no

Font
Theme

အခန်း (၇) - မျိုးမစစ်ကောင်!

မုကျစ်မင်က မိမိ၏ဘေးနားမှ အဝေးသို့ရွှေ့သွားသည်ကို ကူဟယ့်ရန် မြင်သောအခါတွင် မျက်ဝန်းအရောင် မှေးမှိန်သွားရသည်။ ကူဟယ့်ရန်သည် နှလုံးသားထဲမှ စိတ်ပျက်နာကျင်မှုကို ဖုံးဖိလိုက်ပြီး မုကျစ်မင်ကိုကြည့်၍ မေးလိုက်သည်။

''တစ်နေရာရာများ နာသွားသေးလား။''

မုကျစ်မင်ကမူ မိမိဘာသာ အတွေးများနေသည်။ ကြောင်အမ်းနေသောအမူအရာ၊ တုန်ယင်နေသောအသံဖြင့် မုကျစ်မင်က ပြောလိုက်သည်။

''ဘာလို့....ဘာလို့ ခင်ဗျားဖြစ်နေရတာလဲ။''

'ဘယ်လိုလုပ် ကူဟယ့်ရန် ဖြစ်နေရတာလဲ။'

'အဲ့လိုဆို ငါ့အတိတ်ဘဝကရော။ အဲ့တုန်းကရော ငါ့ကို ကယ်ခဲ့တဲ့လူက သူပဲလား?'

မုကျစ်မင်၏မေးခွန်းက ကူဟယ့်ရန်ကို ပြောစရာစကားပျောက်ဆုံးသွားစေသည်။

'သူက ဖူရီကယ်ပေးတာကိုပဲ လိုချင်နေတာလား။'

''ဒီကျောက်စိမ်းတံဆိပ်ပြားက ခင်ဗျားဟာလား။''

မုကျစ်မင်က ရုတ်တရက် ရှေ့သို့ တွန်းလိုက်သည်။ တုန်ယင်နေသောလက်လေးဖြင့် ကူဟယ့်ရန် ခါး၌ချိတ်ထားသည့် ဇာမဏီနိဗ္ဗာန်အနီရောင်ကျောက်စိမ်းပြားကို ညွှန်ပြ၍ မေးလိုက်သည်။

''ဟုတ်တယ်။''

ကူဟယ့်ရန်သည် ခါးတွင် ချိတ်ထားသည့် ကျောက်စိမ်းတံဆိပ်ပြားကို ဖြုတ်လိုက်ကာ မုကျစ်မင်ကို ပေးလိုက်သည်။

''ကြိုက်လို့လား။ ယူလို့ရတယ်။''

မုကျစ်မင် ထပ်မံကြောင်သွားရပြန်သည်။ ချက်ချင်းပင် လက်ဝှေ့ယမ်းပြလိုက်ပြီး

''မဟုတ်ဘူး။ မလိုချင်ဘူး မလိုချင်ပါဘူး....ကျွန်တော် အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။''

ကူဟယ့်ရန်မှာ မျက်လွှာလေးအသာချပြီး လက်ဆောင်အဖြစ်ပင် ပေး၍မရသော ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင်ဆုပ်၍ စိတ်ပျက်လက်ပျက်ဖြင့် မိမိဘာသာ ရယ်လိုက်မိသည်။

'ငါကလည်း တော်တော်တုံးတာပဲ။ မုကျစ်မင်က ငါပိုင်တဲ့ဟာကိုတော့ သေချာပေါက်လိုချင်မှာမဟုတ်ဘူး။'

''အမ်၊ ကျွန်တော့်ကို ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ်။''

မုကျစ်မင်တစ်ယောက် အသက်ပြင်းပြင်းရှုလိုက်သည်။ ရှုပ်ထွေးနေသည့်အခြေအနေနှင့် မတော်မဆလုပ်ခဲ့မိသည့်အမှားမှ အသိပြန်ဝင်မလာသေးသော်လည်း ကူဟယ့်ရန်ကို ကျေးဇူးတင်စကားပြောလိုက်သေးသည်။

ကူဟယ့်ရန်က သူ့ကိုကြည့်ပြီး ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ကာ မတ်တတ်ရပ်၍ မုကျစ်မင်ကို ပွေ့ချီလိုက်သည်။

''ပြန်ရအောင်။ ဒီလိုမျိုးနေနေရင် အအေးမိနေမယ်။ မင်းကို တဲထဲကို ပြန်ခေါ်သွားပေးမယ်။''

''လုပ်ပေးစရာမလိုပါဘူး။ ကျွန်တော့်ဘာသာ လမ်းလျှောက်....ဟက်ချိုး....''

အေးစက်လှသောတောင်ပေါ်လေက ဖြတ်သန်းတိုက်ခတ်သွားသည့်အတွက် ရေစိုနေသည့် မုကျစ်မင်၏ခန္ဓာကိုယ်က ကူဟယ့်ရန်၏ရင်ခွင်ထဲ၌ ခိုက်ခိုက်တုန်နေသည်။

ကူဟယ့်ရန်သည် ဘာတစ်ခွန်းမှမပြောတော့ဘဲ မုကျစ်မင်ကို ပွေ့ချီလိုက်သည်။ ချီထားရသော်လည်း ကူဟယ့်ရန်၏ကိုယ်နေဟန်ထားက ပုံမှန်ပင်ဖြစ်ပြီး အားများများစိုက်ထုတ်စရာမလိုဘဲ ပေါ့ပါးသောခြေလှမ်းမျိုးဖြင့် တောင်စမ်းချောင်းတစ်လျှောက် သွားလေသည်။

ကူဟယ့်ရန်၏ နီညိုရောင်မြင်းနှင့် မုကျစ်မင်၏တော်ဝင်မြင်းကလည်း ထိုနေရာတွင် ရှိနေသည်။ တော်ဝင်မြင်းသည် ယခုတွင် တိတ်ဆိတ်နေပြီး ကူဟယ့်ရန်၏ နီညိုရောင်မြင်း၏လည်ပင်းကို ပွတ်သီးပွတ်သပ်လုပ်နေကာ အတော်လေးနာခံကျိုးနွံသည့်ပုံပေါက်သည်။

''မင်းငါ့ကို ပြုတ်ကျအောင်လုပ်တုန်းကတော့ ဘာလို့ဒီလိုမျိုး မဖြစ်တာလဲ။ ငါတောင် မင်းကိုမမှတ်မိတော့ဘူး။ မင်းက လူကြည့်ပြီး ဆက်ဆံတတ်တဲ့ဌက်လား။''

မုကျစ်မင်သည် တော်ဝင်မြင်း၏လည်ဆံမွေးကိုကိုင်ကာ ကျိန်ဆဲနေတော့၏။

ကူဟယ့်ရန်ကမူ မုကျစ်မင်ကို သူ၏ နီညိုရောင်မြင်းကျောကုန်းပေါ်တွင် ထိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက်တွင် နီညိုရာင်မြင်၏ကြိုးတစ်ဖက်နှင့် တော်ဝင်မြင်း၏ချည်ကြိုးတစ်ဖက်ကို ချည်လိုက်သည်။ ကူဟယ့်ရန်သည် လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို ကိုင်ကာ သေသပ်စွာဖြင့် မြင်းပေါ်သို့ ခုန်တက်လိုက်၏။ မုကျစ်မင်ကို အကာအကွယ်ပေးသည့်ပုံစံဖြင့် ဖက်ထားပေးပြီးနောက်တွင် ကူဟယ့်ရန်ကလေချွန်ကာ တော်ဝင်မြင်းကို တဲဆီသို့ ပြန်သွားစေလေသည်။

တောင်၏ဘေးနှစ်ဖက်လုံးတွင် သစ်ရွက်ခြောက်များပြည့်နေပြီး ယခုထိ ရွက်ဟောင်းမကြွေသေးသော သစ်ပင်များရှိကာ နွေဦး၏အရောင်က ထင်ဟပ်နေလေသည်။ သွားလိုက်သည့်အခါတိုင်း ထိုအပင်များက မျက်လုံးထဲတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကြသည်။ မုကျစ်မင်က စိတ်ငြိမ်ငြိမ်ထားကာ ယခင်ဘဝက ကြုံတွေ့ခဲ့ရသည်များကို ပြန်စဉ်းစားကြည့်လိုက်သည်။ ဖြည်မရသောကြိုးထုံးများကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့်သာ။

ယခင်ဘဝတွင် မုကျစ်မင်သည် ရေထဲသို့ ပြုတ်ကျပြီးနောက် သတိလစ်သွားသည်။ သတိပြန်ရလာသောအခါ၌ နွေဦးအမဲလိုက်ပွဲတွင်ရှိသည့် တဲတစ်လုံးထဲတွင် လဲလျောင်းနေခဲ့ကာ လက်ထဲ၌ အနီရောင်ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ မုပေါ်ရန်နှင့် တော်ဝင်ကြင်ယာတော်တို့က မုကျစ်မင်ဘာမှမဖြစ်သည်ကို သေချာသောအခါမှ ပြန်သွားကြကာ အနားယူရန် ထားခဲ့ကြသည်။

ထို့နောက်တွင် ဖူရီက မိမိဆီသို့ လာလည်သည်။ မုကျစ်မင် သတိပြန်ရပြီး အန္တရာယ်မရှိသည်ကို မြင်သောအခါမှ ဖူရီတစ်ယောက် သက်ပြင်းချလိုက်မိ၏။ နွေဦးရေကဲ့သို့ ကြင်လင်သောအကြည့်မျိုးဖြင့်ကြည့်ကာ ဖူရီက မုကျစ်မင်၏နဖူးလေးကို သပ်၍ ပြောလိုက်သည်။

''မင်းဘာမှမဖြစ်တာ ကံကောင်းတာပဲ။ မင်းရေကန်ထဲပြုတ်ကျသွားတာကိုမြင်တော့ ကိုယ့်မှာ သေမတတ်လန့်ဖျပ်သွားတာ။''

ထိုအချိန်တွင် မုကျစ်မင်က ရင်ခုန်လာပြီး မေးလိုက်လေသည်။

''ကျွန်တော့်ကိုကယ်ခဲ့တာလား။''

ဖူရီက သူ၏တောက်ပနေသောမျက်ဝန်းကိုကြည့်၍ ခေတ္တမျှအသံတိတ်သွားသည်။ ထို့နောက်တွင် ပြုံး၍ ပြန်ပြောလာသည်။

''ဟုတ်တယ်။''

''ကျွန်တော့်အသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ် အရှင့်သား။ ဒီကြင်နာမှုကို မှတ်ထားပြီး နောင်တစ်ချိန်ကျရင် သေချာပေါက် ပြန်ဆပ်ပါ့မယ်။ ဒါနဲ့ ဒါလေးကို အရှင့်သားကို ပြန်ပေးပါတယ်။''

မုကျစ်မင်သည် ထိုကျောက်စိမ်းပြားကို ဖူရီကို ပေးလိုက်မိသည်။

ထိုအချိန်တွင် ဖူရီ၏မျက်ဝန်းများက အံ့ဩမှုဖြင့် အရောင်လက်သွား၏။ ကျောက်စိမ်းပြားကို ယူလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

''ကိုယ်က ဒါကို ရေကန်ထဲကျသွားပြီမှတ်တာ။ မင်းလက်ထဲမှာရှိနေခဲ့တာပဲ။ ဒီဥစ္စာက ဖခမည်းတော်က ကိုယ့်ကိုပေးထားတာ။ အခြားသူတွေသာ ကိုယ် ဒီကျောက်စိမ်းပြားပျောက်သွားတာသိရင် ကောလာဟလဖြန့်ပြီး ဒုက္ခရောက်အောင် လုပ်မှာကိုစိုးတယ်။ ဒီကိစ္စကို အခြားဘယ်သူ့ကိုမှ မပြောပြပါနဲ့လား။''

မုကျစ်မင်သည် မိမိအသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ဖူရီကို ကျေးဇူးတင်နေဆဲဖြစ်သောကြောင့် ထိုသို့ကိစ္စအသေးအမွှားကို မည်သို့သဘောမတူဘဲ နေမည်နည်း။ မုကျစ်မင်က ချက်ချင်းခေါင်းညိတ်ပြလိုက်ကာ ဖူရီကို စိတ်အေးသွားစေသည်။

ယခုတွင်မူ မုကျစ်မင်တစ်ယောက် ပြန်အမှတ်ရသွားပြီဖြစ်သောကြောင့် မိမိနဖူးကို မိမိပြန်ရိုက်ကာ အံကို ကြိတ်ထားလိုက်သည်။

'ဖူရီ။ မျိုးမစစ်ကောင်၊ သေချင်းဆိုး။'

''ခေါင်းကိုက်လို့လား။''

အေးစက်သောအသံက မုကျစ်မင်နောက်မှ ထွက်ပေါ်လာကာ ကြောင်သွားစေ၏။

ကိုယ်ကို မတ်လိုက်ပြီး အားနည်းချက်ကို မပြလိုသောကြောင့် ပြောလိုက်သည်။

''မဟုတ်ပါဘူး။ ကျွန်ဝောာ် ခေါင်းမကိုက်ပါဘူး။''

မိမိ အဘယ့်ကြောင့် ထိုသို့ပြုမူခဲ့သည်ကို နားမလည်နိုင်ပေ။ ထိုအကြောင်းကိုတွေးနေမိသောအခါ၌ ကူဟယ့်ရန်ကဲ့သို့ လူအများကို အထင်ကြီးစေနိုင်သည့် သံမဏိသွေးပါသည့် စစ်သူကြီးတစ်ယောက်၏ ပုံပန်းသွင်ပြင်ကြောင့်ဖြစ်နိုင်သည်ဟု စဉ်းစားလိုက်မိသည်။ ကူဟယ့်ရန်ကို မည်သည့်အားနည်းချက်မှ မပြဟု ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် အရှုံးသမားဟု အခေါ်ခံရပေလိမ့်မည်။

''ကိုယ်တို့ရောက်ခါနီးပြီ။''

ကူဟယ့်ရန်ပြောလိုက်သောအခါတွင် နီညိုရောင်မြင်းသည် တောအုပ်ထဲမှထွက်၍ မိမိတို့ရှေ့၌ ကြီးမားလှသည့် နွေဦးအမဲလိုက်ပွဲ၏တဲကြီးတစ်လုံး ပေါ်လာသည်။

မုကျစ်မင် ရေကန်ထဲသို့ ပြုတ်ကျသွားသည့်အကြောင်းသည် အားလုံးကို အံ့အားသင့်သွားစေသည်။

အမှန်တွင် သူသည် ကလေးဘဝကတည်းကပင် ခုခံအားနည်းသောကြောင့် မကြာခဏဖျားနာတတ်သည်။ မုကျစ်မင်သည် ယခုတစ်ခေါက်တွင် အဆင်ပြေသည်ဟု တွေးမိသည်။ ရေထဲသို့ပြုတ်ကျသွားသော်လည်း သတိမလစ်ခဲ့ပေ။ သို့သော်လည်း အဝတ်စိုများကိုလဲပြီးသည်နှင့် ခေါင်းကိုက်လာကာ အဖျားတက်လာတော့၏။

ကွေ့ဖေးမယ်မယ်က မုကျစ်မင်ကို များစွာ မြတ်နိုးသောကြောင့် သူ(မ)ကိုယ်တိုင် စောင့်ရှောက်ပေးခဲ့သည်။ မုကျစ်မင်ကို တော်ဝင်သမားတော်ခေါ်၍ ပြပေးပြီး နွေးထွေးသောသားမွေးဝတ်ရုံများကိုလည်း အစေခံများကို ယူခိုင်းလိုက်သည်။ ဒုက္ခခံပေးပြီးနောက်တွင်မူ မုကျစ်မင်၏အဖျားက သက်သာသွားသည်။ သို့သော်လည်း နွေးထွေးသောအိပ်ရာထဲ၌ပင် လေးရက်ခန့်နေရမည်ဖြစ်ကာ နွေဦးအမဲလိုက်ပွဲကိုမူ လွတ်သွားပေတော့မည်။

ငါးရက်မြောက်နေ့တွင် နွေဦးအမဲလိုက်ပွဲ၏ ယဇ်ပူဇော်ခြင်းအခမ်းအနားကိုကျင်းပသည်။ ထိုနေ့သည် မင်းကြီး၏အရာရှိများက တိရစ္ဆာန်များကိုအမဲလိုက်ကာ အရက်လောင်းပြီး ကောင်းကင်ဘုံသို့ ယဇ်ပူဇော်ပေးရသည့် အရေးကြီးနေ့တစ်နေ့ဖြစ်သည်။ ထို့နောက်တွင် ကပ်ဘေးဆိုးများမှ နှစ်ပေါင်းများစွာလွတ်အောင် အကာအကွယ်ပေးပါရန် တောင်းဆိုရသည်။

မနက်ခင်းစောစော၌ ကွေ့ဖေးမယ်မယ်နှင့် မုပေါ်ရန်တို့သည် တော်ဝင်တဲနန်းသို့သွားပြီး မင်းကြီးကို အခစားဝင်ရသောကြောင့် မုကျစ်မင်တစ်ယောက်တည်း ကျန်ခဲ့သည်။

ယနေ့တွင် မိမိသည် လဲလျောင်းနေရန်မသင့်တော်ကြောင်းကို မုကျစ်မင်သိသည်။ ကျန်းမာရေးလည်း ပြန်ကောင်းပြီဖြစ်သောကြောင့် ရုန်းကန်၍ ထကြည့်လိုက်သည်။

ရုတ်တရက်ပင် တဲလိုက်ကာက ပွင့်သွားကာ လူငယ်လေးဖူကျီအန်းက အေးစက်သောလေပြည်နှင့်အတူ ရောက်ချလာသည်။ မုကျစ်မင်က လေးအေးဖြင့် ထိတွေ့မိသွားသောကြောင့် တုန်သွားရှာ၏။

''ဖူကျီအန်း၊ မင်းက ကောင်းကင်ပေါ်က ကြွေလာတဲ့ ကံဆိုးတဲ့ကြယ်ပဲဖြစ်မယ်။''

မုကျစ်မင်သည် နွေးထွေးသောသားမွေးအိပ်ရာထက်မှ ထလာပြီး အပြင်ဝတ်များကို ယခုထိ မဝတ်ရသေးပေ။ ထို့ကြောင့် လေပြည်အေး တိုက်ခတ်သွားသည့်အခါတွင် အိပ်ရာပေါ်သို့ပြန်တက်လိုက်ရကာ စောင်ခြုံ၍ ဘောလုံးလေးကဲ့သို့ ပြန်ကွေးနေလိုက်သည်။

''မုကောကော။ ခုထိနေမကောင်းသေးဘူးလား။''

ဖူကျီအန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

'ဒါပေါ့။ လေအေးတွေ ဝင်အောင်လုပ်နေရင် ငါဘယ်တော့မှပြန်ကောင်းမှာ မဟုတ်ဘူးကွ။'

မုကျစ်မင်သည် ခေတ္တမျှစဉ်းစားပြီးနောက်

''မင်းက ငါ့ကို ပြန်ကောင်းစေချင်တာလား။''

''အင်...အင်းးးး''

ဖုကျီအန်းက ရိုးသားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

''ဒါပေါ့။ ပြန်ကောင်းစေချင်တာပေါ့။''

''ဘယ်လောက်တောင် ဖြူစင်လိုက်တဲ့နှလုံးသားလေးလဲ။''

မုကျစ်မင်က ပြောလိုက်သည်။

ထိုအခါ ဖူကျီအန်းက ပြန်ဖြေ၏။

''တိမ်ထူတဲ့ကောင်းကင်မှာတောင် မြင်နေရတဲ့ လပြည့်ညအလင်းရောင်လိုမျိုး တောက်ပကြည်လင်နေတာလေ။''

''မင်းသာ လီကျိ(စာအုပ်)ကို မှတ်မိမယ်ဆိုရင် ငါပိုသက်သာလာမှာ။''

မုကျစ်မင်က ထူးဆန်းစွာပြုံးပြလိုက်သည်။

ဖူကျီအန်းကမူ ခေတ္တမျှစဉ်းစားနေပြီးနောက်တွင် အလေးအနက်ဖြင့် ပြန်ပြောလာသည်။

''မုကောကော၊ အဲ့ဒါဆိုရင် ပြန်မကောင်းဘဲ သာနေလိုက်တော့။''

မုကျစ်မင်: "..."

မုကျစ်မင်က အိပ်ရာထက်မှ ခုန်ထွက်လာပြီး မိမိကိုထိုးတော့မည်ကို မြင်နေရသောကြောင့် ဖူကျီအန်းက အော်ပြောပြီး အမြန်ပင် ပြေးထွက်သွားသည်။

''မယ်တော့်ကို သွားနှုတ်ဆက်ရဦးမယ်။ နှုတ်ဆက်ပါတယ် မုကောကော။ နေမကောင်းဘူးဆိုရင် နည်းနည်းလောက် အနားယူလိုက်ပါ။ အစောကြီးရှိသေးတာပဲ။ ယဇ်ပူဇော်တဲ့အခမ်းအနားစဖို့ အချိန်တွေအများကြီးကျန်သေးတယ်။''

ထိုသို့ပြောပြီးနောက်တွင် ဖူကျီအန်းက တဲထဲမှ သုတ်ခြေတင်ပြေးသွားတော့သည်။

မုကျစ်မင်သည် စိတ်တိုလွန်းသောကြောင့် အံကြိတ်နေမိသည်။ သို့သော်လည်း ဖြစ်ခဲ့သည်များကို ပြန်စဉ်းစားကြည့်သောအခါတွင် အဆုံး၌ ရယ်သာရယ်လိုက်မိတော့သည်။

မည်သို့ပင်ဖြစ်စေ ထိုကလေးသည် မင်းကြီးကိုယ်တိုင်က မကြာခဏချီးကျူးသော၊ အိမ်ရှေ့စံနှင့်ဖူရီတို့မျက်လုံးထဲတွင်မူ ဆူးညောင့်ခလုတ်အဖြစ် မြင်သော အနာဂတ်၏ ရှန်အရှင်ပင်။ ရှန်အရှင်သည် သူ၏ ကောင်းမွန်သောစိတ်သဘောထားကြောင့် နာမည်ကြီးခြင်းဖြစ်သည်။

ကလေးမှ လူကြီးအဖြစ် အရွယ်ရောက်လာမည်ဖြစ်သော်လည်း လှိုင်းထန်သောပင်လယ်က လယ်ယာမြေများကို ပြောင်းပြန်လှန်ပစ်နိုင်လေသည်။

''ခုတော့ မဟုတ်သေးဘူး....စောလွန်းသေးတယ်....''

မုကျစ်မင်တစ်ယောက် တီးတိုးပြောလိုက်မိသည်။ နဖူးကို စမ်းကြည့်လိုက်သောအခါတွင် အဖျားပြန်တက်လာသောကြောင့် အမြန်ပင် မျက်လုံးမှိတ်ကာ နားနေလိုက်တော့၏။

တစ်ဖက်တွင်မူ တဲထဲမှ ပြေးထွက်သွားသောဖူကျီအန်းသည် တစ်စုံတစ်ယောက်ဖြင့် ဝင်တိုက်မိသည်။

ထိုသူက ဖူကျီကို ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။

''နှုတ်ခွန်းဆက်ပါတယ် မင်းသားခုနစ်။''

ဖူကျီအန်းက ထိုလူကို မှတ်မိသွားသောကြောင့် ဝမ်းသာသွားသည်။ ထိုသူသည် တိုင်းပြည်ကို ကာကွယ်ရန် မင်းကြီးအပ်နှင်းထားသော စစ်သူကြီးကူမြောင်၏သား ကူဟယ့်ရန်ဖြစ်လေသည်။ ဖူကျီအန်းကြားဖူးသလောက်ဆိုလျှင် ကူဟယ့်ရန်သည် ကတိတည်တတ်ပြီး ပါရမီထူးချွန်သောလူငယ်လေးဖြစ်သည်။ မြင်းစီးနှင့်မြားပစ်တွင် လွန်စွာထူးချွန်သောကြောင့် မင်းကြီးကပင် များစွာ ချီးကျူးရလေသည်။

'အခုကြည့်လိုက်တော့မှ မျက်လုံးထဲမှာ သူက အတော်လေးသူရဲကောင်းဆန်တဲ့ပုံပေါက်တာပဲ။'

''အဲ့လောက်ယဉ်ကျေးနေဖို့မလိုပါဘူး။''

ဖူကျီအန်းက အမြန်ပင် ပြောလိုက်သည်။

ထိုအခါမှ ကူဟယ့်ရန်က ကိုယ်ကိုမတ်ကာ ဘာမှမပြောတော့ပေ။ ထိုနေရာတွင်သာ ရပ်နေခဲ့သည်။

''အမ်....''

ဖူကျီအန်းလည်း ဘာဆက်ပြောရမည်ကိုမသိသောကြောင့် အနည်းငယ်မျှစိတ်ရှုပ်သွားမိသည်။ ရှက်ရှက်ဖြင့်သာ တော်ဝင်တဲနန်းဆီသို့ ခပ်သွက်သွက်လေးလျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးမှ ခေါင်းလှည့်ကြည့်လိုက်သောအခါ၌ ကူဟယ့်ရန်သည် ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။ ကူဟယ့်ရန်၏ခန္ဓာကိုယ်က ဝါးပင်ကဲ့သို့ ထောင်မတ်နေသည်။ သို့သော်လည်း တစ်ယောက်ယောက်ကို စောင့်နေသည့်ပုံစံ မဟုတ်လျှင်လည်း တစ်ယောက်ယောက်ကို စောင့်ကြည့်နေသည့်ပုံစံမျိုးပေါက်သည်။

ဖူကျီအန်းတစ်ယောက် တွေဝေစွာဖြင့် ခေါင်းကုတ်လိုက်မိပြီး နောက်ထပ်ခြေလှမ်းနှစ်လှမ်းဆက်လှမ်းလိုက်သည်။ ထို့နောက်တွင် ရုတ်တရက် သူ၏ခေါင်းထဲ၌ အကြံတစ်ခုပေါ်လာသည်။ လှည့်ကြည့်ကာ ကူဟယ့်ရန်ဆီသို့ ပြန်ပြေးသွားပြီး မေးလိုက်၏။

''ခင်ဗျားက တဲထဲဝင်ချင်လို့လား။ ယန်မြို့စားမင်းရဲ့သားဆီ လာလည်တာလား။''

ကူဟယ့်ရန်တစ်ယောက် မျက်လုံးများ အရောင်လက်သွားကာ ခေါင်းညိတ်ပြလိုက်သည်။

ဖူကျီအန်းက ပြုံး၍ မိမိဘာသာ တွေးလိုက်မိ၏။

'ငါသိသားပဲ။'

မုကျစ်မင်သည် ကွေ့ဖေးမယ်မယ်၏ဆွေမျိုးများ နေရသောတဲထဲတွင် နေနေခြင်းဖြစ်သည်။ ကွေ့ဖေးမယ်မယ်က ယခုတွင် မရှိသောကြောင့် တဲဝင်ပေါက်ကို စောင့်နေသည့်အစောင့်များကလည်း ဆွေမျိုးမဟုတ်သူများ ဝင်လာလျှင် မည်သူ့ကိုမှ သွားမေးပေး၍ မရပေ။ ထို့ကြောင့် ကူဟယ့်ရန်တစ်ယောက် ဆန္ဒရှိတိုင်း မဝင်နိုင်ခြင်း ဖြစ်သည်။

''ကောင်းပြီ။ ခင်ဗျားလာတာကို ကျွန်တော့်ဆီကို သတင်းပို့တာက ကျွန်တော့်မယ်တော်ဆီ သတင်းပို့တာနဲ့ အတူတူပဲ။ စိတ်မပူနဲ့။ အထဲဝင်သွားလိုက်။''

ဖူကျီအန်းက စိတ်အားထက်သန်စွာဖြင့် ဆိုလိုက်သည်။ ထို့နောက်တွင် တဲအပေါက်ဝမှ အစောင့်များကို ပြောလိုက်သည်။

''သူ့ကို ဝင်ခိုင်းလိုက်။ တားနေဖို့မလိုဘူး''

''ကျေးဇူးအများကြီးတင်ပါတယ် မင်းသားခုနစ်။''

ကူဟယ့်ရန်က လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။ ဖူကျီအန်းထွက်သွားသည်ကို မြင်ပြီးသောအခါမှ ကူဟယ့်ရန်က လိုက်ကာကိုမ၍ တဲထဲသို့ ဝင်လာလေ၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment