းနာမည်ကို ပြောင်းလို့မရဘူးလား?”
ကျီပါ့ : “မရပါဘူး ကျီက ငါ့မိသားစုမျိုးရိုးလေ ငါက လောင်ပါ့”
(T/N - ပြောချင်တာက မိသားစုထဲမှ ရှစ်ယောက်မြောက်မို့လို့ 'လောင်')
ကျိုးကျားယွီ : “...”
တော်သေးတာပေါ့ မင်းမျိုးရိုးနာမည်က ၀မ့် မဟုတ်လို့
(T/N - ဝမ့်ပါ့ရဲ့ အဓိပ္ပာယ်က မျိုးမစစ်၊ ခဝွေးမသား)
နောက်ဆုံးတော့ ကျိုးကျားယွီရဲ့အစားအစာကြောင့် ပြန်ပျော့ပျောင်းသွားလေ့ရှိသော အောက်ထပ်ရှိ နှစ်ယောက်က ကျီပါ့ရဲ့လိပ်အခွံကဲ့သို့ မာကျော၍ မလှုပ်မယှက် ဖြစ်သွားလေသည်။
ညဘက် ကျိုးကျားယွီက ညစာချက်ရန် အောက်ထပ်သို့ ဆင်းသွားချိန်မှာတော့ ရှန်းရိချွင်းက နှာရှုံ့ကာ စားပွဲကို ထုရင် ပြောလာသည်။
“ကျိုးကျားယွီ ငါ မင်းချက်တဲ့ဟင်းတွေကို ထပ်ပြီး မစားတော့ဘူး”
ရှန်းအာပိုင် : “ရတယ် သူ မစားရင်နေ ငါ စားမယ်”
ရှန်းရိချွင်း “....”
ကျိုးကျားယွီက ခေါင်းငုံ့ အရှုံးပေးထားတာတောင်မှ ကျည်ဆန်နဲ့ အပစ်ခံလိုက်ရသလိုမျိုး ခံစားရပြီး လင်းကျူးရွှေက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်က မိမိကို သဘောမကျအောင် လုပ်တာများလာလို့ပင် သံသယ၀င်မိသည်။ ဒါပေမယ့် အမှန်ပြောရရင်လည်း လင်းကျူးရွှေမှာ အဲ့လိုပြုလုပ်ရန် အကြောင်းအရင်း မရှိပေ။ နောက်ဆုံးတွင် လင်းကျူးရွှေက စကားတစ်ခွန်းတည်းဖြင့် မိမိကို အလွယ်တကူ နှုတ်ပိတ်နိုင်သူ ဖြစ်သည်။
ကျိုးကျားယွီက ရှန်းရိချွင်းရဲ့အသွင်အပြင်ကို ကြည့်၍ ဝေဖန်သုံးသပ်ကြည့်ရသလောက် သူက ၁၇/၁၈ အရွယ်လောက်သာ ရှိလောက်သေးပြီး ကလေးလည်း မဟုတ်သလို လူကြီးလည်း မဟုတ်သေးသည့် အခြေအနေတွင် ရှိနေသည်။ နောက်ပိုင်း ရှန်းရိချွင်းနဲ့ ပိုရင်းနှီးလာတဲ့ အချိန်မှာတော့ ထိုခန့်မှန်းချက်က မှန်ကန်နေကြောင်း ကျိုးကျားယွီ သိလိုက်ရသည်။ ဘာလို့လဲဆိုတော့ သူတို့ ပထမဆုံး ဆုံတွေ့တဲ့အချိန်တုန်းက ရှန်းရိချွင်းက ၁၈ နှစ်ပြည့်ဖို့ နှစ်၀က်လိုနေသေးသည့် အချိန်ဖြစ်သည်။
ကလေးများဖြစ်သည့် သူတို့ကို ချော့မော့ ပြောဆိုရမည်ကို သိထားသော ကျိုးကျားယွီက စိတ်ထဲ သိပ်ပြီးတွေးမနေခဲ့ပေ။ ဒါပေမယ့် သူ တကယ်ကို နားမလည်နိုင်တဲ့ အရာကတော့ လင်းကျူးရွှေက သူ့ကို ပြိုင်ပွဲမှာ ပါ၀င်ဖို့အတွက် ဘာလို့ ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်ကိုပင် ဖြစ်သည်။ သူက အရှေ့တောင်နဲ့ အနောက်တောင်ကို ခွဲခြားရန်ပင် သံလိုက်အိမ်မြှောင်ကို မှီခိုဖို့ လိုအပ်နေသေးသည့် လူစားမျိုးဖြစ်သည်။
လင်းကျူးရွှေက ပြန်မသွားခင်တုန်းက ကျိုးကျားယွီကို နောက်နေ့ညကျ သူ့နေအိမ်သို့ ပို့ပေးရန် ရှန်းရိချွင်းကို အမိန့်ပေးထားခဲ့သည်။ ကျိုးကျားယွီက အဲ့စကားတွေကို စိတ်ထဲမထားပေမယ့်လည်း ရှန်းရိချွင်းကတော့ သေချာကို မှတ်မိနေသည်။
အဲ့တာကြောင့် နောက်နေ့ညနေခင်းမှာပဲ ရှန်းရိချွင်းက ကျိုးကျားယွီကို အိမ်ထဲကနေ ဆွဲထုတ်ရင်း ပြောလိုက်သည်။
“အကြီးအကဲက မင်းကို ဒီနေ့လာပို့ပေးဖို့ ခိုင်းထားတယ် သွားမယ်”
စိတ်လှုပ်ရှားနေသော ကျိုးကျားယွီက သားသတ်ရုံကို ဆွဲခေါ်ခံရတဲ့ ၀က်တစ်ကောင်လို ဖြစ်နေသည်။
ရှန်းရိချွင်းနဲ့ ကျိုးကျားယွီက သူတို့နေထိုင်တဲ့ သုံးထပ်တိုက် သစ်သား အဆောက်အအုံကနေ ထွက်လာခဲ့သည်။ ကျိုးကျားယွီ ဒီကိုရောက်ကတည်းက ပထမဆုံးအကြိမ်အနေဖြင့် ဘေးပတ်၀န်းကျင် သဘာ၀ရှုခင်းကို သေချာကြည့်ရခြင်းဖြစ်ပြီး အဲ့မတိုင်ခင်က သူသည် ဆွဲခေါ်/ဆွဲထုတ်ခြင်းကိုသာ ခံခဲ့ရသည်။
ဥယျာဉ်ထဲရှိ သဘာ၀မြင်ကွင်းသည် တကယ်ကို အရမ်းကောင်းမွန်ပြီး ကျိုးကျားယွီလိုမျိုး ဖုန်းရွှေကို နားမလည်သည့် လူမျိုးပင် စိတ်အပန်းပြေ၍ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
စိမ်းစိုနေတဲ့ ထင်းရှူးပင်တွေနဲ့ ဆယ့်နှစ်ရာသီ ထင်းရှူးမျိုးစိတ်တွေကို ဖြတ်လျှောက်ပြီးနောက် ရှန်းရိချွင်းနဲ့ ကျိုးကျားယွီက ခြံစည်းရိုး ခတ်ထားတဲ့ ခြံငယ်လေးထဲကို ၀င်သွားလိုက်သည်။ ခြံထဲမှာ ဝါးပင်တွေနဲ့ ပြည့်နှက်နေပြီးတော့ ဝါးတောထဲတွင် စမ်းချောင်းတစ်ခုက တသွင်သွင် ဖြတ်သန်း စီးဆင်းနေသည်။
ကျိုးကျားယွီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“အကြီးအကဲက ဘာလုပ်ဖို့ ခေါ်တယ်လို့ မင်း ထင်လဲ၊ ရှန်းရိချွင်း"
ရှန်းရိချွင်းက သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။
“ မသိဘူး၊ သူက မင်းကို စိတ်ရှုပ်လာလို့ ရိုက်မလို့ ခေါ်တာနေမှာပေါ့”
ကျိုးကျားယွီ : “....”
လင်းကျူးရွှေက နောက်ဆုံး၌ ကျိုးကျားယွီကို ရွေးချယ်သွားတဲ့အတွက် မနာလိုနေဆဲဖြစ်သော ရှန်းရိချွင်းက ရေရွတ်လိုက်သည်။
“ဘာမှမသိတာလည်း ကောင်းသားပဲ အကြီးအကဲသာ ငါ့ကိုရွေးရင် တစ်ခါ အရိုက်ခံရတာကို စကားထဲထည့်မပြောနဲ့ သေတဲ့အထိ အရိုက်ခံရရင်တောင် ငါ ခံရဲတယ်”
လင်းကျူးရွှေက မည်သည့်အဆင့်မြင့် ဖွဲ့စည်းပုံ စီမံချက်မျိုးမှာမှ မပါဝင်ခဲ့တာ ကံကောင်းတယ်လို့ ကျိုးကျားယွီက တွေးလိုက်မိသည်။ မဟုတ်လျှင် ရှန်းရိချွင်းက အဖော်အပေါင်းများကို အဖွဲ့အစည်းထဲသို့ လိမ်ညာခေါ်ဆောင်သည့် တက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်မည်မှာ သေချာသည်။
သူတို့နှစ်ယောက် ဝါးသစ်တောရဲ့အနောက်ဘက်ကို လျှောက်သွားလိုက်သည်။ ကျောက်စရစ်လမ်းကနေ ဆက်သွားပြီးတဲ့နောက် ကျိုးကျားယွီ ရိုးရှင်း၍ ရှေးဆန်သော သစ်တောထဲတွင် ဖုံးကွယ်ထားသည့် အိမ်လေးတစ်အိမ်ကို တွေ့လိုက်ရသည်။
ပထမအထပ်က သစ်သားနဲ့ ပြုလုပ်ထားပြီး နည်းနည်း အိုဟောင်းနေပုံပေါ်သော်လည်း ခေတ်နောက်ကျခြင်း မရှိပေ။ ရှန်းရိချွင်းက အိမ်ငယ်လေးရဲ့တံခါးကို ခေါက်ရင်း ခေါ်လိုက်သည်။
“အကြီးအကဲ”
“၀င်ခဲ့” လင်းကျူးရွှေရဲ့အသံက အဝေးကနေထွက်လာသည်။
ရှန်းရိချွင်းက သစ်သားတံခါးကို တွန်းဖွင့်ပြီး ကျိုးကျားယွီကို အခန်းထဲသို့ ခေါ်သွားလိုက်သည်။ အခန်းက ကျယ်၀န်းသည့်အပြင် မီးမထွန်းထားတာတောင်မှ လင်းထိန်နေခဲ့သည်။ ကျိုးကျားယွီက အထင်မှားတာလားတော့ မသိပေမယ့် အနည်းငယ် အေးလာသလို ခံစားရသည်၊ အထူးသဖြင့် သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်ကနေ အအေးဓာတ်များ စိမ့်ထွက်လာသလို ခံစားရသည်။ ခဏလောက် ရပ်နေပြီးတဲ့နောက် သူ့ကို အေးစက်မှုများ လွှမ်းခြုံသလို ခံစားမိသည်။
လင်းကျူးရွှေက အနောက်ဘက်ကနေ ထွက်လာပြီး သူ့ရဲ့စိုနေတဲ့လက်တွေကို ပုဝါနဲ့သေချာသုတ်ရင်း ရှန်းရိချွင်းကို ပြောလိုက်သည်။
“သွားတော့”
ကျိုးကျားယွီက ခေါင်းငြိမ့်ကာ လှည့်ထွက်သွားသော ရှန်းရိချွင်း၏ နောက်ကျောကို သနားစရာ အမူအရာဖြင့် လိုက်ကြည့်နေသည်။ တံခါးပိတ်သွားသည့်အချိန်မှသာ လင်းကျူးရွှေကို တုန်ရီနေသော အသံဖြင့် ခေါ်လိုက်သည်။
“မစ္စတာ လင်း”
လင်းကျူးရွှေ ကျိုးကျားယွီ၏ အရှေ့တွင် ထိုင်လိုက်ပြီး ပုဝါကို စားပွဲပေါ်သေချာ တင်လိုက်သည်။ ပြီးနောက် သူက ပေါ့ပါးသော ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
“ကျိုးကျားယွီ”
ကျိုးကျားယွီ : “အမ်…”
လင်းကျူးရွှေ : “ငါ အစတုန်းက မင်းအသက်ကိုကယ်ဖို့ စိတ်ကူးမရှိခဲ့ဘူး”
ကျိုးကျားယွီ အသံတိတ်သွားသည်။
“မင်းလုပ်ခဲ့တဲ့အရာက မင်းအခေါက် တစ်ထောင်မက သေပေးရငါတောင် မလုံလောက်ဘူး”
လင်းကျူးရွှေက ပြောလိုက်သည်။
လင်းကျူးရွှေက အမှန်တရားကို ပြောနေခြင်း ဖြစ်သောကြောင့် ကျိုးကျားယွီက မငြင်းဆန်ပေ။ ကျီပါ့က သူ့ကို မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေ ပြန်ပြပြီးတဲ့အချိန်တွင် ထိုလူက သေသင့်တယ်လို့ပင် သူ တွေးခဲ့သည်။
လင်းကျူးရွှေ : “ဒါပေမယ့် မင်းက ချီနိမိတ်ကို မြင်နိုင်ပြီးတော့ ဖုန်ရွှေနယ်ပယ်နဲ့ ချိတ်ဆက်မှုရှိနေလို့ ငါ မင်းအသက်ကို ချမ်းသာပေးခဲ့တာ”
“ကျေးဇူးပါ မစ္စတာလင်း”
ကျိုးကျားယွီက ခက်ခက်ခဲခဲနဲ့ ပြောလိုက်သည်။
လင်းကျူးရွှေက မတ်တပ်ရပ်လိုက်သည်။
“ငါနဲ့လိုက်ခဲ့”
ထိုအချိန် လင်းကျူးရွှေက အနားရောက်လာတာမလို့ သူက ကျိုးကျားယွီထက် ခေါင်းတစ်၀က်စာ ပိုမြင့်နေမှန်း သတိထားမိလိုက်သည်။ အရင်က လင်းကျူးရွှေက ကျောက်စိမ်း အနုပညာလက်ရာလိုမျိုး နူးညံ့တယ်လို့ ထင်ခဲ့မိသည်။ အခုကြည့်ရတာတော့ သူကသာ နူးညံ့သူ ဖြစ်ပုံပေါ်သည်။
လင်းကျူးရွှေ၏ အနောက်သို့ လိုက်သွားရင်း ကျိုးကျားယွီက ကျီပါ့ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“လင်းကျူးရွှေက ငါ့ကိုသတ်ချင်လာရင် ဘယ်လိုလုပ်မလဲ?”
ကျီပါ့ : “စိတ်မပူနဲ့ ငါ တွက်ချက်ထားပြီးသား မင်း ဒီနေ့တော့ သေချာပေါက် သေမှာမဟုတ်ဘူး”
ကျိုးကျားယွီ : “တကယ်လား?”
ကျီပါ့ : “တကယ်”
သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တာနဲ့တပြိုင်နက် လင်းကျူးရွှေက ရပ်တန့်သွား၍ အရှေ့ရှိ တံခါးတစ်ခုကို တွန်းဖွင့်လိုက်သည်။
တံခါးနောက်တွင် ဆူပွက်နေတဲ့ အပူချိန်ရှိနေသောကြောင့် ဒီအခန်းက ရေချိုးခန်းဖြစ်နေသည်ကို ကျိုးကျားယွီက နားလည်လိုက်သည်။ ကြီးမားတဲ့ ကျောက်တုံး ရေချိုးကန်တစ်ခု ရှိနေပြီး ရေငွေ့နဲ့အတူ ထူးဆန်းတဲ့ဆေးနံ့က လေထဲတွင် လွင့်ပါနေသည်။
ရေချိုးခန်းက သူ့အရှေ့တည့်တည့်မှာ ရှိနေပေမဲ့လည်း ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်သေးသော ကျိုးကျားယွီက ထူးထူးဆန်းဆန်း နီရဲလာပြီး ထစ်ငေါ့နေသည်။
"မစ္စတာ၊ မစ္စတာ လင်း…”
လင်းကျူးရွှေ : “အထဲ၀င်သွားလိုက်”
ကျိုးကျားယွီ : “အထဲ အထဲ၀င်ရမယ်?”
လင်းကျူးရွှေ : “ညာဘက်မှာ ပုဝါရှိတယ် အထဲမှာ တစ်နာရီလောက် စိမ်နေလိုက် အရမ်းမပူစေနဲ့ မဟုတ်ရင် ခက်ခဲကြမ်းတမ်းမှုကို ကိုယ့်ဘာသာ ခံရလိမ့်မယ်”
ကျိုးကျားယွီက ကြောင်တောင်တောင်နဲ့ နားထောင်နေရင်းမှ မေးလိုက်သည်။
“အဲ့တော့ ကျွန်တော့်ကို အထဲ၀င်ပြီး ရေစိမ်ခိုင်းတာလား?”
လင်းကျူးရွှေက ခေါင်းငြိမ့်ပြကာ ဘာမှပြန်မပြောပေ၊ ထို့နောက် ရေတွေနဲ့ ရေချိုးကန်ကို ငေးငိုင်တဲ့မျက်နှာနဲ့ ကြည့်နေတဲ့ ကျိုးကျားယွီကို ချန်ထားခဲ့၍ ထွက်သွားလေသည်။
ကျိုးကျားယွီ : “လင်းကျူးရွှေ ဒါရဲ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်ရှိနေတာလဲ?”
“မြန်မြန်လုပ်လိုက်ပါ၊ သူက မင်းကို ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး… သူက ဒီလိုနည်းမျိုး သုံးပြီးတော့ မင်းကို ဒုက္ခပေးစရာလိုလို့လား" ကျီပါ့က ပြောလိုက်သည်။
ကျိုးကျားယွီက ထိတ်လန့်စွာနဲ့ ပြောလိုက်သည်။
“ဒါပေမယ့် ငါက ဘာလုပ်ရမလဲတောင် မသိဘူးလေ”
ကျီပါ့ : “သူက မင်းညစ်ပတ်နေလို့ မကြိုက်တာ ဖြစ်မှာပေါ့"
ကျိုးကျားယွီ : “.....”
ကျီပါ့က သူ့ရဲ့သွယ်လျတဲ့ နှုတ်သီးထိပ်ကို လက်သည်းနဲ့ ကုတ်ခြစ်ရင်း ပြောလိုက်သည်။
“ကောင်းပြီ ငါလည်း မသိတော့ဘူး”
ကျိုးကျားယွီက ရေချိုးကန်ကို ခဏတွန့်ဆုတ်စွာ ကြည့်နေပြီးနောက် အ၀တ်များကို ဖြေးဖြေးချင်း ချွတ်ချကာ ရေထဲသို့ ၀င်စိမ်လိုက်သည်။