အခန်း (၁၁) - ကြင်နာခြင်းက ကောင်းချီးတစ်ခုဖြစ်ကြောင်း မှတ်သားထားပါ
"အိုးဟိုး၊ ဖြည်းဖြည်းသောက်ပါဦး။ လက်ဖက်ရည်လေး တစ်ခွက်တည်းဟာကို၊ ဘယ်သူက လုသောက်မှာကို စိုးရိမ်နေတာလဲ။"
မုကျစ်မင် ချောင်းဆိုးပြီး မျက်နှာကို လက်နှင့်အုပ်ဖို့ ကြိုးစားနေသည်ကို မြင်သောအခါ တော်ဝင်ကွေ့ဖေးက ရယ်မောလိုက်ကာ လက်ကိုင်ပုဝါအား ကမ်းပေးပြီး သူ့ကျောကို ပုတ်ပေးလိုက်သည်။
သက်သာသွားသည့်အခါမှ မုကျစ်မင် သက်ပြင်းချပြီး ပြောလိုက်သည်။
"အဲ့ဒီအနီရောင်ကျောက်စိမ်းပြားက စစ်သူကြီးကူ... စစ်သူကြီးကူရဲ့ သားရဲ့ မိခင်ပိုင်တဲ့ အမွေပစ္စည်းလား။"
"ဟုတ်တယ်လေ။"
တော်ဝင်ကွေ့ဖေက ခေါင်းကို ယုံကြည်မှုအပြည့်နှင့် ညိတ်ပြလိုက်သည်။
မုကျစ်မင်သည် နဖူးအား လက်နှင့်အုပ်ထားရင်း မျက်နှာကို ကာထားလိုက်ပြီး အပြစ်ရှိသလိုလို၊ နားမလည်သလိုလို ခံစားနေရသည်။
ထိုအပြစ်ရှိသော ခံစားချက်၏ အကြောင်းရင်းကတော့ သူ့အရင်ဘဝတုန်းက အဲ့လိုအဓိပ္ပာယ်ရှိသည့်အရာကို မသိဘဲ ဖူရီကို ပေးခဲ့မိလို့ပင်။
မုကျစ်မင် နားမလည်တာကတော့ သူ့အရင်ဘဝတုန်းက ကူဟယ့်ရန်သည် ဤအကြောင်းအား ဘာတစ်ခွန်းမှ သူ့ကို မပြောခဲ့တာကြောင့်ဖြစ်သည်။
ယခင်ဘဝက ကူဟယ့်ရန်သည် အနီရောင်ကျောက်စိမ်းပြားကို ပျောက်ဆုံးခဲ့သည်။ မုကျစ်မင်က ကူဟယ့်ရန် ရေကန်ထဲသို့ ပြုတ်ကျသွားသည်ဟု ထင်မှတ်ခဲ့သောကြောင့် ထိုအကြောင်းကို မပြောခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွေးထင်မိသည်။
သို့သော် ယခုဘဝ၌ မုကျစ်မင်ကို ကယ်တင်ပြီးနောက် ကူဟယ့်ရန်က ထိုအနီရောင်ကျောက်စိမ်းပြားကို ဆက်လက်သိမ်းထားနိုင်ကြောင်း ပြောခဲ့သည်။
ထိုအခါ မုကျစ်မင်က တွေးမိလိုက်သည်။
'ကူဟယ့်ရန်က အဲ့ကျောက်စိမ်းပြားကို သူ့အမေရဲ့ အမွေဖြစ်မှန်း မသိသေးလို့နဲ့ တူတယ်။ မဟုတ်ရင် ဒီလိုမျိုး အလွယ်တကူ ပေးမှာမဟုတ်ဘူး။'
'အဲ့အပြင် ကူဟယ့်ရန်က အရင်ဘဝတုန်းက သူ့ကို ကယ်တင်ခဲ့တဲ့ အကြောင်းကို တစ်ခါမှ မပြောခဲ့ဘူး!!!'
'ကူဟယ့်ရန်က ကြင်နာတဲ့စိတ်ကြောင့် သူ့ကို ကယ်တင်ခဲ့တာ။ ကျေးဇူးတရားကို မျှော်လင့်တာက မှားတော့မမှားပါဘူး!'
မုကျစ်မင်ကား သက်ပြင်းချလိုက်သည်။
"သူက အရမ်း တိတ်ဆိတ်လွန်းတယ်။"
"ဘယ်သူက တိတ်ဆိတ်လွန်းတာလဲ။"
မုကျစ်မင် တစ်ယောက်တည်း ရေရွတ်နေသည်ကို မြင်သော တော်ဝင်ကွေ့ဖေးက မေးမြန်းလာသည်။
"ဘယ်သူမှ မဟုတ်ပါဘူး။"
မုကျစ်မင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် မိန်းမစိုးတစ်ဦး ရောက်ရှိလာကာ
"တော်ဝင်ကွေ့ဖေးမယ်မယ်၊ ထွက်ခွာဖို့ အချိန်ကျပါပြီ။"
___
ညဉ့်ဦးယံ၌ တော်ဝင်အစောင့်တပ်သား ထောင်ပေါင်းများစွာ ခြံရံလျက် မြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
မုကျစ်မင်မှာ ရေထဲသို့ ပြုတ်ကျခဲ့သော အကြောင်းကို ယန်အိမ်တော်သို့ သတင်းမပို့ခဲ့ပေ။ သို့သော် ကုန်းသခင်မကား အမြဲ ဂရုတစိုက်ရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် မုကျစ်မင် တစ်စုံတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိခဲ့သည်။ ကုန်းသခင်မက ဘာဖြစ်ခဲ့ကြောင်း မေးမြန်းသော်လည်း မုကျစ်မင်က မိခင် စိတ်ပူမည်စိုးသောကြောင့် ပင်ပန်းနွမ်းနယ်နေကြောင်းသာ ပြောခဲ့သည်။ ကုန်းသခင်မမှာ အကြောင်းရင်းကို မသိရှိသောကြောင့် မုကျစ်မင်အား အနားယူစေခဲ့သည်။
မိဘများကို နှုတ်ဆက်ပြီးနောက် မုကျစ်မင်သည် သူ၏ အဆောင်ခန်းသို့ ပြန်သွားသည်။ ချိုင့်ဝေက မုကျစ်မင်၏ ဘရိုကိတ်ဝတ်စုံကို ချွတ်ပေးနေတုန်းမှာပင် ဝမ်ဟယ့်ယင်သည် လေပြင်းမုန်တိုင်းတစ်ခုလို တံခါးမှ တစ်ဟုန်ထိုး ဝင်လာကာ
"သခင်လေး! ပြန်ရောက်လာပြီပဲ! အစောပိုင်းက အိမ်တော်ကို ဝက်ဝံကြီးတစ်ကောင် ပို့ပေးလိုက်တယ်! အဲ့ဒီအစွယ်တွေ၊ ကြမ်းတမ်းတဲ့အသွင်အပြင်တွေက! ဝိုး၊ ဝိုး၊ ဝိုး!"
"သခင်လေးရဲ့အခန်းထဲကို မဝင်ခင် တံခါးခေါက်ဖို့ ဘယ်နှခါ ပြောရမလဲ! ဒေါက်! ဒေါက်! ဒေါက်! ဆိုပြီး တံခါးခေါက်!"
ချိုင့်ဝေက လက်ချောင်းလေးများကို ကွေးပြီး ဝမ်ဟယ့်ယင်၏ခေါင်းကို ခေါက်လိုက်တာကြောင့် ဝမ်ဟယ့်ယင်မှာ အော်လိုက်မိသည်။
"ဝူးဝူးဝူး!"
မုကျစ်မင်သည် ထိုနှစ်ယောက်ကို ကြည့်ကာ ရယ်လိုက်သည့်အခါ စိတ်ထဲ၌ရှိသော ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
နောက်တစ်နေ့တွင် မုပေါ်ရန်အား ကူမိသားစုသို့ကျေးဇူးပြန်ဆပ်ရမည့် အကြောင်းကို မုကျစ်မင် ပြောပြခဲ့သည်။ မမျှော်လင့်ဘဲ မုပေါ်ရန်က ကူမိသားစု၏အိမ်တော်သို့ လက်ဆောင်ပို့ခြင်းဖြင့်သာ ကျေးဇူးပြန်ဆပ်ရန်ဆုံးဖြတ်ခဲ့ပြီး သွားရောက်လည်ပတ်ရန် ငြင်းဆန်ခဲ့သည်။
မုပေါ်ရန်သည် အလွန်အမင်း မာနကြီးသော်လည်း သူ့သားကို ကယ်တင်ခဲ့သည့်အတွက် ကူဟယ့်ရန်အား ကြင်နာစွာ ဆက်ဆံခဲ့သည်။ မုကျစ်မင်သည် သူ့ဖခင်က ဤကဲ့သို့ စိတ်မပါသောသူ မဟုတ်ကြောင်းသိသောကြောင့် မုပေါ်ရန်အား အကြောင်းရင်းကို မေးမြန်းခဲ့သည်။
မမျှော်လင့်ဘဲ မုပေါ်ရန်သည် အံ့အားသင့်သွားကာ
"ဟမ်! မင်း တောင်ကျချောင်းထဲက ရေအိုင်ထဲ ကျသွားခဲ့တာလား။"
ထိုအခါမှသာ မုကျစ်မင်သည် ကူဟယ့်ရန်က ထိုနေ့၌ သူ့ကို တော်ဝင်သမားတော်ထံအပ်နှံပြီးနောက် မုကျစ်မင် အဆင်ပြေကြောင်းကြားပြီးနောက် တိတ်တဆိတ်ထွက်သွားခဲ့သည်ကို သိလိုက်ရသည်။ ကူဟယ့်ရန်သည် မုကျစ်မင်၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက်ပင် ဂုဏ်ယူဝင့်ကြွားခြင်းမပြုဘဲ ဆုလာဘ်တောင်းခြင်းလည်းမရှိဘဲ ထွက်ခွာသွားခဲ့သည်။
တော်ဝင်ကွေ့ဖေးနှင့် မုပေါ်ရန်တို့က မုကျစ်မင်တစ်ယောက် ကစားနေစဉ် ရေတိမ်ပိုင်းချောင်းထဲသို့ လဲကျသွားသောကြောင့် အဝတ်အစားများ စိုရွှဲသွားသည်ဟုသာ ထင်ခဲ့ကြသည်။
မုပေါ်ရန်သည် ထိုကဲ့သို့ အရေးကြီးသော အဖြစ်အပျက်ကို စောစောမပြောပြသောကြောင့် မုကျစ်မင်ကို ဆုံးမပြီးနောက် လက်ဆောင်ကောင်းတစ်ခု ပြင်ဆင်ပြီး စာတစ်စောင်ရေးရန် သွားခဲ့သည်။
အကြောင်းမဲ့ အဆူခံလိုက်ရသော မုကျစ်မင်ကား တွေဝေစွာဖြင့် သူ့အခန်းသို့ ပြန်လျှောက်သွားရာ ချိုင်ဝေ့နှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။
"သခင်လေး ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။"
ချိုင်ဝေ့က စိုးရိမ်တကြီး မေးလာသည်။
မုကျစ်မင် သတိပြန်ဝင်လာပြီး မစဉ်းစားဘဲ ပြောလိုက်သည်။
"တောအုပ်ကြီးထဲမှာ ငှက်မျိုးစုံ (၁) ရှိတယ်။ ဒီကျယ်ပြောတဲ့ မြေပေါ်မှာ နားမကြားတဲ့လူမရှိဘူး၊ စကားမပြောတဲ့လူမရှိဘူး။ သူ့မှာပါးစပ်ကြီးရှိပေမဲ့ ဘာမှမပြောဘူး။ ကျဲရော ထူးဆန်းတယ်လို့ မထင်ဘူးလား။ သူ့မျက်လုံးထဲမှာ လူတစ်ယောက်ကို ကယ်တင်တာက ပြောဖို့ မထိုက်တန်တာလား။"
ချိုင်ဝေ့မှာ မုကျစ်မင် ဘာပြောနေသည်ကို နားမလည်သော်လည်း မုကျစ်မင်တစ်ယောက် စကားပြောပြီးနောက် ရယ်စပြုလာသည်ကိုသာ မြင်နိုင်သည်။
မုကျစ်မင်သည် ပါးစပ်ထောင့်စွန်းများကို မြှင့်တင်လိုက်ပြီး လက်ချောင်းများကို နှုတ်ခမ်းပေါ်တွင် ကွေးကာ မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။ ရုတ်တရက် ပျော်ရွှင်သွားသည့် လှည့်ဖြားတတ်သော မြေခွေးလေးတစ်ကောင်ကဲ့သို့ ပြုံးကာ တီးတိုးရေရွတ်လိုက်သည်။
"ဒီလောကကြီးမှာ ငြင်းမရလောက်အောင် ကောင်းတဲ့လူတစ်ယောက်ရှိတယ်၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အဲ့လူကို မြင်ခဲ့ရတယ်။"
___
နွေဦးရာသီ၌ မြို့တော်သည် လှပသော နွေဦးရှုခင်းကို ပြသနေသည့် မီးခိုးရောင်ရှိသော ဝါးရွက်မျာဖြင့် ပြည့်နှက်နေသည်။
စစ်သူကြီးကူ၏ အိမ်တော်သည် တိတ်ဆိတ်ငြိမ်သက်ပြီး ရိုးရှင်းသည်။ အိမ်ဝိုင်းတစ်ခုကို ဝန်းရံထားသော အဆောင်ငါးခန်းခြောက်ခန်းသည် အုတ်နီနှင့် အုတ်ကြွပ်နီတို့နှင့် တည်ဆောက်ထားသည်။ အိမ်ဝိုင်းသည် ဗလာနတ္ထိဖြစ်ပြီး တောက်ပသောပန်းများ သို့မဟုတ် အပင်များ မရှိချေ။ အရှေ့ဘက်အဆောင်၏ထောင့်တွင်သာ စိမ်းလန်းသော ဝူထုန်ပင်များကို ဆက်တိုက်စိုက်ပျိုးထားပြီး တန်ဆောင်းကို ဖုံးအုပ်ထားသည်။
ကူဟယ့်ရန်ကား တောက်ပသော အဖြူရောင် ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ကာ သစ်ပင်အောက်တွင် ဓားရေးကျင့်နေသည်။ သူ၏ ကိုယ်ဟန်အနေအထားသည် လှည့်လည်သွားလာနေသော နဂါးတစ်ကောင်နှင့်တူပြီး သူ့ဓားသည် လရောင်ထိုးသောအခါ နှင်းကဲ့သို့ အေးစက်နေသည်။ ဓားထိပ်ဖြင့် ကြွေကျနေသော အရွက်တစ်ဝက်ကို ကောက်ယူပြီးနောက် ကူဟယ့်ရန်က လှပသော ဓားချက်နှစ်ချက်ကို ဆွဲထုတ်လိုက်သည်။ အချိန်ကိုက်စွာဖြင့် ကျန်နေသော အရွက်သည် လေမရှိသကဲ့သို့ သူ့ဓားထိပ်ပေါ်သို့ ချောမွေ့စွာ ကျရောက်သွားသည်။
"သခင်လေး ယွီယိ။"
ကူဟယ့်ရန် ဓားကို သိမ်းဆည်းလိုက်သည်နှင့်တစ်ပြိုင်နက် ဖော်ရွေဖွယ်ကောင်းသော မျက်နှာနှင့် အမျိုးသမီးတစ်ဦးက သူ့ဆီသို့ လျှောက်လာရင်း သူ့နာမည်ကို ခေါ်လိုက်သည်။ သူ(မ)မှာ ကူဟယ့်ရန်၏ နို့ထိန်းဖြစ်သူ ဒေါ်လေးလျန်ဖြစ်သည်။
"သခင်ကြီးက သခင်လေးကို ဘေးခန်းမကို လာဖို့ ခေါ်ခိုင်းလိုက်ပါတယ်။"
ဒေါ်လေးလျန်က သူ့အနားရောက်သည်နှင့် ပြောလိုက်သည်။
ကူဟယ့်ရန်က ခေါင်းညိတ်လိုက်ကာ ထရပ်ပြီး ကူမြောင်ကိုတွေ့ရန် ဘေးခန်းမသို့ အလျင်အမြန် သွားခဲ့သည်။ ထိုသို့ရောက်သော် ကူမြောင်က ရွှေရောင်နှင့် အနီရောင်တံဆိပ်ပါသော စာတစ်စောင်ကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။ ကူမြောင်၏ ကိုယ်ဟန်အနေအထားမှာ ရှေးဟောင်းမင်ခေတ်ပုံစံ ကုလားထိုင် (၂) ဘေး၌ မတ်တတ်ရပ်နေသော ထင်းရှူးပင်တစ်ပင်နှင့်တူသည်။
"အဖေ။"
ကူဟယ့်ရန်က ရှေ့သို့တိုးလာကာ လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပြုလိုက်သည်။
"အင်း၊ ရောက်လာပြီလား။"
ကူမြောင်သည် သူ့လက်ထဲရှိ စာကို ခေါက်သိမ်းလိုက်ပြီး
"မင်းက တောင်ကျချောင်းထဲက ရေအိုင်ထဲ ကျသွားတဲ့ ယန်မြို့စားရဲ့သားကို ကယ်တင်ခဲ့တယ်ဆိုတာ တကယ်လား။"
ကူဟယ့်ရန်သည် သူ့ဖခင်က ဤအကြောင်းကို သိလိမ့်မည်ဟု မထင်ထားပေ။ ခဏတာ အံ့အားသင့်သွားပြီးနောက် သူ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့။"
"တော်တယ်။"
ကူမြောင်က အံ့သြခြင်းမရှိဘဲ ကူဟယ့်ရန်ကို ညင်သာစွာ ချီးမွမ်းလိုက်သည်။
"စေတနာကောင်းနဲ့ လူတစ်ယောက်ကို ကယ်တင်တာက ဘုရားကျောင်း ရာနဲ့ချီပြီး တည်ဆောက်တာထက် ပိုကောင်းတယ်။ မင်းမှတ်ထားရမယ်၊ ပညာနဲ့ သနားကြင်နာမှုနဲ့သာဆိုရင် ငါတို့တွေ ဘဝမှာ နှစ်ပေါင်းတစ်ရာလောက် ပျော်ရွှင်နိုင်လိမ့်မယ်။"
"သား မှတ်သားထားပါ့မယ်။"
ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။
"ယန်မြို့စားရဲ့ လက်ဆောင်နဲ့ စာသာမရှိရင် ငါ ဒါကို သိမှာမဟုတ်ဘူး။"
ကူမြောင်က သူ့လက်ထဲရှိ စာကို ရိုးရှင်းသော သစ်သားလက်ဖက်ရည်စားပွဲပေါ်၌ တင်လိုက်ကာ ဆက်ပြောလာသည်။
"ယန်မြို့စားနဲ့ သူ့သားက ဒီနေ့ ငါ့ရဲ့ နိမ့်ကျတဲ့အိမ်တော်ကို ကိုယ်တိုင်ကျေးဇူးတင်ဖို့ လာလည်ကြလိမ့်မယ်...."
ကူဟယ့်ရန်ကား ရုတ်တရက် ခေါင်းထောင်လိုက်ကာ
"ဘယ်လို!!!"
သားဖြစ်သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ကူမြောင်မှာ ခဏလောက် အံ့အားသင့်သွားသည်။ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် သူက ပြောလိုက်၏။
"...ဒါပေမဲ့ ဧည့်သည်တွေကို မဧည့်ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ဧည့်ခံခြင်းကျင့်ဝတ်တွေကို ငါ မသိတော့ဘူး။ ရိုးရိုးအထင်မှားမှုကနေ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်လို့ ငါ သူတို့ကို ငြင်းပယ်လိုက်တော့မလို့ပဲ။"
ကူဟယ့်ရန်မှာ စိတ်ပျက်လက်ပျက် ခေါင်းငုံ့လိုက်သည်။
"...အိုး....."
ကူမြောင်: "...."
'ကောင်းကင်ဘုံရေ! ဒါဘာလဲဟ!!'
'ငါ့သားက ဘာလို့ ဒီလိုတုံ့ပြန်နေတာလဲ! အရမ်း.....'
'စိတ်ဝင်စားစရာပဲ!'
ကူမြောင်မှာ မေးစေ့ကို ညင်သာစွာ ပွတ်သပ်ကာ အချိန်အတော်ကြာ စဉ်းစားနေလိုက်သည်။ ထို့နောက် သူက နောက်ဆုံးတွင် ပြောလိုက်၏။
"ဒါပေမဲ့ နန်းတော်က တည်ငြိမ်နေတယ်လေ၊ တိုင်းပြည်ကလည်း သာယာဝပြောပြီး အတွင်းပိုင်းအာဏာလုပွဲလည်း မရှိဘူး။ ဖြစ်နိုင်တာက ငါ့ကိုယ်ပိုင်အတွေးအမြင်တွေက နည်းနည်း ဟောင်းပြီး ခေတ်နောက်ကျနေတဲ့ပုံပဲ။ ငါ့ရဲ့ မကောင်းတဲ့အကျင့်တွေနဲ့ ယုံကြည်ချက်တွေကို စွန့်ပယ်သင့်တယ်။ ယန်မြို့စားက ပညာရှိတစ်ယောက်ဖြစ်တယ်လို့ ငါကြားဖူးတာမို့ တချို့အရာတွေ ဆွေးနွေးဖို့ သူ့ကိုဖိတ်ခေါ်တာက ကောင်းချီးတစ်ခု ဖြစ်နိုင်တယ်။ ငါတို့ရဲ့အထူးဧည့်သည်တွေကို ဧည့်ခံဖို့ မြန်မြန်သွားပြီး ဒေါ်လေးလျန်ကို အိမ်တော်မှာ အကောင်းဆုံးဖြစ်တဲ့ လက်ဖက်ရည်နဲ့ သရေစာတွေကို ပြင်ထားခိုင်းလိုက်။"
"ဟုတ်ကဲ့!"
ကူဟယ့်ရန်သည် လက်ကိုယှက်၍ အရိုအသေပြုပြီးနောက် အလျင်အမြန်ပင် ဘေးခန်းမမှ ထွက်သွားလေသည်။
ကူမြောင်မှာ တရွေ့ရွေ့ပြေးထွက်သွားသော သားဖြစ်သူ၏ နောက်ကျောကို အလွန်အမင်း အံ့သြတကြီး ကြည့်နေမိသည်။
သူ့အနေနှင့် ဧည့်သည်များကို ဧည့်ခံရန် မကြိုက်သော်လည်း ကူမြောင်တစ်ယောက် ယန်မြို့စား၏သားက မည်သို့သောလူမျိုးဖြစ်သည်ကို သိချင်နေမိသည်!
***
Aurora Novel Translation Team
စာရေးသူရဲ့ ပြဇာတ်ငယ်လေး :
GM: ယန်မြို့စားနဲ့ သူ့သားက ငါတို့စီကို လာလည်ချင်တယ်တဲ့ (*´-`)
GHY: တကယ်လား!! (//oΔo//)♡!
GM: အာ ဒါပေမဲ့ ငါ မသိတော့ဘူး (눈_눈) ငါ သူတို့ကို ငြင်းလိုက်သင့်သလား...
GHY: အိုး (。˙︿˙。)
GM: ....(°口°)ငါ့သား?!
( ° ʖ °)
___
Translator's Note:
(၁) 林子大了什么鸟都有 lín zi dà le shén me nião dōu yǒu; လောကကြီးက ကြီးမားပြီး ဘယ်အရာမဆို ဖြစ်ပျက်နိုင်တယ် ဆိုတဲ့အချက်ကို ရည်ညွှန်းတာပါ။ ဒါကြောင့် ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ အရာတွေ ရှိနေပေမဲ့လည်း အံ့သြစရာမဟုတ်ပါဘူး။ ဘယ်သူကမှ မလုပ်ဘူးလို့ ထင်တဲ့အရာတွေ ရှိပေမဲ့လည်း နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က လုပ်ခဲ့တာကြောင့် အဲ့ဒါဖြစ်ပျက်ခဲ့တာကို အံ့သြသွားတာပါ။
(၂) ရှေးဟောင်းကုလားထိုင် ပုံစံမျိုးထဲက တစ်ခုခုပါ။