no

Font
Theme

ပြိုင်ပွဲမစခင် ပွဲနေရာနှင့် အကြောင်းအရာကို တင်းကြပ်စွာထိန်းသိမ်းထားသည်။ သို့သော် ရွှီရူဝမ်က အရှေ့ရှိဗီလာနှင့်အလွန်ရင်းနှီးပြီး မရောက်ခင်ကတည်းက စုံစမ်းပြီးသားဖြစ်သည်။ အရေးကြီးကိစ္စမဟုတ်သော်လည်း အလေးအနက်လုပ်လျှင် မသမာမှုလုပ်သည်ဟု သတ်မှတ်နိုင်သည်။

ရွှီရူဝမ် ကျိုးကျားယွီကိုတွေ့တုန်းက ရည်မွန်ကာ စိတ်သဘောထားမှာလည်း တော်တော်လေးနူးညံ့သည်ဟု ထင်မိသည်။ စကားတစ်ခွန်းတည်းနှင့် နင်သေအောင်ပြောလိမ့်မည်ဟု မည်သူ တွေးမိမည်နည်း။ နောက်ဆုံးတွင်မူ ရွှီရူဝမ် ဘာမှမပြောတော့ဘဲ ကျိုးကျားယွီကို လက်မထောင်ပြကာ လှည့်ထွက်သွားလေသည်။

ကျိုးကျားယွီက သူ့နောက်ကျောကို ပြုံးပြီးကြည့်လိုက်ကာ ပြိုင်ပွဲဝင်အုပ်စုနှင့်အတူ ဗီလာထဲသို့ ဖြည်းညှင်းစွာဝင်သွားလေသည်။

ဗီလာက အမှန်တကယ်ကြီးမားလှပြီး သံတံခါးကိုဖြတ်လာပြီးလျှင် ထူးခြားလှပသည့်ဥယျာဉ်တစ်ခု ရှိသည်။ သစ်ပင်ပန်းမန်များနှင့်စိမ်းစိုကာ သေချာဂရုစိုက်စိုက်ပျိုးထားပုံရသည်။

ဗီလာ၌ စုစုပေါင်းလေးထပ်ရှိကာ အောက်သုံးထပ်ကိုလိုက်ကာချထားပြီး အခြေချနေထိုင်နေသည့်ခံစားချက်မျိုးပေးစွမ်းသည်။ ဗီလာထဲသို့ ပြိုင်ပွဲဝင်များ တစ်ယောက်ပြီးတစ်ယောက်ဝင်လာသော်လည်း ရွှီရူဝမ်ကမူ တံခါးဝ၌ မလှုပ်မယှက်ရပ်နေသည်။

ကျိုးကျားယွီက သူ့ထံလျှောက်သွားပြီး မေးလိုက်သည်။

“မင်း ဘာတွေကြည့်နေတာလဲ။”

ရွှီရူဝမ် ပြောသည်။

“စိတ်ဝင်စားစရာပဲ”

ကျိုးကျားယွီ ပြန်မေးသည်။

“ဘာစိတ်ဝင်စားစရာလဲ”

ရွှီရူဝမ်က တံခါးဘေးရှိ၊ ကျောက်နံရံပေါ်မှ အစွန်းအထင်းကိုလက်ညှိုးထိုးပြီး ပြောသည်။

“မြင်လား”

ကျိုးကျားယွီ သူ လက်ညှိုးထိုးသည့်ဘက်ကို ကြည့်လိုက်ရာ ဆေးကွက်ကဲ့သို့ ကြက်သွေးရောင်နည်းနည်းဖျော့သည့်အနက်ရောင်အကွက်တစ်ခု တွေ့လိုက်ရသည်။

“အဲ့ဒါ ဘာလဲ”

ရွှီရူဝမ်က နားရွက်တက်ချိတ်မတက် ပြုံးပြီးပြောသည်။

“သေချာပေါက် သွေးတွေပေါ့”

ကျိုးကျားယွီက နှုတ်ခမ်းစေ့ထားလိုက်မိသည်။

ရွှီရူဝမ် ဆက်ပြောသည်။

“အမ်… ဒီအိမ်က တကယ်စိတ်ဝင်စားစရာပဲ။ အရင်ဝင်ကြတာပေါ့”

ကျိုးကျားယွီလည်း ခေါင်းညိတ်ကာ သူတို့နှစ်ယောက်လုံး အတူတူဝင်သွားကြသည်။

ဒိုင်လူကြီးများက ပြိုင်ပွဲဝင်များကို မော်နီတာမှတစ်ဆင့်စောင့်ကြည့်နေပြီး ပြိုင်ပွဲဝင်များ စည်းကမ်းဖောက်ခြင်းမှကာကွယ်ရန် ဝန်ထမ်းအနည်းငယ်နှင့်အကဲဖြတ်လူကြီးသုံးယောက်သာ ကျန်ခဲ့လေသည်။

လင်းကျူးရွှေက ထူးခြားသည့်အခြေအနေမျိုး ရှိခဲ့သည်။ ပွဲစီစဉ်သူများက သူ့ကို ပြိုင်ပွဲနေရာ၌ နေရာချထားရန် စီစဉ်ထားသော်လည်း သူက တန်းငြင်းလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် တခြားဒိုင်လူကြီးများလည်း မအံ့ဩပေ။ လင်းကျူးရွှေက မျက်စိမမြင်ရသည့်တိုင် သူ့နည်းသူ့ဟန်နှင့် မြင်နိုင်သောကြောင့် စိတ်ပူစရာမလို။

ပြိုင်ပွဲဝင်အယောက် ၂၀ ဗီလာထဲဝင်လာသည်ကို မြင်သောအခါ တစ်ဦးတည်းသောမိန်းကလေးဒိုင်ဖြစ်သည့်ချန်းရှောင်ရူက ရယ်မောလိုက်သည်။

“သူတို့ ကြောက်နေတာသေချာတယ်။ ကျွန်မ ပထမဆုံးဝင်တုန်းကလည်း ကြက်သီးတွေထလို့”

ရွှီကျန် ပြော၏။

“လင်းကျူးရွှေ မင်းတပည့်တော့ ကြောက်လွန်းလို့ဖြူစုတ်နေပြီ"

လင်းကျူးရွှေက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“မင်းတပည့်မျက်နှာကျတော့ မဖြူတဲ့အတိုင်းပဲ ပြောနေလိုက်တာ”

ရွှီကျန် တိတ်ဆိတ်သွား၏။

တကယ်တမ်းတွင် ပြိုင်ပွဲဝင် အယောက် ၂၀ဗီလာထဲ ဝင်လာပြီးနောက်ပိုင်း မျက်နှာကိုယ်စီ ပြောင်းသွားကြသည်။ ဗီလာ၏လေထုအခြေအနေက တကယ့်ကိုထုံထိုင်းချင်စရာကောင်းသည်။

ဗီလာ၏ဧည့်ခန်းအတွင်း ဟင်္သာပြဒါးနီသေတ္တာပေါင်းများစွာ ရှိနေပြီး သေတ္တာပေါ်၌ ပုံစံမတူသည့်အရုပ်များ နေရာယူထားသည်။ တချို့အရုပ်များကို အဝတ်နှင့်လုပ်ထားပြီး တချို့ကို ကြွေထည်နှင့်လုပ်ထားသည်။ သို့သော် ၎င်းတို့အားလုံး ခြွင်းချက်မရှိအသက်ဝင်လှကာ လူများကို သက်သောင့်သက်သာမရှိအောင်လုပ်နေသည်။

သေတ္တာများအပြင် အရုပ်များလည်း နေရာတိုင်း ရှိနေသည်။ လက်ဖက်ရည်စားပွဲပေါ်မှာပင် လက်ဝါးအရွယ်ခန့်ရှိသည့်အရုပ်များက ဗီလာထဲဝင်လာသည့်ပြိုင်ပွဲဝင်များကို ကြောင်မျက်လုံးများကဲ့သို့ စိုက်ကြည့်နေကြသည်။

အိမ်ထဲရှိအလင်းရောင်က လွန်စွာမှိုင်းနေပြီး ပြတင်းပေါက်၌ ထူးထဲသည့်လိုက်ကာများ ချထားသည်။ ပြင်ပလောကနှင့်ဗီလာကို အပြီးအပိုင်ခွဲခြားထားသလိုပင်။

“အားလုံးကို ကြိုဆိုပါတယ်”

ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် လှပသည့်ကောင်မလေးတစ်ယောက် ထိုင်နေသည်။ သူ(မ)က မှောင်မည်းနေသည့်အိမ်ထဲ၌ အချိန်တော်တော်ကြာ နေခဲ့ပုံရသည်။ အသားအရေက အနည်းငယ်ဖြူစုတ်ကာ လှပသည့်ဂါဝန်ရှည်ကြီး ဝတ်ဆင်ထားသည်။ အပြင်ဘက်၌ ထိုကဲ့သို့အဝတ်အစားမျိုးဝတ်လျှင် သေချာပေါက် ထူးထူးဆန်းဆန်းအကြည့်ခံရမည် ဖြစ်သော်လည်း ဤဆန်းကြယ်သည့်အိမ်အတွင်း၌ မူ လွန်စွာလိုက်ဖက်နေလေသည်။

“ကျွန်မကို ရှောင်တုံ့လို့ ခေါ်လို့ရပါတယ်”

ရှောင်တုံ့က ပေါ့ပေါ့ပါးပါးပြုံးပြီး ပြောလိုက်သည်။

“ဒီဗီလာက ကျွန်မပိုင်တာ”

ပြိုင်ပွဲဝင်အားလုံး တိတ်တဆိတ်ဆက်နားထောင်သည်။

ဤနေရာတွင် အစီအစဉ်တင်ဆက်သူမရှိဘဲ ရှောင်တုံ့က ဆက်လုပ်မည့်ပုံပေါ်သည်။ ယနေ့ခေတ်တွင် ဤသို့ထူးခြားသည့်နေရာမျိုးရှာရန် ပြိုင်ပွဲဝန်ထမ်းအတွက် တကယ်ခက်ခဲလှသည်။

“မြင်တဲ့အတိုင်း နေရာတိုင်းမှာ အရုပ်တွေချည်းပဲ"

ရှောင်တုံ့ ဆက်မိတ်ဆက်ပေးသည်။

“တချို့က အဝတ်၊ တချို့က ပလတ်စတစ်၊ တချို့က ကြွေထည်။ တခြားပစ္စည်းတွေနဲ့ လုပ်ထားတဲ့အရုပ်တွေလည်း ရှိတယ်"

တခြားပစ္စည်းကဘာလဲဆိုတာ သူ(မ)သေချာမပြောပေ။

“အရုပ်တစ်ခုချင်းစီကို ကျွန်မဆရာကသေချာလုပ်ထားတာ”

“ဆရာ?”

ထိုစကားကိုကြားသည့် ရွှီရူဝမ်ကရေရွတ်သည်။

“သူက role play တောင်လုပ်လိုက်သေး"

ရှောင်တုံ့က ဆက်ပြောသည်။

“ကျွန်မက အစေခံဖြစ်ပေမဲ့ နောက်ပိုင်းကျ ဒီမှာ လူသတ်မှုဖြစ်သွားတယ်။ ဆရာရော၊ သူ့ဇနီးရော ရက်စက်တဲ့လူသတ်သမားတစ်ယောကသတ်တာ ခံလိုက်ရတာ”

ထိုစကားပြောပြီး သူ(မ)က ဝမ်းနည်းသည့်အမူအရာ ထုတ်ပြလာသည်။

သို့ရာတွင် ဝမ်းနည်းသည့်အမူအရာက သရုပ်ဆောင်နေသကဲ့သို့ အနည်းငယ်ဝတ်ကျေတန်းကျေဆန်သည်။ နှုတ်ခမ်းကို အင်တင်တင် မဲ့ပြထားသော်လည်း မျက်ဝန်းများက ပြုံးနေဆဲပင်။

ကျိုးကျားယွီ အလွန်အဆင်မပြေဖြစ်လာသည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖြစ်ခဲ့တာဆိုပေမဲ့ လူသတ်သမားကို အခုထိဖမ်းမမိသေးဘူး”

ရှောင်တုံ့ ပြောသည်။

“ကျွန်မဆရာနဲ့သူ့ဇနီးရော၊ ကလေးနှစ်ယောက်ရော အိမ်ထဲမှာပဲ အသတ်ခံခဲ့ရတာ။ သူ လွတ်အောင်ရုန်းခဲ့ပေမဲ့ မအောင်မြင်သွားပါဘူး။ သေချာကြည့်မယ်ဆိုရင် တံခါးအပြင်ဘက်က သူ့သွေးကွက်တွေ မြင်ရလိမ့်မယ်“

ရှောင်တုံ့အသံက ပေါ့ပါးချိနဲ့ပြီး ပဲ့တင်ထပ်နေသည်။

ပြိုင်ပွဲဝင်များကလည်း တိတ်တဆိတ်စတင်ဆွေးနွေးကာ ဤပြိုင်ပွဲက လူသတ်မှုနှင့်သက်ဆိုင်နေမည်ဟု အားလုံးတွေးမိကြသည်။

သို့သော် ရှောင်တုံ့ကရယ်ပြီး ပြောသည်။

“ကျွန်မက လူသတ်သမားရှာခိုင်းမယ်လို့ ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမဲ့ မဟုတ်ဘူး။ နောက်ဆုံးကျတော့လည်း ဒီလိုအရေးကြီးတဲ့ တာဝန်မျိုးဆိုတာက…”

သူ(မ) ခဏရပ်ပြီး ဆက်ပြောသည်။

“ဒီနေ့ပြိုင်ပွဲက ရိုးရှင်းပါတယ်”

အားလုံးက အလွန်အာရုံစိုက်ပြီး ကျိုးကျားယွီလည်း ဂရုတစိုက်နားထောင်နေသည်။

ရှောင်တုံ့ ဆက်ပြော၏။

“ကျွန်မဆရာရဲ့ဇနီးကလည်း အရုပ်လုပ်တဲ့နေရာမှာ ကျွမ်းကျင်သူပဲ။ ဒါပေမဲ့ သူ လုပ်ထားတဲ့ပစ္စည်းတွေက တခြားနေရာမှာ။ သူ ဆရာနဲ့ လက်ထပ်တော့ သူနဲ့အတူ ဆယ်ရုပ်ပဲယူလာခဲ့တယ်”

ရှောင်တုံ့၏ဆိုလိုရင်းကို ကျိုးကျားယွီနားလည်စပြုလာသည်။

ထင်ထားသည့်အတိုင်းပင် အပေါ်ထပ်ကို လက်ညှိုးထိုးပြကာ တံခါးဖွင့်ပြီးပြောသည်။

“အဲ့ဆယ်ရုပ်က အနိုင်ရဖို့ အမှတ်တွေပဲ။ အချိန်တစ်ရက်ရမယ်။ ဒါပေါ့ တခြားဟာတွေ ရှာတွေ့ခဲ့ရင်လည်း အမှတ်ပိုရဦးမှာပါ”

တခြားအရာများဆိုသည်မှာ လူသတ်သမားကိုဆိုလိုကြောင်း ကျိုးကျားယွီထင်မိသည်။

ထို့နောက် ရှောင်တုံ့က စည်းမျဉ်းများကြေညာလေသည်။ ရှာဖွေရေးဧရိယာအတွင်း တတိယထပ်နှင့်ဥယျာဉ်တို့ပါဝင်သော်လည်း စတုတ္ထထပ်ကိုမူပိတ်ဆို့ထားပြီး ဝင်မရပေ။ အရုပ်ဆယ်ရုပ်ကား အရွယ်အစားပေါင်းစုံရှိကာ ဘာနှင့်လုပ်ပြီး ဘယ်လိုပုံရှိမှန်းမသိရ။ အချိန်ကန့်သတ်ချက်မှာ တစ်ရက်ခန့်ဖြစ်သည်။ အရုပ်ဆယ်ရုပ်ကို တစ်ရက်ကျော်မှရှာတွေ့လျှင် ရှုံးမည်ဟုသတ်မှတ်သည်မှာ သေချာပေါက်ပင်။ ပြိုင်ပွဲဝင်များမှာ ရွေးချယ်စရာအခွင့်အရေးတစ်ခုသာ ရှိသည်။ အရုပ်တစ်ရုပ်ကို ထိနိုင်သော်လည်း ဖျက်ဆီးခွင့်မရှိပေ။

စည်းမျဉ်းများက ရိုးရှင်း၏။ သို့သော် အရုပ်ပေါင်းများစွာကြား၌ ပစ်မှတ်တစ်ခုကိုရှာရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေသည်။ မြင်မြင်သမျှ ခန့်မှန်းရန်မှာလည်း သေချာပေါက်အကြံကောင်းမဟုတ်ပေ။

ရှောင်တုံ့က နာရီကြည့်ကာ ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်။

မူလအစတုန်းက ဧည့်ခန်းထဲစုနေကြသည့်ပြိုင်ပွဲဝင်များမှာ အရုပ်ရှာရန် လူစုခွဲသွားကြလေသည်။

ကျိုးကျားယွီကမူ အခန်းထဲဝင်လာကတည်းက အဆင်မပြေသကဲ့သို့ ခံစားနေရခြင်းဖြစ်ပြီး ရှောင်တုံ့ကိုတွေ့လိုက်ရချိန် အဆင်မပြေသည်မှာ ပို၍ပင်ဆိုးဝါးလာခဲ့သည်။ တခြားသူများမမြင်ကောင်းမမြင်နိုင်သော်ငြား အရုပ်များ၏ခန္ဓာကိုယ်မှ ထွက်နေသကဲ့သို့ အနက်ရောင်မြူခိုးများဟာ အလွှာတစ်ခုအဖြစ် ဖုံးလွှမ်းနေကြောင်း သူ ရှင်းရှင်းလင်းလင်းမြင်နေရသည်။

ရှောင်တုံ့က ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် ထိုင်ကာ ပြုံးနေသော်လည်း သူ(မ)အပြုံး၌ ရိုးသားမှုမရှိချေ။

ရွှီရူဝမ်က ဘယ်နေရာကိုမှ အလောတကြီးမသွား။ ဧည့်ခန်းအတွင်းပတ်လျှောက်ကာ ရှောင်တုံ့ကို မေးသည်။

“မစ္စရှောင်တုံ့။ နိုင်ငံခြားသားဆွေမျိုး ရှိတာလား”

ရှောင်တုံ့ ခေါင်းစောင်းလိုက်သည်။

“ဘာလို့မေးတာလဲ”

ရွှီရူဝမ် ရှင်းပြ၏။

“မဟုတ်ရင် ခင်ဗျားမျက်လုံးအရောင်က ဘာလို့နည်းနည်းပြာနေတာလဲ”

ရှောင်တုံ့ထံ၌ နက်မှောင်သည့်ဆံနွယ်နှင့် မျက်ဝန်းများရှိသော်လည်း ခပ်မှိုင်းမှိုင်းအလင်းထဲတွင် သူ(မ)မျက်ဝန်းများက လှပသည့်နက်ပြာရောင် ဖြစ်နေသည်။

သူတို့ပြောစကားကို ကျိုးကျားယွီကြားသွားချိန် သူလည်း သိချင်သွားသည်။

သို့သော် ရှောင်တုံ့ကရယ်ပြီး ပြောသည်။

“မောင်လေး လောကကြီးထဲမှာ မျက်ကပ်မှန်လို အလှကုန်ပစ္စည်းမျိုးရှိတယ်ဆိုတာ မသိဘူးလား”

ရွှီရူဝမ် : “….”

ကျိုးကျားယွီ : “ဖွီး…”

ရွှီရူဝမ်ကခေါင်းစောင်းကာ ကျိုးကျားယွီကို စူးစူးရဲရဲကြည့်လိုက်သည်။

“မင်းက ဘာရယ်တာလဲ။ မင်းကို လိင်ပိုင်းဆိုင်ရာထပ်မစော်ကားမိအောင် သတိထားနေ”

ကျိုးကျားယွီ : “သူငယ်ချင်း လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့အကြောင်းကို ဘယ်လိုလုပ်ပြီး ပွင့်ပွင့်လင်းလင်းပြောထွက်တာလဲ"

ရှောင်တုံ့က တခစ်ခစ်ရယ်ပြီးပြော၏။

“နင်တို့ဆက်ဆံရေး တော်တော်ကောင်းပုံပဲ”

ကျိုးကျားယွီနှင့်ရွှီရူဝမ်တို့ တစ်ယောက်ကိုတစ်ယောက်စူးစူးရဲရဲကြည့်ကာ အချင်းချင်း သဘောမကျမှုများ တွေ့ရှိသွားကြသည်။ ရွှီရူဝမ်၏သဘောမကျမှုက ကျိုးကျားယွီထက်အနည်းငယ်ပိုရှုပ်ထွေးသည်မှာ သေချာပေါက်ပင်။ ကျိုးကျားယွီပုံစံက တကယ့်ကို သူ့အကြိုက်ဖြစ်သော်လည်း နှစ်ယောက်လုံး ပြိုင်ပွဲအတွင်းရောက်နေကာယှဉ်ပြိုင်သူများအဖြစ်သာ သတ်မှတ်နိုင်သည်။

ကျိုးကျားယွီလည်း မေးလိုက်သည်။

“ရှောင်တုံ့ မင်း တကယ် ဒီမှာနေတာလား”

ရှောင်တုံ့ ခေါင်းညိတ်ပြ၏။

“ဟုတ်တယ် ဒီနေရာကို တစ်ယောက်တည်း စီမံတာ”

ကျိုးကျားယွီ

: “ဒီနေရာက တော်တော်ကြီးတာ၊ စီမံဖို့ တော်တော်အလုပ်ရှုပ်မှာပဲ”

ရှောင်တုံ့ ပြုံးလိုက်သည်။

“အရမ်းလည်း မဆိုးပါဘူး”

ရွှီရူဝမ်က ဧည့်ခန်းထဲလျှောက်ကြည့်ပြီး ထူးထူးခြားခြားရှာမတွေ့ပေ။ ထို့ကြောင့် ကျိုးကျားယွီကို ပြောလိုက်သည်။

“အပေါ်ထပ်တက်ပြီး အတူတူသွားကြည့်ရအောင်”

“ကောင်းပြီ”

ရှောင်တုံ့ထံမှ ထူးထူးခြားခြားမသိရ၍ ကျိုးကျားယွီလည်းသဘောတူလိုက်သည်။

ထို့ကြောင့် သူတို့နှစ်ယောက် ဧည့်ခန်းမှထွက်ကာ ဒုတိယထပ်ကိုတက်လာခဲ့ကြသည်။

အချိန်တော်တော်ကြာ လမ်းမလျှောက်ထား၍ ခြေထောက်အောက်ရှိကြမ်းခင်းမှာ တကျွိကျွိအသံများထွက်နေ၏။ သူတို့နှစ်ယောက် အပေါ်ထပ်တက်ပြီး လူသွားလမ်း၌လျှောက်နေစဉ် အေးစက်စက်လေထုနှင့် ထိတွေ့လိုက်ရသည်။

ပထမထပ်ရှိအရုပ်များဟာ လူသားများနှင့် ကွဲပြားမည်ဆိုလျှင် ဒုတိယထပ်ရှိအရုပ်များက လူသားများနှင့် အချိုးအစား၊ ပုံစံနှင့်အသားအရေပင် တူညီလုနီးနီးဖြစ်နေသည်။

အရုပ်များကို လူသွားလမ်းရှိမှန်သေတ္တာများအတွင်းထည့်ထားကာ တခြားအရာများထက် ပိုအသက်ဝင်ပြီး ကျုးကျော်လာသူများအား ပြုံးပြစိုက်ကြည့်နေသလို ခံစားရသည်။

အရိုးသားဆုံးပြောပါက ပြိုင်ပွဲအတွက်သာမဟုတ်လျှင် ပြိုင်ပွဲဝင်များစွာမရှိနေလျှင် ကျိုးကျားယွီပြန်လှည့်ပြေးကာ ဘယ်တော့မှပြန်လာတော့မည်မဟုတ်ပေ။ ဤဗီလာကား အမှန်တကယ်ပင်ခြောက်ခြားဖွယ်ကောင်းလွန်းသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment