Five Elements
Chapter 3 : ကြာပန်း
ရေချိုးကန်ထဲက ရေပူက အနည်းငယ်ပွက်နေပြီး ချွေးထုတ်ခန်းရှိ အပူချိန်လိုမျိုး ဖြစ်နေသည်။
ကျိုးကျားယွီက ရေချိုးကန်ထဲထိုင်ရင်း အပြုတ်ခံရတဲ့ ငါးတစ်ကောင်ကဲ့သို့ ဖြစ်တော့မည်ဟု ခံစားနေရသည်။ သူ နည်းနည်း အဆင်မပြေဖြစ်လာသောကြောင့် ကျီပါ့ကို မေးလိုက်သည်။
“မင်းဆိုရင် ဘယ်လိုအခြေအနေမျိုးမှာ လူတစ်ယောက်ကို ရေချိုးခိုင်းမှာလဲ”
အချိန်အကြာကြီး စဉ်းစားကြည့်ပြီးတဲ့ အချိန်ထိ ကျီပါ့က ဘာအတွေးမှ ထွက်မလာသည့်အတွက် လိပ်ခွံပေါ်တွင် ခံစားချက်မကောင်းစွာဖြင့် တိတ်တိတ်လေး ထိုင်နေသည်။
ကျိုးကျားယွီက အဲ့ပုံစံကို ကြည့်ရင်း စိတ်ထဲတွင် သနားစိတ် အနည်းငယ် ၀င်သွားချိန်တွင် ကျီပါ့က ပဟေဠိဖြစ်နေတဲ့ အသံနဲ့ နှုတ်သီးကို လက်သည်းနဲ့ကုတ်ရင်း ရေရွတ်လာသည်ကို မြင်လိုက်ရသည်။
“ရေချိုးခိုင်းတာက…..ကြည့်ရတာတော့
တော်ဝင် ကိုယ်လုပ်တော်တွေကို ဘုရင့်ဆီ မဆက်သခင် လုပ်ခိုင်းတဲ့အရာမျိုးနဲ့တော့ တူတယ် ဒါပေမယ့် မင်း စိတ်မပူပါနဲ့ လင်းကျူးရွှေက မင်းအပေါ်ကို မျက်စိမကျပါဘူး”
ကျိုးကျားယွီ : “.....”
ကျိုးကျားယွီက သူ့ရဲ့ဆိုးရွားသည်ဟု မခေါ်ထိုက်သော ကိုယ်ခန္ဓာကို ငုံ့ကြည့်ရင်း လေသံပျော့ပျော့နှင့် ပြောလိုက်သည်။
“ဒါပေမယ့် လင်းကျူးရွှေက မျက်စိမမြင်တဲ့လူလေ”
ရုပ်ချော၍ ချမ်းသာသည့်အပြင် မျက်စိမမြင်ရတဲ့ လင်းကျူးရွှေက ခင်ပွန်းကောင်း တစ်ယောက်အနေဖြင့် ထိပ်ဆုံး အဆင့်အတန်းသို့ ၀င်ပြီးသား ဖြစ်သည်။
ကျီပါ့ : “...”
ကျိုးကျားယွီ : “သူက အရသာခံကြည့်ချင်ရုံ အခြေအနေမျိုးသာဆိုရင်…”
ကျီပါ့ : “....”
ကျိုးကျားယွီ : “ငါ သူ့ကို ဘယ်လိုငြင်းသင့်လဲ”
ဒီအခိုက်အတန့်တွင် ကျီပါ့သာ လူတစ်ဦးဆိုရင် ရွံရှာတဲ့ အရိပ်အယောင်တွေနဲ့ သံသယ၀င်နေလိမ့်မည်။ ဒါပေမယ့် သူက ငှက်တစ်ကောင်သာ ဖြစ်သည့်အတွက် အဲ့လိုခံစားချက်မျိုးကို တိတိကျကျ မဖော်ပြနိုင်ပေ။ ကျီပါ့ ပြောနိုင်သည်ြ တစ်ခုတည်းသော အရာက
“အဲ့လောက်အဝေးကြီးအထိ မှန်းဆမနေနဲ့”
တကယ်တော့ ကျိုးကျားယွီက စနောက်နေခြင်းဖြစ်သည်။ လင်းကျူးရွှေရဲ့ သူ့အပေါ် မနှစ်မြို့မှုက ရှန်းရိချွင်းနဲ့ တခြားလူတွေလောက် မသိသာပေမယ့် အေးစက်ပြီး ဂရုမစိုက်တဲ့အရှိန်အဝါကြောင့် သူသည် အကြိုဆိုမခံရမှန်း ကြိုသိထားပြီးသားဖြစ်သည်။ ကျိုးကျားယွီက ဂေးတစ်ယောက်ဖြစ်သည်၊ သို့သော်လည်း အထက်တန်းကျောင်းမှာ သိလိုက်ရပြီးကတည်းက တစ်ခါမှ ရည်းစားမထားဖူးပေ။ အထီးကျန်နေတဲ့ တစ်ကိုယ်တော်ခွေးလေးဖြစ်တဲ့အတွက် သူက လင်းကျူးရွှေကို အဲ့လိုနည်းနဲ့ တွေးပင်မတွေးရဲပေ။
ရေချိုးကန်ရေထဲတွင် ဆေးဝါးတွေများစွာ ရှိနေသော်လည်း ဘာနဲ့ပြုလုပ်ထားမှန်းကိုတော့ မသိနိုင်ပေ။ တစ်နာရီလောက် ရေးစိမ်ပြီးတဲ့နောက်မှာ သူ လုံး၀ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ အသားအရေက လတ်လတ်ဆတ်ဆတ် အခွံခွာခံထားရတဲ့ ကြက်ဥလိုမျိုး ချောမွေ့နေသောကြောင့် ကျိုးကျားယွီက မထိန်းချုပ်နိုင်ဘဲ ကိုယ့်ကိုကိုယ်ပင် အနည်းငယ် တို့ထိကြည့်လိုက်မိသည်။
ဆေးကြောပြီးတဲ့နောက်မှာ ကျိုးကျားယွီက အ၀တ်အစား ပြန်၀တ်လိုက်ပြီး နာနာခံခံဖြင့် လင်းကျူးရွှေကို ရှာရန် ဧည့်ခန်းသို့ သွားခဲ့သည်။
လင်းကျူးရွှေက ဧည့်ခန်းထဲတွင်ထိုင်ကာ ကျောက်စိမ်းတစ်တုံးကို ဆော့ကစားနေချိန်တွင် ကျိုးကျားယွီရဲ့ခြေသံကို ကြားလိုက်ရသည်။ သူက မတ်တပ်ထရပ်၍ ပြောလိုက်သည်။
“လိုက်ခဲ့”
ကျိုးကျားယွီက အရမ်းသိချင်နေသော်လည်း ဘာမေးခွန်းကိုမှ မမေးရဲဘဲ လင်းကျူးရွှေနောက်ကနေသာ ရိုကျိုးစွာဖြင့် လိုက်သွားခဲ့သည်။ လျှောက်လမ်းများစွာကို ဖြတ်လျှောက်ပြီးနောက် သူတို့နှစ်ယောက် ဒုတိယထပ်ကို တက်သွားခဲ့သည်။ နောက်ဆုံးတော့ လင်းကျူးရွှေက အခန်းတစ်ခု၏ အရှေ့တွင်ရပ်၍ တံခါးတွန်းဖွင့်လိုက်ပြီးနောက် ကျိုးကျားယွီနဲ့အတူ အထဲ၀င်လိုက်သည်။
အခန်းထဲရှိ အိပ်ရာကိုမြင်၍ ကျိုးကျားယွီတစ်ယောက် လုံး၀ အံ့ဩသွား၍ တုန်တုန်ရီရီနဲ့ ကျီပါ့ကို မေးလိုက်သည်။
“ကျီပါ့ရော မဟုတ်မှလွဲရော မစ္စတာလင်းက တကယ်ကြီး အဲ့လိုမျိုး…”
ကျီပါ့က အောက်ဘက်ရှိလိပ်ခွံထဲ ရောနှော၍ ၀င်သွားချင်သလိုမျိုး အေးခဲတောင့်တင်းသွားသည်။
ကျိုးကျားယွီ : “ဒါပေမယ့် ငါ အခုထိ အဆင်သင့်မဖြစ်သေးဘူးလေ!”
လင်းကျူးရွှေက ကျိုးကျားယွီရဲ့ အတွင်းစိတ်ထဲတွင် ကသောင်းကနင်း ဖြစ်နေတာကို လုံး၀သတိထားမိသည့်အပြင် သူ့မျက်နှာတွင်လည်း ဘာခံစားချက်မှ ရှိမနေပေ။
“အိပ်ရာပေါ် လှဲလိုက်”
ကျိုးကျားယွီ၏ မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ထိတ်လန့်သွားသည်။ သူ မထိန်းချုပ်ထားနိုင်ပဲ ထပြောလိုက်သည်။
“မစ္စ မစ္စတာလင်း ကျွန်တော့်ကို ဘာလုပ်မလို့လဲ…”
လင်းကျူးရွှေက မျက်လုံးများ မှိတ်ထားရင်း ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။
“ဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ? ငါက မင်းကို အခွင့်အရေးယူမှာ ကြောက်နေတာလား?”
ကျိုးကျားယွီ စိတ်ထဲတွင် တွေးလိုက်သည် : မင်း ငါ့ကို အခွင့်ကောင်းယူမှာကို မကြောက်ပါဘူး ငါက မင်းကို အခွင့်ကောင်း ယူမိမှာကိုပဲ စိုးရိမ်တာပါ…
အနည်းငယ် ကြောက်ရွံ့၍ ရှက်နေသော ကျိုးကျားယွီက သက်ပြင်းတစ်ချ ချလိုက်ပြီးနောက် အိပ်ရာပေါ်သို့ ဖြေးဖြေးချင်း လှဲလိုက်သည်။
အိပ်ရာထောင့်မှာရှိတဲ့ အမွှေးတိုင်မီးခွက်မှာ အမွှေးတိုင်လောင်ကျွမ်းနေပြီး ရနံ့က အရမ်းမပြင်းထန်သော်လည်း စွဲကျန်နေဆဲဖြစ်၍ သူ၏တောင့်တင်းနေတဲ့ စိတ်အာရုံကို ဖြေးဖြေးချင်း ပြေပျောက်လာစေသည်။
ကျိုးကျားယွီ၏ခန္ဓာကိုယ် တောင့်တင်းနေ၍ လင်းကျူးရွှေက သူ့အနားသို့ ပိုပိုပြီး နီးကပ်လာခြင်းကို ခံစားမိနေသည်။ သူ အထင်မှားနေတာလား မသိသော်လည်း လင်းကျူးရွှေရဲ့ခန္ဓာကိုယ်ကနေ ရေခဲတုံးအကြီးကြီးက အအေးဓာတ်ထုတ်လွှတ်နေသကဲ့သို့ အေးစက်မှုမျိုးကို ခံစားမိနေသည်။…ကျိုးကျားယွီ အဲ့အကြောင်းကို ထပ်ပြီးမတွေးနိုင်ခင်မှာပင် လင်းကျူးရွှေက လက်ဆန့်ကာ သူ့ကို ခပ်ကြမ်းကြမ်း ပုတ်လိုက်သည်။
ချက်ချင်းပင် ကျိုးကျားယွီရဲ့ခန္ဓာကိုယ်က ထပ်ပြီး မလှုပ်နိုင်တော့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ ဘာလို့လဲဆိုတော့ လင်းကျူးရွှေရဲ့ နောက်ထပ်လှုပ်ရှားမှုက သူ့ရဲ့ဘောင်းဘီကို တ၀က်လောက်ထိ ဆွဲချနေသောကြောင့် ဖြစ်သည်။
ကျိုးကျားယွီ အထိတ်တလန့်ဖြင့် ကျီပါ့ကို မေးလိုက်သည်။
“ကျီပါ့ မင်းရဲ့မစ္စတာလင်းက ငါ့ကို တကယ် ဘာမှတော့မလုပ်ဘူးမလား ဟင်”
ကျီပါ့သည်လည်း အော်ဟစ်နေသည်။
“ငါ မယုံနိုင်ဘူး—”
ကျိုးကျားယွီက အိပ်ရာပေါ်တွင် လှဲနေရင်း အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။ လင်းကျူးရွှေက အရမ်းချောတာမလို့ သူနဲ့ စမ်းကြည့်တာလည်း မဆိုးပါဘူးလို့သာ နှစ်သိမ့်နေမိသည်။ အဲ့နောက်မှာတော့ သူ့ရဲ့ကျောအောက်ပိုင်းကနေ အနည်းငယ်နာကျင်မှုကို ခံစားလိုက်ရသည်။
ကျိုးကျားယွီ ခေါင်းကို ခက်ခက်ခဲခဲ နောက်လှည့်ကြည့်လိုက်ရာ အခြေအနေက သူ ထင်ထားသလို ဆွဲဆောင်မှုရှိသည့် ဟိုလိုလို ဒီလိုလို အခြေအနေ မဟုတ်နေမှန်းကို သိလိုက်ရသည်။ လင်းကျူးရွှေက ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ညာဘက်လက်တွင် အပ်ကိုကိုင်ထားကာ သူ၏ဘေးတွင် လင်ဗန်းတစ်ခုရှိနေသည်။ ကျိုးကျားယွီက လင်ဗန်းထဲက ပစ္စည်းတွေကို သတိထားမိလိုက်ရာ အဲ့အရာတွေက တက်တူးထိုးရာတွင် လိုအပ်သည့် ပစ္စည်းများ ဖြစ်ပုံပေါ်သည်။
ကျိုးကျားယွီ : “...”
သူက အနည်းငယ် စိတ်ပျက်သွားသည်။ ကျီပါ့က ကျိုးကျားယွီထက် ပိုပြီး စိတ်လှုပ်ရှားနေသည်။ သေးငယ်တဲ့အဝါရောင် လက်သည်းသုံးချောင်းက လိပ်ခွံပေါ်တွင် အထက်အောက် ခုန်ပေါက်ရင်း ပြောလာသည်။
“လင်းကျူးရွှေက မင်းအပေါ် မသင့်တော်တဲ့အတွေးတွေ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး ဆိုတာကို ငါ သိနေသားပဲ"
ကျိုးကျားယွီ : “...”
ကျီပါ့ : “မြင်လား သူ့အကြိုက်က အဲ့လောက်လည်း မနိမ့်ပါဘူးလို့ ငါ ပြောသားပဲ”
ကျိုးကျားယွီ “ကျေးဇူး” လို့သာ ပြန်ပြောလိုက်နိုင်သည်။ ငါ့ကိုသတိပေးလို့ကျေးဇူးပါ အဲ့တာမှ ငါ ကိုယ့်နေရာကိုကိုယ် ရှင်းရှင်းလင်းလင်း နားလည်ပြီး မလိုအပ်တဲ့ ခင်မင်မှုတွေ၊ ကျေးဇူးတင်စိတ်တွေ၊ မျှဝေခံစားချင်စိတ်တွေ မရှိတော့မှာ။
ကျီပါ့နဲ့ ကျိုးကျားယွီ တကျက်ကျက် စကားများနေတုန်း လင်းကျူးရွှေက ဒုတိယမြောက်အပ်ကို ထုတ်လိုက်သည်။
ကျိုးကျားယွီက ဘာနာကျင်မှုကိုမှ မခံစားရခြင်းအရ စောနကဆေးဝါးတွေနဲ့ ရေချိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။ လင်းကျူးရွှေက သူ့ရဲ့တင်ပါးရိုးနားမှာ နေရာရွေးထားခဲ့၍ ၎င်းက မည်သည့်ပုံစံမျိုးကို တက်တူးထိုးနေလဲဆိုတာကိုတောင် သူ မသိပေ။
ကျိုးကျားယွီ အိပ်ရာပေါ်တွင် လှဲနေရင်း မေးလိုက်သည်။
“မစ္စတာ... မစ္စတာလင်း ကျွန်တော့်ကို ဘာတက်တူးထိုးနေတာလဲ….”
လင်းကျူးရွှေက ခေါင်းကို နည်းနည်း စောင်းလိုက်ပြီး ဘာမှပြန်တုံ့ပြန်မလာပေ။ ကျိုးကျားယွီရဲ့ တင်ပါးရိုးနေရာတစ်ဝိုက်က နူးညံ့ပြီး ထုံနေသည်။ သူ ထင်ထားခဲ့တဲ့အတိုင်းပဲ လင်းကျူးရွှေရဲ့ ကိုယ်အပူချိန်က တခြားသူတွေထက် နိမ့်ပြီးတော့ လက်ဖျားထိပ်တွေကပင် အေးခဲနေသည်။ အရေပြားပေါ်မှာ ရှိနေတဲ့ အပ်ကို အာရုံခံနိုင်မှုက သိပ်မသိသာပေမယ့် ကျိုးကျားယွီ ပို၍ ခံစားမိနေသော အရာက လင်းကျူးရွှေရဲ့လက်ဖျားထိပ်က အအေးဓာတ်ကိုဖြစ်သည်။
ကျိုးကျားယွီက ခဏလောက်လှဲနေပြီးနောက် အိပ်ငိုက်လာခြင်းကို ခံစားမိလိုက်သည်။ သူ့မျက်ခွံတွေ လေးလံလာသော်လည်း လင်းကျူးရွှေရဲ့ အေးစက်ပြီး ရှင်းလင်းတဲ့အသံကို ကြားလိုက်ရသည်။
“မအိပ်နဲ့”
ကျိုးကျားယွီက ဆတ်ခနဲနိုးသွားပြီးနောက် ကနဦးတွင် သူ အိပ်ပျော်တော့မလိုဖြစ်သွားခြင်းကို သတိထားမိလိုက်သည်။
လင်းကျူးရွှေ : “နောက်အဆင့်က နည်းနည်းနာနိုင်တယ် သည်းခံထား”
ကျိုးကျားယွီက “ဟုတ်ကဲ့” လို့ပြန်ပြောလိုက်တာနဲ့ သူ့ခါးနားက အရေပြားပေါ်ကို အရည်တစ်ချို့ လောင်းချလာသောကြောင့် အပူလောင်သလိုဖြစ်နေသော နာကျင်မှုကို ခံစားလိုက်ရသည်။
လင်းကျူးရွှေက နောက်ဆုံးအဆင့်ဖြစ်သည့် အရောင်ဖြည့်ခြင်းသို့ သွားတော့မည့်ပုံပေါ်ကာ လှုပ်ရှားမှုတွေက စောနကထက်ပိုပြီး နှေးကွေးသွားသည်။
အမွှေးနံ့သာတိုင်က အောက်ခြေအပိုင်းကို လောင်ကျွမ်းနေပြီဖြစ်ပြီး လင်းကျူးရွှေလည်း တက်တူးကို လက်စသတ်ဖို့ စတင်နေပြီဖြစ်သည်။
ကျိုးကျားယွီရဲ့ နဖူးထိပ်တွင် ချွေးအေးတွေ ထွက်နေပြီးနောက် အသံထွက်ပြီး မငိုမိအောင် အံကြိတ်၍ ကိုယ့်ကိုကိုယ် ထိန်းချုပ်နေသည်။ သူ့အပြုအမူက လင်းကျူးရွှေကို နည်းနည်းအံ့ဩသွားစေခဲ့သည်။ ကျိုးကျားယွီက အော်ဟစ်ငိုယိုနေမည်လို့ လင်းကျူးရွှေက ထင်ထားခဲ့သော်လည်း တိတ်တဆိတ် သည်းခံနေလိမ့်မယ်လို့တော့ မထင်ထားခဲ့ပေ။
ကံမကောင်းစွာဖြင့် ကျိုးကျားယွီက လင်းကျူးရွှေကို နောက်ကျောပေးထားသောကြောင့် မမြင်ရပေ။ မဟုတ်ရင်တော့ သူ လင်းကျူးရွှေရဲ့မျက်နှာမှာ နည်းနည်း ပြောင်းလဲသွားသည်ကို မြင်ရမည်ဖြစ်သည်။ သူ၏မျက်နှာက အနည်းငယ် ခံစားချက်ကင်းမဲ့နေဆဲ ဆိုသော်လည်း ကြောက်ရွံ့ဖွယ် ကောင်းသော အမူအရာမျိုး မဟုတ်တော့ပေ။
တက်တူးပြီးသွားတဲ့နောက်မှာ လင်းကျူးရွှေက လက်လှမ်းကာ ကျိုးကျားယွီရဲ့ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် ပုတ်လိုက်သည်။ ကျိုးကျားယွီက စိတ်အေးသွား၍ မူလတုန်းက လှုပ်မရတဲ့ သူ့ခန္ဓာကိုယ်က ပြန်ပျော့ပျောင်းသွားသလို ခံစားလိုက်ရသည်။
“ခဏအိပ်လိုက်”
အသံက အေးစက်နေဆဲဆိုသော်လည်း ထိုစကားကို သူ့ကိုပူပန်သောကြောင့် ပြောလာခြင်းဟု အဓိပ္ပာယ်ကောက်လိုက်သော ကျိုးကျားယွီက ပြောသည်။
“ကြည့်ရတာတော့ လင်းကျူးရွှေက တော်တော် စိတ်နူးညံ့မယ့်ပုံပဲ”
အဲ့လိုစကားကို ကြားရသောအခါ ကျီပါ့က သူ၏စိတ်ထဲတွင် ဘာမှမပြောဘဲ တိတ်တဆိတ် နေခဲ့သည်။
အစတုန်းကတော့ ကျီပါ့က လင်းကျူးရွှေ အကြောင်းအတင်းပြောဖို့ အခွင့်အရေးကို ဘာလို့မယူတာလဲလို့ သူ တွေးလိုက်မိသော်လည်း နှစ်မိနစ်လောက်ကြာပြီးနောက် အကြောင်းပြချက်ကို သိလိုက်ရသည်။
ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က သူ့တင်ပါးပေါ်မှာ ဖုန်ယိုကျင့်တစ်ပုလင်းလုံးကို လောင်းချပြီး လေအေးနဲ့မှုတ်နေသလိုမျိုး သူ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ တက်တူးအပိုင်းက စတင် အေးစင်လာခြင်းကို ခံစားမိလိုက်သည်။
အေးခဲတဲ့ဖြစ်စဉ်တစ်ခုလုံးက အလွန်ကိုမြန်ဆန်လွန်းသည်။ ပထမတုန်းက ကျိုးကျားယွီက ကိုယ့်ဘာသာ အထင်မှားတာလို့ ထင်လိုက်ပေမယ့် ခန္ဓာကိုယ်က အအေးဓာတ်ကြောင့် ကြွက်တက်လာတဲ့အချိန်တွင် သတိမေ့လောက်တဲ့အထိကို အရမ်းအေးခဲနေမှန်း သေချာသွားခဲ့သည်။
ကျိုးကျားယွီ ဘောလုံးလိုမျိုး ကွေးဖို့လုပ်လိုက်သော်လည်း သူ့ခါးပေါ်တွင် ဖိထားတဲ့ လင်းကျူးရွှေရဲ့လက်က အလွန်လေးလံနေသည်။
“ဝူးဝူး….အရမ်းအေးတယ်…” ကျိုးကျားယွီက ခိုက်ခိုက်တုန်ရင်း တီးတိုးပြောလိုက်သည်။
လင်းကျူးရွှေက ငုံ့ကြည့်လိုက်ပြီးနောက် သူ၏လက်ချောင်းမျာူက ကျိုးကျားယွီရဲ့ ခါးနဲ့တင်ပါးတို့ ဆုံတဲ့နေရာရောက်တဲ့အထိ ဖြေးဖြေးချင်း လျောဆင်းသွားသည်။ အဲ့အချိန် ထိုနေရာသည်လည်း အေးနေ၍ ကျိုးကျားယွီက ဘာမှမမြင်နိုင်သော်လည်း တက်တူးပုံစံကို သိရဖို့အတွက် တခြားအာရုံခံမှုများအပေါ်ကို မှီခိုထားနိုင်သည်။
ကျိုးကျားယွီရဲ့ အသားအရေသည် နွားနို့ကဲ့သို့ ဖြူဖွေး၍ နူးညံ့လှရာ ဘ၀တစ်လျှောက်လုံး ဘာအလုပ်ကြမ်းကိုမှ မလုပ်ဖူးသည့်ပုံပေါ်သည်။ သူ၏ အသားအရေအထိအတွေ့က နူးညံ့ပြီး ချောမွေ့သည်။ ခါးရဲ့အခွက်နေရာတွင် မြူးကြွနေတဲ့ ငါးငယ်လေးတွေ အများကြီး၀န်းရံနေတဲ့ တစ်၀က်ပွင့်နေသည့် ကြာပန်းအခိုင်တွေအစုလိုက် အပြုံလိုက်ရှိနေသည်။
ကြာပန်းဖြစ်စေ ငါးဖြစ်စေ သူတို့၏အသွင်အပြင်က ခဏနေရင် ကျိုးကျားယွီ၏ ခါးထဲမှ ခုန်ထွက်လာတော့မည့်ဟန်ဖြင့် အလွန်သက်ဝင်ထင်ရှားနေသည်။
မင်ဆေးတက်တူးက ကျိုးကျားယွီရဲ့ အဖြူရောင်အသားအရေနဲ့ အလွန်လိုက်ဖက်နေသည်။ တက်တူးနေရာက တစ်မျိုးတစ်ဖုံ မသင့်တော်သော်လည်း မြင်မကောင်းဖြစ်ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် တက်တူးက သပ်ရပ်၍ ကျက်သရေရှိနေသည့် လက်ရာကိုပင် ဖော်ဆောင်နေသည်။
လင်းကျူးရွှေရဲ့လက်က ကျိုးကျားယွီ၏ ခါးပေါ်တွင် ဆက်ရှိနေဆဲဖြစ်သည်။ ကျိုးကျားယွီရဲ့အသံရှူနှုန်းက ပိုလေးလံလာပြီး သူ၏အသံသည်လည်း တုန်ရီနေသည်။
“အရမ်း အေးတယ်….”
သူသည် ဆင်ခြင်နိုင်စွမ်း အမြန်လျော့ကျလာကာ အနွေးဓာတ်ရယူရန်အတွက် အနောက်သို့လှည့်၍ လင်းကျူးရွှေလင်၏ လက်ကို ဆွဲဖက်ချင်လုနီးပါးပင် ဖြစ်နေသည်။
လင်းကျူးရွှေက ကျိုးကျားယွီရဲ့ ရုန်းကန်နေမှုကို ဖိထားရန်အတွက် အားစိုက်ထည့်လိုက်သည်။
အဲ့အချိန်မှာပဲ ကျိုးကျားယွီက ရေထဲကထုတ်လိုက်တဲ့ငါးကဲ့သို့ ပြန်သွားချင်သော်လည်း လင်းကျူးရွှေက ကမ်းခြေတွင် အတင်းဖမ်းချုပ်ခံထားရသလိုမျိုး အိပ်ရာပေါ်တွင် လူးလွန့်နေသည်။
ပြင်းထန်တဲ့ အအေးဓာတ်က ဆယ်မိနစ်လောက်ကြာပြီးတဲ့နောက် ဖြေးဖြေးချင်း ပြန်ကျဆင်းသွားခဲ့သည်။
လင်းကျူးရွှေသည် သူ၏လက်ကို ကျိုးကျားယွီအပေါ် ဖိထားခြင်းဖြင့် သူ့ခန္ဓာကိုယ်ထဲ အပူချိန်များကို ကူးပြောင်းပေး၍ တုန်ရီနေစေသည့် အအေးဓာတ်ကို ပယ်ဖျက်ပေးနေသည်။
အအေးဓာတ်ကျသွားတဲ့ အချိန်မှာတော့ ကျိုးကျားယွီသည် ကယောင်ကတမ်းပင် ဖြစ်နေပြီ ဖြစ်သည်။ သူ့ပုံစံကိုမြင်သော လင်းကျူးရွှေက ခဏတုံ့ဆိုင်းသွားပြီးနောက် သူ၏ကိုယ်ပေါ်သို့ စောင်ခြုံပေးလိုက်၍ မတ်တပ်ပြန်ရပ်ကာ ထွက်သွားလေသည်။
ကျိုးကျားယွီက ကိုယ်အပူချိန် ပြန်တက်လာသော်လည်း ခန္ဓာကိုယ်က အလွန်ပင်ပန်းနေပြီ ဖြစ်သည်။ ရုတ်တရက်ဆန်တဲ့ အအေးဓာတ်က သူ့ရဲ့ခွန်အားတွေကို ချက်ချင်းပင် ကုန်ဆုံးသွားစေသောကြောင့် အိပ်ရာပေါ်တွင် လှဲချရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ကျိုးကျားယွီသည် အလွန် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး ဘာအိမ်မက်မှ မမက်ခဲ့ပေ။ နောက်တစ်နေ့ သူ နိုးလာချိန်တွင် လန်းဆန်းနေပြီး တင်ပါးတွင် နောက်ဆက်တွဲနာကျင်မှုပင် မရှိပုံပေါ်သည်။
သူသည် မျက်လုံးတွေကို ပွတ်သပ်ရင်း အိပ်ရာမှထပြီးနောက် ဘောင်းဘီကို သေချာဝတ်၍ ပြောလိုက်သည်။
“ငါ တစ်ညလုံး ဒီမှာ အိပ်ပျော်သွားတာပဲ”
ကျီပါ့ : “ဟုတ်တယ်”
ကျိုးကျားယွီ : “လင်းကျူးရွှေက ငါ့ကို မောင်းမထုတ်ဘူးဆိုတော့ သူက တကယ့်ကို လူကောင်းပဲ…”
ကျီပါ့ : “...”
သုံးရက်ပဲ ကြာသေးသေးပေမယ့် အချုပ်ခံထားရတဲ့ဘ၀နဲ့ နေသားတောင်ကျနေပြီပဲ
ကျိုးကျားယွီသည် ပြတင်းပေါက်ဘေးတွင် ပျင်းပျင်းရိရိ ခဏထိုင်နေပြီးနောက် ဖြေးဖြေးချင်း အပြင်ထွက်၍ လှေကားမှ အောက်သို့ ဆင်းသွားသည်။ ထိုအံ့ဩဖွယ် အပြုအမူကိုကြည့်ရင်း ကျီပါ့က ကျိုးကျားယွီ အပေါ် ဖခင်ကဲ့သို့ ခင်တွယ်မှုတစ်ချို့ရုတ်တရက် တိုးပွားလာခဲ့သည်။
လင်းကျူးရွှေက ပထမထပ် ဧည့်ခန်းထဲတွင် ထိုင်နေရင်း မျက်လုံးများမှိတ်ကာ စိတ်ကိုအနားပေးနေသည်။ ညာဘက်လက်ထဲမှာတော့ မြစိမ်းရောင် ရေနွေးကြမ်းခွက်ကို ကိုင်ထားသည်။ သူသည် မမြင်နိုင်သော်လည်း ဘေးပတ်လည်ကို အလွန်သတိရှိနေသည်။ ကျိုးကျားယွီ အခန်း၀င်ပေါက်မှ တိတ်တိတ်လေး လျှောက်လာတာကို ကြားရသောအခါ သူ ပြောလိုက်သည်။
“ရိချွင်းနဲ့ ပြန်တော့ မင်းနေတဲ့ နေရာကို ဆေးရည် သုံးရက်စာ ပို့ထားပြီးပြီ”
ကျိုးကျားယွီက ခေါင်းငြိမ့်ကာ နားလည်ကြောင်း ပြန်ပြောလိုက်သည်။ သူ သူ၏ခါးတွင် ကြာပန်းနဲ့ ငါးပုံ ကို ဘာကြောင့် တက်တူးထိုးတာလဲလို့ မေးကြည့်ချင်သော်လည်း လင်းကျူးရွှေ၏ မျက်နှာထား တည်တံ့နေခြင်းကို မြင်လိုက်ရတဲ့အခါ ပါးစပ်မှ စကားလုံးများ ထွက်မလာတော့ပေ။
ထို့ကြောင့် ကျိုးကျားယွီက ဘာမှမပြောပဲ နာနာခံခံနဲ့သာ ထွက်သွားခဲ့သည်။ လင်းကျူးရွှေက တံခါးပိတ်သံကို ကြားလိုက်ရပြီးနောက် ရေနွေးကြမ်းခွက်ကို လက်လှမ်းယူ၍ တစ်ငုံသောက်လိုက်သည်။ သူသည် အတွေးရွက်လွှင့်ရင်း ရေရွတ်လိုက်သည်။
“စိတ်၀င်စားစရာပဲ”
ရှန်းရိချွင်းက တံခါးအပြင်ဘက်တွင် ကျိုးကျားယွီကို စောင့်နေခဲ့သည်။ မနေ့ကနှင့် ယှဉ်ကြည့်လျှင် ရှန်းရိချွင်းရဲ့ အမူအရာမှာ စပ်စုချင်စိတ်ထဲက မကျေနပ်မှု အရိပ်အယောင်၊ မကျေနပ်မှုထဲကမှ ဇဝေဇဝါဖြစ်နေတဲ့ အရိပ်အယောင်နဲ့ မရေရာမှုတွေကြားက မနာလိုမှု အရိပ်အယောင်တွေ ပါ၀င်နေ၍ ရှုပ်ထွေးလွန်းနေသည်။ အဲ့တာကို မြင်လိုက်ရသောအခါ ကျိုးကျားယွီရဲ့ ဦးရေပြားများ စပ်ဖျဉ်းလာသောကြောင့် သူနှင့်အဝေးမှာ နေချင်နေမိသည်။
ရှန်းရိချွင်း : “မင်း ရောက်လာပြီပဲ”
ကျိုးကျားယွီ : “ငါ ရောက်ပြီ”
ရှန်းရိချွင်း : “မနေ့ကတကယ်ပဲ ဘာတွေဖြစ်ခဲ့လဲ?”
ကျိုးကျားယွီက တိတ်ဆိတ်သွားကာ ရှန်းရိချွင်း၏နောက်ကနေ ပါးစပ်ပိတ်၍ လိုက်သွားသည်။
ကျိုးကျားယွီက မျက်နှာတွင် ကြောက်ရွံ့တဲ့အမူအရာနဲ့ လမ်းလျှောက်နေတာကို ရှန်းရိချွင်း သတိထားမိသွားသည်။
“ကျိုးကျားယွီ၊ မင်း တင်ပါးက ဘာဖြစ်နေတာလဲ”
ကျိုးကျားယွီက တင်ပါးရိုးနား တစ်ဝိုက်တွင် နာကျင်မှု အနည်းငယ် ခံစားနေရပေမယ့် လမ်းလျှောက်တဲ့အခါမှာ တခြားကြွက်သားတွေက ဆန့်ထွက်သွားသောကြောင့် ပို၍ နာကျင်လာပုံပေါ်သည်။ သူက တင်ပါးကိုထိရင်း ပြောလိုက်သည်။
“နာလို့”
ရှန်းရိချွင်း : “....”
ကျိုးကျားယွီက ရှန်းရိချွင်း၏ မျက်နှာပေါ်က “ချီးပဲ”ဟူသော အမူအရာကို မြင်လိုက်ရ၍ နားလည်မှုလွဲသွားမှန်း သိလိုက်ကာ အလျင်အမြန် ရှင်းပြလိုက်သည်။
“နားလည်မှုမလွဲနဲ့ မင်း ထင်နေသလိုမျိုး မဟုတ်ဘူး”
ရှန်းရိချွင်း : “ငါ ဘာတွေးနေတယ်ဆိုတာကို မင်းက ဘယ်လိုလုပ်သိလဲ”
ကျိုးကျားယွီ : “...”
ရှန်းရိချွင်း : “ငါက ယောင်္ကျားလေးအချင်းချင်း မကြိုက်ပေမယ့်လည်း အကြီးအကဲသာဆိုရင်တော့….ငါ…နားလည်ပေးမှာပါ”
ကျိုးကျားယွီ : “...”
အမှန်ပြောရရင် ရှန်းရိချွင်းလို မျက်ခုံးထူထူ ချောကလက်ရောင် မျက်လုံးတွေနဲ့ တက်သစ်စလူငယ်လေးတစ်ယောက်က အဲ့လိုရှက်တဲ့အမူအရာပြနေတာက လူကို တကယ်ပူပန်လာစေသည်။
ကျိုးကျားယွီက ရှန်းရိချွင်းကို အဲ့လိုနားလည်မှုလွဲအောင် မလုပ်ရဲပေ။ လင်းကျူးရွှေသာ အဲ့အကြောင်းပြန်သိသွားရင် သူ့အသက်က တကယ်ကြီး အန္တရာယ်ရှိလာလိမ့်မည်။ ထို့ကြောင့် ကျိုးကျားယွီက ပြောလိုက်သည်။
“အဲ့လိုပေါက်ကရတွေ လျှောက်မတွေးနဲ့ မစ္စတာလင်းက ငါ့အပေါ်မှာ ဘာမသင့်တော်တဲ့ ကိစ္စမှ မလုပ်ခဲ့ဘူး သူက ငါ့ခါးကို ဒီအတိုင်းတက်တူးထိုးပေးရုံပဲ…”
ရှန်းရိချွင်း မျက်မှောင်ကြုံ့ကာ “တက်တူးလား?”
ကျိုးကျားယွီက တက်တက်ကြွကြွ ခေါင်းငြိမ့်ပြလိုက်သည်။
သူသာ ဒီအကြောင်းကို ပြောပြလိုက်ရင် ရှန်းရိချွင်း၏ အမူအရာ ပြန်အဆင်ပြေလာလိမ့်မယ်လို့ ထင်ခဲ့မိသည်။ သို့သော် ထိုသို့ကြားပြီးတာနဲ့ ရှန်းရိချွင်းက သူ့ဆီကို ချက်ချင်း ရောက်လာပြီး အကျီတွေကို ဆွဲမလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ ကျိုးကျားယွီက ရှပ်အကျီကို အောက်ဘက်သို့ အတင်းပြန်ဆွဲချရင်း ဆဲဆိုလိုက်သည်။
“ချီးပဲ နေ့ခင်းကြောင်တောင်ကြီးမှာ မင်း ဘာတွေလာလုပ်နေတာလဲ?!”
ရှန်းရိချွင်း : “ငါ့ကိုပြ—”
ကျိုးကျားယွီ : “ငါတို့ ပြန်ရောက်တဲ့အထိစောင့်လေ ငါတို့ပြန်ရောက်အထိ စောင့်အုံးဟ—”
နှစ်ယောက်လုံး လမ်းတစ်လျှောက် ငြင်းခုံစကားများလာကြသည်။ ကျိုးကျားယွီက သူ၏အကျီတွေကို ဂရုတစိုက် ခုခံကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ရှန်းရိချွင်း၏ အပြုအမူ အောင်မြင်သွားလောက်ပြီဖြစ်သည်။ နောက်ဆုံးတော့ သူတို့ အိမ်ပြန်ရောက်လာသည်။ ရှန်းရိချွင်းက သူ့ကို ဧည့်ခန်းထဲသို့ ဆွဲခေါ်သွားကာ အော်ပြောလာသည်။
“ချွတ် ချွတ် ချွတ် ချွတ် ငါ့ကို ခုချက်ချင်းပြ”
အစတုန်းက ရှန်းအာပိုင်က ဖရဲသီးစားနေရင်း အဲ့တာကို မြင်တော့ အံ့ဩစွာ ပြောလိုက်သည်။
“မင်းတို့ကောင်တွေ ဘယ်တုန်းက အဲ့အဆင့်ထိ ရောက်ကုန်ကြတာလဲ?”
ကျိုးကျားယွီ : “...”
ရှန်းရိချွင်းက ဒေါသတကြီး ပြောလိုက်သည်။
“ပေါက်ကရ လျှောက်မပြောနဲ့!”
ရှန်းအာပိုင်က ရယ်မောရင်း ပြောလိုက်သည်။
“အဲ့ဆို မင်းက ကျိုးကျားယွီကို အ၀တ်တွေ ဘာလို့ အတင်းချွတ်ခိုင်းနေတာလဲ?”
သူ့မျက်နှာပေါ်က အပြုံးက အခုထိ မလွင့်ပျောက်သေးပေမယ့် ရှန်းရိချွင်းက စိတ်ပျက်တဲ့အသံနဲ့ ပြောလာတဲ့အချိန်မှာတော့ သူ၏မျက်နှာ တည်တံ့သွားသည်။
“အကြီးအကဲက သူ့ကို တက်တူးထိုးပေးလိုက်တယ်”
ရှန်းအာပိုင် : “ဘာ??”
ရှန်းရိချွင်း : “အကြီးအကဲက ကျိုးကျားယွီကို တက်တူးထိုးပေးလိုက်တယ်လို့—”
လင်းကျူးရွှေက မိမိကို တက်တူးထိုးပေးလိုက်တာကို သိလိုက်ရချိန်တွင် ရှန်းရိချွင်းတစ်ယောက် ဘာလို့အဲ့လောက်ထိ တုံ့ပြန်မှုပြင်းထန်သည်ကို ကျိုးကျားယွီက လုံး၀နားမလည်ခဲ့ပေ။ နောက်ပိုင်း လင်းကျူးရွှေ၏ အနောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့ပြီးနောက်မှ ဒီတက်တူးက ဘယ်လောက် အဖိုးတန်တယ်ဆိုတာကို သူ နားလည်သွားခဲ့သည်။
ဖုန်းရွှေ နယ်ပယ်ကို ၀င်တဲ့အချိန်ကတည်းက လင်းကျူးရွှေက လူနှစ်ယောက်ကိုသာ တက်တူးထိုးပေးခဲ့ဖူးပြီး တစ်ကြိမ်စီတိုင်းက “ကောင်းကင်ကို ဆန့်ကျင်၍ ကံကြမ္မာကို ပြောင်းလဲခြင်း” ကို ဖော်ပြသည့် တက်တူးပုံများသာ ဖြစ်သည်။ တချို့လူတွေက သုံးညရှစ်လုံးရှိသည် ငွေပမာနမျိုး ပေးအပ်၍ တက်တူးထိုးပေးရန် တောင်းဆိုခဲ့ကြသော်လည်း လင်းကျူးရွှေက ဂရုစိုက်ခြင်း မရှိပေ။
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တို့က လင်းကျူးရွှေနောက်သို့ လိုက်ခဲ့သည်မှာ ငါးနှစ် ခြောက်နှစ်ကြာမြင့်ပြီဖြစ်၍ အဲ့လိုကောလဟာလမျိုးကို ကြားဖူးပေမယ့် အရင်က တစ်ခါမှ ကိုယ်တိုင်မကြုံဖူးခဲ့ပေ။
ကျိုးကျားယွီက လင်းမိသားစုကို ၀င်လာပြီး ရက်အနည်းငယ်အတွင်းမှာပင် လင်းကျူးရွှေ၏ တက်တူးထိုးပေးခဲ့သည့် အပြုအမူသည် ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်အတွက် အလွန်အံ့အားသင့်ဖွယ်ဖြစ်၍ နှစ်ယောက်စလုံးကို စိတ်ရှုပ်ထွေးစေသည်။
ထို့ကြောင့် စိတ်အားထက်သန်သည့် အကြည့်နှစ်ခုအောက်တွင် ကျိုးကျားယွီက စိတ်ညစ်စွာဖြင့် ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ ပြီးနောက် ခါးကိုပြရန် အကျီကို မတင်ရင်း ရေရွတ်လိုက်သည်။
“မထိနဲ့နော် နာနေတုန်းပဲ”
ရှန်းရိချွင်းနဲ့ ရှန်းအာပိုင်တို့က တက်တူးအနားကို တိုးကပ်လာကြသည်။ ကံကောင်းစွာပဲ တက်တူးသည် သူ့ခါးနှင့် ပိုနီးကပ်သည်။ တက်တူးသာ ပိုပြီးသီးသန့်ဆန်တဲ့ နေရာမှာသာဆိုရင် ဒီတိရစ္ဆာန်နှစ်ကောင်က သူ့ကို ၀တ်စလစ်ဖြစ်သည်အထိ ချွတ်ခိုင်းလောက်သည်။
“ဒါက ဘာလို့ ကြာပန်းတွေကြား ရေကူးနေတဲ့ ငါးတွေလဲ?”
ရှန်းရိချွင်းက မျက်မှောင်ကြုံ့လိုက်သည်။
ရှန်းအာပိုင် : “ကြာပန်း…အင်း ဘာလို့ကြာပန်းလဲ?...ပြီးတော့ ကြာပန်းတောင် အပြာရောင်ကြာပန်း…”
ကျိုးကျားယွီက အဲ့လိုကြားလိုက်ရသောခါ ငေးငိုင်စွာ ပြောလိုက်သည်။
“ကြာပန်းမှာ အမျိုးအစားမတူတာတွေ ရှိသေးတယ်လား?”
ရှန်းရိချွင်း : “ရှိတာပေါ့ အပြာရောင်ကြာပန်းကို Sanskrit ထဲက Utpala လို့ခေါ်ပြီးတော့ ဗုဒ္ဓကျမ်းစာထဲက ကြာပန်းမျက်လုံးလို့လည်း ပြောကြတယ် ဘာလို့လဲဆိုတော့ အဲ့တာက ကွမ်ရင်မယ်တော်ရဲ့ မျက်လုံးကို ကိုယ်စားပြုလို့လေ”
တက်တူးက တင်ပါးပေါ်တွင် မဟုတ်၍ တော်သေးသည်လို့ ကျိုးကျားယွီက တွေးလိုက်မိသည်။ မဟုတ်ရင် သူ့တင်ပါးကို မျက်လုံးများစွာက ဝိုင်းကြည့်နေမှာ သေချာသည်။ သို့သော်လည်း ကျိုးကျားယွီက ထိုသို့ ထုတ်မပြောရဲပေ။ ဘာမှမသိ နားလည်တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ သူတို့နှစ်ဦးကိုသာ နာခံစွာဖြင့် လေ့လာခွင့်ပြုထားရသည်။
“ထူးဆန်းလိုက်တာ ငါ ဒီလိုငါးမျိုးကိုလည်း မမြင်ဖူးဘူး”
ကျိုးကျားယွီက နာကျင်နေသေးသည့် အချက်ကြောင့်သာ မဟုတ်လျှင် ရှန်းအာပိုင်က အဲ့တက်တူးကို သေချာပေါက် ထိကြည့်မိမှာ သေချာသည်။
ကျိုးကျားယွီက နုံးခွေစွာဖြင့် သူတို့လေ့လာဖို့ ဆိုဖာပေါ်တွင် လှဲပေးရင်း နောက်ဆုံးတော့ ယောက်ျားကြီးများ၏ အရသာကို ခံစားဖူးပြီလို့ ကျီပါ့ကို ပြောလိုက်သည်။
ကျီပါ့ : “ဒါဆို မင်းပျော်လား?”
ကျိုးကျားယွီ : “ငါမပျော်ရင် မင်းက ကူညီပေးနိုင်လို့လား?”
ကျီပါ့ : “ဟင့်အင်း မကူညီနိုင်ဘူး”
ကျိုးကျားယွီ : “ဒါဆို ဘာလို့လာမေးနေသေးလဲ?”
ကျီပါ့ : “ယောက်ျားကြီးတွေအတွက် ပျော်ပေးမလို့လေ”
ကျိုးကျားယွီ : “....”
ရှန်းရိချွင်းက ကြည့်ရတာ မလုံလောက်သေးပုံပေါ်သည်၊ အပေါ်ထပ်သို့တက်သွားပြီး စာရွက်နဲ့ ခဲတံကိုယူ၍ ပုံကို ကူးဆွဲလိုက်သည်။
ကျိုးကျားယွီ : “မင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ယူထားလိုက်ပါလား သူငယ်ချင်း?”
“အိုး! ငါမေ့နေတာ! ခဏစောင့် ကင်မရာယူလိုက်အုံးမယ်!”
ရှန်းရိချွင်းက ပြောလိုက်သည်။
ကျိုးကျားယွီ : “....”
သူ အပေါ်တက်သွားချိန်တွင် ရှန်းအာပိုင်က ခါးကို ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
“တက်တူးက တကယ်လှတယ်”
ကျိုးကျားယွီ : “....”
ကျိုးကျားယွီက ဆိုဖာပေါ်လှဲ၍ တံခါးကိုငေးကြည့်ရင်း ဒီမှာနေတာလည်း အကြံကောင်းမဟုတ်ကြောင်း တွေးနေမိသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သုံးယောက်ကြားက ဆက်ဆံရေးမှာ အညှောင့်တွေသာ ပေါ်ပေါက်လာခဲ့ရင် ယန်ကျယ်မြစ်ထဲကို ခုန်ချရင်တောင်မှ ပြန်သန့်ရှင်းသွားအောင် လုပ်နိုင်မည် မဟုတ်ပေ။ ကြောက်စရာအကောင်းဆုံး အရာကတော့ သူက အောက်ရောက်နေတဲ့လူဖြစ်ပြီး လူနှစ်ယောက်က သူ့အပေါ်တွင်လှဲကာ သူ၏ခါးကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခြင်းဖြစ်သည်။
ကျိုးကျားယွီ သူ၏ခါးနှင့် ပတ်သက်၍ အလွန်ကျေနပ်မိသော်လည်း….ဒီလူနှစ်ယောက်ရဲ့ လှည့်ပတ်ကြည့်နေမှုကိုတော့ သူ သည်းမခံနိုင်ပေ။