အခန်း (၃) - အရာအားလုံးကို ပြန်ရရှိပြီး ပြန်လည်မွေးဖွားလာရတာ ငါ ကံကောင်းတာပဲ
ယန်မြို့စား မုပေါ်ရန်သည် သူတို့၏ အဆောင်ခန်းတွင် ဇနီးဖြစ်သူ ကုန်းသခင်မနှင့်အတူ နံနက်စာ စားနေရင်း 'နွေဦးအမဲလိုက်ပွဲ' အကြောင်း ပြောဆိုနေကြ၏။
"တော်ဝင်ကွေ့ဖေးမယ်မယ်က ကိုယ်တို့ရဲ့ မောင်နှမ ဆက်ဆံရေးကို ပြန်သတိရပြီး ကိုယ်နဲ့ မုကျစ်မင်ကို ရက်အနည်းငယ်အတွင်း နန်းတော်ကို ခေါ်ပြီး ဧကရာဇ်မင်းမြတ်နဲ့ တွေ့ဆုံဖို့ ပြောခဲ့တယ်။ ကိုယ်တို့အတူတူ ကျိူ့ချွမ်တောင်ကိုသွားပြီး နွေဦးအမဲလိုက်ပွဲမှာ ပါဝင်ကြမှာ။"
"ဒါက တကယ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဧကရာဇ်ရဲ့ ကျေးဇူးတော်ပဲ။ တော်ဝင်ကွေ့ဖေးရဲ့ ကြင်နာမှုကို ရှင် လျစ်လျူမရှုသင့်ဘူး။"
"အင်း။"
မုပေါ်ရန် ခေါင်းညိတ်လိုက်သည်။
"လီကျူးကို ငယ်ငယ်ကတည်းက တော်ဝင်ကွေ့ဖေးက ချစ်ခင်ခဲ့တာ။ တော်ဝင်ကွေ့ဖေးက ကိုယ်တို့ သူ့ကို နန်းတော်ကို ခေါ်လာပြီး ဂါရဝမပြုတာ ကြာပြီဆိုတော့ သူ့ကို သတိရလို့ ကိုယ်တို့ကို ခေါ်တာဖြစ်မယ်။ ဒါကြောင့် ဒီနှစ်..."
ယန်မြို့စား စကားမဆုံးခင်မှာပဲ အဆောင်ခန်းတံခါး ပွင့်သွားပြီး လူတစ်ယောက် အတင်းဝင်လာတာကြောင့် အခန်းထဲက လူအားလုံး လန့်သွားကြသည်။
မုကျစ်မင်၏ ရှည်လျားသော ဆံနွယ်များမှာ ပြေလျော့ကာ ဖရိုဖရဲဖြစ်နေပြီး အဝတ်အစားများမှာလည်း ရှုပ်ပွနေသည်။ ခြေထောက်တွင် စီးထားသော အဝတ်ဖိနပ်ကိုတောင် သူ့အား ဒီကိုလာသည့် လမ်းတစ်ဝက်၌ ချိုင်ဝေ့က အလျင်စလို စွပ်ပေးခဲ့ခြင်းဖြစ်သည်။
"အဖေ၊ အမေ...."
မုကျစ်မင်သည် သူတို့အား မြင်သည်နှင့် ခုနကမှ သုတ်ထားသော မျက်ရည်များ ရုတ်တရက် ပြန်ပေါ်လာသည်။ ဆုံးရှုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိခြင်း၏ ခံစားချက်ကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ပေ။ ရုတ်တရက် ရေကာတာတစ်ခု ကျိုးသွားကာ အရာအားလုံးကို အားနှင့်အင်နှင့် လောင်းချလိုက်သည့်နှယ်။
"လီကျူး၊ ဘာဖြစ်တာလဲ။"
မုပေါ်ရန် ရုတ်တရက် ထရပ်လိုက်သည်။ သူ့ရှေ့မှ စည်းမဲ့ကမ်းမဲ့နှင့် မသပ်ရပ်သော ဆယ်ကျော်သက်သည် တကယ်တမ်း သူ၏သားဖြစ်သည်ကို မယုံနိုင်ဖြစ်နေမိ၏။
ဉာဏ်ရည်ထက်မြက်သော ကုန်းသခင်မသည် အခန်းတွင်း၌ ရှိနေသော အစေခံများကို ချက်ချင်း ထွက်သွားစေပြီး
"လီကျူး၊ အမေ့အချစ်ကလေး၊ ဘာဖြစ်တာလဲ။ မင်းအမေနဲ့ စကားပြောရမှာ မကြောက်နဲ့။"
ထို့နောက် မုကျစ်မင်သည် ကုန်းသခင်မရှေ့တွင် ဒူးထောက်ကာ ငိုကြွေးလေသည်။
"အမေ၊ ကျွန်တော် အောင်မြင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ ကျွန်တော့်ရဲ့ အမှားတွေကို ပြန်ပြင်ဆင်ဖို့ ကြိုးကြိုးစားစား လေ့လာပါ့မယ်။ ကျွန်တော် နှိမ့်ချစွာ နေထိုင်ပြီး အမေတို့ကို ကာကွယ်မယ်၊ မုမိသားစုကိုလည်း ကောင်းကောင်း ဂရုစိုက်ပါ့မယ်။ ကျွန်တော့်ကို ကျေးဇူးပြုခဲ့တဲ့သူတွေကိုလည်း စိတ်ပျက်အောင် မလုပ်ပါဘူး။ မဟုတ်မမှန် စွပ်စွဲချက်တွေကို ဖယ်ရှားပြီး အဂတိလိုက်စားမှုတွေကို ဖျက်ဆီးဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောင်းလဲပစ်ပါ့မယ်။ ကျွန်တော် သစ်ရွက်တစ်ရွက်ကြောင့် မျက်စိကွယ်ပြီး တခြားသူတွေရဲ့ သနားညှာတာမှုအောက်ကို ရောက်သွားမှာ မဟုတ်တော့ပါဘူး။"
"အိုး..အမေ့ရဲ့!"
ကုန်းသခင်မမှာ သူ(မ)၏သား ဤကဲ့သို့ ငိုကြွေးနေသည်ကို မြင်သောအခါ အလွန်အမင်း နှလုံးနာကျင်သွားသဖြင့် မုကျစ်မင်ကို သူ(မ)၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"ဘာဖြစ်တာလဲ။ မင်းအဖေက မင်းရဲ့စာကျက်ဝိုင်းအကြောင်း ဆူပူလို့ ဒီလိုဖြစ်နေတာလား။"
"ဒီရက်ပိုင်း ကိုယ် သူ့ကို မဆူရသေးပါဘူး။"
မုပေါ်ရန်က သူ့ကိုယ်သူ ခုခံပြောဆိုလိုက်သည်။
"ကိုယ့်မှာ အပြစ်မရှိဘူး။"
"အဖေ!"
ထို့နောက် မုကျစ်မင်က မုပေါ်ရန်ကို ကြည့်ကာ ထပ်မံငိုကြွေးလေသည်။
"တော်ဝင်မိသားစုရဲ့ အင်အားပြိုင်ဆိုင်မှုတွေဆိုတာ သွေးချောင်းစီးပြီး ခက်ခဲတဲ့ လမ်းတစ်ခုပါ။ ဂရုမစိုက်မိရင် မြှုပ်နှံစရာမရှိဘဲ သေသွားပါလိမ့်မယ်! အာ..အဖေ စကားပြောဆို လုပ်ကိုင်တာတွေကို သတိထားပါ! အဖေက သူငယ်ချင်းဟောင်းတွေနဲ့ မာကျောက်ကစားပြီး လက်ဖက်ရည်သောက်ရုံနဲ့ မလုံလောက်ဘူးလား။ ကျွန်တော်တို့ကို ကာကွယ်ဖို့အတွက် ဒီလို ရွှံ့နွံထူထပ်တဲ့ အခြေအနေထဲကို ဝင်ဖို့လိုသေးလို့လား။"
"ဒီကလေး! ဘာတွေ လျှောက်ပြောနေတာလဲ။"
မုပေါ်ရန်၏ မျက်နှာသည် ကြောက်လန့်တကြား ဖြူဖျော့သွားပြီး စားပွဲကို ရိုက်လိုက်၏။
"'မြှုပ်နှံစရာမရှိဘဲ သေမယ်' ဆိုတာ ဘာလဲ။ 'အင်အားပြိုင်ဆိုင်မှု' ဆိုတာကရော။ တော်ဝင်တရားရုံးက လက်ရှိမှာ စည်းစနစ်တကျ ရှိနေတာ။ သူတို့တွေကြားမှာ ဘယ်မှာ ပဋိပက္ခရှိလို့လဲ။ မင်း ဘာလို့ ဒီလိုစကားတွေ ပြောနိုင်ရတာလဲ။ ဒါက ပြောဖို့ မကောင်းတဲ့ အရာမဟုတ်ဘူး!"
"တော်ပါတော့၊ တော်ပါတော့။ အခန်းထဲမှာ သူစိမ်းမရှိပါဘူး၊ သူ ဘာပြောပြော အရေးမကြီးပါဘူး။ ဒါ့အပြင် သူက ငယ်သေးတယ်။ နိုင်ငံရေးပြိုင်ဆိုင်မှုတွေအကြောင်း သူ ဘာနားလည်မှာလဲ။ သူ အပျင်းပြေဖတ်စရာ စာအုပ်တချို့ ဖတ်ပြီး အိပ်မက်ဆိုးတွေမက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ လီကျူး၊ မငိုနဲ့တော့၊ လျှောက်လည်းပြောမနေနဲ့တော့။ ကြည့်စမ်း၊ မင်းအဖေ လန့်သွားပြီ။"
ကုန်းသခင်မက မုကျစ်မင်၏ ကျောပြင်ကို ထပ်ကာထပ်ကာ ပွတ်သပ်ပေးရင်း သူ့ကို နှစ်သိမ့်ရန် ကြိုးစားနေသည်။
မုပေါ်ရန်က မုတ်ဆိတ်ကို ပွတ်သပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့လက်များကို နောက်ကျောတွင် ထားကာ မုကျစ်မင်ကို ဆုံးမလေသည်။
"မင်းက စာလေးအုပ်နဲ့ ဂါထာငါးခုကို မဖတ်ချင်ဘဲ မင်းရဲ့စိတ်ကို လွှမ်းမိုးတဲ့ အဲ့ဒီ ရောထွေးနေတဲ့ ပုံပြင်တွေကိုပဲ ဖတ်ချင်နေတာ! မင်းရဲ့ မသပ်ရပ်တဲ့ အသွင်အပြင်ကို အခုကြည့်စမ်း၊ ရှက်စရာကောင်းလိုက်တာ! ချိုင်ဝေ့ ဘယ်မှာလဲ။ ချိုင်ဝေ့! မြန်မြန် ငါ့သားကို သူ့အဆောင်ခန်းကို ပြန်ခေါ်သွားပြီး သေသေချာချာ ဝတ်ဆင်ပေးလိုက်စမ်း!"
ကြက်များ လန့်ပျံကာ၊ ခွေးများ ခုန်ပေါက်လောက်သော နံနက်ခင်း၏ အုတ်အော်သောင်းတင်းဖြစ်မှုသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့၏။ အရာအားလုံးသည် အိပ်မက်ကြီးတစ်ခုကဲ့သို့ ခံစားရသော်လည်း နောက်ဆုံးတွင် ဉာဏ်အလင်းရစေသော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။
အဆောင်ခန်းအတွင်း၌ မုကျစ်မင် ကြေးမုံထဲတွင် သူ၏ နုနယ်ပြီး ငယ်ရွယ်သော မျက်နှာကို ကြည့်နေရင်း ပြန်လည်မွေးဖွားလာခြင်း၏ တုန်လှုပ်ချောက်ချားမှုမှ ဖြည်းဖြည်းချင်း သက်သာလာသည်။
အတိတ်က အဖြစ်အပျက်များကို သူစဉ်းစားနေစဉ် အရှုပ်ထွေးဆုံးအရာမှာ သူသေဆုံးပြီးနောက် ကူဟယ့်ရန်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
'ဖြစ်နိုင်တာက....'
'အရင်ဘဝက ကူဟယ့်ရန်ရဲ့ လက်ဆောင်နဲ့ ငါ့ကိုယ်ငါ သတ်သေခဲ့လို့များလား။ အဲ့ဒါကြောင့် သေခြင်းရဲ့ ရှုပ်ထွေးမှုတွေထဲမှာ သူ့ကို တွေ့ခဲ့တာလား။'
မုကျစ်မင် ယခင်ဘဝတွင် သူ၏လက်ကောက်ဝတ်ကို ဖြတ်ရန်အသုံးပြုခဲ့သော ဓားသည် ယူယန်ဓားမြှောင်အစုံမှ သူအမြဲတမ်း ဆောင်ထားသော သေးငယ်သည့် ဓားမြှောင်တစ်ခုဖြစ်သည်။
ထိုလက်ဆောင်ကို မုကျစ်မင် ငယ်စဉ်က သူ၏မွေးနေ့တွင် ကူဟယ့်ရန်က ပေးခဲ့ခြင်းဖြစ်သည်။
ယခင်ဘဝတွင် အိမ်တော်ကို သိမ်းဆည်းခံရစဉ် မုကျစ်မင်သည် ရှုပ်ထွေးမှုများကို အခွင့်ကောင်းယူကာ သူ့ကိုယ်သူ ကာကွယ်ရန် ဓားမြှောင်တစ်ခုကို ဝှက်ထားခဲ့သည်။ နောက်မှသာ ၎င်းသည် သေးငယ်သော ယူယန်ဓားမြှောင် (၁) ဖြစ်ကြောင်း သူသိခဲ့ရသည်။
'ဒါကြောင့်များလား....'
"သခင်လေး"
ညင်သာသော ခေါ်သံတစ်ခုသည် မုကျစ်မင်၏ အတွေးများကို ပစ္စုပ္ပန်သို့ ပြန်လည်ဆွဲခေါ်သွားသည်။ သူ ခေါင်းထောင်လိုက်သောအခါ ချိုင်ဝေ့က သူ့ဆံပင်ကို စည်းနှောင်ပေးထားသည်အား တွေ့လိုက်ရသည်။ သူ ကြေးမုံမှတစ်ဆင့် သူ့ကိုယ်သူ ကြည့်လိုက်သောအခါ ထူးခြားပြီး အတုမဲ့ ချောမောသော လူငယ်တစ်ဦး၏ မျက်နှာကို တွေ့မြင်ခဲ့ရသည်။
"သခင်လေး၊ ညက အိပ်မက်ဆိုး မက်ခဲ့လို့လား။ အဲ့ဒါဆို ကျွန်တော်မျိုးမ ဒီည မအိပ်ခင် မီးခွက်ထဲမှာ ထွန်းညှိဖို့ စိတ်ငြိမ်စေတဲ့ နံ့သာတချို့ သွားယူခိုင်းလိုက်ပါမယ်။"
ချိုင်ဝေ့က ရေနွေးတွင် စိမ်ထားသော ပဝါကိုယူကာ မုကျစ်မင်၏ လက်နှင့် လက်ကောက်ဝတ်များကို ညင်သာစွာ သုတ်ပေးခဲ့သည်။
မုကျစ်မင် သူ(မ)၏ နူးညံ့သိမ်မွေ့ပြီး အမြော်အမြင်ရှိသော အသွင်အပြင်ကို ကြည့်နေမိသည်။ ယခင်ဘဝမှ သူ(မ)ကို သူ မမှတ်မိဘဲ မနေနိုင်တော့ပေ။ ချိုင်ဝေ့သည် အိမ်တော်သိမ်းဆည်းခံရစဉ်အတွင်း မုကျစ်မင်ကို ကာကွယ်ရန် အိမ်တော်ရှေ့ရှိ ကျောက်တံခါးအဆင့်များမှ ပြုတ်ကျခဲ့သည်။ ထိုအချိန်တွင် ချိုင်ဝေ့သည် ကိုယ်ဝန်ခြောက်လရှိပြီဖြစ်သည်။ ပြုတ်ကျသောကြောင့် ခြေလှမ်းများတွင် သွေးစွန်းထင်းကျန်ခဲ့ပြီးနောက် ချိုင်ဝေ့နှင့် သူ(မ)၏သားသည် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးခဲ့ရသည်။
"ချိုင်ဝေ့ကျဲ"
မုကျစ်မင် ရုတ်တရက် ပြောလိုက်သည်။
"ကျဲ သေချာပေါက် ကောင်းတဲ့ယောက်ျားကို ယူရလိမ့်မယ်။ ကျဲမှာ သားသမီးမြေးမြစ်တွေ ဝိုင်းရံနေတဲ့ ကောင်းတဲ့ မိသားစုတစ်ခု ရှိလာလိမ့်မယ်။"
အဆောင်ခန်းမှ မထွက်ရသေးသော ချိုင်ဝေ့သည် ဤစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ မျက်နှာရဲရဲဖြင့် သူ(မ)က ပြောလာသည်။
"သခင်လေး၊ ကျွန်မကို နောက်မပါနဲ့။"
"ဟုတ်ပါပြီလေ၊ အားယင်ရော၊ သူ ဘယ်မှာလဲ။"
မုကျစ်မင် သူ၏လက်ကို ပွတ်သပ်ကာ ဖြည်းဖြည်းချင်း ထရပ်ရင်း မေးလိုက်သည်။
မုကျစ်မင် ထိုသို့ပြောလိုက်သည်နှင့် လူငယ်တစ်ဦးသည် လေပြင်းတစ်ခုကဲ့သို့ အခန်းထဲသို့ ပြေးဝင်လာသည်။ ထိုလူငယ်သည် အသက် ၁၄ နှစ်ခန့်ရှိပြီး နီလာရောင် လက်ပတ်ပါသော ကိုယ်ရံတော်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ဆံပင်ကို မီးခိုးပြာရောင် ဖဲကြိုးဖြင့် မြင့်မြင့် စည်းနှောင်ထားသည်။ သူ၏ခန္ဓာကိုယ်တွင် မည်သည့်အသုံးအဆောင်ပစ္စည်းမှ မပါရှိသော်လည်း လက်တစ်ဖက်တွင် ငှက်ဥတစ်လုံးကို ကိုင်ထားသည်။ ဝမ်းဟယ်ယင်သည် အိပ်ရာဆီသို့ အလျင်အမြန် လျှောက်လာရင်း
"သခင်လေး ကျွန်တော့်ကို ခေါ်ပါသလား။ ကျွန်တော် ခုနကပဲ ခြံထဲက မိုးမခပင်မှာရှိတဲ့ ငှက်သိုက်ထဲက ငှက်ဥတွေကို ဖယ်နေတာပါ!"
၀မ်းဟယ်ယင်သည် မုကျစ်မင်၏ ကိုယ်ရံတော်ဖြစ်သည်။ သူတို့သည် အသက်ရွယ်တူဖြစ်ပြီး ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းခဲ့ကြ၏။ သခင်နှင့် အစေခံဖြစ်သော်လည်း ညီအစ်ကိုများကဲ့သို့ပင်။
၀မ်းဟယ်ယင်က မုကျစ်မင်ရှေ့တွင် ရပ်လိုက်သည်နှင့် မုကျစ်မင်က ချက်ချင်းဆိုသလို သူ့ကို ဖက်ရန် လက်လှမ်းလိုက်သောကြောင့် ၀မ်းဟယ်ယင်မှာ ကြောက်လန့်တကြား အလွန်အမင်း တောင့်တင်းသွားပြီး ကြွက်သားတစ်ခုကိုပင် မရွှေ့ရဲတော့ပေ။
လက်မောင်းများအား အမှန်တကယ် နွေးထွေးသော ခံစားချက် ရောက်ရှိလာသောအခါ မုကျစ်မင်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး နှာခေါင်းထိပ်သည်လည်း နာကျင်လာသလို ခံစားရသည်။
မုကျစ်မင်သည် သူ၏ခံစားချက်များကို ဤသို့ ထုတ်ဖော်ပြသခြင်း မပြုသင့်ကြောင်း သိသော်လည်း သူ မတတ်နိုင်ခဲ့ပေ။
သူ၏နောက်ဆုံးဘဝတွင် မုမိသားစုသည် ရာဇဝတ်မှုတစ်ခုကြောင့် ဒုက္ခရောက်ခဲ့သည်။ ထိုအချိန်တွင် ၀မ်းဟယ်ယင်က တစ်စုံတစ်ယောက်ထံ အကူအညီတောင်းရန် သွားမည်ဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် ၀မ်းဟယ်ယင်ကား နှစ်ရက်နှင့်နှစ်ည ပျောက်ဆုံးသွားခဲ့သည်။
တတိယမြောက်နေ့တွင် ၀မ်းဟယ်ယင်ကို လမ်းမပေါ်တွင် အဝတ်အစားများ စုတ်ပြဲလျက်၊ ခန္ဓာကိုယ်တွင် အညိုအမည်းများနှင့် သွေးစွန်းနေသော ကြိမ်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ မုကျစ်မင်နှင့် ၀မ်းဟယ်ယင်တို့သည် ယင်နှင့်ယန် (၂) ဖြင့် ကွဲကွာသွားခဲ့ကြသည်။
ဒီအချိန်၌ ထိုမျှလောက်ကြာမြင့်သော ကာလတစ်ခုအပြီးတွင် မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ကြသောအခါ မုကျစ်မင် ဝမ်းသာလွန်း၍ မငိုဘဲ မနေနိုင်တော့ပေ။
မုကျစ်မင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေစဉ် ၀မ်းဟယ်ယင်က အနည်းငယ် ရှက်ရွံ့စွာဖြင့်
"သခင်လေး...."
မုကျစ်မင်: "ဟမ်?"
၀မ်းဟယ်ယင်: "ကျွန်တော် သခင်လေးကို 'အဲ့လို' မကြိုက်ဘူး။"
မုကျစ်မင်: "...."
ထို့နောက် ၀မ်းဟယ်ယင်က ဖြောင့်မတ်စွာ ပြောလာသည်။
"သခင်လေးအနေနဲ့ ကျွန်တော့်လိုမျိုး မြင့်မြတ်တဲ့ ယောက်ျားကို ဇနီးအဖြစ် အတင်းအကျပ် ယူလို့မရပါဘူး။ ကျွန်တော်က သခင်လေးတို့ မိသားစုနဲ့ ဆက်နွယ်နေပုံရပေမဲ့ သခင်လေး အာဏာကို အသုံးချပြီး ကျွန်တော့်ရဲ့ ဖြူစင်မှုကို မဖျက်ဆီးသင့်ပါဘူး။"
မုကျစ်မင်: "..."
၀မ်းဟယ်ယင်: "အိုင်းယား..ထူးချွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာက တော်တော် စိတ်ပျက်စရာပဲ။ သခင်လေးက ကျွန်တော့်ကို ကြိုက်တယ်ဆိုရင်လည်း နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ ခံစားချက်တွေ တူညီမှုရှိမရှိကို ဂရုစိုက်သင့်တယ်။ သခင်လေး၊ ကျွန်တော့်ကို အတင်းအကျပ် မလုပ်ခိုင်းပါနဲ့၊ ကျွန်တော် နာခံမဲ့အစား သေပဲသေလိုက်မှာ။"
မုကျစ်မင်: "...."
ဤအချိန်တွင် ထိုသို့သော နောက်ပြောင်မှုများကြောင့် ယခင်ဘဝက ၀မ်းဟယ်ယင် သေဆုံးခဲ့ရသည့် ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး မုကျစ်မင်၏ နှလုံးသားထဲတွင် ပြန်လည်ဆုံစည်းရခြင်း၏ ခံစားချက်များသာ လှိုက်လှဲစွာ တက်လာခဲ့သည်။
ဟုတ်တယ်၊ သူ အိမ်ပြန်ရောက်ပြီ။ သူဟာ နွေဦးကို ဝမ်းမနည်းသင့်၊ ဆောင်းဦးကို မနာကျင်သင့်တဲ့ တက်ကြွတဲ့ လူငယ်တစ်ယောက်။ ဘဝမှာ ဘာမှ စိုးရိမ်ပူပန်စရာ မရှိသင့်ဘူး။
မုကျစ်မင်သည် သူ၏ အတွေးအားလုံးကို အတွင်းပိုင်းနက်နက်တွင် ဝှက်ထားကာ တောက်ပသော မျက်လုံးများကို ကွေးညွတ်ရင်း ပြုံးလိုက်ပြီး
"ဟုတ်လား။ ဘယ်လိုမှ မင်းကို မရနိုင်ဘူးဆိုရင်တော့ မင်းကို လည်ပင်းပဲ ညှစ်သတ်ပစ်လိုက်မယ်။"
၀မ်းဟယ်ယင်က အော်ဟစ်လိုက်သည်။
"ချိုင်ဝေ့ကျဲ! ကယ်ပါဦး! သခင်လေးက ကျွန်တော့်နှလုံးသားကို မရနိုင်တော့လို့ ကျွန်တော့်ကို သတ်တော့မယ်!"
ချိုင်ဝေ့က သူ(မ)၏ နှုတ်ခမ်းကို ဖုံးအုပ်ကာ မရယ်မိအောင် ထိန်းထားလိုက်ရင်း ထိုလူငယ်နှစ်ဦး ပုံမှန်အတိုင်း ရယ်မောကာ နောက်ပြောင်နေသည်ကို ကြည့်နေခဲ့သည်။
ရုတ်တရက် အစေခံငယ်လေးတစ်ဦးသည် တံခါးကို ခေါက်ကာ အလျင်အမြန် ပြောလာ၏။
"သခင်လေး၊ မြို့စားမင်းနဲ့ သခင်မကြီးတို့က သခင်လေးကို ဘေးခန်းမကို ဆင့်ခေါ်ခိုင်းလိုက်ပါတယ်။ သူတို့မှာ သခင်လေးကို ပြောစရာ အရေးကြီးကိစ္စရှိပါတယ်တဲ့!"
***
Aurora Novel Translation Team
Translator's Note:
(၁) 鸳鸯携匕首 (yuān yang xié bĩ shǒu): ယူယန် (鸳鸯 yuān yang) ဆိုတာ "မန်ဒရင်းဘဲများ" လို့ အဓိပ္ပာယ်ရပါတယ်။ ပုံမှန်အရွယ် ဓားမြှောင်နှစ်ချောင်းက မန်ဒရင်းဘဲအတွဲကို ကိုယ်စားပြုပြီး သေးငယ်တဲ့ ဓားမြှောင်က သူတို့ရဲ့ကလေးကို ကိုယ်စားပြုပါတယ်။ တရုတ်ယဉ်ကျေးမှုမှာ မန်ဒရင်းဘဲတွေက ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ရေးပေါင်းစည်းမှုနဲ့ သစ္စာရှိမှုရဲ့ သင်္ကေတပါ။
(၂) 阴阳相隔 (yīn yáng xiāng gé): တရုတ်စကားပုံတစ်ခုဖြစ်ပြီး သေပြီးနောက် လူတွေ ကွဲကွာသွားတယ်လို့ ဆိုလိုတာပါ။ အသက်ရှင်သူတွေက ကမ္ဘာပေါ်မှာရှိပြီး ကမ္ဘာကို ယန်လောက (阳间 yáng jiān) လို့လည်း လူသိများပါတယ်။ သေဆုံးသူတွေကတော့ ယင်လောက (阴间 yīn jiān) လို့လည်း လူသိများတဲ့ မရဏလောကကို သွားကြပြီး အဲ့ဒါက ယန်လောကနဲ့ ကွဲပြားတဲ့နေရာဖြစ်တာမို့ သေဆုံးသူတွေကို အသက်ရှင်သူတွေနဲ့ ခွဲခြားထားတယ်လို့ ပြောကြတာပါ။