အခန်း (၁၅) - သူ့ကို သစ်သားဗီရိုထဲမှာ ဝှက်ထားလို့ရရင် ကောင်းမယ်
ကူဟယ့်ရန်သည် စားပွဲသို့ လျှောက်သွားကာ သစ်သားအဖုံးကို ဖွင့်ပြီးနောက် အစားအစာသေတ္တာကို ကောက်ယူကာ မုကျစ်မင်၏ လက်ထဲသို့ ထည့်လိုက်သည်။
"ဒီမှာ လူကြီးတွေ မရှိဘူး၊ မင်း စိတ်ပူစရာ မလိုဘူး။"
ခုနကတင် ရေခဲဂူထဲ ရောက်နေသလို ခံစားနေရသော မုကျစ်မင်တစ်ယောက် ထိုကဲ့သို့ မမျှော်လင့်သော အရာကြောင့် အံ့အားသင့်သွားသည်။ အစားအစာသေတ္တာကို ရုတ်တရက် မကိုင်ရဲသောကြောင့် သူ ထပ်ခါထပ်ခါ အတည်ပြုလိုက်၏။
"ဒါ၊ ဒါ၊ ဒါ ကျွန်တော့်အတွက်လား။"
ကူဟယ့်ရန်: "အင်း။"
"ကျွန်တော် တကယ် စားလို့ရတာလား။"
"..အင်း။"
"ယဉ်ယဥ်ကျေးကျေးနဲ့ ငြင်းပယ်တာထက် လေးလေးစားစားနဲ့ လက်ခံတာက ပိုကောင်းတယ်၊ ကျွန်တော် ပြောတာ ဟုတ်တယ်မလား။"
"အင်း"
မုကျစ်မင် ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများသည် လခြမ်းကဲ့သို့ ကွေးနေပြီး ကူဟယ့်ရန်ကို ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကူရှုန်း။"
ကူဟယ့်ရန်က မျက်မှောင်ကြုတ်လိုက်ကာ မသိမသာ မျက်တောင်ခတ်လိုက်ရင်း ခေါင်းကို တစ်ဖက်သို့လှည့်သွားခဲ့သည်။
မုကျစ်မင်: "..."
မုကျစ်မင် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ခေါင်းငုံ့ပြီး မုန့်ကို တိတ်တဆိတ် ဝါးစားလိုက်သည်။
ပထမဆုံး အတုံးသည် ချိုမြပြီး မွှေးကြိုင်သည်။ သို့သော် တတိယမြောက် အတုံးတွင် သူ့ပါးစပ် ခြောက်သွေ့လာသည်ဟု ခံစားရသည်။ မုကျစ်မင်မှာ မျိုချရန် အခက်အခဲရှိသော်လည်း နောက်ဆုံးတွင် မတတ်နိုင်တော့ပေ။ ထိုအချိန်၌ ရုတ်တရက် ရေတစ်ခွက်က စားပွဲပေါ်တွင် 'ဒုန်း' ဟူသော အသံဖြင့် သူ့ရှေ့တွင် ရောက်လာသည်။
မုကျစ်မင်သည် ထိုရုတ်တရက် လုပ်ရပ်ကြောင့် အလွန်အမင်း အံ့အားသင့်သွားပြီး မရပ်မနား ချောင်းဆိုးလာသဖြင့် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။
ကူဟယ့်ရန်: "ဖြည်းဖြည်းစား။"
ခဏလောက် ရပ်တန့်ပြီးနောက် ကူဟယ့်ရန်က ထပ်ပြောသည်။
"ဒါတွေအားလုံး မင်းအတွက်ပဲ။"
မုကျစ်မင်၏ မျက်နှာသည် ရှက်ရွံ့လာသောကြောင့် ချက်ချင်း နီရဲသွားသည်။ မုကျစ်မင်က ကြွေခွက်ကို ကောက်ယူလိုက်ပြီး ရေအကူအညီဖြင့် မုန့်ကို မျိုချလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
ကူဟယ့်ရန်သည် မုကျစ်မင်ကို ငေးကြည့်နေပြီး မုကျစ်မင် စကားပြောသည်ကို ကြားမှ သတိပြန်ဝင်လာ၏။ အကြည့်ကို မြေပြင်သို့ ရွှေ့ပြီးနောက် ကူဟယ့်ရန်သည် အေးစက်စွာဖြင့်
"ကျေးဇူးတင်စရာ မလိုဘူး။"
သူတို့ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှု ပြန်လည်လွှမ်းခြုံလာသည်ကို မြင်ပြီးနောက် မုကျစ်မင်သည် သူတို့ကြားရှိ ရှက်ရွံ့မှုကို ဖယ်ရှားနိုင်ရန် ကူဟယ့်ရန် စိတ်ဝင်စားမည့် အကြောင်းအရာများကို ရှာဖွေရန် ကြိုးစားခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်ရှုနေစဉ် မုကျစ်မင်၏ မျက်လုံးများသည် ရုတ်တရက် နေရာတစ်ခု၌ ရပ်တန့်သွားသည်....
ကျောက်စိမ်းချီလင်လေး၏ဘေးတွင် ထားရှိသော ထူးဆန်းသောပုံသဏ္ဌာန်ရှိသည့် ဒူးလေးဆီသို့ပင်။
"အား!"
မုကျစ်မင် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။ ဒူးလေးကို လက်ညှိုးထိုးပြရင်း မေးလိုက်၏။
"အဲ့ဒါက နေနဲ့လ အမဲလိုက်ဒူးလေးလား။"
ကူဟယ့်ရန် ခေါင်းညိတ်ပြလိုက်ကာ
"အင်း။"
မုကျစ်မင်သည် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ကာ စားပွဲဆီသို့ လျှောက်သွားပြီး အလွန်အမင်း ဂရုတစိုက် ကြည့်ရှုလိုက်သည်။
"ကူအိမ်တော်မှာ ရှိမှန်းသိပေမဲ့ ကူရှုန်းအခန်းထဲမှာ ပြထားမယ်လို့ မထင်ထားဘူး! မျက်စိနဲ့ ကိုယ်တိုင်မြင်လိုက်ရတာ တကယ့်ကို ဂုဏ်ယူစရာပဲ!"
နေနှင့်လ အမဲလိုက်ဒူးလေးသည် စစ်ဌာန၏ စစ်လက်နက်တိုက်မှ သွန်းလုပ်ခဲ့သော အင်အားကြီးမားသည့် လက်နက်တစ်ခုဖြစ်ပြီး ပြီးစီးရန် ၁၁ နှစ်ကျော် ကြာမြင့်ခဲ့ကာ လူ ၁၀၀ ကျော်၏ ကြိုးပမ်းအားထုတ်မှုများ လိုအပ်ခဲ့သည်။ ဤဒူးလေးနှင့်ပတ်သက်၍ အထူးအဆန်းဆုံးအချက်မှာ သုံးလက်မခန့်ရှိသော ဖော့ဘူးကဲ့သို့ ပေါ့ပါးပြီး လက်မောင်းတွင် တပ်ဆင်နိုင်ခြင်းဖြစ်ပြီး ကိုင်ဆောင်သူသည် ဒူးလေး၏ လွှမ်းမိုးမှုမရှိဘဲ အခြားလက်နက်များကို အသုံးပြုနိုင်စေသည်။
ဤဒူးလေးသည် ပေါ့ပါးပြီး သေးငယ်သော်လည်း ပစ်ခတ်လိုက်သောအခါ မြားများ၏ အင်အားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုကဲ့သို့သော အင်အားဖြင့် ပစ်လိုက်သော မြားသည် ခြေလှမ်း ၁၀၀ အကွာအဝေးမှ လူတစ်ဦး၏ ဦးခေါင်းခွံကို ထိုးဖောက်နိုင်စွမ်းရှိသည်။
တစ်ချိန်တုန်းက စစ်သူကြီးကူမြောင်သည် သူ့လက်မောင်းတွင် နေနှင့်လ အမဲလိုက်ဒူးလေးအား တပ်ဆင်ပြီး စစ်သည်ထောင်ပေါင်းများစွာပါသော စစ်တပ်ကို ဖြတ်ကျော်စီးနင်းခဲ့သည်။ မြားတစ်စင်းတည်းနှင့်ဝေးလံခေါင်သီသည့်နေရာက ရန်သူခေါင်းဆောင်ကို သတ်နိုင်ခဲ့သည်။ အဲ့ဒီအချိန်မှစပြီး သူ့နာမည်က လောကအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ကံမကောင်းစွာဖြင့် လွန်ခဲ့သော တစ်နှစ်ခန့်လောက်က ဒူးလေးသည် စစ်မြေပြင်တွင် ပျက်စီးခဲ့သည်။ ပိုဆိုးသည်မှာ ဒူးလေးကို ဖန်တီးရာ၌ ပါဝင်ခဲ့သော လက်မှုပညာရှင်အများစုမှာ ကွယ်လွန်သွားကြပြီဖြစ်သောကြောင့် မည်သူမျှ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိတော့ချေ။ ယခုအခါ နောင်လာနောက်သားများအနေနှင့် သက်ပြင်းချကာ ပျက်စီးသွားခြင်းအတွက် ဝမ်းနည်းကြေကွဲစေရန်သာ ပြသထားနိုင်တော့သည်။
မုကျစ်မင်သည် ၎င်းကို ထိတွေ့လိုသော ဆန္ဒအား တောင့်ခံထားခဲ့သည်။ သူကြည့်လေလေ ဒူးလေးသည် အလွန်အမင်း လက်ရာမြောက်စွာ ပြုလုပ်ထားသည်ဟု ခံစားရလေလေဖြစ်ပြီး သူ့ကို ထပ်ခါထပ်ခါ အံ့အားသင့်စေသည်။
နွေးထွေးသော နွေဦးလေပြည် တိုက်ခတ်လာသောအခါ မုကျစ်မင်တစ်ယောက် ဒူးလေးကို အံ့သြတကြီး စိုက်ကြည့်နေသော်လည်း ကူဟယ့်ရန်ကတော့ သူ့ကို နွေးထွေးသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်မှ နေရောင်က နွေးထွေးစွာ ထွန်းလင်းကာ လေပြည်၌ ယိမ်းနွဲ့နေသော ဝူထုန်သစ်ပင်များမှ လှပသည့် အရိပ်ကို ထိုးပေးပြီး ငှက်ကလေးများက စိတ်အားထက်သန်စွာ တကျည်ကျည်အော်မြည်နေကြသည်။
ထိုအချိန်တွင် အဆောင်ခန်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်ပြီး ကျွမ်းအာ၏ အသံကို အပြင်မှ ကြားလိုက်ရသည်။
"သခင်လေး! မုကုန်းကျစ် (၁) က သခင်လေးနဲ့အတူ ရှိနေတာလား။"
"အင်း။"
ကူဟယ့်ရန် လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ။"
ကျွမ်းအာက ပြောလာသည်။
"နောက်ကျနေပြီ။ ယန်မြို့စားက အနှောင့်အယှက်များသွားမှာ စိုးရိမ်ပြီး မုကုန်းကျစ်ကို နှုတ်ဆက်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။"
ကူဟယ့်ရန်: "....နားလည်ပြီ။"
ကျွမ်းအာ ထွက်သွားပြီးနောက် မုကျစ်မင်သည် ကူဟယ့်ရန်ဘေးသို့ လျှောက်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"အချိန်တွေ ဒီလောက်မြန်မြန် ကုန်သွားတာကို သတိမထားမိလိုက်ဘူး။ ကူရှုန်း၊ ကျွန်တော်တို့ အဓိကခန်းမဆောင်ကို မြန်မြန်သွားသင့်တယ်။ စစ်သူကြီးကူနဲ့ ကျွန်တော့်အဖေကို စောင့်ခိုင်းထားလို့ မဖြစ်ဘူးလေ။ ကူရှုန်း?"
ကူဟယ့်ရန် သတိပြန်ဝင်လာကာ
"အမ်?"
မုကျစ်မင် ပြုံးပြီးမေးလိုက်သည်။
"ဘာတွေ စဉ်းစားနေလို့ ဒီလောက်တောင် ငေးနေရတာလဲ။"
ကူဟယ့်ရန်သည် မုကျစ်မင်အား တစ်ချက်ကြည့်လိုက်၏.....
သူ့စိတ်ထဲတွင်မူ မုကျစ်မင်ကို သစ်သားဗီရိုထဲ ထည့်ပြီး ဝှက်ထားလို့ရမလားဟု တွေးနေမိသည်။
"ထားလိုက်ပါတော့။"
ကူဟယ့်ရန် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"သွားကြစို့။"
***
Aurora Novel Translation Team
Translator's Note:
(၁) 公子 (gong zi); မင်းသားတစ်ပါးရဲ့ သားတော် ဒါမဟုတ် အဆင့်မြင့်အရာရှိရဲ့သား / မြင့်မြတ်တဲ့မျိုးနွယ်စုရဲ့ သားကို ခေါ်တဲ့နေရာမှာ သုံးကြပါတယ်။