no

Font
Theme

အခန်း (၈) - ပြန်လည်မွေးဖွားခြင်းဆိုတာကိုယုံလား

တဲလိုက်ကာကို ဆွဲဖွင့်ပြီး ဝင်သွားလျှင် လေအေးများ ဝင်လာမည်ကို စိုးသောကြောင့် ကူဟယ့်ရန်သည် ဖြည်းဖြည်းချင်းသာ လိုက်ကာကို မ'လိုက်သည်။ ကူဟယ့်ရန် ဝင်လာလျှင်ဝင်ပြီးချင်းပင် အသံတစ်သံမထွက်ဘဲ ချက်ချင်းဆိုသလို လိုက်ကာကို ပိတ်ပစ်လိုက်သည်။

တဲထဲသို့ ကြည့်လိုက်သောအခါတွင် တဲ၏ညာဘက် မိမိရှေ့တည့်တည့် နွေးထွေးသောအိပ်ရာထက်တွင် သားမွေးစောင်ကိုခြုံ၍ အိပ်နေသူကို မြင်လိုက်ရသည်။ သူသည် စောင်အောက်တွင် ဘောလုံးလေးကဲ့သို့ ကွေးကွေးလေး အိပ်နေရရှာသည်။

ကူဟယ့်ရန်က အိပ်ရာနားသို့ လျှောက်သွားသောအခါတွင် မုကျစ်မင်လဲလျောင်းနေသည်ကို တွေ့လိုက်ရပြီး မျက်မှောင်အသာကြုတ်နေကာ အသက်ရှူနှုန်းကလည်း မှန်သည့်ပုံမပေါ်ပေ။

ဖူကျီအန်းထွက်သွားပြီးနောက်တွင် မုကျစ်မင်က မျက်လုံးမှိတ်ပြီး အနားယူနေခဲ့သည်။ အိပ်ရာကထူပြီး နွေးထွေးကာ တဲကလည်း တိတ်ဆိတ်နေသောကြောင့် မကြာခင်ပင် အိပ်မောကျသွား၏။ ကူဟယ့်ရန်က မုကျစ်မင်နိုးမသွားစေရန် အသာအယာလှုပ်ရှားလိုက်သည်။ ထို့ကြောင့်ပင်လျှင် တဲထဲသို့ လူဝင်လာသည်ကို မုကျစ်မင်မသိခဲ့ပေ။ ကူဟယ့်ရန်က မိမိဘေးတွင် ရပ်နေသည်ကိုလည်း မသိပေ။

မုကျစ်မင်သည် နှစ်ခြိုက်စွာ အိပ်မောကျနေခြင်းမဟုတ်။ မိန်းမောနေသောအနေအထားတွင် အိပ်မက်မက်နေခဲ့သည်။ သူသည် သွေးများ၊ မြွေများ၊ အင်းဆက်များပြည့်နေသည့် အသူရာချောက်နက်နားတွင် ရပ်နေ၏။ ထိုနေရာတွင် ဖူရီကလည်း ရပ်နေကာ လက်ထဲ၌ ဇာမဏီနိဗ္ဗာန်အနီရောင်ကျောက်စိမ်းဆွဲပြားကို ကိုင်ထားသည်။

မုကျစ်မင်သည် ဖူရီ၏ စိတ်ပျက်ဖွယ်ကောင်းသော၊ အထင်သေးနေသောမျက်နှာပေးကို မြင်လိုက်ရကာ ထိုသူက ကျောက်စိမ်းဆွဲပြားကို အထင်အမြင်သေးစွာဖြင့် ချောက်နက်ထဲသို့ ပစ်ချရန် လုပ်နေသည်။

မုကျစ်မင်ကမူ ဒေါသထွက်နေပြီး အံကြိတ်၍ နှုတ်ခမ်းသည်ပင်သွေးများထွက်နေသည်။ ဖူရီကို အော်ပြောလိုက်၏။

''ဖူရီ ကျောက်စိမ်းဆွဲပြားပြန်ပေးစမ်း။''

ထိုအချိန်တွင် အိပ်မက်လောက၏အပြင်ဘက် လက်တွေ့ကမ္ဘာတွင်မူ နှစ်ခြိုက်စွာအိပ်မပျော်သောမုကျစ်မင်သည် ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အိပ်မက်ဆိုးမက်နေသကဲ့သို့ အသက်ရှူသံကလည်း ပြင်းလှသည်။

ဘေးတွင် မည်သို့လုပ်ရမည်ကိုမသိဘဲ ရပ်နေသော ကူဟယ့်ရန်ကမူ သာသာလေးကိုယ်ကိုကိုင်းပြီး မုကျစ်မင်၏နဖူးကို စမ်းကြည့်လိုက်ကာ မျက်မှောင်အသာကြုတ်လိုက်သည်။ ရုတ်တရက်ပင် သူသည် မုကျစ်မင်၏ တစ်စုံတစ်ရာကို အကြိမ်ပေါင်းများစွာ ညီးတွားနေသံကို ကြားလိုက်ရသည်။

"ဖူ.... ဖူရီ...."

ချက်ချင်းဆိုသလို ကူဟယ့်ရန်တစ်ယောက် အလွန်တရာအေးစက်သောလိုဏ်ဂူကြီးထဲသို့ ပြုတ်ကျသွားပြီး နွေးထွေးနေသောသွေးများပင် ခဲသွားပြီဟု ခံစားလိုက်ရသည်။ လက်က လေထဲတွင်တံ့နေပြီး ဘာမှမရှိသောလက်ဖဝါးပြင်ကိုသာ ပွတ်နေမိသည်။

အတော်ကြာတိတ်ဆိတ်နေပြီးနောက်တွင် ကူဟယ့်ရန်က မုကျစ်မင်၏လွတ်နေသောညာဘက်လက်လေးကို စောင်ထဲသို့ အသာအယာထည့်ပေးလိုက်သည်။ အသံတစ်သံမထွက်ဘဲ ကူဟယ့်ရန်တစ်ယောက် တဲထဲမှ သာသာလေးထွက်သွားတော့သည်။

ရုန်းရင်းဆန်ခတ်အိပ်မက်ထဲတွင်မူ မုကျစ်မင်သည် ဖူရီ၏ဝက်ခေါင်းကို အပြေးသွားပြီး ရိုက်ချပစ်လိုက်သည်။ ရုတ်တရက် အေးစက်သောလေပြည်အေးကို ခံစားလိုက်ရသည်။ အအေးဒဏ်ကို မခံနိုင်သောကြောင့် တုန်ယင်ပြီး အိပ်မက်မှနိုးလာ၏။ ထိုအခါမှသာ တဲထဲသို့ လူဝင်လာကြောင်းကို သိလိုက်သည်။ မုကျစ်မင်မော့ကြည့်လိုက်သောအခါတွင်မူ ဖူရီက တဲလိုက်ကာကိုဖွင့်ပြီး မျက်နှာထက်၌ ချိုသောသောအပြုံးကိုပန်ဆင်ကာ မိမိထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

(T/N - နှစ်ယောက်က တဲထဲကို ဝင်ပုံဝင်နည်းကအစ ကွာတယ်။ ကူဟယ့်ရန်ကတော့ သူ့အချစ်လေး မအေးအောင်လို့ လေမဝင်အောင် သာသာလေးဝင်လာတာ။)

မုကျစ်မင် မိမိဘာသာ ပြောလိုက်မိသည်။

'အပြစ်ရှိတဲ့သူက သူလေ။ ငါမှမဟုတ်တာ။ သူဘာလို့ပဲလာလာ ကြောက်နေစရာမလိုဘူး။'

ထို့နောက်တွင် မုကျစ်မင်က အားတင်း၍ ထကာ ဖူရီကို အရိုအသေပေးလိုက်သည်။

''အရှင့်သား။''

''မင်းခန္ဓာကိုယ်က ခုထိပြန်မကောင်းသေးဘူး။ အဲ့ဒါကြောင့် အဲ့လောက်ကြီး ယဉ်ကျေးနေဖို့မလိုပါဘူး။''

ဖူရီသည် အိပ်ရာဆီသို့ လျှောက်လာပြီး မုကျစ်မင်အရိုအသေပေးသည်ကို တားလိုက်သည်။ သို့သော်လည်း မုကျစ်မင်သည် ခေါင်းမာမာဖြင့်သာ ဆက်၍ အရိုအသေပေးကာ ၎င်းတို့ကြားမှခြားနားချက်ကို ပြသပေးလိုက်သည်။

''သက်သာသွားပြီလား။''

ဖူရီက စိတ်ပူစွာဖြင့် မေးလိုက်ပြီး လေးထောင့်စားပွဲပုလေး၏တစ်ဖက်ရှိ ပိုးဖျာတစ်ချပ်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

''ကျွန်တော်မျိုး မဖျားတော့ပါဘူး။ အရှင့်သား စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။''

မုကျစ်မင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

''အခုပဲ အဝတ်အစားထလဲပြီး တော်ဝင်ကွေ့ဖေးမယ်မယ်ကို သွားပြီးဂါရဝပြုမလို့။ ပြီးရင် နွေဦးအမဲလိုက်ပွဲကို အတူတူဆင်နွှဲကြမလို့ပါ။''

'ငါ့မှာ လုပ်စရာရှိတာကိုသိပြီဆိုရင် အနှောင့်အယှက်ပေးတာ ရပ်လိုက်ပါတော့လား။'

ဖူရီက ရယ်၍ ပြောလိုက်သည်။

''မနေ့က ဖခမည်းတော်က တောထဲမှာ အမဲလိုက်နေရင်းနဲ့ တောင်ကြားထဲက ရေတံခွန်တစ်ခုရဲ့ အရမ်းလှတဲ့မြင်ကွင်းကို တွေ့သွားတယ်လေ။ ဒီမနက်ပဲ တော်ဝင်ကွေ့ဖေးမယ်မယ်ရယ်၊ သူ့ရဲ့အမတ်တွေရယ်နဲ့ ရှုခင်းရှုစားဖို့အတွက် ထွက်သွားကြလို့ အခု တဲထဲမှာ မရှိဘူး။ မင်းကောင်းကောင်းနားပါ။ သွားပြီး အရိုအသေပေးနေစရာမလိုပါဘူး။''

''ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် အရှင့်သား။ ကျွန်တော်ခရီးထွက်လာတာ အလဟဿမဖြစ်လို့ ဝမ်းသာရပါတယ်။ အဲ့လိုဆိုရင် ပိုပြီးတောင် မောရတော့မှာ။''

မုကျစ်မင်သည် ဖူရီကို ကျေးဇူးတင်သော်လည်း ခေါင်းကိုက်လာပြန်သည်။ ခေါင်းထဲမှ နာကျင်မှုက စတင်လာပြီဖြစ်ကာ ဖူရီကိုလည်း မည်မျှကြာအောင် စကားပြောရမည် မသိသေးပေ။

ခေတ္တမျှကြာပြီးနောက်တွင် နှစ်ဦးလုံး ဘာမှမပြောဘဲ နှုတ်ဆိတ်နေကြကာ လေထုက တိတ်ဆိတ်ငြိမ်သက်နေသည်။

အတိတ်ဘဝတွင်မူ မုကျစ်မင်သည် စိတ်လှုပ်ရှားကာ စပ်စုလွန်းခဲ့သည်။ ဖူရီကို လွန်ခဲ့သောရက်ပိုင်း နွေဦးအမဲလိုက်ပွဲတွင် ဘာဖြစ်ခဲ့သည်ကို အသေးစိတ်မေးခဲ့မိသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ မုကျစ်မင်သည် ဘာမှပြောချင်စိတ်မရှိပေ။

ဖူရီက မုကျစ်မင်ကိုကြည့်ပြီး မည်မျှပင်ပန်းနေပြီဖြစ်ကြောင်းကို သိသည်။ မုကျစ်မင်သည် အပြင်ဝတ် မဝတ်ထားပေ။ နှုတ်ခမ်းလေးကလည်း ဖျော့တော့ခြောက်ကပ်နေကာ ရှည်လျားသောဆံနွယ်တို့ကလည်း ကပိုကရိုဖြင့် ပုခုံးထက်သို့ ကျနေပြီး လွန်စွာပင်ပန်းနွမ်းနယ်နေသည့်ပုံပေါက်၏။ မုကျစ်မင်က ဘေးတစ်စောင်းနေနေသောကြောင့် မျက်နှာတစ်ဝက်က ဆံပင်များ ဖုံးနေသဖြင့် မမြင်ရပေ။ ကျန်တစ်ဝက်မှ ကြော့ရှင်းသောမျက်ခုံးမျက်လုံးတို့ကိုသာ မြင်ရသည်။ ခေတ္တမျှစဉ်းစားပြီးနောက်တွင် ဖူရီသည် ရေတံခွန်ကဲ့သို့ လျှောကျနေသောဆံပင်ကို နားနားသို့ထည့်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်ဆန့်ထုတ်လိုက်သည်။

သို့သော်လည်း မုကျစ်မင်က ထိတ်လန့်သွားပြီး ချက်ချင်းပင် ဖူရီ၏လက်ကို ရှောင်လိုက်၏။ လွန်စွာသတိကပ်နေသောအကြည့်မျိုးဖြင့် ဖူရီကို ကြည့်လိုက်သည်။

ဖူရီလည်း ကြောင်သွားကာ လက်ကို ပြန်သိမ်းလိုက်ပြီး ရယ်ကာမောကာဖြင့် ပြောလိုက်၏။

''လန့်သွားတာလား။''

''မသင့်မတော်ဝတ်စားထားပြီး ကောင်းမွန်တဲ့ကျင့်ဝတ်ကိုမပြနိုင်တဲ့သူက ကျွန်တော်မျိုးပါ။ အရှင့်သားခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။''

မုကျစ်မင်သည် ခေါင်းအုံးဘေးမှ ဆံပင်စည်းသည့် ခရမ်းရောင်ဖဲစကို ကောက်ယူပြီး ဆံပင်များကို တတ်နိုင်သမျှ သပ်ရပ်သွားအောင် စုချည်လိုက်သည်။

''လီကျူး ကိုယ်နဲ့မင်းက ဘယ်အချိန်ကတည်းကစပြီး ခုလိုမျိုး ဝေးကွာသွားကြတာလဲ။''

ဖူရီက ဖြည်းဖြည်းချင်း ထလိုက်ပြီး မလျော့သောအပြုံးပြုံး၍ ပြောလိုက်သည်။

မုကျစ်မင်သည် လုပ်ကြံပြောဆိုရန် ဆင်ခြေဆင်လက် ရှာနေစဉ်တွင်ပင် 'အရင်တုန်းက ကျင့်ဝတ်တွေကို မသိခဲ့လို့ပါ။ အဲ့ဒါကြောင့် သင့်တင့်အောင် မပြုမူမိခဲ့ပါဘူး'ဟု ပြောရန် အကြောင်းတွေ့သွားသည်။ သို့သော်လည်း ထိုစကားကို မပြောနိုင်ခင်တွင်ပင် ဖူရီက မုကျစ်မင်ကို ပြုံး၍ မေးလိုက်သောမေးခွန်းတစ်ခုကို ကြားလိုက်ရလေသည်။

''လီကျူး မင်း....ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အယူအဆမျိုးကို ယုံလား။''

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment