Five Elements
Chapter - 9 : ယွင်နန်ပြိုင်ပွဲ
တခြားတစ်ယောက်နှင့် ပတ်သက်၍ အတင်းပြောနေချိန်တွင် ထိုအပြောခံရသူက မင်း၏ နောက်မှ ပေါ်ပေါက်လာခြင်းသည် ကမ္ဘာပေါ်မှာ ရှက်စရာအကောင်းဆုံးအရာ ဖြစ်သည်
ကျိုးကျားယွီက အသိအမြန်ပြန်ကပ်လိုက်ပြီးနောက် ရှန်းရိချွင်းကို စကားထဲဆွဲထည့်ကာ အပြစ်တင်၍ ပြောလိုက်သည်။
“အမှန်တော့ မြင်လိုက်တဲ့သူက ရှန်းရိချွင်းပါ၊ မစ္စတာလင်း။ အဲ့နေ့ ကျွန်တော် ပြန်ရောက်ရောက်ချင်း သူနဲ့ရှန်းအာပိုင်က ကျွန်တော့်ဘောင်းဘီကို ဆွဲချွတ်—”
ဧည့်ခန်းထဲမှ လှမ်းနားထောင်နေသော ရှန်းရိချွင်း : “.....”
ထိုသို့ကြားတဲ့အခါ လင်းကျူးရွှေက မျက်ခုံးပင့်ရင်း ပြောလိုက်သည်။
“အဲ့လိုလား?”
ကျိုးကျားယွီ : “အင်း အင်း အင်း”
ရှန်းရိချွင်းက ကျိုးကျားယွီကို ရက်စက်သော မျက်နှာထားဖြင့် ပါးစပ်လှုပ်ပြလိုက်သည်။
'မင်းတော့သေပြီပဲ'
ကျိုးကျားယွီက ပြန်ပြောလိုက်သည်။
'တစ်ချို့လူတွေ သေသွားကြပေမယ့်၊ ဒီလူကတော့ အေးဆေးပဲ…..'
လင်းကျူးရွှေက ၎င်းတို့၏ ပါးစပ်လှုပ်ရှားမှုများကို မမြင်ရနိုင်သော်လည်း ဘာတွေဖြစ်နေကြလဲဆိုတာကို သူ ရှင်းရှင်းလင်း ခန့်မှန်းသိနိုင်သောကြောင့် ပြုံးရင်း ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ရင်းနှီးသွားကြတာ တော်တော်လေး မြန်သားပဲ”
“ကျွန်တော်က သူနဲ့ နည်းနည်းလေးမှ မရင်းနှီးပါဘူးနော်” ရှန်းရိချွင်းက နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်သည်။
ကျိုးကျားယွီက ရှန်းရိချွင်း၏စကားကို အတည်မှတ်ယူကာ ခံစားမနေဘဲ ပြုံးနေသည်။ တကယ်တော့ ရှန်းရိချွင်းက စိတ်ထားကောင်းသူဖြစ်ကြောင်း သူ ခံစားမိနေသည်။ အကယ်၍ သူကိုယ်တိုင်သာ ကျိုးကျားယွီလို လူလိမ်နဲ့တွေ့ဆုံခဲ့ရင် ရှန်းရိချွင်းကဲ့သို့ပင် သဘောထားကြီးပေးနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့သုံးယောက်သား နေ့လည်စာ အတူစားလိုက်ကြပြီးနောက် ကျိုးကျားယွီက မန္တန်စာရွက်ဆွဲနည်းကို ထပ်မံ လေ့ကျင့်နေခဲ့သည်။ ရက်ပေါင်းများစွာ လေ့ကျင့်ပြီးသော်လည်း သူ၏စွမ်းရည်အဆင့်က ပိုပြီးတိုးတက်လာခြင်း မရှိဘဲ ဆွဲချက်တွေက ခွေးခြစ်ရာနှင့် ဆင်တူနေဆဲ ဖြစ်သည်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက ညတွင်းချင်း ပြောင်းလဲလို့ရနိုင်တာ မဟုတ်ဘဲ အချိန်အကြာကြီး လေ့ကျင့်ဖို့ လိုအပ်နေသည်။ လင်းကျူးရွှေလျှင် ဒီလိုမျိုးလှပတဲ့ မန္တန်စာရွက်မျိုး ဆွဲနိုင်ဖို့အတွက် အချိန်ဘယ်လောက် ကြာအောင် လေ့ကျင့်ခဲ့ရသည်ကို မည်သူမျှ မသိနိုင်ကြပေ။
ဂျူလိုင်လကို ရောက်တဲ့အချိန်မှာတော့ ရာသီဥတုက နွေရာသီအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ ဒါပေမယ့် အိမ်အတွင်းပိုင်းကတော့ အပြင်ဘက်က ပုစဉ်းရင်ကွဲ တကျည်ကျည် အော်သံတွေနဲ့ ယှဉ်ကြည့်ရင် အလွန် အေးမြနေသည်။
ကျိုးကျားယွီက ရှန်းရိချွင်းကို မေးကြည့်ပြီးတဲ့နောက်မှာတော့ အိမ်ကို ဆောင်းရာသီမှာ နွေးနွေး၍ နွေရာသီမှာ အေးမြနေစေဖို့ အိမ်အောက်ခြေတွင် ဖွဲ့စည်းပုံတစ်ခု မြှုပ်ထားမှန်း သိလိုက်ရသည်။ ထိုအကြောင်းကို နားထောင်ပြီးနောက် ဒီနည်းပညာက သဘာ၀ပတ်၀န်းကျင်ကို အလွန် ထိန်းသိမ်းပေးနေကြောင်း ကျိုးကျားယွီက သက်ပြင်းချလိုက်သည်။ ဒီနည်းပညာကသာ တွင်ကျယ်စွာ အသုံးပြုလာနိုင်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများအပြား လျှော့ချနိုင်ပေလိမ့်မည်။
ရှန်းရိချွင်း : “ဒီနည်းပညာက ရေမြေနဲ့ ကုန်းမြေအနေအထားကို ကြည့်ပြီး စီစဉ်ဖို့ လိုအပ်တယ် မင်း ထင်သလောက် မလွယ်ဘူး”
ကျိုးကျားယွီ : “ငါက ဒီတိုင်းကြုံရာကျပန်း တွေးကြည့်မိလိုက်ရုံပါ”
ရှန်းရိချွင်း : “ငါတို့ နောက်ရက်အနည်းငယ်အတွင်း သွားရဖို့များတယ်”
ကျိုးကျားယွီ : “ဘယ်ကိုလဲ?”
ရှန်းရိချွင်း၏မျက်နှာတွင် မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေကာ လက်တွေကို တင်းတင်းဆုပ်ထားသည့်အပြင် သူ၏အမူအရာသည်လည်း စိတ်လှုပ်ရှားနေသည်။
“သေချာပေါက် ပြိုင်ပွဲသွားပြိုင်ဖို့ပေါ့"
ကျိုးကျားယွီက အဲ့စကားကို ကြားတဲ့အချိန်မှာ ဟန်လုပ်၍ ပြုံးလိုက်မိသည်။ သူ ရေးဆွဲခဲ့သော မန္တန်စာရွက်တွေကို တွေးမိရုံနဲ့တင် သေလို့ရနေပြီလို့ ကျိုးကျားယွီက ခံစားမိနေသည်။ ပြိုင်ပွဲကို ဒီလိုအဆင့်နဲ့သာ ၀င်ရောက် ယှဉ်ပြိုင်ပြီးနောက် …..သူသာ အလွန် ဆိုးရွားစွာ ရှုံးသွားခဲ့ရင် လင်းကျူးရွှေက သူ့ကို ဆွဲထုတ်ပြီး မြေမြုပ်ခိုင်း ပြစ်လောက်မလား?
“မစိုးရိမ်ပါနဲ့ လင်းကျူးရွှေက ဘယ်တော့မှ အဲ့လောက်ထိရက်စက်မှာ မဟုတ်ပါဘူး။ သူက မင်းကို အရှင်လတ်လတ်တော့ ဘယ်တော့မှ မြေမြုပ်မှာမဟုတ်ဘူး။ မင်းကို လုံး၀သေတဲ့အထိ ရိုက်သတ်ပြီးမှ မြေမြုပ်လောက်မှာပါ” ကျီပါ့က ကျိုးကျားယွီကို နှစ်သိမ့်စကား ပြောလိုက်သည်။
ကျိုးကျားယွီ : “....”
သူ နည်းနည်းလေးတောင်မှ စိတ်ချမ်းသာသွားခြင်း မရှိပေ။
ဘာလို့လဲတော့ မသိပေမယ့် လင်းကျူးရွှေက ခုချိန်ထိ အရမ်းရက်စက်သော အပြုအမူမျိုး မလုပ်ဖူးသေးသော်လည်း ကျိုးကျားယွီ၏ လင်းကျူးရွှေအပေါ်မှာထားတဲ့ ပထမဆုံးအမြင်က အလွန် ရက်စက်ပုံပေါ်နေသောကြောင့် ကျိုးကျားယွီရဲ့ငယ်ရွယ်သေးသော စိတ်ဝိညာဉ်တွင် ဖျောက်ဖျက်လို့မရနိုင်သည့် အရိပ်ကြီးထင်ကျန်နေခဲ့သည်။
အဲ့ဒါကို သိလိုက်ရ၍ ကျီပါ့ သူ့ရဲ့အနက်ရောင်ပဲပိစပ်မျက်လုံးတွေနဲ့ စိုက်ကြည့်ကာ ပြောလိုက်သည်။
“၂၈ နှစ်အရွယ်ရဲ့ ငယ်ရွယ်တဲ့ စိတ်ဝိညာဉ်လား?”
ကျိုးကျားယွီ : “မင်းပဲ စကားအရမ်းများနေတာ”
ကျိုးကျားယွီက စိတ်မသက်မသာဖြစ်နေသော်လည်း လာသင့်တဲ့သူကတော့ ရောက်လာခဲ့သည်။ ဂျူလိုင်လရဲ့ အစေားပိုင်း နေ့တစ်နေ့တွင် လင်းကျူးရွှေက အဆောက်အအုံငယ်လေးထဲတွင် ပေါ်လာကာ ကျိုးကျားယွီကို မနက်ဖြန် မနက်စောစောထဖို့ ပြောလာခဲ့သည်။ လင်းကျူးရွှေက ယွင်နန်ကို လေယာဉ်လက်မှတ် ဖြတ်ထားပြီးပြီ ဖြစ်သည်။
ရှန်းရိချွင်းရဲ့တုံ့ပြန်မှုက ကျိုးကျားယွီထက်ပင် ပိုပြင်းထန်နေကာ အခန်းထဲတွင် ပျော်ရွှင်မှုများဖြင့် အထက် အောက် ခုန်ပေါက်နေခဲ့သည်။ ကျိုးကျားယွီက နေရောင်အောက်က ခြောက်သွေ့နေတဲ့ ဂေါ်ဖီရွက်လိုမျိုး ဆိုဖာပေါ်တွင် ပျော့ခွေ့ပြီး ထိုင်နေခဲ့သည်။
“မင်းက ဘာလို့မပျော်တာလဲ” ရှန်းရိချွင်း သူ့ကို အဲ့လိုပုံစံမျိုး မြင်လိုက်ရ၍ ပြောလိုက်သည်။
ကျိုးကျားယွီ : “မစ္စတာလင်းရဲ့တပည့်က တော်တော်လေး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရင် ဘာဖြစ်သွားနိုင်လဲ”
ရှန်းရိချွင်း : “ဟား ဟား ဟား ငါ့ကိုမနောက်ပါနဲ့ အကြီးအကဲရဲ့တပည့်က ဘယ်လိုလုပ်ပြီးရှုံး—”
လင်းကျူးရွှေသည် အသက် ၁၄ နှစ်အရွယ်ကတည်းက တပည့်တွေ စတင်လက်ခံခဲ့သူ ဖြစ်သည်။ သူသည် အရင်တုန်းက ပြိုင်ပွဲသုံးခုတွင် ၀င်ပြိုင်ဖူးပြီး ဘယ်အချိန်တုန်းက သူ့တပည့်များက ရှုံးနိမ့်ခဲ့ဖူးလို့လဲ? ရှန်းရိချွင်းက စကားပြောပြီးသွားတဲ့နောက်မှာ ကျိုးကျားယွီရဲ့ ‘ငါဆိုတာ ငါး သေတစ်ကောင်ပဲ။ ငါ့ကို စကားလာမပြောပါနဲ့တော့’ ဆိုသော မျက်နှာအမူအရာကို မြင်လိုက်ရသည်။ ရှန်းရိချွင်း၏ မျက်နှာပေါ်ရှိ အပြုံးများ ဖြေးဖြေးချင်း တည်တံ့သွားပြီး ပြောလိုက်သည်။
“ဒါပေမယ့် အဲ့ဒါလည်း ဟုတ်တာပဲ မင်းက အရမ်း အားနည်းလွန်းတယ်…”
ကျိုးကျားယွီ : “....” အစ်ကိုကြီး၊ မင်းက ငါ အားနည်းတာကို ခုမှသိတာလား?
“ရပါတယ် ဘာပဲဖြစ်ဖြစ် မင်းက အကြီးအကဲရဲ့တရား၀င်တပည့်မှ မဟုတ်တာ အပြင်လူက ရှုံးရင်တော့ သူတို့ဘာသာ ရှုံးတာပဲလေ—ငါက အဲ့လိုမျိုး ပြောလိမ့်မယ်လို့ ထင်နေတာလား” ရှန်းရိချွင်းက နှာခေါင်းကုတ်ရင်း ပြောလိုက်သည်။
ကျိုးကျားယွီ : “???” မင်းက တခြားဘာများ ပြောဦးမလို့လဲ?
ရှန်းရိချွင်းက ပြေးလာပြီး ကျိုးကျားယွီရဲ့ လက်မောင်းကို ဆွဲယူပြီး အကြိမ်ကြိမ် လှုပ်ယမ်းလိုက်သည်။
“ကျိုးကျားယွီ မင်းသာ တကယ် ရှုံးသွယဒလို့ကတော့ အကြီးအကဲက မင်းကို ဘာမှမလုပ်ဘူးဆိုရင်တောင် ငါက မင်းကို တစ်စစီ လှီးဖြတ်ပြီး မင်းအသားကို စားပစ်လိုက်မယ် မှတ်"
ကျိုးကျားယွီ : “....”
ရှန်းရိချွင်း : “ငါ အဲ့ဒီ့ကို သွားချင်တယ်! အဲ့တော့ဘာဖြစ်လဲ! ငါက မင်းထက်လည်း ပိုပြီးသန်မာနေတာ”
ကျိုးကျားယွီ : “ငါ့ကို ဆက်ခါမနေနဲ့တော့ မင်းဆက်လုပ်နေရင် ငါ တကယ် အန်ထွက်မိတော့မယ်”
“မင်း အန်လည်း မင်းပဲ ပြန်ပြီးမြိုချရမှာ” ရှန်းရိချွင်း လှောင်ပြုံး ပြုံးလိုက်သည်။
ကျိုးကျားယွီ : “ငါ ခဏနေရင် ဟင်းချက်ရမှာ အိုးထဲကို အန်ချပစ်မှာ မကြောက်ဘူးလား?”
ရှန်းရိချွင်းရဲ့လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ ကျိုးကျားယွီက တိတ်ဆိတ်စွာ မတ်တပ်ထရပ်ပြီးနောက် မီးဖိုချောင်ထဲ ၀င်သွားလိုက်ရာ၊ သူ၏ကျောပေါ်တွင်တော့ ဘ၀ရဲ့ကံကြမ္မာအလှည့်အပြောင်းများကို သယ်ပိုးထားရသည်။
ရှန်းရိချွင်းရဲ့ စိတ်ထဲမှာတော့ ကျိုးကျားယွီကို ဂရုဏာသက်တဲ့ အရိပ်အယောင်တွေရှိနေသည်။ နောက်ဆုံးအစားအသောက်များ စားပြီးတဲ့နောက် ဖြစ်လာစရာရှိတာတွေက ဖြစ်လာခဲ့လေသည်။
သူတို့သုံးယောက်က လေဆိပ်ကိုသွားကာ ဝူမြို့တော်ကိုသွားမည့် လေယာဉ်ပေါ်တက်ခဲ့ကြသည်။
ယွင်နန်သည် နိုင်ငံ၏နယ်နိမိတ်တွင် တည်ရှိနေပြီး သူ၏မြို့တော်လွင်ပြင်နဲ့ ဝေးတဲ့အကွာအဝေးကြောင့် လျှို့ဝှက်ဆန်းကြယ်နေသည်။ ဘာမှမသိတဲ့ ကျိုးကျားယွီတောင်မှ ယွင်နန်၏ ဆန်းပြားလှတဲ့ ကူအဆိပ်အင်းဆက်များအကြောင်း ကြားဖူးထားသည်။
ပြိုင်ပွဲကျင်းပမည့် နေရာသည် ယွင်နန်တွင် ဖြစ်သော်လည်း ဘယ်လို ယှဉ်ပြိုင်ရမလဲဆိုတာကိုတော့ ကျိုးကျားယွီက အတိအကျ မသိထားပေ။ သူ့စိတ်ထဲမှာ အလွန် ပူပန်သောကရောက်နေပေမယ့် လင်းကျူးရွှေနဲ့ ရှန်းရိချွင်းတော့ အနည်းငယ်မျှ ပူပန်နေပုံမပေါ်ပေ။ ရှန်းရိချွင်း စိတ်မပူခြင်းက သူ့ရဲ့သတ္တိသည် တူထက်ပင် ပိုထူထပ်သည့်အတွက်ကြောင့် ဖြစ်နိုင်ပြီး လင်းကျူးရွှေ စိတ်မပူတာကတော့….ပြိုင်ပွဲကို ရှုံးဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့လို့များလား?
ကျိုးကျားယွီက လေယာဉ်ပေါ်မှာ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ရှုံးရင်ဘာဖြစ်မှာလဲလို့ ဝိုးတဝါး မေးလိုက်သည်။
“မင်းသာ ရှုံးသွယးရင် အထုပ်အပိုးနဲ့ အဝေးကို အပို့ခံရမှာပေါ့” လင်းကျူးရွှေက ရယ်မောရင်း နွေးထွေးတဲ့အသံဖြင့် ပြောလာသည်။
ကျိုးကျားယွီ : “.....”
ကျီပါ့ : “အား လင်းကျူးရွှေက လူကိုခြိမ်းခြောက်နေတဲ့အချိန်မှာတောင် အရမ်းချောတာပဲ”
ကျိုးကျားယွီ : “ကျီပါ့ မင်းက ခုဘယ်သူ့ခေါင်းထဲမှာ စကားပြောနေရတာလဲဆိုတာကို မမေ့နဲ့ ငါ့ဆီမှာသာ တစ်ခုခုဖြစ်လာခဲ့ရင် မင်းလည်းပဲ အထုပ်အပိုးနဲ့ အဝေးကိုအပို့ခံရမှာပဲ”
ကျီပါ့ : “....ဟုတ်သားပဲ”
အချိန်ခဏလောက်ကြာတဲ့အထိ လူတစ်ယောက်နဲ့ ငှက်တစ်ကောင်သည် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ကျီပါ့က သတ္တိပြန်မွေးလိုက်ပြီး ပြောလိုက်သည်။
“မင်းကို ငါ အကောင်းဆုံးကူညီပေးမယ်။ ရဲရင့်စမ်းပါ လူငယ်လေးရယ်၊ သွားပြီး အံ့ဖွယ်ဖြစ်ရပ်တွေ ဖန်တီးလိုက်ချေ”
ကျိုးကျားယွီက တိတ်ဆိတ်နေခဲ့သည်။ ဂျူလိုင်လမှာ ယွင်နန်၏ရာသီဥတုသည် အပူချိန် ၂၈ ဖြင့် အလွန် အေးမြနေခဲ့သည်။ ရာသီဥတုသည် သာယာလှတယ်လို့ မှတ်ယူလို့ရသော်လည်း တစ်ခုတည်းသော မကောင်းတဲ့အရာသည် မကြာခဏ မိုးရွာသွန်းခြင်းဖြစ်သည်။ သူတို့ ရောက်တဲ့အချိန်မှာ လေဆိပ်တွင် မိုးဖွဲဖွဲများဖြင့် ဖုံးလွှမ်းနေသည်။
လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် ကျိုးကျားယွီက အနည်းငယ် ချမ်းလာသောကြောင့် အစောပိုင်းတုန်းက ပြင်ဆင်ထားတဲ့ အနွေးထည်ကို ထုတ်၀တ်လိုက်သည်။ ရှန်းရိချွင်းက တီရှပ်တစ်ထည်တည်းကိုပဲ ၀တ်ထားဆဲဖြစ်ကာ လူငယ်ဆန်ပြီး ကြွက်သားများဖြင့် ပြည့်နှက်နေသည့် အသွင်အပြင်မျိုးဖြစ်သည်။ အပူချိန်သည် လင်းကျူးရွှေ၏ ၀တ်စားမှုအပေါ် သိသာတဲ့ သက်ရောက်မှုမျိုး ရှိပုံမပေါ်ပေ၊ သးသည် နွေရာသီမှာတောင် ချွေးထွက်ခြင်းမရှိဘဲ စည်းကမ်းတင်းကျပ်ပုံပေါ်သည့် ထန်အ၀တ်အစားများကို ၀တ်ဆင်ထားနိုင်ဆဲဖြစ်သည်။
၎င်းတို့အားလုံး လေဆိပ်မှ ထွက်လာချိန်တွင် ၎င်းတို့ကို လာကြိုသူက နှုတ်ဆက်လာသည်။
“စိတ်မရှိပါနဲ့၊ မစ္စတာ လင်းကျူးရွှေလားဗျ”
ထိုလူသည် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ယောက်ဖြစ်၍ ဧည့်ကြိုအမှတ်အသားကို ကိုင်ဆောင်ထားသည်။ ထိုလူငယ်၏ ဖုံးဖိထားတဲ့ စိတ်လှုပ်ရှားမှုကို ကျိုးကျားယွီလျှင်ပင် မြင်တွေ့နိုင်သည်။
လင်းကျူးရွှေ : “အင်း မင်းက ယန်ကျီချွမ်ရဲ့တပည့် ယန်မြန်လား?”
“ဟုတ် ဟုတ် ဟုတ်ပါတယ်၊ ဆရာလင်း ဆရာက အရမ်းတော်တာပဲ” ယန်မြန်က စိတ်လှုပ်ရှားနေခဲ့သည်။
“ဆရာက ဒါကိုတောင်သိတယ်လာစ။ ဒီလိုအာရုံခံဖို့ ဘယ်နည်းပညာကို သုံးလိုက်တာလဲဗျ။ ယောင်ခြောက်သွယ်လား၊ အဋ္ဌမပုံကြမ်းလား”
လင်းကျူးရွှေ : “မင်းဆရာက ဖုန်းထဲကနေ လှမ်းပြောထားတာ”
ယန်မြန် : “....”
လေထုသည် တော်တော်လေး ကို့ရိုးကားယား နိုင်သွားသည်။ သူတို့ဘေးမှာရှိနေတဲ့ ကျိုးကျားယွီနဲ့ ရှန်းရိချွင်းတို့က မရယ်မိဖို့ ကြိုးစားနေရသည်။
“မစ္စတာလင်း ဆရာကစောင့်နေပါတယ် ကျွန်တော့်ကို ခေါ်သွားခွင့်ပြုပါ” ယန်မြန်က ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ခေါင်းကိုငုံ့ကာ ၀မ်းနည်းတဲ့လေသံဖြင့် ပြောလာသည်။
လင်းကျူးရွှေကခေါင်းငြိမ့်လိုက်သည်။
ဤသို့ဖြင့် ယန်မြန်သည် လူသုံးယောက်ပါတဲ့ကားကို လမ်းပေါ်သို့ မောင်းနှင်သွားလေသည်။ ထူးခြားတဲ့ ဒဏ္ဍာရီလာပုံပြင်များ ပြည့်နှက်နေသည့်ရွာ မဟုတ်လျှင် မွန်းစတားတွေအပြည့်ရှိနေတဲ့ ဂူတစ်ခုလို နေရာမျိုးကဲ့ငို့ ထူးခြားဆန်းပြားသော နေရာတွင် နေရလိမ့်မယ်လို့ ကျိုးကျားယွီ အစတုန်းက ထင်ခဲ့မိသည်။ ဒါပေမယ့် ကားသည် ကြယ်ငါးပွင့်ဟော်တယ်၏ အပြင်တွင် ရပ်တန့်သွားခဲ့သည်။
“ငါတို့က ဟော်တယ်မှာ နေရမှာလား?” ကျိုးကျားယွီ အံ့ဩစွာဖြင့် ပြောလိုက်သည်။
ရှန်းရိချွင်း : “မဟုတ်ရင်ရော"
ကျိုးကျားယွီ : “ငါက ငါတို့ တော်တော်လေး ထူးခြားတဲ့နေရာမျိုးမှာ နေရမယ်လို့ ထင်ထားတာ”
ရှန်းရိချွင်း : “ဥပမာ၊ ဘယ်လိုနေရာမျိုးလဲ"
ကျိုးကျားယွီ ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
“ဥပမာ ကူအင်းဆက်တွေ အများကြီးရှိနေတဲ့ တည်းခိုခန်းလိုမျိုးပေါ့”
ရှန်းရိချွင်း : “ဟင့်အင်း၊ ကျေးဇူးပါ အဲ့မှာက ခြင်တွေ အများကြီးရှိတယ်၊ ခြင်တွေလည်း အဆိပ်တော်တော်ပြင်းတယ်နော်။ ဒင်းတို့က အရင်တစ်ခေါက် လာတုန်းက ငါ့ကိုဆေးရုံရောက်လုနီးပါးဖြစ်တဲ့အထိတောင် ကိုက်ခဲ့ကြတာ”
ကျိုးကျားယွီ : “...” ကူအင်းဆက်က အဓိကအချက်လား ခြင်တွေက အဓိကအချက်လား ဟ။
"ကူအင်းဆက် တည်းခိုခန်း မရှိဘူး၊ ကြယ်ငါးပွင့်ဟော်တယ်ပဲရှိတယ်။ မင်း နေချင်ရင်နေ၊ မနေချင်ဘူးဆိုရင်တော့ ကြမ်းပြင်ပေါ်မှာပဲ အိပ်ရလိမ့်မယ်" — ရှန်းရိချွင်းက ထိုသို့ ပြောလိုက်သည်။
ယန်မြန်၏ ဆရာဖြစ်သူ ယန်ကျီချွမ်သည် သူတိုကို ထွက်ကြို၍ စိတ်အားထက်သန်စွာ နှုတ်ဆက်လာခဲ့သည်။ သူသည် အဓိကနှုတ်ဆက်လာသော ပစ်မှတ်သည် သေချာပေါက် လင်းကျူးရွှေသာ ဖြစ်သည်။ ယန်ကျီချွမ်သည် လင်းကျူးရွှေထက်အများကြီး အသက်ကြီးပုံပေါ်ပေမယ့် လင်းကျူးရွှေအပေါ်မှာထားသော သူ့ရဲ့အပြုအမူကို ကြည့်ရင် သူက ပို၍ငယ်ရွယ်သူလို့ တစ်ချို့က ထင်ကောင်းထင်လိမ့်မည်။
ယန်ကျီချွမ် : “မစ္စတာလင်း မတွေ့ရတာကြာပြီဗျာ!”
လင်းကျူးရွှေက ခေါင်းငြိမ့်ပြလိုက်သည်။ : “မတွေ့ရတာကြာပြီ”
“ကျွန်တော်တို့ နောက်ဆုံးတွေ့တဲ့ နှစ်ကတည်းကဆိုရင် အချင်းချင်းမဆုံဖြစ်တာ နှစ်နှစ်တောင်ရှိပြီပဲ။ ကျွန်တော် ခင်ဗျားကို အရမ်းသတိရနေတာ ဒါက တပည့်အသစ်လေးလား?” ယန်ကျီချွမ် ပြောလိုက်သည်။
သူက ကျိုးကျားယွီစိုက်ကြည့်ရင်း အံ့ဩသွားပုံပေါ်သည်။ လင်းကျူးရွှေ ခဏလောက် တွေးပြီးနောက် ပြောလိုက်သည်။
“အဲ့လိုပဲပြောရမှာပေါ့၊ နာမည်က ကျိုးကျားယွီ"
ထိုနာမည်ကို ကြားလိုက်သော ယန်ကျီချွမ်က အနည်းငယ် ပြန်တွေးဆဆဖြစ်သွားပြီး ပြောလာသည်။
“ကျားယွီလား….နာမည်ကောင်းပဲ”
ဒါပေမယ့် ဒါက ရိချွင်း၊ အာပိုင်၊ မူစစ်၊ ကျောက်စန်းတို့နဲ့ ကွဲပြားနေမှန်း သိသာနေသည်။ လင်းကျူးရွှေရဲ့တပည့်ဆိုရင်တောင်မှ သူက အခုမှ စတင်လေ့လာသူသာ ဖြစ်နိုင်သည်။
“အိုး ဒီတစ်ခါတော့ ရိချွင်းက ပြိုင်ပွဲ၀င်ပြိုင်မှာလား?”
ကျိုးကျားယွီရဲ့နာမည်ကြောင့် ယန်ကျီချွမ်က သူ့အာရုံကို ရှန်းရိချွင်းဆီသို့ လှည့်လိုက်သည်။
“မဟုတ်ဘူး သူပြိုင်မှာ” မထင်မှတ်ထားဘဲ လင်းကျူးရွှေက ခေါင်းခါပြရင်း ပြောလာသည်။
လင်းကျူးရွှေက ဘေးမှာရပ်နေတဲ့ ကျိုးကျားယွီကို လက်ညှိုးထိုးပြလိုက်သည်။ ယန်ကျီချွမ်က အံ့ဩသွားတဲ့မျက်နှာနဲ့ ကျိုးကျားယွီကို ကြည့်လာပြီး ယန်ကျီချွမ်ရဲ့ အကြည့်ကို ရင်ဆိုင်နေရတဲ့ ကျိုးကျားယွီက ခြေထောက်အောက်တွင် တွင်းတစ်ခုတူးကာ သူ့ကိုယ်သူ တိတ်တဆိတ် မြေမြုပ်ပြစ်နိုင်ဖို့သာ ဆုတောင်းနေခဲ့သည်။
စာရေးသူရဲ့စာအကြွင်း:
ကျိုးကျားယွီ : ပြိုင်ပွဲမှာရှုံးသွားပြီးတဲ့နောက် ကျွန်တော်ရဲ့အရိုးပြာကို ကျင်းရှာမြစ်ထဲမှာ ဖြန့်ကျဲပေးဖို့ မျှော်လင့်မိပါတယ်
လင်းကျူးရွှေ : လှလိုက်တဲ့စိတ်ကူးလေး မင်းက ပြိုင်ပွဲကို ရှုံးပြီးတာတောင် အရိုးပြာ ချန်ခဲ့ချင်သေးတာလား? ရှုံးရဲရင် ရှုံးကြည့်၊ မင်းတစ်ကိုယ်လုံးကို မြိုချပစ်မယ်မှတ်
ကျိုးကျားယွီ : …….ဆရာ ကျွန်တော့်ကို ထပ်ပြီးချစ်ပေးပါဦး