အခန်း (၁၆) - ကလေးတွေက အသက်ကြီးလာတော့ အရူးလုပ်ဖို့ခက်လာပြီ
ကူမြောင်နှင့် ကူဟယ့်ရန်တို့သည် ယဉ်ကျေးသမှုဖြင့် ယန်မြို့စားနှင့်သားဖြစ်သူကို အိမ်တော်အပြင်သို့ ကိုယ်တိုင်လိုက်ပို့ပေးကြကာ လှည်းထွက်သွားသည်အထိ
စောင့်ကြည့်နေကြသည်။ ထို့နောက်တွင်မှ အိမ်တော်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။
လှည်းဘီးသည် ကျောက်တုံးခင်းလမ််းမထက်တွင် အပြေးနှင်သည်နှင့် မြင်းခွာသံများကလည်း ထွက်ပေါ်လာသည်။ မုပေါ်ရန်သည် သားဖြစ်သူ၏လက်ထဲ၌ အစားအသောက်သေတ္တာတစ်လုံးကို ကိုင်ထားသည်ကို သတိထားမိသွားသည်။ လက်ထဲက ဘာလဲဆိုသည်ကို မုပေါ်ရန် မေးလိုက်သောအခါတွင် မုကျစ်မင်က ပြန်ဖြေလိုက်၏။
''စစ်သူကြီးကုရဲ့အိမ်တော်က အစာသွပ်မုန့်တွေ။''
မုပေါ်ရန်က မျက်မှောင်ကြုတ်၍ ငေါက်ပစ်လိုက်၏။
''ဘာလို့ အဲ့လောက်တောင် ရိုင်းပျရတာလဲ။ အစာသွပ်မုန့်တွေကို ယူမလာသင့်ဘူး။''
မုကျစ်မင်သည် အဆူခံရမည်ကိုသိသော်လည်း အမှားကို ဝန်ခံလိုက်သည်။ ထိုကိစ္စကြောင့် မိမိကိုယ်တိုင်ပင် ရယ်ရမည်လား ငိုရမည်လားကို မသိတော့ပေ။
'လှည်းထဲကိုမဝင်ခင် ကူဟယ့်ရန်က လက်ထဲကို ဒီအစားအသောက်သေတ္တာကြီး ရုတ်တရက် ထိုးထည့်ပေးလိမ့်မယ်လို့မှ မသိတာ။ အချိန်မီလည်း ပြန်မတုံ့ပြန်လိုက်နိုင်ဘူး။ ယဉ်ယဉ်ကျေးကျေးလည်း မငြင်းလိုက်နိုင်ဘူး။'
'ငါမှားသွားတာများလား....'
မုကျစ်မင်သည် စိတ်ထဲတွင် မိမိဘာသာ ညည်းတွားနေမိကာ လက်ထဲမှသေတ္တာကို ငုံ့ကြည့်လိုက်မိသည်။ မည်သို့ပင်ဆိုစေသော်လည်း နှုတ်ခမ်းထောင့်က ကွေးတက်ကာ ခပ်ရေးရေးလေး ပြုံးလိုက်မိသည်။
'ကူဟယ့်ရန်က အရင်ဘဝကလောက် ငါ့ကို မမုန်းတော့တာလည်း ဖြစ်နိုင်တာပဲ။'
တစ်ချိန်တည်းတွင်ပင် ဧည့်သည်များကို လိုက်ပို့ပြီးနောက် ကူမြောင်သည် စာကြည့်ခန်းထဲသို့ ပြန်သွားသည်။ သို့သော်လည်း စာကြည့်ခန်းထဲသို့ ခြေချလိုက်သောအချိန်တွင်ပင် အံ့ဩတုန်လှုပ်သွားလေသည်။
''ဟင်။ ငါ့ရဲ့ နေနဲ့လ အမဲလိုက်ဒူးလေးကော။ ဘယ်ပျောက်သွားတာလဲ။''
ခြံဝန်းထဲတွင်ရှိနေသော ဝမ်ကျိုးချန်က စာကြည့်ခန်းထဲမှ ဆူဆူညံညံအသံကို ကြားသောအခါတွင် အပြေးရောက်လာသည်။
''သခင်ကြီး အလျင်မလိုပါနဲ့။ ဒူးလေးကို မနက်ကတည်းက သခင်လေးယူသွားတာပါ။ သခင်လေးက သူ့ဘေးခန်းမှာ ထားထားပါတယ်။''
ကူမြောင်ခမျာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။
''သူက ဘယ်တုန်းက ဒူးလေးကို စိတ်ဝင်စားသွားရတာလဲ။ မြန်မြန်။ သူ့ကို ပြန်လာပေးခိုင်းလိုက်။''
ထိုစကားကို ပြောပြီးလျှင် ပြောပြီးချင်းတွင်ပင် ကူဟယ့်ရန်က တံခါးခေါက်၍ အခန်းထဲသို့ ဝင်လာသည်။ ဖခင်ဖြစ်သူကို အရိုအသေပေးပြီးနောက်တွင် ဒူးလေးကို မူလနေရာသို့ ပြန်ထားလိုက်၏။
ကူမြောင်က ပူပန်စွာဖြင့် ပြောလိုက်လေသည်။
''သတိထား သတိထား။ မကျိုးစေနဲ့။''
ကူဟယ့်ရန်ကမူ ပြန်ဖြေလိုက်၏။
''အဖေ ဒီဒူးလေးက ကျိုးပြီးသားကြီးပါ။''
ကူမြောင် : "...."
'ကလေးတွေက အသက်ကြီးလာတော့ အရူးလုပ်ဖို့ခက်လာပြီ။ သူတို့စိတ်က အမြဲတမ်း ခြေတစ်လှမ်းသာနေတာပဲ။'
ညတေးသီးငှက်လေးက လေထဲတွင် ပျံသန်းသွားကာ မြက်ပင်ပန်းပင်တို့သည်လည်း နေရာတိုင်း၌ ကြီးထွားလာကြပြီဖြစ်သည်။ လှပသောနွေဦးရက်တစ်ရက်တွင် နန်းတွင်းအမိန့်စာတစ်စောင်က ယန်မြို့စားအိမ်သို့ ရောက်လာလေသည်။
နန်းတွင်းအမိန့်စာထဲ၌ ယန်မြို့စား မုပေါ်ရန် ကို တော်ဝင်ဆရာ(မင်းဆရာ)လုပ်ရန် ဆင့်ခေါ်ထားခြင်းဖြစ်ကာ အသက်ခြောက်နှစ်အထက်ရှိပြီဖြစ်သောမင်းသားများကို ကြောင်းကျိုးဆင်ခြင်တတ်သောအသက်အရွယ်ရောက်သည်အထိ အမှားအမှန်ပိုင်းခြားနိုင်အောင် သင်ကြားပြသပေးရမည်ဖြစ်သည်။
သို့သော်လည်း အမိန့်စာထဲ၌ မုကျစ်မင်ကိုပါ နန်းတွင်းထဲသို့ ဆင့်ခေါ်ထားသည်။ မင်းသားခုနစ်ဖူကျီအန်း၏ စာသင်ဖော်လုပ်ပေးရန်၊ မင်းသားကို ကြိုးကြိုးစားစားသင်ယူလေ့လာအောင် တိုက်တွန်းပေးရန်အတွက် ဖြစ်သည်။
မုအိမ်တော်၏ သားအဖနှစ်ယောက်သည် ဒူးထောက်ကာ နန်းတွင်းအမိန့်တော်ကို လက်ခံယူကြသည်။ ယခင်ဘဝတွင် မုကျစ်မင်သည် အေးစက်သောမြေကြီးနှင့်ခေါင်းကို ထိသည်အထိ ခေါင်းငုံ့ထားကာ အတော်လေးဝမ်းသာပျော်ရွှင်နေခဲ့ဖူးသည်။ ဖူကျီအန်းဖြင့် တစ်နေကုန်ကစားနိုင်ရုံသာမက ဖူရီဖြင့်လည်း မကြာခဏတွေ့ဆုံကာ စကားပြောနိုင်တော့မည် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ယခုဘဝတွင်မူ မုကျစ်မင်သည် အချို့သောအကြောင်းရင်းများကြောင့် စိတ်မသက်မသာခံစားနေရသည်။ တော်ဝင်နန်းတော်၏နံရံများနောက်၌ မကောင်းသည့်ကိစ္စများကို ဖုံးကွယ်ထားရုံမက ထိုနံရံများသည် နှစ်ပေါင်းများစွာကြာအောင် မရေမတွက်နိုင်သောသူများ၏ မျိုးစုံသောရည်ရွယ်ချက်တို့ကို မြင်နိိုင်ပေသည်။ မုကျစ်မင်အနေနှင့် ထိုကာလအပိုင်းအခြားတွင် အေးအေးချမ်းချမ်း ရှင်သန်နိုင်မည်လော။
မည်သို့ပင်ဖြစ်စေ ယခုတွင် အရေးကြီးဆုံးသောကိစ္စမှာ ဖူကျီအန်းကို စွမ်းဆောင်နိုင်စွမ်းရှိသောမင်းသားဖြစ်အောင် ပြောင်းလဲပေးရန်ဖြစ်သည်ကို မုကျစ်မင် ကောင်းကောင်းသိသည်။ အခြေခိုင်အောင်လုပ်ပြီး အသက်မွေးဝမ်းကြောင်းတည်ထောင်ခြင်းဖြင့် မုကျစ်မင်သည် နောင်တွင် အိမ်ရှေ့စံမင်းသားဖူချီ၊ မင်းသားငါးဖူရီတို့ကို ဖူကျီအန်းက တိုက်ခိုက်နိုင်အောင် ကူညီရန်အတွက် ယုံကြည်ချက်ရှိသကဲ့သို့၊ အင်အားလည်း ရှိလာပေလိမ့်မည်။
ထိုသို့ဖြင့် ဖူကျီအန်း၏အိပ်မက်ဆိုးက စတင်လေတော့သည်။
တစ်နေ့တွင် ယင်းနာရီအချိန် (၁) ကြက်သုံးခါတွန်ပြီးသောအခါတွင် ဖြစ်၏။ ဖူကျီအန်းသည် နွေးထွေးနူးညံ့သောအိပ်ရာထက်၌ အိပ်မက်မက်ကောင်းနေဆဲ။ အိပ်မက်ထဲတွင် မလှမ်းမကမ်း၌ မက်မွန်ပင်တစ်ပင်ကို မြင်နေရသည်။ မက်မွန်ပင်အောက်တွင် ကြော့ရှင်းသောအဖြူရောင်ဝတ်စုံကို ဝတ်ထားသောလူတစ်ယောက်ကို တွေ့လိုက်ရ၏။ ရှင်းလင်းကြည်လင်သောစိတ်ထားရှိသည့်နတ်သမီးလေးကို တွေ့လိုက်ရခြင်းပင်။
ဖူကျီအန်းတစ်ယောက် အတော်လေးဝမ်းသာသွားကာ အော်ခေါ်လိုက်၏။
''နတ်သမီး နတ်သမီး....''
ခေါ်သံကို ကြားသောကြောင့် နတ်သမီးလေးက ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သောအခါတွင် မုကျစ်မင်၏ ပြုံးပြနေသောမျက်နှာကြီးက ပေါ်လာလေသည်။
''ဖူကျီအန်း စာအုပ်ထဲကစာတွေ မှတ်သားရမဲ့အချိန်ကျပြီ...''
ဖူကျီအန်းတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာဖြင့် နိုးလာသည်။ မျက်လုံးဖွင့်ကာ ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်သောအခါတွင် အပြင်ဘက်၌ ကောင်းကင်က မှောင်မည်းနေဆဲဖြစ်သည်။ သို့တိုင် မုကျစ်မင်ကမူ ဖယောင်းတိုင်မီးအိမ်တစ်ခုကို ကိုင်၍ အိပ်ရာဘေးတွင် ရပ်နေသည်။ ဖယောင်းတိုင်အလင်းခပ်ဖျဖျက မုကျစ်မင်၏မျက်နှာထက်တွင် ဖြာကျနေပြီး နူးညံ့သောအပြုံးလေးက ဒေါသထွက်နေဟန်ပေါက်သည်။
''ဖူကျီအန်း....စာကြည့်ဖို့....အချိန်ကျပြီ။''
"အားးး!!!"
ဖူကျီအန်းသည် အလန့်တကြားအော်လိုက်မိကာ စောင်ကိုခေါင်းမြီးခြုံပြီး အော်ငိုနေတော့သည်။
''မုကောကော။ မနက်အစောကြီးထရတာ သုံးလလောက်တောင်ရှိပြီ။ တစ်နေ့လောက် နားလို့မရဘူးလား။ တစ်နေ့တည်းပါ တစ်နေ့တည်းပဲ။''
''မရဘူး။''
မုကျစ်မင်က စောင်ကို ဖယ်ပစ်ရင်းဖြင့် ပြောလိုက်သည်။
''သစ်ပင်ကြီးဆိုတာက အညှောင့်သေးသေးလေးကနေ ကြီးလာတာ။ ကိုးထပ်မြင့်တဲ့အဆောက်အအုံဆိုတာကလည်း မြေကြီးတစ်လွှာချင်းစီနဲ့ တည်ဆောက်ထားရတာ။ ဇွဲရှိတာက အောင်မြင်မှုရဲ့သော့ချက်ပဲ။''
"အခုမှ ယင်းအချိန်ပဲရှိသေးတယ်!"
ဖူကျီအန်းသည် စောင်ထဲမှထကာ ပြန်လဲကျသွား၏။
''ယင်းနာရီအချိန်က ဘာဖြစ်လို့လဲ။''
မုကျစ်မင် အေးတိအေးစက်ဖြင့် ပြန်ပက်လိုက်သည်။
''ငါဆို နေ့တိုင်း ချုံနာရီအချိန်မှာ (၂) ထတာ။ နန်းတော်လမ်းတစ်ခုလုံးကိုပတ်ပြီး မင်းသားကို လာနှိုးဖို့လေ။ ပြောခဲ့ဖူးတယ်မဟုတ်လား။''
''ပြီးရင် အရင်ဆုံး တော်ဝင်ကွေ့ဖေးမယ်မယ်ကို သွားပြီး အရိုအသေပေးရဦးမယ်။ နည်းနည်းလေးပဲ ထပ်အိပ်မှာ။ နည်းနည်းလေးပဲလေ။ အဲ့ဒါပြီးရင် ချက်ချင်းထမယ်။''
ဖူကျီအန်းကမူ သနားစဖွယ်ဖြင့် တောင်းပန်နေရှာသည်။
''တော်ဝင်ကွေ့ဖေးက မှာလိုက်တာ။ မနက်ပိုင်းမှာ သူ(မ)ဆီကိုလာပြီး ဂါရဝပြုစရာမလိုဘူးတဲ့။''
မုကျစ်မင်က ရယ်ရင်းဖြင့် ပြောလိုက်သည်။
အမှန်တွင် တော်ဝင်ကွေ့ဖေး ပြောလိုက်သည်မှာ -
''မုလီကျူး။ ဒီလောက်မနက်အစောကြီးမှာ ငါအိပ်နေတာကို ထပ်ပြီးနှောင့်ယှက်ရဲရင် နင့်ကို သေအောင်အထိ အမှုန့်ချေပစ်မယ်'' ဟူ၍။
''ထတော့။ စာလေ့လာရမယ်။''
မုကျစ်မင်သည် အသနားအညှာတာမရှိ ဖူကျီအန်း၏စောင်ကို ဆွဲမပစ်လိုက်သည်။
''အားးးးး ကယ်ကြပါဦး....''
ဖူကျီအန်း၏ သနားစဖွယ်အော်သံလေးသည်သာ နန်းတော်တစ်ခွင်လုံးတွင် ပဲ့တင်သံထပ်သွားလေတော့၏။
***
Aurora Novel Translation Team
Translator's Note:
(၁) ယင်းအချိန် 寅时 - မနက်သုံးနာရီကနေ ငါးနာရီ။
(၂) ချုံအချိန် 丑时 - မနက်တစ်နာရီကနေ သုံးနာရီ။