အခန်း (၁၂) - ဤနှစ်ဦးသည် အံဝင်ခွင်ကျပင်
ဒေါ်လေးလျန်သည် ညနေစာအတွက် မည်သည့်ဟင်းချို ချက်ရမည်ကို စဉ်းစားနေရင်း တစ်နေ့တာအတွက် ဝင်လာသော စားသောက်ကုန်များကို မီးဖိုချောင်တွင် စာရင်းယူနေသည်။ သူ(မ)၏သား ဝမ်ကျိုုးချန်နှင့် ချွေးမတို့က သူ(မ)ကို ကူညီနေကြသည်။
စစ်သူကြီး၏အိမ်တော်သည် ကြီးမားသော်လည်း သခင်နှစ်ဦးနှင့် အစေခံသုံးဦးသာ ရှိသည်။ စစ်သူကြီးက ထိုမိသားစုသုံးဦးကို အလွန်အမင်း ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး သခင်နှင့်အစေခံဟုပင် မခံစားရလောက်အောင် ဖြစ်ခဲ့သည်။ ဒေါ်လေးလျန်၏မိသားစုသည် သူတို့၏သစ္စာရှိမှုနှင့် တာဝန်သိမှုတို့ဖြင့် ထိုကျေးဇူးတုံ့ပြန်မှုကို စမ်းရေအိုင်တစ်ခုအလား ပြန်လည်ပေးဆပ်ခဲ့သည်။ စစ်သူကြီး၏အိမ်တော်သည် လူသူကင်းမဲ့သော်လည်း အမြဲသန့်ရှင်းသပ်ရပ်သည်။ ထမင်းသုံးနပ်သည် အမြဲအရသာရှိပြီး ဘယ်သောအခါမျှ ပေါ့ပေါ့တန်တန် မဟုတ်ပေ။
နှစ်တွေကြာလာသည်နှင့်အမျှ အိမ်တော်၌ အရာရာ တိတ်ဆိတ်ငြိမ်းချမ်းသွားခဲ့သည်။ ကံမကောင်းစွာနှင့် စစ်သူကြီး၏ဇနီးမှာ စောစောစီးစီး ကွယ်လွန်သွားခဲ့ကာ ထိုနောက်ပိုင်း၌ အိမ်တော်က အရင်လောက် မစည်ကားတော့ပေ။
ဒေါ်လေးလျန်သည် သူ(မ)၏သား ဝမ်ကျိုးချန်အား ဂေါ်ဖီထုပ်တစ်ခြင်းတောင်းကို မီးဖိုသို့ယူဆောင်လာခိုင်းနေစဉ် ရုတ်တရက် ကူဟယ့်ရန် အလျင်အမြန်လာနေသည်ကို တွေ့လိုက်ရသည်။
"ဒေါ်လေးလျန်၊ ဒီနေ့ ကျွန်တော်တို့ဆီကို အထူးဧည့်သည်တွေ လာလိမ့်မယ်။"
"အထူးဧည့်သည်တွေ?"
ဒေါ်လေးလျန်က မော့ကြည့်ကာ သူ(မ)၏နဖူးစပ်များကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။
'စစ်သူကြီးရဲ့အိမ်တော်ကို ဧည့်သည်တစ်ယောက်မှ မလာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ဒါဆို ဘာလို့ ရုတ်တရက် အထူးဧည့်သည်တွေက ရောက်လာရတာလဲ။'
ကံကောင်းစွာဖြင့် ဒေါ်လေးလျန်သည် ပညာရှိသူဖြစ်ပြီး သူ(မ)၏ချွေးမအား ချက်ချင်းပြောလိုက်သည်။
"အချစ်ကလေး ကျွမ်းအာရေ၊ သိုလှောင်ရုံရဲ့ဘယ်ဘက်က သစ်သားစင်ပေါ်မှာ ရိုးရှင်းတဲ့ ဆီလာဒုံလက်ဖက်ရည်အိုးအစုံကို ရှာကြည့်လိုက်။ တွေ့ရင် ထုတ်လာပြီး ရေနွေးနဲ့ ဆေးကြောလိုက်ဦး။"
( T/N- ဆီလာဒုံလက်ဖက်ရည်အိုးအစုံ ဆိုတာ ရှေးခေတ် တရုတ်တွေ သုံးတဲ့ ကျောက်စိမ်းရောင် ရေနွေးအိုး၊ ရေနွေးခွက် အစုံလိုက်ကို ပြောတာပါ။ )
"ဟုတ်ကဲ့၊ နားလည်ပါပြီ!"
ထိုမိန်းကလေးငယ်သည် ချက်ချင်းထ၍ ထွက်သွားသည်။
ဒေါ်လေးလျန်မှာ မည်သူများလာမလဲဆိုသည်အား ကူဟယ့်ရန်ကို မေးချင်နေလေသည်။ သို့ပေမဲ့ သူ(မ)က ကူဟယ့်ရန်အား ကြည့်ရန် ခေါင်းလှည့်လိုက်သည်နှင့် ကူဟယ့်ရန်ကား မီးဖိုချောင်ထဲမှ ပျောက်သွားသည်ကို တွေ့လိုက်ရသည်။
"အိုး..ဒီကလေးလေး၊ ဘယ်ကို အလျင်စလို သွားနေတာလဲ။"
ဒေါ်လေးလျန် တွေးမိလိုက်သည်။
သို့သော် သူ(မ)သည် ထိုမေးခွန်း၏အဖြေကို မကြာမီ ရရှိခဲ့သည်။
နာရီဝက်ခန့်အကြာ၌ ကူဟယ့်ရန်မှာ ချွေးစို့နေပြီး အနည်းငယ် မောဟိုက်နေသော မျက်နှာဖြင့် မီးဖိုချောင်သို့ ပြန်လာခဲ့သည်။ သူသာ် ဒေါ်လေးလျန်အား အဆစ်ပါသော ခြောက်ထောင့်ပုံ သစ်သားပုံးလေးတစ်ခုကို အလျင်အမြန် ကမ်းပေးလိုက်သည်။
ဒေါ်လေးလျန်က ခဏလောက် တောင့်တင်းသွားသော်လည်း ယူလိုက်ကာ မေးလိုက်သည်။
"ဒါဘာလဲ။"
"ခဏနေရင် ဧည့်သည်တွေကို ဧည့်ခံဖို့ မုန့်တွေ။"
ကူဟယ့်ရန်က ဤစကားကို တဲ့တိုးပြောပြီးနောက် လှည့်ထွက်သွားပြန်သည်။
ဒေါ်လေးလျန်သည် ပုံးအဖုံးကို ညင်သာစွာ ဖွင့်လိုက်သည်။ ပုံး၏အလယ်တွင် သစ်သားပြားတစ်ခုရှိပြီး နူးညံ့သော ပင်လုံကြိုင်ပိုရီယာကိတ်နှင့် ကြွပ်ကြွပ်ရွရွ သစ်အယ်သီးသကြားလုံးကိတ်တို့ကို ပိုင်းခြားထားသည်ကို တွေ့လိုက်ရသည်။ ဤမုန့်များသည် သိမ်မွေ့ပြီး အရသာရှိကာ စားချင်စဖွယ်ကောင်းလှသည်။ ဝမ်ကျိုုးချန်က လာကြည့်ကာ
"သခင်လေး ယွီယိက အချိုတွေကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး၊ ဒီလို ရှုပ်ထွေးတဲ့မုန့်တွေကို ဘယ်ကဝယ်ရမှန်း သူ ဘယ်လိုသိသွားတာလဲ။"
ဒေါ်လေးလျန်က ခေါင်းခါကာ အစားအသောက်ပုံးကို သိမ်းဆည်းပြီး ဝမ်ကျိုုးချန်ကို အဓိကခန်းမဆောင်အား သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။ ထိုအတောအတွင်း သူ(မ)က လက်ဖက်ရည် ပြင်ဆင်ရန် သွားခဲ့သည်။
သူ(မ)၏အလုပ်ကို ပြီးသည်နှင့် ကူဟယ့်ရန်သည် အနည်းငယ် စိုးရိမ်နေပုံရသော မျက်နှာဖြင့် သူ(မ)ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဒေါ်လေးလျန်၊ ကျွန်တော့်ကို ကူညီပေးပါဦး။ ကျွန်တော်နဲ့ လိုက်ခဲ့ပေးနိုင်မလား။"
ဒေါ်လေးလျန်မှာ ကူဟယ့်ရန်ကို ယခင်က ဤမျှလောက် အကူအညီမဲ့ပြီး စိတ်ရှုပ်ထွေးနေသည်အား မမြင်ဖူးပေ။ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သည်ဟု တွေးကာ သူ(မ)သည် သူ့နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။
သူတို့ အရှေ့ဘက်အဆောင်၏ အပြင်ခန်းသို့ ရောက်သောအခါ ဒေါ်လေးလျန်က ဝမ်ကျိုုးချန်နှင့် သူ(မ)၏ချွေးမ ကျွမ်းအာတို့လည်း ထိုနေရာ၌ ရှိနေသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားသည်။ သူ(မ)မှာ အလွန်တုန်လှုပ်သွားသည်။
'ဘာတွေဖြစ်နေတာလဲ!'
ကူဟယ့်ရန်သည် ဒေါ်လေးလျန် ထိုင်ရန် သစ်သားခုံတစ်ခု ယူပေးခဲ့သည်။ သုံးယောက်သား တန်းစီထိုင်နေရင်း ရှေ့တွင် ဟိုဟိုသည်သည် လျှောက်သွားကာ ဘာပြောရမှန်း မသိဖြစ်နေသော ကူဟယ့်ရန်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ငယ်စဉ်ကတည်းက အမြဲတမ်း မခံစားတတ်သော၊ တိတ်ဆိတ်သော ကူဟယ့်ရန်သည် ဖြည်းညင်းစွာ ပါးစပ်ဖွင့်လိုက်သည်။
"ခင်ဗျားတို့ သိလား..."
အစေခံသုံးဦး: "သိလား?!"
ကူဟယ့်ရန်: "....."
အစေခံသုံးဦး: "ဘာကိုတုန်း!"
ကူဟယ့်ရန်: "....ဘယ်အဝတ်အစားက ကျွန်တော့်ကို ကြည့်ကောင်းစေမယ်လို့ ခင်ဗျားတို့ ထင်လဲ။"
အစေခံသုံးဦး: "...."
ဝမ်ကျိုုးချန်ကား သစ်သားခုံပေါ်မှ လဲကျလုနီးပါး ဖြစ်သွားသည်။
တုန်ယင်နေသော လက်ဖြင့် ခုံကို တင်းတင်းကျပ်ကျပ် ကိုင်ထားကာ
"သခင်လေး ယွီယိ၊ သခင်လေး ကျွန်တော်တို့ကို ဒီကိစ္စအတွက် ခေါ်ခဲ့တာလား..အ!"
ဝမ်ကျိုးချန် စကားမဆုံးခင်မှာပဲ ကြေကွဲဖွယ် အော်သံတစ်ချက် ထွက်လာသည်။
ဒေါ်လေးလျန်နှင့် ကျွမ်းအာတို့သည် မခံစားတတ်သော ဝမ်ကျိုးချန်ကို သနားခြင်းမရှိဘဲ ဆိတ်ဆွဲလိုက်ကြသည်။ သူ ဘာမှ မိုက်မိုက်ကန်းကန်း မပြောနိုင်အောင် တားဆီးပြီးနောက် အမျိုးသမီးနှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လျင်မြန်စွာ နားလည်သွားကြသည်။
'ဒီနေ့လာတဲ့ဧည့်သည်က! အရမ်း! အရေးကြီးတယ်!'
"ဝမ်အာ၊ မင်း အဓိကခန်းမဆောင်ကို သန့်ရှင်းရေး လုပ်ပြီးပြီလား။"
ဒေါ်လေးလျန်က မေးလိုက်သည်။
"မပြီးသေးဘူး။"
ဝမ်ကျိုးချန်သည် ဆိတ်ဆွဲခံထားရသော ခါးကို ပွတ်သပ်ရင်း အသက်ရှူသွင်းရှူထုတ်လုပ်လိုက်သည်။
"တစ်ဝက်ပဲ သန့်ရှင်းရေးလုပ်ပြီးပြီ၊ ဒါပေမဲ့ သခင်လေးက မြန်မြန်လာခိုင်းလို့ တစ်ခုခု မကောင်းတာ ဖြစ်ပြီလို့ ထင်ခဲ့တာ....."
ကျွမ်းအာက ဝမ်ကျိုးချန်၏ပခုံးကို ပုတ်ကာ စကားပြောခြင်းကို ရပ်ခိုင်းလိုက်သည်။
"သွားပြီး အဓိကခန်းမဆောင် သန့်ရှင်းရေးလုပ်လိုက်။ ကျွမ်းအာနဲ့ ငါ သခင်လေးနဲ့ ဒီမှာနေခဲ့မယ်။"
ဒေါ်လေးလျန်က လက်ကိုဝှေ့ယမ်းကာ ဘာဖြစ်နေသည်ကို နားမလည်သော ဤတုံးအသည့်လူမိုက်ကို နှင်ထုတ်လိုက်သည်။ ထို့နောက် ဒေါ်လေးလျန်နှင့် ကျွမ်းအာတို့သည် အတွင်းခန်းရှိ ရိုးရှင်းပြီး ပုံမပါသော သစ်သားဗီရိုကိုဖွင့်ကာ ကူဟယ့်ရန်၏အဝတ်အစားများကို စီစဉ်နေကြသည်။
ရွေးချယ်စရာ အဝတ်အစား အနည်းငယ်သာ ရှိသောကြောင့် ဝါးရွက်ပုံပါသည့် ကောင်းကင်ပြာရောင် ဘရိုကိတ်ဝတ်ရုံကို ရွေးချယ်လိုက်ကြသည်။ ကူဟယ့်ရန် အဝတ်အစားလဲလှယ်ပြီးနောက် ဒေါ်လေးလျန်က ဗီရိုထဲမှ ဝါးရွက်ကဲ့သို့ စိမ်းလန်းသော ကျောက်စိမ်းဦးရစ်သရဖူတစ်ခုကို တွေ့ပြီး သူ့ဆံပင်ကို စည်းနှောင်ပေးလိုက်သည်။ ထိုအလုပ်ပြီးသောအခါ သူ(မ)သည် အားပေးသည့်လေသံဖြင့်
"သခင်လေး ယွီယိက အရမ်းချောမောပြီး တည်ကြည်ခံ့ညားတာပဲ၊ ဘာဝတ်ဝတ် ကြည့်ကောင်းတယ်။"
"ဟုတ်တယ်၊ ဟုတ်တယ်!"
ကျွမ်းအာက ပြုံးပြီး သဘောတူလိုက်သည်။
"ကျွန်မအမြင်အရတော့ သခင်လေး ယွီယိက ဘယ်မိန်းကလေးနဲ့မဆို လိုက်ဖက်တယ်၊ သာမန်အလှလေးပဲဖြစ်ဖြစ်၊ နတ်သမီးလေးလို တင့်တယ်ခမ်းနားအောင် ဝတ်ဆင်ထားတဲ့သူပဲဖြစ်ဖြစ်ပေါ့။"
ကူဟယ့်ရန်က အင်္ကျီလက်များကို ပြင်ဆင်ကာ လက်ကောက်ဝတ်များကို ချည်နှောင်ရင်း တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည်။
"သခင်မရဲ့ ကျောက်စိမ်းပြားက ဒီအဝတ်အစားနဲ့ လိုက်ဖက်မနေဘူး။"
ကျွမ်းအာသည် အနီရောင်ကျောက်စိမ်းပြားကို ကိုင်ထားပြီး ခါးတွင်ဝတ်ဆင်ဖို့အတွက် ကူဟယ့်ရန်အား ပေးရန် တုံ့ဆိုင်းနေသည်။
"သန့်ရှင်းတဲ့ ပိုးသားအဝတ်နဲ့ ထုပ်ပြီး သခင်လေးရဲ့ရင်ခွင်ထဲ ထည့်လိုက်ပါ။ ဒါက အမြဲတမ်း သခင်လေးဆီမှာ ရှိမှာပါ၊ မမြင်ရရုံလေးပဲ။"
ဒေါ်လေးလျန်က ပြောလာသည်။
"ဟုတ်ကဲ့!"
ကျွမ်းအာသည် ခေါင်းညိတ်ကာ သူ(မ)ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။
တဖြည်းဖြည်းနှင့် ချိန်းဆိုထားသည့်အချိန် ရောက်လာပြီး ယန်အိမ်တော်မှ မြင်းရထားသည် စစ်သူကြီး၏အိမ်တော်ရှေ့သို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။ ဝမ်ကျိုးချန်သည် ဧည့်သည်များကို ကြိုဆိုရန် ရှေ့သို့ထွက်လာပြီး ပြုံးကာ အရိုအသေပြုလိုက်သည်။ ထို့နောက် သူသည် မုပေါ်ရန်နှင့် မုကျစ်မင်တို့ကို အဓိကခန်းမဆောင်သို့ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။
သူတို့ ကန့်လန့်ကာကို ကျော်သွားသောအခါ မည်သည့်တန်ဆောင်း သို့မဟုတ် အပင်များဖြင့်မျှ အလှဆင်ထားခြင်းမရှိသော အိမ်ဝိုင်းသို့ ရောက်ရှိသွားကြသည်။ အိမ်တော်သည် အလွန်ရိုးရှင်းပြီး တည်ကြည်လေးနက်သောကြောင့် မုပေါ်ရန်နှင့် မုကျစ်မင်နှစ်ဦးစလုံး စိတ်ထဲမှ သက်ပြင်းချမိကြသည်။
"သခင်ကြီး၊ သခင်ကြီးရဲ့ အထူးဧည့်သည်တော်တွေ ရောက်လာပါပြီ။"
ဝမ်ကျိုးချန်သည် အဓိကခန်းမဆောင်၏ အဝင်ဝတွင် လက်ကိုင်းပြကာ ဖိတ်ခေါ်သည့်ပုံစံဖြင့် အော်ပြောလိုက်သည်။
မုပေါ်ရန်က မုကျစ်မင်ကို အဓိကခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားရာ ကူမြောင်နှင့် ကူဟယ့်ရန်တို့ နှစ်ဦးစလုံးကို စောင့်နေသည်ကို တွေ့လိုက်ရပြီး အလျင်အမြန် အရိုအသေပြုလိုက်သည်။
"စစ်သူကြီးကူကို ဂါရဝပြုပါတယ်။ ကျွန်တော့်သားရဲ့အသက်ကို ကယ်တင်ပေးတဲ့ ကူမိသားစုရဲ့ ကြီးမားတဲ့ ကျေးဇူးကို ကျေးဇူးဆပ်ဖို့ လာခဲ့တာပါ။ ကျေးဇူးတင်စကားပြောဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ စစ်သူကြီးခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုလည်း စစ်သူကြီးဆီကို လာလည်တာပါ၊ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်၊ ဒါပေမဲ့ စစ်သူကြီး စိတ်မဆိုးဘူးလို့တော့ မျှော်လင့်ပါတယ်!"
မုကျစ်မင်သည်လည်း သူ၏ဖခင်နောက်မှ လိုက်ပါကာ ခါးကိုင်း၍ ကျေးဇူးတင်စကားဆိုခဲ့သည်။
"ယန်မြို့စားမင်းကို ဂါရဝပြုပါတယ်!"
မုပေါ်ရန် စကားဆုံးသည်နှင့် ကူမြောင်က အရိုအသေပြန်ပြုကာ မုပေါ်ရန်ကို ထူပေးရန် ရှေ့သို့တိုးသွားသည်။
"ယန်မြို့စားက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ စိတ်ရင်းစေတနာနဲ့ ကူညီတာဆိုတော့ ဘာကိုမှ ပြန်မမျှော်လင့်ပါဘူး။ ကျေးဇူးပြုပြီး ထိုင်ပါ။"
မြို့စားမင်းနှင့် စစ်သူကြီးတို့သည် ရှေ့တန်းနေရာတွင် ထိုင်ကြပြီး ကူဟယ့်ရန်နှင့် မုကျစ်မင်တို့က ဘေးတန်းနေရာ၌ ထိုင်ကြသည်။ ထိုအချိန်တွင် ကျွမ်းအာသည် လက်ဖက်ရည်နှင့် သရေစာများ ယူဆောင်ကာ အဓိကခန်းမဆောင်သို့ ဝင်လာခဲ့သည်။
မုကျစ်မင်၏မျက်လုံးများသည် မုန့်များပါသော ဆီလာဒုံပန်းကန်ငယ်များပေါ်သို့ ရောက်သွားသောအခါ ပင်လုံကြိုင်ပိုရီယာကိတ်သုံးခုနှင့် ကြွပ်ကြွပ်ရွရွ သစ်အယ်သီးသကြားလုံးကိတ်အချို့ကို တန်းစီထားသည်ကို တွေ့ရ၍ အနည်းငယ် အံ့အားသင့်သွားသည်။
ထိုအရာများသည် တကယ်တော့ ကျီယွဲ့ လက်ဖက်ရည်ဆိုင်မှ မုကျစ်မင် အကြိုက်ဆုံး သရေစာများပင်။
'ဒီကနေ အတော်ဝေးတဲ့အတွက် ကျီယွဲ့ လက်ဖက်ရည်ဆိုင်ရဲ့မုန့်တွေက စစ်သူကြီးအိမ်တော်မှာ ပုံမှန်သရေစာတွေ ဖြစ်မယ်လို့ မထင်ထားဘူး။ ကျီယွဲ့ လက်ဖက်ရည်ဆိုင်က နာမည်ကောင်းရှိပုံပဲ။'
မုကျစ်မင်၏ပါးစပ်မှ တံတွေးများ စီးကျနေသော်လည်း ဧည့်သည်တစ်ဦးအနေဖြင့် သူသည် ထိန်းထိန်းသိမ်းသိမ်းနေသင့်ကြောင်း သိသည်။ မဟုတ်ပါက အခြားသူများ စကားပြောနေစဉ် သူသည် စားသောက်နေမည် မဟုတ်လား။ သူက ရိုင်းစိုင်းသည်ဟု ခေါ်ဝေါ်ခံရလိမ့်မည်!
ထို့ကြောင့် မုကျစ်မင်တစ်ယောက် သူ၏လောဘကြီးသောဆန္ဒကို ထိန်းချုပ်ကာ သရေစာများပြည့်နေသော ပန်းကန်ကို မကပ်ခဲ့ချေ။ ထိုအစား လက်ဖက်ရည်ခွက်ကို ယူကာ ဖြည်းညင်းစွာ သောက်လိုက်သည်။
မွှေးကြိုင်သော လက်ဖက်ရည်မှာ မုကျစ်မင်၏ပါးစပ်ထဲတွင် ချိုမြိန်စွာ ပျံ့နှံ့သွားပြီး သူ လက်ဖက်ရည်ကို ဂရုတစိုက် မြိုချလိုက်စဉ် ကူမြောင်က ကူဟယ့်ရန်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။
"ယွီယိ။"
"အမိန့်တော်အတိုင်းပါ အဖေ။"
ကူဟယ့်ရန်က ထရပ်ကာ လက်ကိုယှက်လိုက်သည်။
ကူမြောင်က မေးစေ့ပေါ်ရှိ မုတ်ဆိတ်ကို ပွတ်သပ်ရင်း
"မင်းတို့ ကလေးတွေ ငြီးငွေ့ပြီး ပျင်းရိဖွယ်ကောင်းတယ်လို့ ထင်မဲ့အရာတွေအကြောင်း ယန်မြို့စားနဲ့ ငါက ပြောရမှာ။ ဒါကြောင့် မုသခင်လေးကို မင်းနဲ့အတူ အိမ်ဝိုင်းထဲမှာ သွားကစားခိုင်းလိုက်မယ်။ မင်းတို့နှစ်ယောက် ဒီမှာ ငါတို့ကို အဖော်ပြုနေစရာ မလိုဘူး။ သွားတော့။"
"နားလည်ပါပြီ။"
ကူဟယ့်ရန် ခေါင်းညိတ်ကာ မုကျစ်မင်ကို ကြည့်လိုက်သည်။
ထိုအချိန်၌ မုကျစ်မင်က ခေါင်းထောင်ကာ မုပေါ်ရန်ကို မျက်လုံးဖြင့် မေးလိုက်သည်။
မုပေါ်ရန်က ခေါင်းညိတ်သည်။
"သွားလေ။"
"ဒါဆို အဖေ၊ စစ်သူကြီး၊ ကျွန်တော်တို့ လူငယ်တွေ အရင် ထွက်သွားလိုက်ပါဦးမယ်။"
မုကျစ်မင်သည် ကိုင်းညွတ်ကာ ကူဟယ့်ရန်နောက်ကနေ အဓိကခန်းမဆောင်မှ ထွက်သွားခဲ့သည်။
ကူမြောင်က လူငယ်နှစ်ဦး၏ အရိပ်များသည် တဖြည်းဖြည်း ဝေးသွားသည်ကို မြင်သောအခါ မုပေါ်ရန်ကို ပြုံး၍ မေးလိုက်သည်။
"ယန်မြို့စား၊ ကျွန်တော့်ကို မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါလား။"
"စစ်သူကြီးကူက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ မေးလို့ရပါတယ်၊ ကျွန်တော် သိရင် ပြန်ဖြေပေးပါ့မယ်။"
မုပေါ်ရန်သည် အလျင်အမြန် ပြန်ဖြေလိုက်၏။
"ဒါဆို ကျွန်တော် မေးမယ်နော်...."
ကူမြောင်က ပြုံးကာ ဖြည်းညင်းစွာ ပါးစပ်ဖွင့်လိုက်သည်။
"ယန်မြို့စားမှာ..... သမီး ရှိလား။"
***
Aurora Novel Translation Team
Translator's Note:
နောက်ဆုံးတော့! မုကျစ်မင်လေး ကူဟယ့်ရန်ရဲ့အိမ်ကို လာလည်နေပါပြီ~~
ပြီးတော့ ကူဟယ့်ရန်က ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ!! သူ့ Crush လေး အကြိုက်ဆုံးဆိုင်က အကြိုက်ဆုံးသရေစာတွေကို ဝယ်ဖို့ အဝေးကြီးကိုတောင် သွားခဲ့တာနော်! ပြီးတော့ အဝတ်အစားအတွက်တောင် အကူအညီတောင်းလိုက်သေးတယ်! သူ့ရဲ့ Crush လေးအမြင်မှာ ကြည့်ကောင်းချင်လို့တဲ့!! ( 'ω' ♡ )