no

Font
Theme

ရှောင်တုံ့၏စကားများကြောင့် ကျိုးကျားယွီ တုန်လှုပ်သွားကာ လေအေးများရှုသွင်းမိသည်။ ခြေလှမ်းအနည်းငယ်ခန့်နောက်မဆုတ်ဘဲ မနေနိုင်ပေ။

သူ့တုံ့ပြန်ပုံကိုကြည့်ရင်း ရှောင်တုံ့က တခစ်ခစ်ရယ်သည်။ သူ(မ)လက်ချောင်းများက ဆံနွယ်များကြားလိမ်ပတ်လျက် ခေါင်းစောင်းနေ၏။

“နင် ဘာကိုကြောက်နေတာလဲ။ ငါ သရဲမဟုတ်ပါဘူး”

အမှန်ပင် သရဲမဟုတ်ပေ။ ရှောင်တုံ့၌ ခန္ဓာကိုယ်၊ အသက်ရှုသံနှင့်အရိပ်များရှိပြီး ၎င်းတို့အားလုံးဟာ သက်ရှိလူများထံ၌ရှိသည့်လက္ခဏာများ ဖြစ်သည်။

သို့သော် သူ(မ)ထံမှ သဘောထားကွဲလွဲနေသလို ကျိုးကျားယွီခံစားရသည်။ သူ မပြောခင် ရှောင်တုံ့ဆက်ပြောသည်။

“သူတို့က ငါကို တုံ့အာလို့ခေါ်ကြတယ်။ ငါက မကြိုက်တာနဲ့ ရှောင်တုံ့လို့ပြောလိုက်တာ”

ကျိုးကျားယွီ : “တုံ့အာ?”

ရှောင်တုံ့ : “မှန်တယ်”

ကျိုးကျားယွီ ခတ္တခဏစဉ်းစားပြီးမှ သူ(မ) နာမည်၏ဆိုလိုရင်းကို သိတော့သည်။ တုံ့အာ ၏အဓိပ္ပာယ်ကား အရုပ်ဖြစ်မည်။

“အဲ့တော့ မင်းက…”

ရှောင်တုံ့မျက်တောင်ခပ်လျက် ပြန်မဖြေပေ။

“ငါ့ကို ဘာလို့ထင်လဲ”

ကျိုးကျားယွီက သူ(မ)ကို လေးနက်စွာကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် သူ့လက်ကို ရှောင်တုံ့ထံသို့လှမ်းလိုက်၏။

“စိတ်မရှိနဲ့နော်”

ကျိုးကျားယွီက သူ(မ)အသားအရေကိုထိကာ စမ်းသပ်ချင်သည်ဟု တွေးလျက် ရှောင်တုံ့ပြုံးပြီးခေါင်းညိတ်လိုက်သည်။

သို့သော် ကျိုးကျားယွီက သူ(မ)ကိုကောက်ချီကာ အလေးချိန်မည်ဟု မည်သူတွေးမိမည်နည်း။

“တစ်ရာ့နှစ်ပေါင်လောက်ရှိမယ်၊ အရုပ်နဲ့ မတူပါဘူး”

ရှောင်တုံ့မျက်နှာထား ချက်ချင်းမှောင်မိုက်သွားသည်။

“ငါ တစ်ရာ့နှစ်ပေါင်ရှိတယ်လို့ နင့်ကို ဘယ်သူပြောလဲ”

မိန်းကလေးတစ်ယောက်ကို ကိုယ်အလေးချိန်မေးသည်မှာ စော်ကားရာရောက်ကြောင်း ကျိုးကျားယွီမှတ်မိသွားပြီး လျင်မြန်စွာတောင်းပန်လေသည်။

“တောင်းပန်ပါတယ်။ အဲ့လိုမရည်ရွယ်ပါဘူး”

ရှောင်တုံ့ သူ့ကို စူးစူးရဲရဲကြည့်လိုက်သည်။

ကျိုးကျားယွီက ရှောင်တုံ့ကိုပြန်ချပေးကာ ခြေနှစ်လှမ်းခန့်နောက်ဆုတ်ပြီး ပြောသည်။

“မင်းက အရုပ်နဲ့တူပေမဲ့ အရုပ်မဟုတ်ဘူး”

ရှောင်တုံ့က စကပ်ကို သေသပ်အောင်ပြန်လုပ်ပြီး ပြောသည်။

“ဒါပေါ့”

ကျိုးကျားယွီ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ ရွမ်ယွင်ကျယ်၏နေရာ၌ ကြုံဖူးခဲ့သော်လည်း တကယ့်သက်ရှိအရုပ်ကို မြင်ရပါက သူ ထပ်လက်မခံနိုင်တော့သလို ခံစားရသည်။

“ဒါပေမဲ့ မင်းက အရုပ်မဟုတ်ဘူးဆိုရင် ဘာလို့ အရုပ်နဲ့တူနေတာလဲ”

ကျိုးကျားယွီ တုံ့ဆိုင်းနေသည်။

ရှောင်တုံ့ ပြုံးလျက် ပြောသည်။

“ငါ ပထမဆုံးရောက်တုန်းက အရုပ်တစ်ရုပ်ရှိနေခဲ့လို့လေ”

ထိုမှသာ ကျိုးကျားယွီ နားလည်သွားတော့သည်။ သူ သိထားသည့်မှတ်ဉာဏ်များနှင့် ဒီဗီလာအတွင်းရှိ ဆန်းကြယ်လေထုကြောင့်ဖြစ်နိုင်သည်။ ရှောင်တုံ့နှင့်အရုပ်ကြားမှ ဆက်နွယ်မှုကို သူ သိသွားလေသည်။

အရုပ်က ရှောင်တုံ့ဖြစ်လာခြင်းမဟုတ်ပေ။ ရှောင်တုံ့ကြောင့် အရုပ်ပေါ်လာခြင်းဖြစ်သည်။

ကျိုးကျားယွီ မေးခွန်းများထပ်မေးချင်သည်။ သို့သော် ရှောင်တုံ့က မျက်မှောင်ကြုံ့လျက် ပြောသည်။

“စစ်ဆေးခံရတာက နင်လား ငါလား”

ကျိုးကျားယွီ : “…”

မစ္စ မင်းက ကြောက်စရာကြီး။

ကျိုးကျားယွီက သူ မြင်ခဲ့သည်ကိုသာဆက်ပြောပြလိုက်သည်။ လူသတ်မှုမြင်ကွင်းအား အကြမ်းဖျင်းပြောပြကာ ကလေးလေးက ကုတင်အောက်၌ပုန်းနေသော်လည်း တဖြည်းဖြည်းဆွဲထုတ်ခံရကာ သေဆုံးသွားပုံကိုပြောပြလိုက်သည်။

ကျိုးကျားယွီ ထိုအကြောင်းမရောက်ခင်အထိ ရှောင်တုံ့အမူအရာ တည်ငြိမ်နေခဲ့သည်။ ထိုအကြောင်းအရာစပြောချိန်၌ သူ(မ) မျက်ဝန်းများ စတင်လှုပ်ခတ်ကာ စားပွဲမှ အရုပ်တစ်ရုပ်ကိုကောက်ယူပြီး ဆံပင်သပ်ပေးလျက် ပြောသည်။

“သူတို့ တော်တော်ကြောက်နေမှာပဲ”

ကျိုးကျားယွီ : “ကလေးတွေကို ပြောတာလား”

ရှောင်တုံ့ : “ဟုတ်တယ်”

ကျိုးကျားယွီက ခါးသက်သက်ပြောလိုက်သည်။

“အင်း သူတို့ တော်တော်ကြောက်နေခဲ့တာ”

အိမ်မက်ကဲ့သို့ သွေးသံရဲရဲမြင်ကွင်းမှ နိုးလာပြီးသည့်တိုင် သူ ကြောက်နေဆဲဖြစ်သည်။

ရှောင်တုံ့ : “ငါ ဘာလို့ အားလုံးကို ပြိုင်ခွင့်ပြုထားလဲသိလား”

ကျိုးကျားယွီ ခေါင်းခါသည်။

ရှောင်တုံ့ : “ငါ သိချင်တာ တစ်ခုရှိလို့”

သူ(မ)အရုပ်ကိုပြန်ချကာ အလေးအနက် ပြောသည်။

“ဆယ်ခုမြောက်အရုပ်က ဘယ်မှာလဲသိချင်လို့”

ကျိုးကျားယွီ ကြောင်သွားသည်။

“ဆယ်ခုမြောက်အရုပ်ဘယ်မှာမှန်း မင်း မသိဘူးလား”

ရှောင်တုံ့ : “အင်း”

ကျိုးကျားယွီ : “ငါ မင်းကို သဲလွန်စတချို့ပေးနိုင်ပေမဲ့ သိပ်အသုံးဝင်မှာမဟုတ်ဘူး”

ရှောင်တုံ့ : “ပြောပါ”

ကျိုးကျားယွီက အပြင်ဘက်ရှိဥယျာဉ်ကို လက်ညှိုးထိုးပြလိုက်သည်။

“နောက်ဆုံးအရုပ်က အဲ့မှာ”

ရှောင်တုံ့မော့လိုက်ကြည့်ရာ သူ(မ) ပြုစုပျိုးထောင်ထားသည့်ဥယျာဉ်ကြီးကို တွေ့လိုက်ရလေသည်။

“ဥယျာဉ်ထဲမှာလား”

“အင်း”

ကျိုးကျားယွီ ပြောလိုက်သည်။

ရှောင်တုံ့ ခဏတုံ့ဆိုင်းနေပြီးနောက် ထရပ်ကာ တံခါးသို့လျှောက်သွားလေသည်။

“ငါ့ကို ခေါ်သွားပြပါ”

ထို့ကြောင့် ပြိုင်ပွဲဝန်ထမ်း၏အကြည့်အောက်တွင် သူတို့နှစ်ယောက်ဥယျာဉ်သို့ လျှောက်လာခဲ့လေသည်။ လမ်းတစ်လျှောက်တွင် ရှောင်တုံ့က ပြိုင်ပွဲနှင့် သူ(မ) အပေးအယူလုပ်ထားပုံကိုပြောပြသည်။ ပြိုင်ပွဲဝင်များ ဆယ်ခုမြောက်အရုပ်ကို ရှာမတွေ့ပါက ဒိုင်များကိုယ်တိုင် သူ(မ)ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည်။ ထို့ကြောင့် သူ(မ)ဟာ ပြိုင်ပွဲနေရာအဖြစ် ဗီလာကိုထောက်ပံ့ပေးခဲ့ခြင်းဖြစ်၏။

ကျိုးကျားယွီက ဥယျာဉ်၏အစွန်း အနက်ရောင်မြူများအထူထပ်ဆုံးနေရာသို့ ခေါ်လာခဲ့လေသည်။ သူ အနည်းငယ် တူးခဲ့ပြီးသားပင်။

ရှောင်တုံ့တွင်းကို ကြည့်နေသည်။

“တကယ် ဒီမှာလား”

ကျိုးကျားယွီ : “၆၀ ရာခိုင်နှုန်းလောက်ပဲ ယုံကြည်ချက်ရှိတယ်”

ရှောင်တုံ့ သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း စကားမပြောပေ။ သူ(မ) ပေါက်တူးကောက်ကိုင်ပြီး စတူးလေသည်။ ယောက်ျားတစ်ယောက်အနေဖြင့် ကျိုးကျားယွီ ဘာမှမလုပ်ဘဲမနေနိုင်ပေ။ နောက်ပေါက်တူးတစ်ခုရှာတွေ့သွားကာ ရှောင်တုံ့နှင့်အတူတူးလေသည်။

အရုပ်ခန္ဓာကိုယ် ပေါ်လာ၏။ မြေကြီးများကြောင့် အပေါ်ယံပျက်စီးနေသော်လည်း ၎င်း၏နူးညံ့သည့်အသွင်အပြင်ကို ဝေဝေဝါးဝါးမြင်နိုင်သည်။

ရှောင်တုံ့က လက်သေးသေးလေးကိုကိုင်ကာ တအံ့တဩပြောလိုက်သည်။

“တကယ် ဒီမှာပဲ”

ကျိုးကျားယွီလည်း စိတ်သက်သာရာရ သက်ပြင်းချမိသည်။

သို့သော် သူတို့နှစ်ယောက် ဆက်တူးသော်လည်း အဝတ်စများသာတွေ့ရပြီး တခြားအပိုင်းများမတွေ့ချေ။ ကျိုးကျားယွီ မေးလိုက်သည်။

“ဥယျာဉ်ကို အသစ်လုပ်ထားသေးလား”

ရှောင်တုံ့ သူ့ကိုကြည့်လိုက်သည်။

“လုပ်ထားတယ်”

ကျိုးကျားယွီ : “ကျွန်တော်‌တွေ့တုန်းက ဒီမှာ နှင်းဆီပန်းတွေ ရှိတယ်”

ယခု နှင်းဆီပင်များကိုနှုတ်ကာ မြေလှန်လိုက်သဖြင့် အရုပ်က ခပ်နက်နက်ထဲရောက်သွားပုံရသည်။ ထိုအရုပ်၏အစိတ်အပိုင်းအားလုံး ကျန်နေသေးသည်။

ရှောင်တုံ့က အရုပ်လက်လေးကိုင်ထားသည်။ သူ(မ)ခေါင်းငုံ့လျက် ခပ်တိုးတိုးပြောသည်။

“ငါ့ကို တစ်ခုခုပြောပြလို့ရမလား”

ကျိုးကျားယွီ ခေါင်းညိတ်သည်။ သူ မြင်ခဲ့သည့် မြင်ကွင်းများက တစ်စစီဖြစ်နေသော်လည်း သခင်မက ရုတ်တရက်ရူးသွားပြီး သခင်ဖြစ်သူနှင့်ကလေးများကို သတ်သည့်အပိုင်းများအား ဇာတ်လမ်းတစ်ပုဒ်တည်း ပေါင်းစပ်နိုင်ဆဲပင်။

ထို့နောက် သူ(မ) ရေချိုးကာ ပျက်စီးသွားသည့်အရုပ်ကို ဥယျာဉ်ထဲတွင် သီချင်းညည်းလျက် မြှုပ်ပစ်လိုက်သည်။

နောက်ပိုင်း၌ သခင်မက အိမ်ထဲပြန်ဝင်ကာ သံတံခါးကြီးနှင့် ပိတ်ချလိုက်လေသည်။

ကျိုးကျားယွီ တစ်စစီမြင်ကွင်းများအကြောင်း ပြောပြပြီးနောက် ဇာတ်လမ်းအတွင်းရှိ ချွင်းချက်တစ်ခုကို သတိထားမိသွားသည်။

ရွှီရူဝမ်က မိသားစုလေးယောက်လုံး ဗီလာထဲ သေသွားကြပြီး လူသတ်သမားကိုမမိခဲ့ကြောင်း ပြောဖူးသည်။ ၎င်းဟာ ကျိုးကျားယွီမြင်ခဲ့သည်နှင့် ကွဲပြားကြောင်းထင်ရှားနေသည်။

ကျိုးကျားယွီ၏စကားလုံးများမှာ တဖြည်းဖြည်းနှေးသွားကာ တုံ့ဆိုင်းသွားလေသည်။

“ငါမြင်တာ အမှန်ဆိုရင်….သခင်မ သူ….”

ရှောင်တုံ့တိတ်ဆိတ်နေပြီးမှ အရုပ်လက်လေးကို လက်ကိုင်ပုဝါနှင့် ဖြည်းညှင်းစွာကောက်ပြီး အိတ်ကပ်ထဲထည့်လိုက်သည်။

ကျိုးကျားယွီ : “ရှောင်တုံ့?”

ရှောင်တုံ့ : “နင် ဇာတ်လမ်းတစ်ဝက်ပဲမြင်လိုက်တာ”

ကျိုးကျားယွီ : “အာ?”

ရှောင်တုံ့ထရပ်ကာ ဗီလာသို့လျှောက်သွားသည်။

“ဗီလာပြန်ရောက်တော့ သခင်မလည်း ဆိုးဆိုးဝါးဝါးသေခဲ့တယ်။ သူ့ကို အဘက်ဘက်က တိုက်ခိုက်ထားသလိုပဲ။ နောက်ဆုံးကျတော့ သူ့လက်တစ်ဖက်တောင် ရှာမတွေ့တော့ဘူး”

ကျိုးကျားယွီ ကြောင်သွားသည်။

ရှောင်တုံ့ ဆက်ပြောသည်။

“ဒီလိုသေတာမျိုးက သတ်သေတယ်လို့ နင် ထင်လား”

သူ(မ)ပြောနေရင်း ဖုန်ပြည့်နေသည့်ဥယျာဉ်ထဲ၌ လေအေးဖြတ်တိုက်သွားသည်။ လေအေးက စကပ်ကိုလွင့်လူးစေပြီး အနက်ရောင်ဆံနွယ်ရှည်အား မွှေနောက်သွားသည်။ တစ်ချက်ကြည့်ရုံနှင့်တင် အနက်ရောင်စက်ကွင်းများနှင့် တူနေသည်။

ကျိုးကျားယွီခမျာ ခြေလှမ်းများရပ်တန့်သွားကာ ရှောင်တုံ့ကို ဗီလာကပေါ်လာသမျှဝါးမြိုပစ်သည့် မကောင်းဆိုးဝါးပါးစပ်ကြီးကဲ့သို့ ခံစားရလေသည်။

သို့သော် ထိုခံစားချက်က ခဏသာခံပြီး လေငြိမ်သွားချိန်တွင် ရှောင်တုံ့က ကြော့ရှင်းသည့်မိန်းကလေးပြန်ဖြစ်သွားသည်။

“ကြောက်လို့လား”

ရှောင်တုံ့ မေးသည်။

ကျိုးကျားယွီ : “မဟုတ်ပါဘူး။ ထူးဆန်းတဲ့ဟာ တစ်ခုခု တွေ့လိုက်လို့ပါ”

ရှောင်တုံ့က မထင်ထားစွာပြောလိုက်သည်။

“အဲ့လည်စွဲပေးတဲ့လူက ရှင့်ကို တော်တော်ဂရုစိုက်လောက်တယ်”

ကျိုးကျားယွီ : “မင်း ဘာကိုဆိုလိုတာလဲ။”

ရှောင်တုံ့ခေါင်းခါပြီး အိမ်ထဲဝင်သွားလေသည်။

ကျိုးကျားယွီက လင်းကျူးရွှေပေးထားသည့် လည်ဆွဲလေးကို ငုံ့ကြည့်သည်။ သို့သော် ဘာမှထူးထူးခြားခြားမတွေ့ပေ။ တော်တော်လေးလှနေရုံသာ ရှိနေသည်။

သူ ရှောင်တုံ့အနောက်လိုက်ဝင်လာကာ ဝန်ထမ်းတစ်ယောက်ပြောသည်ကို ကြားလိုက်ရသည်။

“ဆက်ရှာစရာမလိုတော့ဘူး။ ဆယ်ရုပ်မြောက်ကို တစ်ယောက်ယောက်တွေ့သွားပြီ”

လူသစ်ဖြစ်ပုံရသည့်ဝန်ထမ်းက ကျိုးကျားယွီဟာ လင်းကျူးရွှေ၏တပည့်မှန်းမသိဘဲ အံ့အားသင့်လျက်ပြောလိုက်သည်။

“မင်း…လှေကားမှာ တနေ့လုံးအိပ်နေတာမလား”

ကျိုးကျားယွီ : “…”

ဝန်ထမ်း: “အဲ့လိုမျိုး အရုပ်ရှာတာလား”

ကျိုးကျားယွီ သူ့ကိုယ်သူ ရဲဆေးတင်လျက် ပြောလိုက်သည်။

“အဲ့လိုအိပ်တာက ကျွန်တော့်စွမ်းရည်တစ်မျိုးပဲ။ ဘာလို့ ထရမှာလဲ”

ဝန်ထမ်းသည်ဆွံ့အလျက် လှည့်ထွက်သွားသည်။

ရလဒ်ကြေညာသည်နှင့်တစ်ပြိုင်နက် အရွေးခံရသူ၊ မခံရသူ ပြိုင်ပွဲဝင်များအားလုံး ပြင်းထန်စွာ တုံ့ပြန်ကြလေသည်။ ရွှီရူဝမ်ပြေးလာကာ ကျိုးကျားယွီကို ဖက်ချင်သော်လည်း ကျိုးကျားယွီ ကမူ ခပ်တည်တည်ငြင်းလိုက်သည်။

ရွှီရူဝမ် အနည်းငယ်ရှက်လျက်ပြောသည်။

“ကျားယွီ ပြိုင်ပွဲပြီးရင် မင်း ငါနဲ့ အောင်ပွဲခံလို့မရဘူးလား”

ကျိုးကျားယွီ : “ငါ့ဖင်ကို စိုက်ကြည့်မနေနဲ့။ ငါတို့ အတူတူ နေဖို့ မဖြစ်နိုင်ဘူး”

ရွှီရူဝမ် : “အာ”

ရှောင်တုံ့က ကျိုးကျားယွီကို နောက်ဆုံးရွေးချယ်ခံရသူအဖြစ်ရွေးချယ်ကာ သူ(မ) ရွေးချယ်ရသည့်အကြောင်းအရင်းကို တခြားပြိုင်ပွဲဝင်များအား ရှင်းပြလေသည်။

သူ(မ) လက်မြှောက်ကာ အရုပ်လက်တစ်ဖက်ကို ပြလျက် ပြောလိုက်သည်။

“ကျွန်မတောင် ဘယ်နေရာမှာမှန်းမသိတဲ့ဆယ်ရုပ်မြောက်ပါ။ အရုပ်ခန္ဓာကိုယ်က တော်တော်လေးပျက်စီးနေပြီ။ ဒီပြိုင်ပွဲဝင်က ကျွန်မအတွက် ဥယျာဉ်ထဲမှာလိုက်ရှာပေးတာ”

ပြိုင်ပွဲဝင်တစ်ယောက်က အံ့ဩလျက် ပြောသည်။

“ဒါကိုတောင် ရှာတွေ့တယ်လား”

ရှောင်တုံ့ : “ဟုတ်တယ်။ ကျွန်မလည်း တော်တော်အံ့ဩသွားတယ်”

သူ(မ) ကျိုးကျားယွီကိုကြည့်ပြီး ဆက်ပြောသည်။

“ဒီဆုံးဖြတ်ချက်ကို ဘယ်သူမှမငြင်းဘူးမလား”

ဆယ်ရုပ်မြောက်ကို ရှာတွေ့ခဲ့လေပြီ။ အချိန်ကန့်သတ်ချက်ကို ကျော်သွားသော်လည်း ဆယ်ယောက်ကြား၌ အမြင့်ဆုံးဖြစ်ရန်ခက်ခဲသည်။ ပြိုင်ပွဲဝင်များ တိတ်တဆိတ်ဆွေးနွေးနေကြပြီး အများစုက ကျိုးကျားယွီ၏‌အောင်မြင်မှုကို သဘောတူလျက် ခေါင်းညိတ်ကြသည်။

ကျိုးကျားယွီ စိတ်သက်သာရာရကာ သက်ပြင်းချတော့မည့်ဆဲဆဲတွင် လူအုပ်ထဲမှ အသံတစ်သံကြားလိုက်ရလေသည်။

“ကျွန်တော် သဘောမတူဘူး”

“သူ့ကို ဘာလို့ရွေးတာလဲ”

ပြောသည့်လူက ရှန်ရိချွင်းနှင့်ရွယ်တူလောက်ရှိမည့် လူငယ်လေးဖြစ်သည်။ သူက စိတ်တိုလျက် ပြော၏။

“ပြိုင်ပွဲတစ်လျှောက်လုံး အဲ့လူကို ကျွန်တော်မတွေ့ဘူး။ ဒီအချက်အလက်က ဘာနည်းလမ်းမှမသုံးဘဲရလာတယ်ဆိုတာ ကျွန်တော်မယုံဘူး”

ပြိုင်ပွဲဝင်အားလုံးထံ၌ သူ့နည်းလမ်းနှင့်သူရှိကြသည်။ တခြားသူများထံ၌ အဆောင်များရှိနေစဉ် ရွှီရူဝမ်လိုလူမျိုးထံ၌ သံလိုက်အိမ်မြှောင်ရှိနေသည်။ အတိုချုံ့ပြောရလျှင် အားလုံးဟာ ပြိုင်ပွဲအတွက် တစ်ခုခုယူလာကြစမြဲ။

တစ်ဖက်တွင်မူ ကျိုးကျားယွီထံ၌ လက်ဗလာနှင့် အပြစ်ကင်းစင်သည့်မျက်နှာလေးသာ ရှိသည်။ သူ့ကို ပြိုင်ပွဲ၏အစီစဉ်တင်ဆက်သူဟု ပြောလျှင်ပင် ယုံကြဦးမည်။

“တကယ်ပြောနေတာလား”

သူ့ဘေးနားရှိရွှီရူဝမ်က လှောင်ရယ်လေသည်။

“မင်းက ဒိုင်လူကြီးတွေရဲ့တရားမျှတမှုကို မေးခွန်းထုတ်တာလား”

လူငယ်လေးက အသက်ငယ်ပြီးတက်ကြွသည်။ မျက်ဝန်းများက အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း သူ ဆက်ပြောနေဆဲပင်။

“ငါက ဘာလို့သံသယဝင်လို့မရတာလဲ။ မှတ်တမ်းကြည့်ကြတာပေါ့”

သူ့စကားက ပတ်ဝန်းကျင်မှ ထူးဆန်းသည့်အကြည့်များကို လက်ခံရရှိစေသည်။

ရွှီရူဝမ် ပြုံးလိုက်သည်။

“မင်းက ဖုန်းရွှေလောကထဲမှာ လူသစ်ထင်တယ်”

လူငယ်လေး အံကြိတ်သည်။

“အဲ့တော့ ဘာဖြစ်လဲ။ သူတို့ကို သံသယဝင်လို့ မရဘူးလား”

လူပေါင်းများစွာ ရယ်မောကြသော်လည်း ခုနတုန်းက ဝန်ထမ်းက ကျိုးကျားယွီ၏ပြိုင်ပွဲမှတ်တမ်းရပြီဖြစ်ကြောင်းပြောလျက် ပြန်ရောက်လာလေသည်။ သူတို့ မေးစရာရှိလျှင် ကိုယ့်ဘာသာကိုယ်ကြည့်လိုက်ကြရုံသာ။

တကယ်တမ်းတွင် ဖုန်းရွှေလောကထဲ၌ နည်းလမ်းများစွာ ရှိသည်။ ကျိုးကျားယွီက လင်းကျူးရွှေ၏တပည့်ဖြစ်ပြီး ဘယ်လိုနည်းလမ်းကြောင့် သူ အကြာကြီး ပျောက်သွားရသလဲဆိုတာ အားလုံးသိချင်နေကြသည်။

ထို့ကြောင့် ဝန်ထမ်းက ကျိုးကျားယွီ၏မှတ်တမ်းကို ဖွင့်ပြလိုက်သည်။ ကျိုးကျားယွီကိုယ်တိုင်မှလွဲ၍ တခြားပြိုင်ပွဲဝင်များက ခပ်တည်တည်ကြည့်နေကြသည်။

ကျိုးကျားယွီ : “…”

ကြောက်စရာကြီး။

လူများက ကျိုးကျားယွီ ပထမထပ်မှ စတုတ္ထထပ်သို့တန်းတက်သွားပြီး ပြန်လှည့်မည့်အချိန် တစ်ခုခုတက်နင်းမိသည်ကို ကြည့်နေကြသည်။ သူ ခြေချော်သွားကာ ကြမ်းပြင်ပေါ်လဲကျပြီး ဒူးကိုဖက်လျက် မျက်ရည်များတိတ်တဆိတ်ကျလာသည်။

မူလတုန်းက ဆူညံနေသည့်ဧည့်ခန်းဟာ ရှုပ်ထွေးသည့်တိတ်ဆိတ်မှု လွှမ်းမိုးသွားလေသည်။

တခြားသူများနှင့်အတူကြည့်နေသည့်ရှောင်တုံ့လည်း မရယ်ဘဲ မနေနိုင်တော့ပေ။

ကျိုးကျားယွီခမျာ ရှက်လွန်းသဖြင့် သူ့ဘာသာသူ တွင်းတူး၍သာ မြှုပ်ထားလိုက်ချင်သည်။

နောက်ဆုံး ကျိုးကျားယွီ ဆန်းကြယ်စွာ ပျောက်ဆုံးသွားသည့်ကိစ္စ အဖြေပေါ်လာခဲ့လေသည်။

ရွှီရူဝမ်က သူ့ဘာသာသူတွက်ချက်နေစဉ် လင်းကျူးရွှေ၏တပည့်ကျိုးကျားယွီက ပြိုင်ပွဲအလယ်တွင် ကံမကောင်းစွာပိတ်မိသွားပြီး တနေ့လုံးငိုနေခဲ့သည်။

“ကြည့်၊ ကြည့်”

အနှီကောင်လေးက အသံမြင့်လျက်‌ပြောသည်။

“သူ တစ်နေကုန်ထိုင်နေပြီး ဆယ်ရုပ်မြောက် ဘယ်မှာရှိလဲဆိုတာ သိသွားတာပေါ့? အဓိပ္ပာယ်မရှိလိုက်တာ”

ရှောင်တုံ့ : “ မင်း ဘာလိုချင်လို့လဲ”

ကောင်လေး : “သူ ဘာနည်းလမ်းသုံးလဲဆိုတာ ပြောပြစေချင်တာ”

“ဟာသပဲ”

ရွှီရူဝမ် လှောင်ရယ်လိုက်သည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ”

ကောင်လေးအင်္ကျီပေါ်ရှိနာမည်ကဒ်ကို ကြည့်ပြီးပြောလိုက်၏။

“မင်း ဒီကို ရန်ဖြစ်ဖို့လာတာလား။ လုရူအန်း ဒီနယ်ပယ်ရဲ့သဘောသဘာဝကိုတောင် မင်းနားလည်ရဲ့လား”

လုရူအန်းသည် ဒေါသကြောင့် မျက်ဝန်းများတောက်လောင်လာသည်။

“သူ ဒီလိုအိပ်နေပြီး အဖြေထွက်တယ်ဆိုတာ ဖြစ်နိုင်လို့လား”

“သက်သေက မင်းအရှေ့မှာလေ။ သူ ပြိုင်ပွဲဧရိယာကနေ မထွက်ဘူး၊ တခြားသူတွေနဲ့ မဆက်သွယ်ဘူး။ ဟုတ်တယ် ဒီတိုင်းလေးအိပ်ပြီး အဖြေရသွားတာ။ သဘောမတူဘူးလား။ မင်း သဘောမတူရင် သောက်ပါးစပ်ပိတ်ထား”

ရွှီရူဝမ်သည် အတော်လေးစိတ်အချဉ်ပေါက်လာလေပြီ

လုရူအန်းမျက်နှာလည်း ဒေါသကြောင့်နီရဲနေ၏။ သူ ရွှီရူဝမ်နှင့်ဆက်ငြင်းရန် စီစဉ်ထားကြောင်းသိသာလှသည်။ သို့သော် ဘေးနားတွင် တိတ်ဆိတ်နေခဲ့သည့်ရှောင်တုံ့က သူ့ပခုံးကိုပုတ်လျက်ပြောသည်။

“သဘောမတူဘူးမလား”

လုရူအန်း : “ဟုတ်တယ်”

ရှောင်တုံ့ : “ဒါဆို ထပ်ပြိုင်ကြတာပေါ့”

ကျိုးကျားယွီမပြောခင် လုရူအန်းက မေးငေါ့လျက်ပြောသည်။

“မင်းသိပ်စွမ်းတယ်ဆိုရင် မငြင်းနဲ့နော်”

ကျိုးကျားယွီက သဘောကောင်းသူဖြစ်သော်လည်း သူများတွန်းထုတ်သည်ကို ငြိမ်ခံမည့်လူစားမျိုး မဟုတ်ပေ။ သူ အေးစက်စက် ပြောလိုက်သည်။

“ငါတို့ထပ်ပြိုင်လို့ ရလဒ်ကအတူတူပဲဆိုရင် ငါ့ဂုဏ်သိက္ခာကိုစော်ကားတဲ့အတွက် ဘာပြန်လျော်ပေးမှာလဲ”

လုရူအန်း အံကြိတ်ထားလေသည်။

“ငါမှားရင် ဖုန်းရွှေလောကက ထွက်သွားမယ်။ ဒါပေမဲ့ မင်းရှုံးရင်ရော ဘာလုပ်မှာလဲ”

ကျိုးကျားယွီ : “ငါ ရှုံးရင် ငါလည်းထွက်မယ်။ အစိုးရစာမေးပွဲ ဝင်‌ဖြေတော့မှာ”

လုရူအန်း : “…”

ကျိုးကျားယွီလေသံက ဘာလို့ ပျော်နေသလိုခံစားရတာလဲ သူ စိတ်ထင်တာဖြစ်မှာပါ။

အစိုးရစာမေးပွဲစကားလုံးက အနည်းငယ် တခြားစီဖြစ်နေသော်လည်း အနည်းဆုံးတော့ နှစ်ဦးနှစ်ဖက်လောင်းကြေး ဖြစ်သွားလေသည်။

ရှောင်တုံ့ လက်ခုပ်တီးလျက်ပြောလိုက်သည်။

“ကောင်းပြီ။ ဆက်ပြိုင်ချင်တဲ့လူရှိသေးလား”

လောင်းကြေးအလွန်မြင့်သည်ကို မြင်လိုက်ရသဖြင့် တခြားပြိုင်ပွဲဝင်များအသံမထွက်ရဲကြပေ။ ထို့ကြောင့် ကျိုးကျားယွီနှင့်လုရူအန်းသာ ရှောင်တုံ့နောက်ကိုလိုက်ပြီး အပေါ်ထပ်တက်သွားကြသည်။

ရွှီရူဝမ်၏မျက်နှာထားက အလွန်ကြည့်ရဆိုးနေသော်လည်း ဘာမှမပြောနိုင်ပေ။

ကျိုးကျားယွီ၏စိတ်ထဲရှိကျီပါ့က လုရူအန်း သူ့ကိုရန်စလာချိန်တွင် လွန်စွာစိတ်လှုပ်ရှားနေခဲ့သည်။ အဝါရောင်အတောင်ပံများကို ခတ်လျက် ခပ်တိုးတိုးဆဲ၏။

“အဲ့ကောင်ကို ရိုက်၊ အဲ့ကောင်ကို ချ။ သူ ငါတို့ကို ရန်စရဲတာ။ ရိုက်သတ်ပစ်လိုက်”

သို့သော် လုရူအန်းနှင့်ကျိုးကျားယွီတို့၏လောင်းကြေးကို ကြားပြီးနောက် ခြောက်ကပ်သည့်အမူအရာနှင့် ပြောလေသည်။

“ကျိုးကျားယွီ မင်း ပြိုင်ပွဲကိုအရှုံးခံပြီး အစိုးရစာမေးပွဲ ဝင်မဖြေဘူးမလား”

ကျိုးကျားယွီ : “မင်း ဘာလို့အစောကြီးပြောလိုက်တာလဲ”

ကျီပါ့ :”???”

အဲ့တော့ တကယ်ကြီးတွေးပြီးသားပေါ့လေ?

ကျိုးကျားယွီ : စတာပါ။ ဖုန်းရွှေလောကထဲက ပြိုင်ပွဲက အရမ်းကြမ်းတယ်။ ငါ့ကို စွပ်စွဲတဲ့လူကိုတောင်မနိုင်ဘူးဆိုရင် အဲ့အတွက်တော့ တကယ် အရှုံးပေးနိုင်မယ်မထင်ဘူး”

ကျိုးကျားယွီ၏စကားက ထူးထူးဆန်းဆန်း သင့်လျော်နေသည်ဟု ကျီပါ့ခံစားမိသည်။ ရှေ့နောက်ပျံသန်းကာ ဒေါသတကြီးရေရွတ်နေလေသည်။

ကျီပါ့ရေရွတ်‌နေစဉ်တွင် ရှောင်တုံ့က ကျိုးကျားယွီနှင့်လုရူအန်းကို စတုတ္ထထပ်သို့ ခေါ်သွားလေသည်။ သူ(မ) သံတံခါးရှေ့တွင်ရပ်ကာ သော့ဖွင့်လိုက်သည်။

“အသင့်ပဲလား”

လုရူအန်းက အနည်းငယ်စိတ်ပူနေသော်လည်း လေးလံစွာခေါင်းညိတ်လိုက်သည်။ ကျိုးကျားယွီကိုပင် စူးစူးရဲရဲကြည့်လိုက်သေး၏။

အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့် ကျိုးကျားယွီက စူးစူးရဲရဲအကြည့်ကို နူးညံ့သည့်အပြုံးနှင့် တုံ့ပြန်လိုက်သည်။

လုရူအန်း : “ ဟမ့် မင်းအလှတရားက မင်းကို အလျော့ပေးအောင် လုပ်နိုင်မယ်ထင်နေတာလား”

ကျိုးကျားယွီ : “…”

ဒီနေ့ခေတ်လူငယ်တွေ ဘာတွေတွေးနေကြတာတုန်း။

ချောက်ခနဲအသံနှင့်အတူ ဖုန်တက်နေသည့်သံတံခါးကြီးက ဖြည်းညှင်းစွာပွင့်သွားလေသည်။ ကျိုးကျားယွီနှင့်လုရူအန်းတို့ စတုတ္တထပ်၏မြင်ကွင်းအပြည့်အစုံကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံး လေအေးများရှုရှိုက်မိကာ မြင်ကွင်းကြောင့် ကြောင်သွားကြသည်။

စတုတ္ထထပ်၏ကြမ်းပြင်နှင့်နံရံ၌ အမှတ်အသားများ အပြည့်ပင်။ ထိုအမှတ်အသားများကို ချွန်ထက်သည့်အရာတစ်ခုခုနှင့် ရေးခြစ်ထားပုံရပြီး ထောင့်တိုင်းတွင် တွေ့ရလေသည်။ အမှတ်အသားတိုင်းက နက်ရှိုင်းနေကာ အချိန်ကြာမြင့်လာသောကြောင့် အနားရှိ သွေးကွက်များလည်း ခြောက်သွားပုံရသည်။

“ဒီနေရာကို ကျွန်မပြန်ပြင်ချင်ခဲ့တာ”

ရှောင်တုံ့ကို စတုတ္ထထပ်သို့တက်လာပြီး ကြောက်စရာနံရံကိုပွတ်သပ်လျက် ပြောသည်။

“ဒါပေမဲ့ မရပါဘူး။ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ နံရံပေါ်က ဘိလပ်မြေတွေက နောက်ရက်ကျပြန်ကွာသွားတာပဲ။ ကျွန်မ ဘယ်လိုပဲပြင်ပြင် အလုပ်မဖြစ်ဘူး။ အဲ့ဒါကြောင့် ဒီနေရာကိုပိတ်ပစ်လိုက်တာ”

လုရူအန်းက အသက်ငယ်သေးသဖြင့် မျက်စိရှေ့မှမြင်ကွင်းကြောင့် တုန်လှုပ်သွားကာ မျက်နှာတစ်ခုလုံး ဖြူစုတ်သွားလေသည်။

လုရူအန်း၏အကြောက်တရားကို လျစ်လျုရှုကာ ကျိုးကျားယွီက နံရံကိုပင်ထိကြည့်ပြီး အခြေမငြိမ်သေးသည့်ခံစားချက်တစ်ခုကို ခံစားမိနေသည်။ ဤအထပ်၏အနက်ရောင်မြူလည်း ထူထပ်သော်လည်း အောက်ထပ်နှင့်ယှဉ်ကြည့်ပါက အနက်ရောင်မြူထဲ၌ နီညိုရောင်ရောနေသည်။

“ဒါ လူသတ်မှုဖြစ်တဲ့အခန်း”

ရှောင်တုံ့က လူသွားလမ်းအဆုံးရှိ အိပ်ခန်းသို့လျှောက်သွားပြီး သူတို့ကို ခြေဟန်လက်ဟန်ပြလိုက်သည်။

“အချိန် တစ်နာရီခွဲပေးမယ်”

ကျိုးကျားယွီက အခန်းတည်ဆောက်ပုံကိုကြည့်ပြီး ရင်းနှီးနေသကဲ့သို့ခံစားရသည်။ အိပ်ရာကို မြင်မှ သူ သတိလစ်သွားစဉ် မြင်ခဲ့ရသည့်မြင်ကွင်းမှန်း သေချာသွားလေသည်။

ကြောက်နေသည့်ကလေးလေးခ‌မျာ အိပ်ယာအောက်မှ အတင်းဆွဲထုတ်ခံရပြီး ရူးနေသည့်သခင်မက ဓားကိုမြှောက်လျက် သူ(မ)ချစ်ရသည့်ကလေးငယ်ကို နိဂုံးချုပ်ခဲ့သည်။

ကျိုးကျားယွီ : “မင်းက ဘာသိချင်တာလဲ”

ရှောင်တုံ့ ပေါ့ပါးစွာပြုံးသည်။

“နင် သိပြီးသားလို့ထင်တယ်”

အမှန်ပင်၊ ရှောင်တုံ့ဘာလိုချင်ကြောင်း ကျိုးကျားယွီ သေချာသိနေသည်။ ပြိုင်ပွဲကို ဘယ်သူနိုင်နိုင်၊ သူ(မ) ဂရုမစိုက်ပေ။ သူ(မ)အချိန်တော်တော်ကြာသိချင်နေသည့် ‘ သခင်မကို ဘယ်သူသတ်သွားလဲ’ မေးခွန်း၏အဖြေကိုသာ သိချင်နေခြင်းဖြစ်သည်။

“အဖြေပေးနိုင်လား”

ကျိုးကျားယွီ သက်ပြင်းချ၏။

“ငါ…ကြိုးစား…ကြည့်မယ်”

ကျိုးကျားယွီနှင့်ရှောင်တုံ့ကြားရှိစကားဝိုင်းကို လုရူအန်းနားမလည်နိုင်ပေ။ သူ မျက်မှောင်ကြုံ့လျက်ပြောသည်။

“ဒီမှာဖြစ်ခဲ့သမျှအရာအားလုံး သိချင်တာလား”

ရှောင်တုံ့မရှင်းပြတော့ဘဲ အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

လုရူအန်းလည်း ဆင်တူသည့်သံလိုက်အိမ်မြှောင် ယူလာသော်လည်း သူ့သံလိုက်အိမ်မြှောင်က ရွှီရူဝမ်သံလိုက်အိမ်မြှောင်ထက် ပိုရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲသည့်အမှတ်အသားများ ရေးဆွဲထားလေသည်။

ကျိုးကျားယွီက သွေးစွန်းနေသည့်အိပ်ရာသို့ ဖြည်းညှင်းစွာလျှောက်သွားသည်။

အိပ်ရာကသိပ်မကြီးမားဘဲ ကလေးတစ်ယောက်အတွက် ရည်ရွယ်ထားပုံရသည်။ အိပ်ရာဘေး၌ အရုပ်များ၊ စာအုပ်များနှင့် ကာတွန်းပုံပါသည့်နံရံကပ် စက္ကူကပ်ထားလေသည်။ လူသတ်မှုမဖြစ်ခင်တုန်းက ဤအခန်းဟာ မိဘများ၏အချစ်များနှင့်ပြည့်နေခဲ့သည်ဟု ပုံဖော်ကြည့်နိုင်သည်။

ကျိုးကျားယွီ အသက်ပြင်းပြင်းရှုပြီးနောက် အိပ်ရာလေးပေါ်သို့ လက်တင်လိုက်သည်။

ထင်ထားသည့်အတိုင်းပင်၊ သူ့မျက်လုံးထဲ၌ ပရမ်းပတာမြင်ကွင်းများ ထပ်ပေါ်လာသည်။ တချို့က မြင်ဖူးပြီးသားဖြစ်ပြီး တချို့က အသစ်ဖြစ်သည်။ အိပ်ရာပေါ်၌ ကလေးတစ်ယောက်က မိခင်ဖြစ်သူ၏အိပ်ယာဝင်ပုံပြင်ကို နားထောင်ရင်း လှဲအိပ်နေသည်။ စတုတ္ထထပ်၊ အိပ်ခန်းထဲ၌ အိမ်တော်သခင်ကို သူ့ဇနီးသတ်ပစ်လိုက်သည့်မြင်ကွင်းအား သူ မြင်ခဲ့ရသည်။ ထို့နောက် ကလေးလေးကကြောက်ပြီး အခန်းထဲပြေးဝင်ကာ အိပ်ရာအောက်တွင် ပုန်းနေသည်ကို မြင်ခဲ့ရသည်။

ကျိုုးကျားယွီ အသက်ရှုသံပြင်းထန်ကာ စိတ်ခံစားမှုဝဲဂယက်အတွင်းသို့ ကျရောက်သွားလေသည်။ အနီရောင်ဒေါက်ဖိနပ်ဝတ်ထားသည့် အမျိုးသမီးက ဤအခန်းထဲ၌ ကလေးတစ်ယောက်အားသတ်ပစ်လိုက်သည်ကို သူ မြင်ခဲ့သည်။ ဤကိစ္စအားလုံးပြီးသည့်နောက် ဓားနှင့်ထိုးထားသည့်အရုပ်အပိုင်းအစကို ဖြည်းညှင်းစွာပြန်ကောက်ကာ အောက်ထပ်သို့ဆင်းသွားပြီး ဥယျာဉ်ထဲမြှုပ်ထားလိုက်လေသည်။

၎င်းဟာ ဆယ်ရုပ်မြောက်မြှုပ်ထားသည့် နေရာ ဖြစ်သည်။ မမြှုပ်ခင်၊ ထိုအမျိုးသမီးက သူ(မ)ကိုယ်ပေါ်ရှိသွေးကွက်များကို သွားဆေးကြောပြီး အဝတ်အစားပင် လဲလိုက်လေသေးသည်။ ထို့နောက် ပန်းများ၏အလယ်တွင် တွင်းတစ်တွင်းတူးကာ အရုပ်ကို မြှုပ်ထားလိုက်လေသည်။

ထိပ်ဆုံး၌ နောက်ဆုံးမြေကြီးလက်တစ်ဆုပ်စာ တင်ပြီးနောက် စကပ်အနားသပ်ကိုသိမ်းကာ သီချင်းညည်းလျက် အိမ်ထဲပြန်ဝင်သွားသည်။

“ကောင်းလိုက်တာ”

သူ(မ) စတုတ္ထထပ်တွင်ရပ်ကာ ဗလာကျင်းနေသည့်သွေးသံရဲရဲအခန်းကို စကားပြောနေသည်။

“ငါ…ကလေးဆိုးတွေအားလုံး သတ်ပစ်…”

သူ(မ) ဆုံးအောင် မပြောနိုင်ခဲ့ပေ။

ဝမ်းဗိုက်အတွင်းသို့ တစ်ခုခုထိုးသွင်းလာသောကြောင့် ဖြစ်သည်။

အမျိုးသမီးလန့်ပြီး လှည့်ကြည့်လိုက်သော်လည်း နောက်ကျောဘက်၌ ဘာမှမရှိပေ။ ထပ်အထိုးခံရသဖြင့် ဖြည်းညှင်းစွာခေါင်းငုံ့ကြည့်လိုက်မှသာ ကြမ်းပြင်ပေါ်တွင် ပြုံးပြနေသည့်လူပုံသဏ္ဍာန်အရုပ်တစ်ရုပ်ကို တွေ့လိုက်ရသည်။

ကျိုးကျားယွီခမျာ သူ့မျက်လုံးကိုပင် သူ မယုံနိုင်ပေ။

အရုပ်က လှုပ်နေတာလား?

ပြီးတော့ လက်ထဲမှာ ဓားကိုင်ထားသေးတယ်?

သူတွေးနေစဉ် အရုပ်လေးနှင့် အကြည့်ချင်းဆုံသွားလေသည်။

ဖန်လုံးကဲ့သို့ အသက်မပါသည့်အကြည့်ဖြစ်သော်လည်း အေးစက်မှုအပြည့်ပင်။

ကျိုးကျားယွီ ရုတ်တရက်နိုးလာကာ ချွေးပျံနေသည်။ ခဏကြာပြီးနောက် တဖြည်းဖြည်းငြိမ်သွားပြီး ခပ်တိုးတိုးဆဲသည်။

“သောက်ကျိုးနည်း”

ရှောက်တုံ့နှင့်လုရူအန်းတို့ သူ့ဘေးနားရပ်လျက် အံ့ဩနေကြသည်။

ရှောင်တုံ့ : “အဆင်ပြေရဲ့လား။”

ကျိုးကျားယွီက အိပ်ရာလေးနှင့်အကြည့်ချင်းဆုံသွားစဉ် ယခင်ကလိုလဲကျသွားကာ မျက်ဖြူစိုက်လျက်တုန်နေသည်။ သူ မငိုသော်လည်း သိပ်ကောင်းပုံမရပေ။

“ပြေပါတယ်”

ပထမဆုံးအကြိမ်နှင့်ယှဉ်ကြည့်လျှင် ကျိုးကျားယွီ အခြေအနေပိုကောင်းလာသည်။ အနည်းဆုံးတော့ တတိယရှုထောင့်နှင့်မြင်ရကာ နစ်နာသူ ဖြစ်စရာမလိုတော့ပေ။

“အဖြေသိပြီ”

ပထမဆုံးအကြိမ်အနေဖြင့် ရှောင်တုံ့မျက်နှာ၌ စိတ်လှုပ်ရှားမှုပေါ်လွင်နေသည်။ သူ(မ)မျက်ဝန်းများ တဖျက်ဖျက်ခပ်ကာ ကျိုးကျားယွီကိုကူထူပေးရန် အရှေ့တိုးလာသည်။

“ဘယ်သူလဲ”

ကျိုးကျားယွီ ခဏလောက်တိတ်ဆိတ်နေပြီး သူ မြင်ခဲ့ရသည့်မြင်ကွင်းများကို ခက်ခက်ခဲခဲပြောပြလေသည်။

“လူမဟုတ်ဘူး”

ရှောင်တုံ့ ကြောင်သွား၏။

ကျိုးကျားယွီ ရှောင်တုံ့ကိုမော့ကြည့်ပြီး တစ်ခွန်းချင်းပြောသည်။

“အရုပ်တစ်ရုပ်ပဲ”

ထိုကဲ့သို့ပင် လေထုတစ်ခုလုံး‌အေးစက်သွားသည်။ ရှောင်တုံ့က ကျိုးကျားယွီကို မယုံနိုင်စွာ ကြည့်ပြီး ပြောလိုက်သည်။

“ဘာပြောလိုက်တာလဲ”

“သူ့ကိုသတ်လိုက်တာ အရုပ်တစ်ရုပ်ပဲ”

ကျိုးကျားယွီ : “သူ့ကိုအနောက်ကနေ ဓားနဲ့ထိုးပြီး လဲကျသွားတာစောင့်တယ်။ အရှေ့ကို ပြန်သွားပြီး အဆုံးသတ်ပစ်လိုက်တယ်။ နောက်ဆုံးကျမှ ခြေလက်နဲ့ခေါင်းကိုညဖြတ်လိုက်တာ”

ရှောင်တုံ့က ကျိုးကျားယွီကို တိတ်ဆိတ်စွာကြည့်နေပြီးမှ ပြောသည်။

“ငါ အခုနားလည်ပြီ”

ထိုအခြေအနေကိုမြင်ပြီး လုရူအန်း တစ်ခုခု နားလည်သွားကာ အလျင်စလိုပြောသည်။

“ကျွန် ကျွန်တော် ရှာတွေ့တာရော နားမထောင်ချင်ဘူးလား”

ရှောင်တုံ့က သူ့ကိုကြည့်ပြီး ပြောလိုက်သည်။

“ပြောလေ”

လုရူအန်းက သူ အာရုံခံမိသည်ကို ရှောင်တုံ့အား အသေးစိတ်ပြောပြသော်လည်း သူ ပြောသည်မှာ အကြမ်းဖျင်းသာဖြစ်သည်။ မူလအကြောင်းအရာတူသော်လည်း ရှောင်တုံ့အတွက် အကူအညီမဖြစ်ပေ။

“လူသတ်သမားက သခင်မပဲ။ သူ မမိသွားဘူးဆိုတော့ အခုဆိုထွက်ပြေးလောက်ပြီမလား”

လုရူအန်းက နဖူး၌ချွေးပျံကာ ရှောင်တုံ့၏မပြောင်းလဲသည့်အမူအရာကိုကြည့်ပြီး စိတ်ထဲ မလွယ်ကူသကဲ့သို့ခံစားရသည်။

“မှားတယ်”

ရှောင်တုံ့ ပြောသည်။

“လုံးဝမှားတယ်”

လုရူအန်း၏အမူအရာ အေးခဲသွားပြီးထပ်ပြောသည်။

“မဖြစ်နိုင်တာ။ သခင်မက လူသတ်သမားလို့ သေချာအာရုံခံမိတာကို”

ရှောင်တုံ့သက်ပြင်းချပြီး ပြောသည်။

“ဒီမှာဖြစ်တဲ့အမှုက နစ်နာသူလေးယောက်ပါလို့ ပြောပြီးသားလေ။ သခင်မလွတ်သွားတယ်ဆိုရင် နစ်နာသူလေးယောက် ဘယ်လိုဖြစ်မှာလဲ”

လုရူအန်း လျှာတောင့်သွားလေသည်။ သူ စတုတ္ထထပ်သို့တက်လာစဉ်က ထူးထူးခြားခြား ပူပန်နေကာ ယခုလို အဆင့်နိမ့်အမှားမျိုးလုပ်မိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။

“ဒါပေမဲ့ ပထမပိုင်းတော့မှန်ပါတယ်”

ရှောင်တုံ့ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

လုရူအန်း : “ဟုတ်တယ် အနည်းဆုံးတော့ ပထမပိုင်း မှန်ပါတယ်။ ကျွန်တော် သူ့ထက် ပိုအသေးစိတ်ကျတယ်မလား”

ရှောင်တုံ့ ခေါင်းခါသည်။

“ဒါပေမဲ့ နင်ပြောတာတွေက သူ ဘောနပ်စ်မေးခွန်းမှာ ပြောပြီးသားတွေ။ ပြီးတော့ ငါပဲသိတဲ့တချို့အချက်အလက်တွေလည်း ပြောသေးတယ်”

လုရူအန်းက သံလိုက်အိမ်မြှောင်ကို ခပ်တင်းတင်းဆုပ်ကိုင်လျက် စိတ်မချမ်းမြေ့စွာပြောသည်။

“ဒါပေမဲ့ ဘာလို့…တစ်ရေးအိပ်ပြီး…သူ…”

ရှောင်တုံ့က ယခင်ကထက် အားနည်းနေသေးသည့်ကျိုးကျားယွီကိုကြည့်ပြီး ပြုံးလိုက်သည်။

“အရုပ်တစ်ရုပ် လုပ်သလိုပဲလေ။ တချို့လူတွေက ပင်ကိုအစွမ်းကိုရှိကြတာ။ ဆယ်နှစ်လောက် ကြိုးစားလာတဲ့လူက လူတစ်ယောက်ရဲ့လျှပ်တစ်ပြက်ထူးချွန်မှုကို မယှဉ်နိုင်ဘူး”

လုရူအန်းခမျာ လက်ထဲ၌သံလိုက်အိမ်မြှောင်ကိုင်ထားလျက် တုန်လှုပ်သွားကာ စကားတစ်ခွန်းမှမပြောတော့ဘဲ နက်နက်ရှိုင်းရှိုင်းထိသွားလေသည်။

ကျိုးကျားယွီ မေးလိုက်သည်။

“မင်းဆရာ ဘယ်သူလဲ။”

လုရူအန်း နူးညံ့စွာပြန်ဖြေသည်။

“ငါ့မှာ ဆရာမရှိဘူး။ အကုန် ကိုယ့်ဘာသာကိုယ် သင်ထားတာ”

သူ့သံလိုက်အိမ်မြှောင်ကိုပင် တစ်ပတ်ရစ်ဈေးမှရလာခြင်းဖြစ်သည်။

ကျိုးကျားယွီ အံ့ဩသွား၏။

“မင်းဘာသာမင်း သင်တာ? ဒါဆို ဒီပြိုင်ပွဲကို ဘယ်လိုရှာတွေ့တာလဲ”

လုရူအန်း : “လိုင်းပေါ်က တွေ့တာ”

ကျိုးကျားယွီ : “…”

လန့်လောက်စရာပဲ။

လုရူအန်း သူ့ကိုမော့ကြည့်လျက် ပြောသည်။

“ငါ ရှုံးပြီဆိုတော့…ထပ်ဝင်မပါတော့ဘူး”

ကျိုးကျားယွီက သူ တော်တော်ငယ်သေးကြောင်းသိသဖြင့် မေးလိုက်သည်။

“မင်းအရွယ်က ကျောင်းတက်နေရမှာ။ ဘယ်လို ထွက်လာတာလဲ”

လုရူအန်း ပေါ်တင်ပြောလိုက်သည်။

“အတန်းလစ်လာတာ”

ကျိုးကျားယွီ : “…”

သူ ဘာပြောရမှန်းမသိသဖြင့် သက်ပြင်းသာ ချလိုက်တော့သည်။

“ဒီနယ်ပယ်က မင်းထင်သလောက် မလွယ်ဘူး။ ထူးဆန်းတဲ့အရာတွေနဲ့ အမြဲကြုံတွေ့နေမှာ။ ပိတ်မိသွားရင် တစ်သက်လုံးထွက်နိုင်တော့မှာ မဟုတ်ဘူး”

ယခင်တုန်း ရွမ်ယွင်ကျယ်သည် မကောင်းဆိုးဝါးလေးတစ်ကောင် မွေးဖူးသည်။ ၎င်းကိုတွေ့သူက ဝါနုသေးသည့်လုရူအန်းဖြစ်ခဲ့ပါက မကောင်းဆိုးဝါးလေးလည်း အသက်ရှင်မည်မဟုတ်သလို သူကိုယ်တိုင်လည်း ဒုက္ခရောက်လိမ့်မည်။

“သိပါတယ်”

လုရူအန်း : “မင်းလည်း အပြင်လူတွေလို ငါ့ကို အထင်သေးတာပဲ။ မင်းအခြေအနေက သာမန် မဟုတ်ဘူးမလား”

ကျိုးကျားယွီ : “ဘာလို့ အဲ့လိုပြောတာလဲ”

လုရူအန်း : “ငါ မင်းကိုရန်စတုန်းက အားလုံးက ငါ့ကိုအရူးလို ကြည့်ကြတာ”

ကျိုးကျားယွီ ပြောစရာမရှိတော့ပေ။

“မင်း မေးချင်သေးလား’

လုရူအန်း ညည်းညူလိုက်သည်။

“ခေါင်းမာမိတာ ငါပါပဲ”

ရှောင်တုံ့ကနားထောင်နေရင်း ခေါင်းစောင်းလိုက်သည်။

“အကြိုပြိုင်ပွဲတုန်းက ပထမရတာ ဘယ်သူလဲမသိဘူးလား။ တော်ဝင်ကျောက်စိမ်း ခွဲခဲ့တာတောင်လေ”

ထိုမှသာ လုရူအန်းကျိန်ဆဲကာ အကြိုပြိုင်ပွဲအကြောင်းသိခဲ့လျှင် စောစောပြန်မည်မဟုတ်ကြောင်းပြောလာသည်။ သံလိုက်အိမ်မြှောင်ကို သူ့အိတ်ထဲထိုးထည့်ကာ သုံးယောက်အတူတူ ပြန်ဆင်းလာကြလေသည်။

တကယ်တမ်းတွင် ကျိုးကျားယွီ လောင်းကြေးကိုအတည်ယူရမလား စဉ်းစားနေသော်လည်း လုရူအန်း၏ထင်ရာစိုင်းသည့် သဘာဝ၊ ဤနယ်ပယ်ထဲ၌ အန္တရာယ်များပုန်းကွယ်နေပြီး သင်ကြားပြသမှုမရှိသည်နှင့် တွဲဖက်လိုက်သည့်အခါ စကားများကို ပါးစပ်ထဲယာယီသိမ်းထားလိုက်ရသည်။

လုရူအန်းရှုံးသွားသော်လည်း သူ့အမှားကိုဝန်ခံကာ နောက်ပိုင်းတွင် ဖုန်းရွှေလောကနှင့်ဘယ်တော့မှမပတ်သက်တော့ကြောင်း ပြောဆိုလာသည်။

သူ ပြောပြီးနောက် ကျိုးကျားယွီထပ်ပြော၏။

“မင်းဆက်နေချင်ရင် နေလို့ရပါတယ်”

လုရူအန်း၏မျက်လုံးများ လင်းလက်သွားသည်။

ကျိုးကျားယွီ : “ ဒါပေမဲ့ မင်းကို သင်ပေးချင်တဲ့ဆရာတစ်ယောက်ရှာပြီး ရှေ့ဆက်လို့အဆင်ပြေပြီဆိုမှ ငါ သဘောတူပေးမယ်”

လုရူအန်းရှက်သွားသော်လည်း သူ့သံလိုက်အိမ်မြှောင်ကို ဘယ်တော့မှထပ်မထိရသည်နှင့် ယှဉ်လျှင် တော်သေး၏။ သူသဘောမတူခင် တုံ့ဆိုင်းနေပြီး ကျိုးကျားယွီ၏ဖုန်းနံပါတ်တောင်းချင်သည်။

ကျိုးကျားယွီပေးရန် ကြံစည်ထားသော်လည်း သူမှတ်မိသည့်နံပါတ်က အတိတ်ကနံပါတ်ဖြစ်နေသည်။ လက်တလောတွင် သူ သုံးနိုင်မည့် ဖုန်းမရှိသဖြင့် တည်ငြိမ်ချင်ယောင်ဆောင်ကာ လုရူအန်းဆီမှ စာရွက်တစ်ရွက်တောင်းပြီး လိပ်စာရေးပေးလိုက်သည်။

ကျွမ်းကျင်သူများဟာ အမှန်တကယ် ကွဲပြားကြောင်းသက်ပြင်းချနေစဉ် လုရူအန်းက ကျိုးကျားယွီ၏လိပ်စာကို မှတ်ထားလိုက်သည်။

သံလိုက်စက်ကွင်း နှောင့်ယှက်မှာဆိုးသဖြင့် ဖုန်းတောင်မသုံးကြလေသလား။

ရွှီရူဝမ်ကမူ ပျင်းလာ၍ ဘေးနားတွင် ဂိမ်းဆော့နေရာမှ ‘မင်း ဘာလောကအကြောင်း ပြောနေတာလဲ’ ဟူသည့်အမူအရာမျိုး ဖြစ်လာသည်။

ကျိုးကျားယွီက တမင်လူလည်ကျပြီး ပြောလိုက်သည်။

“ဟုတ်တယ်။ ငါ့ဆရာ သင်ပေးထားတာလေ။ ဖုန်းရဲ့သံလိုက်လှိုင်းတွေက ကိုယ်ပေါ်သက်ရောက်နိုင်တယ်တဲ့”

ထိုစကားကြားသောအခါ ဖုန်းနှင့် ဂိမ်းဆော့နေကြသည့်ပြိုင်ပွဲဝင်များ ကြောင်သွားကြလေသည်။ ချက်ချင်းကျောမတ်သွားကာ ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ကြသည်။

ထိုအဖြစ်အပျက်ကို ကျိုးကျားယွီမြင်သွားပြီး ရယ်ချင်စိတ်ကို အတင်းထိန်းချုပ်ထားရ၏။

မော်နီတာတစ်ဖက်တွင်မူ ရွှီကျန်က ထေ့ငေါ့သည့်လေသံနှင့် ပြောသည်။

“လင်းကျူးရွှေ ဖုန်းတွေ အန္တရာယ်ရှိတယ်ဆိုတာ မင်း ဘယ်တုန်းကသိသွားတာလဲ။”

လင်းကျူးရွှေက ခပ်ပေါ့ပေါ့ပြောလိုက်သည်။

“ကြာလှပြီ။”

ရွှီကျန် အံ့ဩသွားသည်။ ကျိုးကျားယွီ လျှောက်ပြောနေသည်ဟု ထင်ထားသော်လည်း လင်းကျူးရွှေမျက်နှာထားက ထိုမျှလေးနက်နေလိမ့်မည်ဟု မထင်ထားပေ။

လင်းကျူးရွှေ : “ကျိုးကျားယွီမှာ အရည်အချင်းတွေ အများကြီးရှိတယ်။ အဲ့ထဲက တစ်ခုကတော့ ဘယ်တော့မှဖုန်းမသုံးတာပဲ”

ရွှီကျန် : “တကယ်ကြီးလား”

လင်းကျူးရွှေ မျက်ခုံးတစ်ဖက်ပင့်တင်လျက် ပြောသည်။

“ငါ ဘယ်တုန်းကနောက်ဖူးလို့လဲ”

ရွှီကျန် သူ့ဖုန်းထားသည့်နေရာကိုလှမ်းကြည့်ကာ သူ ဘာတွေးနေကြောင်း ဘယ်သူမှမသိပေ။

ကျိုးကျားယွီသာ ဤနေရာမှာရှိလျှင် လင်းကျူးရွှေ၏သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးလိမ့်မည်။ သူ လျှောက်ပြောခဲ့သည့်တိုင် လင်းကျူးရွှေကပါ ကူလိမ်ပေးမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့။

ချန်ရှောင်ရူနှင့်သူ(မ)ဘေးနားရှိဒိုင်လူကြီးက အနည်းငယ်ကြောင်သွားသည်။ သူ(မ) မေးရန် ပြင်လိုက်သော်လည်း လင်းကျူးရွှေက သူ့ခေါင်းလှည့်ကာ ပါးလျသည့်နှုတ်ခမ်းများဟလျက် သူ့ကိုလိမ်ရန် တိတ်တိတ်လေးရွတ်နေသည်ကို တွေ့လိုက်ရသည်။

ချန်ရှောင်ရူ : “….”

ဖွီးးး

သူ လျှောက်ပြောလိုက်သည့်စကားက ဖုန်းရွှေနယ်ပယ်၌ ဘယ်လောက်အထိ သက်ရောက်သွားမှန် ကျိုးကျားယွီသတိမထားမိပေ။ လက်တလောတွင် လင်းကျူးရွှေ၏တပည့်လေးအဖြစ် သရုပ်ဆောင်နေပြီး မျက်နှာ၌ နားလည်ရခက်သည့်အမူအရာမျိုး ရှိနေသည်။

လုရူအန်းအံ့ဩနေစဉ် ပြိုင်ပွဲရလဒ်များ ဆုံးဖြတ်ပြီးပြီဖြစ်သည်။

ကျိုးကျားယွီက ရွှီရူဝမ်နှင့်အတူ ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက်သွား၏။ ကံမကောင်းစွာဖြင့် သူတို့နှင့်အတူပြိုင်သည့် ယန်မြန်ကတော့ မရောက်ခဲ့ပေ။ သို့သော် သူ အထူးတလည်ဝမ်းနည်းမနေဘဲ ပြိုင်ပွဲမပြိုင်ခင်ကတည်းက သူ့စိတ်ကို ပြင်ဆင်ထားပြီးသားဖြစ်သည်။

အားလုံး ဗီလာမှထွက်သွားရန် ပြင်ဆင်နေစဉ် ကျိုးကျားယွီက သူ့အိတ်ကပ်ထဲရှိအရာတစ်ခုကို သတိရသွားသည်။ ထို့နောက် အားလုံးအနောက်တွင်တမင်နေခဲ့ကာ အိတ်ကပ်ထဲမှထုတ်ပြီး ရှောင်တုံ့ကိုပေးလိုက်သည်။

ရှောင်တုံ့က ကျိုးကျားယွီလက်ထဲရှိလိပ်ပြာဆံထိုးလေးကို မြင်သောအခါ အံ့ဩလျက် ပြောသည်။

“ဘယ်က ရှာတွေ့လာတာလဲ။ ငါ လိုက်ရှာနေတာ ကြာလှပြီ”

ကျိုးကျားယွီ : “မင်းဆံထိုးလား”

“ဒါပေါ့ ငါ့ဟာလေ၊ ပြဿနာရှိလို့လား”

ရှောင်တုံ့က ဆံထိုးကို ဆံပင်ထဲထိုးလိုက်သည်။

ကျိုးကျားယွီ : “ဒါပေမဲ့…”

ရှောင်တုံ့ : “ဘာလဲ?”

ကျိုးကျားယွီ : “ထားလိုက်ပါတော့၊ ဘာမှမဟုတ်ဘူး”

ထိုဆံထိုးကား သခင်မကိုထိုးလိုက်သည့်အရုပ်နှင့်သက်ဆိုင်ကြောင်း သူ ဝေဝါးစွာမှတ်မိနေသည်။

ကျွမ်ကျိုးက လိပ်ပြာကိုအိပ်မက်မက်ပြီး လိပ်ပြာက ကျွမ်ကျိုးကိုအိပ်မက်မက်တယ်။

ရှောင်တုံ့က အရုပ် ဖြစ်သွားလေသလား သို့မဟုတ် အရုပ်က ရှောင်တုံ့ ဖြစ်လာလေသလား။ အဖြေကား ထိုမျှအရေးကြီးပုံမရပေ။

ကျိုးကျားယွီ တံခါးမှ ထွက်သွားပြီးပြီးချင်း ရှောင်တုံ့ထံမှ ခပ်ရေးရေးစကားသံကို ကြားလိုက်ရလေသည်။

ရှောင်တုံ့ : “ငါသာ စောစောပြန်လာခဲ့ရင် ဒါတွေ တစ်ခုမှဖြစ်လာမှာမဟုတ်ဘူး”

သို့သော် ကျိုးကျားယွီ လှည့်ကြည့်လိုက်သည့်အခါ ဗီလာ၏အနက်ရောင်သံတံခါး ပိတ်သွားသည်ကိုသာ တွေ့လိုက်ရသည်။

သူ(မ)ကလေးများနှင့်ခင်ပွန်းကို သတ်ပစ်ခဲ့သည့်အရုပ်ရူးသွပ်သူသခင်မကြောင့် ရှောင်တုံ့ဟု အမည်ရသည့်အိမ်စေက ကမ္ဘာကြီး၏တခြားဖက်အခြမ်းကို အားလုံးပိတ်ဆို့ပစ်လိုက်လေသည်။

+++++++++++++++++

စာရေးသူမှာ ပြောစရာရှိပါတယ်။

ကျိုးကျားယွီ : ကျွန်တော်နိုင်ပြီ။ ကျွန်တော်နိုင်ပြီ။ ကျွန်တော်နိုင်ပြီ။ မှိုသုံးရက်စာလောက် စားစရာမလိုတော့ဘူး!

လင်းကျူးရွှေ : အရမ်းတော်တယ်ဆိုတော့ နောက်လေးရက်လောက် ဆုချဦးမယ်

ကျိုးကျားယွီ : ………..??

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment