အခန်း (၁၉) - မျှော်လင့်မထားစွာနဲ့ မင်းက ကိုယ့်ကို ထိခွင့်ပြုလိုက်တယ်
ဆောင်းဦးရောက်ပြီဖြစ်ကာ မိုးနှောင်းပိုင်းလည်းဖြစ်သောကြောင့် နန်းတော်၏ မြင်းစီးမြားပစ်ကွင်းသည် စိုစွတ်နေပြီဖြစ်သည်။ ညနေပိုင်းတွင် နေရောင်သည် တိမ်လွှာတိမ်စိုင်များကို ထိုးဖောက်ကာ ခန္ဓာကိုယ်ဆီသို့ နွေးထွေးမှုလေးကို ဆောင်ယူလာပေးသည်။
ကူဟယ့်ရန်သည် မြင်းစီးမြားပစ်ဥယျာဉ်ရှိ ဝါးပွဲကြည့်စင်လေးတွင် တစ်ယောက်တည်း စောင့်နေသည်။ လက်များက ဂရုတစိုက်ဖြင့် လေးကြိုးကို ပျားဖယောင်းသုတ်လိမ်းနေသည်။ ရုတ်တရက်ဆိုသလိုပင် ခပ်လှမ်းလှမ်းမှ ရှီဖူဟုခေါ်သောအသံကို ကြားလိုက်ရသည်။
ဖူကျီအန်းဖြစ်သည်ကို သိသောကြောင့် ခေါင်းမော့ကာ နှုတ်ဆက်ရန် ပြင်လိုက်၏။ သို့သော်လည်း ဖူကျီအန်း၏ဘေးတွင် ပါလာသောလူကို တွေ့လိုက်ရသောကြောင့် လက်များသည်ပင် တုန်ခါသွားသည်။ လေးကြိုးကို လွှတ်ပေးသကဲ့သို့ ဖြစ်သွားသောကြောင့် လေးကြိုးက လက်ဖြင့် ပွတ်တိုက်မိသွားကာ အနီရောင်အရှိုးရာလေး ထင်သွားသည်။
''ရှီဖူ--''
ဖူကျီအန်းက အော်ခေါ်ကာ အပြေးရောက်လာသည်။
တစ်ဖက်တွင်မူ မုကျစ်မင်က တည်ငြိမ်စွာဖြင့်သာ လျှောက်လာကာ ပြုံး၍ ကူဟယ့်ရန်ကို နှုတ်ဆက်လိုက်သည်။
''ကူရှုန်း မတွေ့ရတာကြာပြီ။''
''မင်းသားခုနစ်။''
ကူဟယ့်ရန်က ခေါင်းညွတ်၍ အရိုအသေပေးလိုက်သည်။
''မုရှုန်း။''
''နန်းတော်ထဲက မြင်းစီးမြားပစ်ကွင်းအရွယ်အစားက တောင်ပေါ်က တောတစ်တောစာလောက်ကြီးတယ်လို့ ကြားဖူးတယ်။ မင်းသားခုနစ်ရဲ့ ရှီဖူကလည်း ချောမောတဲ့လူငယ်လေးဖြစ်ပြီး သိုင်းပညာထူးချွန်တယ်လို့ ကြားထားတာ။ အဲ့ဒါကြောင့်မို့လို့ ဒီနေ့ ကိုယ်တိုင်လာကြည့်တာလေ။ ကူရှုန်း ဒီမှာ ကိုယ်ခံပညာသင်နေတာကို အနှောင့်အယှက်များဖြစ်သွားမလား။''
မုကျစ်မင်က ပြုံးလိုက်ပြီး နားဝင်ချိုသောစကားကို ပြောကာ တစ်ချိန်တည်းတွင်ပင် ကူဟယ့်ရန်ကို ချီးကျူးစကားဆိုလိုက်ခြင်းဖြစ်သည်။
မျှော်လင့်မထားစွာဖြင့် ကူဟယ့်ရန်ကမူ မုကျစ်မင်၏စကားကို အလေးထားဟန်မပေါ်ပေ။ ထို့အစား ''အင်....အင်း'' ဟုသာ ဖြေလိုက်သည်။
မုကျစ်မင် : "..."
ကူဟယ့်ရန် ထိုသို့ဖြေမည်ဟုမထင်ထားမိသော ဖူကျီအန်းကလည်း ပြောလိုက်မိသည်။
''ရှီဖူ မုကောကော ပြောတာကို မကြားဘူးလား။ သူက ကျွန်တော်တို့ကို နှောင့်ယှက်မိရင် ဘယ်လိုလုပ်မလဲတဲ့။ ကျွန်တော်တို့ စကားမပြောရင် ရှီဖူသင်ပေးတာကို အနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူး။''
ထိုအချိန်တွင်မှ ကူဟယ့်ရန်က ရုတ်တရက်အသိပြန်ဝင်လာပြီး အနည်းငယ်မျှ တွေဝေနေဟန်ပေါက်သည်။
မုကျစ်မင်မှာ အတော်လေးစိတ်ပျက်သွား၏။
''မဖိတ်ခေါ်ဘဲ ရောက်လာမိတာ ကျွန်တော်ပါ။ ကျွန်တော်ကပဲ ရိုင်းပျမိတာပါ။ အဲ့ဒါကြောင့် ကူရှုန်း ကျွန်တော့်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်။''
''မဟုတ်တာ....''
ကူဟယ့်ရန်က ပြောလိုက်သည်။
''အဲ့လိုမဟုတ်ပါဘူး....''
သူသည် အနည်းငယ်မျှ စိတ်ပျက်သွားဟန်ပေါ်ပြီး ခေတ္တမျှတိတ်ဆိတ်နေပြီးနောက်တွင် ပြောလာ၏။
''မုရှုန်း ရောက်လာတာကို မသိလို့ပါ။ ကျွန်တော် မှားသွားတာပါ။''
မုကျစ်မင်၏နားထဲတွင် ကြားလိုက်ရသောစကားများက အပြစ်ဆိုဖွယ်ရာမရှိသောစိတ်ကို ဖြစ်ပေါ်စေသောကြောင့် မုကျစ်မင်သည်ပင် ထပ်ခါတလဲလဲတောင်းပန်ချင်မိသွားသည်။
''ကောင်းပါပြီ ကောင်းပါပြီ။ နားလည်မှုလွဲသွားတာပဲ။ နားလည်မှုလွဲသွားတာ။''
ဖူကျီအန်းက ဖျန်ဖြေပေးသူတစ်ယောက်ကဲ့သို့ ပြုမူလိုက်ကာ
''ရှီဖူ မုကောကောက ရှီဖူဆီက မြားပစ်သင်ချင်တယ်ပြောတယ်။ ရှီဖူကို ဒုက္ခများစေပြီဆိုမှတာ့ ဒီနေ့ ကြိုးကြိုးစားစား လုပ်ကြတာပေါ့။''
''အင်း။ လက်နက်တိုက်ကိုသွားပြီး လေးနဲ့မြားတွေ သွားယူလိုက်ဦးမယ်။''
ကူဟယ့်ရန်က ပြောပြောဆိုဆိုဖြင့် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
''ရှီဖူ!!''
ဖူကျီအန်းက တားလိုက်သည်။
''ဒီအသေးအဖွဲကိစ္စတွေကို မိန်းမစိုးတွေကို ခိုင်းလိုက်ပါ။''
''ရပါတယ်။ ပြန်လာခဲ့မယ်။''
ကူဟယ့်ရန်က ထပ်ပြောပြီး ဝါးပွဲကြည့်စင်လေးမှ ထွက်သွားသည်။ ခပ်လှမ်းလှမ်းသို့ရောက်သောအခါမှ အသက်ပြင်းပြင်းရှူ၍ သက်ပြင်းချလိုက်ကာ စကားနည်းနည်းပြောဆိုခြင်းကလည်း မကောင်းသည့်အကျင့်မဟုတ်ဟု စဉ်းစားနေမိသည်။ ထိုအခါမှသာ စိတ်တည်ငြိမ်သွားတော့သည်။
တစ်ချိန်တည်းတွင်ပင် ပွဲကြည့်စင်လေးထဲ၌ မုကျစ်မင်က ခေါင်းလှည့်ကာ ဖူကျီအန်းကို မေးလိုက်သည်။
''သူစကားပြောရင် အဲ့လိုပဲလား။''
ဖူကျီအန်းက ခေတ္တမျှစဉ်းစားပြီး ပြောလိုက်သည်။
''ရှီဖူက စကားများများ မပြောပေမဲ့လို့ ခုနနဲ့ နည်းနည်းလေးမှမတူဘူး။ သူဒီနေ့ စိတ်အခြေအနေမကောင်းတာ ဖြစ်မယ်။''
မုကျစ်မင်တစ်ယောက် သက်ပြင်းချကာ နှလုံးသားထဲမှ ဝမ်းနည်းသွားသည့်ခံစားချက်တစ်စွန်းတစ်စကို ခံစားလိုက်ရသည်။ များမကြာမီတွင် ကူဟယ့်ရန်က လေးနှင့်မြားကို ကိုင်၍ ရောက်လာသည်။ စကားများများမပြောဘဲ လေးနှင့်မြားကို မုကျစ်မင်နှင့် ဖူကျီအန်းကို ပေးလိုက်သည်။ ထို့နောက်တွင် လေးကို မည်သို့တင်ကာ ပစ်ရမည်ကို စတင်သင်ကြားပေး၏။
''အတွင်းစိတ်ထဲမှာ တရားမျှတမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုကို မှတ်ထားပြီး ခန္ဓာကိုယ်ကို မတ်မတ်အနေအထားနေရမယ်။ လေးကို ဦးစားပေးအဖြစ် ရှေ့တန်းတင်ရမယ်။ လေးကြိုးဆွဲတာက နောက်ဆက်တွဲပဲ။''
ကူဟယ့်ရန်သည် ကိုယ်ခံပညာသင်ကြားနေစဉ်တွင် လွန်စွာလေးနက်ဟန်ပေါက်ကာ ဖူကျီအန်းလုပ်မိသောအမှားများကို ထောက်ပြပေးနေသည်။ ကူဟယ့်ရန်က ဖူကျီအန်း၏ပုံစံအနေအထား မမှန်သည်ကို တွေ့သောကြောင့် ရှေ့ထွက်လာပြီး ဖူကျီအန်း၏ပုခုံးကို အသနားညှာတာမှုမရှိ ဖိချကာ ကိုယ်ကို မတ်သွားစေသည်။
ကူဟယ့်ရန်၏ ပြင်းထန်သော သင်ပြပေးမှုအောက်တွင် အဆော့မက်သောဖူကျီအန်းခမျာ ကျောကိုမတ်ကာ နှေးကွေးမနေရဲပေ။
တစ်ဖက်တွင်မူ မုကျစ်မင်၏ လေးကိုင်သောအနေအထားက ကြည့်လိုက်လျှင် အတော်လေးရယ်စရာကောင်းလှ၏။
အမှန်တွင် မုကျစ်မင်သည် မြင်းစီးနှင့် မြားပစ်ကို ကလေးဘဝကတည်းကပင် သင်ယူခဲ့ခြင်းဖြစ်သော်လည်း ထိုသို့ကိစ္စမျိုးကိုလုပ်ရာတွင် မိမိသည် လွန်စွာမှ ကိုးရိုးကားရားနိုင်သည်ကို သိသောကြောင့် အခြားနေရာများတွင်သာ အားသုံးရန် ဆုံးဖြတ်လိုက်သည်။ အချိန်အတော်ကြာသည်အထိ မိမိ၏ကိုယ်ပညာက သုံးစားမရသောကြောင့် ယခုတွင်မူ လေးကြိုးတင်ရန်ကိုပင် ဒုက္ခများနေသည်။
ဖူကျီအန်းက ထိုမြင်ကွင်းကို မြင်သောအခါတွင် ရယ်လိုက်လေသည်။
''မုကောကောက ကိုးရိုးကားရားနိုင်လိုက်တာ။ အား။ နာတယ် နာတယ် နာတယ်။ ရှီဖူ အားးးး..... ပုခုံးကို နှိမ့်ပါ့မယ်။ သာသာလုပ်ပါ။ ရင်ဘတ်လည်းကော့ပြီး ဗိုက်လည်းချပ်ထားတာပဲ။''
တမင်သက်သက် ရည်ရွယ်ပြောသောစကားများဖြင့် ရင်ဆိုင်လိုက်ရသော်လည်း မုကျစ်မင်က လုံးဝဂရုမစိုက်ပေ။ ထို့အစား ပြုံးပြလိုက်လေသည်။
''ဘယ်သူမှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိဘူးလေ။ အားလုံးက အားနည်းချက်ရှိကြတာပဲ။ မင်းသားခုနစ် ကျွန်တော်တို့ ဘာလို့ စာမှတ်သားတဲ့အရည်အချင်းမျိုးကို မပြိုင်ကြရတာလဲ။''
ဖူကျီအန်းက အော်ပြောလိုက်သည်။
''ဟင့်အင်း။ အဲ့ဒါတော့မပြိုင်ဘူး....''
ကိုယ်ခံပညာလေ့ကျင့်ခြင်းက ကိုယ်ခံပညာလေ့ကျင့်ရုံသက်သက်သာဖြစ်သောကြောင့် ပျင်းစရာကောင်းလှသည်။ သို့သော်လည်း ယနေ့တွင် မုကျစ်မင်ရှိနေသောကြောင့် အေးလှသော ဆောင်းဦးနေ့တစ်နေ့တွင် တစ်ချက်တစ်ချက် ရယ်နေရသည်။
ကိုယ်ခံပညာလေ့ကျင့်ခြင်းစတင်ပြီး နာရီဝက်ခန့် ကြာပြီးနောက်တွင် ဖူကျီအန်းသည် ကူဟယ့်ရန်က မိမိနားတွင်သာ တစ်ချိန်လုံး လှည့်ပတ်နေကာ မုကျစ်မင်ကိုဘေးဖယ်ထားသည်ကို သတိထားမိသည်။ ထို့ကြောင့် ပြောလိုက်လေသည်။
''ရှီဖူ မုကောကောကိုလည်း သွားသင်ပေးလိုက်ပါဦး။ ကျွန်တော့်ဘာသာ လေ့ကျင့်လိုက်ပါ့မယ်။''
ထို့နောက်တွင် တီးတိုးဆိုလိုက်၏။
''ဒီနေ့ ကျွန်တော် မုကောကောကို ခေါ်လာရတာ။ သူ့ကို စိတ်တိုအောင်မလုပ်ပါနဲ့။ ပြီးတော့ လျစ်လျူလည်းရှုမထားပါနဲ့။''
ကူဟယ့်ရန်တစ်ယောက် စိတ်တိုသည်နှင့် လျစ်လျူရှုသည်ဟုသောစကားကို ကြားလိုက်ရသောအခါတွင် မဟုတ်ကြောင်း ခုခံပြောဆိုချင်မိသည်။ သို့သော်လည်း နှုတ်မှထွက်လာသောစကားကမူ -
''ကျွန်တော် သိပါပြီ။''
ကူဟယ့်ရန် မုကျစ်မင်ကို လှည့်ကြည့်လိုက်သောအခါတွင် မိမိနည်းမိမိဟန်ဖြင့် မြားပစ်ကျင့်နေသောမုကျစ်မင်ကို တွေ့လိုက်ရသည်။ သူသည် လေးကြိုးကိုဆွဲ၍ လွှတ်လိုက်သောကြောင့် မြားက ပျံထွက်သွားသည်။ သို့သော်လည်း မြေကြီးကိုသာ စိုက်သွား၏။
မုကျစ်မင်က စိတ်ဓာတ်မကျပေ။ ထိုအစား ပြုံး၍သာ မြားကို ပြန်သွားကောက်သည်။ မြားကိုယူပြီးနောက်တွင် ထပ်ပစ်ပြန်သည်။
ကူဟယ့်ရန်သည် မုကျစ်မင်အား မည်သို့ပြောရမည် မသိပေ။ သို့သော်လည်း မုကျစ်မင်က စကားပြောမည်ကို သိနေသောကြောင့် ကူဟယ့်ရန်က အလိုက်အထိုက်သာ နေနေခဲ့သည်။ ထို့ကြောင့် ရှေ့သို့လည်း မတိုးရဲပေ။ ထိုအချိန်တွင် ဖူကျီအန်းက မြားတစ်ချောင်း ပစ်လိုက်ပြီးနောက် လှည့်ကြည့်လိုက်သည်။
ကူဟယ့်ရန်သည် မျက်မှောင်ကြုတ်ကာ နေရာတွင် အေးခဲသွားသလားဟုထင်ရအောင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ မင်းသားခုနစ်က မျက်ခုံးပင့်၍ ရုတ်တရက်ဆိုသလို စိတ်ထဲ၌ အကြံတစ်ခုပေါ်လာသည်။ ထို့နောက်တွင် တိတ်တဆိတ်လျှောက်လာပြီး ကူဟယ့်ရန်ကို ဝင်တိုက်ရန် ကြိုးစားလိုက်သည်။ ထိုမှသာ ရှီဖူက မုကျစ်မင်နားသို့ ကပ်တော့မည် ဖြစ်၏။
သို့သော်လည်း ဖူကျီအန်းတစ်ယောက် မြေကြီးပေါ်သို့ လဲကျသွားခြင်းဖြင့်သာ အဆုံးသတ်သွားရသည်။
ကူဟယ့်ရန်သည် သိုင်းသမားဖြစ်သောကြောင့် သူ၏တည်ရှိမှုက တည်ငြိမ်ခိုင်မြဲသည်။ တစ်ဖက်တွင်မူ ဖူကျီအန်းက ငယ်ရွယ်၍ အားနည်းကာ ကူဟယ့်ရန်ကို မည်သို့ဝင်တိုက်နိုင်လိမ့်မည်နည်း။ အသာစီးရရန် ကြိုးစားကြည့်သော်လည်း ဆိုးဝါးသောအခြေအနေဖြင့်သာ အဆုံးသတ်သွားရသည်။ ထိုသို့ဖြင့် ဖူကျီအန်းသည် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ တင်ပါးလေးကို ပွတ်၍ ဝူးဝူးဟု အော်ငိုနေရှာသည်။
ရုတ်တရက် မတော်တဆဖြစ်သွားမှုကြောင့် မုကျစ်မင်နှင့် ကူဟယ့်ရန်တို့ ကြောင်သွားကြပြီးနောက်မှ ကူညီပေးရန် အပြေးရောက်လာကြသည်။ မလှမ်းမကမ်းမှ နန်းတွင်းအစေခံများကလည်း မြင်သွားသဖြင့် အပြေးရောက်လာကြသည်။ အစေခံများက ဖူကျီအန်းကို ဝိုင်းထားလိုက်ပြီး မေးလိုက်ကြလေသည်။
''အရှင့်သား အဆင်ပြေရဲ့လား။ ဘယ်နေရာ နာသွားသေးလဲ။''
မုကျစ်မင်က ကျန်သောသူများထက် ပို၍တည်ငြိမ်သည်။ ဖူကျီအန်းကို ပွေ့၍ အဝတ်အစားတွင်ပေနေသော မြက်ပင်နှင့် မြေကြီးစများကို ခါပေးကာ သတိပေးလိုက်သည်။
''လက်ဖဝါးနာသွားမှာပဲ။ နန်းတွင်းသမားတော်ဌာနကို သွားရအောင်။''
ထိုအချိန်တွင် ဖူကျီအန်းနာနေသည်က အတော်လေးသက်သာသွားပြီဖြစ်သော်လည်း မိမိလဲကျရခြင်း၏ မူလရည်ရွယ်ချက်ကို မမေ့သေးပေ။ တင်ပါးလေးကို လက်ဖြင့်အုပ်၍ ပြောလိုက်သည်။
''ရှီဖူ၊ ကျွန်တော် လက်ကို ပတ်တီးစည်းပြီးရင် ပြန်လာခဲ့မယ်။ ခဏလောက် ဒီမှာ မုကောကောကို မြားပစ်သင်ပေးလိုက်ပါဦး။''
ကူဟယ့်ရန်က ခေါင်းညိတ်ပြလိုက်သည်။
''ကောင်းပါပြီ။''
ထို့ကြောင့် ဖူကျီအန်းသည် နန်းတွင်းအစေခံများ ခြံရံ၍ နန်းတွင်းသမားတော်ဌာနသို့ ထွက်သွားလေသည်။ ခေတ္တမျှကြာပြီးနောက်တွင်မူ ကူဟယ့်ရန်နှင့် မုကျစ်မင် နှစ်ဦးတည်းသာ ကျန်ခဲ့လေသည်။
နေသာသောဆောင်းဦးနေ့တစ်နေ့တွင် တောင်ဘက်သို့ ပျံသန်းသွားသော ငန်းရိုင်းတို့၏ အော်မြည်သံက ထူးဆန်းလှသည့်တိတ်ဆိိတ်နေမှုကို ဖြိုခွင်းလိုက်သည်။ ထိုအချိန်တွင် မုကျစ်မင်တစ်ယောက် လက်ထဲမှ လေးနှင့်မြားကိုကြည့်ကာ စဉ်းစားနေမိသည်။
'ကူဟယ့်ရန်က ငါ့ကို တစ်ချိန်လုံး လျစ်လျူရှုထားတာ။ ဒါပေမဲ့ အခုကျ ငါတို့ပဲ ကျန်တော့တယ်။ သူသာ ငါ့ကို ဆက်ပြီး လျစ်လျူရှုထားဦးမယ်ဆိုရင် အတော်လေးထူးဆန်းနေလိမ့်မယ်။'
မုကျစ်မင် ထိုအတွေးကို စဉ်းစားနေစဉ်တွင်ပင် ဘေးနားမှလူက ပြောလိုက်သည်ကို ကြားလိုက်ရ၏။
''လေးကိုဆွဲလိုက်။ ကိုယ် သင်ပေးမယ်။''
မုကျစ်မင်မှာ ဝမ်းသာသွားရသည်။ အမြန်ပင် ခေါင်းကိုမော့လိုက်ပြီး မိမိရှေ့မှ ပစ်မှတ်ကို ကြည့်လိုက်၏။ ယခုတစ်ခေါက်တွင် လေးကြိုးကို အလေးအနက်ထား၍ ဆွဲလိုက်သည်။
ကူဟယ့်ရန် : "မလွှတ်လိုက်နဲ့။ ငြိမ်အောင်ကိုင်ထားဦး။"
မုကျစ်မင်သည် စိတ်ငြိမ်အောင် ကြိုးစားကာ ခန္ဓာကိုယ်အနေအထားကို တတ်နိုင်သမျှပြင်လိုက်သည်။ ကူဟယ့်ရန်က ပြောသောကြောင့် နည်းနည်းလေးပင် မလှုပ်ရဲပေ။ ကူဟယ့်ရန်က သူ့ကို ကြည့်၍ ပြောလိုက်သည်။
''တံတောင်ကို အပေါ်ကို ပင့်ထား။''
မုကျစ်မင်က ထိုစကားကို ကြားသည့်အခါတွင် ပြောသည့်အတိုင်း လုပ်သော်လည်း ကူဟယ့်ရန်က ထပ်ပြောလိုက်သည်။
''ထပ်မြှင့်ဦး။ မြှင့်ဦး။ များသွားပြီ။ နည်းနည်းအောက်ထပ်နှိမ့်လိုက်။ မဟုတ်ဘူး။ နိမ့်လွန်းသွားပြီ။ မြင့်လိုက်။ ခဏ။ မြင့်လွန်းသွားပြန်ပြီ။''
အမိန့်ပေးသံကို အတော်ကြာနားထောင်လိုက်ရပြီးနောက်တွင် မုကျစ်မင်တစ်ယောက် တံတောင်ကို နေရာအနေအထား မှန်မှန်ကန်ကန်ဖြင့် မြှောက်လိုက်နိုင်သည်။ မြားကို ပစ်ရမည်၊ မပစ်ရမည်အား မသိသေးသောကြောင့် ကူဟယ့်ရန်၏အပြောကို စောင့်နေလိုက်သည်။ ထိုစဉ် ကူဟယ့်ရန်က ပြောလိုက်လေသည်။
''ခြေထောက်ကို နည်းနည်းလေး ကားထား။ ရှေ့ကို အရမ်းအားမပြုနဲ့။ ပခုံးပင့်ထား။''
မုကျစ်မင်မှာ မြားပစ်သင်ရသည်က လွန်စွာခက်ခဲသည်ဟု တွေးမိသောကြောင့် ပြောလိုက်မိသည်။
''ကူရှုန်း ကျွန်တော်က ကိုယ်ခံပညာလေ့ကျင့်ရင် အရမ်းကိုးရိုးကားရားနိုင်တယ်။ ခင်ဗျားကလည်း ကျွန်တော့်ကို စကားနဲ့သင်ပေးနေတာ။ လက်နဲ့ ကိုယ်တိုင်သင်ပေးလို့ရမလား။''
ကူဟယ့်ရန် : "....ကိုယ့်လက်နဲ့လား။"
''အင်းလေ။''
မုကျစ်မင်က ခေါင်းညိတ်ပြလိုက်သည်။
''စောနက မင်းသားခုနစ်ကို သင်ပေးနေသလိုမျိုးလေ။ ကျွန်တော်လုပ်တာမှားရင် ပြပေးပေါ့။ ခန္ဓာကိုယ်အနေအထားကို သေချာမှတ်ထားပါ့မယ်လို့ ကတိပေးတယ်။''
ကူဟယ့်ရန်သည် အတော်ကြာတိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်းဖြင့် ထိုစကားများကို ဖွင့်ချလာလေသည်။
''ကိုယ်က....မင်းကို....ထိရမှာလား....''
***
Aurora Novel Translation Team