ရှန်ရိချွင်းက လှောင်ပြောင်ရာ၌ အလွန် ကျွမ်းကျင်ကြောင်းသိသာသည်။ ရွှီရူဝမ်မျက်နှာမှအကြည့်အရ သူ ယုံနိုင်သည်ထက် ပိုစိတ်တိုသွားလောက်သည်။ ကျိုးကျားယွီက စိတ်ပေါ့ပါးသွားစဉ် မျက်နှာပြင်ပေါ်ရှိအစီအစဉ်တင်ဆက်သူက သူ့နာမည်ခေါ်နေကြောင်း ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဖြတ်ထားသည့်ကျောက်တုံးနှစ်ဆယ်ကျော်က မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာသည်။ ၎င်းတို့ကြားတွင် ကျိုးကျားယွီ၏တော်ဝင်ကျောက်စိမ်းက အထူးတလည်အကြည့်ဖမ်းစားစရာဖြစ်နေသည်။
သူ ရွေးထားသည့်ကျောက်တုံးက အရည်အသွေးအကောင်းဆုံးဖြစ်သောကြောင့် အစီအစဉ်တင်ဆက်သူက ကျိုးကျားယွီနာမည်ကို ဦးစွာခေါ်သည်။ နံဘေး၌ ခံစားချက်အမျိုးမျိုးဖြစ်နေကြသည့် လူများ၏စိုက်ကြည့်ခြင်းကို ခံရသော်လည်း ကျိုးကျားယွီကမူ အလွန်တည်ငြိမ်နေသည်။
“ဂုဏ်ယူပါတယ် မစ္စတာကျိုးကျားယွီ”
အဖိုးတန်တော်ဝင်ကျောက်စိမ်းကို တွေ့ပြီးနောက် အစီအစဉ်တင်ဆက်သူ၏အသံမှာ စိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်နေသည်။
“ပြိုင်ပွဲစလုပ်ကတည်းက တော်ဝင်ကျောက်စိမ်းကိုခွဲဖြစ်တာ ဒါ ဒုတိယအကြိမ်ပဲ။ သူက မစ္စတာလင်းရဲ့တပည့်ဆိုတာ မအံ့ဩတော့ဘူး။ သူ့စွမ်းရည်က တကယ်အထင်ကြီးလောက်စရာပဲ။ နောက်တစ်ပွဲကျရင် သူ့အံ့ဩလောက်စရာ စွမ်းရည်ကိုဆက်စောင့်ကြည့်ကြတာပေါ့။”
“တော်ဝင်ကျောက်စိမ်းကို ပထမဆုံးရခဲ့တဲ့လူက ဘယ်သူလဲခန့်မှန်းကြည့်ပါလား။”
ရှန်ရိချွင်း မေးလိုက်သည်။
ကျိုးကျားယွီက ခန့်မှန်းပြီးပြန်ဖြေသည်။
“ဆရာလင်းလား”
“ဟုတ်တယ် ဆရာပဲ”
ရှန်ရိချွင်းက ပြန်ပြောလိုက်၏။
“ဆရာဝင်ပြိုင်တုန်းက အသက်ရှစ်နှစ်ပဲရှိသေးတယ်လို့ ပြောကြတယ်။ ကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ပြိုင်ပွဲကွင်းထဲမှာ အရမ်းလှတဲ့တော်ဝင်ကျောက်စိမ်းကို ရှာတွေ့ခဲ့တာ”
ကျိုးကျားယွီ ခေါင်းညိတ်သည်။
နောက်ပြိုင်ပွဲဝင်အယောက်နှစ်ဆယ်ကို တစ်ယောက်ချင်းကြေညာသည်။ ရွှီရူဝမ် ရွေးခဲ့သည့် ဖန်သားကျောက်က ဒုတိယရသည်။ ကျိုးကျားယွီ၏ကြက်ကန်းဆန်အိုးမှုကြောင့်သာ မဟုတ်လျှင် သူ သေချာပေါက်နိုင်သည်။ ယခု သူ အလွန်စိတ်တိုနေသည်မှာ မအံ့ဩတော့ပေ။
ထိုကျောက်တုံးအတုံးနှစ်ဆယ်က ဗိုလ်လုပွဲတက်မည့်စာရင်းကို အတည်ပြုပေးလိုက်လေသည်။
ယန်ကျစ်ချွမ်၏တပည့်၊ ယန်မြန်လည်း ဗိုလ်လုပွဲတက်လာသော်ငြား အဆင့်တစ်ဆယ်သာရသည်။ အဆင့်အားလုံးကြေညာပြီးနောက် ကျိုးကျားယွီနှင့်ရှန်ရိချွင်းကို အရက်သောက်ရန် လှမ်းခေါ်လေသည်။
ရှန်ရိချွင်း ပြောလိုက်သည်။
“အရက်သောက်မယ်?”
ယန်မြန် ရှက်ပြုံးပြုံးလျက်ပြော၏။
“အေးပေါ့၊ ဒီတစ်ခါတော့ မှိုမပါတော့ပါဘူး…”
မှိုများက အမှန်တကယ် အလွန်အရသာရှိသော်လည်း ထိုလူနှစ်ယောက်ကို အဆိပ်ထပ်မိစေလျှင် သူ့ဆရာရိုက်တာ သေချာပေါက်ခံရတော့မည်။
“ကောင်းပြီ သွားကြမယ်”
ရှန်ရိချွင်း ပြောလိုက်သည်။
“ဆရာရော”
ကျိုးကျားယွီပြိုင်ပွဲပြီးကတည်းက လင်းကျူးရွှေကိုမတွေ့မိဘဲ ဟိုတယ်ပြန်ရောက်ချိန်တွင်လည်း ရှာမတွေ့ပေ။
“ဒိုင်တွေ အစည်းအဝေးလုပ်နေတယ်ထင်တယ်”
ရှန်ရိချွင်း ပြောသည်။
“ပြိုင်ပွဲဝန်ထမ်းက ဒိုင်တွေကို ပြန်လာပို့ပေးလိမ့်မယ်။ ဆရာ့ကို စိတ်ပူစရာမလိုဘူး”
ထိုမှသာ ကျိုးကျားယွီသဘောတူသည်။
သူတို့သုံးယောက်ညစာစားပြီး စကားပြောရန် နေရာတစ်နေရာရွေးကြသည်။ ကျိုးကျားယွီ ထိုကျောက်တုံးကိုရွေးလိုက်စဉ် ကျိုးကျားယွီရှုံးလိမ့်မည်ဟုထင်ခဲ့ကြောင်း ယန်မြန်ပြောလာသည်။ မထင်ထားစွာဖြင့် ကျောက်တုံးထဲ၌ တကယ်ကျောက်စိမ်းရှိနေကာ ဖန်သားတော်ဝင်ကျောက်စိမ်းပင် ဖြစ်နေသေးသည်။
ကျိုးကျားယွီက အရက်ကိုသာမန်နှုန်းလောက်သာ သောက်နိုင်သည်။ နှစ်ပုလင်းသောက်ပြီးနောက် ထိုင်ခုံကိုမှီကာ တခစ်ခစ်ရယ်တော့သည်။
“အဲ့အတွက် ငါ့ကျီပါ့ကိုကျေးဇူးတင်ရမယ်။”
ယန်မြန် : “ဘာကြီး?”
ရှန်ရိချွင်း ခဏရပ်သွားပြီးပြောသည်။
“မင်းရဲ့ဘာကို ကျေးဇူးတင်မှာလဲ၊ ကျီ…ပါ့?”
ထိုမှသာ ကျိုးကျားယွီပြန်ပြောသည်။
“အိုး ငါ့ငှက်ကို ကျေးဇူးတင်ရမယ်လို့ပြောတာ”
ယန်မြန် : “ကျိုးကျားယွီ မသောက်နဲ့တော့။”
ရှန်ရိချွင်း ပြောသည်။
“သောက်ကျိုးနည်း အရက်တွေ ကိုယ့်ဘာသာကိုထပ်မထည့်နဲ့တော့။ ပြန်ရောက်ရင် ဆရာရိုက်တာ ခံရမှာစိုးလို့ဟ”
ကျိုးကျားယွီကအလွန်နာခံကာ သူ့အရက်ခွက်ကိုပြန်ချထားလိုက်သည်။
သူ့ပုံစံကိုကြည့်ရင်း ရှန်ရိချွင်း အနည်းငယ်ကြောက်လာကာ အရက်ဆက်မသောက်ခိုင်းရဲတော့ပေ။ သူ ပိုက်ဆံအမြန်ရှင်းပြီး ဟိုတယ်ပြန်ကာ သူ့ကိုချော့သိပ်ရန် ကြိုးစားသည်။
ကျိုးကျားယွီ ပြောသည်။
“မင်းသွားတော့၊ ငါ မမူးပါဘူး။ နောက်မှ အိပ်လိုက်မယ်”
ရှန်ရိချွင်း ပြောလာသည်။
“ဒါဆိုလည်း မင်း အပြင်မထွက်နဲ့နော်။ ဆရာ ပြန်လာလို့ မင်း မူးနေတာမြင်ရင် သေချာပေါက် ဒေါသထွက်မှာ”
ကျိုးကျားယွီ ခေါင်းညိတ်ပြလိုက်သည်။
ရှန်ရိချွင်း ထပ်ပြော၏။
“အခု ငါသွားအိပ်တော့မယ်။ အပြင်မထွက်နဲ့၊ စောစောအိပ်။”
သူ မသွားခင် အထပ်ထပ်အခါခါသတိပေးခဲ့သည်။
ကျိုးကျားယွီ သူ အလွန်မူးနေသည်ဟု တကယ်မထင်သော်လည်း စိတ်ထဲ ရီဝေရီဝေဖြစ်နေသည်။ အိပ်ယာပေါ်ခဏထိုင်ပြီးနောက် တခစ်ခစ်ရယ်နေ၏။
“ကျီပါ့ ငါနိုင်သွားပြီ”
ကျီပါ့ ပြောသည်။
“ဟုတ်တယ် မင်း နိုင်သွားတာ”
ကျိုးကျားယွီ ပြောသည်။
“ငါ့အတွက် ရွှေလက်ချောင်းဖွင့်ပေးလို့ကျေးဇူးပဲ”
ကျီပါ့ ပြန်ပြောသည်။
“ကျေးဇူးတင်စရာမလိုပါဘူး။ အမှန်တိုင်းပြောရရင် ဒါတွေအကုန်က မင်းကြောင့်လေ“
သူက ကျိုးကျားယွီ၏အစွမ်းများကို ဖွင့်ပေးခဲ့ရုံသာ။ ခပ်ဘွင်းဘွင်းပြောရလျှင် ကျိုးကျားယွီက သူ့ကိုယ်ပိုင်အစွမ်းများနှင့် မရင်းနှီးသေးပေ။ ဖွင့်ပိတ်ပေးရန် ထိန်းချုပ်မှုကိုသာမှီခိုနိုင်သည်။
“အမ်း”
ကျိုးကျားယွီ ရေချိုးတော့မည့်ဆဲဆဲတွင် တံခါးခေါက်သံကြားလိုက်ရသည်။
ရှန်ရိချွင်းဟုထင်ပြီး တံခါးတန်းဖွင့်လိုက်လေသည်။ မမျှော်လင့်ထားစွာဖြင့် တံခါးနောက်တွင် ရပ်နေသူက အမူအရာမရှိသည့်လင်းကျူးရွှေ ဖြစ်နေသည်။
“ဆ ဆရာ။”
ကျိုးကျားယွီ ကြောင်သွားသည်။
“အင်း”
လင်းကျူးရွှေက ပေါ့ပေါ့ပါးပါးသာပြောသည်။
“ဒီနေ့ မဆိုးဘူးပဲ”
ကျိုးကျားယွီ ခဏမျှရပ်သွားပြီးမှ လင်းကျူးရွှေက သူ့ကို ချီးကျူးနေမှန်းသိတော့သည်။ မျက်နှာနီရဲကာ တုံ့ဆိုင်းသွား၏။
“အာ အမ်း…အဆင်ပြေသွားတာပေါ့၊ ကျေးဇူးတင်ပါတယ် ဆရာ”
လင်းကျူးရွှေမျက်လုံးများ မှိတ်ထားသော်လည်း ကျိုးကျားယွီကမူစိုက်ကြည့်ခံရသလို ခံစားရသည်။ သူ့ရင်ဘက်ထဲမှအရက်အရှိန်တက်လာသလိုခံစားရကာ ပါးပြင်များနီရဲလာစေသည်။
ငါ သောက်တာများသွားပြီ။
ကျိုးကျားယွီ တွေးလိုက်သည်။
လင်းကျူးရွှေ စကားမပြောပေ။ သူ လက်ဆန့်ကာ သူ့ရင်ဘက်ထဲမှ ပစ္စည်းတစ်ခုထုတ်လိုက်သည်။
ကျိုးကျားယွီ ရှင်းရှင်းလင်းလင်းမမြင်ရခင် သူ့ခေါင်းကိုလှမ်းဆွဲပြီး လည်ပင်း၌ပတ်ပေးကြောင်း တွေ့လိုက်ရသည်။ ခဏအကြာတွင် ကျိုးကျားယွီ၏ရင်ဘက်ပေါ်၌ လှပသည့်ကျောက်စိမ်းဆွဲပြားတစ်ခု ပေါ်လာသည်။
ဆွဲပြားကား လှပသည့်အနုစိတ်လက်ရာဖြင့် ပြုလုပ်ထားပြီး ကြည်လင်တောက်ပကာ ရေကူးနေသောငါးတစ်ကောင်၏ပုံသဏ္ဍာန် ဖြစ်သည်။ ကျိုးကျားယွီကဲ့သို့ ကျောက်စိမ်းအကြောင်းဘာမှမသိသည့်လူတစ်ယောက်ကပင် ဤအရာက အဖိုးတန်မှန်းသိနိုင်သည်။ သူ့ရင်ဘက်ကို ကျောက်စိမ်းကပ်လိုက်သည့်အခါ အဝတ်အစားများသို့ ဖြတ်သန်းလာသည့်လင်းကျူးရွှေ၏လက်ဖျားအပူချိန်ကဲ့သို့ ခပ်ရေးရေးအေးစက်မှုကို ကျိုးကျားယွီခံစားမိလိုက်သည်။
“မင်း ဘာတွေတွေးနေတာလဲ။”
လင်းကျူးရွှေအသံက ကျိုးကျားယွီ၏နားထဲ ပဲ့တင်ထပ်သွားသည်။
ကျိုးကျားယွီကတွေးမနေတော့ဘဲ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး ဆရာ။ ဒါ ဘာအတွက် ပေးတာလဲ”
လင်းကျူးရွှေက ရှင်းပြသည်။
“ဒါ မင်း ပထမဆုံးကျောက်တုံးခွဲဖူးတာလေ။ အမှတ်တရအနေနဲ့ တစ်ခုလောက်ပြန်တောင်းပေးထားတာ”
အရက်သောက်ပြီးနောက် ကျိုးကျားယွီ၏ ဦးနှောက်ကအနည်းငယ်ရီဝေနေသည်။ ဤအရာက သူရွေးခဲ့သည့်တော်ဝင်ကျောက်စိမ်းဖြစ်ကြောင်းသိရန် အချိန်ခဏယူလိုက်ရသည်။ တော်ဝင်ကျောက်စိမ်းတစ်တုံး၏တန်ဖိုးကို ရှန်ရိချွင်းက ရှင်းပြပြီးသားပင်။ ထိုထွင်းထားသည့်ဆွဲပြားကို ကြည့်လိုက်ရာ နာမည်ကျော်တစ်ယောက်ကလုပ်ပေးထားမှန်းသိသာ၏။ သူ ပြောလိုက်၏။
“ဒါ အရမ်းတန်ဖိုးကြီး…”
လင်းကျူးရွှေ ပြောသည်။
“လောကီပစ္စည်းတစ်ခုပါပဲ”
ကျိုးကျားယွီက ကျောက်စိမ်းကိ ထိလျက် ပြောသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
လင်းကျူးရွှေကလည်း ခေါင်းအနည်းငယ်ညိတ်ပြီး ပြန်ပြောသည်။
“မင်းလည်း ပင်ပန်းရောပေါ့။ စောစောအိပ်”
ကျိုးကျားယွီ၏ရင်ထဲ အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။ ဆရာက တကယ်လူကောင်းတစ်ယောက်ဟု ခံစားရသည်။ ယခုကဲ့သို့အဖိုးတန်ပစ္စည်းများကို သူ့အား အလွယ်တကူပေးသော်လည်း သူ့ကမူ ပြန်ပေးစရာမရှိပေ။ အရက်သောက်ပြီးနောက် သူ့စိတ်က ပုံမှန်လိုမကြည်လင်တော့။ ပုံမှန်ဆိုလျှင် ကျိုးကျားယွီ ခေါင်းညိတ်သဘောတူကာ လိမ်လိမ်မာမာပြန်လှည့်ပြီး သွားအိပ်လိမ့်မည်။ သို့သော် ဤအခိုက်အတန့်တွင် ရင်ထဲလှိမ့်တက်လာ၍ ပြောလိုက်သည်။
“ဆရာက တကယ်လူကောင်းတစ်ယောက်ပဲ”
ကျိုးကျားယွီ တစ်ခုခုလွဲနေကြောင်း လင်းကျူးရွှေသတိထားမိသည်။ နှုတ်ခမ်းစေ့ထားရာမှ မေးရန်ပြင်သော်လည်း သူ့အရှေ့တွင် ရပ်နေသည့်ကျိုးကျားယွီက ခုန်ဝင်လာပြီး ခပ်တင်းတင်းဖက်ထားတော့သည်။ ထို့နောက် မျက်နှာကိုဂရုတစိုက်နမ်းပြီး ထပ်ပြောသည်။
“ဆရာက တကယ်လူကောင်းတစ်ယောက်ပဲ။”
လင်းကျူးရွှေ : “…”
ကျိုးကျားယွီ နမ်းပြီးနောက် သူ လုပ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ဘာမှမမှားသလိုခံစားရသည်။ လင်းကျူးရွှေ၏နောက်ကျောကိုပင် ခပ်ပြင်းပြင်းရိုက်ပြီး တတိယတစ်ကြိမ်ထပ်ပြောလာသည်။
“အရမ်းသဘောကောင်းတယ်”
လင်းကျူးရွှေကမူ လေသံတောင့်ခဲသွားပြီး ပြောလိုက်၏။
“ကျိုးကျားယွီ မင်း မှိုတွေထပ်စားပြန်ပြီလား”
ကျိုးကျားယွီ : “…”
လင်းကျူးရွှေ : “အမ်?”
ကျိုးကျားယွီ စိတ်ထိခိုက်သွားသည်။
“ကျွန်တော် မှိုမစားပါဘူး။ အရက်နည်းနည်းသောက်ထားတာ”
သူ့လက်နှင့်အမူအရာပြသော်လည်း လင်းကျူးရွှေကမမြင်ရကြောင်း မေ့သွားလေသည်။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူ့စိတ်တော်တော်လေးတိုးတက်လာသည်ဟု လင်းကျူးရွှေခံစားရသည်။ သူ ငယ်ငယ်တုန်းကသာဆိုလျှင်…ဘာမှမဟုတ်တော့ပေ။ အရက်မူးသမားများနှင့် ငြင်းနေစရာလိုမည်မဟုတ်။ နောက်ဆုံးတွင်မူ လင်းကျူးရွှေ ဘာမှမပြောတော့။ သူ ပြန်လှည့်ကာ တံခါးဝတွင် တစ်ယောက်ထဲအော်နေသည့်ကျိုးကျားယွီကို ထားခဲ့တော့သည်။
“ဆရာ ကောင်းသောညပါ။ စောစောအိပ်…”
ဘာလုပ်မိမှန်းမသိသည့်ကျိုးကျားယွီတစ်ယောက် သီချင်းညည်းလျက် ရေသွားချိုးပြီး ကျောက်စိမ်းဆွဲပြားကိုင်ကာ အိပ်ပျော်သွားရင်း အိမ်မက်ထဲနစ်ဝင်သွားတော့သည်။
နောက်နေ့မနက်တွင် ကျိုးကျားယွီအရက်နာကျပြီး နိုးလာသည်။
နာကျင်ကိုက်ခဲနေသည့်ခေါင်းကို ကိုင်လျက် ညည်းသည်။
“ကျီပါ့ ငါ ခေါင်းအရမ်းကိုက်တယ်”
ကျီပါ့ ပြောသည်။
“မဂ်လာနံနက်ခင်းပါ သူငယ်ချင်း”
ကျိုးကျားယွီသည် သမ်းဝေပြီး အိပ်ယာထလာသည်။ ခေါင်းငုံ့လိုက်သည်နှင့်တစ်ပြိုင်နက် ရင်ဘက်ပေါ်တွဲလောင်းကျနေသည့်ကျောက်စိမ်းဆွဲပြားကို မြင်သွားကာ ညတုန်းကခပ်ဝါးဝါးမှတ်ဉာဏ်များ ခေါင်းထဲစီးဝင်လာသည်။
ကျိုးကျားယွီ “…”
ကျီပါ့ : “မင်း ဘာမေးမလဲ ငါသိတယ်”
ကျိုးကျားယွီ : “…”
ကျီပါ့ : “အရိုးသားဆုံးပြောရရင်တော့ မင်း အသတ်မခံလိုက်ရတာကို ငါလည်းအံ့ဩနေတာ”
ကျိုးကျားယွီ : “…”
ကျီပါ့ ပြောသည်။
“ငါ ဆရာ့ကိုသဘောကျမိတာ မအံ့ဩတော့ဘူး။ သူ တော်တော်စိတ်ရှည်တာ”
ကျိုးကျားယွီက ငိုတော့မည့်အတိုင်းပြုံးလိုက်သည်။
“ဟုတ်တယ် သူက တကယ်လူကောင်းပဲ”
ကျိုးကျားယွီ ဆေးကြောပြီးနောက် မနက်စာစားရန် အောက်ဆင်းလာသည်။ သို့သော် ဟိုတယ်စားသောက်ဆိုင်၌ လင်းကျူးရွှေလည်းရှိနေကြောင်း တွေ့လိုက်ရသည်။ သူ သွားလျှင်ကောင်းမလား၊ မသွားလျှင်ကောင်းမလား တုံ့ဆိုင်းနေစဉ် လင်းကျူးရွှေ ပေါ်တင်ပြောသည်ကို ကြားလိုက်ရသည်။
“မနေ့ညတုန်းက မင်း သတ္တိတွေအရမ်းရှိခဲ့တယ်မလား၊ ဒီနေ့မှ ဘာလို့ကြောက်နေတာလဲ။”
ကျိုးကျားယွီ : “…”
သူ့ကို စကားမပြောရသေးပေ။ အနားပင်မသွားရသေးဘဲ သူ ဘယ်လိုလုပ်သိသနည်း။
လင်းကျူးရွှေ ထပ်ပြောသည်။
“ကျိုးကျားယွီ?”
သူ့နာမည်ကိုခေါ်လိုက်ချိန် ကျိုးကျားယွီခမျာ လုံးဝအရှုံးပေးလိုက်ရသည်။ စားသောက်ဆိုင်ထဲသို့ နီရဲနေသည့်မျက်နှာနှင့်ဝင်လာပြီး အားတင်းကာပြုံးပြလိုက်သည်။
“ဆရာ မနေ့ညတုန်းက ကျွန်တော်သောက်တာ များသွား…”
လင်းကျူးရွှေကမူ သူ့ကို လျစ်လျုရှုထားသည်။
ကျိုးကျားယွီ တုန်ယင်ပြီးပြောလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ်။ ထပ်မသောက်တော့ပါဘူး”
လင်းကျူးရွှေက ရိချွင်းကိုခေါ်လိုက်သည်။
“ရှန်ရိချွင်း”
ရှန်ရိချွင်းခမျာ သင်ခန်းစာအပေးခံပြီးသကဲ့သို့ ဖြစ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးအားနည်းနေသည်။ သူ့အိတ်ထဲမှ စာအုပ်အထူကြီးနှစ်အုပ်ကိုထုတ်ပြီး ပြောလာသည်။
“မင်းဟာနဲ့ ငါ့ဟာ”
ကျိုးကျားယွီ : “အာ?”
လင်းကျူးရွှေက အေးစက်စွာပြန်ပြောသည်။
“မင်းအရမ်းအားနေတယ်ဆိုတော့ ညတိုင်း အဆောင်ဆွဲနည်းကျင့်”
ကျိုးကျားယွီက အဘိဓာန်ကဲ့သို့ထူထဲလှသည့် စာအုပ်ကိုကြည့်ရင်း အော်ငိုလုနီးနီးဖြစ်သွားသည်။
စာရေးသူမှာ ပြောစရာရှိတယ်။
လင်းကျူးရွှေ : မင်း အပြင်ထွက်ပြီး ထပ်သောက်ရဲသေးလား ကြည့်ကြတာပေါ့။
ကျိုးကျားယွီ : ဝမ်းနည်းသွားပြီ။
လင်းကျူးရွှေ : ဒီကိုလာ။
ကျိုးကျားယွီ : မလာပါဘူး။ ဆရာက သူ့ကိုထပ်မနမ်းခိုင်းဘူး။
လင်းကျူးရွှေ : မင်းက ငါ့ကိုနမ်းလို့မရပေမဲ့ ငါကတော့ မင်းကိုနမ်းလို့ရတယ်လေ။