အခန်း (၁) - နိုင့်ဟယ်တံတား (၁) ပေါ်၌ စောင့်နေသော တစ်စုံံတစ်ဦး
ဧကရာဇ်သစ် နန်းတက်သည့်နေ့တွင် မုကျစ်မင်သည် နင်းကူထာ (၂) ဟုခေါ်သည့် အေးစိမ့်ပြီး ခါးသီးသော အရပ်သို့ နယ်နှင်ဒဏ်ခံရစဉ် လမ်း၌ သေဆုံးသွားခဲ့သည်။
တောင်တန်းများနှင့် ငှက်အုပ်များက ဖြတ်သန်းပျံသန်းသွားကြသည်။ အေးခဲသောနှင်းများက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းလျက်၊ နေနှင့်လ၏ တောက်ပသောအလင်းရောင်ကိုပါ ဖုံးကွယ်ထားခဲ့လေသည်။
ကျင်းမင်းဆက်၏ ဝူဧကရာဇ် ဖူရီသည် နန်းတက်ပွဲ ကျင်းပပြီးနောက် နန်းဆောင်သို့ ပြန်လာခဲ့သည်။ သူက မင်းဆက်၏ အင်အားကြီးမားသော အမတ်ဖြစ်သည့် နင်မြို့စား၏ အကြီးဆုံးသမီးတော်အား သူ့အိပ်ရာဘေးတွင် ခစားရန် ဆင့်ခေါ်ခဲ့သည်။
အဖိုးတန်သော နန်းတော်ခုတင်ထက်တွင် ဝိုင်တစ်ခွက်ကို ကိုင်လျက်၊ လှပသော မိန်းမပျိုတစ်ဦးကို ပွေ့ဖက်ကာ ဖူရီက သီချင်းတစ်ပုဒ်ကို တီးမှုတ်နေသည်။ သူ(မ)၏ တောက်ပသော မျက်လုံးများကို ကြည့်လိုက်သောအခါ ရုတ်တရက် လူတစ်ဦးကို သတိရသွား၏။
ထိုသူသည် လွန်ခဲ့သော လအနည်းငယ်က ရွှမ်သယ်ခန်းမအပြင်ဘက်တွင် အချိန်အတော်ကြာ ဒူးထောက်ခဲ့သည်။ နဖူးကို ကြမ်းပြင်နှင့် ရိုက်ကာ သွေးများပင် စိမ့်ထွက်လာသည်အထိ ခါးသီးစွာ တောင်းပန်နေခဲ့သည်။
သူ့မျိုးရိုးက မု ဖြစ်ပြီး၊ နာမည်မှာ လီကျူး၊ သူ့ကို နောက်တစ်မျိုးခေါ်သောအမည်က ကျစ်မင် ဖြစ်သည်။
နှစ်ယောက်ထဲရှိချိန်တွင် သူက ဖူရီကို "ရီကောကာ" ဟု ခေါ်လေ့ရှိသည်။
ဖူရီ သူ့အကြောင်းကို တွေးတောနေချိန်၌ မိုင်ထောင်ပေါင်းများစွာ အဝေးတွင် မုကျစ်မင်သည် နှင်းထဲတွင် ဒူးထောက်လျက် သူ၏မိခင် ကုန်းစစ်၏ အကြွင်းအကျန်များကို စုဆောင်းရန် ကြိုးစားနေသည်။ သူ့လက်ချောင်းများက အလွန်နီရဲပြီး တောင့်တင်းနေသဖြင့် ကွေးပင်မကွေးနိုင်တော့ပေ။ သူ့လက်ကောက်ဝတ်များမှာ သံချေးတက်နေသော သံခြေကျင်းဖြင့် ပွတ်တိုက်ခံရ၍ သွေးများ စိမ့်ထွက်ကာ အရိုးဖြူများပင် အနည်းငယ် မြင်နေရသည်။ သူသည် ထင်းတစ်စကဲ့သို့ ပိန်လှီနေပြီး အေးခဲနေသော မြေမှုန်တစ်စက်ကိုပင် မကိုင်နိုင်တော့ချေ။
မုကျစ်မင်၏မိခင် ကုန်းသခင်မသည် အအေးကိုကြောက်ပြီး အသက်ရှင်စဉ်က ရွှေချည်ထိုးထားသော ပိုးနှင့် ရိုးရိုးပိတ်စများဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများကိုသာ ဝတ်ဆင်လိုကြောင်း သူ မှတ်မိပါသေးသည်။ သူ(မ)သည် ဥယျာဉ်ထဲရှိ နွေဦးရာသီ၏ ရှုခင်းများကို ခံစားလေ့ရှိပြီး ပန်းများကို ခူးဆွတ်လေ့ရှိသည်။
သို့သော် ယခုအခါ သူ(မ)သည် စုတ်ပြတ်နေသော ကြမ်းတမ်းသည့် လျှော်ပင်အဝတ်အစားများကို ဝတ်ဆင်ထားရ၏။ နယ်နှင်ဒဏ်ခံရသည့်လမ်းတွင် သေဆုံးခဲ့သောကြောင့် စုတ်ပြတ်နေပြီး ညစ်ပတ်သော ကောက်ရိုးဖျာဖြင့် ရစ်ပတ်ထားခြင်းခံခဲ့ရသည်။
လေနှင့် နှင်းတို့ကား ပြင်းထန်လှချေသည်။ တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော သင်္ချိုင်းရှေ့တွင် မုကျစ်မင် ခေါင်းကိုမော့လိုက်သည်။ သူ၏ တစ်ချိန်က ကြည်လင်ပြီး အတုမဲ့သော ရုပ်ရည်သည် ယခုအခါ ညှိုးနွမ်းနေလေပြီ။ သူ၏ လျင်မြန်ပြီး ဉာဏ်ရည်ထက်မြက်သော စိတ်နေသဘောထားသည်လည်း သေမီး၏ ပြာမှုန်များကဲ့သို့ မွဲခြောက်သွားခဲ့သည်။
သူ့ကို အစောင့်လိုက်ပါလာသော အရာရှိသည် ဘေးတွင် ရပ်နေပြီး စိတ်မရှည်ဖြစ်လာသောအခါ မုကျစ်မင်ကို တိုက်တွန်းပြောဆိုလာသည်။
"သူ(မ)က သေပြီး မြေအောက်မှာတောင် မြှုပ်နှံပြီးပြီလေ။ ဒီမှာ အရမ်းအေးပြီး ငါတို့လည်း တုန်နေပြီ။ ငါတို့ တည်းခိုတဲ့ ဘုရားကျောင်းပျက်ကို အမြန်ပြန်ကြရအောင်... အနည်းဆုံးတော့ လေဒဏ်ကနေ ကာကွယ်ပေးနိုင်လိမ့်မယ်။"
မုကျစ်မင်က လှည့်ကြည့်ကာ သူ့ရှေ့မှ အရာရှိနှစ်ဦးကို ဦးညွတ်လိုက်သည်။
"အရာရှိတို့ အေးနေရင် ရှေးဟောင်းဘုရားကျောင်းကို သွားပြီး အနားယူလိုက်ပါ။ ကျွန်တော် ကျွန်တော့်အမေကို နောက်ထပ် စကားနည်းနည်းလောက် ပြောချင်သေးလို့... ဒီဘဝမှာ နောက်ထပ် ဂါရဝပြုခွင့်ရဦးမလားဆိုတာ မသေချာပေမဲ့လည်း သားကောင်းပီပီသသ အကောင်းဆုံး လုပ်ပေးချင်လို့ပါ။"
အရာရှိနှစ်ဦးသည် တစ်ချိန်က မြို့တော်တစ်ခွင်၌ နာမည်ကျော်ကြားခဲ့သော ယန်မြို့စား၏ သားတော် ဖြစ်ခဲ့သော်ငြား ယခုအခါ သူတို့ကို အောက်ကျို့ပြီး နှိမ့်ချပြောဆိုနေသော မုကျစ်မင်ကို ကြည့်နေကြသည်။
အရာရှိတစ်ဦးမှာ အလွန်ဒေါသထွက်သွား၏။ သူ့ခါးတွင်ချိတ်ထားသော ဓားကို ဆွဲထုတ်ကာ မုကျစ်မင်၏ပခုံးကို ဓားအိမ်ဖြင့် ရိုက်လိုက်သောကြောင့် မုကျစ်မင်မှာ မြေပေါ်လဲကျသွားရသည်။
"မင်း ဘာတွေပြောနေတာလဲ။ ထွက်ပြေးဖို့ ကြိုးစားနေတာလား။ ငါပြောမယ်နော်၊ ဘာမှ ထူးဆန်းတာတွေ လုပ်ဖို့ မကြိုးစားနဲ့။"
မုကျစ်မင်သည် အေးစိမ့်သောနှင်းထဲသို့ လဲကျသွား၏။ အလွန်အားနည်းနေသောကြောင့် ချောင်းဆိုးပြီး အချိန်အတော်ကြာ အသက်ရှူမဝဖြစ်ကာ တုန်ရီနေခဲ့သည်။ အရာရှိကို မျက်နှာချင်းဆိုင်ပြီးနောက် သူသည် တစ်ဖန်ထပ်ပြီး မြေပေါ်တွင် ဒူးထောက်ချလိုက်သည်။
"အရာရှိကြီး၊ ကျွန်တော်က သံခြေကျင်းအလေးကြီးတွေ ဝတ်ထားပြီး ခြေလှမ်းဆယ်လှမ်းတောင် မလျှောက်နိုင်ပါဘူး။ ဘယ်ကို ပြေးလို့ရမှာလဲ။ အဲ့ဒါအပြင် ကျွန်တော့်လက်မောင်းမှာ တော်ဝင်တရားရုံးရဲ့ တံဆိပ်တုံးနဲ့ ရာဇဝတ်သားလို့ မှတ်သားထားတယ်လေ။ ဘယ်သူက ကျွန်တော့်ကို လက်ခံမှာလဲ။ မြောက်ပိုင်းနယ်စပ်က နှင်းဖြူတွေ ဖုံးလွှမ်းနေတဲ့ လူသူကင်းမဲ့တဲ့ဒေသဆို မပြောနဲ့တော့..ကျွန်တော်သာထွက်ပြေးရင် အအေးဒဏ်နဲ့ ငတ်ပြီး သေရုံပဲရှိမှာ။"
အရာရှိသည် စိတ်မရှည်တော့ကာ
"ဟမ့်.. မင်း ပြောလို့ပြီးပြီလား..."
"ကဲပါ။"
ကျန်အရာရှိ၏ မျက်နှာသည်လည်း စိတ်မရှည်သည့်ပုံပေါ်နေသည်။
"မိဘတွေ ဆုံးတဲ့ကိစ္စက ကိစ္စကြီးပဲလေ၊ သူ့ကို နောက်ဆုံးစကား အနည်းငယ်တော့ ပြောခွင့်ပေးသင့်ပါတယ်။ ဒါ့အပြင် သူပြောတာလည်း မှန်တယ်၊ ကောင်းကင်မှာ နှင်းတွေ အသည်းအသန် ကျနေတဲ့အချိန်မှာ သူက ဘယ်ကို ထွက်ပြေးနိုင်မှာမို့လို့လဲ။ ငါတို့ ဘုရားကျောင်းကို ပြန်ပြီး စောင့်ကြရအောင်။ ခဏကြာတဲ့အထိ သူ ပြန်မလာရင် ငါတို့ လာကြည့်ကြမယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ ထွက်ပြေးနိုင်မယ်လို့တော့ မထင်ဘူး။"
"ဟမ့်"
ဒေါသတကြီးဖြစ်နေသော အရာရှိက ကဲ့ရဲ့ရှုံ့ချပြီး ကျိန်ဆဲလိုက်သည်။
"ဘယ်လိုတောင် အနှောင့်အယှက်ကောင်လဲ။ ဒါ ဘယ်လိုအလုပ်မျိုးလဲဟ။" ဟုဆိုကာ ဒေါသတကြီး ထွက်သွားလေသည်။
ပိုကြင်နာသော အရာရှိသည် မုကျစ်မင်ကို သနားသော မျက်လုံးများဖြင့် ကြည့်ကာ လှည့်၍ ထွက်သွားလေသည်။ ရုတ်တရက် သူသည် မုကျစ်မင်က သူ့အား ဂါရဝပြုနေသည်ကို ကြားလိုက်ရပြီး အလွန်တိုးညင်းသော အသံဖြင့်
"ကျေးဇူးတင်ပါတယ်၊ အရာရှိ။"
အရာရှိက လက်ကို ဝှေ့ယမ်းလိုက်ကာ လေနှင့်နှင်းအား မျက်နှာမူပြီး ထွက်သွားလေသည်။
မကြာမီ ကောင်းကင်နှင့်မြေကြီးအကြားတွင် မုကျစ်မင်သည် တစ်ခုတည်းသော အုတ်ဂူဘေး၌ ရပ်နေချေသည်။ ခဏမျှ အသက်ရှူမှန်အောင် ကြိုးစားပြီးနောက် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ မှိုင်းဝါးသော မျက်လုံးများဖြင့် ညကောင်းကင်ကို စိုက်ကြည့်နေမိပြီး သံခြေကျင်းဒဏ်ရာများဖြင့် နာကျင်နေသော အေးခဲနေသည့် သူ့လက်များကို လေပူမှုတ်ထုတ်ကာ အလွန်နှေးကွေးစွာ ခေါင်းငုံ့လိုက်သည်။
သို့သော် သူ့လက်များက အအေးဒဏ်ကြောင့် တောင့်တင်းနေဆဲပင်။ ခဏမျှ စဉ်းစားပြီးနောက် မုကျစ်မင်သည် အေးခဲနေသော သူ၏လက်ချောင်းများကို ပါးစပ်ထဲထည့်ကာ နွေးထွေးစေလိုက်သည်။
သိပ်မကြာမီ အေးစက်နေသော လက်ချောင်းများသည် နှင်းကိုက်ခြင်း၏ ထုံကျင်ပြီး ကျဉ်တက်သည့် ခံစားချက်ကို စတင်ခံစားလာရ၏။ ခဏအကြာတွင် ၎င်းတို့က တကယ်ပင် လှုပ်ရှားလာနိုင်ကြသည်။ ထို့နောက် မုကျစ်မင် သူ့လက်အား မြှောက်ကာ နားနောက်ရှိ ဆံပင်ကြားတွင် ဝှက်ထားသော သွယ်လျသည့် သံဝါယာကြိုးကို ဖယ်ရှားပြီး သံခြေကျင်း၏သော့ခလောက်ထဲသို့ ထည့်ကာ အကြိမ်အနည်းငယ် လှည့်လိုက်သည်။
သူကား မြင့်မြတ်သော မိသားစု၌ မွေးဖွားခဲ့သော်လည်း ငယ်စဉ်ကတည်းက စက်မှုပညာကို နှစ်သက်ခဲ့သောကြောင့် သံခြေကျင်းများသည် သူ့အတွက် မကိုင်တွယ်နိုင်စရာ မဟုတ်ချေ။
ခဏအကြာတွင် သံခြေကျင်းများ မြေပေါ်သို့ လဲကျသွားသောအခါ မုကျစ်မင်၏ ခန္ဓာကိုယ်မှာ အတော်အတန် သက်သာသွားသည်။
သို့သော် ထိုအချိန်၌ အေးစိမ့်သောနှင်းများက သူ၏ ပါးလွှာပြီး စုတ်ပြတ်နေသော အဝတ်အစားများကို ရွှဲနစ်စေခဲ့ပြီးဖြစ်သည်။ အေးသောလေ တိုက်ခတ်သွားသည့်အခါ မုကျစ်မင် မထိန်းနိုင်ဘဲ တုန်ယင်သွားရသည်။
ပခုံးပေါ်မှ နှင်းများအား ခါထုတ်ပြီးနောက် သူ ကုန်းသခင်မ၏ ခြောက်ကပ်နေသော အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်သည်။ သုံးကြိမ်တိုင်တိုင် လေးလေးနက်နက် ဂါရဝပြုပြီးနောက် ထရပ်ကာ ခြေလှမ်းဆယ်လှမ်းမျှ ယိုင်တိယိုင်တိုင် လျှောက်သွားပြီး အုတ်ဂူကို ကျောခိုင်းလိုက်သည်။ ထို့နောက် သူ၏ ထူထဲသော ဖိနပ်အောက်ခြေမှ ပိုးတောင်မာတောင်ပံကဲ့သို့ ပါးလွှာသော ဓားသွားတစ်ခုကို ထုတ်ယူလိုက်သည်။
မုကျစ်မင်တစ်ယောက် သွေးများဖြင့် ရွှဲနစ်နေသော သူ့ညာဘက်လက်ကောက်ဝတ်တွင် ဓားသွားကို တေ့လိုက်သည်။ ထိုခဏတွင် အိပ်မက်မက်နေသည့်နှယ် ဖူရီ သူ့ကို နောက်ဆုံးပြောခဲ့သော စကားများအား သူ့နားထဲတွင် ပြန်လည်ကြားယောင်လာသည်...
"ခြောက်လအတွင်း မင်းကို လာခေါ်မယ်။"
ထို့နောက်တွင် မုကျစ်မင်သည် ဘယ်ဘက်လက်ကို တင်းတင်းကျပ်ကျပ် ဖိချကာ သူ၏ ညာဘက်လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဖြတ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူကား အလွန်အားနည်းနေသောကြောင့် ကျန်ရှိသော ခွန်အားအားလုံးကို အသုံးပြုခဲ့သော်လည်း အနည်းငယ်သာ ပြတ်ရှသွား၏။
ထို့ကြောင့် မုကျစ်မင် ဓားကို ပြန်ကိုင်ကာ ထပ်မံခုတ်လိုက်သော်လည်း သွေးမမြင်ရချေ။ ထပ်မံဖြတ်ပြီးနောက် သူ၏အရေပြားမှ သွေးအနည်းငယ် စိမ့်ထွက်လာသည်ကို မြင်နိုင်သောကြောင့် သူသည် အသားကို ဓားနှင့် ဆက်လက်လှီးဖြတ်နေခဲ့သည်။
သွေးနီရဲရဲများသည် နှင်းပေါ်သို့ တစက်စက်ကျကာ တိတ်ဆိတ်စွာ ဖုံးလွှမ်းသွားသည်။ ထို့နောက် မုကျစ်မင်လည်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
နှင်းထဲတွင် ခွေခေါက်နေစဉ် လေအေးများ တိုက်ခတ်သွားသောအခါ သူ အိပ်ချင်ပြီး ပင်ပန်းနွမ်းနယ်သလို ခံစားလာရသည်။ နောက်ဆုံး၌ မျက်လုံးများကို မှိတ်လိုက်သည့်အခါ ဤဘဝတွင် နောက်ထပ် ဘယ်တော့မှ နိုးထမလာတော့ပေ။
အိပ်မက်တစ်ဝက် နိုးတစ်ဝက်၌ မုကျစ်မင် သူ့ကိုယ်သူ လုံးဝန်းသော ကျောက်တံတားတစ်ခုရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်ကား မှောင်မိုက်နေ၏။ တံတားအောက်ရှိ မြစ်သည် သွေးကဲ့သို့ နီရဲနေပြီး မြွေများနှင့် အင်းဆက်ပိုးများ ပြည့်နှက်နေသည်။ အနံ့သည်ပင် ငါးညှီနံ့နှင့် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ကုန်းကျစ်"
ရုတ်တရက် တစ်စုံတစ်ယောက်က မုကျစ်မင်ကို ခေါ်လိုက်သည်။
မုကျစ်မင် အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ကြင်နာသောမျက်နှာရှိသည့် အဘွားအိုတစ်ဦးက သူ့ကို လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။ မုကျစ်မင် သူ(မ)ဆီသို့ လျှောက်သွားပြီး သူ ဘယ်ရောက်နေသည်ကို မေးရန် ပြင်လိုက်စဉ် အဘွားအိုက ပြောလာသည်။
"ကုန်းကျစ်၊ တစ်ယောက်ယောက်က တံတားပေါ်မှာ မင်းကို စောင့်နေတယ်။ သွားပြီး သူ့ကို တွေ့လိုက်ပါ။"
"ကျွန်တော့်ကို စောင့်နေတယ်?"
မုကျစ်မင် အံ့အားသင့်သွားသည်။
"ဟုတ်တယ်၊ မြန်မြန်သွားလိုက်။"
အဘွားအိုက သူ့ကို ကြင်နာစွာ ပြုံးပြပြီး မုကျစ်မင်အား လမ်းညွှန်ပြလာသည်။
မုကျစ်မင်မှာ စိတ်ရှုပ်ထွေးနေသော်လည်း အဘွားအိုကို ကျေးဇူးတင်ကာ သူ(မ)ညွှန်ပြသည့်ဘက်သို့ လျှောက်သွားလိုက်သည်။ ကျောက်တံတားပေါ်သို့ ခြေလှမ်းအနည်းငယ် လှမ်းတက်ပြီးနောက် တစ်စုံတစ်ဦးသည် သူ့အား ကျောခိုင်းကာ တံတားဘေး၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
မုကျစ်မင် ထိုသူကို သေချာစွာ ကြည့်ရှုလိုက်သည်။ သို့သော် အချိန်အတော်ကြာသည်အထိ မည်သူဖြစ်သည်ကို မမှတ်မိနိုင်သောကြောင့် သူ အလျင်အမြန် ရှေ့သို့တိုးကာ ခန့်မှန်းပြီး အော်ဟစ်လိုက်သည်။
"အဖေ? အမေ?"
"အားယင်? ချိုင်ဝေ့?"
"သူတို့ မဟုတ်ဘူး... ကျင်းအန်းလား?"
မုကျစ်မင် ထိုသူဆီသို့ လျှောက်သွားရင်း အော်ဟစ်နေသော်လည်း ထိုသူက သူ့ဘက် လှည့်မလာချေ။ မုကျစ်မင် ပိုမိုနီးကပ်လာမှသာ ထိုသူက လှည့်လာခဲ့သည်။
သူတို့၏မျက်လုံးများ အကြည့်ချင်းဆုံသွားသောအခါ မုကျစ်မင် ထိုနေရာတွင်သာ တောင့်တင်းသွားတော့သည်။
'ဘယ်လိုလုပ် သူ ဖြစ်နိုင်မှာလဲ။'
***
Aurora Novel Translation Team
Translator's Note:
(၁) နိုင့်ဟယ်တံတားဆိုတာ တာအိုဘာသာနဲ့ တရုတ်ရိုးရာယုံကြည်ချက်တွေမှာ မရဏကမ္ဘာရဲ့ ဝင်ပေါက်ဖြစ်ပေမဲ့လည်း အဲ့ဒါက လူဝင်စားပြီး သက်ရှိလောကကို ပြန်လည်ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ယာမ(ငရဲဘုရင်) ဘုရားကျောင်းဆယ်ကျောင်းကို ဖြတ်သန်းပြီးနောက် သူတို့ဖြတ်သန်းရမဲ့နေရာဆိုလည်း မမှားပါဘူး။ နိုင့်ဟယ်တံတားပေါ်မှာ မန့်ပိုလို့ လူသိများတဲ့ သက်ကြီးရွယ်အို နတ်သမီးတစ်ပါးက သူတို့အတိတ်ဘဝအမှတ်တရတွေကို မမေ့နိုင်စေဖို့အတွက် တစ္ဆေတစ်ဦးစီကို မန့်ပိုဟင်းရည်ပေးပြီး နောက်ဘဝမှာ လူပြန်ဝင်စားခိုင်းပါတယ်။ 'နိုင့်ဟယ်' (မေ့လျော့ခြင်းမြစ်ဟုလည်းခေါ်သည်) ငရဲမှာ မြစ်တစ်စင်းရှိတာမို့ ဒီတံတားကိုလည်း အခုလိုမျိုး နာမည်ပေးထားတာလို့ ဆိုကြပါတယ်။
(၂) လက်ရှိ ဟေလုံကျားပြည်နယ် အရှေ့ခြမ်းနဲ့ ရုရှားအရှေ့ဖျား သမ္မတနိုင်ငံ တောင်ပိုင်းမှာ တည်ရှိတဲ့ ချင်မင်းဆက်က ရှေးဟောင်းနေရာတစ်ခုရဲ့ အမည်ပါ။ ရာဇ၀တ်သားတွေသာ အဲ့ဒီနေရာကို အပို့ခံရတယ်ဆိုရင် ထောင်ထဲမှာ သေတာ ဒါမဟုတ် သတ်သေတာထက် ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ နေရာအဖြစ် လူသိများပါတယ်။ 寧古塔 ဆိုတဲ့နာမည်က မန်ချူးစကားလုံး تسهفر (နင်းကူထာ) ကနေ ဆင်းသက်လာပြီး 'ခြောက်တိုင်း'လို့ အဓိပ္ပါယ်ရပါတယ်။