Five Elements
Chapter - 8 : ပုံဆွဲခြင်းနဲ့ တင်ပါးများ
“အကြီးအကဲ သူမ သေမှာလားဟင်?” ရှန်းရိချွင်းသည် လေယာဉ်ပေါ်တွင် မနေနိုင်တော့ဘဲ လင်းကျူးရွှေကို မေးလိုက်သည်။
လင်းကျူးရွှေ : “မသေပါဘူး”
လင်းကျူးရွှေက ယုံကြည်ချက်ရှိရှိ ပြောနေတာကို တွေ့လိုက်ရ၍ ရွမ်ယွင်ကျဲတစ်ယောက် အသက်ဆက်မရှင်နိုင်မှာကို ပူပန်ဖို့မလိုတော့ကြောင်း ရှန်းရိချွင်းက သိလိုက်ရသည်။ ဒါပေမယ့် ရှန်းရိချွင်း အနည်းငယ် နားမလည်နိုင် ဖြစ်နေသေးသည်။
“ကျွန်တော် မြင်ခဲ့တာကတော့ အရင်က အကြီးအကဲ မကောင်းဆိုးဝါးဝိညာဉ် သုတ်သင်ရင် သုံးတဲ့ နည်းလမ်းတွေကို စောနတုန်းက မသုံးခဲ့ဘူးဘဲ၊ အဲ့မှင်စာလေးတွေကို ဆက်သခဲ့ရုံပဲ လုပ်ခဲ့တာလေ သူတို့ရဲ့ အငြိုးတွေက အဲ့လောက်လွယ်လွယ်လေးနဲ့ ပြေပျောက်နိုင်ပါ့မလား”
“ဘာလို့ သူတို့ကို ဖြေဖျောက်ရမှာလဲ။ အစကတည်းက သူတို့တွေက ရွမ်ယွင်ကျဲရဲ့အသက်ကို ယူချင်ခဲ့တာမှ မဟုတ်တာ” လင်းကျူးရွှေက အေးစက်စွာ ပြောလိုက်သည်။
အဲ့စကားကို ကြားလိုက်ရသော ကျိုးကျားယွီနဲ့ ရှန်းရိချွင်းတို့သည် အဲ့မှင်စာလေးတွေ လိုချင်တဲ့အရာက မည်သည့်အရာဖြစ်သည်ကို နားမလည်ကြသောကြောင့် ပဟေဠိ ဖြစ်သွားကြပုံပေါ်သည်။
“ဒါပေမယ့် မှင်စာလေးတွေက ရွမ်ယွင်ကျဲရဲ့အသက်ကို လိုချင်တာမဟုတ်ဘူးဆိုရင် ရွမ်ယွင်ကျဲရဲ့ဗိုက်က အရေပြားကို ဘာလို့ခွာကြတာလဲ?” ရှန်းရိချွင်းက ခဏလောက် တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
“သူမကို သတိပေးဖို့” လင်းကျူးရွှေက မျက်လုံးပိတ်ထားရင်း ဖြေးဖြေးချင်း ပြောလိုက်သည်။ မှင်စာလေးများက သူမ ဗိုက်ထဲက ကလေးငယ်ကို မထိဖို့ ရွမ်ယွင်ကျဲကို သတိပေးခဲ့ကြခြင်း ဖြစ်သည်။ အဲ့ဒါကို ၎င်းတို့က သူမ၏အသက်ကို လိုချင်နေတယ်လို့ ရွမ်ယွင်ကျဲကမှားတွေးမိတာ ဖြစ်နိုင်သည်။
ရှန်းရိချွင်း နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ သူနဲ့ ကျိုးကျားယွီရဲ့စိတ်ထဲမှာ သံသယတွေရှိနေသေးပေမယ့် လင်းကျူးရွှေရဲ့ ထပ်ပြောချင်ပုံမပေါ်သော အမူအရာကို သူတို့ မြင်လိုက်ရသည်။ ထို့ကြောင့် ဒီကိစ္စသည် ယာယီအနေဖြင့် ရပ်တန့်သွားခဲ့သည်။
နောက်လတွေအတွင်း ကျိုးကျားယွီနဲ့ ရှန်းရိချွင်းတို့ နှစ်ယောက်လုံးက ရွမ်ယွင်ကျဲရဲ့သတင်းများကို ပိုပြီး အာရုံစိုက်ခဲ့ကြသည်။ တကယ်တော့ ရုပ်ရှင်ဘုရင်မက အနုပညာနယ်ပယ်ထဲက ထွက်တယ်ဆိုတဲ့သတင်းသည် အကြီးစားသတင်းပင် ဖြစ်သည်။
သူတို့နေတဲ့နေရာတွင့် တီဗီမရှိသည့်အတွက် ရှန်းရိချွင်းက သူ့ဖုန်းကိုယူ၍ အနုပညာနယ်ပယ်က သတင်းများကို လှန်လောကြည့်ရင်း ကျိုးကျားယွီကိုပင် သူနဲ့အတူ လာကြည့်ရန် ဖိတ်ခေါ်လေ့ရှိသည်။
ရွမ်ယွင်ကျဲက တကယ်ပင် ကလေးအကြောင်းကို ထည့်ပြောခဲ့ပြီး သူမ၏ ဗိုက်သည်လည်း ဖြေးဖြေးချင်း ဖောင်းလာနေပြီဖြစ်သည်။ ဖန်သားပြင်ပေါ်က မြင်ရခြင်းကြောင့်လည်း ဖြစ်နိုင်သော်လည်း သတင်းတွေထဲက ရွမ်ယွင်ကျဲသည် သူတို့နဲ့ စတွေ့တုန်းကလို ပူပင်သောက ရောက်မနေဘဲ နှင်းဆီရောင်သန်းနေသော မျက်နှာဖြင့် အလွန်လှပနေသည်။
အဲ့ဒါကို မြင်လိုက်ရသောကြောင့် အရာအားလုံးဤကိစ္စပြီးဆုံးသွားပြီဟု ကျိုးကျားယွီ ထင်လိုက်ပေမယ့် အောက်တိုဘာလမှာတော့ ရွမ်ယွင်ကျဲတစ်ယောက် ရူးသွပ်သွားပြီဆိုတဲ့ အကြောင်းကို ရှန်းရိချွင်းဆီက ကြားလိုက်ရသည်။
ဆေးရုံမှာ သားလေးတစ်ယောက် မွေးပြီးတဲ့ ရွမ်ယွင်ကျဲသည် မွေးဖွားပြီးကာစ သူမ ခန္ဓာကိုယ်ကိုပင် ဂရုမစိုက်နိုင်ဘဲ ဆေးရုံကြမ်းပြင်ပေါ်တွင် တွားသွားရင်း ငိုယိုလျက် သရဲရှိနေသည်ဟု အော်ဟစ်နေခဲ့သည်။ နောက်ဆုံးမှာတော့ ဆေးရုံသည်လည်း ရွေးချယ်စရာမရှိတော့ဘဲ ယာယီ တည်ငြိမ်စေရန်အတွက် သူမကို စိတ်ငြိမ်ဆေး ပေးလိုက်ရသည်။
ရှန်းရိချွင်း : “သူမက ဘာလို့ ရုတ်တရက်ကြီး ထပြီးရူးသွားတာလဲ။ ကလေးမှာ တစ်ခုခုမှားယွင်းနေတာမျိုး ရှိနေလို့များလား?”
ရွမ်ယွင်ကျဲနောက်သို့ လိုက်နေသည့် မှင်စာလေးသုံးကောင်ကို ကျိုးကျားယွီက တိတ်တဆိတ် ပြန်တွေးနေမိသည်။ ရွမ်ယွင်ကျဲရဲ့ ရူးသွပ်မှုကို လူအများကြီး မသိခဲ့ပေ။ ရွေ့ကောနဲ့ ရွမ်ယွင်ကျဲရဲ့ အေဂျင်စီက သတင်းများကို ဖုံးဖိခဲ့ပြီး ကလေးမွေးဖွားပြီး နောက်ဆက်တွဲ စိတ်ဓာတ်ကျရောဂါနဲ့ ဆိုးရွားတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ရှိနေသည်ဟုသာ ၎င်းတို့က ထုတ်ပြန်ခဲ့ကြသည်။
ကလေးမွေးပြီးတဲ့နောက် ရွေ့ကောက ချီတုံချတုံဖြင့် DNA စစ်ဆေးခဲ့သေးသည်။ ကံကောင်းထောက်မစွာဖြင့် ကလေးသည် အမှန်တကယ် သူ၏ကလေး ဖြစ်နေခဲ့သည်။ ကလေးမွေးပြီး တစ်လလောက် ကြာတဲ့အချိန်မှာ ရွေ့ကောက လင်းကျူးရွှေကို ဖိတ်ခေါ်ခဲ့သည်။ လင်းကျူးရွှေတစ်ယောက် မသွားလောက်ဘူးဟု ကျိုးကျားယွီထင်ခဲ့ပေမယ့် လင်းကျူးရွှေက လက်ခံလိုက်ပြီး မိမိကိုပင် လိုက်လာခဲ့ဖို့ ပြောလာလိမ့်မယ်ဟု လုံး၀မထင်ထားခဲ့ပေ။
ထို့အပြင် ရွမ်ယွင်ကျဲကို ရူးသွားစေတဲ့ ကလေးကို ကျိုးကျားယွီသည်လည်း မြင်ချင်နေမိသည်။ ကလေးက ရွမ်ယွင်ကျဲရဲ့ ကြည့်ကောင်းသော ရုပ်ရည်အသွင်အပြင်ကို အမွေအဖြစ် လက်ခံရရှိထားသညမ့ ချစ်စရာကလေးငယ်တစ်ဦး ဖြစ်သည်။ သူသညမ ငယ်ရွယ်သေးသော်လည်း အချောလေးအဖြစ် ကြီးပြင်းလာမည်မှာ သေချာနေသည်။ ကျိုးကျားယွီ ကြည့်တဲ့အချိန်မှာ ကလေးက အိပ်ပျော်နေပြီး သူ့ရဲ့ယပ်တောင်လို ရှည်လျားသော မျက်တောင်များက ပါးပြင်ပေါ်တွင် အရိပ်ထင်နေ၍ ကြည့်နေသူတိုင်း၏ နှလုံးသားကို နူးညံ့ပျော့ပျောင်းလာစေခဲ့သည်။
“ရွမ်ယွင်ကျဲရော ဘယ်လိုနေလဲ?”လလင်းကျူးရွှေ ဘေးက ရွေ့ကောကို မေးလိုက်သည်။
“စိတ်ကျန်းမာရေး ဆေးရုံမှာပါ” ရွေ့ကောက မျက်နှာအမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
“အဲ့လိုဆိုရင်တောင်မှ သူ အသက်ရှင်နေသေးတာပဲလေ” လင်းကျူးရွှေက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
“အဲ့လိုယုတ်မာတဲ့ လူတစ်ယောက်က သေသေ ရှင်ရှင် ဘာများ ကွာခြားမှာမို့လို့လဲ?” ရွေ့ကောက လှောင်ရယ်ရင်း ပြောလိုက်သည်။
သူနှင့် ရွမ်ယွင်ကျဲတို့သည် ရှစ်နှစ်ကြာတဲ့အထိ အနေဝေးသည့် ချစ်သူများ ဖြစ်ခဲ့ကြသည်။ သူတို့၏ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်တော့မည်ဟု ထင်ထားခဲ့ပေမယ့် ရွမ်ယွင်ကျဲက တခြားလမ်းကြောင်းအပေါ်ကို ထပ်ရောက်သွားခဲ့ပြန်သည်။ သူသည် မှင်စာလေးတွေရဲ့ အဖြစ်အပျက်နဲ့ ကြုံပြီးသွားတဲ့နောက် ရွမ်ယွင်ကျဲရဲ့ ကိုယ်၀န်ဖျက်ချမှုများကို သွားရှာဖွေခဲ့ချိန်တွင် နောက်ထပ်သော ကိစ္စအသစ်များကို ထပ်မံရှာတွေ့ခဲ့သည်။
ဤသည်မှာ ရုတ်တရက် နှလုံးရပ်မှု ကိစ္စများ၏ အဆုံးသတ် မဟုတ်ခဲ့ပေ။ သူသည် လိုချင်တောင့်တနေခဲ့သော ကလေးသည် ကျန်းမာသော ကလေးတစ်ဦး ဖြစ်နေသော်လည်း အမေဖြစ်စူည် ဆိုးယုတ်သူတစ်ဦး ဖြစ်နေခဲ့သည်။
“ရှေ့လျှောက် သူက ကျွန်တော်ရဲ့ တစ်ဦးတည်းသော သားပဲ ဖြစ်မှာပါ” ရွေ့ကောက ပြောလိုက်သည်။
“ကျွန်တော် ထပ်ပြီး လက်ထပ်ဖို့လည်း မစဉ်းစားထားဘူး။ သူ့ကိုပဲ သေချာ ပြုစုပျိုးထောင်ချင်တယ်”
ရွမ်ယွင်ကျဲ အကြောင်းကို ပြောတုန်းကလို အေးစက်၍ ရွံရှာနေသော အကြည့်မျိုး မဟုတ်ခဲ့ဘဲ၊ ရွေ့ကောက ကလေးကို ကြည့်နေသည့်အချိန် မျက်လုံးများတွင် အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည်။
လင်းကျူးရွှေ : “ကောင်းတယ်”
အတိတ်က အကြောင်းများ ပြန်ပြောပြီးတဲ့နောက် လင်းကျူးရွှေက ကျိုးကျားယွီနဲ့အတူ ပြန်ဖို့လုပ်လိုက်သည်။ တစ်ယောက်က အရှေ့ကသွားပြီး တစ်ယောက်က အနောက်ကလိုက်လာ၍ အရှေ့တံခါးကို သွားနေချိန်တွင် လင်းကျူးရွှေက ကျိုးကျားယွီကို နောက်ကျောပေးထားရင်း ညင်သာစွာဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။
“မင်း အဲ့ဒါကို မြင်လား?”
ကျိုးကျားယွီက နားမလည်ဖြစ်သွားသည်။
“ဘာကိုလဲ?”
လင်းကျူးရွှေ မျက်နှာကျက်ကို လက်ညှိုးထိုးပြလိုက်သည်။ ကျိုးကျားယွီက မော့ကြည့်လိုက်ရာ မျက်နှာကျက်ပေါ်ရှိ အရာများကို မြင်ပြီးနောက် လေအေးများ ရှူရှိုက်မိသွားသည်။ ကလေးအိပ်နေသည့် ပုခက်ပေါ်ရှိ ဧည့်ခန်းမျက်နှာကျက်တွင် အပေါ်အောက် တွဲလောင်းကျနေသော အနက်ရောင်သုံးခု ရှိနေသည်။ ၎င်းတို့မျက်နှာများက ဝေဝါးနေသော်လည်း ကျိုးကျားယွီက ၎င်းတို့၏ ပျော်ရွှင်နေမှုကို ဝိုးတဝါး ခံစားမိနေသည်။
ကျိုးကျားယွီ : “သူတို့က ပျော်နေတာလား…?”
လင်းကျူးရွှေ : “အင်း”
ကျိုးကျားယွီ : “သူတို့က ဒီကလေးကို သဘောကျတာလား?”
“အနည်းဆုံးတော့ သူ့အမေထက် စာရင်ပေါ့” လင်းကျူးရွှေက နက်နဲစွာ ပြောလိုက်သည်။
ကျိုးကျားယွီတစ်ယောက် ဆွံ့အသွားသည်။ ဒါပေမယ့် အဲ့နောက် ဆယ်လလောက်ကြာပြီးချိန်တွင် ကျိုးကျားယွီက သုံးထပ်တိုက်သစ်သားအိမ်သို့ ပြန်ရောက်လာခဲ့သည်။
ရှန်းရိချွင်းက ဆိုဖာပေါ်တွင် လှဲနေခဲ့ပြီး ကျိုးကျားယွီက ညစာ ချက်ရန် ပြင်ဆင်ခဲ့သည်။
ပြန်ရောက်သည်နှငိ့ ရှန်းအာပိုင်ကို တွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် အဆောက်အအုံတစ်ခုလုံးက လွတ်နေတာကို တွေ့လိုက်ရသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဘယ်သူမှရောက်မလာပုံပေါ်နေသည်၊ ထို့ကြောင့် သူသည် ရှန်းရိချွင်းကို သာမန်ကာလျှံကာ မေးခွန်းတစ်ချို့ မေးလိုက်သည်။
ရှန်းရိချွင်း : “ကိစ္စတစ်ချို့ လုပ်စရာရှိလို့ အပြင်သွားတာ ဖြစ်နိုင်တယ်”
ထို့နောက် ထပ်ထည့်ပြောလိုက်သည်။
“ဂျူလိုင်တောင် ရှိနေပြီကို အကုန်လုံးကလည်း မရှိဘူး။ အဲ့တော့ ပြိုင်ပွဲကို အကြီးအကဲနဲ့အတူ လိုက်လို့ရတာ မင်းနဲ့ငါပဲ ရှိတယ်မဟုတ်လား?”
ရှန်းရိချွင်းသည် သူ၏မျက်နှာတွင်ပျော်ရွှင်နေတဲ့ အရိပ်အမြွက်များဖြင့် ပြောလိုက်သည်။
“ပြိုင်ပွဲက ဘာလဲ?” ကျိုးကျားယွီက ခေါက်ဆွဲစားရင်း မေးလိုက်သည်။
သူသည် ဤလောကနှင့်ပတ်သက်၍ အပြင်လူတစ်ယောက်ဖြစ်သောကြောငိ့ ဘာကိုမှ နားမလည်ပေ။
ရှန်းရိချွင်း : “ပြိုင်ပွဲအကြောင်းအရာက နှစ်တိုင်း မတူဘူး။ ဘာပဲဖြစ်ဖြစ် အဲ့မှာရှိတဲ့ အကုန်လုံးက စွမ်းအားကြီးကြတယ်။ မင်း….”
သူသည် ကျိုးကျားယွီကို အပေါ် အောက်ကြည့်ရင်း သဘောမကျဖြစ်နေသည်။ ဒီနေရာမှာရှိတဲ့ ကျောင်းသားတွေကြားတွင် တန်းတူညီမျှမှု မရှိဘူးလို့ ကျိုးကျားယွီက ထပ်ပြီး ခံစားလိုက်ရပြန်သည်။
လင်းကျူးရွှေက ကျိုးကျားယွီနဲ့ပတ်သတ်ပြီး အနည်းငယ် ယုံကြည်မှုရှိနေသည်မှာ သိသာသည်။ နောက်တစ်နေ့မှာ လင်းကျူးရွှေက သစ်သားအိမ်ကို ရောက်လာပြီး ကျိုးကျားယွီကို စာကြည့်ခန့်သို လာခိုင်းခဲ့သည်။
လင်းကျူးရွှေက နတ်ဆိုးလိုမျိုးလေ့ကျင့်ရေးမျိုးကို ချက်ချင်း ချမှတ်ပေးတော့မယ်လို့ ကျိုးကျားယွီက ထင်ထားခဲ့ပေမယ့် လင်းကျူးရွှေက စုတ်တံနဲ့ မန္တန်စာရွက်တစ်ခုကို ထုတ်ယူလာပြီး သူ့ကို မန္တန်စာရွက်တွင် ဆွဲခိုင်းခဲ့သည်။
“သိုင်းပညာတွေကရော?” ကျိုးကျားယွီ ထိတ်လန့်သွားကာ ပြောလိုက်သည်။
လင်းကျူးရွှေ : “ဘာသိုင်းပညာတွေလဲ?”
ကျိုးကျားယွီ : “အချက်အချာနေရာဆီကို ချီစုဆောင်းခြင်း သိုင်းပညာလိုမျိုးလေ….”
လင်းကျူးရွှေ : “သိုင်း၀တ္ထုတွေ လျှော့ဖတ်ပါဦး”
ကျိုးကျားယွီ : “...” သူ အမှန်တကယ် ရှက်သွားမိသည်။
“ဖုန်းရွှေဆိုတာက မွေးရာပါစွမ်းရည်နဲ့ အတွေ့အကြုံပေါ် မူတည်နေတဲ့ ပညာရပ်တစ်ခုပဲ မင်း များများမြင်ပြီး အတွေ့အကြုံ များများရှိရင် အလိုလိုနေရင်း ပညာရှင်ဖြစ်လာလိမ့်မယ်။ ဒီမန္တန်တွေကိုသာ သေချာ လေ့လာထား” လင်းကျူးရွှေက စားပွဲကို ခေါက်ရင်း ပြောလိုက်သည်။
လင်းကျူးရွှေ ပေးထားတဲ့ မန္တန်နမူနာ စာရွက်သည် အလွန်ရှုပ်ထွေး၍ စုတ်ချက်တစ်ချက်တည်းဖြင့် ချောမွေ့သော ပုံသဏ္ဌာန် ရရှိဖို့လိုအပ်သည်။ လအနည်းငယ်လောက် လေ့ကျင့်ထားခြင်းမျိုး မရှိဘဲနဲ့ ပုံတူပွား၍ ရေးဆွဲရန် မဖြစ်နိုင်ပေ။ ကျိုးကျားယွီ တစ်ခုဆွဲဖို့ ကြိုးစားကြည့်ခဲ့သော်လည်း သူ ဆွဲလိုက်သည့်အရာသည် အလွန် ကြည့်ရဆိုးနေသည်။
“မစ္စတာလင်း မန္တန်ကို ဘာအတွက်အသုံးပြုတာလဲ?” ကျိုးကျားယွီက တီးတိုး ပြောလိုက်သည်။
“ဆွဲဖို့ပြောရင် ဆွဲလိုက် ဒီမေးခွန်းတွေက ဘယ်ကနေ ရောက်လာတာလဲ?” လင်းကျူးရွှေက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ သူသည် ပြန်ဖြေရန် စိတ်ကူးရှိပုံမပေါ်ပေ။
ကျိုးကျားယွီက ပြန်မတုံ့ပြန်တော့ဘဲ သူ၏လေ့ကျင့်မှုကို စတင်လိုက်သည်။ လင်းကျူးရွှေသည် ဘေးကနေ ဘာမှမပြောဘဲ ရပ်ကြည့်နေခဲ့သည်။ ကျိုးကျားယွီသည် ချောချောမွေ့မွေ့ စဆွဲလိုက်ပေမယ့် နည်းနည်းဆွဲပြီးချိန်တွင် တစ်ခုခုမှားယွင်းလာခြင်းကို ခံစားမိလိုက်သည်။ သူ၏စုတ်တံသည် ပိုပို လေးလံလာပြီး စုတ်ချက်များက ပို၍ နှေးကွေးလာသည်။ နောက်ဆုံးတွင် သူ၏စုတ်တံကိုပင် ဆက်ပြီးကိုင်မထားနိုင်တော့ပေ။
ကျိုးကျားယွီက အခြေအနေကို ထုတ်ပြောဖို့ စဉ်းစားလိုက်ချိန်တွင် သူ့ခါးကနေ အအေးဓာတ်များ စိမ့်ထွက်လာတာကို ခံစားမိလိုက်သည်။ သူ၏ကျောရိုးတစ်လျှောက် လေအေးများ ဖြတ်တိုက်သွားပြီး ခြေထောက်များဆီ ကျဆင်းလာကာ မူလက လေးလံနေတဲ့ အာရုံခံစားမှုများက ဖြေးဖြေးချင်း နေသားကျလာသည်။
ကျိုးကျားယွီသည် အရင်က သူ့ခါးတွင် လင်းကျူးရွှေ ထိုးပေးခဲ့သော ဆေးမှင်တက်တူးကို ရုတ်တရက် သတိရသွားသည်။
“ဖုန်းရွှေမှာ ဒီလိုလုပ်နိုင်စွမ်းတောင် ရှိတယ်လား?” ကျိုးကျားယွီက ကျီပါ့ကို ပြောလိုက်သည်။
ကျီပါ့ : “ဘာလုပ်နိုင်စွမ်းလဲ?”
ကျိုးကျားယွီသည် တက်တူးရှိ ခံစားရမှုများအကြောင်း ကျီပါ့ကို ပြောပြလိုက်သည်။ ကျီပံက ထိုအကြောင်းကို ကြားပြီးသွားတဲ့အချိန် သူ့တစ်ကိုယ်လုံး အလွန် စိတ်လှုပ်ရှားသွား၍ ပြောလိုက်သည်။
“လင်းကျူးရွှေ ထိုးပေးထားတာဆိုတဲ့အတိုင်းပဲ။ အံ့ဩဖို့ကောင်းလိုက်တာ။ မင်း သူ သင်ပေးတဲ့မန္တန်ကို သေချာလိုက်သင်သင့်တယ်။ အဲ့တာကလည်း အရေးပါတာတွေ ဖြစ်ရမယ်”
ကျိုးကျားယွီက အားတက်သရော သဘောတူလိုက်သည်။ သူတို့နှစ်ဦး စကားပြောနေတဲ့အချိန် သူ့နံဘေးတွင် တိတ်တဆိတ် ထိုင်နေတဲ့ လင်းကျူးရွှေက ရုတ်တရက် မျက်မှောင်ကြုံ့ပြီး ပြောလာသည်။
“ဘယ်သူ့ကို စကားပြောနေတာလဲ?”
ကျိုးကျားယွီက ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ ကျီပါ့သည်လည်း အထိတ်တလန့်ဖြင့် သူ၏ချွန်မြဆသယ နှုတ်သီးကို လက်သည်းဖြင့် ဖုံးအုပ်လိုက်သည်။
အခန်းထဲတွင် ဘယ်သူမှမရှိဘဲ တီးတိုးပြောသံတွေ ဝိုးတဝါး ထပ်ကြားလိုက်ရခြင်းကို လင်းကျူးရွှေက သိချင်နေသည့်ဟန်ဖြင့် အနည်းငယ်စောင်းရင်း ရှုပ်ထွေးသော အမူအရာနှင့် ကြည်နေသည်။
“ကျွန်တော် ဘာမှမပြောပါဘူး အကြီးအကဲ” ကျိုးကျားယွီက လိမ်ပြောလိုက်သည်။
လင်းကျူးရွှေ : “အော်၊ ငါ နားကြားမှားတာပဲ”
ကျိုးကျားယွီ နဖူးပေါ်က ချွေးစေးများကို တိတ်တိတ်လေး သုတ်လိုက်သည်။ ကျီပါ့၏ဖြစ်တည်မှုက လူအများ၏ လက်ခံယုံကြည်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေတာကို ကျိုးကျားယွီ သိထားသော်လည်း လင်းကျူးရွှေက သူ့စိတ်ထဲက စကားတွေအထိ အာရုံခံနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကံကောင်းစွာနဲ့ပင် လင်းကျူးရွှေက အသံအနည်းငယ်ကိုသာ ကြားခဲ့ပုံပေါ်သည်၊ မဟုတ်လျှင် စူးစမ်းလေ့လာဖို့အတွက် ဓာတ်ခွဲခန်းသို့ ခေါ်သွားခံရမှာကို ကျိုးကျားယွီ အမှန်တကယ် စိုးရိမ်နေမိသည်။
မန္တန်သည် ရေးဆွဲဖို့ အလွန်ခက်ခဲကာ သူ့နံဘေးတွင် မျက်နှာထားတည်တည်ဖြင့် ထိုင်နေသော ဖြစ်တည်မှုသည်လည်း ကျိုးကျားယွီအပေါ် အဆုံးအဆမဲ့စွာ ဖိအားများစေသည့် အကြောင်းအရင်းဖြစ်သည်။
ကံကောင်းစွာနဲ့ပင် လင်းကျူးရွှေက ကျိုးကျားယွီနဲ့ တစ်ရက်သာရှိနေခဲ့ပြီး နောက်ထပ် ရောက်မလာခဲ့ပေ။ သို့သော်လည်း လင်းကျူးရွှေက မပြန်ခင်မှာ စွမ်းရည်ကို ပြန်လည်စစ်ဆေးမည်ဟု သေချာ မှာကြားသွားသည့်အတွက် ကျိုးကျားယွီက သူ၏လေ့လာမှုများကို လျစ်လျူမရှုထားဝံ့ပေ။
ဒီမန္တန်ကို ဆွဲရတာ ဘယ်လောက်ပင် ခက်ခဲနေပါစေ ကျိုးကျားယွီက ဆက်လက်၍ မဆုတ်မနစ် ကြိုးစားရပေလိမ့်မည်။ သူသည် သူ၏လူလိမ် အထောက်အထားကို မမေ့ပျောက်သေးပေ။
ကျိုးကျားယွီသည် မန္တန်များ ရေးဆွဲခြင်းကို စတင် လေ့ကျင့်နေကြောင်း သိသွားတဲ့အခါမှာ ရှန်းရိချွင်းက အသဲကွဲသွားခဲ့သည်။ သူသည် တစ်နေ့လုံး သင်ပြင်းချရင် ဇနီးဖြစ်သူက ကိုယ်လုပ်တော်တစ်ဦးမျှ မကောင်းနိုင်သလို ကိုယ်လုပ်တော်တစ်ဦးသည်လည်း သာမာန်သူခိုးတစ်ဦမျှ မကောင်းနိုင်ကြောင်း ပြောနေခဲ့သည်။
“ဘယ်သူက ဇနီး ဘယ်သူက ကိုယ်လုပ်တော်လဲ?” ကျိုးကျားယွီက သူ့ကို မေးလိုက်သည်။
“ဟမ်း၊ ငါက အကြီးအကဲကို ငါ့ဆရာအဖြစ် လက်ခံထားပြီးသား ပြီးတော့ ဆရာ-တပည့် အသိအမှတ်ပြုတဲ့ အခမ်းအနားမှာ ဆရာက ငါ ဆပ်သတဲ့ အရက်ကိုတောင် သောက်ခဲ့တာ” မကျေမနပ် ဖြစ်နေဆဲဖြစ်သော ရှန်းရိချွင်းက ပြောလိုက်သည်။
ကျိုးကျားယွီသည် မီးဖိုချောင်ထဲတွင် အသီးအရွက်ကြော်နေရင်း ဧည့်ခန်းထဲရှိ ရှန်းရိချွင်း၏ စကားကို ကြားလိုက်ရသောအခါ အော်ဟသ်ပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ သူက ငါ့ တင်ကိုတောင် မြင်ဖူးပြီးပြီ!”
အပြင်ဘက်တွင် ချက်ချင်း တိတ်ဆိတ်သွားသည်။ ရှန်းရိချွင်းက မည်သို့ကြောက် ပြန်မငြင်းခုံလဲဆိုတာ ကျိုးကျားယွီက သိချင်သွားသည်။ သို့သော်လည်း သူ အပြင်ထွက်လာချိန်တွင် လင်းကျူးရွှေနှင့် မျက်နှာချင်း ဆိုင်လိုက်ရလေသည်။ ကျိုးကျားယွီ ကြောက်လန့်ပြီး ထုံထိုင်းသွားလေသည်။
“ဘယ်သူက မင်း တင်ကို မြင်တာလဲ?” လင်းကျူးရွှေက ခပ်ဖျော့ဖျော့ မေးလိုက်သည်။
ကျိုးကျားယွီ : “....”