Five Elements
Chapter - 7 : ကလေးငယ်များ
အခန်းထဲက ထူပြောလှတဲ့ လက်ရာများသည် ရွမ်ယွင်ကျဲရဲ့ နောက်ဆုံး ခံစစ်မျဉ်းကို ချိုးဖျက်သွားပုံပေါ်သည်။ သူမသည် လင်းကျူးရွှေလှည့်ထွက်ကာ ထွက်သွားတော့မည်ကို မြင်သောအခါ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချ၍ ငိုကြွေးလိုက်သည်။
“မစ္စတာလင်း ကျွန်မကို ကယ်ပါဦး၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပေးပါ….ကျွန်မ…ကျွန်မ သေလို့မဖြစ်သေးဘူး….”
လင်းကျူးရွှေက မျက်နှာထား ပြောင်းလဲသွားခြင်းမျိုး မရှိဘဲ ပြောလိုက်သည်။
“မင်းက ဘာလို့မသေသင့်တာလဲ?”
ရွမ်ယွင်ကျဲ : “ကျွန်မ ကျွန်မသေသွားရင်တောင်မှ ဗိုက်ထဲက ကလေးက….”
ရွမ်ယွင်ကျဲက ထိုစကားကို ပြောလိုက်သည်အချိန်တွင် လက်ရှိရှိနေသေယလူများက အနည်းငယ် အံ့ဩသွားကြသည်။ ရွေ့ကောတောင်မှ မျက်လုံးတွေ ပြူးကျယ်ရင်း မေးလာသည်။
“ယွင်ကျဲ မင်း ထပ်ပြီး ကိုယ်၀န်ရှိနေတာလား? ဘယ်တုန်းကတည်းကလဲ? ကိုယ့်ကို ဘာလို့ ဘာမှမပြောပြရတာလဲ?—”
“လွန်ခဲ့တဲ့လတုန်းကမှ သိလိုက်ရတာ….” ရွမ်ယွင်ကျဲ ခါးသီးစွာ ရယ်မောရင်း ပြောလိုက်သည်။
သူမ ထိုထူးခြားသော အိမ်မက်တွေ စမကလာတဲ့အချိန်မှာ ကျန်းမာရေးစစ်ဆေးဖို့အတွက် ဆေးရုံကို သွားခဲ့သည်။ ဘာကျန်းမာရေးပြဿနာမှ မရှိနေပေမယ့် သူမမှာ ကိုယ်ဝန်ရှိနေကြောင်းကို ဆရာ၀န်က ရှာတွေ့ခဲ့သည်။
“ဒီကလေးကို ဖျက်ချလို့ မရနိုင်လောက်ဘူး”
ဆရာ၀န်က ထိုသို့ပြောလာသောအခါ ရွမ်ယွင်ကျဲက အံ့အားသင့်သွားခဲ့သည်။
“မင်း ဖျက်ချရင် နောက်ပိုင်း ကိုယ်၀န်ထပ်ရှိဖို့က ခက်ခဲလိမ့်မယ်”
ထိုအကြောင်းကို သိထားရတဲ့ ရွမ်ယွင်ကျဲက ဒီကလေးကို မွေးဖို့ ဆုံးဖြတ်ခဲ့သည်။
ဒါပေမယ့် သူမက ထိုသို့အစီအစဉ်ထားသော်လည်း အနုပညာလမ်းကြောင်း၏ အထွတ်အထိပ်ကို ရောက်နေသည့်အချိန်မှာ ကလေးကြောင့် နှုတ်ထွက်ရခြင်းက လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ခဲ့ပေ။ ယခုကဲ့သို့ ဖြစ်ပျက်လာခဲ့ချိန်မှာတော့ ရွမ်ယွင်ကျဲ၏ နှလုံးသားသည် တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။
“ကျွန်မက သေသင့်ပါတယ် ဒါပေမယ့် ဗိုက်ထဲက ကလေးကတော့ အပြစ်ကင်းပါတယ်…." ရွမ်ယွင်ကျဲက ပြောလိုက်သည်။
“အနည်းဆုံးတော့ ကျွန်မကလေးကို ကယ်တင်ပေးပါ”
သူမ၏မျက်နှာသည် မျက်ရည်တွေနဲ့ပြည့်နှက်နေတဲ့အတွက် အလွန် သနားစရာကောင်းနေပုံပေါ်သည်။
ရွေ့ကောက ၀မ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။
“မစ္စတာလင်း….”
လင်းကျူးရွှေရဲ့ မျက်နှာအမူအရာသည် အနည်းငယ် ထူးဆန်းသွားသည်။ သူ၏မျက်နှာပေါ်က အမူအရာနှင့်ပတ်သက်၍ ကျိုးကျားယွီက အတိအကျမပြောနိုင်သော်လည်း မနှစ်မြို့မှုနဲ့ လှောင်ပြောင်သရော်မှု အနည်းငယ်ကို မြင်နိုင်ခဲ့သည်။
လင်းကျူးရွှေ : “ဟုတ်တာပေါ့ ဒီကလေးက အပြစ်ကင်းတာပေါ့”
ရွမ်ယွင်ကျဲက သူမဘ၀ကို ကယ်တင်နိုင်မယ့် နောက်ဆုံးကြိုးမျှင်ကို တွေ့သွားသလိုမျိုး မျက်လုံးတွေ တောက်ပသွားသည်။
“မစ္စတာလင်းမှာ ကြင်နာပြီး ဂရုဏာသရားရှိတဲ့ နှလုံးသား ရှိတာပဲ ကျေးဇူးပြုပြီး ကျွန်မ ရှင့်ကို တောင်းဆိုပါတယ်” သူမက ရှိုက်သံကို ထိန်းရင်း ပြောလိုက်သည်။
လင်းကျူးရွှေက ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
“အုတ်ဂူကို အရင် တစ်ချက်သွားကြည့်ကြတာပေါ့”
ထိုစကားရဲ့ သွယ်ဝိုက်မှုမှာ လင်းကျူးရွှေရဲ့ ဒီကိစ္စအပေါ် ခဏတာ ဆုံးဖြတ်ချက်ချထားခြင်းဖြစ်သည်။ ရွေ့ကောသည်လည်း စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။
နေ့လည်စာကို အနီးအနားတွင် စားလိုက်ကြရာ၊ ရွမ်ယွင်ကျဲကတော့ တစ်လုတ်မှ မစားခဲ့ပေ။ ကိစ္စတွေသာ ပုံမှန်အတိုင်းဆိုလျှင် ရွေ့ကော သူမကို စကားတစ်ချို့နဲ့ သေချာပေါက် ဖျောင်းဖျမိမည်ဖြစ်သော်လည်း အခုတော့ ရွမ်ယွင်ကျဲ လုပ်ထားတဲ့ အရာတွေကို သိထားသောကြောင့် သူမအပေါ်ထားသော စိတ်သဘောထားသည်လည်း အနည်းငယ် ဆိုးရွားနေသည်။
ကျိုးကျားယွီနဲ့ ရှန်းရိချွင်းကတော့ အပြင်မှာထွက်စားဖို့ အခွင့်အရေး သိပ်မရသည့်အတွက် အစားအစာကို နှစ်သက်စွာ စားနေကြသည်။ အစာစားနေချိန်အတွင်းမှာ လင်းကျူးရွှေက တူကိုပင် ကောက်မကိုင်ခဲ့တဲ့အပြင် မျက်နှာအမူအရာက ပုံမှန်ထက်ပိုပြီး အေးစက်နေခဲ့သည့်အတွက် ရွေ့ကောဘက်မှ ပြောရန် ပြင်ဆင်နေသော စကားလုံးများက လည်ချောင်းထဲသို့ ပြန်ကျသွားကာ မျက်နှာအမူအရာသည်လည်း တွန့်ဆုတ်နေသည်။
မြေမြုပ်ခြင်းအတွက် သင့်တော်တဲ့ ရက်တစ်ခုကို ရွေးချယ်ကာ အခမ်းအနားအတွက် ထုံးတမ်းအဆင်အလာများလည်း ရှိနေသင့်သည်။
ဒါပေမယ် ခုချိန်ကတော့ ထူးခြားတဲ့ အခြေအနေဖြစ်နေသည်။ သူတို့သာ အချိန်ဆွဲနေလျှင် အားလုံးပြီးသွားတဲ့အချိန်၌ ရွမ်ယွင်ကျဲတွင် အရေပြားပင် ကျန်နေဖို့က မသေချာပေ။ ထိုကြောင့် အစာစားပြီးချိန်တွင် အဖွဲ့က အုတ်ဂူဆီကို တိုက်ရိုက်သွားခဲ့ကြသည်။
ဒီနေ့ ရာသီဥတုသည် အလွန် ကောင်းမွန်နေကာ သုသာန်သည် ထင်းရှုးပင်များကြောင့် သစ်တောတစ်ခုကဲ့သို့ဖြစ်ပေါ်နေပြီး အပူချိန်သည်လည်း သာယာနေသည်ဟု ယူဆနိုင်သည်။
ကျိုးကျားယွီသည် “ကျွန်တော့် ကလေးရဲ့အုတ်ဂူ” ဟူသော စကားလုံးသုံးလုံးသာ ရေးထား၍ တိကျတဲ့ နာမည်တစ်ခုပင် မပါ၀င်သော ရွေ့ကောလုပ်ထားတဲ့ ကျောက်တုံးဂူလေးကို မြင်လိုက်ရသည်။ ရွမ်ယွင်ကျဲရဲ့ သေသွားသည့်ကလေးသည် သုံးလအရွယ်ခန့်သာရှိသေး၍ နာမည်မရှိသည်မှာ သာမာန်ပင်ဖြစ်သည်။ ရွမ်ယွင်ကျဲကသာ ဒီလိုမကောင်းတဲ့နည်းမျိုးဖြင့် ဆွဲထားခဲ့လျှင် ကလေးက လူပြန်၀င်စား၍ ယခုချိန်ဆိုလျှင် ပြန်လည်မွေးဖွားနေလောက်ပြီဖြစ်သည်။
ကျိုးကျားယွီက အဲ့အတွေးကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ ရှန်းရိချွင်းရဲ့ မျက်နှာအမူအရာက ပို၍သိသာနေ၍ ရွေ့ကောနဲ့ ရွမ်ယွင်ကျဲတို့အပေါ် အမြင်မကြည်ခဲ့ပေ။ သူတို့ ကလေးရဲ့အရိုးတွေကို ထုတ်ယူလိုက်ပြီးနောက် မီးသဂြိုလ်၍ ခေါင်းတလားထဲထည့်ပြီး မြေမြုပ်လိုက်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးသည် နှစ်နာရီမျှသာ ကြာမြင့်ခဲ့သည်။ ရွမ်ယွင်ကျဲက အဖြစ်အပျက်တစ်ခုလုံး၏ တောက်လျှောက်တွင် နှာခေါင်းစည်းနဲ့ နေကာမျက်မှန်ကို ၀တ်ဆင်ထားခဲ့ပြီး ကလေးကို မြေမြုပ်တဲ့အချိန်အထိ မချွတ်ခဲ့ပေ။ ရှန်းရိချွင်းက ငယ်ရွယ်၍ သွက်လက်သူဖြစ်သောကြောင့် ခံစားချက်ကို မထိန်းထားနိုင်တော့ဘဲ ဆဲဆိုလိုက်သည်။
“မင်းက ကလေးအပေါ်ကို ဆိုးဆိုးရွားရွားပြုမူခဲ့တောင် မင်းက ဒီလိုမျိုး ပြုမူနေတုန်းပဲ၊ သူက မင်းကို သတ်လိုက်ရင်တောင်မှ မင်းနဲ့ထိုက်တန်တယ်” ထိုသို့ပြောပြီးနောက် ရှန်းရိချွင်းက လင်းကျူးရွှေကို လှည့်ကြည့်လိုက်သည်။ လင်းကျူးရွှေဘက်မှ ဘာမှမတုံ့ပြန်လာကြောင့် တွေ့သောအခါ ရှန်းရိချွင်းက ရွမ်ယွင်ကျဲဘက်သို လှည့်၍ တံတွေးဖြင့် ထွေးလိုက်သည်။
ကျိုးကျားယွီက ထိုရယ်စရာမြင်ကွင်းကို ကြည့်နေခဲ့သည်။ ရွမ်ယွင်ကျဲ၏ မျက်နှာက မည်းမှောင်သွားကာ တစ်ခုခုပြန်ချေပချင်တဲ့ပုံပေါ်ပေမယ့် ရွေ့ကောရဲ့အတင်းအကျပ် ပြန်ဆွဲမှုကို ခံလိုက်ရပြီးနောက် စကားလုံးများကို မလိုလားစွာဖြင့် ပြန်မျိုချလိုက်ရသည်။
လင်းကျူးရွှေက ကလေးကို အုတ်ဂူထဲမြုပ်တဲ့နေရာမှာ ကူညီပေးဖို့ သဘောတူပြီးနောက် လုပ်ငန်းစဉ်တစ်ခုလုံးအတွင်း စကားမပြောခဲ့ပေ။ ရွေ့ကောက လေထုကို ဖြေလျော့ချင်သောကြောင့် စကားတစ်ချို့ ပြောခဲ့သော်လည်း လင်းကျူးရွှေက ၎င်းတို့စုံတွဲကို ခြေကုန်လက်ပန်းကျသွားပုံဖြင့် ဘာမှပြန်ဖြေမခဲ့ပေ။
ရွေ့ကောသည် လျစ်လျူရှုခံလိုက်ရ၍ ခြောက်ကပ်ကပ်ရယ်ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ ကလေးအရိုးတွေပါသော ခေါင်းတလားကို ဂူထဲထည့်လိုက်ပြီး ဘိလပ်မြေဖြင့် ပိတ်လိုက်သည်။ လင်းကျူးရွှေက ခါးကိုင်း၍ အမွှေးတိုင်သုံးတိုင် ယူလိုက်ကာ တစ်စုံတစ်ခုကို တိတ်တဆိတ် ရေရွတ်ပြီးတဲ့နောက် အမွှေးတိုင်ကို ဂူရှေ့တွင် စိုက်လိုက်သည်။
အမွှေးတိုင်ကို ဂူမြေကြီးပေါ်မှာ စိုက်လိုက်သည်နှင့် လင်းကျူးရွှေ၏ခန္ဓာကိုယ်တွင် ရွှေအလင်းများ ပေါက်ကွဲထွက်လာခြင်းကို ကျိုးကျားယွီက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ချက်ချင်းပင် ကလေး ရယ်မောသံကို နားထဲမှာ ကြားလိုက်ရသည်။
ကလေးဝိညာဉ်က သန့်စင်သွားတာလား?
ကျိုးကျားယွီက မရေမရာဖြင့် တွေးလိုက်မိသည်။
လင်းကျူးရွှေသည် ဂူရှေ့မှာ ဆက်သတဲ့ပစ္စည်းတွေကို ဖြေးဖြေးချင်း ခင်းကျင်းပြီးနောက် ရွေ့ကောကို ချင်မင်ပွဲတော်တိုင်းတွင် အမွှေးတိုင် လာဆက်ပေးရန် ညွှန်ကြားလိုက်သည်။ ကလေးရဲ့ မကျေနပ်စိတ်ကို ဖြေဖျက်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ ရွေ့ကောက ခေါင်းငြိမ့်ပြကာ သဘောတူလိုက်သည်။
ရွေ့ကော : “မစ္စတာလင်း ကျွန်တော့်အခန်းထဲက သုံးယောက်ကရော?”
လင်းကျူးရွှေ : “သူတို့အရိုးတွေက ဘယ်မှာလဲ?”
ရွမ်ယွင်ကျဲ၏ မျက်နှာအမူအရာက တောင့်ခဲသွားကာ ခဏတွန့်ဆုတ်ပြီးနောက် ပြောလာသည်။
“ပျောက်၊ ပျောက်သွားပြီ…”
ပုံမှန်ဆိုရင် အဲ့အဖြေကိုကြားသည့် ဘယ်သူမဆို အနည်းငယ် စိတ်ဆိုးလိမ့်မည်ဆိုပေမယ့် လင်းကျူးရွှေရဲ့ မျက်နှာအမူအရာကတော့ ပြောင်းလဲမသွားခဲ့ပေ။ သူသည် သူမရဲ့အဖြေကို အရင်ကတည်းက ခန့်မှန်းမိထားပုံ ပေါ်သည်။
လင်းကျူးရွှေ : “အ၀တ်သင်္ချိုင်းလုပ်လိုက်”
ရွမ်ယွင်ကျဲ စိတ်သက်သာရာစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ရွေ့ကော : “ဒါဆိုရင်….အကုန်ပြီးသွားပြီလား?”
လင်းကျူးရွှေက ပျင်းရိစွာ ပြောလိုက်သည်။
“အဲ့ကလေးသုံးယောက်က မင်းကလေးတွေလားဆိုပြီး မေးမယ်လို့ ငါ ထင်ထားတာ”
ရွေ့ကော၏ မျက်နှာအမူအရာသည် အေးစက်သွားသည်၊ သူသည် ထိုအကြောင်းကို လုံး၀မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ အဲ့ကလေးတွေက သူနှင့် ရွမ်ယွင်ကျဲရဲ့ ကလေးတွေ မဟုတ်လောက်ဘူးလို့ ယူဆထားခဲ့ပေမယ့် လင်းကျူးရွှေက သူ့ကို သတိပေးလိုက်သောအခါမှာတော့ ရုတ်တရက် သတိထားမိသွားခဲ့ရာ၊ ရွမ်ယွင်ကျဲကို လှည့်ကြည့်၍ မေးရမှာကိုပင် ကြောက်နေမိသည်။
“ရွမ်ယွင်ကျဲ မင်း ငါ့နောက်ကွယ်မှာ တကယ်ပဲ ဘာတွေများလုပ်နေခဲ့တာလဲ??”
ဒီပူလောင်နေတဲ့ နွေရာသီကြီးမှာ ရွမ်ယွင်ကျဲက တုန်ရီနေခဲ့သည်။ သူမ၏ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ပြောလိုက်သည်။
“ရွေ့ကော၊ ကျွန်မ... ကျွန်မမှာလည်း ရွေးချယ်စရာ မရှိခဲ့လို့ပါ”
ရွေ့ကော : “ရွေးချယ်စရာမရှိဘူးတဲ့လား။ ချီးကို ရွေးချယ်စရာ မရှိတာလား?”
ရွမ်ယွင်ကျဲက တိတ်ဆိတ်နေခဲ့သည်။
တစ်ချို့အရာများသည် အပ်ချည်လုံးလေးကဲ့သို့ဖြစ်ရာ၊ အဆုံးသတ်ကို ရှာတွေ့သွားသည်နှင့် အခြေအနေတစ်ခုလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ရွေ့ကော : “ပြောစမ်း အဲ့သုံးယောက်လုံးက ငါတို့ကလေးတွေလား?”
ရွမ်ယွင်ကျဲက အံကြိတ်ရင်း ပြောလိုက်သည်။
“မဟုတ်ဘူး သူတို့က ရှင့် ကလေးတွေ မဟုတ်ဘူး!”
အဲ့စကားကို ကြားလိုက်ရတာနဲ့ ရွေ့ကောရဲ့မျက်နှာက ချက်ချင်းပင် တင်းမာလာခဲ့သည်။ ရွမ်ယွင်ကျဲရဲ့ဗိုက်ထဲမှာ ကလေးရှိနေသေးတယ်ဆိုတဲ့ အတွေးကြောင့်သာ မဟုတ်လျှင် ရွေ့ကော သူမကို ပါးချလိုက်မိမည် ဖြစ်သည်။
“ဒါပေမယ် ကျွန်မ အခုလက်ရှိလွယ်ထားတာကတော့ ရှင့်ကလေးပါ၊ ကျွန်မ အနုပညာနယ်ပယ်ကနေထွက်ပြီး ဒီကလေးကို မွေးချင်ခဲ့တာပါ။ ကျွန်မတို့တွေ ကောင်းမွန်တဲ့ဘ၀လေးကို ရနိုင်သေးတယ် မဟုတ်လားဟင်၊ အာရွေ့—” ရွမ်ယွင်ကျဲ ငိုရင်း ပြောလိုက်သည်။
ကျိုးကျားယွီနဲ့ ရှန်းရိချွင်းက ဘေးကနေ ရပ်ကြည့်နေရင်း စိတ်ထဲကနေ တိတ်တိတ်လေး ဆဲနေမိသည်။ ကျီပါ့က ဒီအသက်၀င်နေသော လေထုအခြေအနေတွင် ပါ၀င်လာပြီး မေးလိုက်သည်။
“မင်းသာ ဒီလိုအချိန်မျိုးမှာဆို ဘာလုပ်မလဲ? မင်း သူ့ကို ခွင့်လွှတ်ပေးဖို့ပဲ ရွေးချယ်မှာ သိသာပါတယ်!”
ကျိုးကျားယွီ : “.... ကောင်းမွန်တဲ့ဘ၀မျိုးနဲ့ ရှင်သန်ချင်တယ်ဆိုရင်တော့ ခေါင်းပေါ်မှာ အစိမ်းရောင်ဦးထုတ်လေးကို အမြဲဝတ်ထားသင့်တယ်”
သူ့ကိုယ်သူ အစိမ်းရောင် အဖွဲ့အစည်းရဲ့ စီနီယာအဖွဲ့၀င်ကြီး ဖြစ်နေမှန်းကို မသိသော ရွေ့ကောသည် ရူးခါလောက်သည်အထိ ဒေါသထွက်နေခဲ့သည်။ ရှန်းရိချွင်းက ယခုအခြေအနေသည် လုံလုံလောက်လောက် ပရမ်းပတာဖြစ်နေသည်ဟု မထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“ရွေ့ကောရယ် စိတ်မဆိုးပါနဲ့၊ အဲ့ကလေးသုံးယောက်က အဖေတွေ မတူလောက်ပါဘူး”
ရွေ့ကော : “.....”
“ကျွန်မလည်း မလုပ်ချင်ခဲ့ပါဘူး။ ကျွန်မသာ သူတို့ကိုမနာခံရင် အရင်းအနှီးက ဘယ်ကနေရမှာတဲ့လဲ? ကျွန်မ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ?!” ရွမ်ယွင်ကျဲက ငိုရင်း ပြောလာသည်။
ရွေ့ကောက ဆက်နားမထောင်နိုင်တော့၍ လှည့်ထွက်သွားလိုက်သည်။ ရွမ်ယွင်ကျဲက ငိုရင်း သူ့ကိုဆွဲထားလိုက်ပေမယ့် ပုတ်ထုတ်ခံလိုက်ရသည်။ သူမသည် မတ်တပ် သေချာ မရပ်နေခဲ့သောကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ရွမ်ယွင်ကျဲက သူ၏ဗိုက်ကို လက်နဲ့ဖိရင်း ပြောလိုက်သည်။
“အာရွေ့ ကျွန်မဗိုက်က အရမ်းနာနေတယ်—”
ရွေ့ကောရဲ့ ခြေလှမ်းများ အနည်းငယ်ရပ်သွားခဲ့သည်။ သူသည် ထိုမိန်းမကို မုန်းတီသော်လည်း သူမတွင် ကိုယ်၀န်ရှိနေဆဲဖြစ်သည်။ ကျိုးကျားယွီသည် အခြေအနေက ပြင်းထန်လား၊ မပြင်းထန်ဘူးလားဆိုတာကို စစ်ဆေးဖို့အတွက် အရှေ့သို့တိုးဖို့ လုပ်လိုက်ပေမယ့် ဘေးမှာရှိနေတဲ့ လင်းကျူးရွှေက ပြောလာခဲ့သည်။
“သူ့ကိုယ်၀န်က ပျက်ကျမှာ မဟုတ်ဘူး”
ကျိုးကျားယွီက ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။
“ဟမ်?”
လင်းကျူးရွှေ အေးစက်စက် ပြုံးလိုက်သည်။ သူ၏အသံသည် အလွန်ညင်သာနေခဲ့ရာ၊ ဘေးနားမှာရှိနေတဲ့လူများလျှင်ပင် ကြားဖို့ခက်ခဲလှသည်။
လင်းကျူးရွှေ : “သူ မမွေးချင်ဘူးဆိုရင်တောင်မှ အဲ့ကလေးက မွေးကို မွေးလာလိမ့်မယ်”
ကျိုးကျားယွီက အံ့ဩသွားသည်။
“အဲ့လိုအရာတွေကို ဘယ်လိုလုပ်ပြိး လွယ်လွယ်နဲ့ ပထုတ်လို့ရမှာလဲ” လင်းကျူးရွှေက နောက်ဆုံးတွင် ပြောလိုက်သည်။
ကျိုးကျားယွီက သူ၏စကားများကို နားလည်သွား၍ ရွမ်ယွင်ကျဲကို လှည့်ကြည့်လိုက်ချိန်မှာ ရွေ့ကောက သူမကို ကူတွဲပေးနေပြီဖြစ်သည်။ သူတို့နှစ်ဦးသည် အချင်းချင်းဖက်ရင်း ခါးခါးသီးသီး ငိုကြွေးနေကြသည်။ အခြေအနေကို မသိထားသူများက တွေ့လျှင် ဤမြင်ကွင်းက အလွန်ရင်ထဲထိစရာ ဖြစ်နေလိမ့်မည်။
ကျိုးကျားယွီက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ကလေးကို မြုပ်ပြီးတဲ့နောက်မှာ သူတို့က ရွမ်ယွင်ကျဲရဲ့အိမ်သို့ ပြန်သွားခဲ့ကြသည်။ မျက်နှာကျက်နဲ့ လိုက်ကာတွေအပါအ၀င် ပရိဘောဂတွေအကုန်လုံးကို အစားထိုးထားပြီးပြီဖြစ်သောကြောင့် တစ်အိမ်တစ်ခုလုံးက ပိုပြီးလင်းထိန်နေခဲ့သည်။
လင်းကျူးရွှေက အထဲ၀င်၍ စက်ဝိုင်းပုံပတ်ကြည့်ပြီးနောက် အိပ်ခန်းက ဆက်ပြီးသုံးလို့မရတော့ဘူးလို့ ပြောလိုက်သည်။ အဲ့ဒီ့နောက် ဗီလာ၏ သုံးထပ်မြောက်က အခန်းတစ်ခန်းကို ရွေးချယ်ကာ ကျန်တဲ့ကလေးသုံးယောက်ရဲ့ အ၀တ်ဂူကို နေရာချလိုက်သည်။
ရွမ်ယွင်ကျဲက ကလေးသုံးယောက်ကို ဖျက်ချ၍ Kuman Thong လေးခုကို ကိုးကွယ်ဆုတောင်းရင်း ရှစ်နှစ်ုကာ နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ Kuman Thong ရဲ့ အကျိုးသက်ရောက်မှုတွေက စတင်ကျဆင်းနေပြီဖြစ်သောကြောင့် သူမက နောက်ထပ်အရာတစ်ခုကို စတင်တွေးဆခဲ့ရသည်။
ကျိုးကျားယွီက ကျန်တဲ့ Kuman Thong သုံးခုကို မြေအောက်ထပ်တွင် တွေ့လိုက်ရသည်။ အရုပ်သုံးခုကို သေတ္တာတွေထဲ ထည့်ထားကာ အရုပ်တွေရဲ့ သံခန္ဓာကိုယ်က သံချေးတက်နေပြီဖြစ်ပေမယ့် မကောင်းတဲ့အငွေ့အသက်များကိုတော့ ခံစားမိနေဆဲဖြစ်သည်။
လင်းကျူးရွှေက အဲ့အရုပ်တွေကိုမြင်သည်နှင့် သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ပြီး သက်ပြင်းချလိုက်သည်။
“အရာအားလုံးမှာ သူတို့ရဲ့ကိုယ်ပိုင် အကြောင်းတရားနဲ့ အကျိုးတရားရှိတယ်၊ ဆက်ပြီးမကျေနပ်မှု မရှိတော့ဘူးဆိုရင်လည်း သွားကြတော့”
အရုပ်သုံးခုလုံးက အနည်းငယ် လှုပ်ရှားသွားတာကို ကျိုးကျားယွီက ဝိုးတဝါး မြင်လိုက်ရသည်။ အရုပ်တွေကို မီးရှို့၍ အမွှေးတိုင်စားပွဲများ နေရာချပြီးနောက် ရွေ့ကောနဲ့ ရွမ်ယွင်ကျဲ နှစ်ဦးစလုံး ဒူးထောက်ကာ ပစ္စည်းများ ဆက်သခဲ့ကြသည်။
ဒါတွေအကုန်လုံး ပြီးသွားတဲ့အခါ လင်းကျူးရွှေက ပြန်ဖို့ ရည်ရွယ်လိုက်ပြီး ရွေ့ကောက သူ့ကို ဆက်တားရန်အတွက် အကြောင်းပြချက် မရှာနိုင်ခဲ့ပေ။ ရွေ့ကောသည် လေယာဉ်လက်မှတ် သုံးစောင်ဖြတ်၍ သူတို့ကို လေဆိပ်သို့ လိုက်ပို့ခဲ့သည်။
ဒီကိစ္စတွေက ပြီးသွားပြီလို့ ကျိုးကျားယွီ ထင်လိုက်ပေမယ့် လေဆိပ်၏ လုံခြုံရေးစစ်ဆေးဂိတ်သို့ မ၀င်ခင်အချိန်တွင် သူ၏ဆံပင်များကို အဆုံးထိ ထောင်သွားစေတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ —ရွမ်ယွင်ကျဲ၏ နောက်ကျောတွင် မရေတွက်နိုင်တဲ့ အနက်ရောင် ကလေးလက်ရာများ ပေါ်လာပြီး ၎င်းတို့သည် မည်းနက်၍ တောက်ပနေသည်။
ဒါပေမယ့် ရွမ်ယွင်ကျဲကတော့ ထိုအကြောင်းကို ဘာမှသိသေးပုံပေါ်ကာ ချိုချိုသာသာဖြင့် ပြုံးနေခဲ့သည်။ ကျိုးကျားယွီရဲ့ မျက်နှာအမူအရာ တည်တံ့နေ၍ ရှန်းရိချွင်းက သူ့ကို ဘာဖြစ်လို့လဲ ဟု မေးလာသည်။
“ဟင့်အင်း ဘာမှမဟုတ်ပါဘူး” ကျိုးကျားယွီ လုပ်ပြုံးကာ ပြောလိုက်သည်။
သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်း၍ ခဏတွန့်ဆုတ်သွားကာ ရွမ်ယွင်ကျဲကို ပြန်လှည့်ကြည့်လိုက်သည်။
ရွမ်ယွင်ကျဲက သူတို့ကို လက်ပြ နှုတ်ဆက်နေပြီး ဒီတစ်ခါမှာတော့ ကျိုးကျားယွီက အလွန် ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူမ၏ ခြေထောက်နားတွင် မီးခိုးမျက်နှာများနှင့် ကလေးတွေက ခြေထောက်ကို ဖက်ထား၍ သူတို့ကို ရယ်မောရင်း ကြည့်နေကြသည်။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်များက ရွမ်ယွင်ကျဲနှင့် ရောယှက်နေကြသည်။