မနေ့ညတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ရှန်ရိချွင်း သိပ်မသိသော်လည်း အမူးသမားကျိုးကျားယွီ တစ်ယောက် လင်းကျူးရွှေကို စိတ်တိုအောင် လုပ်လိုက်ကြောင်းသိရရန် သိပ်တွေးစရာမလိုပေ။
သူတို့မှတ်စု စာအုပ်အထူကြီးထဲ၌ နေ့တိုင်း အဆောင်ရေးဆွဲလျှင်ပင် အနည်းဆုံးတော့ စာအုပ်ကုန်ရန် လဝက်လောက်ကြာလိမ့်မည်။ ရှန်ရိချွင်းက ငိုချင်သော်လည်း ကျိုးကျားယွီကမူ သူ့နဖူးမှချွေးအေးများကို သုတ်ပစ်လိုက်သည်။ ကံကောင်းစွာဖြင့် သူ့အပြစ်ဒဏ်က အဆောင်ရေးဆွဲရုံသာ ဖြစ်သည်။
မနက်စာစားပြီးနောက် ဆရာ အလွန်စိတ်ဆိုးအောင် ကျိုးကျားယွီဘာလုပ်လိုက်လဲဟု ရှန်ရိချွင်းမေးလိုက်သည်။
ကျိုးကျားယွီ စာအုပ်ကိုင်လျက် တိတ်တဆိတ် ပြန်ဖြေသည်။
“ကြောက်စရာကောင်းတာ တစ်ခုခု”
ရှန်ရိချွင်း : “…”
ကျိုးကျားယွီပြောသည်။
“နောက်ဆုံးတစ်ခေါက် ငါတို့မှိုစားမိတုန်းကထက်တောင် ဆိုးသေးတယ်”
ရှန်ရိချွင်းတုန်လှုပ်သွားကာ လက်ထဲရှိစာအုပ်ကိုကြည့်လျက် အားတင်းပြီးပြုံးကာ ပြောလိုက်သည်။
“ဆရာက တကယ် သဘောကောင်းတဲ့လူပဲ”
ကျိုးကျားယွီ : “…”
ထိုစကားအား အနည်းငယ်ရင်းနှီးနေသလို ခံစားရသည်။
“နေပါဦး ကျိုးကျားယွီ၊ မင်းလည်ပင်းက ကျောက်စိမ်းဆွဲကြိုးက ဘယ်တုန်းကရတာလဲ”
သူတို့နှစ်ယောက်စကားပြောနေစဉ် မနေ့ညတုန်းက လင်းကျူးရွှေ ကျိုးကျားယွီကို ငါးပုံသဏ္ဍာန် ကျောက်စိမ်းဆွဲကြိုး ပေးထားကြောင်း ရုတ်တရက်သတိထားမိသွားလေသည်။
ကျိုးကျားယွီ ခဏတုံ့ဆိုင်းသွားသော်လည်း နာခံစွာပြုံးသည်။
“မနေ့ညတုန်းက ဆရာပေးတာ”
ရှန်ရိချွင်း : “…”
ကျိုးကျားယွီခမျာ အူကြောင်ကြောင်ဖြစ်လျက် လန့်သွားသည်။
“သောက်ကျိုးနည်း ရှန်ရိချွင်း မင်း ဘာလုပ်မလို့လဲ”
ရှန်ရိချွင်းက ကျိုးကျားယွီလက်ကိုဆုပ်ကိုင်လျက် ဒေါသတကြီးပြောသည်။
“ကျိုးကျားယွီ မင်း ဆရာ့ကို ဘယ်လိုအချစ်ဆေးရည်မျိုးတိုက်ထားတာလဲ။ ငါ့ကို အမြန်ပြောပြ၊ ငါလည်း တိုက်ချင်လို့”
ကျိုးကျားယွီ :”…”
မင်းအသံ အဲ့လောက်ကျယ်နေမှတော့ ဆရာ ကြားသွားမှာ မကြောက်ဘူးလား။ ငါတို့စာအုပ်တွေ တော်တော်ထူနေပြီလို့မထင်ဘူးလား။
ရှန်ရိချွင်းက ကျိုးကျားယွီလည်ပင်းမှ ကျောက်စိမ်းဆွဲပြားကိုညှစ်ကာ လင်းကျူးရွှေအနားတွင် ဆယ်နှစ်နီးပါးနေလာသော်လည်း ဆရာ့ထံမှ လက်ဆောင်မရဖူး၍ အကြီးအကျယ်ဝမ်းနည်းမိသည်။
ကျိုးကျားယွီက သတ္တိမွေးလျက် သူ့ကိုနှစ်သိမ့်ပေးသည်။
“ဒါပေမဲ့ ဆရာ မင်းကို အချစ်နဲ့ပညာတွေ အများကြီးပေးတာပဲ။”
ရှန်ရိချွင်းမျက်နှာထား တင်းမာသွားသည်။
“အချစ်နဲ့ပညာတွေ မလိုချင်ဘူး။ ကျောက်စိမ်းဆွဲပြားလိုချင်တာ”
ကျိုးကျားယွီ : “…”
ကျောက်စိမ်းအား သေချာကြည့်ပြီးနောက် ရှန်ရိချွင်းကသက်ပြင်းရှည်ကြီးချသည်။
“ဒီလက်ရာ…ငါမမှားဘူးဆိုရင် ဆရာက သူ့ဘာသာသူလုပ်ထားတာဖြစ်မယ်”
ကျိုးကျားယွီသည် သူ့လည်ပင်းရှိဆွဲပြားက ပေါင်အနည်းငယ်ခန့်လေးသကဲ့သို့ ခံစားရလိုကါသည်။
ရှန်ရိချွင်း ဆက်ပြောသည်။
“ဆိုတော့ကာ ဆရာ့ဆီကဆွဲပြားရပေမဲ့ သူ့ဒေါသကို သွားဆွလိုက်သေးတယ်ပေါ့”
ကျိုးကျားယွီက ဟက်ဟက်ပက်ပက်ရယ်မောပြီးပြောသည်။
“ငါက ဆရာ့ကို ကျေးဇူးဆပ်ချင်လို့လေ”
ထို့ကြောင့် သူ စိတ်လှုပ်ရှားကာနမ်းမိပြီး အပြစ်ပေးခံရလေသည်။
ရှန်ရိချွင်း ကြေကွဲဝမ်းနည်းသွားသည်။
“အေးပေါ့ နောက်ဆုံးကျတော့လည်း မင်း အသားချင်းထိလိုက်ရတာပေါ့။”
ကျိုးကျားယွီ : “မင်း အရမ်းအိုဗာလုပ်မပြလို့ရမလား။”
ရှန်ရိချွင်း ငိုကြွေးလေသည်။
“ငါ သူ့အတွက် ကလေးတောင် မွေးမပေးနိုင်ဘူးလေ။”
ကျိုးကျားယွီ : “…”
သူ ပြောစရာစကားမရှိတော့ပြီ။
နောက်ဆုံးတွင် ကျိုးကျားယွီလည်း ရှန်ရိချွင်းကို လက်မြှောက်ကာ အဆောင်စာအုပ်ယူပြီး ထွက်လာခဲ့သည်။ ရှန်ရိချွင်းကလည်း သရုပ်ဆောင်ရန် စိတ်မဝင်စားတော့ဘဲ သူ့အခန်းပြန်ကာ နှစ်ယောက်လုံး အဆောင်ရေးဆွဲကြတော့သည်။
ဗိုလ်လုပွဲအတွက် တရားဝင်ကြေညာရန် ဆယ်ရက်စောင့်နေရင်း သူတို့နှစ်ယောက် အပြင်ထွက်ခဲကာ လင်းကျူးရွှေပေးသည့်အိမ်စာကို အသည်းအသန် လုပ်နေကြသည်။ ဤရက်အတောအတွင်းလေ့ကျင့်ပြီးနောက် နောက်ဆုံးတွင်မူ အဆောင်ကို ကျိုးကျားယွီမှတ်မိသွားကာ တစ်ချက်တည်းနှင့်ပြီးအောင် ဆွဲနိုင်သွားသည်။ သို့သော် ဆွဲပြီးသည့်အခါ တော်တော်ကြည့်ရဆိုးနေဆဲပင်။
ပြိုင်ပွဲဝင်များရွေးထားသည့် ကျောက်တုံး အတုံး ၃၀၀ ကျော်ကို တစ်တုံးချင်းခွဲကြသည်။ ရှန်ရိချွင်း ပြောသလိုပင်၊ ဒိုင်များမှရွေးထားသည့်အတုံး ၂၀ထက် ပိုကောင်းသည့်ကျောက်တုံးမရှိပေ။
ကျိုးကျားယွီက အနည်းငယ်စူးစမ်းကာ ရှန်ရိချွင်းကို မေးလိုက်သည်။ ဖုန်းရွှေဆရာများက ကျောက်စိမ်း၌အလွန်တော်လျှင် ချမ်းသာအောင်မလုပ်နိုင်ကြဘူးလား။
ရှန်ရိချွင်း ရှင်းပြသည်။
“အားလုံးရဲ့ကံကောင်းမှုက ကံကြမ္မာစီမံရာပဲ။ ဖုန်းရွှေက ကြားဖြတ်လိုက်ရင် နောက်ပိုင်းဘဝတစ်လျှောက်လုံး ဆိုးဆိုးဝါးဝါးတွေဖြစ်ကုန်လိမ့်မယ်။”
ကျိုးကျားယွီ ပြောသည်။
“အဲ့လိုလား…”
ရှန်ရိချွင်းက ခေါင်းညိတ်ပြီးသဘောတူသည်။
“အင်း၊ မယုံဘဲနဲ့ ဈေးကောင်းပေးတဲ့လူတွေလည်း ရှိတယ်။ အဲ့အပြင် ကျောက်ရှာတဲ့ဖုန်းရွှေဆရာတွေက ဖုန်းရွှေလောကမှာ တော်တော်ကျွမ်းကျင်မှရမှာ။ ကျွမ်းကျင်တဲ့လူတွေက အဲ့လိုအောက်တန်းစားအလုပ်တွေ ဘယ်တော့မှမလုပ်ဘူး။ အိုး ဒါပေါ့ မင်းကလွဲလို့လေ”
ကျိုးကျားယွီ : “…”
ရှန်ရိချွင်း အမှန်ပြောနေခြင်းဖြစ်သည်။ ကျိုးကျားယွီက ဖုန်းရွှေဆရာပေါက်စဟုသာ ဆိုနိုင်၏။ သူ့ဆရာကျီပါ့ကမူ အခြေခံအကျဆုံး ဗဟုသုတများသာ သူ့ကိုရှင်းပြနိုင်သည်။
“ဗိုလ်လုပွဲစတော့မယ်”
ရှန်ရိချွင်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“မင်း အဆင်သင့်ဖြစ်ပြီလား”
ကျိုးကျားယွီ ပြန်ပြောသည်။
“မဖြစ်သေးဘူး။”
ရှန်ရိချွင်း ထပ်ပြောလာသည်။
“မင်း အဆင်သင့်ဖြစ်ပြီဆိုရင် ကောင်းကောင်း ပြိုင်။ အဆင့်မကောင်းရင် ပြန်မလာနဲ့တော့”
ကျိုးကျားယွီ : “…”
ငါ အဲ့လိုမပြောဘူးနော်၊ ရှန်ရိချွင်း သေချာနားမထောင်တာလား၊ တမင်ပြောတာလား။
အကြိုဗိုလ်လုပွဲကို ရှုံးထွက်စနစ်ဟုလည်းသိကြပြီး ပြိုင်ပွဲဝင်ဆယ်ယောက်ကို တိုက်ရိုက်ထုတ်ပစ်လိုက်လေသည်။ ဗိုလ်လုပွဲနှင့်နောက်ဆုံးပြိုင်ပွဲလည်း ထိုနည်းတူပင်။
ပြိုင်ပွဲ၌ ဖုန်းရွှေထည့်သွင်းထားသော်လည်း ပြိုင်ပွဲ၏အဓိကရည်ရွယ်ချက်မှာ ကိန်းဂဏန်းတွက်ချက်ခြင်း၊ ရုပ်လွန်ပညာ၊ လူနှင့် အရာဝတ္ထုများကိုခွဲခြားသိမြင်ခြင်း အစရှိသည့် အရည်အချင်းများစွာ ပါဝင်သည်။
အကြိုဗိုလ်လုပွဲ၏တည်နေရာကား ယွင်နန်ဖြစ်ပြီး ထူးခြားချက်ကိုမသိရပေ။
ဇူလိုင်လက ယွင်နန်၏မိုးရာသီဖြစ်ပြီး နေ့တိုင်း တဖြိုက်ဖြိုက်ရွာနေသည့်မိုးက စိတ်ခံစားချက်ကို လေးလံစိုထိုင်းသွားစေသည်။
ကျိုးကျားယွီက ဟိုတယ်ဝင်ပေါက်၌ မိုးစက်များကိုကြည့်နေစဉ် ယန်မြန်ဖြတ်သွားပြီး မေးသည်။
“မင်း ဘာလုပ်နေတာလဲ။”
ကျိုးကျားယွီ ပြောသည်။
“ငါ မင်းနဲ့စကားပြောလို့မရဘူး။”
ယန်မြန်ပြောသည်။
“အာ?”
ကျိုးကျားယွီ ပြောသည်။
“ငါက မှိုမို့လို့လေ”
ယန်မြန် : “…”
ကျိုးကျားယွီ : “မှိုတွေက စကားပြောလို့မရဘူး”
သူ စနောက်ရန် ရည်ရွယ်ထားသော်လည်း ယန်မြန်မဖြေခင် နောက်ကျောဘက်မှ လင်းကျူးရွှေ၏အေးစက်စက်အသံ ထွက်လာသည်။
“မှိုက ဘယ်သူလဲ”
ကျိုးကျားယွီခမျာ လျင်မြန်စွာကျောမတ်သွားပြီး ယန်မြန်ကို လက်ညှိုးထိုးလျက်ပြောသည်။
“ယန်မြန်က သူ့ကိုယ်သူ မှိုတဲ့”
ယန်မြန် : “…”
လင်းကျူးရွှေက အေးစက်စွာပြောလိုက်သည်။
“မင်း တော်တော်အားနေပုံပဲ”
ကျိုးကျားယွီ : “ကျွန်တော် အဆောင်တွေကို အကောင်းဆုံး ကြိုးစားပြီး ဆွဲခဲ့တာပဲ။ လက်မှာ မှင်တွေနဲ့မည်းကုန်တဲ့အထိ ဆွဲခဲ့တာ”
လင်းကျူးရွှေ : “မင်း ရူးသွားတဲ့အထိ ဆွဲလား”
ကျိုးကျားယွီ : “…”
သူ့ဘေးနားရှိ ယန်မြန်ကမူ အပြုံးကိုထိန်းထားရသည်။
လင်းကျူးရွှေ ဘယ်တုန်းကရောက်လာမှန်းမသိပေ။ သူ ကျိုးကျားယွီနှင့် မလှမ်းမကမ်းတွင် လက်ဖက်ရည်တစ်ခွက်နှင့်အတူ ထိုင်နေခဲ့သည်။ စားပွဲကိုလက်ညှိုးထိုးပြကာ ကျိုးကျားယွီထံ အနည်းငယ်မေးငေါ့ပြပြီး ပြောသည်။
“ဒီကိုလာ”
ကျိုးကျားယွီက ပြေးသွားလျက်ပြောသည်။
“ဆရာ”
လင်းကျူးရွှေ : “အကြိုဗိုလ်ပွဲရဲ့တည်နေရာနဲ့ အချိန်ကို ကြေညာပြီးပြီ”
ကျိုးကျားယွီခမျာ ‘အကြိုဗိုလ်လုပွဲ’ ဟူသည့် စကားကြားသည့်အခါ လင်းကျူးရွှေအရှေ့တွင် လေလျော့သွားသည့်ဘောလုံးကဲ့သို့ တစ်ကိုယ်လုံးအားနည်းကာ ခေါင်းငုံ့လျက်ထိုင်နေသည်။
လင်းကျူးရွှေ : “အချိန်က သဘက်ခါ။ တည်နေရာက ရပ်ကွက်ထဲကဗီလာတစ်ခုမှာ”
ကျိုးကျားယွီ : “ဒါဆို ဘာအကြောင်းဖြစ်မလဲ”
လင်းကျူးရွှေ : “ငါက ဒိုင်ဆိုပေမဲ့ ပြိုင်ပွဲနေ့ကျမှ အကြောင်းအရာသိရမှာ။ မင်း ဘာလို့ကြောက်နေတာလဲ”
ကျိုးကျားယွီ : “ဟားဟား ကျွန်တော် မကြောက်ပါဘူး”
လင်းကျူးရွှေ မျက်ခုံးပင့်လိုက်သည်။
“မကြောက်ဘူး? မကြောက်ရင် ဘာလို့တုန်နေတာလဲ။”
ကျိုးကျားယွီ အရှက်မရှိဆက်လိမ်သည်။
“အိုး ကျွန်တော် နည်းနည်းချမ်းလို့ပါ”
လင်းကျူးရွှေ ခတ္တခဏမျှတိတ်ဆိတ်သွားသည်။ ကျိုးကျားယွီ၏အဓိပ္ပာယ်မရှိ အလိမ်ညာစကားကြောင့် လန့်သွားသလားမသိပါ။
ကျိုးကျားယွီက မျက်နှာသုတ်လျက်ပြောသည်။
“ဆရာ ကျွန်တော် သေချာပေါက်ကြိုးစားမှာပါ”
လင်းကျူးရွှေက ခေါင်းညိတ်ပြီးပြောသည်။
“ပြိုင်ပွဲကို အရမ်းစိတ်ပူစရာမလိုပါဘူး"
ကျိုးကျားယွီ ရင်ခုန်သွားကာ လင်းကျူးရွှေ သူ့ကို ဘယ်လောက်ကြင်နာကြောင်း လက်ဖျားခါတော့မည့်ဆဲဆဲပင်။ သို့သော် လင်းကျူးရွှေ နောက်တစ်ခွန်းထပ်ပြောလာသည်။
“ငါ ပထမဆုရဖို့တော့ အတင်းအကျပ်မပြောချင်ပေမဲ့ အနည်းဆုံးဒုတိယဆုတော့ရလာရမယ်”
ကျိုးကျားယွီ : “…”
လင်းကျူးရွှေကမူ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“မင်း ဒုတိယဆုမရရင် ဘာဖြစ်မလဲ သိချင်ရင်တော့ ရှန်ရိချွင်းကိုသာ သွားမေးလိုက်”
ကျိုးကျားယွီ မေးကိုမမေးချင်တော့ပေ။
လင်းကျူးရွှေ နွေးထွေးစွာထပ်ပြောသည်။
“ကောင်းကောင်းလုပ်”
ကျိုးကျားယွီ : “…”
လင်းကျူးရွှေ၏နူးညံ့မှုအလျင်းမရှိသည့် နူးနူးညံ့ညံ့လေသံကို ကျိုးကျားယွီ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ လင်းကျူးရွှေက သူ့လည်ပင်းကိုဓားထောက်ပြီး ပြောနေသလိုခံစားရ၏။
ဤသို့နှင့် အသက်ရှည်ရှည်နေချင်သည့်ဆန္ဒနှင့်အတူ တတိယနေ့သို့ လျင်မြန်စွာရောက်ရှိလာလေသည်။
ပြိုင်ပွဲနေ့။
ပြိုင်ပွဲဝင်များက နံပါတ်ပြားကိုယ်စီရထားကာ ပြိုင်ပွဲကျင်းပသည့်နေရာသို့ အထူးစီစဉ်ထားသည့်ကားနှင့် ပို့ဆောင်ခံရသည်။ ရှန်ရိချွင်းက ကျိုးကျားယွီကိုနှုတ်ဆက်စဉ် လုံခြုံရေး ဂရုစိုက်ရန်မှာခဲ့သည်။
ကျိုးကျားယွီက မနေနိုင်တော့ဘဲပြောလာတော့သည်။
“ငါ ဒုတိယတောင်မရရင် ဘယ်လိုလုပ်မလဲ”
ရှန်ရိချွင်း : “အကုန်လုံးက သေမျိုးချည်းပဲ။ ဒါပေါ့ မင်းလည်း…”
ကျိုးကျားယွီကရပ်ရန်အချက်ပြကာ လှည့်ထွက်သွားလေသည်။
ပြိုင်ပွဲဝန်ထမ်း စီစဉ်ပေးသည့်ကားထဲ၌ တခြားပြိုင်ပွဲဝင်နှစ်ယောက်က အလွန်သာမန်ဆန်သည့်ပုံစံနှင့် ထိုင်နေကာ ကျိုးကျားယွီကိုစကားပြောလိုစိတ် အလျင်းမရှိ။
ကျိုးကျားယွီက အနောက်၌ထိုင်ကာ ကားဆရာ ကားစထွက်သည်ကို ကြည့်နေလိုက်သည်။
ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများမှာ လျင်မြန်စွာပျောက်သွားပြီး မြို့ပြမှ ရပ်ကွက်ထဲရောက်လာကာ တဖြည်းဖြည်းအလွန်ခြောက်ကပ်လာသည်။ ပြိုင်ပွဲဝင်အယောက်နှစ်ဆယ်ပါဝင်သည့်ကားရှစ်စီးက တောင်တက်လမ်းကိုကွေ့ဝိုက်လျက် တက်လာကြသည်။ နှစ်နာရီခန့်ကြာပြီးနောက် နေရာကွက်လပ်ကြီးတစ်ခုတွင် ရပ်သွားလေသည်။
ဝင်ပေါက်ကိုဖြတ်သွားလျှင် ဗီလာတစ်လုံးရှိ၏။
ဗီလာက ဟောင်းနေပုံရသော်လည်း သေချာ ထိန်းသိမ်းထားသည်။ ချုံပုတ်များများစားစား မတွေ့ရဘဲ နံရံပေါ်၌ နံရံကပ်ပင်တချို့သာတွေ့ရ၏။ သန့်ရှင်းရေးလုပ်ထားပုံပင်။
ဒီဗီလာ၏လေထုအခြေအနေက ကျိုးကျားယွီ ယခင်တုန်းက ကြည့်ဖူးသည့်သရဲကားများနှင့် တကယ်တူသည်။ သူ ကားပေါ်မှဆင်းကာ လူအုပ်ကြားထဲရပ်လျက် ဗီလာကိုကြည့်လိုက်သည်။ သို့သော် အကြိုဗိုလ်လုပွဲက ဘယ်လိုဖြစ်မည်ဆိုတာကို စိတ်ထဲ စတင်သုံးသပ်ပြီးသားပင်။
“ကျိုးကျားယွီ”
သူ့ပုခုံးကို တစ်ယောက်ယောက် လာပုတ်သည်။ ကျိုးကျားယွီ လှည့်ကြည့်လိုက်ရာ လူတစ်ယောက်ကိုတွေ့လိုက်ရ၏။
ရွှီရူဝမ်က သူ့ကိုရွဲ့ပြုံးပြုံးလျက်ကြည့်နေပြီး လက်တစ်ဖက်နှင့်လည်ပင်းကို ရိုက်လိုက်ရင်း ပြောလေ၏။
“မင်းရဲ့မျက်နှာထားကို ကြည့်ပါဦး။ ကြောက်နေတာမလား"
ကျိုးကျားယွီ : “ငါ ကြောက်တော့ဘာဖြစ်လဲ။”
ရွှီရူဝမ်က ခပ်တိုးတိုးပြောလိုက်သည်။
“ငါ ပြောပြမယ်၊ ဒီဗီလာမှာ မိသားစုလေးယောက်နေပြီး အကုန်အသတ်ခံလိုက်ရတာ”
ကျိုးကျားယွီ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“မင်း သိတာသေချာလား။”
ရွှီရူဝမ်က မောက်မာစွာပြောလိုက်၏။
“အလိုလို သိတာလေ။”
ကျိုးကျားယွီ
: “ဒါဆို မသမာဘူးလို့ သတ်မှတ်လို့ရတာပေါ့”
ရွှီရူဝမ်၏မျက်နှာပေါ်ရှိ အပြုံးမှာတောင့်ခဲသွားလေသည်။
စာရေးသူမှာ ပြောစရာရှိတယ်။
လင်းကျူးရွှေ : ပြိုင်ပွဲမှာရှုံးတဲ့အပြစ်ဒဏ်ကတော့ မှို သုံးကတ်တီလောက် အမြဲစားရမှာ။
ကျိုးကျားယွီ : …
လင်းကျူးရွှေ : ကံကောင်းပါစေ
ကျိုးကျားယွီ : ??!!!
<<.....End.....>>