no

Font
Theme

အခန်း (၂၀) - မင်းက ထိခွင့်ပြုမှတော့ ကိုယ်လည်း ထိရတာပေါ့

ကူဟယ့်ရန် : "....မင်းကို....ထိလို့ရတယ်လား။"

မုကျစ်မင်က ရယ်လိုက်သည်။

''အင်း။ ဘာလို့လဲ။ ကျွန်တော်က အရမ်းအားနည်းပြီး ပျော့ညံံ့လို့ ထိလို့တောင်မရဘူးလို့ ထင်နေတာလား။''

''ကိုယ် အဲ့လိုမတွေးပါဘူး။''

''အဲ့လိုတွေးတယ်ဆိုရင်တော့ ဒေါသထွက်မိမှာ။''

မုကျစ်မင်က ဟာသနှောကာ အတည်အတံ့ပုံစံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

''အဲ့လိုဆို ဒီကိုးရိုးကားရားနိုင်တာကို ဖျောက်ပေးဖို့ ကူရှုန်းကိုပဲ နှောင့်ယှက်ရတော့မှာပဲ။ ကျွန်တာ်ကို အကြံလေး တစ်ခုနှစ်ခုလောက် ပေးပါဦး။''

ထိုသို့ပြော၍ မုကျစ်မင်က လေးကို တင်လိုက်ပြန်သည်။ တစ်ဖက်တွင်မူ ကူဟယ့်ရန်သည် ခေတ္တမျှတွန့်ဆုတ်နေမိသော်လည်း အဆုံးသတ်တွင် မုကျစ်မင်အနားသို့ ချည်းကပ်လာ၏။

တွန့်ဆုတ်နေရာမှ လက်ဆန့်ထုတ်ကာ မုကျစ်မင်၏ပခုံးကို အားဖြင့် ဖိထားလိုက်သည်။

''နည်းနည်းလေး အားစိုက်ဦး။''

မုကျစ်မင်သည် ပြောသည့်အတိုင်း အားထုတ်သုံးလိုက်သည်။ ကူဟယ့်ရန်က မုကျစ်မင်၏လက်မောင်းကို မြှောက်ပေးလိုက်ကာ အကြံပေးလိုက်သည်။

''ပခုံးရယ်၊ တံတောင်ဆစ်ရယ်၊ လက်မောင်းရယ်က မျဉ်းတစ်ဖြောင့်တည်း ဖြစ်နေရမယ်။''

မုကျစ်မင်၏ ခန္ဓာကိုယ်အနေအထားကို မှန်အောင် ပြန်ပြင်ပေးပြီးနောက်တွင် ကူဟယ့်ရန်က ချက်ချင်းပင် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

''ရှေ့တည့်တည့်ကို ကြည့်။ ပြီးရင် မြားကို လွှတ်လိုက်တော့။''

ကူဟယ့်ရန်ဘက်မှ မိမိနှင့်နီးကပ်ရန် တွန့်ဆုတ်နေသည်ကို မြင်ရသောကြောင့် မုကျစ်မင် အတော်လေး စိတ်မချမ်းသာဖြစ်သွားမိသည်။ သို့သော်လည်း မိမိသည် ဤနေရာသို့ မြားပစ်လေ့ကျင့်ရန် လာခြင်းဖြစ်သည်။ အဘယ့်ကြောင့် အသေးအမွှားကိစ္စကို စဉ်းစားနေရမည်နည်း။ ထိုသို့မလုပ်သင့်ပေ။

ထို့ကြောင့် မုကျစ်မင်သည်် အသက်ရှူသံကိုထိန်း၍ မြားကြိုးကို လွှတ်လိုက်သည်။ မြားက ပြေးထွက်သွားကာ လေထဲသို့ တန်းတန်းမတ်မတ်ပင် ရောက်သွားသည်။ သို့သော်လည်း မုကျစ်မင်က ချိန်ပစ်ခြင်းမဟုတ်သောကြောင့် ကောက်ရိုးပစ်မှတ်ကို မထိပေ။

မုကျစ်မင် အသက်ရှူထုတ်လိုက်ပြီး အနည်းငယ်မျှ ပြောစရာစကားပျောက်ဆုံးသွားသည်။ သို့သော်လည်း ကူဟယ့်ရန်က နှစ်သိမ့်ပေးသောစကားများကို ပြောလာသည်။

''မင်းရဲ့ခန္ဓာကိုယ်အနေအထားက မှန်တယ်။ များများလေ့ကျင့်ပေးဖို့ပဲလိုတာ။''

''ကောင်းပါပြီ။''

မုကျစ်မင်က ဝမ်းသာစွာ ပြုံးပြလိုက်ပြီး မြားကိုထပ်ဆွဲကာ လေ့ကျင့်လေသည်။

အမှန်တွင် မုကျစ်မင်သည် မြားပစ်ရာ၌ မတော်ပေ။ မည်မျှပင် ကြိုးစားသင်ယူသော်လည်း ကောက်ရိုးပစ်မှတ်ကို တစ်ခါမှ မမှန်ခဲ့။ မြားပစ်ကျင့်ရန်အတွက် စိတ်တည်ငြိမ်ရန်လည်း လိုသောကြောင့် မုကျစ်မင်ခမျာ ပို၍စိတ်ပျက်အားလျော့လာကာ ပင်ပန်းလာသည်။ ထို့ကြောင့် ကောင်းကောင်းမလေ့ကျင့်နိုင်တော့ပေ။

မျက်စိတစ်မှိတ်အတွင်းပင် နေသည် မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်သွားလေသည်။ ထိုအချိန်ထိ မုကျစ်မင်က ပစ်မှတ်ကို မထိသေးပေ။ မုကျစ်မင် ဒေါသတကြီးဖြင့် နောက်မြားတစ်ချောင်းကို ဆွဲထုတ်၍ ပစ်ရန် ပြင်လိုက်စဉ်တွင် ကူဟယ့်ရန်က ပြောလာ၏။

''နောက်ကျနေပြီ။ ကိုယ်တို့သွားသင့်ပြီ။''

သို့သော်လည်း မုကျစ်မင်က မြားကို ထပ်ထုတ်နေဆဲဖြစ်သည်။ လေးကြိုးကို လွှတ်လိုက်သော်အခါတွင်လည်း ပစ်မှတ်က လွဲနေဆဲဖြစ်၏။

ကူဟယ့်ရန်က သူ့ကို ကြည့်၍ ပြောလိုက်သည်။

''ဆက်ပြီးလေ့ကျင့်နေရင် တဖြည်းဖြည်းနဲ့ ပစ်မှတ်ကို ထိလိမ့်မယ်။''

မုကျစ်မင်တစ်ယောက် လေးနှင့်မြားကိုချကာ နာနေပြီဖြစ်သောပခုံးကို ပွတ်လိုက်မိသည်။ ရုတ်တရက်ဆိုသလို စိတ်ထဲသို့ ကိစ္စတစ်ခုက ဝင်လာသည်။ နှုတ်ခမ်းထက်၌လည်း အပြုံးတစ်ခု ပေါ်လာကာ ညင်သာစွာ ပြောလိုက်သည်။

''ဒီလောကကြီးမှာ ဘယ်လောက်ပဲကြိုးစားကြိုးစား အလုပ်မဖြစ်တဲ့အရာတွေ ရှိတယ်။''

မုကျစ်မင်သည် ယခင်ဘဝက သွေးနှင့်မျက်ရည်များကို ပေးဆပ်ထားရသဖြင့် ထိုအကြောင်းကို ကောင်းကောင်းနားလည်သည်။

လက်ရှိဘဝသည် တည်ငြိမ်၍ အေးချမ်းနေသော်လည်း မုကျစ်မင် ရံဖန်ရံခါ၌ အိပ်မက်ဆိုးများ မက်တတ်သည်။ သွေးထွက်သံယိုဖြင့် ဝမ်းနည်းဖွယ်အတိတ်ဘဝအကြောင်း အိပ်မက်ဆိုးများပင်။

မုမိသားစု အကောက်ကြံခံရပြီး အိမ်တော် ဖျက်ဆီးခံခဲ့ရသောအချိန်တွင် မုကျစ်မင်အနေနှင်ြ ထိုကိစ္စများကို ပြောင်းပြန်လှန်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့သည်မဟုတ်လော။ မုအိမ်ကို ကယ်တင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်မဟုတ်လော။

မိမိကြိုးစားခဲ့ဖူးသည်....

သို့သော် အလုပ်ဖြစ်ခဲ့သလား။

သေချာပေါက် အလုပ်မဖြစ်ခဲ့ပေ။

မိဘနှစ်ပါး၊ ချိုင်ဝေ့၊ ဟယ့်ယင်၊ တော်ဝင်ကွေ့ဖေးနှင့် ဖူကျီအန်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ဆိုးဝါးစွာ သေဆုံးခဲ့ရသည်။ ချစ်ရသောသူများနှင့် ခွဲခွာရသည့်နာကျင်မှုကို ထပ်ခါတလဲလဲ ခံစားရပြီးနောက်တွင် မုကျစ်မင်ထံ၌ မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ဓာတ်ကျခြင်းကလွဲ၍ ဘာမှမကျန်ခဲ့တော့ပေ။

အတိတ်ဘဝကို စဉ်းစားမိသည့်အခါတိုင်း မုကျစ်မင်၏နှလုံးသားကို အေးစက်သောဓားသွားဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းခံရသည်ဟု ခံစားရသည်။ မုကျစ်မင် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ကူဟယ့်ရန်က ပြောလိုက်လေသည်။

''လေးကို ဆွဲလိုက်။''

''ဘာလဲ။''

မုကျစ်မင် ရှင်းရှင်းလင်းလင်း မကြားလိုက်သောကြောင့် ကူဟယ့်ရန်ကို မော့ကြည့်လိုက်မိသည်။

''လေးကို ဆွဲလိုက်။''

ကူဟယ့်ရန်က စိတ်ရှည်စွာဖြင့် ထပ်မံပြောပြသည်။

မုကျစ်မင်လည်း ပြောသည့်အတိုင်း လုပ်လိုက်သည်။ မသေချာသောခံစားချက်မျိုး ရှိသော်လည်း ကူဟယ့်ရန်က ဘေးတွင်လာရပ်သည်။ ထို့နောက် လက်ဆန့်ထုတ်၍ မုကျစ်မင်၏ကိုယ်ပေါ်သို့ လက်ဖြင့် ထွေးပွေ့လာသည်။

နွေးထွေးပြီး ကျယ်ပြန့်သောလက်ဝါးပြင်က မုကျစ်မင်၏လက်ကို အုပ်လိုက်ကာ လေးကြိုးကို ဆွဲရန် ဦးတည်ရာကို ချိန်ပေး၏။ ထို့နောက်တွင် ကူဟယ့်ရန်က မုကျစ်မင်ကို ကူညီ၍ ပစ်မှတ်ကို ချိန်လိုက်သည်။ မိမိတို့ကြားမှ အကွာအဝေးက နီးကပ်လွန်းသောကြောင့် ကူဟယ့်ရန်၏နားထဲတွင် မုကျစ်မင်၏အသက်ရှူသံကို ကြားနေရသည်။ နည်းနည်းနောက်ဆုတ်လိုက်လျှင် ကူဟယ့်ရန်၏ရင်ဘတ်ကို မီ၍ရတော့မည်ဟု မုကျစ်မင်ခံစားလိုက်ရသည်။

''စိတ်လျှော့။ ရှေ့ကိုပဲကြည့်။''

ကူဟယ့်ရန်က ပြောလိုက်၏။ သူ့အသံသည် အက်ကွဲကာ တုန်ယင်နေဟန်ပေါက်သည်။ မုကျစ်မင်က အသက်ပြင်းပြင်းနှစ်ချက် ရှူလိုက်သည်။ ထို့နောက်တွင် လေးကြိုးကို အာရုံစူးစိုက်လိုက်၏။

''ကိုယ် လွှတ်လိုက်တော့လို့ပြောရင် လေးကြိုးကို လွှတ်လိုက်။''

ကူဟယ့်ရန်က ပြောလိုက်သည်။

''ကောင်းပြီ။''

မုကျစ်မင်လည်း ခေါင်းညိတ်ပြလိုက်လေသည်။

လွှတ်လိုက်ဟူသော ရှင်းရှင်းလင်းလင်းပြောသံကို ကြားလိုက်ရသောအခါတွင် ချွန်ထက်သောမြားက လေးမှ ထွက်ခွာသွားပြီး ဝှစ်ခနဲမြည်သံနှင့်အတူ လေကို ထွင်းဖောက်ကာ ကောက်ရိုးပစ်မှတ်ကို မှန်သွားသည်။

မုကျစ်မင်မှာ ခေတ္တမျှကြောင်အမ်းကာ ရပ်နေမိသည်။ ထိုအချိန်တွင် ကူဟယ့်ရန်က မုကျစ်မင်ကို လွှတ်ပေးလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်သွား၏။ မုကျစ်မင် အသိပြန်ဝင်လာသောအခါတွင် ချက်ချင်းပင် ဝမ်းပန်းတသာဖြင့် အော်လိုက်မိသည်။

''လုပ်နိုင်ပြီ။''

''အင်။ မင်းလုပ်နိုင်သွားပြီ။''

ကူဟယ့်ရန်က အလေးအနက်ဖြင့် ပြောလိုက်သည်။

ကူဟယ့်ရန်၏လေသံက ထုံးစံအတိုင်းပင်ဖြစ်သော်လည်း စောနက မုကျစ်မင်စဉ်းစားနေမိသော အတိတ်ဘဝ၏အကူအညီမဲ့သောအေးစက်မှုကို လွင့်ပြယ်သွားစေသည်။ ရင်ဘတ်ထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရပြီး နွေးထွေးသောနေရောင်ခြည်လေးနှင့် ထိတွေ့လိုက်ရသကဲ့သို့ပင်။

မုကျစ်မင်က ဝမ်းပန်းတသာဖြင့် လက်သီးဆုပ်၍ မျက်လုံးလေးများကို ကွေးသွားသည်အထိ ပြုံးပြလိုက်သည်။

''ဆိုရိုးစကားအတိုင်း ဉာဏ်ပညာထက်မြက်တဲ့ဆရာရဲ့ကြင်နာမှုက ကောင်းကင်နဲ့မြေကြီးထက် ပိုပြီးကြီးကျယ်တယ်တဲ့။ ဒါကြောင့် ကျွန်တော်လည်း ကူရှုန်းကို ရှီဖူလို့ ခေါ်သင့်နေပြီ။ ညွှန်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။''

ကူဟယ့်ရန်က ခေတ္တမျှအေးခဲနေပြီး ကြောင်အမ်းသွားသည့်ပုံပေါ်သည်။ သို့သော်လည်း ခေါင်းကိုညွတ်၍ အရိုအသေပေးလိုက်ပြီး ဘာမှပြန်မပြောပေ။ ထို့အစား ပြောလိုက်သည်မှာ -

''သွားဖို့အချိန်ကျပြီ....''

''ကောင်းပြီ။''

ယခုတွင် မုကျစ်မင်လည်း ကူဟယ့်ရန်၏ မထုံတတ်သေးပုံစံကို စိုးရိမ်မနေတော့ပေ။

'ကူဟယ့်ရန်က အခုဆို ငါ့ကို အသိအမှတ်ပြုလိုက်ပုံပဲ။ ကံကောင်းလိုက်တာ။ အဲ့လိုလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင်တောင်မှ စောနက ကူဟယ့်ရန်ကြင်နာပြလိုက်တာက ငါနဲ့သူနဲ့ ထပ်ပြီးမဝေးကွာတော့ဘူးလို့ ဆိုလိုတာပဲ။'

နှစ်ဦးသား မြင်းစီးမြားပစ်ဥယျာဉ်မှ ပြန်ရန် ပြင်နေစဉ်တွင် နန်းတွင်းသမားတော်ဌာနသို့ ထွက်သွားသော ဖူကျီအန်းတစ်ယောက် ပြန်မလာသေးသည်ကို ရုတ်တရက် အမှတ်ရသွားကြသည်။

ကူဟယ့်ရန်က မင်းသားခုနစ်ကို သွားရှာကာ အရိုအသေပေးနှုတ်ဆက်ပြီးမှ ပြန်ချင်သည်။ သို့သော်လည်း မုကျစ်မင်က လက်ဝှေ့ယမ်းပြလိုက်သည်။

''အဲ့လိုလုပ်ဖို့ မလိုဘူး။ သူ အပျင်းထူပြီး ကစားချင်လို့ တစ်နေရာရာမှာ သွားပုန်းနေတာဖြစ်မှာပေါ့။ ကျွန်တော် သူ့ကို သွားရှာလိုက်မယ်။ ကူရှုန်း ကျင့်ဝတ်တွေဘာတွေကို စိတ်မပူဘဲ ပြန်လိုက်ပါ။''

နှုတ်ဆက်ကြပြီးနောက်တွင် မုကျစ်မင်သည် ဖန်ယိနန်းဆောင်၌ နန်းတွင်းအစေခံများဖြင့် မုန့်စားကာ ရယ်မောနေသည့် ဖူကျီအန်းကို ရှာတွေ့သွားသည်။ မုကျစ်မင်က ရောက်ချလာကာ ဖူကျီအန်းကို နားရွက်မှ ဆွဲခေါ်ကာ မျက်နှာကို ဆွဲဖျစ်လိုက်ပြီး မင်းသားဖြစ်နေသည်ကိုပင် ဂရုမစိုက်တော့ပေ။

''အား!!!''

ဖူကျီအန်းက အော်လိုက်မိသည်။

''မုကောကော ကျွန်တော်မှားသွားပါတယ်။''

မုကျစ်မင်က မျက်မှောင်ကြုတ်၍ ကောက်ကျစ်သောမြေခွေးနှယ် ပြုံးပြလိုက်သည်။

''မှားသွားတယ်လား။ မမှားဘူး။ အဲ့မုန့်တွေက အရသာရှိတယ်ပေါ့လေ။ ပျော်နေတယ်ပေါ့လေ။ စကားပြောရတာ စိတ်ဝင်စားစရာကောင်းနေတယ်ပေါ့လေ။''

ဖူကျီအန်းသည် မုကျစ်မင်၏ဆူငေါက်ခြင်းထက် ကိုယ်ချင်းစာတရားရှိသကဲ့သို့ ပြောသောစကားများကို ပို၍ကြောက်သည်။ ဖူကျီအန်းက ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေသည်။

''အရသာမရှိပါဘူး။ ပျော်လည်းမပျော်ပါဘူး။ စကားပြောရတာလည်း စိတ်မဝင်စားပါဘူး။ မုကောကော ဒီတစ်ခေါက်တော့ သက်ညှာပေးပါ။''

''ကောင်းပြီ။''

မုကျစ်မင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဟမ်?!"

ဖူကျီအန်းခမျာ မိမိ၏နားကိုပင် မယုံနိုင်ပေ။ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။

'မုကောကောက ဘယ်လိုလုပ် ဒီလောက်ကောင်းပေးနေရတာလဲ။'

''ဒီတစ်ခေါက်တော့ သက်ညှာပေးလိုက်မယ်။''

မုကျစ်မင်က ပြုံး၍ ပြောလိုက်သည်။

''ဒါပေမဲ့လို့ နောက်တစ်ခေါက် ကိုယ်ခံပညာလေ့ကျင့်တဲ့အခါကျရင် ငါ့ကိုပါ ခေါ်သွားရမယ်။''

''ကိစ္စမရှိဘူး။''

ဖူကျီအန်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။

မုကျစ်မင်က နှုတ်ခမ်းလေးကွေး၍ ပြုံးပြလိုက်ပြီး မျက်ဝန်းထဲတွင် အောင်မြင်သွားပြီဟူသော အရိပ်အယောင်တို့ ဝင်းလက်သွားသည်။

ငါးရက်ကြာပြီးနောက်တွင် ညှိုးနွမ်းနေသောအဝါရောင်သစ်ရွက်တို့သည် တစ်ရွက်ပြီးတစ်ရွက် ကြွေကျနေသည်။ အပင်များလည်း ခြောက်သွေ့ညှိုးနွမ်းလာပြီဖြစ်ပြီး ရာသီဥတုကလည်း အေးသည်ထက် အေးလာသည်။ မုကျစ်မင်သည် အေးစက်လှသောမနက်တွင် ထ၍ နန်းတွင်းထဲဝင်ကာ ဖူကျီအန်းကို စာလေ့လာပြီး နေ့သစ်တစ်ခုစတင်ရန် သွားနှိုးရသည်။

ဖူကျီအန်းတစ်ယောက် ခေတ္တမျှအော်ဟစ်ပြီးမှ နောက်ဆုံးတွင် ထလာကာ သူ၏ကံကြမ္မာဖြင့် ရင်ဆိုင်ရတော့သည်။ မုကျစ်မင်က ဖူကျီအန်းကို အချိန်ဇယားမေးလိုက်သည်။

''ဒီနေ့ အချိန်ဇယားက မနက်ပိုင်းမှာ တောင်ပိုင်းစာသင်ကျောင်းကို သွားပြီး နေ့ခင်းဘက်မှာ မြားပစ်လေ့ကျင့်ရမှာမလား။''

ဖူကျီအန်းက ကျောဆန့်၍ မျက်လုံးများကို ပွတ်သပ်ရင်းဖြင့် ပြန်ဖြေလိုက်သည်။

''မုကောကော၊ ကျွန်တော် ဒီနေ့ နေ့ခင်းကျရင် နားမလို့။''

''မင်းထပ်ပြီး ပျင်းနေပြန်ပြီလား။''

မုကျစ်မင်က ဖူကျီအန်း၏နဖူးလေးကို လက်ညှိုးဖြင့် သာသာထိုးလိုက်သည်။ ဖူကျီအန်းက ခေါင်းကိုကာ၍ မိမိဘာသာ ကာကွယ်လိုက်သည်။

''မဟုတ်ပါဘူး။ ကျွန်တော် ပျင်းနေတာမဟုတ်ပါဘူး။ ရှီဖူက ဒီနေ့ နန်းတော်ကိုလာပြီး သင်ပေးဖို့ အချိန်မရှိလို့ပါ။ ပျင်းနေတာမဟုတ်ဘူး။''

မုကျစ်မင် အံ့ဩသွားသည်။

''ဘာလို့ သူက အချိန်မရှိတာလဲ။''

''မုကောကော မသိသေးဘူးလား။''

ဖူကျီအန်းက ပြောလိုက်သည်။

''အနောက်မြောက်နယ်စပ်မှာ အရေးပေါ်စစ်ပွဲတစ်ခု ဖြစ်နေတယ်။ စစ်တပ်သတင်းကိုလည်း မြို့တော်ကို ပို့ပြီးပြီ။ အနောက်ပိုင်းရုန်မျိုးနွယ်စုက ကျူးကျော်ဖို့အတွက် စစ်တပ်တစ်တပ်ကို ထူထောင်ထားတယ်တဲ့လေ။ စစ်ပွဲမီးစက နယ်မြေတွေကို ပျံ့နှံ့လာနေပြီ။ ဖခမည်းတော်က စစ်သူကြီးကူကို ညတွင်းချင်းပဲ ဆင့်ခေါ်ခဲ့တယ်။ ဆွေးနွေးပြီးတဲ့နောက်တော့ စစ်သူကြီးကူကို ယုံရန်စစ်တပ်ကို ဦးဆောင်ပြီး အနောက်မြောက်ပိုင်းကို ချီတက်ခိုင်းလိုက်တယ်။ စစ်သူကြီးကူက ဒီနေ့စထွက်တာ။ ရှီဖူက စစ်သူကြီးကို လိုက်ပို့နေတယ်။ ''

အစတွင် မုကျစ်မင် အံ့ဩသွားသော်လည်း ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားသည်။ ချက်ချင်းပင် သူ့မျက်နှာက ဖျော့တော့သွားကာ သွေးများက အေးခဲသွားသည်ဟု ထင်ရသည်။ မုကျစ်မင် အော်ပြောလိုက်မိသည်။

''စစ်သူကြီးကူ သွားလို့မဖြစ်ဘူး!''

''မုကောကော ဘာတွေပြောနေတာလဲ။''

ဖူကျီအန်းက ပဟေဠိဖြစ်သွားလေသည်။

''စစ်သူကြီးကူမသွားရင် ဘယ်သူသွားမှာလဲ။''

မုကျစ်မင်သည် ချက်ချင်းဆိုသလို အတွေးထဲတွင် လမ်းပျောက်သွားသည်။ မရေရာသောကိစ္စများကို အတော်ကြာ ညည်းတွားနေပြီး စကားတစ်ခွန်းကိုပင် အပြည့်အစုံမပြောနိုင်တော့ပေ။

.....

ကူမိသားစု ဘိုးဘေးခန်းမတွင် အမွှေးတိုင်မီးခိုးငွေ့က လေထဲတွင် ပျံ့နှံ့သွားသည်။ ရွှေရောင်အနားကွပ်ကမ္ဗည်းတိုင်များရှေ့တွင် တစ်စုံတစ်ဦးသည် တိတ်ဆိတ်စွာ ရပ်နေသည်။ အားလုံးသည် ဘိုးဘေးခန်းမအလယ်၌ ဒူးထောက်နေသောကူမြောင်ကို အပေါ်မှ ကြည့်နေကြခြင်းဖြစ်ပေမည်။ စစ်သူကြီးကူသည် ငွေရောင်သံချပ်ကာကို ဝတ်ဆင်ကာ ကမ္ဗည်းတိုင်များကို သုံးကြိမ်သုံးခါ ဂါရဝပြုသည်။ ထို့နောက်တွင် မြဲမြံသောအကြည့်မျိုးဖြင့် မတ်တတ်ထလိုက်ပြီး လှည့်ကြည့်လိုက်သောအခါတွင် တံခါးဝ၌ ရပ်နေသည့် ကူဟယ့်ရန်ကို တွေ့လိုက်ရသည်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသောလူငယ်လေးက တံခါးဝတွင်ရပ်နေပြီး နေရောင်ခြည်က အနောက်မှ ဖြာကျနေသောကြောင့် တိတ်ဆိတ်နေသောကျောက်တုံးရုပ်တုနှင့် တူလှသည်။ ထိုအချိန်တွင် ကူမြောင်သည် အတွေးထဲတွင် လမ်းပျောက်နေကာ တွေဝေနေမိသည်။

'ငါ့သားလေးတောင် အဲ့လောက်အရွယ်ရောက်သွားပြီလား။'

ကူဟယ့်ရန်က ဖြည်းဖြည်းချင်းဖြင့် နှုတ်ခမ်းကိုဟကာ ဘိုးဘေးခန်းမထဲမှ တိတ်ဆိိတ်မှုကို ဖြိုခွင်းလိုက်သည်။ အားကုန်သုံး၍ မောပန်းနေသကဲ့သို့ တစ်ကြိမ်တွင် တစ်လုံးသာပြောလေသည်။

''အဖေ ဒီတာဝန်ကနေ ပြန်မလာနိုင်တော့ရင် နောင်တရမှာလား။''

ထိုစကားများကို ပြောပြီးသောအခါတွင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်ဟု ခံစားလိုက်ရသည်။

ကူမြောင်သည် ကူဟယ့်ရန်ကို ကြည့်လိုက်၏။ သစ္စာရှိမှုဟုသောစကားလုံးကို နှစ်ရာချီတိုင်အောင် သွေးဖြင့်ရေးခဲ့ကြသော ကူမိသားစုဘိုးဘေးများကို ကျောပေးထားသည်။ ထိုသူများသည် ရိုးသားသောနှလုံးသားနှင့်အတူ တိုက်ပွဲထဲတွင် ဂုဏ်ယူစွာ သေဆုံးခဲ့ကြသောသူများဖြစ်သည်။ မိမိတို့ကိုစောင့်နေသောသမိုင်းအတွက် ဘဝတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားသူများ ဖြစ်သည်။

ကူမြောင်က ပြုံး၍ ပြန်ဖြေလိုက်သည်။

''နောင်တ မရှိဘူး။''

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment