အခန်း (၅) - အဲ့ဒီတုန်းက ငါ တကယ် မျက်စိကန်းနေခဲ့တာပဲ ဖြစ်ရမယ်။
တတိယမြောက်လ၏ တတိယမြောက်နေ့၊ ရှန်စီပွဲတော် (၁) နေ့တွင် ကောင်းကင်က မှောင်နေသေးသော်လည်း၊ အမြဲတမ်းလိုလိုပင် အမိန့်ထုတ်ထားခဲ့သည့် အရုဏ်မတက်ခင်၌ ညမထွက်ရအမိန့်ကို ရုပ်သိမ်းထားခဲ့သည်။ ဤအချက်က မုကျစ်မင်အား သူ့အဖေ မုပေါ်ရန်နှင့်အတူ မြင်းဆွဲသည့် လှည်းဖြင့် နန်းတော်သို့ သွားရောက်နိုင်စေခဲ့သည်။ ကုန်းသခင်မ၊ ချိုင်ဝေ့၊ ဝမ်ဟယ့်ယင်နှင့် အခြားအစေခံများက သူတို့ကို ယန်အိမ်တော်ရှေ့၌ လိုက်ပို့ကြသည်။
မြင်းခွာသံများသည် မှောင်မိုက်နေသော လမ်းမပေါ်၌ တဖြည်းဖြည်းချင်း မြည်ဟည်းလာပြီး မကြာမီတွင် မှိန်ပျပျ မနက်အလင်းရောင်က လမ်းကို ထွန်းလင်းပေးခဲ့သည်။ အစောင့်အကြပ် တင်းတင်းကျပ်ကျပ် ချထားသော နန်းတော်တံခါးသို့ ရောက်သောအခါ သူတို့သည် လှည်းကို ထားခဲ့ကာ ခြေလျင်လျှောက်လာခဲ့ကြသည်။ ရှေ့သို့ လျှောက်လာရင်း နဂါးကိုးကောင် ထွင်းထုထားသည့် စကျင်ကျောက်ဖြူဖြင့် လုပ်ထားသော ခုံးတံတားတစ်ခုကို ဖြတ်ကျော်ခဲ့ကြသည်။
ခုံးတံတား၏အလွန်၌ ထိုက်ဟဲနန်းဆောင် (၂) ၏ဝင်ပေါက် တံခါးမကြီး တည်ရှိသည်။ အရုဏ်ဦး၏အလင်းရောင်အောက်၌ နီရဲသော တံကောက်ကြိုးများနှင့် အပြာရောင်အုတ်ကြွပ်များက အထူးတလည် ခမ်းနားထည်ဝါနေခဲ့သည်။
မုပေါ်ရန်သည် အနောက်နန်းဆောင်*သို့ ဝင်ခွင့်မရသောကြောင့် သူသည် အနား၌ရှိသော မိန်းမစိုးတချို့အား ခေါ်လိုက်သည်။ သူက မုကျစ်မင်အား တော်ဝင်ကွေ့ဖေးမယ်မယ်၏ နန်းဆောင်သို့ ပို့ခိုင်းပြီး သူကိုယ်တိုင်ကတော့ ဧကရာဇ်မင်းမြတ်အား ဂါရဝပြုဖို့ ချီရန်နန်းဆောင်သို့ သွားမည်ဟု ညွှန်ကြားလိုက်သည်။
( T/N- *တော်ဝင်အမျိုးသမီးများ နေထိုင်သည့်နေရာ )
နွေဦးလေပြည်က အေးစိမ့်စိမ့်ဖြစ်သော်ငြား နန်းတော်ထဲတွင်တော့ ပန်းများက အားလုံး ပွင့်လန်းလျက်ရှိသည်။ နောက်ခံ၌ ခါရမ်းငှက်လေးများ၏ တေးဆိုသံများအပြင် စွန်ရဲငှက်လေးများ၏ တောင်ပံခတ်သံများကိုလည်း ကြားနေရသည်။
မုကျစ်မင် ဖန်ယိနန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် နွေးထွေးသော ရနံ့တစ်ခုကို ရရှိခဲ့သည်။ အဲ့ဒီနွေးထွေးသော ရနံ့ဆီသို့ မျက်လုံးရောက်သွားသောအခါ ကြောင်လျှာပန်းများဖြင့် အလှဆင်ထားကာ ဖြူဖွေးသော ကျောက်စိမ်းတို့ မြှုပ်နှံထားသော စန္ဒကူးနီရောင် ကန့်လန့်ကာတစ်ခုရှေ့၌ အမျိုးသမီးတစ်ယောက်ကို တွေ့မြင်ခဲ့ရသည်။
သူ(မ)သည် လော်ဟန်ခုတင် (၃) ၏ မွေ့ရာပေါ်၌ သက်တောင့်သက်သာ ထိုင်နေပြီး မိတ်ကပ်များ ခြယ်သထားကာ နီရဲသည့် ကတ္တီပါရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ(မ)၏ဆံပင်ကို အလှဆင်ရန် ပုလဲဖြင့်လုပ်ထားသော ရွှေဟင်္သာဆံထိုးကို တပ်ဆင်ထားသည်။
သူ(မ)၏ ဆေးခြယ်ထားသော မျက်ခုံးတို့နှင့် နီရဲသော နှုတ်ခမ်းများက သူ(မ)ကို တုနှိုင်းမည့်သူမရှိသော အလှတရားပိုင်ရှင်တစ်ယောက်နှယ် ဖြစ်စေခဲ့သည်။
ဤအမျိုးသမီးကား မုပေါ်ရန်၏ ညီမအရင်းသာမက မုကျစ်မင်၏ အဒေါ်လည်းဖြစ်ပြီး နန်းတွင်း၌ အမြတ်နိုးခံရဆုံး မိဖုရားလည်း ဖြစ်သည်။ သူ(မ)ကား တခြားသူမဟုတ်၊ တော်ဝင်ကွေ့ဖေးမယ်မယ်ပင်။
မုကျစ်မင်သည် သူ(မ)ကို အရိုအသေပြုဖို့ ကိုင်းညွတ်လိုက်သော်လည်း တော်ဝင်ကွေ့ဖေးသည် သူ့ကို မြင်သည်နှင့် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ သူ(မ)သည် မုကျစ်မင်အား သူ(မ)ဘေး၌ ရပ်ခိုင်းဖို့ အလျင်အမြန် ပြောကြားခဲ့သည်။ ထို့နောက် သစ်သီးများနှင့် တခြားသစ်သီးအရသာရှိသော မုန့်တို့ကို မုကျစ်မင်၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ
"ရှောင်လီကျူး၊ မင်းကို မတွေ့ရတာ ကြာပြီနော်။ မယ်မယ်က မင်းကို တကယ် သတိရနေခဲ့တာ။"
"တော်ဝင်ကွေ့ဖေးမယ်မယ်ကတော့ အရင်အတိုင်း အမြဲတမ်း ကျက်သရေရှိရှိနဲ့ တုနှိုင်းနိုင်မဲ့သူမရှိတဲ့ အလှတရားပိုင်ရှင်ပါပဲ။"
မုကျစ်မင်က ပွင့်ပွင့်လင်းလင်း ပြောကြားပြီး မျက်လုံးများကို ကွေးညွတ်ကာ ပြုံးလိုက်ပြီး လက်ရာမြောက်သော မုန့်တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်သည်။
"မင်းကတော့လေ စကားချိုချိုလေးတွေကိုပဲ ပြောတတ်တာပဲ။"
ကြွေရည်သုတ်ထားသော ပုလဲရောင်လို ဖြူဖွေးသည့် တော်ဝင်ကွေ့ဖေး၏ လက်ချောင်းလေးများက မုကျစ်မင်၏ နှာခေါင်းထိပ်လေးအား ဖြည်းညင်းစွာ တို့ထိလိုက်သည်။
"တော်ဝင်ကွေ့ဖေး၊ ကျီအန်း ဘယ်မှာလဲဟင်။"
မုန့်တချို့ စားပြီးသည့်နောက် မုကျစ်မင်က သူ၏ သံသယများကို ဖော်ပြလာသည်။
ဖူကျီအန်းသည် မင်းသားခုနှစ်ဖြစ်ကာ တော်ဝင်ကွေ့ဖေး၏ တစ်ဦးတည်းသော သားတော်လည်းဖြစ်ပြီး မုကျစ်မင်ထက် သုံးနှစ်ငယ်သည်။
"သူက မနက်စောစောစီးစီး ချီရန်နန်းဆောင်မှာ ဧကရာဇ်မင်းမြတ်နဲ့ ဧကရီကို အရိုအသေပြုဖို့ သွားတယ်။"
တော်ဝင်ကွေ့ဖေးက ဆိုသည်။
"ဒီနေ့ မင်းသားအားလုံး ရောက်နေကြတော့ ဧကရာဇ်မင်းမြတ်က သူတို့ရဲ့ အသိပညာကို စမ်းသပ်ဖို့ စဉ်းစားနေတာ ဖြစ်ရမယ်။ အာ... သူ ခဏလောက်တော့ ပြန်လာနိုင်မှာ မဟုတ်ဘူးထင်တယ်၊ ချီရန်နန်းဆောင်က ထွက်ရင် ကျိူ့ချွမ်တောင်ကို တစ်ခါထဲ သွားဖြစ်ရင်တောင် သွားနိုင်တယ်။ ခဏလေး! မင်း မယ်မယ့်ရဲ့ ရထားလုံးဘေးကနေ လိုက်ခဲ့လို့ရတယ်လေ။"
မုကျစ်မင်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။ စိတ်သက်သာရာရသွားသော မုကျစ်မင်သည် ဖရုံစေ့များ စားရင်း တော်ဝင်ကွေ့ဖေနှင့် အတင်းအဖျင်းများကို ပြောနေခဲ့သည်။
မွန်းလွဲပိုင်းရောက်သောအခါ မိန်းမစိုးတစ်ယောက် ရောက်လာပြီး တော်ဝင်ကွေ့ဖေးအား ထွက်ခွာဖို့ အချိန်တန်ပြီဟု အကြောင်းကြားသည်။ မုကျစ်မင်သည် တော်ဝင်ကွေ့ဖေ၏ ရထားလုံးနောက်ကနေ ထိုက်ဟဲနန်းဆောင်၏ တံခါးမကြီးဆီသို့ လိုက်သွားလိုက်သော်လည်း တော်ဝင်မိသားစုဝင်များသည် တန်ဆာဆင်ထားသော ရထားလုံးများနား၌ စုရုံးနေသည်ကိုသာ တွေ့မြင်ခဲ့ရသည်။ တော်ဝင်တပ်မတော်ကလည်း နှစ်ဖက်စလုံးအပြင် စီတန်းနေသောအတန်း၏အဆုံး၌ပါ တင်းတင်းကျပ်ကျပ် ကာကွယ်ထားခဲ့သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မိန်းမစိုးတစ်ယောက်က အော်ဟစ်လာသည်။
"ဧကရာဇ်မင်းမြတ် ရောက်ရှိလာပါပြီ!"
ထိုအချိန်၌ အားလုံး တိတ်ဆိတ်သွားခဲ့သည်။ ဘယ်လောက်တောင် တိတ်ဆိတ်သွားသနည်းဆိုလျှင် မြေကြီးပေါ်သို့ အပ်တစ်ချောင်း ပြုတ်ကျသည့်အသံပင် ကြားနိုင်လောက်ပေသည်။
မုကျစ်မင် ခေါင်းလှည့်လိုက်သောအခါ၌ ရွှေရောင်တောက်တောက်နှင့် ခမ်းနားသော လည်ဝိုင်းဝတ်ရုံကို ဝတ်ဆင်ထားသော ကျင်းဧကရာဇ် ဝမ်ကို တွေ့မြင်ခဲ့ရသည်။ သူ၏ ဘယ်ဘက်လက်မောင်းပေါ်၌ သိမ်းငှက်တစ်ကောင် တင်ထားပြီး တော်ဝင်မြင်းနှင့်အတူ ရှေ့သို့ လာနေခဲ့သည်။ သူ့နောက်တွင်မူ တက်ကြွသော မင်းသားတို့ လိုက်ပါလာကြသည်။
သဘာဝကျကျပင် ဖူရီလည်း ထိုအထဲ၌ ပါဝင်သည်။
မုကျစ်မင် မျက်လုံးတို့ကို မှေးမှိတ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးထဲမှ အမှောင်ထုကို ဖုံးကွယ်လို့မရသောကြောင့်ပင်။ ထို့နောက် သူ့ဘေးက ရထားလုံးနှင့် သူ့ကိုယ်သူ ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့သည်။
အားလုံးစီတန်းပြီးသည့်နောက် လူတိုင်း ကျိူ့ချွမ်တောင်သို့ အတူတကွ ဦးတည်သွားကြသည်။
နေ့တစ်ဝက်ကျော်ကြာပြီးနောက်၌ ခမ်းနားထည်ဝါသော လူတန်းကြီးသည် နောက်ဆုံး၌ ကျိူ့ချွမ်တောင်သို့ ရောက်ရှိလာခဲ့သည်။ တဲများထိုးပြီးသည့်နောက် မုကျစ်မင်သည် တော်ဝင်ကွေ့ဖေးနှင့်အတူ ထိုင်နေခဲ့သည်။ သို့ပေမဲ့ ထိုအချိန်တွင် မိန်းမစိုးတစ်ယောက် ရုတ်တရက် ရောက်လာကာ ဧကရာဇ်မင်းမြတ်က ယန်မြို့စား၏သား မုကျစ်မင်ကို ဆင့်ခေါ်ခိုင်းသည်ဟု လျှောက်တင်လာသည်။
တော်ဝင်ကွေ့ဖေးသည် လက်ထဲမှ ဖရုံစေ့တို့ကို ချထားပြီး ထိုင်နေသော ကူရှင်ပေါ်ကနေ ထရပ်လိုက်သည်။ သူ(မ)သည် မုကျစ်မင်၏ ရင်ဘတ်အင်္ကျီကို ပြင်ပေးရင်း ဘာတွေပြောသင့်သည်၊ ဘာတွေ မပြောသင့်ဘူးဆိုတာကို အကြံပေးသည်။ ထို့နောက်မှ သူ့ကို တဲအပြင်သို့ ထွက်သွားခိုင်းခဲ့သည်။
မုကျစ်မင်က မိန်းမစိုးနောက်က လိုက်သွားရင်း အခုအချိန်၌ မင်းသားအားလုံး ဧကရာဇ်မင်းမြတ်နှင့်အတူ ရှိနေရမည်ဆိုတာကို ကောင်းစွာ သိသည်။
ဆိုလိုသည်ကား ဖူရီလည်း အဲ့ဒီမှာ ရှိနေမည်ပင်။
မုကျစ်မင် သူ၏ အရင်ဘဝတုန်းက ငယ်ရွယ်ပြီး အပြောအဆို မတတ်သောအချိန်၌ ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံချိန်တွင် သူ လျှို့ဝှက်စွာဖြင့် ပတ်ဝန်းကျင်အား ကြည့်ခဲ့သည်ကို မှတ်မိနေသည်။ အဲ့ဒီတုန်းက သူ၏ အကြည့်သည် နွေဦးရေလို နူးညံ့သော မျက်လုံးတစ်စုံနှင့် တိုက်ဆိုင်သွားပြီး မင်းသားငါးသည် ချောမောပြီး အရည်အချင်းရှိသော လူငယ်လေးဟု သူ့နှလုံးသားထဲ၌ ခံစားခဲ့ရသည်။
သို့ပေမဲ့ ယခုတော့ မုကျစ်မင် ခံစားနေရသည်ကား...
'ငါ ငယ်ငယ်တုန်းက ဘယ်လိုလုပ် အဲ့လောက် မျက်စိကန်းခဲ့ရတာလဲ။'
မိန်းမစိုးသည် မုကျစ်မင်အား တော်ဝင်မိသားစုရှေ့၌ သွားရပ်ခိုင်းသည်။ ထိုနေရာ၌ ဧကရာဇ်မင်းမြတ်က မြင်းစီးပြီး လူအများအဝိုင်းခံကာ အနီးအနားက တောနက်ထဲကို လက်ညှိုးညွှန်ပြနေသည်။ ဟုတ်ပေသည်၊ မုပေါ်ရန်လည်း ဧကရာဇ်ဘေး၌ စောင့်နေသည်။ မုကျစ်မင် မကြောက်ရွံ့ချေ။ ဘေးကို လှည့်မကြည့်ဘဲ ဒူးထောက်ပြီး မြေပြင်ပေါ် ဦးညွတ်လိုက်သည်။
ဧကရာဇ်မင်းမြတ်သည် သူ့အား ထခိုင်းကာ မော့ကြည့်ခိုင်းသည်။
ခဏအကြာ၌ သူက ပြုံးပြီး ဆိုလာသည်။
"ယန်မြို့စား၊ မင်းရဲ့သားက တောက်ပပြီး ခမ်းနားတဲ့ ရုပ်ရည်ရှိရုံတင်မကဘူး၊ သူ့မျက်ခုံးတွေက တော်ဝင်ကွေ့ဖေးနဲ့တောင် တူနေသေးတယ်။"
မုကျစ်မင်ကား ယောက်ျားလေးဖြစ်တာ သိသာနေသော်ငြား သူ၏ အလှကို ချီးမွမ်းခံရသောကြောင့် မုပေါ်ရန်၏ နှလုံးသားသည် နည်းနည်းတော့ ရှုပ်ထွေးသွားခဲ့သည်။ မုပေါ်ရန် ခေါင်းကို ငုံ့လိုက်ကာ
"တော်ဝင်ဧကရာဇ်မင်းမြတ် ပြောတာ မှန်ပါတယ်၊ မိသားစုထဲက လူတိုင်းလည်း ဒီလိုပဲ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်သားကတော့ ဆိုးသွမ်းပြီး ခေါင်းမာတဲ့ ကလေးတစ်ယောက်ပါ။ သူက တော်ဝင်ကွေ့ဖေးမယ်မယ်လောက် ဂုဏ်သိက္ခာတွေ မြင့်မြတ်မှုတွေ မရှိပါဘူး။"
မုကျစ်မင်: "....."
'အဖေ! ဘာလို့ အဲ့လောက် မျက်နှာပြောင်တိုက်ပြီး လိမ်နေတာလဲ! - တော်ဝင်ကွေ့ဖေးမယ်မယ်က ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်တယ်တဲ့ - ငါ့ဖင်ပဲ! သူ(မ)က ကျွန်တော့်ကို နှင်းတွေထဲ မြှုပ်ပြီး ရယ်မောခဲ့တာကို မေ့သွားပြီလား!'
ဧကရာဇ်မင်းမြတ်က ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောချေ။ သူက ခေါင်းလှည့်ပြီး မုကျစ်မင်ကို ကြည့်ကာ မေးလိုက်သည်။
"မင်း ပုံမှန်ဆိုရင် ဘယ်လို စာအုပ်မျိုးတွေ ဖတ်လဲ။"
မုကျစ်မင်က ပြန်ဖြေသည်။
"ကျွန်တော် ကဗျာစာအုပ်နဲ့ ထုံးတမ်းစဉ်လာကျမ်းတွေကို ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ပျင်းစရာမကောင်းတဲ့ စွန့်စားခန်းဝတ္ထုတွေကိုလည်း ကြိုက်ပါတယ်။"
"အို့?"
အဲ့ဒီနောက် ဧကရာဇ်မင်းမြတ်က ပိုပြီး ပြုံးလာသည်။
"ဒါဆို မင်းမှာ ဉာဏ်ပညာနဲ့ ပါရမီတချို့ ရှိမဲ့ပုံပဲ။ ပြောပါဦး၊ မင်း အမဲလိုက်တာကို ဘယ်လိုထင်လဲ။"
မုကျစ်မင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
"နွေဦးအမဲလိုက်တာက ရှာဖွေခြင်းအတွက်၊ နွေရာသီအမဲလိုက်တာက သီးနှံအတွက်၊ ဆောင်းဦးအမဲလိုက်တာက ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ဆောင်းရာသီအမဲလိုက်တာက အားကစားတစ်ခုအနေနဲ့ လုပ်တာပါ။ နွေဦးရောက်တဲ့အခါ အရာအားလုံး ကြီးထွားပြီး ကမ္ဘာမြေက ပြန်လည်နုပျိုလာပါတယ်။ အမဲလိုက်တာရဲ့ အဓိကရည်ရွယ်ချက်က ပူဇော်ပသဖို့အပြင် စိမ်းလန်းစိုပြေမှုကို ခံစားရင်း သားကောင်တွေကို လိုက်လံဖမ်းဆီးသည့်အခါ ကိုယ်ဝန်ဆောင်တိရစ္ဆာန်တွေနဲ့ တိရစ္ဆာန်ငယ်လေးတွေကို မထိသင့်ပါဘူး။"
ဒီစကားကို ကြားပြီးသည့်နောက် ဧကရာဇ်မင်းမြတ်က မိုးကောင်းကင်ကို မော့ကြည့်ပြီး ရယ်မောလိုက်သည်။
"ကောင်းတယ်! မင်းမှာ ဉာဏ်ရည်ထက်မြက်တဲ့ အရည်အသွေးတွေနဲ့ စကားပြောကောင်းတဲ့ ပါးစပ်ရှိရုံတင်မကဘူး၊ မင်းရဲ့ အသက်ရွယ်တူတွေထက်တောင် ပိုပြီး ပညာရှိသေးတယ်။ လာစမ်းပါဦး၊ ဒီတော်ဝင်မြင်းကို မင်းကို ပေးအပ်မယ်!"
မုကျစ်မင် ချက်ချင်း ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်း ဦးညွတ်လိုက်သော်လည်း တကယ်တော့ သူ့အတွင်း၌ ငိုကြွေးနေမိသည်။...
'ဝူးးး! ရွှေငွေရတနာတွေ ပေးရင် မကောင်းဘူးလား! ဘာလို့ တော်ဝင်မြင်းကို ပေးရတာလဲ! ဧကရာဇ်မင်းမြတ် ပေးလိုက်တဲ့ တော်ဝင်မြင်းက ကျွန်တော့်အသက်ကိုတောင် ယူသွားနိုင်တယ်! ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလိမ့်မယ်လို့!'
သို့ပေမဲ့ မြင်းကို သူ့အား ပေးလိုက်ပြီးပြီပင်၊ သူ မစီးလျှင် သူ့ခေါင်း ပြုတ်သွားနိုင်လေသည်။ အပြင်ပန်း၌တော့ မုကျစ်မင် ပျော်ရွှင်နေပုံရသော်လည်း အတွင်း၌တော့ တော်ဝင်မြင်းအား စီးရမှာကို စိုးရိမ်နေခဲ့သည်။ သူ မြင်း၏ လည်ဆံကို ပွတ်သပ်ရင်း တိတ်တဆိတ် တွေးနေမိသည်။
'ကျေးဇူးပြုပြီး ငါ့ကို ပစ်မချပါနဲ့။ မင်းက မြင်းလိမ္မာလေးတစ်ကောင်နဲ့တူတယ်၊ ဒါကြောင့် စိတ်မတိုနဲ့နော်။ မင်း အဲ့လိုလုပ်ပေးရင် ငါ မင်းအတွက် ဆီမီးထွန်းပြီး သုံးရက်တိတိ အသားမစားဘူးလို့ ကတိပေးတယ်။'
လူအများ၏ အကြည့်များအောက်၌ ဧကရာဇ်မင်းမြတ်က လပြည့်ဝန်းလို လေးကို ဆွဲလိုက်ပြီး တောနက်ထဲသို့ မြားချွန်တစ်စင်း ပစ်လိုက်သည်။ ထို့နောက် လူတိုင်း မြင်းတို့ကို စီးကာ နှစ်စဉ် နွေဦးအမဲလိုက်ပွဲကို စတင်လိုက်ကြသည်။
မုကျစ်မင်မှာ မြင်းစီးခြင်းနှင့် မြားပစ်ခြင်း၌ မကျွမ်းကျင်သောကြောင့် အမဲလိုက်ခြင်း၌ စိတ်မဝင်စားပေ။ သူ မြင်းဇက်ကြိုးကို ဆုပ်ကိုင်ရင်း မြင်းမစီးရဖို့ ဆင်ခြေကောင်းတစ်ခု ရှာဖွေရန် ကြိုးစားနေခဲ့သည်။ သို့သော် မုကျစ်မင် မျက်လုံးကို မြှောက်လိုက်သည်နှင့် မင်းသားငါး ဖူရီသည် သူ့ဆီသို့ မြင်းစီးလာနေသည်ကို တွေ့လိုက်ရသည်။
ပထမတစ်ချက်ကြည့်လိုက်ရုံနှင့် အရာအားလုံးသည် သူ၏ အတိတ်ဘဝကအတိုင်း ခံစားလိုက်ရသည်။ ကံမကောင်းစွာဖြင့် သူတို့နှစ်ဦးကြား၌ ငယ်ရွယ်စဉ်က နုံအပြီး နွေးထွေးသောခံစားချက်များ မရှိတော့ချေ။ မကျေနပ်မှုနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေသော သွေးစွန်းသည့် အရိုးဖြူများဖြင့် ပြည့်နေသော ချောက်ကမ်းပါးတစ်ခုသာ ရှိတော့သည်။
***
Aurora Novel Translation Team
Translator's Note:
(၁) 上巳 (shàng sì); 'နှစ်ထပ်သုံးပွဲတော်' (三月三 sān yuè sān) လို့လည်း လူသိများပြီး တရုတ်နိုင်ငံတွင် စတင်ခဲ့သော ရိုးရာပွဲတော်တစ်ခုဖြစ်ကာ တတိယလရဲ့ တတိယမြောက်နေ့မှာ ကျင်းပပါတယ်။ ဒီပွဲတော်က မြစ်ထဲတွင် ရေချိုးခြင်းဖြင့် မကောင်းတဲ့အရာတွေကို ဖယ်ရှားပစ်တဲ့ ထုံးတမ်းအစဥ်အလာမှ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။
(၂) 太和门 (tài hé mén); ထိုက်ဟဲတံခါးက တားမြစ်မြို့တော် (ပေကျင်းရှိ နန်းတော်) ရဲ့ အကြီးဆုံးနန်းတော်တံခါးဖြစ်ပြီး အပြင်ဘက်တရားရုံးရဲ့ အဓိကတံခါးပါ။
(၃) 身胡罗汉 pù rù luóhàn; ရှေးခေတ်ခုတင်များထဲက တစ်ခုပါ။