ဒုတိယထပ်ကား အလွန်မှောင်မိုက်သည်။ ကျိုးကျားယွီမလှုပ်ရှားခင် ရွှီရူဝမ် ပစ္စည်းတစ်ခု ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။ သူ သေချာကြည့်လိုက်ရာ လှပသည့်သံလိုက်အိမ်မြှောင်တစ်ခု ဖြစ်နေ၏။ သံလိုက်အိမ်မြှောင်က လက်တစ်ဝါးစာခန့်ရှိမည်။ အတွင်း၌ အရပ်ရှစ်မျက်နှာရေးဆွဲထားပြီး အလယ်တွင် အပ်လေးတစ်ချောင်းရှိနေသည်။
ရွှီရူဝမ် : “မင်း တစ်ခုခု ခံစားမိလား”
ကျိုးကျားယွီ ပတ်ဝန်းကျင်ကိုကြည့်ပြီး ခေါင်းခါသည်။ ဤအထပ်ရှိ အနက်ရောင်မြူများမှာ ပထမထပ်ထက် ပို၍ပင်ထူထဲပြီး သူ့ကို အဆင်မပြေဖြစ်စေသည်။
ရွှီရူဝမ် : “ဒီအထပ်ကို ငါ ကြည့်လိုက်မယ်၊ မင်း ကရော”
ကျိုးကျားယွီ ခတ္တခဏတုံ့ဆိုင်းနေပြီးမှ သူ့ဆန္ဒအတိုင်းလိုက်နာရန် ဆုံးဖြတ်လိုက်သည်။
“ငါ အပေါ်ထပ် သွားကြည့်လိုက်မယ်”
ရွှီရူဝမ် : “ကောင်းပြီ၊ ဂရုစိုက်”
ကျိုးကျားယွီခေါင်းညိတ်လျက် လှည့်ထွက်သွားသည်။
ကျိုးကျားယွီ တတိယထပ်သို့သွားနေစဉ် ရွှီရူဝမ်က သူ့သံလိုက်မြှောင်ကိုငုံ့ကြည့်သည်။ ကျိုးကျားယွီထွက်သွားသည်နှင့် တပြိုင်နက် သံလိုက်မြှောင်က အပြင်းအထန်စတင်လည်ပတ်လာသည်။ မျက်ခုံးအနည်းငယ်ပင့်တင်ကာ ကျိုးကျားယွီရပ်နေသည့်နေရာသို့ တွေးတောချင့်ချိန်သည့်အကြည့်နှင့် ကြည့်လိုက်သည်။
ကျိုးကျားယွီကမူ တတိယထပ်ကို တစ်ယောက်တည်း တက်သွားလေသည်။ တတိယထပ်ပုံစံက ဒုတိယထပ်နှင့် အလားတူစွာ အသက်ဝင်လှသည့်အရုပ်များကို ပတ်ပတ်လည် နေရာချထားသော်လည်း လူသွားလမ်းမှာပါ တခြားအရာများ ရှိနေသည်။ တတိယထပ် နံရံတွင် မီတာအနည်းငယ်ခြား၍ ဓာတ်ပုံအမျိုးမျိုး ချိတ်ထားလေသည်။
၎င်းတို့မှာ ချောမောသည့်ဆရာ၊ လှပသည့်ဇနီး နှင့် ချစ်စရာကောင်းသည့်ကလေးများ ဖြစ်ကြသည်။ မိသားစုလေးယောက်ပုံကို သစ်သားဘောင်ထဲထည့်ထားပြီး အနားကပ်လာသည့်လူများကို ချိုမြိန်စွာပြုံးသွားစေသည်။
ထိုဓာတ်ပုံများ၏အချိန်ကာလမှာ လွန်စွာ ပြီးပြည့်စုံသည်။ သူတို့လက်ထပ်ပွဲမှစ၍ ဒုတိယကလေးရသည်အထိ ဖြစ်သည်။ ပုံရိပ်တိုင်းဟာ ပြည့်စုံလှသည်။
ကျိုးကျားယွီ သူတို့ကိုကြည့်ရင်း လျှောက်လာပြီး ပြောလိုက်သည်။
“သနားစရာကောင်းလိုက်တာ”
“ဟုတ်တယ်”
သူ့စိတ်ထဲရှိ ကျီပါ့ကပြန်ဖြေသည်။
“မိသားစုလေးယောက်လုံး မရှိတော့ဘူး”
ရှောင်တုံ့အဆိုအရ လူသတ်သမားကို ရှာမတွေ့သေးသည့်ပုံပင်။ ကျိုးကျားယွီ စိတ်ထဲ၌ သက်ပြင်းချလျက် ခြေလှမ်းများရပ်တန့်သွားသည်။ မသိစိတ်အရ လူသွားလမ်းအဆုံးအထိ လျှောက်ရမည်။
နောက်ဆုံးဓာတ်ပုံမှာ မိသားစုဓာတ်ပုံတစ်ပုံ ဖြစ်သည်။ အဖေက သမီးကိုချီထားပြီး အမေက သားကိုချီကာ ပျော်ရွှင်စွာပြုံးလျက် ရပ်နေကြသည်။ ဓာတ်ပုံနှင့်မျက်နှာချင်းဆိုင်တွင် စတုတ္ထထပ်သို့တက်သည့် လှေကားရှိနေသည်။ ရှောင်တုံ့၏ယခင်အကြံပေးချက်ကြောင့် ကျိုးကျားယွီ အပေါ်မတက်ပေ။ သူ လှည့်ပြန်တော့မည့်ဆဲဆဲတွင် ကလေးတစ်ယောက်၏အော်ဟစ်သံ ခပ်သဲ့သဲ့ကြားလိုက်ရသည်။
“ဘာအသံလဲ”
ကျိုးကျားယွီ အံ့ဩသွားသည်။
ကျီပါ့ ပြောသည်။
“စတုတ္ထထပ်က လာတာထင်တယ်"
အသံကား စတုတ္ထထပ်မှ တကယ်ထွက်လာခြင်း ဖြစ်သည်။ ကျိုးကျားယွီ အသက်ရှုသံထိန်း၍ အာရုံစိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် ထိုအသံများအား ရှင်းရှင်းလင်းလင်းထပ်ကြားရပြန်သည်။
ကျိုးကျားယွီ တုံ့ဆိုင်းနေသော်လည်း သွားကြည့်ရန် ဆုံးဖြတ်ထားဆဲဖြစ်၏။ နောက်ဆုံးတွင်မူ သူက ပြိုင်ပွဲဝင်နေဆဲဖြစ်ပြီး ကြောက်စရာကိစ္စများဖြစ်လာသည်မှာ ထူးခြားသည့်ကိစ္စမဟုတ်ပေ။
သူပြန်လှည့်ကာ စတုတ္ထထပ်သို့ ဖြည်းညှင်းစွာတက်လာခဲ့သည်။ သို့သော် လှေကားအကွေ့တွင် သူ့အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုအကြည့်က သူ့တစ်ကိုယ်လုံးကို ကြက်သီးတဖြန်းဖြန်းထသွားစေခဲ့သည်။ လှေကားနှင့်မျက်နှာချင်းဆိုင်၌ ချိတ်ထားသည့်မိသားစုဓာတ်ပုံတွင် ကလေးနှစ်ယောက်က တစ်ဖက်ကို ခေါင်းစောင်းပြီး မိဘများကမူ တခြားတစ်ဖက်သို့ ခေါင်းစောင်းနေသည်။ သူတို့ကိုယ်ဟန်အနေအထားများက ထူးဆန်းကာ သူတို့အပြုံးနှင့်တွဲဖက်လိုက်ပါက လူအများကို ဆံပင်မွှေးများထောင်သွားစေသည်။ ကျိုးကျားယွီ ခြေချော်လုမတက်ပင်။
“သောက်ကျိုးနည်း”
ကျိုးကျားယွီ တိုးတိုးလေးဆဲလိုက်သည်။
“ဘာကြီးလဲဟ”
ကျီပါ့ : “စိတ်အေးအေးထားပါ။ မင်း စိတ်ထင်တာဖြစ်မယ်”
ကျိုးကျားယွီ : “အမ်?”
ကျီပါ့ : “တချို့အရာတွေက တည်ငြိမ်တဲ့လူတွေပဲမြင်ရတာ။ သိပ္ပံနည်းကျ ရှင်းပြရရင်တော့ မင်းက သူ့ကြိမ်နှုန်းနဲ့သွားတူနေလို့”
ကျိုးကျားယွီကြောင်ပြီး နားထောင်နေသည်။
ကျီပါ့ ဆက်ပြောသည်။
“ဥပမာပေးရရင် လူတစ်ယောက်က မင်းနဲ့အတူ ကြိမ်နှုန်းအတူတူတုန်နေမယ်ဆိုရင် မင်း မျက်လုံးထဲမှာ တခြားသူကိုငြိမ်နေတယ်လို့ မြင်မှာ”
ကျိုးကျားယွီ : “…"
ယခုလို ထှိုင်းမှိုင်းနေသည့်နေရာတွင် ကျီပါ့၏သိပ္ပံနည်းကျရှင်းလင်းချက်များကို နားထောင်ရသည်မှာ သူ့ရင်ထဲ ဆိုရှယ်လစ် ထူးချွန်မှုများနှင့်ပြည့်သွားသလို ခံစားရသည်။
သူတို့ စကားပြောနေရင်း စတုတ္ထထပ်ဝင်ပေါက်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ အနက်ရောင်သံတံခါးက ကျိုးကျားယွီ၏လမ်းကို ပိတ်ဆို့ထား၏။
သံတံခါးက အလွန်ရှေးကျကာ ခပ်မှိန်မှိန် အလင်းရောင်မှတစ်ဆင့် သံတံခါးအောက်ရှိ ထောင့်စွန်းတွင် နီညိုရောင်အမှတ်အသားတချို့ ရှိနေကြောင်း ကျိုးကျားယွီသတိထားမိသည်။ သူ့ခန့်မှန်းချက်မှန်ကန်ပါက ၎င်းဟာ သွေးကွက်များပင်ဖြစ်မည်။
တံခါးကိုကြည့်လျက် ကျိုးကျားယွီ အနည်းငယ်တုံ့ဆိုင်းနေသည်။ အစောပိုင်း၌ သူ ကြားခဲ့သည့်အသံများ ပျောက်ကွယ်သွားလေသည်။ ကျီပါ့ ပြောစကားအရ အသံက သူ စိတ်ထင်တာပဲဖြစ်မည်။ ထိုသို့ဆိုပါက ထွက်သွားသည်မှာပိုကောင်း၏။
ကျိုးကျားယွီ ထိုကဲ့သို့တွေးလျက် ပြန်တော့မည့်ဆဲဆဲတွင် ရုတ်တရက် တစ်ခုခုကိုတက်နင်းမိသကဲ့သို့ ခံစားရလေသည်။ သူ့ခန္ဓာကိုယ် ဟန်ချက်ပျက်ကာ အရှေ့ကိုဆောင့်နင်းမိသွားသည်။
အီနားရှားနိယာမကြောင့် သံတံခါးရှိရာသို့ လဲကျသွား၏။ ချော်လဲခြင်းအားကာကွယ်ရန် ကျိုးကျားယွီက သူ့လက်နှင့်လှမ်းထောက်ထားရသည်။
ထိုအခိုက်အတန့်တွင် ပြောင်းလဲမှုဖြစ်သွားသည်။
ကျိုးကျားယွီခမျာ ခံစားချက်ကိုဖော်ပြရန် ခက်ခဲနေသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးသွားသကဲ့သို့ အမည်မသိနေရာအတွင်း ဝိဉာဉ်စုပ်ယူခံလိုက်ရလေသည်။
ကျိုးကျားယွီ ကြမ်းပြင်ပေါ်ပြုတ်ကျလာစဉ် အသက်ပြင်းပြင်းရှုကာ သွေးနံ့ခပ်ပြင်းပြင်းရလိုက်သည်။
တိတ်တိတ်နေ အသံမထွက်နဲ့။
ထိုအသံက သူ့စိတ်ထဲ၌ပဲ့တင်ထပ်နေသည်။ ကျိုးကျားယွီ ခေါင်းငုံ့လိုက်ရာ သူ့လက်၌ သွေးများစွန်းနေကြောင်းတွေ့လိုက်ရသည်။ သွေးကားလတ်ဆက်ပြီး အနံ့ပြင်းလှသည်။ သူ အိပ်ရာအောက်၌ပုန်းနေပုံရပြီး သူ့ခန္ဓာကိုယ်က ကလေးတစ်ယောက်၏ခန္ဓာကိုယ်အဖြစ်ပြောင်းလဲသွားကာ ကြမ်းပြင်ပေါ်တွင်တုန်ယင်နေသည်။
ကျိုးကျားယွီတုံ့ပြန်ရန် စက္ကန့်အနည်းငယ်ကြာသွားသည်။ အသတ်ခံရသည့်အချိန်သို့ ရောက်သွားပုံရကာ သူ့ခန္ဓာကိုယ်က ဗီလာအတွင်းသေသွားသည့်နစ်နာသူတစ်ယောက်နှင့် သက်ဆိုင်သည်။
ခြေသံများကာ ကြမ်းပြင်ပေါ်၌ ဒေါက်မြင့်ဖိနပ်နှင့် လျှောက်နေသလိုပင်။ သူ့ခန္ဓာကိုယ်က ကြောက်လွန်းသဖြင့် အန်ထွက်တော့မည်အတိုင်း ကျိုးကျားယွီခံစားနေရသည်။ တိတ်တိတ်နေရမည်ဖြစ်၍ သူ့လက်ဖမိုးအား ခပ်ပြင်းပြင်းကိုက်ထားလိုက်သည်။
“ကလေးလေး ဘယ်မှာလဲ။”
မိန်းမတစ်ယောက်၏အသံ ထွက်လာသည်။
ကြောက်တယ်…ကြောက်တယ်…တစ်ယောက်ယောက် ကယ်ပါဦး…
ကျိုးကျားယွီ စိတ်ထဲ၌ သူနှင့်မသက်ဆိုင်သည့် အတွေးများဖြင့် ပြည့်နှက်နေသည်။ သူ့မျက်ဝန်းများဟာ ကြောက်ရွံ့မှုကြောင့် မျက်ရည်များစီးကျစ ပြုလာသည်။ သူ့အသက်ရှုသံလည်း မြန်လာ၏။
ထိုမိန်းမက အခန်းထဲပတ်လျှောက်နေပြီး အိပ်ရာအရှေ့၌ရပ်သွားချိန် ကျိုးကျားယွီ နှလုံးရပ်မတတ်ပင်။
“ဆိုတော့… ဒီမှာ မရှိဘူးပေါ့”
ထိုမိန်းမက ဖြည်းညှင်းစွာလှည့်ထွက်သွားသည်။
ကျိုးကျားယွီ စိတ်သက်သာရာရစွာသက်ပြင်းချပြီး မျက်နှာကို လက်ထဲအပ်ထားမိသည်။ သို့သော် သူ ပြန်မော့ကြည့်လိုက်ချိန် မိန်းမတစ်ယောက်ခါးကုန်းလျက် ခေါင်းစောင်းကာကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ(မ)မျက်နှာ၌ သွေးများစွန်းနေပြီး နှုတ်ခမ်းထောင့်တွင် ရက်စက်သည့်အပြုံးတစ်ပွင့် ရှိသည်။ သူ(မ) ပြော၏။
“ကလေးလေး ဘာတွေကြောက်နေတာလဲ။”
ထိုမျက်နှာကို သူ ရင်းနှီးနေသည်။ ဒါဟာ ဒီဗီလာ၏သခင်မ ဖြစ်လေသည်။
ကျိုးကျားယွီ၏အော်သံက လည်ချောင်းအတွင်းပျောက်ကွယ်သွားသည်။ ထိုမိန်းမထံမှ လက်နှင့်ဆောင့်ဆွဲခြင်းခံရကာ အိပ်ရာအောက်မှ အားနှင့်ဆွဲထုတ်ခံလိုက်ရသည်။
ထိုမိန်းမက ညာဘက်လက်၌ ဓားတစ်ချောင်းကိုင်ထားကာ တခစ်ခစ်အသံပြုပြီးပြောသည်။
“ကလေးဆိုးလေး၊ ကလေးဆိုးလေး အမေ့အရုပ်ကို ဘာလို့ဖျက်ဆီးရတာလဲ”
ထက်မြက်သည့်ဓားသွားအောက်တွင် ကျိုးကျားယွီ၏ခန္ဓာကိုယ်က ငိုသံတစ်ချက်ထွက်လာလေသည်။
ပျက်စီးနေသည့်အရုပ်ကို ကျိုးကျားယွီ အရှေ့သို့လွှင့်ပစ်ကာ ထိုမိန်းမက ဆက်ပြောသည်။
“ဒါ အမေအကြိုက်ဆုံးအရုပ်…ဘာလို့ ဒီလိုလုပ်ရတာလဲ ကလေးဆိုးလေး”
သူ့ခန္ဓာကိုယ် လစ်ဟာသွားပုံရသည်။ သို့သော် ကျိုးကျားယွီသည် နာကျင်မှုလည်းမခံစားရသလို၊ လှုပ်လည်းမလှုပ်နိုင်ပေ။
“ပျက်စီးသွားပြီဆိုတော့ ငါ မလိုချင်တော့ဘူး”
ထိုမိန်းမက အေးစက်စွာပြောလာသည်။
ခဏအကြာတွင် အရုပ်ကို ဓားနှင့် တစ်စစီလုပ်ပစ်နေသည်ကို ကျိုးကျားယွီ သူ့မျက်လုံးနှင့်မြင်လိုက်ရလေသည်။ အရုပ်ကို ဖျက်ဆီးပြီးနောက် ခေါင်းကိုဖြည်းညှင်းစွာလှည့်ပြီး ထပ်ပြုံးသည်။
“ကလေးဆိုးလေး အခု နင့်အလှည့်ပဲ”
အခန်းတစ်ခန်းလုံး သွေးများနှင့်ဖုံးလွှမ်းသွားကာ သူ့အမြင်များမှာ နီရဲသွားလေသည်။
ကျိုးကျားယွီ သွေးပျက်ဖွယ်မြင်ကွင်းများစွာကို မြင်လိုက်ရသဖြင့် သူ့စိတ်က အားလုံးကိုတစ်ပြိုင်တည်းမထိန်းနိုင်တော့ပေ။
“ကျိုးကျားယွီ ကျိုးကျားယွီ မင်း အဆင်ပြေရဲ့လား”
ကျီပါ့အသံ ပျံ့လွင့်လာသည်။
ကျိုးကျားယွီ မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်ရာ စတုတ္ထထပ်လူသွားလမ်း၌ လဲကျနေကြောင်း သိလိုက်ရသည်။ တခြားပြိုင်ပွဲဝင်များရောက်မလာဘဲ သူ ဘယ်လောက်ကြာကြာလဲကျနေမှန်းမသိ။
ကျီပါ့က အနည်းငယ်စိတ်ပူကာ သူ့နာမည်ကို ထပ်ခါထပ်ခါခေါ်နေခဲ့သည်။
ကျိုးကျားယွီ : “အား…ငါ မေ့လဲနေတာ ဘယ်လောက်ကြာပြီလဲ"
ကျီပါ့ : “မင်း နည်းနည်းထပ်အိပ်လိုက်ရင် ပြိုင်ပွဲပြီးတော့မှာ”
ကျိုးကျားယွီ : “အိုး ဟိုး”
ကျီပါ့ : “မင်းကို တစ်ယောက်ယောက်လာရှာတဲ့အထိ အိပ်နေမယ်ထင်တာ”
ကျိုးကျားယွီသက်ပြင်းချကာ လှေကားအစွန်းကိုမှီလျက် သူ့မျက်နှာကိုသပ်ချလိုက်သည်။
“ငါ မမြင်သင့်တဲ့အရာကို မြင်မိပြီထင်တယ်။”
ကျီပါ့ : “ အမ်?”
ကျိုးကျားယွီ : “ငါ လူသတ်သမားကို တွေ့ခဲ့တယ်”
ကျီပါ့၏လေသံ ချက်ချင်းမြင့်သွားကာ ငှက်ခန္ဓာကိုယ်တစ်ခုလုံး ထခုန်လေသည်။
“ဘာပြောတယ်? မင်း လူသတ်သမားကို မြင်ခဲ့တယ် ဟုတ်လား?”
“ဟုတ်တယ်”
ကျိုးကျားယွီ : “လူသတ်သမားပုံစံ”
ကျီပါ့ : “ဘယ်သူလဲ”
ကျိုးကျားယွီ : “ဒီအိမ်ရဲ့သခင်မပဲ”
သူ ခန့်မှန်းတာမှန်မည်ဆိုလျှင် စတုတ္ထထပ်က လူသတ်သမား ရှာတွေ့သည့်နေရာ ဖြစ်သင့်သည်။ အသတ်ခံရသည့်အချိန်ကို ပြန်ကြည့်လျှင် ပိတ်ထားခဲ့သည်မှာ ပုံမှန်သာဖြစ်သည်။
ကျီပါ့ ကြောင်သွားသည်။ ကျိုးကျားယွီ၏အဖြေက ယခုလိုဖြစ်နေလိမ့်မည်ဟု မထင်ထား။ သူ ပြော၏။
“ဒါပေမဲ့… သခင်မ… သူ မသေသေးဘူးလား?"
ကျိုးကျားယွီ သက်ပြင်းချသည်။
“ငါမသိဘူး”
သူ ဖြည်းညှင်းစွာထပြီး မျက်နှာသုတ်လိုက်မှ မျက်ရည်များရှိနေကြောင်း သိလိုက်ရသည်။
ကျီပါ့ : “စကားပြောတာ ရပ်ပြီး အရုပ်တစ်ရုပ် အရင်ရှာရအောင်။ ငါတို့ တကယ်အရုပ်တစ်ရုပ် မရှာနိုင်ရင်တော့…အင်း"
ကျိုးကျားယွီ သဘောတူရုံသာရှိသည်။
သူ မတ်တပ်ရပ်ပြီးနောက် သူ့ကိုချော်လဲစေသည့်အရာကို ငုံ့ကြည့်လိုက်သည်။ လှပသည့် ဆံထိုးလေးတစ်ခုဖြစ်ပြီး ဖန်နှင့်လုပ်ထားကာ လိပ်ပြာလေးတစ်ကောင်လိုပင်။ သူ တက်နင်းမိတာတောင် မကျိုးခဲ့ပေ။ ရှောင်တုံ့စတိုင်နှင့် အလွန်ဆင်တူသောကြောင့် သူ(မ)အိမ်သန့်ရှင်းရေးလုပ်စဉ် မတော်တဆကျခဲ့ခြင်းဖြစ်နိုင်သည်။
ကျိုးကျားယွီ သူ့ခေါင်းကိုပွတ်လျက် စတုတ္ထထပ်မှဆင်းလာသည်။ သို့သော် တတိယထပ်တွင် ဘယ်သူမှမရှိပေ။ ပုံမှန်မဟုတ်သည့်အသိတစ်ခုက သူ့စိတ်ထဲရောက်လာ၍ ပထမထပ်သို့ လျင်မြန်စွာပြေးသွားလေသည်။
သေချာပေါက်ပင်။ ပထမထပ်၊ လက်ဖက်ရည်စားပွဲပေါ်၌ လှပသည့်အရုပ်များစွာတင်ထားပြီး ပြိုင်ပွဲအဆုံးသတ်ရန် မိနစ် နှစ်ဆယ်သာလိုတော့သည်။
ကျိုးကျားယွီ : “ ငါတော့ သေပြီ”