အခန်း (၆) - အပြစ်များတဲ့အချစ်ရဲ့အစက အရိုးထဲထိစိမ့်တက်သွားစေတဲ့ အဆိပ်လိုမျိုးပဲ
နွေဦး၏ စိမ်းလန်းနေသောမြက်ပင်များကို တက်နင်းကာ လေကို ဖြတ်ကျော်ပြီး ဖူရီတစ်ယောက် မြင်းစီး၍ရောက်လာသည်။ ထို့နောက်တွင် မုကျစ်မင်အရှေ့၌ မြင်းကိုရပ်လိုက်သည်။ သူသည် မုကျစ်မင်ထက် နှစ်နှစ်သာကြီး၏။ အသက် (၁၆) နှစ်တွင် သူ၏ပုံပန်းသွင်ပြင်က လွန်စွာမှ ငယ်သွေးကြွနေဟန်ပေါ်သည်။
သို့သော်လည်း သိမ်မွေ့သောမျက်ဝန်းနှင့် ဖြေလျှော့ထားသောမျက်ခုံးများ နောက်ကွယ်တွင် တွက်ချက်တတ်သောစိတ်သဘောထားကို ဖုံးကွယ်ထားသည်။ နန်းတော်၏အနီရောင်တံတိုင်းများက လောကကြီးရှိ အထီးကျန်ဆုံးနှင့်မာနအကြီးဆုံးလူများကို ထိုးဖောက်မြင်ရသည်ဟူသောဆိုရိုးကဲ့သို့ပင်။
''လီကျူး မင်းကိုမတွေ့ရတာ အတော်လေးကြာပြီ။ မင်းအကြောင်းကိုတောင် မကြာခဏစဉ်းစားနေမိသေးတယ်။ နေကောင်းရဲ့လား။''
ဖူရီက မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးပြရင်းဖြင့် မေးလိုက်သည်။
မုကျစ်မင်၏မျက်လုံးထဲတွင် သက်ဝင်လှုပ်ရှားသွားမှု တစ်ချက်မရှိဘဲဖြင့် ဘယ်ဘက်လက်ကို ညာဘက်လက်ဖြင့်အုပ်၍ အရိုအသေပေးလိုက်သည်။
''နှုတ်ခွန်းဆက်သပါတယ် မင်းသားငါး။''
''ဘာလို့ အဲ့လောက်သူစိမ်းဆန်နေရတာလဲ။ ကိုယ်တို့ကလေးဘဝတုန်းက နန်းတော်ထဲမှာတွေ့တိုင်း မင်းက ကိုယ့်ကို ဖူရီကောကောလို့ပဲ ခေါ်ခဲ့တာမလား။''
ဖူရီက စကားကို ရယ်သွမ်းသွေးကာပြောလိုက်ခြင်းဖြစ်သည်။
''အဲ့တုန်းက ကျွန်တော်မျိုးက ကလေးမို့လို့ စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ခဲ့သလို ကျင့်ဝတ်တွေကိုလည်း သတိမထားမိခဲ့လို့ပါ။ ကျွန်တော်မျိုးရဲ့ရိုင်းပျခဲ့မှုအတွက် ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ် မင်းသားငါး။''
မုကျစ်မင်က ထူးခြားစွာဖြင့်သာ ပြန်ဖြေလိုက်သည်။
ဖူရီ၏မျက်လုံးထဲတွင် တွေဝေသွားသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာသော်လည်း ပြုံး၍ ပြန်ပြောလိုက်သည်။
''ယန်မြို့စားမင်းက ပါရမီထူးချွန်ပြီး ပညာရည်ပြည့်ဝတယ်လို့ ကြားဖူးတယ်။ အဖေက ကျားဖြစ်နေမှတော့ သားက ဘယ်လိုလုပ်ခွေးဖြစ်တော့မှာလဲ။ စောနက ကိုယ့်ခမည်းတော်ကို မင်းပြန်ဖြေလိုက်တာက တကယ်အထင်ကြီးစရာပဲ။''
''မင်းသားငါး ချီးကျူးပေးတာအတွက် ကျေးဇူးတင်ပါတယ်။''
မုကျစ်မင်က မျက်လွှာချ၍ ဆက်ပြောလေသည်။
''ဒီနေ့ မင်းသားတွေ အမဲလိုက်လို့ရတဲ့သားကောင်တွေကို မင်းကြီးဆီ ဆက်သရမယ်လို့ ကြားတယ်။ မင်းသားငါးက ကျွန်တော်မျိုးနဲ့ ဒီလိုမျိုးစကားပြောနေရင် ရှားပါးတိရစ္ဆာန်တွေကို အခြားသူတွေ ဦးသွားမှာပေါ့။ အဲ့လိုသာ ဖြစ်သွားရင် မင်းကြီးကို မျက်နှာပြဖို့ အရှက်ရနေပါဦးမယ်။''
ဖူရီက ပြုံး၍ ပြောလိုက်သည်။
''အမှန်ပဲ။ အဲ့လိုဆို ကိုယ်သွားပြီ။''
လက်သီးဆုပ်ပြ၍ နှုတ်ဆက်ပြီးနောက်တွင် ဖူရီသည် မြင်းကို ကြာပွတ်ဖြင့်လွှဲရိုက်လိုက်ကာ တောအုပ်ထဲသို့ ထွက်သွားလေသည်။
မုကျစ်မင်သည် တောထဲ၌ ဖူရီ၏ပုံရိပ် လုံးဝပျောက်ကွယ်သွားသည်ကို မြင်သောအခါမှသာ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထို့နောက်တွင် ခေါင်းငုံ့ကြည့်လိုက်သောအခါ၌ လက်များက မြင်းဇက်ကြိုးကို အားဖြင့် အတင်းဆုပ်ကိုင်ထားသဖြင့် အရေပြားကပင် ဒဏ်ရာအနည်းငယ်ရ၍ သွေးစို့နေသည်ကို တွေ့လိုက်ရ၏။ မုကျစ်မင်သည် ဆုပ်ထားသောလက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးလိုက်သောအခါ၌ စူးခနဲဝေဒနာကို ခံစားလိုက်ရသည်။
ရင်ဘတ်ထဲ၌ ဒေါသများ မည်မျှတောက်လောင်နေသည်ကို ပြသနေသည့်သက်သေပင်။
ထိုအချိန်တွင် မုကျစ်မင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်မိသည်။
''ငါက ဖူရီကို မမုန်းနိုင်ဘူးလို့များ ထင်နေတာလား။ ဘယ်လိုလုပ် သူ့ကို မမုန်းဘဲ နေနိုင်မှာလဲ။''
အတိတ်ဘဝက နွေဦးအမဲလိုက်ပွဲ၌ မုကျစ်မင်သည် ရေကန်အနက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့သည့်အတွက် ဖူရီက ကယ်ပေးခဲ့သည်။ ထိုအချိန်မှစ၍ မုကျစ်မင်က ထိုအသက်ကြွေးကို မေတ္တာသက်ဝင်စွာဖြင့် ပြန်လည်ပေးဆပ်ရန် ကြိုးစားခဲ့သည်။ ထိုသို့လုပ်ရင်းဖြင့် ဖူရီနှင့် ပို၍ရင်းနှီးလာပြီး နန်းတွင်းညီလာခံ၌ ဖူရီကို နေရာရရန်အတွက် အကြိမ်ပေါင်းများစွာ အကြံပေးခဲ့သည်။
သို့သော် ဘာဖြစ်သွားခဲ့သနည်း။
ထို့နောက်တွင် မုကျစ်မင်၏အဖေ မုပေါ်ရန်၏အကြောင်းက အစီရင်ခံစာတစ်စောင်၌ ပါလာခဲ့သည်။ ထိုအစီရင်ခံစာတွင် မုပေါ်ရန်နှင့် ရှန်အရှင် (၁) ဖူကျီအန်းတို့သည် နန်းလုရန် ရည်ရွယ်ချက်ဖြင့် ပုန်ကန်ကြတော့မည်ကို လျှို့ဝှက်ထုတ်ဖော်လိုက်သောအစီရင်ခံစာဖြစ်နေပေသည်။
ထိုအချိန်က မင်းကြီးသည် အိပ်ရာထဲတွင် နာမကျန်းဖြစ်နေခဲ့ကာ အိမ်ရှေ့စံက တိုင်းပြည်ကို တာဝန်ယူအုပ်ချုပ်ခဲ့သည်။ ထိုအကြောင်းကို သိသောအခါ၌ အိမ်ရှေ့စံက ဒေါသပုန်ထသွားပြီး တရားရေးဌာနနှင့်နန်းတွင်းညီလာခံကို ထိုအမှုကို စုံစမ်းရန် အမိန့်ချခဲ့၏။
ထို့နောက်တွင် သက်သေအထောက်အထားများ ခိုင်လုံကာ အမှန်တရားက တောင်ကဲ့သို့ပင် မယိိမ်းမယိုင်ပေါ်လာသည်။ ငြိမ်းချမ်းနေသောယန်အိမ်တော်သည် ညတွင်းချင်းပင် သုတ်သင်ခံရတော့၏။ မုပေါ်ရန်သည် သေမိန့်ကျခဲ့ကာ သုံးလကြာပြီးနောက် ခေါင်းဖြတ်ကွပ်မျက်ခံရသည်။ မိသားစုမျိုးဆက်သုံးဆက်က နယ်နှင်ဒဏ်ပေးခံခဲ့ရသည်။ ရှန်အရှင်ဖူကျီအန်းသည်လည်း အဆိပ်ချီးမြှင့်ခံရကာ တော်ဝင်ကွေ့ဖေးက ဖန်ယိနန်းဆောင်တွင် မိမိဘာသာ သတ်သေသွားခဲ့သည်။
သို့သော်လည်း မုပေါ်ရန်သည် ပုန်ကန်သည့်ကိစ္စတွင် အမှန်ပင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပါသည်လော။
ထိုအကြောင်းကိုမေးသောအခါတွင် မုပေါ်ရန်က ပြန်ဖြေခဲ့သည်မှာ -
''ရှန်အရှင်က သနားကြင်နာတတ်ပြီး စိတ်သဘောထားလည်းကောင်းပြီး အကြံဉာဏ်ကိုလက်ခံတယ်။ တိုင်းပြည်ကို သင့်တင့်လျောက်ပတ်စွာအုပ်ချုပ်ဖို့ ဆုံးဖြတ်ချက်ချထားခဲ့တယ်။ ကံမကောင်းစွာနဲ့ သူက အကြီးဆုံးသားမဟုတ်ခဲ့ဘူးလေ။''
ထိုသို့ဆိုလျှင် မုပေါ်ရန်ကို ထိုကိစ္စထဲ၌ ပါဝင်ခဲ့စေသူမှာ မည်သူနည်း။ သက်သေအတုလုပ်ခဲ့သူမှာ မည်သူနည်း။ ယန်မြို့စားမင်း၏အိမ်တော်ကို အသူရာချောက်နက်ထဲသို့ ပြုတ်ကျစေခဲ့သူမှာ မည်သူနည်း။
ဖူရီသာ ဖြစ်လေ၏....
ဖူရီက ယန်အိမ်တော်သို့ နေ့တိုင်း အဝင်အထွက်လုပ်ခဲ့သည့်အချိန်ရှိခဲ့ဖူးသည်။
မုကျစ်မင်ကို ချစ်ကြောင်းကြိုက်ကြောင်းပြောခဲ့သူ၊ တစ်သက်လုံးအတူတူနေသွားချင်ကြောင်းပြောခဲ့သော ရီကောကောပင်။
တစ်ချိန်တည်းတွင်ပင် ရှန်အရှင်ပုန်ကန်သည်ကို အတည်ပြုပြီးသည်နှင့် ချက်ချင်းဆိုသလို နန်းစောင့်စစ်တပ်မှစစ်သူကြီး၏သမီးဖြင့် လက်ထပ်သွားသူမှာလည်း မင်းသားငါးပင် ဖြစ်လေသည်။
မုကျစ်မင်သည် လွှမ်းမိုးချုပ်ကိုင်ခံရခြင်းအတွက် စိတ်ဒဏ်ရာရခဲ့ကာ နှလုံးသားက တစ်စစီကြေကွဲခဲ့ရသည်။ သွေးမျက်ရည်ကျရသောအခါမှ နားလည်ခဲ့သည်မှာ ....
သူသည် ဖူရီအတွက် နယ်ရုပ်လေးတစ်ရုပ်ထက် မပိုခဲ့ပေ!
နန်းတွင်းညီလာခံ၌ မင်းကြီး၏မျက်နှာသာပေးခံရသော ရှန်အရှင်၏ဂုဏ်သတင်းကို ဆွဲချခဲ့သူမှာလည်း မုကျစ်မင်သာ။ သို့သော် ယခုအတွက်မူ မုကျစ်မင်၌ လက်စားချေခြင်းထက် ပို၍အရေးကြီးသောကိစ္စများ လုပ်စရာရှိနေသည်။
မုကျစ်မင်သည် ရင်၌စူးနေသောမြားများကို ဆွဲနှုတ်ပစ်ချင်သည်။ အဆိပ်ပြင်းသောအာဏာနှင့် အကောက်ကြံခြင်းကိစ္စများမှလည်း ရုန်းထွက်ချင်သည်။ ယန်အိမ်တော်၏ သာယာငြိမ်းချမ်းမှုကို နှစ်တစ်ရာတိုင် တည်မြဲအောင် ထိန်းသိမ်းထားချင်သည်။ ချစ်ရသောသူများကို ဘဝတစ်လျှောက်လုံး အပူအပင်ကင်းစေချင်သည်။ သို့သော် အရေးအကြီးဆုံးက လောကကြီး၌ ရရန်ခက်ခဲသော ရိုးရှင်းသောပျော်ရွှင်မှုကို တောင့်တမိခြင်းပင်။
ဗျာများနေသောစိတ်ကို တည်ငြိမ်သွားအောင် အသက်ပြင်းပြင်းရှုနေစဉ်တွင် နောက်မှ ခေါ်သံသေးသေးလေးကို ကြားလိုက်ရသည်။
''မုကောကော ဘာလို့ ဒီမှာလာပြီး ငေးနေရတာလဲ။''
မုကျစ်မင် လှည့်ကြည့်လိုက်သောအခါ၌ တော်ဝင်ကြင်ယာတော်၏သားတော်၊ မင်းသားခုနှစ် ဖူကျီအန်းကို တွေ့လိုက်ရသည်။ ထိုသူက မုကျစ်မင်ဘေးသို့ မြင်းစီးလာပြီး တွေဝေစွာဖြင့် မေးလိုက်၏။
(T/N - ဒီမင်းသားခုနှစ်က မုကျစ်မင်အဖေနဲ့ပေါင်းပြီး ပုန်ကန်ဖို့ကြိုးစားတဲ့တစ်ယောက်ပါ။ တကယ်တော့ သူက ငယ်ပါသေးတယ်။ မင်းသားခုနှစ်ကို မုပေါ်ရန်က ကြိုးကိုင်ပြီး ပုန်ကန်ဖို့ကြိုးစားတယ်ဆိုတဲ့ပုံစံဖြစ်အောင် အကွက်ချခဲ့တာပါ။)
ဖူကျီအန်းသည် ဆယ်နှစ်သာရှိသေးပြီး ခေါင်းပေါ်တွင် ဆံပင်ကိုလိမ်၍ ဆံထုံးလေးနှစ်ခုကို ခွဲထုံးထားသည် (၂) ။ ခန္ဓာကိုယ်က သေးသော်လည်း မြင်းကို ခက်ခက်ခဲခဲဖြင့် ထိန်းနေရသကဲ့သို့ မြင်းကို ယိုင်တိုင်တိုင်ဖြင့် စီးနေ၏။
''ဘယ်လိုမြင်းမျိုး စီးနေတာလဲ။ ပြုတ်ကျမှာ မကြောက်ဘူးလား။''
မုကျစ်မင်သည် ကလေးဘဝကတည်းကပင် ဖူကျီအန်းဖြင့် ရင်းနှီးသောကြောင့် ယဉ်ကျေးပြနေရန် မလိုပေ။
''ပြုတ်မကျပါဘူး။ ပြီးတော့ ဒီအခွင့်အရေးကိုအသုံးချပြီး လေ့ကျင့်နေတာ။ ဒါပေမဲ့ ဒီတောင်ဝင်မြင်းက ဘာလို့ အဲ့လောက်ထုံထိုင်းပြီး နှေးနေရတာလဲမသိဘူး။ ခွာသံတောင်မကြားရဘူးမလား။''
ဖူကျီအန်းက လက်ညှိုးလေးဖြင့် မေးစေ့ကိုပွတ်ကာ မေးခွန်းထုတ်နေသည့်ပုံက အရွယ်ရောက်ပြီးသားလူကြီးနှင့်တူလှသည်။ ရုတ်တစ်ရက်ပင် ဖူကျီအန်းက တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် -
''ကျွန်တော် သိပြီ။ ကြာပွတ်ကို မသုံးရသေးလို့မဟုတ်လား။ ရော့....ကျွန်တော် ကူညီပေးမယ်။''
မုကျစ်မင် : "!!!"
မုကျစ်မင် ဘာမှမပြောနိုင်ခင်တွင်ပင် ဖူကျီအန်းက လက်ထဲမှကြာပွတ်ကို တင်းတင်းကိုင်ပြီး တော်ဝင်မြင်း၏တင်ပါးကို ဖြောင်းခနဲမြည်အောင် ရိုက်ချပစ်သည်။ ထိုရိုက်ချက်က မြင်း၏ခွာကို အရှိန်မြင့်သွားစေပြီး တောထဲသို့ ဒုန်းစိုင်းပြီးပြေးသွားတော့သည်။
နောက်တွင်ကျန်ခဲ့သော ဖူကျီအန်းကမူ လက်ဝှေ့ယမ်းပြပြီး အော်ပြောလိုက်၏။
''သွား မုကောကော၊ မြန်မြန်လေးသာသွား....''
တစ်ဖက်တွင်မူ မုကျစ်မင်က စိတ်ထဲမှ ပြန်အော်ပြောလိုက်မိသည်။
'အားးးး ဖူကျီအန်း ကောင်စုတ်လေး။ ငါအသက်ရှင်လျက်ပြန်လာရင်တော့ မင်းကို လည်ပင်းလာညှစ်ပစ်မယ်!!'
တော်ဝင်မြင်းက လန့်သွားသောကြောင့် မုကျစ်မင်က ထိန်းရန် ကြိုးစားကြည့်သည်။ လက်ထဲမှဇက်ကြိုးကို တင်းတင်းကိုင်၍ မြင်းကိုရပ်အောင် ကြိုးစားကြည့်လိုက်သည်။ အမြန်နှုန်းလျော့ကျသွားသည့်အခါမှ မုကျစ်မင်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သို့သော်လည်း အသက်ပင် အပြည့်အဝမရှူရခင်တွင် ကြီးမားသောဝက်ဝံကြီးတစ်ကောင်က တောထဲမှခုန်ထွက်လာပြီး တော်ဝင်မြင်းကို ရိုက်ချပစ်လိုက်၏။ တော်ဝင်မြင်းလည်း လန့်သွားသောကြောင့် ဟီကာ အပေါ်ပိုင်းက ထောင်သွားသဖြင့် မုကျစ်မင်တစ်ယောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားရသည်။
မုကျစ်မင်က ပြုတ်ကျရန်အတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်သောကြောင့် ခေါင်းကို လက်နှစ်ဖက်ဖြင့် သေချာကာလိုက်သည်။ ထို့နောက်တွင် အဝါရောင်သစ်ရွက်များဖုံးနေသည့် တောင်ဆင်ခြေလျှောအတိုင်း ပြုတ်ကျသွားကာ ကောင်းကင်ကြီးတစ်ခုလုံး ချာချာလည်နေသည်ဟု ခံစားနေမိသည်။ တစ်ခုခုကို လှမ်းဖမ်းပြီး အောက်ပြုတ်ကျသွားသည်ကို ရပ်လိုက်ချင်သော်လည်း ဆင်ခြေလျှောအတိုင်းပြုတ်ကျနေသဖြင့် အားလုံးအလဟဿပင် ဖြစ်သွားရသည်။ သူသည် တောင်စမ်းချောင်းစီးဆင်းနေရာတစ်လျှောက်တွင်ရှိသည့် ရေကန်ထဲသို့ ပြုတ်ကျသွားတော့၏။
မုကျစ်မင်သည် အေးစက်သောရေထဲ၌ ချက်ချင်းဆိုသလို နစ်မြုပ်သွားပြီး နွေးနေသောသွေးများပင် ခဲသွားပြီဟုထင်ရသည်။ မုကျစ်မင်တစ်ယောက် ပျာယာခတ်သွားသော်လည်း မိမိဘာသာ တည်ငြိမ်အောင် ကြိုးစားလိုက်ရသည်။ အသက်မနည်းရှူပြီး ခြေထောက်ကို အားဖြင့်တွန်း၍ ရေမျက်နှာပြင်ပေါ်ရောက်အောင် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက်ပင် ဘယ်ဘက်ခြေသလုံးမှ တင်းကျပ်သော စူးခနဲနာကျင်မှုကို ခံစားလိုက်မိသည်။ မုကျစ်မင်၏ခြေထောက်များက တောင့်တင်းသွားပြီး ထိန်းချုပ်၍မရတော့ပေ။
'မဖြစ်ဘူး!'
မုကျစ်မင်တစ်ယောက် သေမတတ်လန့်သွားမိသည်။
'ခြေထောက်ကြွက်တက်နေပြီ!'
မကြာမီပင် ရေကန်ထဲမှအေးစက်သောရေများက မုကျစ်မင်၏အသက်ရှူသံကို လုယူရန်ကြိုးစားတော့သည်။ စိတ်ထဲတွင်လည်း မွန်းကျပ်လာသည့်ခံစားချက်က လွှမ်းမိုးလာသည်။ မုကျစ်မင်သည် ရှိသမျှအားဖြင့် ရုန်းကန်နေသော်လည်း ရေမျက်နှာပြင်ထက်သို့ တက်မလာနိုင်ပေ။ သေခြင်းတရားနှင့်နီးကပ်လာသောကြောင့် စိတ်ပျက်အားငယ်မှုသည်သာ လည်ပင်းထဲတွင် တစ်ဆို့လာလေသည်။ အမြင်အာရုံကလည်း ဝေဝါးလာပြီး မုကျစ်မင်တစ်ယောက် ပို၍လန့်သွားကာ ကူရာကယ်ရာမဲ့ဖြစ်လာပြီး ကြောက်လာတော့၏။
'ကယ်ကြပါ! တစ်ယောက်ယောက် လာကယ်ကြပါဦး!!'
ထိုအချိန်တွင် ချက်ချင်းပင် တစ်ယောက်ယောက်က ရေထဲသို့ ခုန်ချလိုက်သံကို ကြားလိုက်ရသည်။
အဝေးမှလူငယ်၏မျက်နှာကို မမြင်နိုင်သော်လည်း ထိုသူသည် အဖြူရောင်လခြမ်းကွေးပိုးထည်ကို ဝတ်ဆင်ထားသည်။ မုကျစ်မင် မျက်လုံးဖွင့်ရန် ကြိုးစားကြည့်လိုက်သည်။ ထိုအချိန်၌ ထိုသူ၏ခါး၌ ချိတ်ထားသည့် ဇာမဏီနိဗ္ဗာန်ပုံထွင်းထုထားသည့် အနီရင့်ရောင်ကျောက်စိမ်းဆွဲပြားကို မြင်လိုက်ရသည်။
ယခင်ဘဝက မုကျစ်မင် ရေထဲသို့ ပြုတ်ကျပြီးနောက်တွင် ချက်ချင်းသတိလစ်ခဲ့သည်။ ပြန်နိုးလာသောအခါ၌ အသက်ကယ်ခဲ့သောသူဆီမှ ဆွဲဖြုတ်လာမိသည့် ထိုပုံစံနှင့်တစ်ပုံစံတည်းတူသော အနီရင့်ရောင့်ကျောက်စိမ်းပြားကိုသာ လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည်။
ဒုတိယဘဝတွင်ပင် အရိုးထိစိမ့်သွားစေသည့်အဆိပ်ကဲ့သို့သော ပြစ်မှားကျူးလွန်မိသည့်အချစ်၏ဇစ်မြစ်သည် မုကျစ်မင်၏ခြေလက်နှင့်အရိုးများကို ရစ်ပတ်နှောင်ဖွဲ့သွားသည်။ မပယ်ဖျက်နိုင်၊ မပျောက်ကွယ်နိုင်သကဲ့သို့ မေ့လည်းမမေ့နိုင်ပေ။
မိမိက ကယ်ခဲ့သည်ဟုထင်ခဲ့သောသူက မိမိကို ထပ်ကယ်ပြန်သည်။ အသက်ကြွေးတင်ခဲ့သော်လည်း ယခုတစ်ချိန်၌လည်း အသက်ကြွေးတင်နေပြန်ဆဲသာ။
ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခံလိုက်ရပြီး ထိုသူက မုကျစ်မင်ကို ရင်ခွင်ထဲသို့ထည့်ကာ ရေမျက်နှာပြင်ထက်သို့ တက်သွားသည်။ ယောက်ျားနှစ်ယောက်သည် ရေမျက်နှာပြင်ပေါ်၌ အတူတူပေါ်လာကြကာ သေခြင်းရှင်းခြင်းရုန်းကန်ခဲ့ရသော ထိုသူနှစ်ယောက်လုံးအပေါ်၌ နေ့အလင်းရောင်က တောက်ပနေသည်။
မုကျစ်မင် ချောင်းအတော်ဆိုးကာ ခေါင်းကိုက်လာတော့သည်။ အန္တရာယ်များသောအခြေအနေဖြစ်လာမည်ကို ကောင်းကောင်းသိနေသောကြောင့် ကြိုလေ့ကျင့်ခဲ့သော်လည်း မိမိဘာသာ မကယ်တင်လိုက်နိုင်ပေ။ အနည်းဆုံးတွင်မူ ယခုတစ်ခေါက်၌ သတိမလစ်ခဲ့ပေ။
ထိုသူက မုကျစ်မင်ကို ရေကန်ဘောင်စပ်သို့ ခေါ်လာပြီး အသက်ကောင်းကောင်းရှူနိုင်ရန် ကျောကို ပုတ်ပေးသည်။ ထိုအပြုအမူကြောင့် မုကျစ်မင် စိတ်ပျက်သွားမိကာ လက်ကိုရှောင်ရန် ဘေးသို့ ရွှေ့လိုက်၏။ မုကျစ်မင် သူ၏အသက်သခင်ကျေးဇူးရှင်နှင့် မျက်နှာချင်းဆိုင်လိုက်မိသောအခါတွင်မူ ကြောင်အမ်းသွားရလေတော့သည်။
ထိုသူသည် ဖူရီမဟုတ်ပေ!
မုကျစ်မင်ကို ကယ်တင်ပေးခဲ့သောသူသည် ဖူရီဟုတ်မနေပေ....
ကူဟယ့်ရန် ဖြစ်နေ၏။
***
Aurora Novel Translation Team
Translator's Note:
(၁) ရှန်အရှင်ဆိုတာက ဉာဏ်ပညာကြီးမြတ်တဲ့အရှင်လို့ဆိုလိုတာပါ။ ဖူကျီအန်းက ဉာဏ်ကောင်းတဲ့မင်းသားဆိုပြီးအဓိပ္ပာယ်ရပါတယ်။
(၂) 总角 - ရှေးခေတ်က ကောင်လေးတွေလုပ်တတ်တဲ့ဆံပင်ပုံစံမျိုးပါ။ ရှေးခေတ်တုန်းက အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှ သရဖူလွှဲပေးတဲ့အခမ်းအနားလုပ်ပြီး နာမည်ပေးကြပါတယ်။ ရိုးရိုးနာမည်အပြင် အထူးပြုတဲ့အခေါ်အဝေါ်အသုံးအနှုန်းမျိုးပေးအပ်တာပါ။