အခန်း (၂) - ကိုယ်နဲ့ လိုက်ခဲ့မလား
မုကျစ်မင်ရှေ့တွင် ရပ်နေသော ထိုလူသည် အရပ်ရှည်ပြီး အလွန်တရာ ချောမောလှသဖြင့် အခန်းတစ်ခုလုံးကိုပင် လင်းထိန်သွားစေနိုင်သည်။ သူ့ကို ချောမောရုံသာမက အရည်အချင်းရှိသော လူငယ်တစ်ဦးအဖြစ် ချီးမွမ်းသူများပင် ရှိခဲ့သည်။
သူ၏မျိုးရိုးမှာ ကူ ဖြစ်ပြီး၊ အမည်မှာ ယွီယိ၊ သူ့ကို နောက်တစ်မျိုးခေါ်သောအမည်မှာ ဟယ့်ရန် ဖြစ်သည်။
သူသည် ကျင်းမင်းဆက်၏ မဟာစစ်သူကြီး (၁) တစ်ယောက်ပင်။ အသက် ၁၇ နှစ်အရွယ်တွင် သူသည် လေးကို ဆွဲကာ ဇာတိမြေမှ ထွက်ခွာခဲ့သည်။ ထို့နောက် သံချပ်ဝတ် မြင်းတပ်သားသောင်းချီကို ရင်ဆိုင်တိုက်ခိုက်ကာ ရန်သူ့စစ်သူကြီးကို တစ်ချက်တည်းဖြင့် ခေါင်းဖြတ်နိုင်ခဲ့သည်။ ထို့နောက် မြောက်ပိုင်းတွင် နယ်နိမိတ်ကို တည်ထောင်ကာ ခန်တီတောင်တန်း (၂) တွင် ကောင်းကင်ဘုံသို့ ယစ်ပူဇော်ပသခဲ့သည်။
ဝမ်းနည်းစရာမှာ ဧကရာဇ်သစ် နန်းတက်မည့် တစ်နှစ်အလိုတွင် ဤလူငယ်သည် လူရိုင်းများနှင့် တိုက်ပွဲ၌ ကျဆုံးခဲ့သည်။ တိုင်းပြည်တစ်ခုလုံး ဝမ်းနည်းပူဆွေးကာ ငိုကြွေးခဲ့ကြ၏။ ကောင်းကင်ဘုံသည် အရည်အချင်းရှိသူများကို တောင့်တသောကြောင့်ဟု ဆိုကာ ငိုကြွေးခဲ့ကြခြင်းဖြစ်သည်။
မုကျစ်မင် သူ့ကို သိကျွမ်းခွင့်ရခဲ့သော်လည်း သူတို့နှစ်ဦးကြားတွင် ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့ခြင်းမရှိပေ။ ရံဖန်ရံခါ ခေါင်းညိတ်ရုံသာ တုံ့ပြန်ခဲ့ကြသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင်၊ ဤအချိန်၌ မုကျစ်မင်သည် သူ့ကို နိုင့်ဟယ်တံတားတွင် စောင့်နေသူက ကူဟယ့်ရန် ဖြစ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
နှစ်ဦးသား ဘာပြောရမှန်းမသိဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။ မုကျစ်မင် စကားစပြောရန် ပြင်လိုက်စဉ်တွင် ကူဟယ့်ရန်သည် ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ဟန်တူသည်။ သူ၏မျက်လုံးများက ပြူးကျယ်သွားပြီး ပါးလွှာသော နှုတ်ခမ်းများက တုန်ရီလာကာ ရှေ့သို့ ခြေလှမ်းတိုးလိုက်ပြီး မုကျစ်မင်၏ ညာဘက်လက်ကို အလွန်ဂရုတစိုက် ဆွဲယူလိုက်သည်။ အလွန်နူးညံ့သော အရာတစ်ခုကို ကိုင်ထားသည့်နှယ်။
မုကျစ်မင်၏ ညာဘက်လက်ကောက်ဝတ်တွင် နက်ရှိုင်းသော ဓားရာများနှင့် တိမ်နက်သော ခြစ်ရာများစွာ ရှိနေသည်။ ကြည့်ရသည်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"နာနေလား။"
ကူဟယ့်ရန်မှာ မုကျစ်မင် အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သည့်အလား ညင်သာစွာ မေးလိုက်သည်။
စိုးရိမ်တကြီး မေးလာသောကြောင့် မုကျစ်မင် ခဏမျှ ကြောင်အသွားသော်လည်း ပြန်ဖြေလိုက်၏။
"မနာပါဘူး....."
သို့သော် သူ၏စကားများသည် တုံ့ဆိုင်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်မယှက် တောင့်တင်းသွားတော့သည်။
အကြောင်းမှာ ကူဟယ့်ရန်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသောကြောင့်ပင်။
ကောလာဟလများအရ ကူဟယ့်ရန်၏ နှလုံးသားသည် ကျောက်တုံး သို့မဟုတ် အနက်ရောင်သံမဏိ (၃) ကဲ့သို့ မာကျောသည်ဟု ဆိုကြ၏။ သွေးထွက်သော်လည်း မျက်ရည်မကျသော ယောက်ျားတစ်ဦး။ တစ်ချိန်က သူ၏လက်မောင်းကို အဆိပ်လူးမြားဖြင့် ထိုးစိုက်ခံရသောကြောင့် အနာကျက်စေရန် အရိုးပေါ်သည်အထိ သူ၏အရေပြားကို ခွာခဲ့ရဖူးသည်။ ထိုကဲ့သို့သော နာကျင်မှုသည် မည်သူ့ကိုမဆို သတိလစ်သွားစေနိုင်ပြီး အချို့မှာမူ ကြောက်လန့်တကြား သေဆုံးသွားနိုင်သော်လည်း သူ၏ခန္ဓာကိုယ်မှာ ချွေးများဖြင့် ရွှဲနစ်နေသည့်တိုင် ကူဟယ့်ရန်ကတော့ မျက်ရည်တစ်စက်မျှ မကျခဲ့ပေ။
သို့သော် ယခုတွင် ဤလူက အဘယ့်ကြောင့် ငိုနေပါသနည်း။
ကူဟယ့်ရန်သည် သူ၏မျက်ရည်များကို သုတ်လိုက်ပြီး မုကျစ်မင်၏ မျက်လုံးများကို ပြန်ကြည့်ကာ မေးလိုက်သည်။
"ကိုယ်နဲ့ လိုက်ခဲ့မလား။"
မုကျစ်မင် ပြန်မေးလိုက်သည်။
"ဘယ်ကိုလဲ။"
ကူဟယ့်ရန်က ပြောလာသည်။
"ကိုယ်လည်း သေချာမသိဘူး။"
မုကျစ်မင် မရယ်ဘဲ မနေနိုင်တော့ပေ။ သူ၏မျက်လုံးများက လင်းလက်သော လမင်းကဲ့သို့ ကွေးညွတ်သွားပြီး
"ခင်ဗျားလည်း မသေချာဘူး?"
"အင်း။"
ကူဟယ့်ရန်ကား နောက်ပြောင်နေပုံမပေါ်ဘဲ အလွန်တည်ကြည်စွာ ခေါင်းညိတ်လာသည်။
မုကျစ်မင် သူ့ဘဝကို ပြန်လည်အောက်မေ့ရင်း ထိုသူ့ကို ကြည့်နေမိသည်။ မဟုတ်မမှန်သော စကားများကို နားထောင်ပြီး ချိုမြိန်သောစကားများဖြင့် ဖုံးကွယ်ထားသော ရက်စက်သည့် နှလုံးသားရှိသူတစ်ဦး၏ လက်ထဲသို့ သူ့ကိုယ်သူ အပ်နှံလိုက်ပြီးနောက် သူ့မိသားစုကို ဆုံးရှုံးခဲ့ရသည်။ ယခုတွင် သူသည် အထီးကျန်ဆန်ကာ မည်သည့်နှောင်ကြိုးမှ မရှိတော့တာကြောင့် ယခုမှစ၍ သူ ဘယ်ကိုသွားသည်ဖြစ်စေ အရေးမပါတော့ပေ။
"ကောင်းပြီ။"
မုကျစ်မင် ပြုံးကာ ကူဟယ့်ရန်ကို ကတိပေးလိုက်သည်။
"ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်။"
ကူဟယ့်ရန်၏ မျက်လုံးများ လင်းလက်သွားသည်။
"တကယ်လား?"
"အင်း"
မုကျစ်မင် ခေါင်းညိတ်လိုက်သည်။
ထို့ကြောင့် ကူဟယ့်ရန် သူ၏သတ္တိအားလုံးကို စုစည်းကာ မုကျစ်မင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ဖဝါးသည် ကြီးမားပြီး နွေးထွေးသောကြောင့် မုကျစ်မင်ကို သက်တောင့်သက်သာဖြစ်သလို ခံစားစေရသည်။
ဘေးချင်းယှဉ်လျက် သူတို့သည် ကျောက်တံတားကို ဖြတ်လျှောက်လာခဲ့ကြပြီး ရှေ့တွင် ခံ့ညားထည်ဝါသော အိမ်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။
"ဟမ်?"
မုကျစ်မင် အံ့သြသွားသည်။
"ဒီ အနီရောင်တံခါး၊ ဒီ ကျောက်ခြင်္သေ့ရုပ်တု၊ ဒီ ကြေးဝါတံခါးခေါက်တံတွေ... ဒါတွေက အရမ်းရင်းနှီးနေသလိုပဲ။ မဟုတ်ဘူး၊ ဒါတွေက ကျွန်တော့်မိသားစုရဲ့ အိမ်မှာရှိတဲ့ အရာတွေနဲ့ လုံးဝတူနေတာပဲ။"
မုကျစ်မင် ခေါင်းစောင်းလိုက်သောအခါ ကူဟယ့်ရန်သည် သူ့ဘေးမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၍ အံ့သြသွား၏။
"စစ်သူကြီးကူ?"
မုကျစ်မင် ထိတ်လန့်တကြားဖြင့် သူ့ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
"စစ်သူကြီးကူ။ ခင်ဗျား ဘယ်မှာလဲ။"
ထို့နောက် မုကျစ်မင် အိပ်မက်မှ နိုးလာသည်။ ထထိုင်လိုက်သည်နှင့် သူသည် သေရာမှ ပြန်လာခဲ့သည့်အလား အသက်ရှူသွင်းလိုက်၏။
ကျင်းကျယ် (၄) ၌ နွေဦးမိုးသည် တစ်ခဏသာ ရွာသွန်းတတ်ပြီး မိုးရေများဖြင့် စိုစွတ်လာတတ်သည်။ ရာသီဥတုက နွေးထွေးလာသည့် လက္ခဏာများ ပြသနေသော်လည်း နံနက်စောစောတွင်မူ အေးမြနေဆဲပင်။
ယန်မြို့စား၏ သားတော် မုကျစ်မင်အား အလုပ်အကျွေးပြုသော အကြီးဆုံးအိမ်စေ ချိုင်ဝေ့သည် မုကျစ်မင်၏ အဆောင်ခန်း ပြတင်းပေါက်အပြင်ဘက်တွင် စောင့်နေသည်။ သူ(မ)၏မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ အဝါရောင် စံပယ်ပန်းအချို့ကို ကောက်ယူနေစဉ် ရုတ်တရက် မုကျစ်မင်၏အခန်းတွင်းမှ "စစ်သူကြီး!" ဟု အော်ဟစ်သံကို ကြားလိုက်ရသည်။ သူ(မ) စိတ်ရှုပ်ထွေးသွားသော်လည်း သူ(မ)သည် ချက်ချင်းပင် ငယ်ရွယ်သော အိမ်စေတစ်ဦးကို အမိန့်ပေးလိုက်သည်။
"သခင်လေး အခုမှ နိုးလာတာ။ မြန်မြန်သွားပြီး ကြေးဝါဇလုံနဲ့ ရေနွေးယူလာခဲ့။ ဒီလို အေးစိမ့်တဲ့ မနက်ခင်းမှာ အအေးမိတတ်တဲ့ သခင်လေးကို နွေးထွေးအောင် လုပ်ပေးရမယ်။"
"ဟုတ်ကဲ့!"
ငယ်ရွယ်သော အိမ်စေက ပြန်ဖြေကာ အလျင်အမြန် ထွက်သွားလေသည်။
ချိုင်ဝေ့ အဆောင်ခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။ ထို့နောက် သူ(မ)လက်ကိုမြှောက်ကာ တံခါးကို ခေါက်လိုက်၏။
"သခင်လေး၊ နိုးပြီလား။ ကျွန်မ ဝင်လာမယ်နော်။"
သို့သော် အချိန်အတော်ကြာသည်အထိ မည်သူမျှ ပြန်မဖြေခဲ့ပေ။ ချိုင်ဝေ့ တံခါးကို တတ်နိုင်သမျှ ညင်သာစွာ တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။ မုကျစ်မင်က အိပ်ရာပေါ်တွင် ထိုင်ကာ ဘာကိုမှ မကြည့်ဘဲ ငေးနေသည်ကို တွေ့လိုက်ရသောအခါ သူ(မ) ကြောက်လန့်သွားတော့သည်။
"သခင်လေး! ဘာလုပ်နေတာလဲ။ အထူးသဖြင့် ဒီမနက်က အေးပါတယ်၊ အိပ်ရာပေါ်မှာ ထိုင်နေရင် အပေါ်အင်္ကျီဝတ်ထားရမယ်လေ! လေအေးတွေကြောင့် အအေးမမိအောင် ဂရုစိုက်ရပါမယ်။"
စိုးရိမ်တကြီးဖြင့် ချိုင်ဝေ့က အိပ်ရာဘေး၌ ရှိသော သစ်တော်သားဖြင့်ထွင်းထုထားသည့် ဗီရိုဆီသို့ လျှောက်သွားကာ မုကျစ်မင်အား ဝတ်ဆင်ပေးရန် ရည်ရွယ်၍ လေးလံသော ပိုးသားအင်္ကျီတစ်ထည်ကို ယူလာခဲ့သည်။
မမျှော်လင့်ဘဲ မုကျစ်မင်သည် သူ(မ)၏လက်ကောက်ဝတ်ကို အားနှင့် ဆွဲကိုင်လိုက်၏။
ချိုင်ဝေ့ကား ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ မုကျစ်မင်၏ မျက်လုံးများက ငိုတော့မည့်သူတစ်ဦးကဲ့သို့ နီရဲနေသည်ကို တွေ့သောအခါ သူ(မ)မှာ ထိတ်လန့်သွားသည်။
"သခင်လေး၊ နေကောင်းရဲ့လား။ ညက အိပ်မက်ဆိုးတွေ မက်ခဲ့လို့လား။ မကြောက်ပါနဲ့၊ ကျွန်မ ဒီမှာ ရှိပါတယ်။"
"ချိုင်ဝေ့ကျဲ... တကယ်..တကယ်ကို ကျဲပဲ။ ဒါ အိပ်မက်မဟုတ်ဘူး....ကျွန်တော့်မိဘတွေရော ဘယ်မှာလဲ!"
"ဒီအချိန်ဆိုရင် မြို့စားမင်းနဲ့ သခင်မကြီးတို့ နိုးနေလောက်ပါပြီ။ သူတို့ အဆောင်ခန်းမှာ မနက်စာ စားနေလောက်ပါတယ်။"
ထို့နောက် မုကျစ်မင်တစ်ယောက် အိပ်ရာခင်းကို လှန်ကာ အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။ ဖိနပ်ပင် မစီးဘဲ၊ အဝတ်အစားပင် မလဲဘဲ သူသည် ယိုင်နဲ့နဲ့ဖြင့် အပြင်သို့ ပြေးထွက်သွားတော့သည်။
***
Aurora Novel Translation Team
Translator's Note:
(၁) 大将军 (dà jiāng jūn): အဲ့ဒါက ရှေးခေတ်တရုတ်မင်းဆက်တွေကနေ ဆင်းသက်လာတဲ့ စစ်ဘက်ဆိုင်ရာ ရာထူးအမည်တစ်ခုပါ။ အဲ့ဒါရဲ့ အမှန်တကယ် လုပ်ငန်းဆောင်တာတွေနဲ့ အာဏာတွေက နှစ်ပေါင်းများစွာတစ်လျှောက် နာမည်အမျိုးမျိုး ပြောင်းလဲခဲ့ပေမဲ့ အများစုကတော့ "အဆင့်မြင့် စစ်ခေါင်းဆောင်များ" ဒါမဟုတ် "အမြင့်ဆုံး စစ်ခေါင်းဆောင်များ" ဆိုတဲ့ နာမည်တွေပါပဲ။ မဟာစစ်သူကြီးရာထူးကို စစ်နိုင်ငံများခေတ် (ဘီစီ ၄၇၅-၂၂၁) မှာ ပထမဆုံး တွေ့ရှိခဲ့ပါတယ်။
(၂) 封狼居胥 (fēng láng jū xū): တရုတ်စကားပုံဖြစ်ပြီး ထူးခြားတဲ့အောင်မြင်မှုတွေကို တည်ထောင်ခြင်းအတွက် ပုံခိုင်းနှိုင်းယှဉ်ချက်အဖြစ် အသုံးပြုပါတယ်။ ရှုံနုတွေကို အနိုင်ရပြီးနောက် အနောက်ဟန်မင်းဆက်ရဲ့ မြင်းစီးစစ်သူကြီး ဟော်ကျူးပင်းက ခန်တီတောင်တန်းမှာ မြေသားပလ္လင်တစ်ခုကို တည်ဆောက်ပြီး သူ့အောင်မြင်မှုကို ကြေညာဖို့ ကောင်းကင်ဘုံကို ယစ်ပူဇော်ပသခဲ့ပါတယ်။
(၃) 玄铁 (xuán tiě): အနက်ရောင်သံမဏိဆိုတာ ကျင်ယုံဝတ္ထုတွေမှာ မှတ်တမ်းတင်ထားတဲ့ ပစ္စည်းတစ်ခုပါ။
(၄) 惊蛰 (jīng zhé): ရိုးရာတရုတ်ပြက္ခဒိန်တွေမှာ ၂၄ ဆိုလာအသုံးအနှုန်းတွေအနက် တတိယမြောက်ဖြစ်ပြီး 'ဆောင်းခိုခြင်းမှ နိုးထခြင်း' လို့လည်း လူသိများပါတယ်။ ဂရီဂိုရီယန်ပြက္ခဒိန်မှာ အဲ့ဒါက များသောအားဖြင့် မတ်လ ၅ ရက်ဝန်းကျင်မှာ စတင်ပြီး မတ်လ ၂၀ ရက်ဝန်းကျင်မှာ ကုန်ဆုံးပါတယ်။ လပြက္ခဒိန်မှာတော့ အဲ့ဒါက ဒုတိယလရဲ့ ၅ ရက်ဝန်းကျင်မှာ ကျရောက်ပါတယ်။