အခန်း (၁၇) - အသွင်အပြင်က တူလွန်းတယ်
အရှေ့အရပ်တွင် မိုးသောက်အရုဏ်တက်လာသောကောင်းကင်က စကျင်ကျောက်ဖြူသကဲ့သို့ လင်းလာသည်။ ထိုအချိန်တွင် မုကျစ်မင်သည် ဖူကျီအန်းကိုအဖော်ပြု၍ နန်းတော်ထဲရှိ တောင်ပိုင်းစာသင်ကျောင်းရှိရာသို့ သွားကြပေသည်။
မုပေါ်ရန်သည် တောင်ပိုင်းစာသင်ကျောင်းတွင် စောင့်နေသည်မှာ ကြာပြီဖြစ်သည်။ လူငယ်လေးများက မုပေါ်ရန်ကို အရိုအသေပေးလိုက်ကာ ဖူကျီအန်းက မုပေါ်ရန်ကို ရှန်းရှန်(ဆရာ)ဟု ခေါ်လေသည်။ မုကျစ်မင်နှင့်ဖူကျီအန်းတို့် ခေါင်းပြန်မော့သောအခါ၌ မင်းသားငါးဖူရီကို မြင်လိုက်ရသော်လည်း အံ့ဩမသွားကြပေ။
လွန်ခဲ့သောသုံးလက ပထမဆုံး တောင်ပိုင်းစာသင်ကျောင်းသို့ နေ့တိုင်းစာလာသင်သောသူမှာ ဖူရီဖြစ်ကာ စစ်ရှုဝူကျင်းကို (T/N - စာအုပ်နာမည်တွေပါ။ အပိုင်း(၉)မှာ ဖော်ပြပြီးခဲ့သားပါ) ကြိုးစားပမ်းစားဖြင့်လေ့လာသင်ယူကာ အမြဲပင် အကြံဉာဏ်တောင်းခံ၍ မေးမြန်းတတ်၏။ ဖူရီသည် ပါရမီပါပြီး ထူးချွန်သော်လည်း ကျန်သောသူများနည်းတူ ရိုသေစွာလေ့လာသင်ယူသည်။ အခြားသူများကို အလွယ်တကူမှတ်ချက်မပေးတတ်သောမုပေါ်ရန်သည်ပင် ဖူရီကို လေးစားမိသည်။
သို့သော်လည်း ဖူရီသည် ရက်စက်ကာ ကောက်ကျစ်ပြီး အညှာတာကင်းမဲ့သောနှလုံးသားပိုင်ရှင်ဖြစ်သည်ကို မုကျစ်မင်က သိသောကြောင့် ထိုသို့ဟန်လုပ်နေခြင်းက စည်းရုံးသိမ်းသွင်းရုံသက်သက်သာ ဖြစ်သည်ကို သိသည်။
ဖူကျီအန်းကမူ ငယ်ရွယ်၍ ခက်ခဲနက်နဲသောအမှန်တရားကို သတိမထားမိသေးပေ။ လူ့စိတ်ဆိုသည်မှာ ခန့်မှန်း၍မရပေ။ ဖူကျီအန်းနှင့် ဖူရီတို့သည် ရင်းနှီးသောဆက်ဆံရေးရှိသောကြောင့် ဖူကျီအန်းက စိတ်လိုလက်ရဖြင့်နှုတ်ဆက်လိုက်သည်။
''အစ်ကိုတော်၊ အစ်ကိုတော်က ကျောင်းကို အမြဲတမ်း အရင်ဆုံးရောက်တယ်။ အစ်ကိုတော်ကို အများကြီးလေးစားမိပါတယ်။''
ဖူကျီအန်းနောက်သို့လိုက်လာသော မုကျစ်မင်ကလည်း ရှေ့သို့တိုးလာသည်။ ယဉ်ကျေးသမှုဖြင့် ရှင်းလင်းသောထူးခြားမှုနှင့်အတူ အရိုအသေပေးလိုက်သည်။
''နှုတ်ခွန်းဆက်သပါတယ် မင်းသားငါး။''
မုကျစ်မင်တစ်ယောက် မတွေးဘဲမနေနိုင်ပေ။
'ဖူရီသာ ပြန်လည်မွေးဖွားလာတာဆိုရင် ဖူကျီအန်းက သူ့ကို ဒီလိုညီအစ်ကိုလိုမျိုး ဆက်ဆံပေးတာကို ကြားနေရတာ အပြစ်ရှိစိတ်များ မခံစားရဘူးလား။'
ဖူရီသည် လက်ထဲမှစာအုပ်ကိုချလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
''အစ်ကိုတော်က မနက်စောစောထရတာက အကျင့်ဖြစ်နေပြီ။ ဘာမှလေးစားစရာမရှိဘူး။ လီကျူး မင်းလည်း အရိုအသေပေးနေဖို့မလိုဘူး။ ထပါ။''
''ဒါပေါ့။''
ဖူကျီအန်းက မုကျစ်မင်ကို တံတောင်ဖြင့် တွတ်၍ ပြောလိုက်သည်။
''အစ်ကိုတော်က မာနကြီးတဲ့သူမျိုးမှ မဟုတ်တာ။ ဘာလို့ အဲ့လောက်လုပ်နေရတာလဲ။ ကျွန်တော်တို့သုံးယောက်က တူတူကစားပြီး ကြီးလာတာပဲကိုး။''
ထိုစကားလုံးများက ရိုးသားလှသော်လည်း မုကျစ်မင်၏ယခင်ဘဝသည် သွေးပင်လယ်ဝေခဲ့ရပြီး နှလုံးသား၌ မမေ့ဖျောက်နိုင်သော၊ ကြမ်းတမ်းလှသည့် ဒဏ်ရာဒဏ်ချက်များ ထင်ကျန်ခဲ့ရသည်။ သံလက်သည်းနှင့်ငွေသံချိတ်က အသွေးနှင့်အသားကို တစ်စစီဆုတ်ဖြဲလိုက်သကဲ့သို့ပင်။ ကိုယ်ကို ပြန်မတ်လိုက်ပြီးနောက်တွင် မုကျစ်မင်က သိမ်မွေ့သောအပြုံးလေးပြုံးကာ ပြောလိုက်သည်။
''မင်းသားခုနစ်ပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုးလည်း ကလေးဘဝတုန်းက ရိုးသားပြီးအပြစ်ကင်းတဲ့ရင်းနှီးခင်မင်မှုကို အောက်မေ့မိပါတယ်။ ဒါပေမဲ့လို့ မင်းသားငါးကတော့ မှတ်မိပါ့မလားဆိုတာကို မသေချာပါဘူး။''
ဖူရီက တည်တည်ငြိမ်ငြိမ်ဖြင့် အသာပြုံးလိုက်ပြီး
''မှတ်မိတာပေါ့။ ကိုယ်ဘယ်လိုလုပ် မေ့မှာတဲ့လဲ။ ဖန်ယိနန်းဆောင်မှာ ကုန်ဆုံးခဲ့ရတဲ့နေ့ရက်တွေက ကိုယ့်တစ်ဘဝလုံးမှာ ပူပင်ကြောင့်ကြအကင်းဆုံး အခိုက်အတန့်တွေပဲ။''
ဖူရီသည် ခေါင်းကိုညွတ်၍ အတိတ်၏အရိပ်ထဲသို့ ကျဆင်းသွားဟန်တူသည်။
ဖူရီ၏မိခင်ဖြစ်သူ ကိုယ်လုပ်တော်ဝူသည် နိမ့်ကျသောနောက်ခံမှ လာသူဖြစ်သည်။ ထို့ကြောင့် သူ(မ)သည် တော်ဝင်သွေးသားကို မွေးဖွားပေးခဲ့ပါသော်လည်း ကျယ်ယွိဘွဲ့ (၁) ကိုသာ ရခဲ့သည်။ မင်းကြီးကလည်း သူ(မ)ကို မနှစ်သက်သောကြောင့် တစ်ခါသာမျက်နှာသာပေးပြီးနောက်တွင် မည်သည့်အခါမှ ထပ်လာမတွေ့တော့ပေ။
ဖူရီမှတ်မိသလောက်ဆိုလျှင် ပွဲတော်နေ့များနှင့် နေ့ထူးနေ့မြတ်များကလွဲ၍ မင်းကြီးကို မည်သည့်အခါမှ မတွေ့ခဲ့ရပေ။ ထို့ကြောင့်ပင်လျှင် မိခင်နှင့်သားဖြစ်သူသည် နန်းတော်ထဲ၌ အေးချမ်းသောနေ့ရက်များကို မပိုင်ဆိုင်ခဲ့ရရှာပေ။
မင်းသားမမွေးနိုင်သော အခြားကိုယ်လုပ်တော်များက ကိုယ်လုပ်တော်ဝူကျယ်ယွိကို သေအောင်ထိ နှိပ်စက်ကြပြီး သူ(မ)ကို ခက်ခဲအောင်လုပ်ခဲ့သည်။ တစ်ခါက ကိုယ်လုပ်တော်ဝူကျယ်ယွိကို ခစားခဲ့သောအစေခံများသည်ပင် မင်းကြီး၏မျက်နှာသာပေးမှု မခံရသည်ကို တွေ့သောအခါ၌ သူ(မ)ကို အေးစက်စွာ ဆက်ဆံခဲ့ကြသည်။
နောက်ပိုင်းတွင် တော်ဝင်ကွေ့ဖေးမယ်မယ်က နန်းတော်ထဲဝင်ခဲ့သည်။ သူ(မ)သည် ကိုယ်လုပ်တော်ဝူဖြင့် ငယ်စဉ်ကတည်းက သိနေသောကြောင့် ကိုယ်လုပ်တော်ဝူကျယ်ယွိနှင့် သားဖြစ်သူကို စော်ကားရဲသော မကောင်းသည့်သူများကို လူသိရှင်ကြားထုတ်ဖော်ခဲ့သည်။ တော်ဝင်ကွေ့ဖေးမယ်မယ်က ကိုယ်လုပ်တော်ဝူကျယ်ယွိကို သူ(မ)တတ်နိုင်သမျှနည်းလမ်းဖြင့် ကာကွယ်ပေးခဲ့ရုံသာမက ကိုယ်လုပ်တော်ဝူကျယ်ယွိနှင့် သားဖြစ်သူကို ဖန်ယိနန်းဆောင်သို့ခေါ်ကာ သူ(မ)နှင့်အတူတူ နေခိုင်းခဲ့သည်။
နန်းတော်ဆိုသည်မှာ မကောင်းသောစိတ်ရှိသည့် လူယုတ်မာများဖြင့် ပြည့်နေသောနေရာဖြစ်သော်လည်း တော်ဝင်ကွေ့ဖေးမယ်မယ်ကိုမူ မင်းကြီးက အထူးပင် ချစ်ခင်မြတ်နိုးခဲ့သည်။ တော်ဝင်ကွေ့ဖေးကလည်း အားအင်တက်ကြွကာ ဉာဏ်ပညာရှိသောကြောင့် နှစ်ပေါင်းများစွာ ကသောင်းကနင်းကိစ္စများ ကြုံရသည့်တိုင် ဘေးကင်းလုံခြုံနေဆဲဖြစ်သည်။
ထို့ကြောင့် ဖူရီ၊ ဖူကျီအန်းနှင့် မုကျစ်မင်တို့သည် ကလေးဘဝကတည်းက အချင်းချင်းသိခဲ့ခြင်းဖြစ်ပြီး အခြားသူများထက် ရင်းနှီးခဲ့ကြသည်။
''အစ်ကိုတော် ဘာတွေပြောနေတာလဲ။''
ဖူကျီအန်း၏ ကြည်လင်သောအသံက ဖူရီကို အတွေးမှပြန်လည်နိုးထသွားစေသည်။
''အဲ့လောက်လည်း အသက််ကြီးသေးတာမှမဟုတ်တာ။ ဘာလို့ ဘဝမှာ အပူပင်အကင်းဆုံးအချိန်လို့ပြောရတာလဲ။ အနာဂတ်က ခရီးလမ်းအရှည်ကြီး ကျန်သေးတာပဲကိုး။''
ဖူရီက ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။ ထိုအစား ပြောလိုက်သည်မှာ -
''စာအုပ်ဖတ်ပြီးသာ လေ့လာမှတ်သားနေပါ။ ဆရာက မင်းကို စာစစ်မယ်ဆိုတာ စိတ်ထဲလည်း မှတ်ထားဦး။''
''ဟေး၊ အစ်ကိုကပါ ကျွန်တော့်ကို ဘာလို့ မုကောကောလိုမျိုး ဆက်ဆံနေရတာလဲ။ အမြဲစာလေ့လာဖို့ပဲ တိုက်တွန်းနေတယ်။ အစ်ကိုတို့နှစ်ယောက် ငယ်ငယ်တုန်းကဆို ကျွန်တော့်ထက်တောင်မှ ပိုပြီး အဆော့သန်ခဲ့တာကို။''
ဖူကျီအန်းက စောဒကတက်လိုက်သော်လည်း အဆုံးတွင်မူ နာခံစွာဖြင့်သာ စားပွဲတွင်ထိုင်၍ စာအုပ်တစ်အုပ်ကောက်ယူပြီး စတင်လေ့လာမှတ်သားလေ၏။
မုကျစ်မင်ကလည်း အရိုအသေပေးလိုက်ပြန်သည်။ ထို့နောက်တွင် လှည့်ထွက်ကာ အဖော်ကျောင်းသားများ ထိုင်ရသည့် ကျောင်းအနောက်ဘက်သို့ လျှောက်သွားသည်။ တစ်ဖက်တွင်မူ ဖူရီသည် အဝေးသို့ထွက်သွားသောမုကျစ်မင်ကို ကြည့်၍ ဖုံးကွယ်ထားသောအတွေးနှင့်အတူ ပြုံးလိုက်မိသည်။
များမကြာခင်တွင် မင်းသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ မနက်ခင်းခေါင်လောင်းနှင့် ညနေခင်းစည်သံတို့က ခပ်လှမ်းလှမ်းအရပ်မှ မြည်ဟီးလာသောအခါတွင်မူ မုပေါ်ရန်က စတင်သင်ကြားလေသည်။
လပြက္ခဒိန် ခုနစ်လပိုင်းရှိပြီဖြစ်သောကြောင့် (၂) ပုစဉ်းရင်ကွဲသံတို့ ဆူညံနေပြီး နွေအပူက မြင့်တက်နေသည်။ စာလေ့လာနေသည်ဟုထင်ရသော မင်းသားများကမူ ခေါင်းကိုလက်ဖြင့်ထောက်၌ ငိုက်မြည်းနေကြလေသည်။ မွန်းလွဲပိုင်းရောက်ခါနီးတွင် မုပေါ်ရန်က ရုတ်တရက် အော်ပစ်လိုက်သည်။ သူ့အသံက ခေါင်းလောင်းသံများကဲ့သို့ ကျယ်လှသည်။
''ကျိုးကြောင်းမရှိဘဲ သင်ယူနေတာက တွေဝေစေတယ်လား။''
အားလုံးငိုက်နေရာမှ နိုးကြားသွားစေရန် ဖြစ်၏။
ထိုအချိန်တွင် မင်းကြီးက ပြုံး၍ ကျောင်းထဲသို့ ဖြည်းဖြည်းချင်းဝင်လာသည်။ ချက်ချင်းပင် အားလုံးသည် ချွေးပြန်သွားကြကာ မတ်တတ်ထ၍ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
''အားလုံးထိုင်ကြပါ။ ငါကိုယ်တော်က လာကြည့်ကြည့်တာပါ။''
မင်းကြီးက လက်နောက်ပစ်ပြီး ရွှင်ပျစွာ ပြုံးလိုက်လေသည်။
''ယန်မြို့စားမင်းက အလုပ်ကြိုးစားနေတာပဲ။''
မုပေါ်ရန်က ဦးညွတ်၍ ပြောလိုက်သည်။
''ရာထူးတစ်ခုရောက်ရင် အဲ့ရာထူးရဲ့တာဝန်ကို ကျေပွန်ရပါမယ်။ အလုပ်ကြိုးစားတယ်ဆိုတာ ဘယ်ရှိပါ့မလဲ။ မင်းကြီးက စဉ်းစားပေးတတ်လို့ ကျေးဇူးတင်လှပါပြီ။''
''တော်တော့။ ထပါ။''
မင်းကြီးက စာသင်ကျောင်းကို ကြည့်ကာ သူ့အကြည့်က ထောင့်တွင်ရပ်နေကြသော ဖူကျီအန်းနှင့်မုကျစ်အန်းရှေ့တွင် ရပ်တန့်သွားသည်။ ရုတ်တရက်ပင် မင်းကြီးက တစ်ခုခုကို သတိထားမိသွားကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
''ချီအာရော ဘယ်မှာလဲ။''
မုပေါ်ရန်က ပြန်ဖြေလိုက်သည်။
''အိမ်ရှေ့စံက ခုတလော နေမကောင်းဖြစ်နေပါတယ်။ ခေါင်းကိုက်ပြီး အဖျားကြီးနေတာကြောင့် သုံးရက်လောက် ကျောင်းကို မလာနိုင်ဘူးလို့ ပြောပါတယ်။''
မင်းကြီးက ရယ်လိုက်ကာ
''အဲ့လိုလား။ သူနေမကောင်းတာကို ဘာလို့ ငါကိုယ်တော်ဆီ အကြောင်းမကြားရတာလဲ။ ကောင်းပြီ။ နောက်မှ စစ်ယန်နန်းဆောင်ကို သွားကြည့်လိုက်မယ်။ ယန်မြို့စား ခုရက်ပိုင်း ဘယ်စာအုပ်ကို သင်နေတာလဲ။ ငါ့ရဲ့ ဘယ်ကလေးကများ မင်းကို ရှန်းရှန်အဖြစ် စကားနားမထောင်ဘဲ ပုန်ကန်သေးလဲ။''
''မရှိပါဘူး။''
မုပေါ်ရန်က လက်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက်တွင် မင်းသားများအား လတ်တလောသင်ပေးနေသော စာအုပ်များအကြောင်း ပြောပြခဲ့သည်။
မင်းကြီးက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး ကြင်နာသောအပြုံးမျိုး ပြုံးပြလိုက်၏။ ထိုအချိန်တွင် အားလုံးသည် မင်းကြီးပြောတော့မည်ကို ခန့်မှန်းနေမိပြီးသားပင်။
မင်းကြီး : "ငါကိုယ်တော် သူတို့အားလုံးကို စစ်ဆေးမယ်!"
မုကျစ်မင်တစ်ယောက် မင်းသားများဆီမှ စိတ်ထဲတွင် အော်ငိုသံနှင့် စိတ်ပျက်လက်ပျက်ညည်းတွားသံများကိုပင် ကြားနိုင်ပေသည်။
မင်းကြီးက ခေတ္တမျှစဉ်းစားပြီး ပြောလိုက်၏။
''ဝေ့ကျန့်ကို မှတ်မိသလောက် ချရေး။ ရေးပြီးလို့ရှိရင် ငါကိုယ်တော်ကို ပြပြီး နေ့လယ်စာ သွားစားလို့ရပြီ။ အဖော်ကျောင်းသားတွေလည်း ချရေးရမယ်။ ရေးပြီးရင် မင်းတို့ ရှန်းရှန်ကို ပြကြ။''
အားလုံးသည် မသက်မသာဖြင့် စိတ်သောကရောက်သွားကြသည်။ စုတ်တံများ၊ မင်နှင့် စာရွက်များကို ထုတ်ယူပြီး မင်သွေးကျောက်သွေးသူက သွေးကြကာ စာသင်ကျောင်းကြီးသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။
မုကျစ်မင်ကမူ စစ်ရှု(စာအုပ်)ကို ငယ်စဉ်ကတည်းက မှတ်မိနေသောကြောင့် တိတ်ဆိတ်စွာဖြင့်သာ လွယ်လင့်တကူ ချရေးနိုင်သည်။ ပထမဆုံးရေးပြီးသူမှာ မုကျစ်မင်ဖြစ်သော်လည်း အခြားမင်းသားများထံမှ ထင်ပေါ်ကျော်ကြားမှုကို လုမယူချင်သောကြောင့် ရေးထားသည်ကို သွားမပြဘဲ ရေးချင်ယောင်သာဆောင်နေလိုက်သည်။
တစ်ချိန်တည်းတွင်ပင် ဖူရီက လက်ထဲမှ ဆန်စက္ကူကိုမြှောက်ကာ ထလာပြီး လူအုပ်၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။
ဖူရီက ရေးထားသည်ကို မင်းကြီးထံသို့ လက်နှစ်ဖက်ဖြင့် ဆက်သသည်။ မင်းကြီးက ထိုစာရွက်ကိုယူ၍ သာမန်ကာလျှံကာ တစ်ချက်သာကြည့်လိုက်ပြီး ဘေးသို့ချထားကာ မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။
''အင်း။ သွားတော့။''
ဖူရီက အရိုအသေပေးကာ ကျောင်းမှပြန်သွားသည်။
ခေတ္တမျှကြာပြီးနောက်တွင် ဖူကျီအန်းလည်း ထလာသည်။ မင်းကြီးက ဖူကျီအန်း အလွတ်ရေး၍ပြီးသည်ကို မြင်သောအခါတွင် ဝမ်းသာသွားသောမျက်နှာဖြင့်
''ကျီအန်းရော ရေးလို့ပြီးပြီလား။''
''ဖခမည်းတော် ဖတ်ကြည့်ပေးပါ။''
ဖူကျီအန်းက ရေးထားသည်ကို တိတ်တဆိိတ်ဖြင့် ဆက်သလိုက်သည်။
''ကောင်းတယ်။ အရမ်းကောင်းတယ်။''
မင်းကြီးက ရေးထားသည်ကိုယူ၍ ဂရုတစိုက် ဖတ်လိုက်ပြီး ပြုံးလိုက်မိသည်။
''ကောင်းတယ် ကောင်းတယ်....အင်း။ တစ်လုံးတော့ ဒီမှာမှားနေတယ်။''
''အမ်!''
ဖူကျီအန်းတစ်ယောက် လန့်သွားရှာသည်။
မင်းကြီးက ကြင်နာစွာပြုံးပြကာ ဖူကျီအန်း မှားနေသည်ကို ထောက်ပြလိုက်သည်။ ထို့နောက်တွင် ဖူကျီအန်း၏ခေါင်းလေးကို မေတ္တာသက်ဝင်စွာ ပွတ်သပ်ပေးလိုက်ရင်း
''သားတော်က ငယ်သေးပေမဲ့လို့ ရေးတာမြန်တယ်။ ထူးချွန်တဲ့ကျောင်းသားဖြစ်နေပြီဆိုတော့ ဘာဆုလိုချင်လဲ။''
''ဖခမည်းတောက် နှစ်သက်ချစ်ခင်ပေးတာကိုပဲ အားချန် (သားတော်) က ကျေးဇူးတင်နေပါပြီ။ အားချန် ဘာမှမလိုတော့ပါဘူး။''
ဖူကျီအန်းက ပြန်ဖြေလိုက်သည်။
''မင်းက မင်းမယ်တော်လိုမျိုး မြှောက်ပင့်တာရော ချီးကျူးတာတွေကိုပါ မတုန်လှုပ်တတ်ဘူး။ လိမ္မာလိုက်တဲ့ကောင်လေး။''
မင်းကြီးက ပြုံး၍ ပြောလိုက်သည်။
''ကောင်းပြီ။ ပြန်နားတော့။''
''အားချန် ဖခမည်းတော်ကို ကျေးဇူးတင်ပါတယ်။''
ဖူကျီအန်းက အရိုအသေပေးပြီး မုကျစ်မင်ဘက်သို့ ခေါင်းလှည့်ကာ အဓိပ္ပာယ်ပါသောအကြည့်မျိုး ကြည့်လိုက်သည်။ မုကျစ်မင်ကို ရေးထားသည်အား မြန်မြန်ပြရန် အချက်ပြနေခြင်းပင်။ ထို့နောက်တွင် ဖူကျီအန်းတစ်ယောက် ကျောင်းမှ ပြန်သွားလေသည်။
မုကျစ်မင် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အတော်လေးစိတ်ပူနေပုံပေါ်သည့် မင်းသားများကို မြင်လိုက်ရသည်။ မင်းသားများသည် မကြာခင်အချိန်အထိ စာရေး၍ မပြီးသေးသည်ကို မြင်ရသောကြောင့် မုကျစ်မင် ထပ်၍ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် ထရပ်ကာ ရေးထားသည်အား မုပေါ်ရန်ကို ပေးလိုက်သည်။
မမျှော်လင့်ထားစွာဖြင့် မင်းကြီးက ပြောလာလေသည်။
''ငါကိုယ်တော်ကို ပြကြည့်။''
မုကျစ်မင်တစ်ယောက် အနည်းငယ်မျှ ကြောင်အမ်းသွားသော်လည်း ဦးညွတ်၍ လက်ထဲမှ ဆန်စက္ကူစာရွက်အား မင်းကြီးကို ပေးလိုက်သည်။ မင်းကြီးက ထိုစာရွက်ကိုယူ၍ ကြည့်ကာ ပြုံးလိုက်မိ၏။
''မင်းပုံစံက တော်ဝင်ကွေ့ဖေးနဲ့ အတော်လေးတူတယ်။ ဒါပေမဲ့ လက်ရေးကပါ တော်ဝင်ကွေ့ဖေးလက်ရေးနဲ့ တစ်ပုံစံတည်းတူနေလိမ့်မယ်လို့ ထင်မထားမိဘူး။ ကောင်းပြီ။ အခု မင်းလည်း သွားလို့ရပြီ။''
မုကျစ်မင်က မင်းကြီးကို အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ ကျောင်းမှ ထွက်သွားပြီးနောက်တွင် မုကျစ်မင်သည် လျှောက်လမ်းတစ်ခုသို့ ရောက်သွားခဲ့သည်။ ဖူရီနှင့် ဖူကျီအန်းတို့ စကားပြောနေသည်ကို အံ့ဩစွာ တွေ့လိုက်မိ၏။
''မုကောကော....''
ဖူကျီအန်းက မုကျစ်မင် လာသည်ကို မြင်သာအခါ၌ လက်ဝှေ့ယမ်းပြလိုက်သည်။
''ဒီကိုလာခဲ့ဦး။ အစ်ကိုတော်က မုကောကောနဲ့ စကားပြောချင်လို့တဲ့။''
မုကျစ်မင် : "...."
***
Aurora Novel Translation Team
Translator's note:
(၁) ကျယ်ယွိ 婕妤 - ဧကရာဇ်ဝူတည်ထောင်တဲ့ ဟန်မင်းဆက်နန်းတော်ထဲက ကိုယ်လုပ်တော်တွေအတွက် ရာထူးအဆင့်အတန်းတစ်ခုပါ။ အစကတော့ မိဖုရားခေါင်ကြီးပြီးရင် အမြင့်ဆုံးအဆင့်ပါ။ ဒါပေမဲ့လို့ ဟန်ခေတ်ရဲ့ ဧကရာဇ်ယွမ်က ကျယ်ယွိရဲ့ အထက်မှာ ကျောက်ယိလို့ခေါ်တဲ့ ဘွဲ့တစ်ခုကို သတ်မှတ်လိုက်တော့ ဒုတိယရာထူးဖြစ်သွားပါတယ်။ ချောင်ဝေမင်းဆက်မှာ ကျယ်ယွိအဆင့်အတန်းက အဆင့် (၁၂) ဆင့်ထဲမှာ ကိုးဆင့်မြောက်ပါ။ တောင်ပိုင်းစုန့်ခေတ်မှာတော့ တော်ဝင်ကိုယ်လုပ်တော်ကိုးယောက်ရဲ့ အောက်ထစ်အဆင့်ကို ရောက်သွားပါတယ်။
အခြားနည်းနဲ့ပြောရရင်တော့ အဆင့်အနိမ့်ဆုံးကိုယ်လုပ်တော်ပါ။
(၂) လပြက္ခဒိန် ခုနစ်လပိုင်းမြောက်ဆိုတာက ခုခေတ်သုံးနေတဲ့ ဂျော့်ချ်လူမျိုးတွေရဲ့ပြက္ခဒိန်အရဆိုရင်တော့ ရှစ်လပိုင်းဝန်းကျင်လောက်ပါ။