ထိုစဉ် ဒိုင်လူကြီးများက မျက်နှာပြင်ကိုကြည့်ကာ အမူအရာများရှုပ်ထွေးနေကြသည်။
စတုတ္ထထပ်သို့တက်သွားခြင်းမှာ စည်းကမ်းနှင့် မညီသော်လည်း သံတံခါးနှင့် ပိတ်ထားသောကြောင့် အထဲဝင်ရန်မဖြစ်နိုင်ပေ။
လှေကားပေါ်တက်သွားရုံနှင့် စည်းကမ်းဖောက်သည်ဟု သတ်မှတ်၍မရ။
ပထမတွင်မူ ကျိုးကျားယွီကို သိပ်အာရုံမစိုက်ဘဲ မကြာခင်ပြန်ဆင်းလာလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူ လှည့်ထွက်ခံနီးတွင် တစ်ခုခုကိုတက်နင်းမိကာ လှေကားပေါ် တိုက်ရိုက်ပြုတ်ကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးပစ်လဲသွားသည်။
ထိုအခြေအနေကို ရွှီကျန်မြင်သောအခါ ထရယ်ပြီးပြောလိုက်၏။
“လင်းကျူးရွှေ မင်းတပည့်က တော်တော်ပျော့တာပဲ။ သူ ချော်လဲပြီး မထနိုင်တော့ဘူး”
လင်းကျူးရွှေက ပေါ်တင်ပြောလိုက်သည်။
“ရွှီကျန် နှစ်တွေ ဒီလောက်ကြာပြီးတာတောင် မင်းကိုယ်မင်း တိုးတက်အောင်မလုပ်သေးဘူးပဲ”
ရွှီကျန် အံကြိတ်လျက်ပြောသည်။
“မင်း ဘာပြောချင်တာလဲ”
လင်းကျူးရွှေက သူ့ကိုအာရုံစိုက်ရန် ပျင်းလွန်းသည်။ သူ့လက်ကိုဆန်ကာ လက်ဖက်ရည်ခွက် လှမ်းယူပြီး တစ်ငုံသောက်လိုက်သည်။
ချန်ရှောင်ရူလည်း ကျိုးကျားယွီကို မော်နီတာပေါ်၌မြင်နေရသည်။ မူလအစတုန်းက သူ(မ)လည်း နည်းနည်းစိတ်ပူခဲ့သော်ငြား လင်းကျူးရွှေက နည်းနည်းလေးပင်မလှုပ်သဖြင့် သူ(မ)လည်း မပြောတော့ပေ။
မျက်နှာပြင်ပေါ်၌ ကျိုးကျားယွီ နံရံပေါ်မှီထားသည်။ ပါးပြင်၌ မျက်ရည်များစီးကျကာ ခေါင်းကိုငုံ့ထားလျက် အလွန်အမင်းဝမ်းနည်းနေသည့်အလား။
ချန်ရှောင်ရူ : “ကျူးရွှေ ဒါ နင့်တပည့်မလား။”
လင်းကျူးရွှေ : “သူ အဆင်ပြေပါတယ်။ စိတ်ပူစရာမလိုဘူး”
နောက်ဆုံးတွင်မူ ချန်ရှောင်ရူက စကားများကိုမြိုချလိုက်ရသည်။ ဖုန်းရွှေလောက၌ သူ(မ)က လင်းကျူးရွှေထက် ဝါရင့်သော်လည်း ခွန်အားကသာ အဆင့်တစ်ခုဖြစ်သည်။ လင်းကျူးရွှေက ဆယ်ကျော်သက်အရွယ်မှာတင် ဤပြိုင်ပွဲ၏ဒိုင်လူကြီးဖြစ်လာခဲ့သည်။ ပြဿနာများအား အမှန်တကယ်ဆွေးနွေးရန်လိုအပ်လျှင်ပင် လင်းကျူးရွှေကိုအကြံပေးရန် သူ(မ)၌ အရည်အချင်းမရှိပေ။
ကျိုးကျားယွီကမူ အလွန်အဆင်မပြေဖြစ်လာကာ ရှိုက်သံများကျယ်လာပြီး တစ်ကိုယ်လုံးတုန်နေသည်။
သတိလစ်တော့မည်ဟု ထင်နေသည့်အချိန် ရုတ်တရက်ငြိမ်ကျသွားလေသည်။ ရွှီကျန်က သက်ပြင်းချကာ ‘သနားကြင်နာမှု’ ၏မှန်ကန်သည့်အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းသိသွားလေသည်။
လင်းကျူးရွှေ တိတ်ဆိတ်နေသည်။
ရွှီကျန် မတ်တပ်ထရပ်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မော်နီတာကို ပိတ်ဆို့လုနီးနီးပင်။
“လင်းကျူးရွှေ မင်းတပည့်ကို ဘယ်ကရှာလာတာလဲ”
လင်းကျူးရွှေက သူ့ကိုဂရုစိုက်ရန် ပျင်းလွန်းသဖြင့် အေးဆေးလက်ဖက်ရည်သောက်နေလိုက်သည်။
“မင်း သူ့ကို ဒီတိုင်းထားတော့မလို့လား။ သူ ပိတ်မိပြီး ထွက်မရမှာမကြောက်ဘူးလား”
ရွှီကျန် လှည့်ကြည့်လိုက်သည်။
လင်းကျူးရွှေက ပေါ့ပါးစွာပြန်ပြော၏။
“သူက ငါ့တပည့်၊ ငါ သူ့ကို ယုံတယ်”
ရွှီကျန် မျက်လုံးမှေးလိုက်သည်။
နောက်ဆုံးတွင်မူ လင်းကျူးရွှေ ထင်ထားသည့်အတိုင်းပင်၊ ကျိုးကျားယွီ သတိမလစ်ဘဲ ထလာလေသည်။ သို့သော် သူ ထလာသည်မှာ အနည်းငယ်နောက်ကျသွားပြီး ပြိုင်ပွဲအဆုံးသတ်ရန် မိနစ်အနည်းငယ်သာလိုတော့သည်။
ကျိုးကျားယွီ ပထမထပ်ဧည့်ခန်းသို့ အမြန်ပြေးလာလေသည်။
ရွှီရူဝမ် သူ့ကိုတွေ့လိုက်ချိန် မျက်နှာ၌ကူကယ်ရာမဲ့နေသည်။
“ကျိုးကျားယွီ မင်း ဘယ်ရောက်နေတာလဲ။ ငါ မင်းကို လိုက်ရှာနေတာ…ဘာလို့ အခုမှရောက်လာတာလဲ”
ကျိုးကျားယွီ သူ သတိလစ်သွားသည်ဟုပြောရန် ရှက်သဖြင့် ကြည့်ကောင်းသလိုသာဖြေလိုက်ရသည်။
ရွှီရူဝမ် : “မင်းအရုပ်ရော"
ကျိုးကျားယွီ ရှက်နေလျက်ပြောသည်။
“ငါ အရုပ်ရှာမတွေ့ဘူး”
ကြောက်မက်ဖွယ်မှတ်ဉာဏ်ထဲမှ ထွက်လာပြီးနောက် တချို့သောပုံရိပ်များအား သူ့စိတ်ထဲတွင်ပြန်မြင်ယောင်လာသည်။ ထိုပုံရိပ်များက အရုပ်များနှင့်ဆက်စပ်နေပြီး ပြန်စိစစ်ရန်အလွန်ပြန့်ကျဲနေသည်။ သို့သော် ယခု သူ့အချိန်ကုန်တော့မည်ပုံပင်။
ရွှီရူဝမ် : “ကျိုးကျားယွီ?”
ကျိုးကျားယွီ : “တောင်းပန်ပါတယ် ငါ အရင်သွားတော့မယ်။”
သူ ဧည့်ခန်းထဲ ယခုမှရောက်သော်လည်း ခပ်မြန်မြန်ပြန်ထွက်သွားသည်။ ဤတစ်ခါ၌ အပြင်ဘက်ရှိဥယျာဉ်သို့ ထွက်သွားလေသည်။
သို့သော် သူ ဥယျာဉ်ထဲရောက်သည့်အခါ ကျိုးကျားယွီ ကူကယ်ရာမဲ့သလို ခံစားရလေသည်။ ဥယျာဉ်ထဲမှမြင်ကွင်းသည် သူ့မှတ်ဉာဏ်နှင့် လွန်စွာကွဲပြားနေသည်။ သူ မြင်ခဲ့ရသည်မှာ ဥယျာဉ်က နှင်းဆီပန်းများနှင့်ပြည့်နေပြီး ပန်းပွင့်ချိန်၌ လွန်စွာလှပလှသည်။
သို့သော် ယခုတွင်မူ ထိုနှင်းဆီပန်းများ လုံးဝပျောက်သွားပြီး ပန်းမရှိသည့်ဥယျာဉ်ကြီး ဖြစ်နေသည်။
“ရှာမရတော့ဘူး"
ကျိုးကျားယွီ ဥယျာဉ်ကြီးထဲသို့လျှောက်ဝင်သွားလိုက်သည်။
ကျီပါ့ : “မှတ်ဉာဏ်တွေအကြောင်း မတွေးနဲ့၊ မင်း အနက်ရောင်မြူတွေ မြင်လား။ အရုပ်က လူသတ်မှုနဲ့ဆက်စပ်နေတယ်ဆိုရင် အငြှိုးရှိနေမှာ သေချာတယ်။ မြုပ်ထားတဲ့နေရာမှာ အနက်ရောင်မြူတွေ တော်တော်ထူနေသင့်တာ”
ကျိုးကျားယွီခေါင်းညိတ်ကာ အနက်ရောင်မြူထူသည့်နေရာကို လိုက်ရှာနေသည်။
တစ်ကြိမ်ရှာပြီးနောက် မကြာခင်ပစ်မှတ်တွေ့သွားသည်။ ဥယျာဉ်၏အနောက်တောင်ဘက်တွင် အနက်ရောင်မြူများထူထပ်နေလေသည်။
ကျိုးကျားယွီက သူ့မှာအချိန်သိပ်မရှိမှန်း သိသော်လည်း လျင်မြန်စွာပြေးသွားလိုက်သည်။ နံရံ၌ထောင်ထားသည့်ပေါက်တူးကိုယူကာ မြေကြီးကို တူးဆွလေသည်။
သို့သော် ကျိုးကျားယွီ စတူးတူးချင်းပင်၊ ဗီလာထဲမှခေါင်းလောင်းသံကြားရကာ ခပ်ရေးရေးအသံတစ်သံကြားရလေသည်။
“အချိန်ပြည့်ပြီ”
ကျိုးကျားယွီ : “အချိန်ပြည့်ပြီလား”
ကျီပါ့ : “အမ်း”
ကျိုးကျားယွီ ပေါက်တူးကိုချကာ ခေါင်းငုံ့လျက် ပြန်လျှောက်သွားသည်။ သူ သေတမ်းစာရေးနည်းကို ဂူဂဲလ်၌ရှာရင်ကောင်းမလား စဉ်းစားနေ၏။
သူ ဧည့်ခန်းသို့ရောက်သောအခါ ပြိုင်ပွဲဝင်အားလုံးက သူ့ကို ထူးဆန်းနေသကဲ့သို့ကြည့်နေကြသည်။ တချို့ကပူပန်ကာ တချို့ကစူးစမ်းလိုသည်။ တချို့ကမူ အတင်းပြောသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးဟာ ပြိုင်ဘက်များသာ ဖြစ်ကြသည်။
“မင်း အဆင်ပြေရဲ့လား”
ရွှီရူဝမ် လျှောက်လာကာ ပခုံးပုတ်လိုက်သည်။
“မင်းမျက်နှာ ဘာလို့ အဲ့လောက်စိတ်ညစ်ပုံပေါ်နေတာလဲ”
ကျိုးကျားယွီ ခေါင်းခါလိုက်သည်။
“ဘာမှမဟုတ်ပါဘူး”
“အရမ်းအလေးအနက် မထားပါနဲ့၊ ပြိုင်ပွဲလေးတစ်ခုပဲဟာ”
ရွှီရူဝမ်သည် ကျိုးကျားယွီက သူ ရှုံးပြီဟုထင်နေသဖြင့် မျက်နှာဆိုးဝါးနေကြောင်းဟု တွေးလိုက်မိသည်။
“ကျေးဇူးပဲ”
ရွှီရူဝမ်၏ကြင်နာမှုကို ကျိုးကျားယွီက ခေါင်းညိတ်လျက်တုံ့ပြန်လိုက်သည်။
ပြိုင်ပွဲပြီးဆုံးသည့်အခါ ဧည့်ခန်းထဲ၌ ရှောင်တုံ့ပြန်ပေါ်လာသည်။ ဆိုဖာတွင် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ အရုပ်များကိုစစ်ဆေးနေသည်။
ကျိုးကျားယွီမြင်ခဲ့သည်နှင့် ယှဉ်ကြည့်လျှင် ဤတစ်ကြိမ်၌ အရုပ်များပိုများလာကာ ဆယ့်သုံးရုပ်အထိတိုးလာလေသည်။ တစ်ယောက်ယောက်က တစ်ခုမှားရွေးလာပြီဆိုသည်မှာ ပြောစရာမလိုပေ။
ပြိုင်ပွဲဝင်များ၏မျက်နှာထားများ ပြင်းထန်နေသော်လည်း ရှောင်တုံ့ကမူ ဆိုဖာတွင်မှီလျက် တခစ်ခစ်ရယ်သည်။ သူ(မ)လေသံကား လွန်စွာတိုးလျနေ၏။
“မဆိုးဘူး၊ အများကြီးရှာတွေ့ထားတာပဲ”
ထို့နောက် ဆောင့်ကြောင်ထိုင်လိုက်ကာ မမှန်ကန်သည့်အရုပ်များကို ဖြည်းညှင်းစွာရွေးထုတ်လေသည်။ သူ(မ) ထိုအရုပ်များကို ဂရုစိုက်ကြောင်း အပြုအမူများမှတစ်ဆင့်မြင်နိုင်ပေသည်။
ဆယ့်သုံးရုပ်ထဲ၌ အဖြေမှန်ဆယ်ရုပ်ရှိသင့်သော်လည်း ရှောင်တုံ့က လေးခုယူသွားကာ ကိုးခုပဲချန်ထားခဲ့သည်။
“ကိုးခုပဲ ရှာတွေ့လာတယ်ထင်တယ်”
ရှောင်တုံ့ပြောသည်။
ရွှီရူဝမ်ရွေးထားသည့်အရုပ်ကား ထိုအထဲမှတစ်ရုပ်ဖြစ်သည်။ သူ စိတ်သက်သာရာရသွားကာ ဘေးနားရပ်နေသည့်ကျိုးကျားယွီကို ကြည့်လိုက်သည်။
ကျိုးကျားယွီက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ အနည်းငယ်မျက်မှောင်ကြုံ့ထားလေသည်။ လှပသည့်မက်မွန်ပန်းမျက်ဝန်းများ၌ ပုံမှန်အပြုံးပျောက်ဆုံးကာ ဝမ်းနည်းမှုအရိပ်အယောင် သန်းနေ၍ ရွှီရူဝမ် ရင်ထဲတုန်လှုပ်သွားရသည်။
သေချာတယ် သူက ငါ့အကြိုက်ပဲ။
ရွှီရူဝမ် သူ့စိတ်ထဲတွေးလိုက်သည်။
“ဒီပြိုင်ပွဲကို ကိုးယောက်ပဲနိုင်တာ သနားစရာပဲ”
ရှောင်တုံ့ ပြောသည်။ သို့သော် သူ(မ)မျက်နှာ၌ နောင်တတရားဟူ၍ မရှိ။ နက်ပြာရောင် ဖန်မျက်ဝန်းများဟာ ကိစ္စသေးသေးလေးများထံသို့ ဘာခံစားချက်မှ မထားပုံရသည်။ သူ ဆက်ပြော၏။
“ဒါပေမဲ့ တစ်ယောက်က တစ်ခုခုရှာတွေ့သေးလား”
ဤအရာဟာ ဘောနပ်စ်မေးခွန်း ဖြစ်လောက်သည်။ ပြိုင်ပွဲဝင်များ၏စိတ်ထဲ၌ နေရာဆယ်ခုရှိသည်မှာ အလွန်ရှင်းလင်းသည်။ ဆိုလိုသည်မှာ အရုပ်တစ်ရုပ်ရှာမတွေ့သည့်ပြိုင်ပွဲဝင်ကြားတွင် ဗိုလ်လုပွဲတက်နိုင်သည့်ကံကောင်းသူတစ်ယောက် ရှိနေသေးသည်။
ထို့ကြောင့် အရွေးမခံရသည့်ပြိုင်ပွဲဝင်ဆယ့်တစ်ယောက်ကား အခန်းမှထွက်သွားပြီး သူတို့ ရှာတွေ့သည့်ဘောနပ်စ်မေးခွန်းအကြောင်း ရှောင်တုံ့ကို သွားပြောကြသည်။
ကျိုးကျားယွီကမူ လူတန်း၏အလယ်တွင်ဖြစ်ပြီး ဥယျာဉ်ထဲ မြုပ်ထားသည့်အရုပ်အကြောင်း တွေးနေသည်။
“ဝူးဝူးဝူး နောက်အခွင့်အရေးတစ်ခုလောက်၊ တစ်ခုလောက်ထပ်ပေးပါ"
ရုတ်တရက် ဧည့်ခန်းထဲမှငိုသံထွက်လာပြီး အခုမှဝင်သွားသည့် မိန်းကလေးပြိုင်ပွဲတစ်ယောက် အော်ငိုနေခြင်းဖြစ်မည်။
ကျိုးကျားယွီ : “ပြီးသွားပြီ ငါလည်း စိတ်ပူလာပြီ”
ကျီပါ့ : “မပူပါနဲ့ မင်းမှာ ငါရှိတာပဲ”
ကျိုးကျားယွီ : “…”
မှန်၏၊ သူက တခြားသူများထက်ပိုသာပြီး သူ့ခေါင်းထဲ၌ ကျီပါ့ရှိသည်။
စိတ်မပူသည့်လူရှိပါက သေချာပေါက် ဟန်ဆောင်နေခြင်းဖြစ်သည်။
ကျိုးကျားယွီ မော်နီတာကိုတစ်ချက်ကြည့်ကာ ဤလှုပ်ရှားမှုကြောင့် ဒိုင်များရွေးချယ်ပါ့မလား မသိတော့ပေ။
ချန်ရှောင်းရူ ပြုံးလိုက်သည်။
“ကျူးရွှေ ဒီကောင်လေးကို နင် ဘယ်ကခေါ်လာတာလဲ။ ချစ်စရာလေးတော့”
လင်းကျူးရွှေက ပေါ့ပါးစွာပြန်ပြောသည်။
“ဟုတ်တယ် တော်တော်ချစ်စရာကောင်းတာ”
ချန်ရှောင်းရူ : “သူ့ကြည့်ရတာ ဟမ်းစတားလေးလိုပဲ။ သူ့ဆီက အဲ့အကြည့်က ငါ့ရင်ကိုနူးညံ့သွားစေတာ”
သူတို့ဘေးနားရှိရွှီကျန်က အေးစက်စွာနှာမှုတ်သည်။
အရှေ့ရှိပြိုင်ပွဲဝင်များ လျင်မြန်စွာဝင်သွားပြီး လျင်မြန်စွာပြန်ထွက်လာကြသည်။ သူတို့အားလုံး ကြေကွဲနေကာ မျက်နှာအမူအရာများမှ တစ်ဆင့် ရလဒ်ကိုသိနေကြသည်။
နာရီဝက်ခန့်ကြာပြီးနောက် ကျိုးကျားယွီ အလှည့်ရောက်လာသည်။ သူ အသက်ပြင်းပြင်း ရှုကာ ဧည့်ခန်းထဲထပ်ဝင်သွားသည်။
ရှောင်တုံ့က ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်လျက် သူ့ကို ပြုံးပြလေသည်။
“ဟယ်လို”
“ဟယ်လို”
ရှောင်တုံ့ : “အခု စလို့ရပါပြီ”
ကျိုးကျားယွီခေါင်းညိတ်ကာ အသက်တစ်ချက် ရှူလိုက်သည်။
“လူသတ်သမားကို မတွေ့သေးဘူးမလား”
ရှောင်တုံ့၏အပြုံးဖျော့သွားပြီး ပြန်မေးလေသည်။
“ဘာကိုဆိုလိုတာလဲ”
ကျိုးကျားယွီ : “လူသတ်သမားက…ဒီဗီလာရဲ့ သခင်မ ဖြစ်မယ်”
ရှောင်တုံ့ ထပ်မပြုံးတော့ပေ။ အသက်မပါသည့်အကြည့်များနှင့် ကျိုးကျားယွီကိုကြည့်ကာ နှုတ်ခမ်းအနည်းငယ်ဟ,လာသည်။
“စတုတ္ထထပ်ကို သွားခဲ့တာလား”
ကျိုးကျားယွီ ခေါင်းခါကာ
“မသွားပါဘူး။ တတိယထပ်ကနေ စတုတ္ထထပ်ကိုသွားတဲ့ လှေကားအထိပဲ ရောက်ခဲ့တာ”
“နင် ဘယ်လိုသိတာလဲ”
ကျိုးကျားယွီ : “ငါ ဗိုလ်လုပွဲအထိတက်မယ်ဆိုရင် ရှာတွေ့နိုင်မဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိသင့်တာပေါ့"
ရှောင်တုံ့က ကျိုးကျားယွီကိုဆက်ပြောရန် ခြေဟန်လက်ဟန်ပြသည်။
ကျိုးကျားယွီ ဖြည်းညှင်းစွာပြော၏။
“မြင်ကွင်းက နည်းနည်းတော့ဝါးနေတယ်။ ငါ သေချာ မမြင်ရဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကလေးကိုသတ်လိုက်တာ သူ့အမေပဲ။ ဘာလို့သတ်တာလဲဆိုတော့ အရုပ်တစ်ရုပ်ကို ဖျက်ဆီးမိလို့”
ရှောင်တုံ့ မေးလိုက်သည်။
“အရုပ်?”
ကျိုးကျားယွီ : “ဟုတ်တယ် အနက်ရောင်ဂါဝန် ဝတ်ထားတဲ့ တော်တော်လှတဲ့လူရုပ်လေး”
အရုပ်ပုံစံကိုမှတ်မိရန် သူကြိုးစားသော်လည်း ရှင်းရှင်းလင်းလင်းမှတ်မိသွားသည့်အခါ ကြက်သီးများထလာခဲ့သည်။ ထိုအရုပ်က သူ့ကို စိုက်ကြည့်နေသည့်ရှောင်တုံ့နှင့် အနည်းဆုံး ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းလောက်တူနေ၏။
ကျိုးကျားယွီ၏တုန်လှုပ်သွားသည့်အမူအရာကို ကြည့်ရင်း ရှောင်တုံ့ပြုံးလိုက်မိသည်။ ထို့နောက် ထရပ်ကာ ကျိုးကျားယွီထံသို့ ခန္ဓာကိုယ်ကိုင်းလျက်ပြောလိုက်သည်။
“နင်မြင်ခဲ့တဲ့အရုပ်က ငါနဲ့ မတူဘူးလား”
စာရေးသူမှာ ပြောစရာရှိတယ်။
ကျိုးကျားယွီ : အရမ်းကြောက်တယ်…
လင်းကျူးရွှေ : လိမ္မာတယ်၊ ဒီကိုလာ၊ မကြောက်နဲ့၊ ကိုယ်ဝန်မရပါဘူး။
လင်းကျူးရွှေက ဘောင်းဘီဇစ်ဆွဲရင်းနှစ်သိမ့်ပေးလိုက်တယ်။