no

Font
Theme

အခန်း (၁၀) - ဇာမဏီဌက်ငယ်ရဲ့တွန်ကျူးသံကို ရှင်းရှင်းလင်းလင်းကြားနေရပြီ

လူအုပ်ကြီးသည် ခေတ္တမျှစောင့်နေပြီးနောက်တွင် စစ်ဝတ်တန်ဆာအပြည့်အစုံဝတ်ထားသော ကူမြောင်က သားဖြစ်သူ ကူဟယ့်ရန်နှင့်အတူ ရောက်လာသည်။ ကူမြောင်က သံချပ်ကာဝတ်လာသည်ကို မင်းကြီးမြင်သောအခါတွင် ဒူးထောက်အရိုအသေပေးခြင်းကို သနားညှာတာစွာ ကင်းလွတ်ခွင့်ပေးလိုက်၏။

မုကျစ်မင်၏အကြည့်က ကူဟယ့်ရန်ဆီသို့ ရောက်သွားသည်။ ကူဟယ့်ရန်သည် ကြော့ရှင်းသောအစိမ်းဖျော့ဖျော့ဝတ်စုံကို ဝတ်ထားပြီး နို့နှစ်ရောင်ခါးပတ်ကို ပတ်ထား၏။ ရိုးရှင်းသောအဝတ်အစားပေါ်၌ ခါးထက်တွင် တွဲလောင်းချထားသောအနီရောင်ကျောက်စိမ်းဆွဲပြားက အမြင်အာရုံကို ဆွဲဆောင်နိုင်လှသည်။

ထိုအချိန်တွင် မုကျစ်မင်ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။

'ငါရေထဲပြုတ်ကျလို့ ကူဟယ့်ရန်က ငါ့ကို ကယ်ခဲ့တာ။ ငါလည်း နေမကောင်းဖြစ်နေတာနဲ့ သူ့ကို အသက်ကယ်ခဲ့တာအတွက် သေချာကျေးဇူးမတင်ရသေးဘူး။ အခုလည်း မင်းကြီးက ဆုချီးမြှင့်လိုက်တဲ့ဝက်ဝံရိုင်းကလည်း ကူဟယ့်ရန် ဖမ်းထားတာပဲ။ ဒီလိုအခြေအနေဖြစ်ပြီဆိုမှတော့ နွေဦးအမဲလိုက်ပွဲပြီးတာနဲ့ သူ့ဆီသွားပြီး ကျေးဇူးတင်ကြောင်းသွားပြောရမယ်။'

''စစ်သူကြီးကူ ကျန်းမာရေးအခြေအနေ ဘယ်လိုလဲ။''

မင်းကြီးသည် ပါရမီထူးချွန်သောသူများကို ကြင်နာသနားတတ်ကာ ကောင်းမွန်သောနှုတ်ခွန်းဆက်ခြင်းမျိုးဖြင့် နှုတ်ဆက်တတ်၏။

''စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် မင်းကြီး။ (၁) *ချန်ရဲ့ ကျန်းမာရေးက ကောင်းပါတယ်။''

(*ကျွန်တော်မျိုး)

ကူမြောင်က လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

မင်းကြီးသည် ကူမြောင်ဘေးတွင် ရပ်နေသောကူဟယ့်ရန်ကိုကြည့်ပြီး ပြောလိုက်သည်။

''ကူအိမ်ရဲ့သားက တော်တော်လေးထူးခြားတဲ့ဟိတ်ဟန်ရှိတာပဲ။ စစ်သူကြီးကူ ငယ်ငယ်တုန်းကလိုမျိုး သူရဲကောင်းဆန်တဲ့အမူအရာမျိုးရှိတယ်။ ကလေး ဒီဝက်ဝံက မင်းအမဲလိုက်ထားတာလား။''

''မင်းကြီးကို လျှောက်တင်ပါတယ်။ မှန်ပါတယ်။''

ကူဟယ့်ရန်က တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။ နှိမ့်ချသောအမူအရာမဟုတ်သကဲ့သို့ ထောင်လွှားသောအမူရာမျိုးလည်း မဟုတ်ပေ။

''အသက်ဘယ်လောက်ရှိပြီလဲ။''

မင်းကြီးက ပြုံး၍ မေးလိုက်သည်။

''လွန်ခဲ့တဲ့နှစ်ကမှ ကျွန်တော်မျိုးဆံပင်ကို ဆံထုံးထုံးတာပါ။ အသက် (၁၆) နှစ် ပြည့်ပြီးပါပြီ။''

ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။

မင်းကြီးက ချီးကျူးလိုက်၏။

''မျက်လုံးကို မြားနဲ့ပစ်ပြီး ဝက်ဝံကို သတ်လိုက်တာပဲ။ အသက် (၁၆) နှစ််ပဲရှိသေးတာတောင် မြားပစ်တဲ့စွမ်းရည်က အဲ့လောက်တော်တာလား။ တစ်ယောက်လောက် ငါရဲ့ ကျောက်စိမ်းချီလင်နဲ့ ကြံ့ချိုလေး ယူခဲ့။ ငါကိုယ်တော် သူ့ကို စမ်းသပ်ချင်တယ်။''

မုကျစ်မင်တစ်ယောက်ကမူ ခေါင်းငုံ့ပြီး မရယ်မိအောင် ထိန်းထားရသည်။

'စာပေပဲဖြစ်ဖြစ် ကိုယ်ခံပညာပဲဖြစ်ဖြစ် ဘယ်သူမှ မင်းကြီးစမ်းသပ်တာကနေ မလွတ်ဘူးပဲ။'

မိန်းမစိုးတစ်ယောက်က မင်းကြီး၏အဖိုးတန်လေးကို အမြန်ပင် ယူလာပေးကာ ကူဟယ့်ရန်ကို ပေးလိုက်သောအခါတွင် ထိုသူက လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ လေးကြိုးကို စမ်းသပ်ပြီးနောက်တွင် ကူဟယ့်ရန်က စမ်းသပ်ရန် ပြင်လိုက်သည်။

မင်းကြီးက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

''ကောင်းကင်မှာပျံနေတဲ့ဌက်ကို မေ့ထားလိုက်။ ဘယ်အရာနဲ့စမ်းကြည့်မယ်လို့ ယုံကြည်ချက်ရှိလဲ။''

တွန့်ဆုတ်ခြင်းမရှိဘဲ ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။

''ကြေးပြားပါ။''

ထိုစကားကို ကြားသောအခါတွင် အားလုံးအုတ်အော်သောင်းနင်းဖြစ်သွားကြသည်။

''ကြေးပြားတဲ့လား။ အပြောမကြီးနဲ့။ မင်းအဖေလည်း ဒီမှာရှိတယ်။ မင်းမျက်နှာပျက်ရရင် သူလည်းမျက်နှာပျက်ရလိမ့်မယ်။''

မင်းကြီးက ရယ်ရင်းဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း ကူဟယ့်ရန်ကို သတိပေးလိုက်ခြင်းဖြစ်၏။

''သေချာပါတယ်မင်းကြီး။''

ကူဟယ့်ရန်ကမူ ဆုံးဖြတ်ချက်ခိုင်မာသောလေသံမျိုးဖြင့် ပြောလိုက်သည်။

''ကောင်းပြီ ကောင်းပြီ။''

မင်းကြီးက ရယ်လိုက်ပြီး မိန်းမစိုးကို ကြေးပြားစေ့သုံးစေ့ကို သွားယူခိုင်းလိုက်သည်။ ငယ်သေးသောကူဟယ့်ရန်က လူအထင်ကြီးအောင် လုပ်မည်ကို စိုးသောကြောင့် မိန်းမစိုးကို ခပ်ကြီးကြီးအရွယ်အစားရှိသည့် ကြေးပြားစေ့များကိုသာ ယူခိုင်းလိုက်သည်။

မိန်းမစိုးက လက်ချောင်းနှစ်ချောင်းစာ ဗျက်အကျယ်ရှိသည့် ကြေးပြားစေ့သုံးစေ့ ယူလာသည်။ ကြေးပြားစေ့များ၏အလယ်၌ လေးထောင့်အပေါက်လေးရှိသည်။ ကူဟယ့်ရန်က ကြေးပြားစေ့တစ်စေ့ကိုယူပြီး စမ်းကြည့်သည်။ မြားခေါင်းက အတော်လေးသေးသောကြောင့် ကြေးပြားစေ့၏လေးထောင့်အပေါက်ထဲကို ဝင်မည်မှာ သေချာပေသည်။ ကူဟယ့်ရန်က မိန်းမစိုးကို ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ပေါ်သို့ ကြေးပြားစေ့သုံးစေ့ကို အားဖြင့် ပစ်လိုက်သည်။

ချက်ချင်းပင် ကူဟယ့်ရန်သည် လေးကို လခြမ်းသဏ္ဌာန်ကွေး၍ မြားသုံးစင်းကို ဝှစ်ခနဲမြည်သံနှင့်အတူ ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ မည်သူမှ မမြင်လိုက်ခင်တွင်ပင် မြားနှစ်ချောင်းသည် ခပ်လှမ်းလှမ်းမှ သစ်ပင်ပင်စည်ကို မှန်သွားပြီး နောက်မြားတစ်ချောင်းက မြေကြီးပေါ်တွင် စိုက်သွားသည်။

ဉာဏ်ကောင်းသောမိန်းမစိုးက အမြန်ပင်သွားပြီး မြားများကိုနှုတ်ယူကာ မင်းကြီးကို ဆက်သလိုက်၏။ ထို့နောက်တွင် မြားသုံးစင်းသည် ကြေးပြားသုံးပြား၏အလယ်မှ လေးထောင့်ကွက်လေးထဲသို့ တိတိကျကျပင် ထိုးဖောက်နေသည်ကို အားလုံးမြင်လိုက်ကြရသည်။ အံ့ဩစရာကောင်းလှသောကြောင့် လူအုပ်က ချီးကျူးနေကြပေသည်။

ယခင်ဘဝက မုကျစ်မင်သည် ကူဟယ့်ရန်၏မြားပစ်စွမ်းရည်က အမြင့်ဆုံးဖြစ်ပြီး အတိကျဆုံးနှုန်းဖြင့် ပစ်နိုင်သည်ဟု ကြားဖူးခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ကိုယ်တိုင်မျက်လုံးဖြင့် တွေ့လိုက်ရသောကြောင့် စိတ်ထဲ၌ အတော်လေးနှစ်သက်သဘောကျသွား၏။ အများနည်းတူ လွန်စွာထူးချွန်သည့်လူငယ်လေးကို ငေးကြည့်နေမိသည်။

မုကျစ်မင်နှင့် ကူဟယ့်ရန်တို့ အကြည့်ချင်းဆုံသွားသောအခါတွင် နှစ်ဦးလုံး ကြောင်အမ်းသွားကြသည်။

ကူဟယ့်ရန်ကလည်း မိမိကို မုကျစ်မင်က ကြည့်နေမည်ဟု မျှော်လင့်မထားမိပေ။ သို့သော်လည်း မုကျစ်မင်က မိမိကို ရင်းနှီးသောမျက်ဝန်းများဖြင့်ကြည့်နေသည့် ကူဟယ့်ရန်ကို အမြန်ပင် ပြုံးပြလိုက်သည်။ မျှော်လင့်မထားစွာဖြင့် ကူဟယ့်ရန်က မျက်မှောင်ကြုတ်ကာ အကြည့်လွှဲသွားသည်။

ကူဟယ့်ရန်၏မျက်ဝန်းထဲမှ စိတ်လှုပ်ရှားနေမှုကိုမူ မုကျစ်မင် သတိမထားမိခဲ့ရှာပေ။ တစ်ချိန်တည်းတွင်ပင် ရှက်လည်းရှက်နေမိသကဲ့သို့ တွေဝေလည်းသွားမိသည်။ ယန်မြို့စားမင်း၏ သားငယ်လေးသည် သူ၏တစ်သက်တာတွင် မိမိ၏ပုံပန်းအသွင်အပြင်၊ ဆွဲဆောင်မှုရှိခြင်းကို ပထမဆုံးအကြိမ်အဖြစ် သံသယဝင်ခဲ့မိသည်။

''တော်လိုက်တဲ့မြားပစ်စွမ်းရည်....''

မင်းကြီးက ရယ်ရင်းဖြင့် ကူဟယ့်ရန်ကို ချီးကျူးလိုက်သည်။ ထို့နောက်တွင် မုကျစ်မင်နှင့် ကူဟယ့်ရန်ကို တစ်လှည့်စီကြည့်သည်။

''ငါကိုယ်တော်ရဲ့ နန်းတွင်းညီလာခံက တကယ်ကံကောင်းတာပဲ။ ပါရမီရှိတဲ့လူငယ်မျိုးဆက်တွေရှိတယ်။ ဇာမဏီဌက်ငယ်ရဲ့တွန်ကျူးသံ (၂) ကို ရှင်းရှင်းလင်းလင်းကြားနေရပြီ။ သူတို့တွေ ယဉ်ကျေးမှုကို ပျိုးထောင်ဖို့၊ စစ်တပ်အင်အားကို အားကောင်းအောင်လုပ်ဖို့ အရွယ်ရောက်လာတဲ့အခါကျရင် တိုင်းပြည်တစ်ခုလုံးအတွက် နှစ်ရာချီငြိမ်းချမ်းရေးနဲ့ ဥစ္စာပစ္စည်းပေါကြွယ်ဝမှုကို ဆောင်ကျဉ်းနိုင်ကြလိမ့်မယ်။''

မင်းကြီးက လွန်စွာစိတ်ပျော်ရွှင်နေသည်ကို မြင်ကြသောကြောင့် အမတ်များကလည်း ပဲ့တင်သံထပ်သည်အထိ လူငယ်နှစ်ဦးကို ချီးကျူးကြပေသည်။ မင်းကြီးဆီမှ ထိုသို့ချီးကျူးခံရသော ကူဟယ့်ရန်သည် အားရကျေနပ်ခြင်းမျိုးကို မပြသပေ။ ထို့အစား ရိုသေစွာဖြင့်သာ လက်နှစ်ဖက်ဖြင့် မင်းကြီး၏လေးကို မင်းကြီးအား ပြန်ပေးလိုက်သည်။

''မဟုတ်ဘူး မဟုတ်ဘူး။ ဒီအဖိုးတန်လေးက မင်းအပိုင်ပဲ။ ဒီလိုကောင်းတဲ့လေးမျိုးက မင်းလိုပါရမီရှိတဲ့သူပဲ ပိုင်သင့်တာပေါ့။ အဲ့လိုဆိုရင် သူ့ရဲ့တည်ရှိမှုက အလဟဿမဖြစ်တော့ဘူး။''

မင်းကြီးက စိတ်ကောင်းဝင်နေသည်မှာ ထင်ရှားပေသည်။

ကူဟယ့်ရန်ကလည်း ချက်ချင်းပင် ဒူးထောက်၍ မင်းကြီးကို ကျေးဇူးတင်လိုက်၏။

''ကျေးဇူးတင်ပါတယ် မင်းကြီး။''

''ထပါ။ ဒီကိစ္စကတော့ ပြီးသွားပြီ။ ငါကိစ္စတစ်ခုကို မေ့တော့မလို့။ ကူအိမ်ရဲ့သား အမဲလိုက်ထားတဲ့ဝက်ဝံကို ယန်မြို့စားမင်းရဲ့သားက တောင်းထားတယ်။ အဲ့ဒါကြောင့် ငါကိုယ်တော်မေးမလို့။ ဒီဟာကို သူ့ကိုပေးဖို့ ဆန္ဒရှိရဲ့လား။''

မင်းကြီးက ပြုံး၍ မေးလိုက်သည်။

ကူဟယ့်ရန်တစ်ယောက် အနည်းငယ်မျှ ကြောင်သွားပြီး ခေတ္တမျှ ပြောစရာစကားပျောက်ဆုံးသွား၏။

ရုတ်တရက် ကူဟယ့်ရန်တိတ်ဆိတ်သွားသည်ကို မြင်လိုက်သောအခါတွင် မုကျစ်မင်သည် ပို၍အရှက်ရသွားသည်။ မုကျစ်မင် တွေးနေမိလေသည်။

'ကူဟယ့်ရန် စိတ်မပိုင်းဖြတ်နိုင်တာကြည့်ရရင် အဲ့ဝက်ဝံကို သူသဘောကျတဲ့သူကို ပေးမလို့ရည်ရွယ်ထားပုံပဲ။ အခုတော့ ငါက ဖြတ်လုဖို့ ကြိုးစားနေမိတာပဲ။'

''ကျွန်တော်မျိုး ဆန္ဒရှိပါတယ်။''

နောက်ဆုံးတွင်မူ အသိပြန်ဝင်လာသောအခါ၌ ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။

''ကောင်းပြီ။''

မင်းကြီးက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် ချက်ချင်းပင် အစေခံများကို ထိုဝက်ဝံအား ရေခဲဖြင့်ပိတ်၍ ယန်မြို့စားမင်းအိမ်သို့ ပို့ပေးရန် အမိန့်ပေးလိုက်သည်။

ကိစ္စများပြီးသွားသောအခါတွင် မင်းကြီးသည် အမတ်များနှင့် စကားပြောကာ ရယ်မောနေ၏။ ထိုအမတ်များကိုလည်း အောင်မြင်မှုအသီးသီးအတွက် ဆုချီးမြှင့်ပေသည်။

နေမင်းအသူရာက မိုးကုတ်စက်ဝိုင်းထက်၌ ရွှေရောင်အလင်းတန်းဖြင့် အရည်ပျော်ဝင်သွားသောအခါတွင် နွေဦးအမဲလိုက်ပွဲအခမ်းအနားလည်း ပြီးမြောက်သွားပေသည်။ အားလုံးသည် မြို့တော်သို့ပြန်ရန် ပြင်ဆင်ကြတော့၏။

ကွေ့ဖေးမယ်မယ်သည် တစ်နေကုန် အပြင်တွင် နေနေရသောကြောင့် တဲထဲသို့ ပြန်ရောက်သောအခါတွင် ခြေထောက်မည်မျှထုံနေပြီဖြစ်ကြောင်း အော်ပြောလိုက်မိသည်။ အပြင်လူများမရှိသည့်အတွက် နူးညံံ့သောအိပ်ရာထက်၌ တင်ပျဥ်ခွေထိုင်လိုက်သည်။ ယဉ်ကျေးသိမ်မွေ့သောအပြုအမူက ပျောက်ပျယ်သွားကာ ဖရုံစေ့များကို စတင်စားတော့သည်။

တဲထဲတွင် သူ(မ)နှင့်အတူပြန်လာသော မုကျစ်မင်မှာ ကွေ့ဖေးမယ်မယ်၏အမူရာကိုကြည့်၍ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။

''လီကျူး လာလေ။ ဒီကိုလာခဲ့။''

ကွေ့ဖေးမယ်မယ်က မုကျစ်မင်ကို လက်ဝှေ့ယမ်း၍ ခေါ်လိုက်သည်။

သူ(မ)အလိုရှိသည်ကို နားလည်သောကြောင့် မုကျစ်မင်က ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ(မ)၏လက်ဖဝါးလေးကို ဆွဲလိုက်သည်။ ကွေ့ဖေးမယ်မယ်က ပြုံးလိုက်ပြီး သူ(မ)လက်ထဲမှ ဖရုံစေ့များကို တစ်ဝက်ခွဲပေးလိုက်၏ မုကျစ်မင်ကို ထိုင်ခိုင်းပြီးနောက်တွင် သူ(မ)က ပြောလိုက်လေသည်။

''အပြင်မှာ အစေခံတွေက ပစ္စည်းတွေသိမ်းနေကြတုန်း။ လူရေပြီး မြင်းနဲ့လှည်းတွေပြင်နေတုန်းရှိသေးတယ်။ မြို့တော်ကိုပြန်ဖို့ ခဏတော့ကြာဦးမှာဆိုတော့ အပျင်းပြေ စကားပြောကြရအောင်။''

''ကွေ့ဖေးမယ်မယ် ပြောတာကို နားထောင်ပါ့မယ်။''

မုကျစ်မင်က ပြုံး၍ ပြောလိုက်၏။

''ဟုတ်ပြီ။''

ကွေ့ဖေးမယ်မယ်သည် ဖရုံစေ့ကို သေသပ်စွာ ခွာလိုက်ပြီး ဆက်ပြောသည်။

''မင်းအဖေက မာနကြီးပြီး ဂုဏ်ယူဝံ့ကြွားတတ်ပေမဲ့လို့ ဒီတစ်ခေါက် မင်းက ကူအိမ်ကသား ဖမ်းမိထားတဲ့သားကောင်ကို ရွေးလိုက်မိတာပဲ။ ဝက်ဝံရိုင်းက အားနည်းတဲ့သတ္တဝါမှမဟုတ်တာ။ ပြီးတော့ နန်းတွင်းကချီးမြှင့်တဲ့ဆုလေ။ မင်း စစ်သူကြီးကို လက်ဆောင်ပြန်ပေးသင့်တယ်။ မင်းအဖေကို စာတတ်ပေတတ်တွေရဲ့ မကောင်းတဲ့အကျင့်ကို ဘေးဖယ်ပြီး စစ်သူကြီးကူကို လက်ဆောင်ကောင်းကောင်းပေးဖို့ ပြောလိုက်။ ပြီးတော့ စစ်သူကြီးကူက လက်ဆောင်ကို လက်မခံဘူးဆိုရင် မင်းအဖေကို ဒီလိုပြောခိုင်းလိုက်။ ကျွန်တော့်ညီမ ငယ်ငယ်တုန်းက စစ်သူကြီးကူရဲ့ဇနီးက စောင့်ရှောက်ပေးခဲ့လို့ အကြွေးတင်နေခဲ့တာပါဆိုပြီး ပြောခိုင်းလိုက်။ အဲ့လိုဆို စစ်သူကြီးကူလည်း လက်ဆောင်ကို ငြင်းမှာမဟုတ်ဘူး။''

''နားလည်ပါပြီ။''

မုကျစ်မင်က နာခံစွာဖြင့် ပြန်ဖြေလိုက်သည်။

သို့သော်လည်း ထိုသို့ပြောပြီးမှ ကွေ့ဖေးမယ်မယ်သည် စစ်သူကြီးကူ၏မိသားစုဖြင့် အဆက်အသွယ်ရှိခဲ့သည်ကို သဘောပေါက်သွားသည်။ စပ်စုလိုစိတ်ဖြင့် မေးလိုက်မိသည်။

''ကွေ့ဖေးမယ်မယ်က စစ်သူကြီးကူရဲ့ဇနီးနဲ့ သိတယ်လား။''

''အင်း....''

ထိုသို့ဖြေပြီးနောက်တွင် ကွေ့ဖေးမယ်မယ်က သက်ပြင်းချလိုက်သည်။ သူ(မ)သည် လက်ထဲမှ ဖရုံစေ့များကို ဘေးချကာ ပြောလိုက်၏။

''စစ်သူကြီးကူရဲ့ဇနီးက သိမ်မွေ့ပြီးကြင်နာတတ်တယ်။ သူ(မ)က ငါ့ထက် အသက်နည်းနည်းပဲပိုကြီးတာ။ ကလေးဘဝတုန်းက ကစားဖော်ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လို့ ကံမကောင်းစွာနဲ့ သူ(မ)က ကလေးမွေးရင်းနဲ့ပဲ သေသွားခဲ့ရတယ်။ သူ(မ) စစ်သူကြီးကူနဲ့လက်ထပ်တုန်းက ငါသူ(မ)ကို စိတ်ပူခဲ့သေးတာ။ သူ(မ)က ရှက်တတ်ကြောက်တတ်ပြီး စကားလည်း ပြောခဲတယ်။ အေးစက်လွန်းတဲ့သေမင်းဘုရင်နဲ့သာ လက်ထပ်လိုက်ရရင် သူ(မ)သေချာပေါက် ခံစားရမှာလို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ စစ်သူကြီးက အတော်လေးဂရုစိုက်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ စစ်သူကြီးကူက အပြင်ပန်းမှာတော့ ရက်စက်ပြီး ကြမ်းတမ်းတဲ့ပုံပေါက်တယ်။ ဒါပေမဲ့လို့ လက်တွေ့မှာကျ နွေးထွေးကြင်နာပြီး ချစ်တတ်တဲ့သူပဲ။ သူ(မ)လိုအပ်တဲ့ ကိစ္စအသေးအမွှားလေးကအစ စောင့်ရှောက်ပေးခဲ့တယ်။ သူတို့နှစ်ယောက်က နတ်ဖက်တဲ့စုံတွဲဖြစ်ခဲ့တာ။ လူတိုင်းကလည်း အားကျခဲ့ကြတယ်။ ဒါပေမဲ့လို့ ကံမကောင်းစွာနဲ့ပဲ....သူ(မ)က....''

ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြောနေရင်းဖြင့် ကွေ့ဖေးမယ်မယ်သည် အကြိမ်ပေါင်းများစွာ ရှိုက်နေမိသည်။

''စစ်သူကြီးရဲ့ဇနီးက အစောကြီးထွက်သွားခဲ့တယ်။ လူတော်တော်များများက စစ်သူကြီးကူကို နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပေမဲ့လို့ စစ်သူကြီးကူက မကြားချင်ယောင်ဆောင်နေတယ်လေ။ အဲ့ကစပြီး စစ်သူကြီးကူက သူ့သားကို သူ့ဘာသာပဲ ပြုစုပျိုးထောင်ခဲ့တယ်။ သူ့ဇနီးကို ချစ်တဲ့အချစ်က ဘယ်လောက်တောင်နက်ရှိုင်းလိုက်သလဲ။''

မုကျစ်မင် သက်ပြင်းချလိုက်မိသည်။ မိတ်ဆွေဟောင်းကို သတိရသွားသောကြောင့် ကွေ့ဖေးမယ်မယ် မျက်လုံးများနီရဲနေသည်ကို မြင်လိုက်ရသောအခါတွင် သူ(မ)အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။ ထို့နောက်တွင် မုကျစ်မင်က မိမိအတွက်လည်း လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး ဖြည်းဖြည်းချင်းဖြင့် တစ်ကျိုက်သောက်လိုက်သည်။

''ဟုတ်သားပဲ....''

ကွေ့ဖေးမယ်မယ်က ရုတ်တရက်ပင် တစ်ခုခုကို သတိရသွားဟန်ပေါ်သည်။

''ဒီနေ့ စစ်သူကြီးကူရဲ့သား ခါးမှာ ချိတ်ထားတဲ့ ဇာမဏီနိဗ္ဗာန်ဘုံကျောက်စိမ်းပြားကို တွေ့တယ်မလား။ အဲ့ဒါက သူ့အမေရဲ့ အမွေပစ္စည်းလေ။''

''ဟွတ်....အဟွတ်....အဟွတ်....အဟွတ်....''

မုကျစ်မင်တစ်ယောက် လက်ဖက်ရည်ပင် သီးသွားလေကာ သတိလစ်မတတ် ချောင်းဆိုးနေမိတော့သည်။

***

Aurora Novel Translation Team

Translator's Note:

Crush က ကြည့်နေတာတွေ့တော့ ကူဟယ့်ရန်တစ်ယောက် ပျာယာခတ်သွားပါလေရော (≧▽≦) မုကျစ်မင်ကတော့ ကူဟယ့်ရန်က သူ့ကို တွေ့လို့ စိတ်ပျက်သွားတယ်ထင်နေတာ။ သူ့ကိုယ်သူ ကူဟယ့်ရန်ရဲ့မျက်လုံးထဲမှာ ဆွဲဆောင်မှုမရှိဘူးထင်နေတာလေ။

မုကျစ်မင်နဲ့ ကူဟယ့်ရန်ကို ဘာလို့ ဘယ်သူ့ရဲ့သား၊ ဘယ်အိမ်ကသားဆိုပြီးပဲ သုံးနှုန်းရတာလဲဆိုတော့ သူတို့က ငယ်ကြသေးလို့ပါ။ မုကျစ်မင်က (၁၄) (၁၅) လောက်ပဲရှိသေးပြီး ကူဟယ့်ရန်က (၁၆) နှစ်ပဲ ရှိပါသေးတယ်။ ခုထိ ဘွဲ့ထူးတွေမရှိကြသေးပါဘူး။ ရင်းနှီးတဲ့မိတ်ဆွနဲ့ ဆွေမျိုးတွေကပဲ လီကျူးနဲ့ ယွီယိဆိုပြီး ခေါ်ကြတာပါ။

(၁) ချန် 臣 - ဒီစကားလုံးက အစေခံက ဒူးထောက်အရိုအသေပေးတာမျိုးကို ပြောတာပါ။ အမတ်နဲ့အုပ်ချုပ်သူဆိုတာက သခင်နဲ့ အစေခံဆက်ဆံရေးပါပဲ။ ရှေးခေတ်အချိန်တုန်းက အမတ်တွေက မင်းကြီးရှေ့မှာ သူတို့ကိုယ်သူတို့ ချန် (ကျွန်တော်မျိုး) ဆိုပြီး သုံးကြပါတယ်။

(၂) ဇာမဏီဌက်ငယ်ရဲ့တွန်ကျူးသံ 雏凤清声 - လူငယ်မျိုးဆက်တွေက အရင်မျိုးဆက်ထက် ပိုပြီးပါရမီရှိတယ်လို့ ပြောတာပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment