no

Font
Theme

အခန်း (၉) - တူညီတဲ့ကြမ္မာကို လက်ခံတဲ့အခါမှာ အကြည့်ချင်းဆုံတာထက်ပိုတယ်

''လီကျူး... မင်း ပြန်လည်မွေးဖွားခြင်းဆိိုတဲ့အယူအဆမျိုးကို ယုံလား။''

ဖူရီ၏စကားလုံးများက လေးလံပြီးယားကျိစေသည့် စက်ပစ္စည်းတစ်မျိုးက ကျောရိုးမကြီးပေါ်သို့ တစ်လက်မချင်း တွားသွားတက်လာသည်နှင့်တူသည်။ ယားယံပြီးကျောချမ်းသွားသည့်ခံစားချက်က အတွင်းအင်္ဂါများအထိပါ ပျံ့နှံ့သွားပြီး ထိုပစ္စည်းက လျှောက်သွားနေသည်ဟု ထင်ရသည်။

မုကျစ်မင်အနေနှင့် ထိုဖြစ်နိုင်ခြေမျိုးကို ဘယ်လိုလုပ်မစဉ်းစားမိဘဲ နေမည်နည်း။ မိမိသာ ပြန်လည်မွေးဖွားနိုင်ပါလျှင် လောကကြီးရှိ အခြားသူများသည်လည်း ပြန်လည်မွေးဖွားနိုင်ပေသည်။

ဖူရီကလည်း ပြန်လည်မွေးဖွားလာသူများထဲမှ တစ်ယောက်ဖြစ်နိုင်သည်လော?!

မုကျစ်မင် တုန်လှုပ်သွားသော်လည်း စိတ်အတွင်းမှ အတွေးများကို ဖုံးကွယ်ထားလိုက်သည်။ ထို့ကြောင့် ဖူရီသည် မုကျစ်မင်၏မျက်နှာထက်မှ တွေဝေနေသောအမူအရာကိုသာ မြင်ရကာ ဖူရီက ထိုသို့မေးခွန်းမျိုးကို မေးလိုက်သည့်အတွက် အံ့အားသင့်နေသည့်ပုံစံကဲ့သို့သာ ဖြစ်နေသည်။

ထို့နောက်တွင် မုကျစ်မင်က ပြန်ဖြေလိုက်သည်။

''အရင်မင်းဆက်တုန်းက ဒဏ်ရာအပြင်းအထန်ရပေမဲ့လို့ မသေဘဲအသက်ပြန်ရှင်လာပြီး ထူးဆန်းတဲ့လူတစ်ယောက်ရှိတယ်လို့ ကျွန်တော်မျိုး ကြားဖူးပါတယ်။ သူပြန်သတိရလာတော့ နိုင့်ဟယ်မြစ်ကို ဖြတ်တုန်းက နိုင့်ဟယ်မြစ်က မုန့်ပိုနတ်သမီးဆီက အကြံဉာဏ်ကောင်းရခဲ့တယ်လို့ပြောကြတယ်။ သူက ဘုံခြောက်ဘုံကို ဖြတ်ကျော်လို့ ဝဋ်ကြွေးဆိုတာကို သိခဲ့တယ်တဲ့လေ။ အဲ့ဒါကြောင့် ကောင်းမှုကုသိုလ်တွေလုပ်ဖို့ ခရီးထွက်သွားခဲ့ပြီး ဘယ်သူမှ သူ့ကို ထပ်ပြီးမတွေ့ကြရတော့ဘူးတဲ့။ အစကတော့ အတော်လေးအဓိပ္ပာယ်မရှိဘူးထင်ပေမဲ့ စဉ်းစားကြည့်လိုက်တော့ စိတ်ဝင်စားစရာကောင်းသား။ ပြန်လည်မွေးဖွားခြင်းဆိုတာက တကယ်ရှိတဲ့ကိစ္စလားဆိုတာကို ကျွန်တော်မျိုးလည်း မသိပါဘူး။ ဒါပေမဲ့လို့ အဆုံးသတ်ကျရင် ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ကိစ္စ၊ မကောင်းတဲ့ကိစ္စတွေက ပြန်ရောက်လာတတ်တယ်။ ကျွန်တော်မျိုးတော့ တကယ်ရှိတယ်လို့ပဲ ထင်တယ်။''

ဖူရီက အသာပြုံး၍ တည်ငြိမ်သောအသွင်ဖြင့် မုကျစ်မင်၏မျက်ဝန်းများကို စိတ်အေးလက်အေးဖြင့် ငေးကြည့်နေသည်။ သို့သော်လည်း မျက်ဝန်းထဲထိ ကြည့်လိုက်ပါလျှင် မျက်လုံးထဲ၌ ထက်မြက်သောဓားသွားများရှိနေသည်ကို သတိထားမိနိုင်သည်။ ဖူရီသည် မုကျစ်မင်ကို အရှင်လတ်လတ် အရေခွံနွှာပြီး အရိုးတခြား အသားတခြား လုပ်ချင်နေသကဲ့သို့ ပုံစံပေါက်နေသည်။ မုကျစ်မင်အား မိမိထံမှ ဘယ်အရာကိုမှ ဖုံးကွယ်ထားခွင့်မပြုနိုင်ပေ။ ထိုမှသာ ဖူရီလိုချင်သည်ကို ရနိုင်မည်ဖြစ်သည်။ အတော်ကြာတိတ်ဆိတ်နေပြီးနောက်တွင် ဖူရီက ပြုံးလိုက်ပြီး ပြောလိုက်သည်။

"တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ မင်းနားသင့်ပြီ။ ပြီးတော့ ယဇ်ပူဇော်ပွဲရဲ့မင်္ဂလာအချိန်ကိုလည်း လွတ်သွားလို့မဖြစ်ဘူး။ ကိုယ်သွားတော့မယ်။"

''နှုတ်ဆက်ပါတယ် အရှင့်သား။''

မုကျစ်မင်က ကိုယ်ကိုကိုင်းကာ အရိုအသေပေးလိုက်ပြီး ဖူရီ၏ပုံရိပ်က တဲပြင်တွင် ပျောက်ကွယ်သွားသည်အထိ စောင့်နေသည်။ ထိုအခါမှသာ မုကျစ်မင်သည် ဖူရီ ထိုမေးခွန်းအား မေးလိုက်စဉ်ကတည်းက ထိန်းထားရသည့်သက်ပြင်းကို ချလိုက်ရ၏။ ပခုံးကိုလည်း ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ကာ ကျောပြင်သည်ပင် ဇောချွေးပြန်နေသည်ကို တွေ့လိုက်ရသည်။

'ဖူရီက ဘာလို့ အဲ့မေးခွန်းမျိုး မေးရတာလဲ။'

'သူက ငါ့ကို စမ်သပ်နေတာလား။ ဒါမှမဟုတ် ဒီတိုင်း သာမန်ကာလျှံကာပဲ ပြောလိုက်တာလား။'

ဖူရီသာ ပြန်လည်မွေးဖွားလာခြင်းဖြစ်ပါလျှင် မုကျစ်မင်နှင့်သူ့ကြားရှိ ရုတ်တရက်သူစိမ်းဆန်သွားခြင်းကို မကြာခင်ပင် သတိထားမိပေလိမ့်မည်။ ထိုသို့သာဆိုလျှင် အတွေးများသောဖူရီက အတိတ်ဘဝကလုပ်ခဲ့သည့် မကောင်းသည့်ကိစ္စများနှင့်ဗျူဟာများကို ပြောင်းပြန်လှန်တော့မည်။ ထိုအစား အိမ်ရှေ့စံနှင့် ရှန်အရှင်ကို အခြားသောနည်းလမ်းသုံး၍ တိုက်ခိုက်ပေမည်။ အစပိုင်းက မုကျစ်မင်တွက်ချက်၍ ပြင်ဆင်ထားခဲ့သောအရာအားလုံးသည်လည်း အသုံးမဝင်ဖြစ်သွားပေလိမ့်မည်။

ဖြစ်နိုင်ခြေကို စဉ်းစားကြည့်ပြီးနောက်တွင် မုကျစ်မင်တစ်ယောက် ခေါင်းကိုက်လာပြန်သည်။ အဆုံးသတ်တွင် ရွေးချယ်စရာမရှိသောကြောင့် အကူအညီမဲ့ကာ ရယ်လိုက်မိပြီး မိမိဘာသာသာ အပြစ်ဖို့လိုက်မိသည်။

'အခြားလူတွေရဲ့ တွက်ချက်ပြီး အကောက်ကြံတတ်တဲ့စိတ်တွေက ခန့်မှန်းဖို့ခက်ခဲလွန်းတယ်။ သူပြောလိုက်တဲ့စကားလုံးတိုင်းက ငါ့လည်ပင်းပေါ်မှာ ဓားတစ်စင်းဝဲနေသလိုပဲ။ သူ့ထက်ခြေတစ်လှမ်းဦးအောင် လုပ်ထားမှရမယ်။'

တစ်နေ့တာ၏အဆုံးသတ်တွင် နေမင်းက အနောက်အရပ်သို့ဝင်သွားပြီဖြစ်၍ နွေဦး၏အလင်းရောင်က ဝိုင်ကဲ့သို့ နွေးထွေးလှသည်။ ယဇ်ပူဇော်ခြင်းအခမ်းအနားပြီးသည်နှင့် မင်းကြီး အမဲလိုက်ထားသောသားကောင်များကို ကြည့်ပြီး ဆုချသင့်သည့်အရာရှိများကို ဆုချသည်။

မုကျစ်မင်ကလည်း ဖခင်နောက်သို့လိုက်လာပြီး ဘေးတွင်ရပ်နေသည်။ တော်ဝင်မိသားစု၏ ဆွေတော်မျိုးတော်များနှင့် အမတ်များ၏ ဆွေမျိုးများလည်းရှိသည်။ မုကျစ်မင် ထိုနေရာ၌ ရပ်နေစဉ်တွင်ပင် မိန်းမစိုးတစ်ယောက်ရောက်လာပြီး မင်းကြီးက ယန်မြို့စားမင်းနှင့်သားဖြစ်သူကို ဆင့်ခေါ်လိုက်ကြောင်း အကြောင်းကြား၏။

မုပေါ်ရန်က မုကျစ်မင်ကိုခေါ်၍ မင်းကြီးရှိရာသို့ သွားကာ ဒူးထောက်၍ အရိုအသေပေးလိုက်သည်။ မင်းကြီး၏တစ်ဖက်တစ်ချက်စီတွင် မိဖုရားခေါင်ကြီးနှင့် တော်ဝင်ကွေ့ဖေးမယ်မယ်ရှိသည်။ မင်းကြီးသည် တော်ဝင်ကွေ့ဖေးမယ်မယ်၏လက်ကို ကိုင်ထားပြီး တီးတိုးစကားပြောကာ ရယ်မောနေကြသည်။

တော်ဝင်ကွေ့ဖေးမယ်မယ်သည် အနောက်နန်းဆောင်၌ မင်းကြီး၏ အရေးပေးခံရဆုံးသူဟု ကြားထားကာ ယခုတွင်မူ မျက်စိဖြင့်ကိုယ်တိုင်မြင်လိုက်ရသည်။ သို့သော်လည်း သူ(မ)၏အဆင့်အတန်းကြောင့် တော်ဝင်ကွေ့ဖေးမယ်မယ်က မာန်မာနထောင်လွှားခြင်းမျိုး မရှိပေ။ ထိုသို့ အများဖြင့်ကျင်းပသည့်ပွဲအခမ်းအနားများတွင်ပင် စံပြနေကာ အမြဲနှိမ့်ချတတ်သူဖြစ်သည်။ မင်းကြီးက ဘေးနားတွင် အဖော်လုပ်ပေးရန် ခေါ်လျှင်ပင် မင်းကြီး၏ဘေးတွင်သာ ရပ်၍ မိဖုရားခေါင်ကြီးနောက်မှသာ လိုက်တတ်သူဖြစ်သည်။ သူ(မ)သည် ဘယ်သောအခါမှ အဆင့်မကျော်ဖူးပေ။

ဖခင်နှင့်သားဖြစ်သူကို မော်ဖူးခွင့်ပေးပြီးနောက်တွင် မင်းကြီးက မုကျစ်မင်ကို ရှေ့သို့ခေါ်လိုက်ပြီး ရေထဲသို့ပြုတ်ကျပြီးနောက် ကျန်းမာရေးအခြေအနေကို မေးနေသည်။ မုကျစ်မင် နေပြန်ကောင်းသွားပြီဆိုသည်ကို သိသည်နှင့် မင်းကြီးက စစ်ရှုဝူကျင်း*ကို မေးသည်။

(T/N - *Four books and Five Classics လို့ခေါ်တဲ့ အဲ့ခေတ်ကပညာရှိတွေရေးထားတဲ့ ကွန်ဖြူးရှပ်ဝါဒအကြောင်းလိုမျိုးစာအုပ်တွေပါ။ အဲ့ခေတ်က စာသင်သားတွေကအဲ့ဒီလိုစာအုပ်တွေကို သင်ရပါတယ်။)

မုကျစ်မင်က မေးသမျှကို တစ်ခုချင်းစီဖြေပြီး စိတ်ထဲတွင်မူ တွေးနေမိသည်။

'ဖူကျီအန်းတစ်ယောက် မင်းကြီးကို အခစားဝင်ရမယ်လို့ကြားတာနဲ့ ဘာလို့ မျက်နှာပြာနှမ်းသွားရလဲဆိုတာ အခုမှပဲသိတော့တယ်။'

'နေ့တိုင်း စာတွေမေးပြီးစစ်နေတာ ဘယ်သူက မလန့်ဘဲ နေမှာလဲ။'

မုကျစ်မင်၏အဖြေများကို နားထောင်ပြီးနောက်တွင် မင်းကြီးက မုကျစ်မင်ကို ချီးကျူးလိုက်သည်။ တော်ဝင်ကွေ့ဖေးမယ်မယ်၏လက်ကို ဆွဲ၍ မင်းကြီးက ဆိုလိုက်၏။

''မင်းက ဉာဏ်ကောင်းပြီး ပညာရှိတယ်၊ ပညာဗဟုသုတနဲ့ပြည့်စုံတယ်လို့ ကွေ့ဖေးက အမြဲပြောတယ်။''

ကြင်ယာတော်ကွေ့ဖေးမယ်မယ်က မျက်လုံးလေးများကွေးသွားသည်အထိ ပြုံးလိုက်သည်။ သူ(မ)၏အလှသည် ဆောင်းဦး၏နေရောင်ကြောင့် ပွင့်လန်းလာသည့် ဂန္ဓာမာပန်းလေးနှင့် တူသည်။ ကျက်သရေရှိလှသောပုံရိပ်က နွေဦးလေပြည်၌ ညင်သာစွာလှုပ်ရှားနေသည့် ထင်ရှူးပင်ကဲ့သို့ ညင်သာလှသည်။

သူ(မ)ကဲ့သို့အလှလေး ပြုံးလိုက်သည့်အခါတွင် မင်းကြီး၏နှလုံးသားကိုပင် အရည်ပျော်သွားစေနိုင်သည်။ ထို့နောက်တွင် မင်းကြီးက မုကျစ်မင်ကို ပြောလိုက်သည်။

''ဒီသားကောင်တွေက လွန်ခဲ့တဲ့ရက်ပိုင်းက တောင်ပေါ်မှာ အမဲလိုက်လို့ရထားတဲ့ဟာတွေ။ ဆုအဖြစ် ကြိုက်ရာတစ်ခုရွေးလိုက်။''

မုကျစ်မင်သည် ကြင်နာမှုအတွက် မင်းကြီးကို ကျေးဇူးတင်စကားဆိုပြီးနောက်တွင် ယဇ်ပူဇော်သည့်စင်ပေါ်၌ တင်ထားသည့် ရှားပါးတိရစ္ဆာန်များကို ကြည့်လိုက်သည်။

အတိတ်ဘဝကမူ မုကျစ်မင်သည် ဖူရီအမဲလိုက်ထားသော ယုန်ကို တမင်သက်သက် ရွေးချယ်ခဲ့သည်။ သို့သော် ယခုတွင်မူ....

'ဘာကိုယုန်လဲ။ အကြီးဆုံးအကောင်ကို ရွေးမှာပေါ့။ တစ်ကောင်တည်းနဲ့ သုံးနပ်လောက်စားလို့ရတဲ့ဟာကို ရွေးပစ်မယ်။'

"ဟင်?"

မုကျစ်မင် တစ်ခုခုကို သတိထားမိသွားသည်။ ချွန်ထက်သောလက်သည်းများဖြင့် လဲလျောင်းနေသော ဝက်ဝံရိုင်းဆီသို့ မျက်စိရောက်သွားသည်။ မုကျစ်မင် ထိုဝက်ဝံကို မြင်ဖူးနေသည်ဟု ခံစားမိသည်။ တော်ဝင်မြင်းနှင့်တိုက်မိပြီး မိမိအား ရေကန်ထဲသို့ ပြုတ်ကျသွားစေသောအကောင်ဖြင့် အတော်လေးတူ၏။

'ဝက်ဝံကြီးရေ၊ ငါတို့က ရေစက်ပါတာများလား။'

''မင်းကြီး ကျွန်တော်မျိုး ဒီဝက်ဝံရိုင်းကို တောင်းဆိုလို့ရမလား။''

မုကျစ်မင်က ဒူးထောက်၍ တောင်းဆိုလိုက်သည်။

မင်းကြီးက ရယ်ရင်းဖြင့် ပြောလိုက်၏။

''မင်းက မျက်စိကောင်းသားပဲ။ လူတိုင်းက ဒီဝက်ဝံရိုင်းကို မြင်တာနဲ့ လိုချင်နေကြတာ။ ငါကိုယ်တော်တောင်မှ လိုချင်ခဲ့တာ။ မင်းကို ချီးမြှင့်လိုက်မယ်။ ပေးလိုက်ရတာကို စိတ်မကောင်းပေမဲ့လို့ ယောက်ျားဆိုတာက ကိုယ့်ကတိကိုယ် တည်ရမှာပေါ့။ ငါမင်းကိုပေးလိုက်မယ်။ ဒါပေမဲ့ ဝက်ဝံဖမ်းတဲ့သူကိုတော့ မင်းဘာသာပဲ ကျေးဇူးတင်လိုက်တော့။''

ထိုသို့ပြောပြီးနောက်တွင် မင်းကြီးက လှည့်၍ မေးလိုက်သည်။

''ဒီဝက်ဝံကို ဘယ်သူအမဲလိုက်ထားတာလဲ။ ငါ့သားတော်တွေထဲကလား။''

မင်းကြီးက မေးလိုက်သည့်အခါတွင် အားလုံးက တိတ်ဆိတ်နေကြသည်။ သို့သော်လည်း မင်းကြီးကို ခစားလာသည်မှာ ကြာပြီဖြစ်သော ဉာဏ်များသည့်မိန်းမစိုးကြီးက မင်းကြီးကို လျှောက်တင်လိုက်၏။

''မင်းကြီးကို လျှောက်တင်ပါတယ်။ ဒီဝက်ဝံရိုင်းကို စစ်သူကြီးကူရဲ့သားက အမဲလိုက်ထားတာပါ။''

မင်းကြီးက မေးလိုက်လေသည်။

''ကူမြောင်ရဲ့သားကလား။''

မိန်းမစိုးကြီးက ပြန်ဖြေလိုက်၏။

''မှန်လှပါ။''

မင်းကြီးက ခေါင်းညိတ်ကာ ဆင့်ခေါ်လိုက်လေသည်။

''သူတို့သားအဖကို အခစားဝင်ခိုင်းလိုက်။''

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment