အခန်း (၁၄) - ကိုယ့်နောက် လိုက်ခဲ့
မုကျစ်မင် သူ၏ အတိတ်ဘဝမှ အချက်တစ်ချက်ကို တွေ့ရှိခဲ့သည်။
'ကူဟယ့်ရန်က တခြားသူများကို ဆက်ဆံပုံနဲ့ ယှဉ်ရင် သူ့ကို အမြဲတမ်း အေးစက်စက် ဆက်ဆံခဲ့တယ်။ တခြားသူများနဲ့ သာမန်စကားပြောဆိုနေချိန်မှာ ကူဟယ့်ရန်က အတော်လေး ရင်းနှီးဖော်ရွေပုံရပေမဲ့ သူ ပေါ်လာတာနဲ့ ကူဟယ့်ရန်က ချက်ချင်း တိတ်ဆိတ်သွားလိမ့်မယ်။ အဲ့အပြင် သူ ကူဟယ့်ရန်ကို စကားပြောတဲ့အခါ တစ်ဖက်လူက ပြန်ဖြေတာ ခပ်ရှားရှားရယ်။ သူ့စကားလုံးတွေကို ရွှေလိုမျိုး ရှားရှားပါးပါး အသုံးပြုနေသလိုမျိုးပဲ။'
'အခု စဉ်းစားကြည့်လိုက်တော့ အဲ့ဒီတုန်းက ကူဟယ့်ရန် သူ့ကို စကားအများဆုံးပြောခဲ့တဲ့အချိန်က သူ့ကို နှင်ထုတ်တဲ့ချိန်ပဲ။'
ထိုအချိန်၌ မုကျစ်မင်သည် ဓလေ့ထုံးတမ်းစဉ်လာဌာန (၁) တွင် လက်ထောက်အမတ် (၂) အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။ သံအမတ်အဖြစ် သူ၏ အနာဂတ်တာဝန်များအတွက် ပြင်ဆင်ရန် ဒေသခံများနှင့်အတူ မြောက်ပိုင်းနိုင်ငံခြားတိုင်းပြည်၏ ဘာသာစကားကို လေ့လာရန် အနောက်မြောက်နယ်စပ်သို့ သွားခဲ့သည်။ ထိုအချိန်တွင် ကူဟယ့်ရန်သည် နယ်စပ်တွင် တပ်စွဲထားသော မဟာစစ်သူကြီးဖြစ်သောကြောင့် မုကျစ်မင် အဆင်ပြေစေရန် စစ်တန်းလျားရှိ တဲတွင် နေထိုင်ခဲ့သည်။
အစပိုင်းတွင် နှစ်ဦးစလုံး ငြိမ်းချမ်းစွာ ရှိနေခဲ့ကြသည်။ နောက်ပိုင်း၌ သူတို့သည် များများစားစား မတွေ့ဆုံခဲ့ကြပေ။
မမျှော်လင့်ဘဲ တစ်လအကြာတွင် ဆောင်းရာသီ၏ အေးစိမ့်သော အအေးဓာတ် နီးကပ်လာသောအခါ ကူဟယ့်ရန်က ရုတ်တရက် ရန်လိုလာပြီး မုကျစ်မင်ကို အေးစက်သော စကားလုံးများဖြင့် နှင်ထုတ်ခဲ့သည်။
မုကျစ်မင်ကား ကျေးဇူးကို ကျေးဇူးဖြင့် တုံ့ပြန်တတ်သူ၊ ရန်ငြိုးကို ရန်ငြိုးဖြင့်သာ တုံ့ပြန်တတ်သူဖြစ်သည်။
ကူဟယ့်ရန် သူ့ကို မုန်းတီးပုံရသည်ကို မြင်ပြီးနောက် မုကျစ်မင်သည် သူနှင့် စကားပြောရန်ပင် ဂရုမစိုက်တော့ဘဲ နောက်တစ်နေ့တွင် ကူဟယ့်ရန်ကို စကားတစ်ခွန်းမျှ မပြောဘဲ မြို့တော်သို့ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ယခုမူ မုကျစ်မင်တစ်ယောက် အတိတ်ဘဝ၌ ကူဟယ့်ရန်က သူ့ကို ထိုကဲ့သို့ ဆက်ဆံရသည့် အကြောင်းရင်းကို ရုတ်တရက် နားလည်သွားသည်။
ကူဟယ့်ရန်က မုကျစ်မင်၏ အသက်ကို ကယ်တင်ခဲ့သော်လည်း မုကျစ်မင်မှာ ထိုအကြောင်းကို တစ်ခါမျှ မပြောခဲ့ပေ။ ဆိုလိုသည်မှာ ထိုကျေးဇူးကို ဘယ်သောအခါမျှ ပြန်ဆပ်ခြင်း မရှိခဲ့ပေ။
'အဲ့ဒီတုန်းက ကူဟယ့်ရန်က ငါ့ကို အေးစက်ပြီး ပေါ့ပေါ့တန်တန်နေတတ်တဲ့ အင်အားကြီးမိသားစုရဲ့ သားဦးလို့ ခံစားခဲ့ရမှာ သေချာတယ်။ သူ ငါ့ကို အဲ့လောက် မုန်းတာ သဘာဝကျပါတယ်လေ။'
'ဒါပေမဲ့ ဒီဘဝမှာ သူ့အိမ်ကို ကိုယ်တိုင်လာပြီး ကျေးဇူးတင်ခဲ့တာပဲလေ။ ဘာလို့ သူက ငါ့ကို အခုထိ အေးစက်နေတာတုန်း။ ငါက တကယ်ပဲ ကူဟယ့်ရန်ရဲ့ မျက်လုံးထဲမှာ အဲ့လောက် မနှစ်မြို့စရာကောင်းတာလား။'
မုကျစ်မင်မှာ စိတ်ထဲ၌ ခါးသီးစွာ သက်ပြင်းချနေစဉ် ရုတ်တရက် ကူဟယ့်ရန်က စကားပြောလာသည်။
"...မုန့်တွေ...."
"အာ?"
ကူဟယ့်ရန်ဘက်မှ ဦးဆောင်စကားပြောသည်ကို မြင်သောအခါ မုကျစ်မင် အလျင်အမြန် ခေါင်းမော့ကာ ဂရုတစိုက် နားထောင်လိုက်သည်။
"မုန့်တွေကို၊ မင်း မကြိုက်ဘူးလား။"
ကူဟယ့်ရန်က မေးလိုက်သည်။
"မင်း ဘာမုန့်မှ မယူခဲ့လို့။"
မုကျစ်မင်ခမျာ အချိန်အတော်ကြာ မှင်တက်နေပြီးမှ ကူဟယ့်ရန်က အဓိကခန်းမဆောင်တွင် လက်ဖက်ရည်နှင့်အတူ ယူဆောင်လာသော သရေစာများအကြောင်း ပြောနေမှန်း သဘောပေါက်သွားသည်။
"ပင်လုံကြိုင်ပိုရီယာမုန့်တွေပါတဲ့ ပန်းကန်အကြောင်း ပြောနေတာလား။ ကူရှုန်းကို အမှန်အတိုင်းပြောရရင် ကျွန်တော် ငယ်ငယ်ကတည်းက ကျီယွဲ့လက်ဖက်ရည်ဆိုင်ရဲ့ မုန့်တွေကို ကြိုက်ခဲ့တာ။ ဒါပေမဲ့ ဧည့်သည်တစ်ယောက်ဖြစ်နေတော့ ယဉ်ကျေးမှုကို လိုက်နာသင့်တယ်လေ။ မုန့်တွေက ဧည့်ဝတ်ကျေပွန်တဲ့အနေနဲ့ ကျွေးမွေးတာဖြစ်ပေမဲ့ သခင်လေးတစ်ယောက်အနေနဲ့ စစ်သူကြီးကူနဲ့ ကျွန်တော့်အဖေ စကားပြောနေတုန်းမှာ မစားသင့်ဘူးလေ။"
ကူဟယ့်ရန် နားလည်သွားကာ
"အင်း...."
မုကျစ်မင် ရှက်သွားလေသည်။
ကူဟယ့်ရန်က ပြောလိုက်သည်။
"ကိုယ့်နောက် လိုက်ခဲ့။"
ထိုသို့ပြောပြီးနောက် ကူဟယ့်ရန်သည် တစ်ဖက်လှည့်ကာ အရှေ့ဘက်သို့ လျှောက်သွားသည်။
"အာ? ကူရှုန်း? ကူ....ကူရှုန်း?"
မုကျစ်မင် အလျင်အမြန် သူ့နောက်သို့ လိုက်သွားခဲ့သည်။
ယိမ်းနွဲ့နေသော အစက်အပြောက်များထနေသည့် ဝူထုန်သစ်ပင်၏ အရိပ်ကို ဖြတ်သန်းပြီးနောက် ကူဟယ့်ရန်က အဆောင်ခန်းတစ်ခုရှေ့၌ ရပ်လိုက်သည်။ မဆိုင်းမတွဘဲ ကူဟယ့်ရန်သည် တံခါးကို ဖွင့်လိုက်၏။ မုကျစ်မင်ကမူ ကူဟယ့်ရန်ဘေးတွင် ရပ်နေပြီး အံ့သြနေခဲ့သည်။
"ကူရှုန်း၊ ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ။"
"ကိုယ့်ရဲ့ အဆောင်"
"အာ? ကူရှုန်း-...ဘာလို့...ထားလိုက်ပါတော့၊ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်။"
မုကျစ်မင်သည် ပုံမှန်အတိုင်း စဉ်းစားခြင်းကို လက်လျှော့ကာ ကူဟယ့်ရန်နောက်သို့လိုက်၍ အဆောင်ခန်းထဲသို့ ရိုးရိုးရှင်းရှင်း လိုက်ဝင်သွားသည်။
စစ်သူကြီး၏အိမ်တော်တွင် ခြံဝင်းသည် ရိုးရှင်းသောပုံစံရှိရုံသာမက အခန်းတွင်းပိုင်း၌လည်း ရိုးရှင်းသော ပရိဘောဂများသာ ရှိသည်။ ရှေးဟောင်းပုံစံပါသော သစ်သားပြတင်းပေါက်ရှေ့၌ စားပွဲတစ်ခုရှိသည်။ စားပွဲ၏ ဘယ်ဘက်ခြမ်းတွင် မကြာသေးမီက ဧကရာဇ်မင်းမြတ်က ကူဟယ့်ရန်အား ဆုလာဘ်အဖြစ် ပေးအပ်ခဲ့သော ချီလင်ကျောက်စိမ်းလေး ရှိသည်။ ညာဘက်ခြမ်းတွင် လက်မောင်းအရွယ်အစားရှိသော ထူးဆန်းသည့်ပုံသဏ္ဌာန်ရှိသည့် ဒူးလေးတစ်ခုရှိသည်။ စားပွဲရှေ့တွင် ဘယ်ဘက်၌ အစိမ်းရောင် ကန့်လန့်ကာပါသော ခုတင်တစ်ခုရှိပြီး ခုတင်ရှေ့တွင် အဝိုင်းပုံစံရှိသော အဝါရောင် ကျွန်းသားစားပွဲတစ်ခုရှိသည်။
အဝိုင်းစားပွဲပေါ်၌ လက်သုံးလုံးခန့်ရှိသော သေသပ်လှပသည့် အစားအစာသစ်သားသေတ္တာလေးတစ်ခုရှိ၏။ အစားအစာသေတ္တာအတွင်း၌ ကျီယွဲ့လက်ဖက်ရည်ဆိုင်မှ သရေစာများ ပါဝင်လေသည်။
***
Aurora Novel Translation Team
အတိတ်ဘဝမှာတုန်းက ကူဟယ့်ရန်က မုကျစ်မင်ကို တစ်စုံတစ်ခုကနေ ကာကွယ်ချင်လို့ နှင်ထုတ်ခဲ့တာပါ။ မုကျစ်မင်သာ မြို့တော်ကို ပြန်သွားရင် လုံလုံခြုံခြုံ နေထိုင်နိုင်မယ်လို့ ထင်ထားခဲ့တာ။
ကူဟယ့်ရန်က မပွင့်မလင်းနဲ့ဆိုတော့ မုကျစ်မင်ခမျာ နားလည်မှုလွဲတာ (☆ω☆)!
Translator's Note:
(၁) 礼部 (lib); ဓလေ့ထုံးတမ်းစဉ်လာဌာနက တော်ဝင်တရားရုံးရဲ့ အရေးကြီးတဲ့ အခမ်းအနားတွေ (ကောင်းကင်နဲ့မြေကြီး၊ ဘိုးဘွားဘီဘင်တွေ စတာတွေကို ပူဇော်ခြင်းလိုမျိုး)၊ တော်ဝင်စာမေးပွဲတွေနဲ့ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံတာတွေကို တာဝန်ယူရပါတယ်။
(၂) 侍郎 (sh lng); တချို့ဌာနတွေရဲ့ ဒုတိယအမတ်ကို ပေးအပ်တဲ့ ရှေးခေတ်တရုတ်အရာရှိရာထူး၊ အမတ်ပြီးရင် သူက ဒုတိယအဆင့် ရှိပါတယ်။