အခန်း (၄) - မင်းကသာ ဦးနှောက်မှာ ချို့ယွင်းနေတာကွ!
ဘေးခန်းမ၌ မုကျစ်မင်သည် သက်ပြင်းရှည်များစွာကို ရှိုက်ကာ စိတ်တည်ငြိမ်အောင် ထိန်းနေသည်။ သူ၏ရင်ဘတ်စကို သပ်လိုက်ပြီးနောက် လျှောက်ဝင်သွားကာ ခေါင်းကို ညွတ်၍ လက်များကို ရိုသေစွာ ပူးလိုက်ပြီး ပြောလိုက်သည်။
"အဖေ၊ အမေ။"
ဘေးခန်းအတွင်း၌ မုပေါ်ရန်နှင့် ကုန်းသခင်မတို့သည် ထိုင်ရှစ်ထိုင်ခုံ (၁) တွင် မတ်မတ်ထိုင်လျက် သစ်သားထွင်းထုထားသော ကန့်လန့်ကာတစ်ခု၏ ရှေ့တွင် ရှိနေသည်။ မုကျစ်မင်ကို မြင်သောအခါ ကုန်းသခင်မက ပြုံးလိုက်သော်လည်း မုပေါ်ရန်သည် သူ့ကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်း အဓိပ္ပါယ်မရှိတာတွေ ပြောလို့ပြီးပြီလား။"
"အကုန်ပြောပြီးရင်တော့ အဖေ အပြစ်မတင်ဘူးမလား။"
မုကျစ်မင်က ပြုံး၍ ပြန်ဖြေသည်။
"ဟမ့်!"
မုပေါ်ရန်က ထိုင်ခုံလက်ရန်းကို ပုတ်လိုက်သည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဘယ်သူက အိပ်မက်ဆိုး မမက်ဖူးလို့လဲ ဘယ်သူက ရူးကြောင်ကြောင် စကားတွေ မပြောဖူးလို့လဲ။"
ကုန်းသခင်မက မုကျစ်မင်ကို လက်ဝှေ့ယမ်းခေါ်ပြီး
"လီကျူး၊ အမေ့ဆီ လာခဲ့။"
ထို့နောက် မုကျစ်မင်သည် ကုန်းသခင်မဘေးသို့ လျှောက်သွားသည်။ ကုန်းသခင်မ သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"လီကျူး၊ မင်းကို ဒီကို ခေါ်တာက လာမဲ့လမှာ ကျင်းပမဲ့ နွေဦးအမဲလိုက်ပွဲ အကြောင်း ပြောပြချင်လို့။ တော်ဝင်ကွေ့ဖေးက မင်းနဲ့ မင်းအဖေကို နန်းတော်ကို ဆင့်ခေါ်ထားတယ်။ ကျိူ့ချွမ်တောင်ကို အတူတူ ခရီးထွက်ပြီး ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ခံယူဖို့တဲ့။"
နွေဦးအမဲလိုက်ပွဲ ... ဤစကားလုံးများသည် မုကျစ်မင်၏ နားထဲသို့ ညင်သာစွာ ရောက်ရှိလာသည့်အခါ ချက်ချင်းဆိုသလို မမြင်နိုင်သော အရိုးခြောက်ကဲ့သို့ လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး မုကျစ်မင်၏ နှလုံးသားကို ပြင်းပြင်းထန်ထန် ဆုပ်နယ်ကာ အသက်ရှူမဝအောင် ဖြစ်စေခဲ့သည်။
ဤအရာသည် သူ့ယခင်ဘဝ၌ ကြုံတွေ့ခဲ့ရသည့် ဆိုးရွားသော ကံဆိုးမှုများ၏ အစပင်။
သူ့ယခင်ဘဝတွင် နွေဦးအမဲလိုက်ပွဲ၌ မုကျစ်မင်၏ မြင်းသည် တောရိုင်းတိရစ္ဆာန်များ၏ ခြောက်လှန့်ခြင်းကို ခံရပြီးနောက် ရူးသွပ်သွားကာ မုကျစ်မင်ကို တောနက်ထဲသို့ ခေါ်ဆောင်သွားသည်။ ရှုပ်ထွေးမှုများကြားတွင် မုကျစ်မင်သည် တောင်ခြေ၌ နက်ရှိုင်းသော ရေကန်ထဲသို့ လွင့်စဥ်သွားခဲ့သည်။ ထိုနေရာတွင် သူ ရေနစ်လုနီးပါး ဖြစ်ခဲ့ပြီး သတိလစ်သွားခဲ့သည်။
ထို့နောက် မင်းသားငါး ဖူရီသည် အန္တရာယ်ရှိနေသည့်ကြားမှ သူ့ကို ကယ်တင်ရန် ရေကန်ထဲသို့ ခုန်ဆင်းခဲ့သည်။
ထိုအချိန်မှစ၍ မုကျစ်မင်သည် ဖူရီ၏ ကျေးဇူးကို စိတ်ရောကိုယ်ပါ ပြန်ဆပ်ရန် ကြိုးစားခဲ့သည်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မုကျစ်မင် ထာဝရ ဒုက္ခတွင်းထဲသို့ ရောက်ရှိသွားခဲ့သည်။
"လီကျူး၊ မင်းကို ပြောတာတွေကို နားလည်ရဲ့လား။"
မုပေါ်ရန်က မုကျစ်မင်ကို နန်းတော်၏ စည်းမျဉ်းစည်းကမ်းများအကြောင်း ပြောပြီးနောက် မေးလိုက်သည်။
ထိုခဏတွင် မုကျစ်မင်သည် သူ့အတိတ်ဘဝ၏ အိပ်မက်ဆိုးမှ ပြန်လည်သတိဝင်လာသည်။ ပုံမှန်မဟုတ်စွာ အသက်ရှူရင်း တုန်ယင်သောအသံဖြင့် ပြန်ဖြေလိုက်သည်။
"သား နားလည်ပါတယ်။"
ခေါင်းကို ညွတ်ပြီးနောက် မုကျစ်မင်က ခေါင်းပြန်မော့လာသည်။ သူ၏အကြည့်သည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သော ရေခဲပြင်ကဲ့သို့ အေးစက်ပြီး မီးဖြင့် မာကျောစေသော သံမဏိကဲ့သို့ မာကျောလှသည်။ မုကျစ်မင်က သူ့လက်ဖြင့် အရာအားလုံးကို ရပ်တန့်ရန်၊ အတိတ်၏ အမှားများကို မလုပ်မိစေရန် ဆုံးဖြတ်ထားသည်။
မုကျစ်မင် စဉ်းစားပြီးနောက် ရေအောက်မှာ အသက်အောင့်နည်းကို လေ့လာဖို့ စတင်ခဲ့သည်။
နွေဦးအမဲလိုက်ပွဲတွင် သူ့မြင်းကို ဧကရာဇ်က ပေးမည်ဖြစ်သဖြင့် အမဲလိုက်ပွဲကို သူ ရှောင်လွှဲလို့မရပေ။
ကပ်ဆိုးကို ရှောင်လွှဲလို့မရလျှင် သူ ကိုယ့်အားကိုယ်ကိုးပြီး အသက်ရှင်ရလိမ့်မည်။ သူသာ တောင်ကျရေကန်ထဲကနေ ကိုယ့်အားကိုယ်ကိုးပြီး ပေါ်ထွက်လာနိုင်ရင် ဘယ်သူ့အကူအညီမှ မလိုပေ။ အဲ့ဒီလိုဆိုရင် သူ အသက်အကြွေးလည်း မတင်တော့ပေ။
သို့ပေမဲ့ ဒီနွေဦးက အေးစက်တာကြောင့် မြစ်ချောင်းတွေမှာ လေ့ကျင့်ဖို့ မကောင်းပေ။ မုကျစ်မင် သူ့အိမ်တော်မှာ ရေချိုးကန်ကြီးတစ်ခုရှိတာကို သတိရသွားပြီး သူ့ခန္ဓာကိုယ်ငယ်လေးက အပြည့်အဝ မကြီးထွားသေးတာမို့ အဲ့ဒီမှာ ရေငုတ်လေ့ကျင့်လို့ရပေသည်။
အခန်းကို ပြန်ရောက်ပြီးနောက် မုကျစ်မင်က ချိုင်ဝေ့ကို အမြန်ခေါ်လိုက်သည်။
"ချိုင်ဝေ့ကျဲ"
"ကျွန်တော်ကို တစ်ခုလောက် ကူညီပေးနိုင်မလား။ ကျွန်တော့်အခန်းထဲမှာ သစ်သားရေချိုးကန် အကြီးဆုံးကို ထားပေးပြီး ရေနွေးဖြည့်ပေးပါလား။"
ချိုင်ဝေ့က စိတ်ရှုပ်ထွေးနေပေမဲ့ သူ ပြောသည့်အတိုင်း လုပ်ပေးခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် မုကျစ်မင်သည် ရေပြည့်နေသော သစ်သားရေချိုးကန်ထဲ၌ နှစ်မြှုပ်ထားရင်း အသက်အောင့်လေ့ကျင့်နေစဉ် ချိုင်ဝေ့၏ တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"သခင်လေး၊ သမားတော်ခွမ် ရောက်နေပါတယ်။"
ဒုန်းခနဲ မြည်သံနှင့်အတူ မုကျစ်မင်က ရေထဲမှ ထွက်လာပြီး အားပါးတရ ချောင်းဆိုးလိုက်သည်။
အခန်းအပြင်ဘက်တွင် ရပ်နေသော ချိုင်ဝေ့က အခန်းထဲရှိ ဆူညံသံကို ကြားပြီး စိုးရိမ်တကြီးနှင့်
"သခင်လေး၊ ရေထဲမှာ ငုတ်နေပြန်ပြီလား။ တော်ကြာ လည်ချောင်းနာနေဦးမယ်။"
"ကျွန်တော် အဆင်ပြေပါတယ်၊ အဟွတ်၊ သမားတော်ခွမ်က ဘာလို့ ရောက်လာတာလဲ။ အဟွတ်။"
မုကျစ်မင်က ပါးစပ်ထဲက ရေတွေကို ထွေးထုတ်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူသည် ရေချိုးကန်ထဲမှ အလျင်အမြန် ထွက်လာကာ ခန္ဓာကိုယ်မှ ရေများကို သုတ်ပြီး အတွင်းခံအဝတ်အစားများ ဝတ်ဆင်လိုက်သည်။ ထိုအချိန်၌ ချိုင်ဝေ့က အခန်းထဲသို့ ဝင်လာသည်။ သူ(မ)သည် မုကျစ်မင်၏ ဆံပင်ကို စည်းပေးကာ အပြင်ဝတ်ရုံနှင့် အဆင်တန်ဆာများကို တစ်ခုပြီးတစ်ခု ဝတ်ဆင်ပေးသည်။
အဝတ်အစားလဲပြီးနောက် မုကျစ်မင်သည် သမားတော်ခွမ်အား တွေ့ရန် အဓိကခန်းမဆောင်သို့ အလျင်အမြန် သွားခဲ့သည်။
သမားတော်ခွမ်သည် တော်ဝင်သမားတော်ဖြစ်သော်လည်း မုကျစ်မင် အဖေ၏ မိတ်ဆွေဟောင်းလည်း ဖြစ်သည်။ မိသားစုနှစ်စုသည် အလွန်ရင်းနှီးကြပြီး မုကျစ်မင် ငယ်စဉ်က ခေါင်းကိုက်ဝေဒနာ ခံစားရသောအခါ မုမိသားစုသည် သမားတော်ခွမ်ကို ကုသခိုင်းခဲ့သည်။ မုကျစ်မင်သည် သူ့ဆရာများနှင့် သက်ကြီးရွယ်အိုများကို အမြဲလေးစားခဲ့သောကြောင့် သမားတော်ခွမ်ကို စောင့်ခိုင်းရန် မဝံ့ရဲခဲ့ချေ။
အဓိကခန်းမဆောင်သို့ အပြေးသွားသောအခါ ငှက်များနှင့် သစ်တော်သီးများ ထွင်းထုထားသည့် သေးငယ်သော ဆေးသေတ္တာကို ကိုင်ကာ ထိုင်နေသည့် သမားတော်ခွမ်အား တွေ့လိုက်ရသည်။ မုကျစ်မင်သည် သူ့ကို အလျင်အမြန် နှုတ်ဆက်လိုက်ပြီး မေးလိုက်သည်။
"သမားတော်ခွမ်၊ ဒီကို ဘာလို့ ရောက်နေရတာပါလဲ။ ဒီနေ့ 'တော်ဝင်သမားတော်ဌာန' မှာ ရှိနေရမှာ မဟုတ်ဘူးလား။"
"အားရား!"
သမားတော်ခွမ်က မုကျစ်မင် ရောက်လာသည်အား မြင်သောအခါ စိုးရိမ်သည့်မျက်နှာနှင့် ထရပ်ကာ သူ၏သွေးခုန်နှုန်းကို စစ်ဆေးရန် မုကျစ်မင်၏ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။
"လီကျူး၊ မကြာသေးခင်က မင်း ဘာဖြစ်တာလဲ။"
"ကျွန်တော် ဘာမှ မဖြစ်ပါဘူး။"
မုကျစ်မင်က စိတ်ရှုပ်ထွေးစွာ ပြန်ဖြေသည်။
"မင်းဘေးက ကိုယ်ရံတော်ငယ်လေးက ငါ့ဆီကို လာခဲ့တယ်လေ။"
သမားတော်ခွမ်က မုကျစ်မင်၏ နဖူးကို စိုးရိမ်တကြီး ညွှန်ပြရင်း
"မင်း ဦးနှောက်မှာ တစ်ခုခုချို့ယွင်းနေတယ်လို့ သူက ပြောတယ်!"
မုကျစ်မင်:"...."
သမားတော်ခွမ်: "မင်း ရူးသွားပြီး နေ့တိုင်း ရေချိုးကန်ထဲမှာ စိမ်နေတယ်ဆို!"
မုကျစ်မင်: "...."
နာရီဝက်အကြာတွင် မုကျစ်မင်သည် ဝမ်ဟယ့်ယင်ကို ရိုက်နှက်ရန် ဆုံးဖြတ်ထားပြီး ခြံဝင်းထဲတွင် အရှေ့အနောက် ပြေးလွှားနေသည်။
"ဝမ်! ဟယ့်! ယင်! အဲ့နေရာမှာ ရပ်လိုက်စမ်း! မင်းကသာ ဦးနှောက်မှာ ချို့ယွင်းနေတာကွ!"
ဝမ်ဟယ့်ယင်၏ ခြေထောက်များက ညင်သာစွာ ခုန်တက်ပြီး ဝါးဥယျာဉ်အတွင်းရှိ လေးထောင့်စွန်းပါသော အဆောင်၏ အမိုးပေါ်သို့ ခုန်တက်သွားသည်။ ဝမ်ဟယ့်ယင်က မဏ္ဍပ်အပေါ်ပိုင်းကို ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားရင်း အောက်သို့ အော်ပြောလိုက်သည်။
"ကျွန်တော် ပြောတာ မမှားဘူးဗျ! သခင်လေးကသာ နေ့တိုင်း ရေချိုးကန်ထဲမှာ စိမ်နေတာ! ရူးနေတာမဟုတ်ရင် ဘယ်သူက အဲ့လို လုပ်မှာလဲ!"
မုကျစ်မင်က ချင်ကုန်း (၂) မလုပ်နိုင်သောကြောင့် အဆောင်ရှေ့တွင် ရပ်နေရသည်။ ခေါင်းကို မော့ကာ မုကျစ်မင်တစ်ယောက် ဒေါသတကြီး အော်ပြောလိုက်သည်။
"ဒီကို ဆင်းလာစမ်း!"
ဝမ်ဟယ်ယင်က ခေါင်းခါကာ
"မကြားရဘူး၊ သခင်လေး ပြောတာ ဘာမှမကြားရဘူး!"
မုကျစ်မင်သည် သူ့အင်္ကျီလက်ကို သပ်ပြီး
"ကောင်းပြီလေ၊ မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် အဲ့ဒီမှာ တစ်သက်လုံး နေလိုက်! ဘယ်တော့မှ မဆင်းလာနဲ့!"
သူတို့နှစ်ယောက် ဆူညံနေတုန်း ရုတ်တရက် ကောင်းကင်မှ နွေဦးမိုး ရွာသွန်းလာသည်။
ထိုအခါမှ မုကျစ်မင်က သူ့ခေါင်းကိုကာရန် လက်များမြှောက်လိုက်ပြီး ချိုင်ဝေ့က ထီးတစ်လက်ကို အလျင်အမြန် ယူလာကာ
"တော်ပါတော့၊ တော်ပါတော့၊ တော်ပါတော့။ ကောင်းကင်ဘုံက ဒီဆူညံသံတွေကို မခံနိုင်တော့လို့ သခင်လေးတို့နှစ်ယောက်ကို ရေလောင်းဖို့ မိုးရွာချလိုက်တာ။"
သူ(မ)က မုကျစ်မင်ကို မိုးရွာခြင်းမှ ကာပေးရန် ထီးကို ဆောင်းပေးရင်း အဆောင်ထိပ်သို့ အော်ပြောလိုက်သည်။
"အားယင်၊ ဘာလို့ မဆင်းလာသေးတာလဲ။ ကြက်ရေစိုကြီးနဲ့တောင် တူနေပြီ။ အအေးမိရင် ငါ ဂရုစိုက်ပေးမှာ မဟုတ်ဘူးနော်။"
ဝမ်ဟယ်ယင်က အဆောင်ပေါ်မှ ခုန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ သူ ဆင်းလာသည့်အချိန်၌ မုကျစ်မင်သည် သူ့အား သနားသောအပြုံးနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် မုကျစ်မင်က ဝမ်ဟယ့်ယင်ကို ဖမ်းရန် ပြေးလာလိုက်သည်။
"အား! ချိုင်ဝေ့ကျဲ! ကူညီပါဦး!"
ဝမ်ဟယ့်ယင်က ချိုင်ဝေ့နောက်တွင် ပုန်းနေပြီး သူ(မ)၏ အင်္ကျီလက်ကို ဆွဲကာ မုကျစ်မင်အား ပိတ်ဆို့ရန် ဆွဲကာလိုက်သည်။
"ချိုင်ဝေ့ကျဲတင် မကဘူး၊ ကောင်းကင်ဘုံအရှင် ရောက်လာရင်တောင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူးကွ!"
မုကျစ်မင်သည် ဒေါသတကြီးနှင့် ဝမ်ဟယ်ယင်အား လက်ညှိုးထိုးရင်း အော်ပြောလိုက်သည်။
ချိုင်ဝေ့ ပတ်ပတ်လည်လည်တွင် လူငယ်နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပြေးကာ လိုက်ဖမ်းနေကြသည်။ ချိုင်ဝေ့က ဆွဲခေါ်ခံရရင်း မတတ်နိုင်စွာ ပြောလိုက်သည်။
"သခင်လေး၊ အဲ့ဒီလို ယုတ်ညံ့တဲ့ စကားလုံးတွေကို ဆရာ့ရှေ့မှာ မပြောသင့်ဘူးနော်။ အားယား၊ သခင်လေးတို့နှစ်ယောက်က တကယ်ပဲ ကျွန်မကို ဒုက္ခပေးနေတာပဲ။ ကျွန်မပြောတာကို နားထောင်ပါဦး၊ ဒီနေ့ သမားတော်ခွမ်က အိမ်တော်ကို လာလည်တဲ့အတွက် မြို့စားမင်းက ညစာစားပွဲ ကျင်းပမှာ။ သခင်လေး၊ နောက်မကျသင့်ဘူးနော်၊ အဝတ်အစားလဲဖို့ ကျွန်မနဲ့အတူ ပြန်လိုက်ခဲ့ပါ။ လူတိုင်း ညစာစားပွဲမှာ သခင်လေးကို စောင့်နေကြလိမ့်မယ်။"
မိုးက မက်မွန်ပန်းနှင့် စတော်ဘယ်ရီပန်းများအား စိုစွတ်စေကာ နွေဦး၏ နိုးထမှုနှင့် ချိုမြိန်သည့် မွှေးရနံ့ကို ယူဆောင်လာလေသည်။ ထိုနေ့၌ ယန်အိမ်တော်သည် သဟဇာတနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း မုကျစ်မင် နန်းတော်သို့ ဝင်ရမည့်နေ့အား ရောက်ရှိလာသည်။
***
Aurora Novel Translation Team
Translator's Note:
(၁) 太师椅 (tài shīyi): ထိုင်ရှစ်ထိုင်ခုံဆိုတာ ရှေးခေတ်ပရိဘောဂတွေမှာ တရားဝင်ရာထူးကို ကိုင်ဆောင်ထားတဲ့ တစ်ခုတည်းသော ထိုင်ခုံပါ။ အာဏာနဲ့ အဆင့်အတန်းရဲ့ သင်္ကေတဆိုလည်း မမှားပါဘူး။ မိသားစုအိမ်တော်မှာ ထားရှိတဲ့အခါ အိမ်တော်သခင်တွေရဲ့ အဆင့်အတန်းကို ပြသပါတယ်။
(၂) 轻功 qīng gōng: တရုတ်ရိုးရာ ကိုယ်ခံပညာမှာ အမှန်တကယ်ရှိတဲ့ နည်းလမ်းတစ်ခုပါ။ ချင်ကုန်း လေ့ကျင့်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကို ပေါ့ပါးစေတာ မဟုတ်ပေမဲ့ ပြေးတာ၊ ခုန်တာ၊ ရှောင်တိမ်းတာနဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။